← Chapters

အမှန်တရား

Vol. 5 Ch. 64

အမှန်တရား

Vol. 5 Ch. 64

“ဘာလဲ...မင်းမှာ ရင်းမြစ်ဒင်္ဂါးငါးရာတောင် မရှိဘူးလား”

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

သူ့အတွက် ခေါင်းငုံ့ပြီး တောင်းပန်ခံရခြင်းသည် အရေးမပါလှဘဲ ငွေကြေးရသည်က ပို၍ကောင်းပေမည်။

သူသည် အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ဆရာတစ်ယောက် ဖြစ်သွားခဲ့သော်လည်း လစာမရသေးသဖြင့် သူ့ထံတွင် ခြူးတစ်ပြားမျှ မရှိသေးချေ။ သူတစ်ယောက်တည်းဆိုလျှင် ကိစ္စမရှိသော်လည်း ယခုအချိန်တွင် သောက်လီတစ်ကောင်ကို အစာကျွေးရန် ပိုလာခဲ့သည်။ ထိုမြင်းအား ပဲပိစပ် ဖွဲနုစသည့် အစာကောင်းကောင်းများ နေ့တိုင်းကျွေးပါက မည်မျှထိ ကုန်ကျမည်ကို သူ မသိချေ။

လီတစ်ထောင်မြင်းများကို ထိန်းသိမ်းရသည်မှာ မလွယ်ကူချေ။ ယခင်က သူ ဆုရှင်းကို ထိန်းကျောင်းခဲ့စဥ်တွင် တစ်လလျှင် စရိတ်စကများစွာကုန်ကျသည်။ သောက်လီ က ပိုကြီးပြီး ပိုသန်မာသဖြင့် ပို၍ကုန်ကျမည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် သူ့ထံ၌ ငွေများများရှိလေလေ ပိုကောင်းလေလေပင်။ သူ ငွေပိုရှာနိုင်မှသာ အဆင်ပြေပေမည်။

ကျန်းရွှမ်၏အတွေးများကို မသိရှိသော ချန်းဟောင်သည် ဒေါသကြောင့် တုန်ရီနေပေ၏။

တစ်ဖက်လူသည် သဘောထားကြီးစွာဖြင့် ခွင့်လွှတ်ပေးသည်လို့ သူ တွေးထင်ခဲ့သော်လည်း ဤသည်မှာ တမင်သက်သက် စော်ကားခြင်း ဖြစ်နေသည်။

သူသည် မည်သူဖြစ်သနည်း....

ချန်းမိသားစုခေါင်းဆောင်၏ တစ်ဦးတည်းသောသားဖြစ်ကာ ကျောင်းတော်၏နာမည်ကြီး ပါရမီရှင်တစ်ယောက်ပင်။ သူ၏မိဘနှစ်ပါးနှင့်သူ့၏ဆရာများမှလွဲ၍ သူ၏ဘဝတွင် မည်သူတစ်ဦးတစ်ယောက်၏ရှေ့တွင်မျှ ခေါင်းမငုံ့ခဲ့ဖူးချေ။ လောင်းကြေးရှုံးပါက ခေါင်းငုံ့ပြီး တောင်းပန်မည် သူ သဘောတူခဲ့သဖြင့် လုပ်ဆောင်ရန် ဟန်ပြင်ခဲ့ခြင်းပင်။ သို့ရာတွင် ကျန်းရွှမ်သည် ထိုကိစ္စကို လက်ခံမည့်အစား ရင်းမြစ်ဒင်္ဂါးငါးရာကိုသာ လိုချင်နေပေ၏။

'မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ'

“မင်းက မပေးနိုင်ဘူးလား...ဒါကများတယ်လို့ မင်း ထင်ရင်လည်း သုံးရာပဲပေးတော့… မဟုတ်သေးဘူး...ရင်းမြစ်ဒင်္ဂါးတစ်ရာပဲ ပေးပါ”

