ဒီသွေးအနှစ်သာရက မှားနေတယ်
Vol. 5 Ch. 62
"...."
ချန်းဟောင်၏အမြင်အာရုံ မှောင်မည်းသွားသည်။
"ငါက မီးပြင်းဖိုကို မီးထွန်းညှိဖို့ ရည်ရွယ်ပြီးတော့ မင်းရဲ့ရင်းမြစ်ရေအိုင်ထဲမှာ စွမ်းအားတွေကို အဆက်မပြတ် ပျံ့နှံ့နေစေခဲ့တယ်....ဒါတောင် မင်းရဲ့ဗိုက်ကို ငါက ပုတ်နေတယ်လို့ မင်းက ပြောတာလား...."
"မင်း အလေးအနက်ထားပြီး ကျင့်ကြံရဲ့လား..."
ချန်းဟောင်သည် သူ၏ပေါက်ကွဲလုဆဲဆဲ ဒေါသများကို မြိုသိပ်ပြီး မေးမြန်းလိုက်၏။
"မင်းရဲ့ရင်းမြစ်ရေအိုင်ထဲမှာ မီးတောက်တွေ စုဝေးလာတာကို မင်း မခံစားမိဘူးလား..."
"ငါ လုံးဝမခံစားမိဘူး..."
ကျောင်းသားသစ်က သူ၏ခေါင်းကို ခါယမ်းပြသည်။
"...ဒါက အဓိပ္ပါယ်ရှိတယ်...လင်းယွမ်သားရဲရဲ့သွေးအနှစ်သာရကို အသုံးပြုတာချင်း တူပေမယ့် မင်းရဲ့ပါရမီအရည်အချင်းက မိန်းကလေးလျှူနဲ့မိန်းကလေးယုတို့ထက် နိမ့်ကျတာကြောင့် မီးပြင်းဖိုထွန်းညှိဖို့ နှေးကွေးတာက သာမာန်ပါပဲ...."
ချန်းဟောင်၏မျက်နှာသည် အချိန်အတော်ကြာသည်အထိ သုန်မှုန်နေပြီးနောက် သူ့ကိုယ်သူ ဆင်ခြေတစ်ခုရှာပေးကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"မင်း အာရုံစိုက်ထားစမ်း...ငါ နောက်ဆုံးတစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်...တကယ်လို့ ဒါက အလုပ်မဖြစ်ရင် ငါ လက်လျှော့လိုက်မယ်..."
"ဟုတ်ကဲ့..."
ဤအချိန်ကျမှသာ ကျောင်းသားသစ်သည် သူ့အား ချန်းဟောင်မှ ကူညီ၍ မီးပြင်းဖိုကို စတင်ထွန်းညှိပေးနေပြီဖြစ်ကြောင်း သိရှိသွားသည်။သူသည် ယခင်ထက်ပို၍ အာရုံစိုက်လိုက်ရာ တစ်စုံတစ်ယောက်မှ သူ၏ဗိုက်ကို ကြိမ်ဖန်များစွာ ပုတ်ပေးနေသည်အား ခံစားမိကာ သူ အလွန်အမင်း သက်တောင့်သက်သာရှိပေ၏။
သူ၏ဗိုက်ကို ဆက်၍အပုတ်ခံရရန် သူ မျှော်လင့်နေစဥ်မှာပင် ဟောဟဲဆိုက်နေသော အသံတစ်သံကို သူ ကြားလိုက်ရသည်။
"ငါ ဒါကို ထပ်ပြီးမလုပ်နိုင်တော့ဘူး...ငါ လက်လျှော့လိုက်ပြီ...."
ကျောင်းသားသစ်သည် မျက်လုံးဖွင့်ကြည့်လိုက်ရာ ယခင်က ယုံကြည်ချက်ပြင်းထန်ပုံရသော ချန်းဟောင်သည် ယခုအချိန်၌ ချွေးများရွှဲနဲစ်နေကာ နေ့ညပေါင်းများစွာ မအိပ်စက်ရသည့်အလား အမောဖောက်နေသည်အား သူ မြင်တွေ့မိသည်။
"စီနီယာချန်း...."
