← Chapters

ဟုန်ရီ တပည့်ခံခြင်း

Vol. 5 Ch. 63

ဟုန်ရီ တပည့်ခံခြင်း

Vol. 5 Ch. 63

“ကျောက်စိမ်းပုလင်းလား.....”

ချန်းဟောင်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ လွှမ်းခြုံနေသည်။

ကျောင်းအုပ်ကြီးသည် သူ မအောင်မြင်ခြင်းကို ပြင်ပအကြောင်းအရာများပေါ် ပုံချ၍ တာဝန်ကို ရှောင်လွှဲလိုခြင်း ဖြစ်သလော....

သူသည် ထူးဆန်းသည်ဟု ထင်သော်လည်း ကျောင်းအုပ်ကြီး၏ အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် ကျောက်စိမ်းပုလင်းနှစ်လုံးကို ချက်ချင်း လက်ကမ်းပေးလိုက်၏။

လုမင်ရုန်သည် အစောပိုင်းက သုံးထားသည့် ကျောက်စိမ်းပုလင်းကို ကောက်ယူပြီး အပိတ်ကို ဖွင့်ကာ အနံ့ခံကြည့်လိုက်ရာ တစ်စုံတစ်ခုကို ရိပ်မိသွားပြီး သူ၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

“ဒါ… ဒါက…”

သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ တခြားကျောက်စိမ်းကို အလျင်အမြန် ကောက်ယူပြီး တူညီသော လုပ်ဆောင်ချက်ကို ပြုလုပ်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် အထိန်းမကွပ်မဲ့စွာ တုန်ရီလာကာ ခေါင်းမော့ပြီး မလှမ်းမကမ်းရှိ ကျန်းရွှမ်ကို ကြည့်လိုက်ကာ သူ၏မျက်လုံးများအတွင်းတွင် ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

“ကျောင်းအုပ်ကြီး....တစ်ခုခု မှားနေတာလား....”

လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးက ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းသည်။

“ခဏနေမှ ပြောပြမယ်....”

လုမင်ရုန်သည် သက်ပြင်းရှိုက်လိုက်ပြီးနောက် သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ကျောက်စိမ်းပုလင်းနှစ်လုံးကို သူ၏အိတ်အတွင်းသို့ ဂရုတစိုက် ထည့်လိုက်သည်။ ထို့နောက် သူသည် ကျန်းရွှမ်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

“ဆရာကျန်း...မင်း ဒါကို ထွန်းညှိကြည့်ပါလား...တကယ်လို့ အောင်မြင်သွားရင် လူတိုင်း က မင်းရဲ့ စစ်မှန်တဲ့ စွမ်းရည်ကို အသိအမှတ်ပြုဖို့ ပိုပြီးလွယ်ကူသွားလိမ့်မယ်....”

“ကျောင်းအုပ်ကြီး…”

ဝူယွင်ကျိုးနှင့် တခြားအကြီးအကဲများ ရုတ်တရက် စိုးရိမ်ပူပန်စပြုလာသည်။

ကျောင်းအုပ်ကြီးကိုယ်တိုင်ပင်လျှင် မအောင်မြင်ခဲ့လေရာ အကယ်၍ ကျန်းရွှမ် မအောင်မြင်ခဲ့ပါက မည်မည်ရရမဟုတ်သော အကြောင်းအရင်းနှင့် သူ့ကို မကျေမနပ် ဖြစ်အောင် လုပ်မိသွားမည် မဟုတ်လော....

“ငါ့မှာ ငါ့အကြောင်းနဲ့ငါ ရှိတယ်"

လုမင်ရုန်က သူ၏လက်ကို ဝှေ့ယမ်းပြီး လက်ထောက်ဆရာကို ထပ်မံ၍ ကြည့်လိုက်သည်။

“ဆရာကျန်း....ဘယ်လို သဘောရလဲ”

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။

"မီးပြင်းဖိုကို ထွန်းညှိပေးရတာက ကိစ္စကြီးတစ်ခု မဟုတ်ဘူး.... ဒါပေမဲ့ သူက ငါ့ရဲ့တပည့် မဟုတ်ဘူးလေ..."