ကျန်းရွှမ်သည် ချန်းဟောင်၏အဆင့်အတန်းကို မသိရှိဘဲ ရိုးရိုးသာမာန်ကျောင်းသားတစ်ယောက်ဟုသာ တွေးထင်နေသည်။ ချန်းဟောင်၏အခက်တွေ့သော မျက်နှာကို မြင်တွေ့ချိန်၌ ဤငွေကိုမပေးနိုင်ဟု သူ မှားယွင်းစွာ ယူဆပြီး တစ်ကြိမ်ပြီးတစ်ကြိမ် လျှော့ပေးလိုက်သည်။

"မင်း..."

ဤကဲ့သို့ စော်ကားမှုမျိုးကို ခံစားရသဖြင့် ချန်းဟောင်၏အမြင်အာရုံ မှောင်မည်းသွားပြီး ဒေါသကြောင့် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရသည်။ သူသည် အံ့တင်းတင်းကြိတ်ပြီး စကားတစ်လုံးချင်း ပြောဆိုလိုက်၏။

“ငါ့ကို တမင်သက်သက် ရန်စဖို့ မလိုဘူး...ငါက ခေါင်းငုံ့ပြီး တောင်းပန်မယ်လို့ ပြောထားပြီးမှတော့ ငါ ကတိဖျက်မှာ မဟုတ်ဘူး"

ထိုသို့ပြောဆိုပြီးသည်နှင့် သူသည် ဖမ်းဆုပ်ခံထားရမှုမှ ရုန်းထွက်ပြီး ခြေတစ်လှမ်းနောက်ဆုတ်ကာ မြေပြင်ပေါ်၌ တိုက်ရိုက်ဒူးထောက်လိုက်သည်

“ငါ ချန်းဟောင် ရှုံးနိမ့်တာကို ဝန်ခံပြီးတော့ ဆရာကျန်းကို တောင်းပန်ဖို့ ဆန္ဒရှိပါတယ်...ငါ မှားသွားပါတယ်...”

သူသည် ကျယ်လောင်စွာအော်ဟစ်၍ ဦးညွှတ် အရိုအသေပြုပြီးနောက် မတ်တတ်ထရပ်ကာ ထွက်ခွာသွားတော့သည်။

ဤကဲ့သို့ ကြီးမားသောစော်ကားမှုကို သည်းမခံနိုင်တော့သဖြင့် သူ ဤနေရာ၌ ဆက်မနေနိုင်တော့ချေ။

သူ အဝေးကြီးသို့ မရောက်သေးဘဲ ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးသောအချိန်မှာပင် ဆရာကျန်း၏ မကျေမနပ် ရေရွတ်သံကို ကြားလိုက်ရသည်။

"ရင်းမြစ်ဒင်္ဂါးတစ်ရာတောင် မပေးနိုင်ဘူး...အခုခေတ်လူငယ်တွေက တကယ့်ကို ကပ်စီးနှဲတယ်...”

ချန်းဟောင် ယိုင်ထိုးသွားပြီး သွေးတစ်လုတ် အန်ထုတ်မိလုနီးပါးပင်။ ယခုကြည့်ကြည့်တော့မှ ဆရာကျန်းသည် အမှန်တကယ် ငွေလိုချင်နေခြင်းဖြစ်ပြီး အပျော်သဘော ပြောနေခြင်း မဟုတ်ချေ။

အကယ်၍ သူ ကြိုသိခဲ့ပါက ငွေပေးပြီး ဤကိစ္စကို အဆုံးသတ်သွားအောင် လုပ်မိပေမည်။ ထိုသို့ဖြစ်လာပါက သူ ဦးညွှတ်အရိုအသေပြုရန် လိုအပ်တော့မည်မဟုတ်ချေ။

“ကောင်းပြီလေ...ဒီနေ့ရဲ့ တံခါးဖွင့်သင်ခန်းစာ ဒီမှာတင် ပြီးပြီ....မင်းတို့အားလုံး ပြန်လို့ရပြီ”