ကျောင်းသားသစ်၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ယခုကြည့်ကြည့်တော့မှ သူ၏အရည်အချင်းသည် မိန်းကလေးလျှူမင်ယွဲ့ထက် များစွာပို၍ နိမ့်ကျနေသည်ကို သူ သိရှိလိုက်ရသည်။
"ကျောင်းအုပ်ကြီး...."
ချန်းဟောင်က သူ အစွမ်းကုန်ကြိုးစားခဲ့သည့်တိုင် အောင်မြင်နိုင်ရန် အလှမ်းကွာဟနေသည်ကို သိရှိလေရာ ရှက်ရွံ့နေသောမျက်နှာဖြင့် ကျောင်းအုပ်ကြီးလုမင်ရုန်၏ရှေ့သို့ ရောက်ရှိလာသည်။
ချန်းဟောင်၏အခြေအနေကို ကြည့်ပြီးနောက် ကျောင်းအုပ်ကြီးလုသည် စိတ်သက်သာရာရသွားကာ တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်သည်။ထို့နောက် သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုလိုက်၏။
"လင်းယွမ်သားရဲရဲ့ သွေးအနှစ်သာရနဲ့ အဆင့်မြင့်အရည်အသွေးရှိတဲ့ မီးပြင်းဖိုတစ်လုံးကို ထွန်းညှိနိုင်တယ်ဆိုတာက အမှန်ပဲ...ဒါပေမဲ့ အောင်မြင်မှုက မင်း တွေးထင်ထားသလို ရိုးရှင်းမှုမရှိဘဲနဲ့ အရမ်းခက်ခဲတယ်"
"အရမ်းခက်ခဲတာလား...."
"ဘာလို့လဲ....မီးစာရဲ့အရည်အသွေး ပိုပြီးမြင့်ရင် မီးပြင်းဖိုကို ထွန်းညှိနိုင်ဖို့ ပိုပြီးလွယ်ကူတယ် မဟုတ်လား"
လူများအားလုံး ဇဝေဇဝါဖြစ်သွားသည်။
"လင်းယွမ်သားရဲက ကောင်းကင်ကံကြမ္မာ မူလဘူတသားရဲတစ်ကောင်ပဲ....သူ့ရဲ့သွေးအနှစ်သာရနဲ့ မီးထွန်းညှိမယ်ဆိုရင် ရင်းမြစ်စွမ်းအင်တွေကို တိတိကျကျ ထိန်းချုပ်နိုင်ရမယ် ...ဘာအမှားအယွင်းမှ ရှိလို့မရဘူး"
ကျောင်းအုပ်ကြီးလုက ဇဝေဇဝါဖြစ်နေသော လူအုပ်ကြီးကိုကြည့်၍ ထပ်မံရှင်းပြသည်။
“သာမန်မီးစာတွေနဲ့ဆိုရင် ကြယ်ရောင်မီးပွားတွေကို ရင်းမြစ်ရေအိုင်ထဲ ပစ်ထည့်လိုက်တာနဲ့ တောမီးတစ်ခုလို လောင်ကျွမ်းပြီးတော့ မီးပြင်းဖိုတစ်ခုကို ဖွဲ့စည်းနိုင်လိမ့်မယ်...ဒါက မြက်ခြောက်ပုံကို မီးရှို့တာနဲ့ အတူတူပဲ...မင်းတို့က ဒါကို အထက်ကနေ ရှို့မလား ဒါမှမဟုတ် အောက်ကနေ ရှို့မလားဆိုတာကိုပဲ စဉ်းစားဖို့လိုတယ်”
ချန်းဟောင်က ခေါင်းညိတ်လိုက်သည်။
မြက်ခြောက်ပုံကို မီးရှို့ခြင်းသည် လုံးလုံး လောင်ကျွမ်းသွားစေနိုင်ပြီး အထက်မှဖြစ်စေအောက်မှဖြစ်စေ ကွာခြားချက် အနည်းငယ်သာ ရှိပေမည်။
ကျောင်းအုပ်ကြီးလုက မေးမြန်းသည်။
“ယမ်းဘီလူးဆိုတာက ဘာလဲ”
ချန်းဟောင်က တုံ့ပြန်ဖြေဆိုသည်။
“အဲ့ဒီအရာအတွက် လောင်စာလိုအပ်ရုံတင် မကဘူး...အထူးသီးသန့် အရည်အသွေးနဲ့ ထုပ်ပိုးမှုပုံစံလည်း လိုအပ်တယ်”