“ဒါက…”

လုမင်ရုန်သည် အချိန်တခဏကြာခန့် ဆွံ့အသွားပြီး ကျောင်းသားသစ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ....အခု မင်းက ဘယ်ဆရာရဲ့လက်အောက်မှာ သင်ယူနေတာလဲ....”

“ကျောင်းအုပ်ကြီးကို သတင်းပို့ပါတယ်...ကျွန်တော်ရဲ့နာမည်က ဟုန်ရီပါ...ဒါပေမဲ့.... ကျွန်တော်ရဲ့အရည်အချင်းက သိပ်မကောင်းတာကြောင့် ဘယ်ဆရာကမှ လက်မခံပါဘူး…ဒါကြောင့် ဘုံအတန်းမှာပဲ တက်ရောက်နိုင်ပါတယ်”

ကျောင်းသားသစ်ဟုန်ရီက နီမြန်းနေသောမျက်နှာဖြင့် ပြောဆိုလေ၏။။

အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် ဆရာအရေအတွက် ကန့်သတ်ထားသည့်အပြင် ဆရာများကိုယ်တိုင် သင်ကြားပေးမှုကို ခံယူနိုင်သည့် ကျောင်းသားဦးရေကိုလည်း ကန့်သတ်ထားသည်။ ထို့ကြောင့် ကျောင်းသားတိုင်းသည် ဆရာတစ်ယောက်ကို အောင်မြင်စွာ ရှာဖွေနိုင်ခြင်းမရှိဘဲ နှစ်စဉ်နှစ်တိုင်း ကျောင်းသားသစ် အများစုသည် ဘုံအတန်းများတွင် တက်ရောက်ကြ၏။

ဟုန်ရီသည် ထိုကျောင်းသားများအနက်မှ တစ်ယောက်ပင်။ ရင်းမြစ်ရေအိုင် အကဲဖြတ်စဉ်က သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းကို တစ်တန်းတည်းသာ စုပ်ယူနိုင်ခဲ့ပြီး နဝမအဆင့် ရင်းမြစ်ရေအိုင်ကို ဖွင့်လှစ်နိုင်ခဲ့သည်။ သူ့ထံတွင် မည်သည့်ကျောထောက်နောက်ခံမျှလည်း မရှိသောကြောင့် မည်သည့်ဆရာကမှ သူ့ကို သဘောမကျခဲ့ပေ။

“ဘုံအတန်းလား... ဒါဆို အရမ်းလွယ်သွားပြီ…”

လုမင်ရုန်က ကျန်းရွှမ်ကို ပြန်လှည့်ကြည့်သည်။

“ဆရာကျန်း....သူ့ကို တပည့်အဖြစ် လက်ခံချင်လား...ဘာမှ စိတ်မပူပါနဲ့...သူ ကျင့်ကြံမယ့် အရင်းအမြစ်တွေအားလုံးကို ကျောင်းတော်က ထောက်ပံ့ပေးပါ့မယ်…”

ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး ဟုန်ရီကို ကြည့်လိုက်သည်။ သူ မည်သည့်အရာကိုမျှ မမေးရသေးမီမှာပင် ထိုလူငယ်သည် အလျင်အမြန် မတ်တတ်ထရပ်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်

“တပည့် ဟုန်ရီက ဆရာ့ကို အရိုအသေပြုပါတယ်...”

