တစ်ယောက်ယောက်က သခင်လေးကို အနိုင်ကျင့်ခဲ့တာလား(၂)
Vol. 5 Ch. 75
တခြားလူများအားလုံး ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ချန်းရှောင်က ချန်းယွင်ကို ဆက်လက်၍ ညွှန်ကြားလိုက်သည်။
"အကြီးအကဲကျန်းက ဘယ်ကိစ္စမဆို သိုသိုသိပ်သိပ် လုပ်ဆောင်တာကို ငါ မြင်ခဲ့တယ်....တကယ်လို့ လိုအပ်လာရင် ငါတို့က သူ့ကိုကူညီပြီး ဖုံးကွယ်ပေးရမယ်"
"ဟုတ်ကဲ့..."
အကြီးအကဲချန်းယွင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။
ဤကဲ့သို့ ပါရမီရှင်တစ်ယောက်ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။ သူတို့သည် သူ့အား သိမ်းသွင်းကာ ကံကြမ္မာကောင်းကို တိတ်တဆိတ်ရယူထားရန်သည် အမှန်တကယ်ကို အရေးပါသောကိစ္စပင်။
"မိသားစုခေါင်းဆောင်..."
သူသည် မိသားစုခေါင်းဆောင်၏ နက်နဲသိမ်မွေ့သော ဗျူဟာအပေါ် လေးစားနေစဉ်မှာပင် ပျာပျာသလဲ အော်ဟစ်လိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ မကြာမီမှာပင် ချန်းမိသားစု၏အိမ်တော်ထိန်း ယုပိုဖျင်းသည် မြင်းတစ်ကောင်ကို စီးနင်းလာသည်ကို သူ မြင်တွေ့မိသည်။ ယူပိုဖျင်းနှင့်အတူ တခြားမြင်းတစ်ကောင်ကို စီးထားသော ကျောင်းသားတစ်ယောက်ပုံပေါက်သည့် လူငယ်လည်း ရှိနေလေ၏။
"ဘာကိစ္စလဲ.."
ချန်းရှောင်က မျက်မှောင်ကြုတ်လိုက်သည်။
"မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်...ဒါက သခင်လေးရဲ့အတန်းဖော် ကျိုးချင်းခိုင်ပါ...သူက မင်းနဲ့ အရေးကြီးကိစ္စတွေဆွေးနွေးဖို့ရှိတယ်လို့ ပြောတာကြောင့် သူ့ကို ခေါ်လာခဲ့တာပါ"
အိမ်တော်ထိန်းယုက ရိုသေလေးစားစွာ ပြောဆိုသည်။
"ဟုန်အာရဲ့အတန်းဖော်လား...."
ချန်းရှောင် လှည့်ကြည့်လိုက်ရာ မြင်းပေါ်မှ ကျွမ်းထိုးမှောက်ခုံကျလာသော ကျိုးချင်းခိုင်ကို မြင်တွေ့မိသည်။ ကျိုးချင်းခိုင်သည် လူးလိမ့်ထထပြီး နေရာမှာပင် မတ်တတ်ရပ်ကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။ ထို့နောက် သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ စီးကျလာကာ ပြောဆိုလိုက်၏။
"မိသားစုခေါင်းဆောင်ချန်း....မင်းက သခင်လေးချန်းအတွက် တရားမျှတမှုကိုပြန်ယူပေးရမယ်။သူကကျောင်းတော်မှာ အနိုင်ကျင့်ခံနေရတယ်”
"ဟုန်အာက အနိုင်ကျင့်ခံရတာလား..."