ကျောင်းအုပ်ကြီးလုက ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ....လင်းယွမ်သားရဲရဲ့ သွေးအနှစ်သာရက ယမ်းဘီလူးနဲ့ တူတယ်...ဒီအရာရဲ့ စွမ်းအားကို အသုံးပြုပြီး မီးပြင်းဖိုကို ထွန်းညှိမယ်ဆိုရင် မင်းက ခွန်အားကို အရမ်းမပြင်းလွန်း မပျော့လွန်းအောင် ကောင်းကောင်း ထိန်းချုပ်ရမယ်...မီးထွန်းညှိတာ အောင်မြင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကတော့ မင်းရဲ့ကျန်းချီတွေကို ရင်းမြစ်ရေအိုင်ထဲ ထည့်သွင်းတဲ့အချိန်မှာ တိကျတဲ့ အချိန်သတ်မှတ်ချက်နဲ့ လုပ်ဆောင်ရမယ်..... မင်းက ကျန်းချီတွေကို မဆင်မခြင် ထည့်သွင်းနေမှတော့ ဘယ်လိုလုပ်ပြီး မင်း အောင်မြင်နိုင်မှာလဲ”
“ကျွန်တော် သိပါပြီ”
ချန်းဟောင်သည် ခေါင်းညိတ်လိုက်၏။
လက်ရှိနေရာတွင် ရှိနေသော လူများအားလုံးသည်လည်း နားလည်သဘောပေါက်သွားသည်။
ကျောင်းအုပ်ကြီးလုက ဆက်လက်ပြောဆိုသည်။
“ဆရာကျန်းရွှမ်က လျှူမင်ယွဲ့ရဲ့မီးပြင်းဖိုကို ဖန်ထွန်းညှိနိုင်ဖို့ ကူညီခဲ့တဲ့ နေရာမှာ လွယ်ကူတယ်လို့ ထင်ရပေမယ့်...တကယ်တော့ သူက အရမ်းရှုပ်ထွေးတဲ့ နည်းစနစ်တစ်ခုကို အသုံးပြုသွားခဲ့တယ်... ဒီလိုနည်းလမ်းမှာ သေးငယ်တဲ့ အမှားအယွင်းတစ်ခုကတောင် အရာအားလုံးကို ပျက်စီးသွားစေနိုင်တယ်....ငါတောင်မှ ဒါကို အောင်မြင်ဖို့ ခက်ခဲတယ်....အခု သူက အောင်မြင်ခဲ့ရုံမကဘူး သူ့ရဲ့ တပည့်နှစ်ယောက်ကို အဆင့်မြင့်အရည်အသွေးရှိတဲ့ မီးပြင်းဖိုတွေ ထွန်းညှိပေးနိုင်ခဲ့တယ်....ဒါက သူ့မှာ နက်နဲသိမ်မွေ့တဲ့ အရည်အချင်းရှိတယ် ဆိုတာကို သက်သေပြနေတာပဲ.... ဒါက မင်းတို့တွေ လက်လွတ်စပယ် မေးခွန်းထုတ်လို့မရတဲ့ အရာမျိုးပဲ”
“ကြည့်ရတာတော့ ငါက ဆရာကျန်းကို နားလည်မှုလွဲသွားခဲ့တဲ့ပုံပဲ”
“သူက အရမ်းထူးချွန်တယ်လို့ ငါ ပြောခဲ့ပါတယ်....မင်းတို့က ငါ့ကို မယုံခဲ့ဘူး”
ကျောင်းသားများအားလုံး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ယခင်က သူတို့သည် ချန်းဟောင်၏ စကားကို နားထောင်ပြီးနောက် ဆရာကျန်းရွှမ်၏ အရည်အချင်းအပေါ် အနည်းငယ် သံသယဝင်ခဲ့ကြသော်လည်း ယခုအချိန်၌ သူတို့ထံတွင် မည်သည့် သံသယမျှ မရှိတော့ချေ။
တခြားလူများ၏နားလည်သဘောပေါက်နေမှုနှင့် မတူညီဘဲ နံဘေးတစ်ဖက်တွင် မတ်တတ်ရပ်နေသော ကျန်းရွှမ်သည် မျက်မှောင်ကြုတ်ထားကာ သူ့ထံတွင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။