သူသည် ယွမ်ထောင်နှင့် အလွန်တူပြီး အခွင့်အရေးကို ဖမ်းဆုပ်ကာ လက်မလွှတ်ခဲ့ပေ။ ထိုသို့မဟုတ်ပါက သူသည် လူအုပ်အကြားမှ ရှေ့သို့ထွက်လာပြီး ချန်းဟောင်ကို သူ၏မီးပြင်းဖိုအား ထွန်းညှိခိုင်းဝံ့မည် မဟုတ်ချေ။

ကျန်းရွှမ်က ချက်ချင်း သဘောမတူဘဲ ခပ်ဖျော့ဖျော့အပြုံးနှင့် ဟုန်ရီကိုကြည့်ပြီး ပြောဆိုသည်။ “ငါက လက်ထောက်ဆရာတစ်ယောက် ဖြစ်တာကြောင့် ငါ့ရဲ့ သင်ကြားမှုစွမ်းရည်က သိပ်မကောင်းဘူး...မင်းက ငါ့ရဲ့တပည့်ဖြစ်လာရင် တခြားဆရာတွေက လက်ခံဖို့ ငြင်းဆန်တာမျိုး တွေ ဖြစ်လာနိုင်တယ်... ဒါ့ပြင် ငါ့ရဲ့တပည့်ဖြစ်လာပြီးရင် ငါ့ရဲ့ညွှန်ကြားချက်တွေကို နာခံရမယ်...ငြင်းပယ်လို့ မရဘူး...မင်း ပြောခဲ့တဲ့စကားကိုလည်း ပြန်ရုတ်သိမ်းလို့ မရဘူး....”

“ဆရာ့ရဲ့ညွှန်ကြားချက်တွေကို နာခံရတာက မှန်ကန်တဲ့ ကိစ္စပါ....ငါ ဟုန်ရီက ငါ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး...”

ဟုန်ရီသည် လေးလေးနက်နက် ဦးညွှတ်အရိုအသေပြုလိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် မည်သည့် တွေဝေတုံ့ဆိုင်းမှုမျှ ရှိမနေပေ။

သူသည် သူ၏ကိုယ်ပိုင်အခြေအနေအပေါ် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။ မိသားစုနောက်ခံမရှိ အရည်အချင်းမရှိအရင်းအမြစ်မရှိသည့် သူ့အတွက် ဆရာတစ်ယောက် ရှိနေခြင်းသည်ပင် လုံလောက်သည်ထက် ပိုနေလေပြီ။ သူ နောင်တရနေရန် အကြောင်းမရှိပေ။

“မင်းက စိတ်ရင်းမှန်နဲ့ ပြောနေမှတော့...မင်းကို ငါ တပည့်အဖြစ် လက်ခံမယ်"

ကျန်းရွှမ်က ထပ်မံ၍ ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ သဘောတူလိုက်သည်။

သူ့အတွက် တပည့်လက်ခံရာတွင် အဓိကအားဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်နေသဘောထားကို ကြည့်ပြီး အရည်အချင်းသည် အရေးမကြီးပေ။

ဆရာအပေါ် သစ္စာဖောက်မည့်သူကို စောင့်နေမည့်အစား အရည်အချင်းနုံချာသော်လည်း နာခံလိုစိတ်ရှိသည့် တပည့်ကို လက်ခံခြင်းက ပို၍ကောင်းမွန်သည်။

'ချို့ယွင်းချက်ကောင်းကင်လမ်းကြောင်းနှင့် စနစ်တကျ ကောင်းကင်လမ်းကြောင်း'တို့ဖြင့် သူသည် မြင်းတစ်ကောင်ကိုပင် ကျင့်ကြံသူဖြစ်အောင် နည်းလမ်းရှာနိုင်လေရာ အရည်အချင်းညံ့ဖျင်းသော လူတစ်ယောက်ကို ထည့်ပြောရန်ပင် မလိုချေ။

“ကျေးဇူးတင်ပါတယ် ဆရာ....”

ဟုန်ရီက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“အခု မင်းက ငါ့တပည့်ဖြစ်ပြီဆိုတော့ ဟိုဘက်မှာ သွားထိုင်ပါ...ငါက မင်းရဲ့မီးပြင်းဖိုကို ထွန်းညှိပေးမယ်...”