ချန်းရှောင်က မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။
"ဘယ်သူ လုပ်တာလဲ..ချန်းမိသားစုကိုတောင် ရန်စစော်ကားရဲတယ်....အဲ့ဒီလူက တော်တော်လေး သတ္တိကောင်းနေတာပါလား"
"ဒါက အခုမှ ကျောင်းတော်ကို အသစ်ဝင်လာတဲ့ လက်ထောက်စရာတစ်ယောက်ပါ...သူ့မှာ ဘာကျင့်ကြံဆင့်စွမ်းအားမှ မရှိဘဲနဲ့ ကျောင်းအုပ်ကြီးလူရဲ့အကပ်နဲ့ ရောက်လာခဲ့တာပါ...ဒီနေ့မနက်မှာ ဘာလှည့်ကွက်ကြောင့်လို့ မသိရပေမယ့် သူက လူသူအများရှေ့မှာ သခင်လေးချန်းကို အရှက်ရစေခဲ့ရုံတင် မကဘူး....သခင်လေးချန်းကို ဒူးထောက်ဖို့ ဖိအားပေးခဲ့တယ်...ဒါက ချန်းမိသားစုရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ ကိစ္စပဲ....သူ့ရဲ့မောက်မာထောင်လွှားမှုက တရားလွန်နေပြီ"
ထိုစကားကိုပြောဆိုပြီးနောက် ကျိုးချင်းခိုင်သည် ပို၍သနားဖွယ်ကောင်းအောင် ဝမ်းနည်းပက်လက် ငိုကြွေးနေပေ၏။
ချန်းရှောင် ထိတ်လန့်တုန်လှုပ်သွားသည်။
"ဟုန်အာကို ဒူးထောက်ဖို့ ဖိအားပေးခဲ့တာလား ...လက်ထောက်ဆရာတစ်ယောက်မှာ ဒီလိုလုပ်ဖို့ အခွင့်အာဏာ ရှိလို့လား...ဘာလို့ သူက အဲ့ဒီလို လုပ်တာလဲ"
ကျိုးချင်းခိုင်က ပြောဆိုသည်။
"အဲ့ဒီလက်ထောက်ဆရာမှာ အစစ်အမှန် အရည်အချင်းမရှိပေမယ့် တံခါးဖွင့်သင်ခန်းစာကို သင်ကြားချင်ခဲ့တယ်...သခင်လေးက သဘောမတူတာကြောင့် စကားအပိုနည်းနည်းလောက် ပြောမိရုံနဲ့ သူက လက်ဦးမှုယူပြီး လက်စားချေခဲ့တာပဲ.....ဒီကိစ္စကို ငါနဲ့ ငါ့ရဲ့အတန်းဖော်ဝမ်ယုရှင်းတို့က သက်သေခံနိုင်တယ်"
ချန်းရှောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ အသေးစိတ်ကျကျ ရှင်းပြစမ်း....တကယ်လို့ စကားနည်းနည်းမှားပြောမိရုံနဲ့ ဒီလိုတုံ့ပြန်မှုမျိုးကို ရတာ အမှန်ဆိုရင်တော့ ငါက အဲ့ဒီလက်ထောက်ဆရာနဲ့ ဖြေရှင်းရုံတင် မကဘူး...အဖြူရောင်ကျောက်တုံးကျောင်းတော်ကိုလည်း ငါတို့ချန်းမိသားစုကို လာရှုပ်လို့ မရဘူးဆိုတာ သိအောင် လုပ်ပေးမယ်"
ချန်းဟောင်သည် သူ၏သား ဖြစ်ရုံသာမက ချန်းမိသားစု၏ နောင်အနာဂတ် မိသားစုခေါင်းဆောင်ပင်။ သူ့အတွက် အရှက်ရစေခြင်းသည်ပင်လျှင် တရားလွန်နေပြီ ဖြစ်လေရာ လူသူအများရှေ့၌ ဒူးထောက်ခိုင်းခြင်းသည် ချန်းမိသားစု၏မျက်နှာအား အိုးမည်းသုတ်ခြင်းပင်။ အကယ်၍ သူသည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ပါက မြို့၏ထိပ်သီးမိသားစုကြီးသုံးစုအနက်မှ တစ်စု၏အခွင့်အာဏာကို မည်သို့ ပြသနိုင်တော့မည်နည်း။
"မိသားစုခေါင်းဆောင်ချန်းကို သတင်းပို့ပါတယ် ....တကယ်တော့ ဒါက ဒီလိုဖြစ်သွားတာပါ....အဲ့ဒီလက်ထောက်ဆရာက မိန်းကလေးလျှူမင်ယွဲ့ကို တပည့်အဖြစ် လက်ခံခဲ့တယ်....တံခါးဖွင့်သင်ခန်းစာ သင်ကြားနေတဲ့အချိန်မှာ သူက ကောင်းကင်ကံကြမ္မာ မူလဘူတသားရဲရဲ့ သွေးအနှစ်သာရကို မီးစာအဖြစ်အသုံးပြုပြီးတော့ မီးပြင်းဖို့ကို ထွန်းညှိဖို့ ကူညီပေးခဲ့တယ်....."