'အဲ့ဒီလိုလား....ငါက ဘာလို့ ဒီကိစ္စကို မသိတာလဲ'
အမှန်အားဖြင့် သူသည် ဤကိစ္စကို ထုတ်ဖော်မေးမြန်းမည် မဟုတ်ချေ။သူသည် သိုသိုသိပ်သိပ်နေနေသော်လည်း တခြားလူများမှ သူ့အပေါ် ချီးကျူးသည်အား သူ ပျော်ရွှင်မိသည်။
လုမင်ရုန်က လူများအားလုံး သူ၏စကားကို ယုံကြည်သည်အား ကြည့်ပြီး ယနေ့ကိစ္စ ပြေလည်သွားလုနီးပါး ဖြစ်သွားပြီကို သိရှိသဖြင့် စိတ်သက်သာရာရသွားကာသက်ပြင်းရှိုက်လိုက်သည်။သူသည် လူအုပ်အကြားမှ ရှေ့သို့ထွက်ပြီး ပလ္လင်ခွေထိုင်နေသော လူငယ်၏အနီးသို့ ချဉ်းကပ်ကာ သူ၏မျက်နှာပေါ်တွင် နှစ်သိမ့်ပေးလိုမှုများဖြင့် ပြည့်နှက်နေသည်။
"ကောင်းပြီလေ.....ငါက အခု မင်းကိုကူညီပြီးတော့ မင်းရဲ့မီးပြင်းဖိုကို ထွန်းညှိပေးမယ်..ဒါက ငါ မင်းကိုအခွင့်အရေးတစ်ခုပေးတယ်လို့ ယူဆနိုင်တယ်"
"ကျောင်းအုပ်ကြီးကို ကျေးဇူးတင်ပါတယ်"
ကျောင်းသားသစ်၏ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပေ၏။
ဤသည်မှာ ကျောင်းအုပ်ကြီးကိုယ်တိုင် ကူညီပေးမည်ဖြစ်သဖြင့် သူ အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ရန် အာမခံချက် ရရှိသွားလေပြီ။
"အရင်ဆုံး မင်းရဲ့အသက်ရှူနှုန်းကို ထိန်းသိမ်းပြီးတော့ စိတ်တည်ငြိမ်ခြင်းအခြေအနေကို ဝင်ရမယ်"
ကျောင်းသားသစ်၏အမူအယာကို ကြည့်ပြီး လုမင်ရုန်က အပြုံးနှင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဟုတ်ကဲ့...."
ကျောင်းသားသစ်သည် ထပ်ခါတလဲလဲခေါင်းညိတ်ပြပြီး သူ၏မျက်လုံးကိုစုံမှိတ်ကာ သူ၏အသက်ရှူနှုန်းကို တဖြည်းဖြည်းထိန်းညှိပြီး နောက်ဆုံး၌ သူ၏စိတ် တည်ငြိမ်သွားသည်။
လုမင်ရုန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် သူ၏လက်ညှိုးနှင့်လက်ခလယ်လက်ချောင်းကိုပူးကာ သူ၏လက်ချောင်းထိပ်များ၌ စွမ်းအားများကို စုစည်းလိုက်သည်။
"မင်းတို့ထဲက ဘယ်သူမှ နားမလည်မှတော့ ငါက ကောင်းကင်ကံကြမ္မာမူလဘူတသားရဲရဲ့ သွေးအနှစ်သာရကို အသုံးပြုပြီးတော့ မီးပြင်းဖိုကိုဘယ်လို ထွန်းညှိရမလဲဆိုတာကို ရှင်းပြမယ်...ပထမဆုံး မင်းတို့ရဲ့ခွန်အားကို တစ်ဖက်လူရဲ့ အသက်ရှုနှုန်းနဲ့အညီ စည်းချက်ကျအောင်ထိန်းသိမ်းရမယ်...ဒုတိယအနေနဲ့ မင်းတို့ရဲ့စွမ်းအားတွေအားလုံးကို စုစည်းပြီးတော့ တစ်ဖက်လူရဲ့ခန္ဓာကိုယ်ထဲကို ကျန်းချီလှိုင်းနှစ်လှိုင်း ထည့်သွင်းရမယ်...တစ်လှိုင်းတည်း မဟုတ်ဘူး"
"ကျန်းချီလှိုင်းနှစ်လှိုင်းလား...."