ဟုန်ရီသည် လင်းယွမ်သားရဲ၏ သွေးအနှစ်သာရကို စုပ်ယူထားလေရာ အချည်းနှီး မဖြစ်သင့်သဖြင့် ကျန်းရွှမ်းက ခြေလှမ်းနှစ်လှမ်းလျှောက်လှမ်းကာ သူ၏အနီးသို့ အလျှင်အမြန် ချဉ်းကပ်လိုက်၏။

ဟုန်ယီက ဝင်္ကပါ၏ရှေ့တွင် ပလ္လင်ခွေထိုင်လိုက်သည်။ သူ မျက်လုံးစုံမှိတ်ကာ ကျင့်ကြံရန် ဟန်ပြင်နေစဉ်မှာပင် ချန်းဟောင် ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။

“ဒီဝင်္ကပါကို ငါ ခင်းကျင်းထားတာ... ငါ ဒါကို ပြန်ရုတ်သိမ်းတော့မယ်…”

ထိုသို့ပြောဆိုပြီးနောက် သူသည် ဝင်္ကပါအလံများကို တစ်ခုပြီးတစ်ခု စတင်၍ ဆွဲနှုတ်လိုက်တော့သည်။

ကျန်းရွှမ်သည် ငြင်းခုံနေရန် စိတ်မဝင်စားပေ။ တစ်ဖက်လူ၏အလုပ် ပြီးဆုံးသွားသည်နှင့် သူသည် ဟုန်ရီထံဦးတည်းပြီး သူ၏လက်ချောင်းများကို မြှောက်လိုက်၏။ထို့နောက် သူ၏မူလဘူတချီစွမ်းအင်တန်းတစ်တန်းကို ဟုန်ရီ၏ ရင်းမြစ်ရေအိုင်အတွင်းသို့ ချက်ချင်းဝင်ရောက်သွားစေသည်။

“ဆရာ...အခု ကျွန်တော်က ဘာလုပ်ရမလဲ....”

ဟုန်ရီသည် သူ့၏ခန္ဓာကိုယ်အတွင်းသို့ ထိုချီစွမ်းအင် စိမ့်ဝင်နေကြောင်း မသိရှိဘဲ ဇဝေဇဝါဖြစ်နေစဉ်မှာပင် ဆရာ၏ နက်ရှိုင်းပြီး တည်ငြိမ်သော အသံကို တဖြည်းဖြည်း ကြားလိုက်ရသည်။

“သုံး...”

“.....”

ဟုန်ရီ အံ့အားသင့်သွားသည်။

'ဆရာက ငါ့ရဲ့မီးပြင်းဖိုကို ထွန်းညှိပေးမှာ မဟုတ်ဘူးလား... ဒါက ဘာလဲ...'

သူသာမက လုမင်ရုန် ဝူယွင်ကျိုးနှင့် တခြားလူများသည်လည်း ဆွံ့အသွားကြသည်။

ပုံမှန်ဆိုလျှင် ကျန်းရွှမ်သည် ချန်းဟောင်ကို ဖွဲ့စည်းပုံအလံများ ယူသွားခြင်းမှ တားဆီးပြီးနောက် ဟုန်ရီ၏ ဗိုက်ကို ထပ်ခါတလဲလဲ ပုတ်ပေးရပေမည်။

သူသည် မည်သည်ကြောင့် မည်သည့်အရာမျှမလုပ်ဘဲ နေရာတွင် ကိန်းဂဏန်းများ ရေတွက်နေသနည်း.....

“နှစ်.....”

လူတိုင်း၏ ဇဝေဇဝါဖြစ်နေမှုကို လျစ်လျူရှုပြီး ကျန်းရွှမ်က ဆက်၍ရေတွက်သည်။

“လှည့်စားနေတာပဲ...”