ကျန်းရွှမ်၏တံခါးဖွင့် သင်ခန်းစာသည် သူ၏သရုပ်မှန်ကို ပေါ်လွင်သွားခြင်းမရှိသည့်အပြင် အရှက်ရခြင်းလည်းမရှိဘဲ ပြီးဆုံးသွားသည်ကို ကြည့်ပြီး ကျောင်းအုပ်ကြီးလုမင်ရုန်က သက်ပြင်းရှိုက်လိုက်သည်။ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏အသံသည် အဝေးထိ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

“ကျောင်းအုပ်ကြီးက လူမှားပြီး ရွေးချယ်ခဲ့တာ မဟုတ်ဘူးပဲ.... ဒီဆရာကျန်းမှာ တကယ့်ကို အရည်အချင်းရှိတယ်...”

“သူက အရည်အချင်းရှိရုံတင် မကဘူး...သူရဲ့အရည်အချင်းက တခြားဆရာတွေထဲက တစ်ဝက်လောက်ထက်ကို သာလွန်တယ်လို့ ငါ ထင်တယ်...သူက အကြီးအကဲတချို့နဲ့တောင် ယှဉ်နိုင်တယ်… ဒါကြောင့် မြို့တော်ဝန်ယုက ယုရှောင်ယွီကို သူ့ကို ဆရာတင်ဖို့ တင်းခံနေတာပဲ”

“အထွတ်အထိပ်အဆင့် မီးပြင်းဖိုသုံးခု ထွက်ပေါ်လာတာကို ငါတို့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်....ဒီတံခါးဖွင့်သင်ခန်းစာက မယုံနိုင်လောက်အောင် အကျိုးကျေးဇူးများတယ်…”

ဤကိစ္စကိုစောင့်ကြည့်နေသောလူအုပ်ကြီးထံမှစိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသောအသံများ ထွက်ပေါ်လာသည်။သူတို့သည် အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြပြီးနောက် တဖြည်းဖြည်း လူစုခွဲသွားကြ၏။

ထိုအချိန်ကျမှသာ ကျောင်းအုပ်ကြီးလုမင်ရုန်သည် နံဘေးရှိ ကျန်းရွှမ်ကိုလှည့်ကြည့်ပြီး ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။

"ဆရာကျန်း...အခု မင်း ဆက်ပြီးတော့ သင်ကြားအုံးမှာလား...ဒါမှမဟုတ် မင်းမှာ တခြားကိစ္စတွေ ဆောင်ရွက်ဖို့ ရှိသေးလား"

"ငါက လီတစ်ထောင်မြင်းအတွက် မြင်းစာတချို့ ဝယ်ချင်တယ်...ပြီးတော့ မြင်းတွေနဲ့ပတ်သက်တဲ့ စာအုပ်တချို့ကို ရှာချင်တယ်...ငါ အဲ့ဒါတွေကို ဘယ်နေရာမှာ ရှာလို့ရလဲဆိုတာ မင်း သိလား"

ကျန်းရွှမ်က မေးမြန်းသည်။

အကြောင်းအရင်းမှာ သူသည် မြင်းတစ်ကောင်၏မရီဒါန်းများ ဖြန့်ဝေပုံကို မသိရှိသောကြောင့်ပင်။ သူသည် မူလဘူတစွမ်းအင်ကို အသုံးပြုကာ သောက်လီ၏မီးပြင်းဖိုကို ထွန်းညှိပေးနိုင်ခဲ့သော်လည်း မရီဒါန်းတစ်ခုတည်းကိုသာ ဖွင့်ပေးနိုင်ခဲ့သည်။ ဤသည်မှာတစ်ရက်လျှင် ရင်းမြစ်စွမ်းအင်တန်း ဆယ်တန်းကိုသာ စုပ်ယူနိုင်မည်ဖြစ်သောကြောင့် တိုးတက်မှုသည် အလွန်အမင်း နှေးကွေးပေမည်။