ချန်းဟောင်က ဇဝေဇဝါဖြင့် မေးမြန်းသည်။
"အမှန်ပဲ....ကျန်းချီလှိုင်းတစ်လှိုင်းတည်းနဲ့ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ထဲကနေ ရှုထုတ်လိုက်တဲ့ ရင်းမြစ်စွမ်းအားတွေကို ဖိနှိပ်နိုင်ဖို့ ခက်ခဲလိမ့်မယ်....ဒါဆိုရင် မီးပြင်းဖိုကို ထွန်းညှိနိုင်ဖို့ လွယ်ကူမှာ မဟုတ်ဘူး"
လုမင်ရုန်၏မျက်ခုံး မြင့်တက်သွားပြီး သူကတည်ငြိမ်စွာ ဆက်လက်ပြောဆိုသည်။
"ကောင်းပြီလေ...အခု ငါ့ရဲ့လှုပ်ရှားမှုတွေကို သေချာစောင့်ကြည့်ထားကြတော့...ငါက ဒါကို တစ်ကြိမ်ပဲ လုပ်ပြမယ်"
လုမင်ရုန်သည် ထိုစကားကို ပြောဆိုပြီးနောက် သူ၏လက်ချောင်းနှစ်ချောင်းကို ပူးကပ်ကာ ကျန်းချီလှိုင်းနှစ်လှိုင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ထိုအရာများသည် ကြက်သွေးရောင် အလင်းတန်းတစ်တန်းအသွင်သို့ ပြောင်းလဲကာ ပလ္လင်ခွေထိုင်နေသော ကျောင်းသားသစ်ထံ ဦးတည်၍ တိုးဝင်သွားပေ၏။
ဤလှုပ်ရှားမှုသည် ချန်းဟောင်နှင့်တူညီပုံရသော်လည်း တစ်နေရာရာ၌ ကွဲပြားခြားနားနေသည်။ ဤသည်မှာ ပို၍အစွမ်းထက်ပြီး ကြီးမားကျယ်ပြန့်ကာ နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်နှင့် ပြည့်နှက်နေသည်။
သို့ရာတွင် ထိုအလင်းတန်းသည် ကျောင်းသားသစ်၏ ရင်းမြစ်ရေအိုင်အတွင်းသို့ ဝင်ရောက်သွားချိန်၌ ပင်လယ်ရေပြင်အတွင်းသို့ ကျသွားသော ရွှံနွားရုပ်အလား မည်သည့်တုံ့ပြန်မှုမျှ ရှိမလာချေ။
"ဒါက မီးပြင်းဖိုကို မထွန်းညှိနိုင်တာလား...."
"ကျောင်းအုပ်ကြီးလည်း ကျရှုံးသွားတာလား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ကျောင်းစားသစ်ထံတွင် မည်သည့်တုံ့ပြန်မှုမျှ မရှိသည့်အပြင် မည်သည့်စွမ်းအင်ကိုမျှ စုပ်ယူနိုင်ခြင်း မရှိသည်ကိုကြည့်ပြီး လူများအားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။ သူတို့သည် သူတို့၏အမြင်များမှားမည်ကို စိုးရိမ်ထိတ်လန့်နေပေ၏။
ကျန်းရွှမ်ပင်လျှင် ကြက်သေသေနေသည်။
ဤကျောင်းအုပ်ကြီးသည် စကားပြောကောင်းသော်လည်း သူ၏အရည်အချင်းသည် မည်သည်ကြောင့် ချန်းဟောင်နှင့် အလွန်ကွဲပြားခြားနာခြင်း မရှိသနည်း....