ချန်းဟောင်က ပြုံးစိစိနှင့် ပြောဆိုသည်။

“ငါက ဝင်္ကပါအလံတွေကို ပြန်ရုတ်သိမ်းလိုက်ပြီ.... ဝင်္ကပါရဲ့ အကူအညီမပါဘဲနဲ့ မင်းက မီးပြင်းဖိုကို ဘယ်လိုထွန်းညှိမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်....”

“ကျောင်းအုပ်ကြီးတောင် ခုဏက မလုပ်နိုင်ခဲ့တာ....လက်ထောက်ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒါကိုလုပ်နိုင်မှာလဲ"

သူ၏နံဘေးရှိ ဖော်လံဖားတစ်ယောက်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

ထိုစဉ်မှာပင် ကျန်းရွှမ်သည် နောက်ဆုံးရေတွက်ခြင်းကို အော်ဟစ်ပြီးလေပြီ

“တစ်..."

ဘုန်း....

ဇဝေဇဝါဖြစ်နေသော ဟုန်ရီ၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွားသည်။ သူ့၏နံဘေးပတ်ဝန်းကျင်ရှိ ထူထပ်သိပ်သည်းသော ရင်းမြစ်စွမ်းအင်များသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စီးဝင်လာပြီး တောင်ကျစမ်းရေ စီးဆင်းသံကဲ့သို့ တဝုန်းဝုန်း စီးဆင်းသံကို ချက်ချင်း ဖန်တီးကာ သာယာနာပျော်ဖွယ် မြည်ဟည်းနေသည်။

“စွမ်းအင်စမ်းချောင်း စီးဆင်းခြင်း...."

“ဒါက အထွတ်အထိပ်အဆင့်ရဲ့ထိပ်ဆုံးမှာ ရှိနေတဲ့ မီးပြင်းဖိုပဲ…”

“သူက မီးပြင်းဖိုထွန်းညှိပေးတာကို အောင်မြင်ခဲ့ရုံတင်မကဘူး... အရည်အသွေးကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်… ဒီအရည်အချင်းက တကယ့်ကို အထင်ကြီးစရာပဲ”

ယခင်က ဇဝေဇဝါဖြစ်နေသော ဟုန်ရီသည် ယခုချိန်၌ စိတ်လှုပ်ရှားစွာဖြင့် ကျင့်ကြံနေသည်ကို မြင်တွေ့မိသဖြင့် ပတ်ဝန်းကျင်ရှိ လူများအားလုံး ဆွံ့အသွားကြသည်။

တူညီသော လင်းယွမ်သားရဲသွေးဖြင့် ချန်းဟောင်က စမ်းကြည့်ခဲ့ပြီးနောက် ကျောင်းအုပ်ကြီးကိုယ်တိုင် စမ်းကြည့်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံး မအောင်မြင်ခဲ့ကြချေ။ သို့ရာတွင် ဤဆရာကျန်းသည် မျက်စိတစ်မှိတ်အတွင်း ထွန်းညှိနိုင်ခဲ့သည့်အပြင် အချိန်အတိအကျကို သတ်မှတ်နိုင်ခဲ့သည်။

ဤအရည်အချင်းသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသနည်း.....

ဖြစ်နိုင်သည်မှာ သူ၏ မီးပြင်းဖိုထွန်းညှိပေးနိုင်စွမ်းသည် ကျောင်းအုပ်ကြီးရဲ့ စွမ်းရည်ထက်ပင် များစွာပို၍ သာလွန်နေသလော။

“သူ… သူ ထပ်ပြီးအောင်မြင်သွားပြန်ပြီလား...”