ကျိုးချင်းခိုင်သည် သူ ကြိုတင်ပြင်ဆင်ထားသော ဇာတ်ကြောင်းကို ပြောပြနေလေ၏။
အချုပ်အားဖြင့်ဆိုရလျှင် ချန်းဟောင်က လျှူမင်ယွဲ့သည် ထိုလက်ထောက်ဆရာ၏ လှည့်စားခံနေရခြင်းကို ရပ်ကြည့်မနေနိုင်သဖြင့် ထိုလူ၏သရုပ်မှန်အား ထုတ်ဖော်နိုင်ရန် ကြိုးစားခဲ့သည်။ သူသည် စင်မြင့်ပေါ်သို့သွားကာ တခြားလူများ၏မီးပြင်ဖိုကို ကူညီ၍ ထွန်းညှိပေးလိုသော်လည်း ကျရှုံးသွားခဲ့သည်။ သို့ရာတွင် ကျောင်းအုပ်ကြီးလုမင်ရုန်သည် လက်ထောက်ဆရာ အရှက်ရမည့်ဘေးမှ ကာကွယ်သည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ လှည့်စားကာ သူ့အား ကူညီပေးခဲ့သည်။ နောက်ပိုင်းတွင် ထိုလူသည် သူ၏သေးငယ်သောအောင်မြင်မှုအတွက် အောင်ပွဲခံကာ သခင်လေးချန်းကို နည်းလမ်းအမျိုးမျိုးဖြင့် အရှက်ခွဲပြီး ဒူးထောက်ရန် အတင်းအကြပ်ဖိအားပေးခဲ့လေ၏။
"လုမင်ရုန်...."
ချန်းရှောင်သည် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် သူ၏အင်္ကျီလက်ကို ခါယမ်းပြီး အေးစက်စက် အော်ငေါက်လိုက်သည်။
"အဲ့ဒီလူရဲ့အကျင့်စရိုက်ကို ငါ သိတယ်...သူက ကျောင်းတော်ရဲ့ နာမည်ဂုဏ်သတင်းအတွက် အကျိုးကျေးဇူးဖြစ်စေတဲ့ ဘယ်အရာကိုမဆို လုပ်လိမ့်မယ်"
ကျောင်းအုပ်ကြီးလုသည် ကျောင်းတော်အပေါ် ကာကွယ်ရာ၌ အလွန်နာမည်ကျော်ကြားသူတစ်ယောက်ပင်။ သူသည် ရံဖန်ရံခါ၌ ကျောင်းတော်အတွက် ကျောင်းသားတချို့၏ နာမည်ဂုဏ်သတင်းများကို စတေးသည်မှာ သူ မကြားဖူးသောကိစ္စ မဟုတ်ချေ။ သို့ရာတွင် တခြားကျောင်းသားများကို စတေးခြင်းအား သူ လက်ခံနိုင်သော်လည်း ချန်းမိသားစုဝင်တစ်ယောက်ကို စတေးခြင်းသည် သူ ငြိမ်ခံနိုင်သော ကိစ္စတစ်ရပ် မဟုတ်ချေ။
ကျိုးချင်းခိုင်သည် သူ ပြောဆိုသမျှကို ချန်းရှောင် ယုံကြည်သွားသည်အား ကြည့်ပြီး စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူသည် ထပ်မံ၍ ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"သခင်လေးအတွက် တရားမျှတမှုကို ရှာပေးဖို့ မိသားစုခေါင်းဆောင်ချန်းကို ငါက တောင်းပန်ပါတယ်"