"အဟွတ် အဟွတ်...ခုဏက ငါ သုံးလိုက်တဲ့နည်းစနစ်မှာ ပြဿနာတစ်ခု ရှိနေတယ်...ငါ ဒါကို ထပ်လုပ်ကြည့်မယ်..ငါ အောင်မြင်မှာ သေချာတယ်"
သူကိုယ်တိုင် မီးထွန်းညှိပေးသည့်တိုင် ကျရှုံးသွားသည်ကိုကြည့်ပြီး လုမင်ရုန်သည် အချိန်တခဏကြာခန့် တွေဝေသွားသည်။ သူသည် အနည်းငယ်ရှက်ရွံ့သွားပြီးနောက် သူ၏လက်ချောင်းများကို ထပ်မံ၍ပူးကပ်ကာ ထိုကျောင်းသားသစ်ထံသို့ ဒုတိယအကြိမ် လက်ညိုးညွှန်လိုက်၏။
ဝှစ်...
ပင်လယ်ရေပြင်အတွင်းသို့ ရွှံ့နွားတကောင် ကျသွားသည်အလား ထပ်မံ၍ဖြစ်ပျက်သွားသည်။
'လုပ်ဆောင်ချက်တွေက အတူတူပဲလေ...ငါက မနေ့ကတောင် မိုယန်ရွယ်ရဲ့မီးပြင်းဖိုကို အောင်အောင်မြင်မြင် ထွန်းညှိပေးနိုင်ခဲ့တယ်"
လုမင်ရုန်သည် ရှက်ရွံနေသောမျက်နှာဖြင့် ထပ်မံ၍ လက်ညိုးညွှန်လိုက်သော်လည်း သူ ကျရှုံးသွားခဲ့သည်။မည်သူကမျှ ဤကိစ္စအပေါ် အံ့အားသင့်ခြင်း မရှိတော့ချေ။
ချန်းယောင်ကဲ့သို့ပင် သူသည် အကြိမ်ပေါင်းများစွာ လက်ညှိုးညွန်ပြီး ကြိုးစားနေလေရာ ပလ္လင်ခွေထိုင်နေသောလူငယ်သည် အလွန်သက်သောင့်သက်သာဖြစ်နေပြီး အိပ်မောကျသွားလုနီးပါးပင်။ သို့ရာတွင် ဤဖြစ်စဉ်တွင် အောင်မြင်မှုရရန်အတွက် မည်သည့်အရိပ်အရောင်မျှ ရှိမနေဆဲပင်။
လုမင်ရုန်၏မျက်ခွံများ တဆတ်ဆတ်တုန်နေကာ သူ၏နဖူးမှ ချွေးများယိုစီးကျလာသည်။
သူ၏စွမ်းအားနှင့်နည်းစနစ်များအားလုံး အသုံးပြုပြီး အကြိမ်ပေါင်းများစွာ ကြိုးစားလျှင် မည်သည့်မီးစာဖြင့်မဆို အောင်မြင်သော မီးထွန်းညှိနိုင်သော်လည်း ယခုအချိန်၌ မည်သည်ကြောင့် မည်သည့်တုံ့ပြန်မှုမျှ မရှိသနည်း။
မည်သို့ပင်ဆိုစေကာမူ သူသည် ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ ကျရှုံးသွားသည်မှာ ရှက်ရွံဖွယ်ကောင်းပေ၏။
"ဒီသွေးအနှစ်သာရနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေပြီ"
ရုတ်တရက် သူ၏ခေါင်းအတွင်း၌ အတွေးတစ်ခု ထွက်ပေါ်လာသဖြင့် လုမင်ရုန်သည် မလှမ်းမကမ်းအကွာရှိ ချန်းဟောင်ကို ကြည့်လိုက်၏။
"ငါ့ကို ခုဏက ကျောက်စိမ်းပုလင်းပေးစမ်း"
လင်းယွမ်သားရဲ၏ အစစ်အမှန်သွေးအနှစ်သာရတွင် ကြမ်းတမ်းသောအရှိန်အဝါနှင့် သန်မာအားကောင်းသောစွမ်းအား ပါဝင်သည်။ ဤသည်မှာ ပထမတစ်ကြိမ်ဖြင့် သူ အောင်မြင်သင့်သော်လည်း သူ အကြိမ်ပေါင်းများစွာ ဆက်တိုက်ကြိုးစားခဲ့သည့်တိုင် အကျိုးသက်ရောက်မှုမရှိသည်မှာ မည်သည့်ကြောင့် ဖြစ်နိုင်မည်နည်း။