လျူမင်ယွဲ့၏မျက်လုံးများသည်လည်း ပြူးကျယ်သွားသည်။

မူလက သူမသည် သူမ၏အရည်အချင်း မြင့်မားမှုကြောင့် ဟန်ပေလိပ်၏သွေးအနှစ်သာရဖြင့် အထွတ်အထိပ် မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့သည်ဟု တွေးထင်ခဲ့လေ၏။ ယခုအချိန်တွင်မူ ဤသည်မှာသူမနှင့် များစွာမသက်ဆိုင်ဘဲ လက်ထောက်ဆရာနှင့်သာ ပို၍သက်ဆိုင်နေပုံရသည်။

လုမင်ရုန်သည် အံ့အားသင့်တုန်လှုပ်နေသောကြောင့် စကားမပြောနိုင်ဘဲ သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီနေသည်။

အကယ်၍ မည်သည့်အရာများ ဖြစ်ဖျက်နေသည်ကို ယခင်က သူ နားမလည်နိုင်လျှင်ပင် ယခုအချိန်၌ သူ သူ လုံးဝ နားလည်သွားလေပြီ။သူသည် အနီးအနားရှိ လူငယ်ကို တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

“ကောင်းပြီ... ငါက ဟုန်ရီရဲ့မီးပြင်းဖိုကို ထွန်းညှိပေးခဲ့တာမှာ အောင်မြင်သွားပြီ... ချန်းဟောင် မင်းမှာ ဘာပြောစရာ ရှိသေးလဲ”

ကျန်းရွှမ်က ချန်းဟောင်ဘက်သို့ ကြည့်လိုက်သည်။

တစ်ဖက်လူသည် ကျောင်းသားတစ်ယောက်ဖြစ်နေလျှင်ပင် သူ သင်ခန်းစာတစ်ခုကို မလွဲမသွေ ပေးရပေမည်။ထိုသို့မဟုတ်ပါက သူတို့သည် သူ့အား ပို၍အတင့်ရဲစွာ ရန်စလာနိုင်သည်။

“ငါ…”

ချန်းဟောင်၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေကာ သူ ငြင်းခုံချင်သော်လည်း စကားလုံးရှာမရသဖြင့် ခေါင်းညိတ်ပြရုံသာ တက်နိုင်တော့သည်။

"ငါက လောင်းကြေးအတိုင်း ဒူးထောက်တောင်းပန်ပါ့မယ်…”

သူက ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး ဒူးထောက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ယောက်က သူ့ကို ကူညီပြီး ထူမပေးလေသည်။

သူ မော့ကြည့်လိုက်ရာ သူ့အား စိတ်အနှောက်အယှက်ဖြစ်စေသည့် ဆရာကျန်းရွှမ်သည် သူ့ရှေ့တွင် မတ်တတ်ရပ်ကာ အနည်းငယ်ကြင်နာသောအကြည့်ဖြင့် သူ့အား ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

“ဆရာကျန်း…”

ချန်းဟောင် စိတ်လှုပ်ရှားသွားသည်။

သူ ဤကဲ့သို့အပြုအမှုမျိုးဖြင့် စော်ကားခဲ့သည့်တိုင် ဆရာကျန်းသည် သဘောထားကြီးနိုင်မည်ဟု သူ တွေးထင်မထားခဲ့ချေ။

'ဘယ်လောက်တောင် စိတ်သဘောထားကြီးလိုက်လဲ...'

သူ ပြန်စဉ်းစားနေစဉ်မှာပင် ကျန်းရွှမ်၏အသံ ထွက်ပေါ်လာသည်။

“ဒူးထောက်ဖို့ မလိုပါဘူး....ငါ့ကို ရင်းမြစ်ဒင်္ဂါးငါးရာပေးရင် လုံလောက်ပါတယ်”

“....”

ချန်းဟောင်၏စိတ်လှုပ်ရှားမှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ချန်းမိသားစုရဲ့ အကြီးဆုံးသခင်လေးဖြစ်သော သူ၏ဒူးထောက်မှုသည် … ရင်းမြစ်ဒင်္ဂါးငါးရာသာ တန်သလော...

'မင်းက ဘယ်သူ့ကို လှောင်ပြောင်နေတာလဲ'

All Chapters