သူ့ထံတွင် အားလပ်ချိန်တစ်ချို့ရှိနေသဖြင့် အခွင့်ကောင်းယူကာ သူ လိုအပ်သည့် အရာများကိုရှာဖွေရင်း မြင်းစာတချို့ ဝယ်ယူရပေမည်။

ယခင်ဆုရှင်းသည် သူ၏စိတ်ဝိညာဥ်ဖန်တီးမှုနည်းစနစ်ကြောင့် အလောင်းအတွင်းတွင် နေထိုင်ခဲ့သဖြင့် ရုပ်ခန္ဓာကိုယ်၏ ရှင်သန်ခြင်းသေဆုံးခြင်းသည် ကွဲပြားခြားနားခြင်းမရှိချေ။ သို့ရာတွင် ယခုအချိန်၌ ဆုရှင်း၏စိတ်ဝိညာဥ်ကို သောက်လီဖြင့် ပေါင်းစပ်ထားသဖြင့် အစာငတ်မွတ်၍ သေဆုံးသွားလျှင် ထာဝရပျောက်ကွယ်သွားပေမည်။

ဤသည်မှာ အလောင်းတစ်လောင်းကို ငှားယမ်းပြီး ပြန်လည်အသက်ရှင်သန်စေခြင်းနှင့် တူညီသည်။ ထိုရှင်သန်နေသော ရုပ်ခန္ဓာကိုယ် ထပ်မံ၍သေဆုံးသွားပါက စိတ်ဝိညာဥ်သည်လည်း ပျက်ပြယ်သွားပေမည်။

"မြင်းစာလား..."

ကျောင်းအုပ်ကြီးလုမင်ရုန်သည် အချိန်တခဏကြာခန့် ဆွံ့အသွားပေ၏။ သို့ရာတွင် သားရဲများကို ယဥ်ပါးစေခြင်း၌ ကျန်းရွှမ်၏အရည်အချင် နိမ့်ကျခြင်းမရှိသည်ကို သူ အမှတ်ရသွားသည်။ သူသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။

"မင်း ပြောတဲ့ ကိစ္စက ပိုင်ယန်မြင်းဇောင်းမှာ သွားရှာရင် တွေ့နိုင်လိမ့်မယ်...တကယ်လို့ ဆရာကျန်း ဆန္ဒရှိတယ်ဆိုရင် ငါက မင်းကို အဖော်ပြုပြီးတော့ အဲ့ဒီနေရာကို လိုက်ခဲ့ပေးမယ်"

"အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး...ငါ့ကို နေရာပဲ ပြောလိုက်ပါ...ငါတစ်ယောက်တည်းပဲ အဲ့ဒီနေရာကို သွားလိုက်မယ်"

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

သူသည် မြင်းများ၏ မရီဒါန်းတည်ဆောက်ပုံကို လေ့လာလိုခြင်းဖြစ်သဖြင့် အချိန်အတိုင်းအတာတစ်ခုထိ တခြားလူများအား ထိုအကြောင်းကို သိသွားစေလိုခြင်း မရှိချေ။

သူ၏ကမ်းလှမ်းချက်ကို ကျန်းရွှမ်မှ ငြင်းဆန်လိုက်သည်အား မြင်တွေ့ချိန်၌ ကျောင်းအုပ်ကြီးလုသည် ဒေါသထွက်သွားခြင်းမရှိဘဲ မြင်းဇောင်း၏တည်နေရာကို အသေးစိတ်ကျကျ ရှင်းပြလိုက်၏။

"နှုတ်ဆက်ပါတယ်..."