ချန်းရှောင်က ခေါင်းညိတ်လိုက်သည်။
"ဘာမှ မစိုးရိမ်နဲ့....ငါက မနက်ဖြန်ကျရင် အဖြူရောင်ကျောက်တုံးကျောင်းတော်ကို လာခဲ့မယ်....လက်ထောက်ဆရာတစ်ယောက်မှာ ဘယ်လို အရည်အချင်းတွေ ရှိနေလို့ လျှူမင်ယွဲ့နဲ့ယုရှောင်ယွီတို့ကို သင်ကြားပေးနေတာလဲ....သူ့မှာ ငါ့ရဲ့သားကို ဒူးထောက်ခိုင်းဖို့ ဘာအရည်အချင်း ရှိလို့လဲ...တကယ်လို့ မင်း ပြောသလိုဆိုရင် သူက ကပ်မြှောင်တစ်ယောက်ပဲ...ငါကိုယ်တိုင် လှုပ်ရှားပြီးတော့ အဲ့ဒီခွေးကောင်ရဲ့ခြေထောက်တွေကို ချိုးပစ်မယ်"
"ဟုတ်ကဲ့"
ချန်းရှောင်၏စကားများအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို အာရုံခံမိသဖြင့် ကျိုးချင်းခိုင်သည် ကြာရှည်ဆက်မနေဝံ့တော့ချေ။ သူသည် အလျင်အမြန် နှုတ်ဆက်စကား ပြောဆိုလိုက်၏။
"ဒါဆိုရင် ဒီဂျူနီယာက ပြန်လိုက်ပါအုံးမယ်"
"အင်း...."
ချန်းရှောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျိုးချင်းခိုင်သည် မြင်းကိုစီးနင်းကာ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူ ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
"အဲ့ဒီလက်ထောက်ဆရာရဲ့နာမည်ကို ငါ မေးဖို့မေ့နေတယ်... ကိစ္စတော့ မရှိပါဘူး...သူက ဘယ်သူပဲဖြစ်နေနေ ဟုန်အာကို အနိုင်ကျင့်ရဲမှတော့ အကျိုးဆက်တွေကို သူ တွေးထားသင့်တယ်"
"ဒါက အမှန်ပဲ...သူက ဘယ်သူပဲဖြစ်ဖြစ် အရေးစိုက်ဖို့ မလိုဘူး... ချန်းမိသားစုရဲ့ဂုဏ်သိက္ခာကို စတေးပြီးတော့ ဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းတာက မဖြစ်သင့်ဘူး... ငါတို့က ခိုင်မာတဲ့သဘောထားကို ပြသရမယ်...မဟုတ်ရင် တကယ်လို့ တခြားလူတွေကလည်း အဲ့ဒီအတိုင်း လိုက်လုပ်မယ်ဆိုရင် ငါတို့ချန်းမိသားစုရဲ့အဆင့်အတန်းကို ဘယ်လိုလုပ်ပြီး ထိန်းသိမ်းထားနိုင်တော့မှာလဲ"
အကြီးအကဲချန်းယွင်ကလည်း အေးစက်စက်အော်ငေါက်ကာ သူ့၏မျက်နှာပေါ်တွင် စိတ်မကျေမနပ်မှုများဖြင့် ပြည့်နှက်နေသည်။
"အင်း...."
ချန်းရှောင်က ခေါင်းညိတ်ပြပြီးနောက် ချန်းယွင်ကိုကြည့်ပြီး ပြောဆိုသည်။
"စကားမစပ်....ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲအတွက် တံဆိပ်ပြားက အဆင်သင့်ဖြစ်ပြီလား"
အကြီးအကဲချန်းယွင်သည် သူ၏အိတ်ကပ်အတွင်းမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး သူ၏လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ လက်ကမ်းပေးလေသည်။
"ဒါက ခုဏကမှ ကြီးကြပ်ရေးမှူးလျှူ လာပို့တဲ့ တံဆိပ်ပြားပါ"
ထိုအရာကို အချိန်တစ်ခဏကြာခန့် စစ်ဆေးပြီးနောက် ချန်းရှောင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ကောင်းတယ်....အကြီးအကဲကျန်းရွှမ်က ခုထိ ထွက်မသွားသေးဘူး မဟုတ်လား... ငါတို့ သူ့ကို အတူတူ သွားရှာရအောင်...ငါကိုယ်တိုင် ဒီတံဆိပ်ပြား သူ့ကို ပေးရမယ်...ဒါက ငါတို့ချန်မိသားစုရဲ့ သူ့အပေါ် အလေးထားမှုကို ပြသရာရောက်တယ်"
"ဟုတ်ကဲ့...."
အကြီးအကဲချန်းယွင်ကလည်း ခေါင်းညိတ်ပြလေ၏။
…
ပိုင်ယန်မြင်းခြံ.....ကျားဇီရင်ပြင်၏ကောင်တာရှေ့၌...
ယခင်က ကျန်းရွှမ်ကို ဆီးကြိုနှုတ်ဆက်ခဲ့သော အစေခံသည် ပျင်းရိငြီးငွေ့စွာ အကြောဆန့်ကာကာ စားပွဲနောက်၌ ထိုင်နေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်ပျင်းနေပုံရသည်။
"ကျိုးယွဲ့....လီတစ်ထောင်မြင်းအတွက် မြင်းစာတစ်လစာ ဝယ်ချင်တဲ့ ဧည့်သည် ခုဏက ဒီနေရာမှာ ရှိနေတယ် မဟုတ်လား...မင်းက ဘာလို့ ခုထိ မပြင်ဆင်သေးဘဲနဲ့ အနားယူနေတာလဲ"
နောက်ထပ်အစေခံတယောက် ဝင်ရောက်လာကာ သူ၏မျက်နှာပေါ်တွင် စပ်စုလိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
ကျိုးယွဲ့က အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့် သူက ကြွားလုံးထုတ်နေတာ...တကယ်လို့ ငါက အဲ့ဒီမြင်းစာတွေကို အဆင်သင့်ပြင်ဆင်လိုက်ရင် ငါ အရူးတစ်ယောက် ဖြစ်သွားမှာပေါ့"
ယခုမှရောက်လာသော အစေခံက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
"မင်း ဘာကို ဆိုလိုတာလဲ...သူက အဲ့ဒီငွေကို မတတ်နိုင်တာလား...အဲ့ဒီကောင်ကို ကြည့်ရတာ အရမ်းယဉ်ကျေးသိမ်မွေ့တယ်....သူက လူချမ်းသာသခင်လေးတစ်ယောက်နဲ့ တူတယ်"
ကျိုးယွဲ့က ခေါင်းခါလိုက်သည်။
"သခင်လေးလား....စွန်းဟုန် မင်း အတွေးလွန်နေပြီ....သူက ဒီနေရာကို မြင်းစာလာဝယ်ပေမယ့် အခုထိ တန်ဖိုးကို မသိဘူး... သူ့ကို ဗဟုသုတနည်းပါးပြီးတော့ မောက်မာတဲ့လူလို့ ပြောလို့ရတယ်....ငါက သူ့ကို စျေးပြောပြီးတဲ့နောက်မှာ သူက မြင်း စမ်းပြီးတော့ စားကြည့်ဖို့အတွက် တစ်နပ်စာပဲ ဝယ်ချင်ခဲ့တာ...ဘယ်လူချမ်းသာသခင်လေးတစ်ယောက်က ဒီလိုစကားမျိုးကို ပြောမှာလဲ"
"ဒါက...."
စွန်းဟုန်သည် ဆွံ့အသွားပေ၏။