မြင်းဇောင်း၏တည်နေရာအတိအကျကို သိရှိပြီးနောက် ကျန်းရွှမ်က ယုရှောင်ယွီ လျှုမင်ယွဲ့နှင့်ဟုန်ရီတို့ကို မနက်ဖြန်တွင် ထပ်မံ၍ အတန်းတက်ရန် ပြောဆိုလိုက်သည်။ ထို့နောက် သူ၏အခန်းထံသို့သွားကာ သောက်လီကိုစီးနင်းပြီး မြင်းဇောင်းရှိရာနေရာသို့ အလျင်အမြန် ထွက်ခွာခဲ့တော့သည်။

သူ ထွက်ခွာသွားသည်ကို အဝေးတစ်နေရာမှ စောင့်ကြည်နေသော ကျောင်းအုပ်ကြီးလုမင်ရုန်သည် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

"မဟုတ်သေးဘူး...ပိုင်ယန်မြင်းဇောင်းက ချန်းမိသားစုရဲ့ပိုင်ဆိုင်မှုပဲ...ဆရာကျန်းက ချန်းဟောင်ကို ဒူးထောက်တောင်းပန်အောင် လုပ်ထားခဲ့မှတော့ သူတို့တွေက သူ့ကို အခက်တွေ့အောင် တမင်သက်သက် လုပ်တော့မှာမဟုတ်လား"

"အဲ့ဒီလို မဖြစ်လောက်ပါဘူး...ဒီကိစ္စက ခုဏကမှ ဖြစ်သွားခဲ့တာ...အဲ့ဒီသတင်းက ချန်းမိသားစုဆီကို ရောက်အုံးမှာ မဟုတ်ဘူး...ဒါ့ပြင် ဒါက ချန်းယောင်ရဲ့အပြစ်လေ...သူတို့က ဘာလို့ ဆရာကျန်းကို အပြစ်တင်နိုင်မှာလဲ"

ဝူယွင်ကျိုးက ပြောဆိုသည်။

ကျောင်းအုပ်ကြီးလုမင်ရုန်သည် ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏မျက်နှာ ရုတ်တရက် သုန်မှုန်သွားကာ ယခုအချိန်ထိ ထွက်ခွာမသွားသေးသော ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ကို ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်နဲ့ အကြီးအကဲတွေအားလုံး ငါ့ရဲ့ရုံးခန်းကို လိုက်ခဲ့ကြစမ်း"

"ကျွန်မတို့လား...."

မိန်းကလေးနှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူမတို့ထံတွင် ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေသည်။

သူမတို့သည် အဆင့်အတန်းမြင့်မားစွာ မွေးဖွားလာသူများ ဖြစ်သော်လည်း ကျောင်းသားများဖြစ်သဖြင့် သာမန်အားဖြင့် ကျောင်းအုပ်ကြီး၏ရုံးခန်းအတွင်းသို့ ဝင်ရောက်နိုင်သော အရည်အချင်းမျိုး မရှိချေ။ အထူးသဖြင့် သူမတို့သည် အကြီးအကဲများနှင့်အတူ ကျောင်းအုပ်ကြီးရုံးခန်းအတွင်းသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ချေ။

"ကျောင်းအုပ်ကြီးလု...ဘာကိစ္စရှိလို့လဲ"

ဝူယွင်ကျိုးက မေးမြန်းကာ သူသည်လည်း ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေသည်။

တံခါးဖွင့်သင်ခန်းစာသည် အကြီးအကျယ်အောင်မြင်သွားပြီ မဟုတ်လော။ သို့ရာတွင် ယခုအချိန်ထိ မဖြေရှင်းရသေးသော ကိစ္စတစ်ခု ကျန်ရှိနေသလော။

"အဲ့ဒီနေရာကို ရောက်ရင် မင်းတို့အားလုံး သိသွားလိမ့်မယ်"

ကျောင်းအုပ်ကြီးလုသည် ရှည်ရှည်ဝေးဝေးရှင်းမပြဘဲ ရှေ့မှနေ၍ ခပ်သွက်သွက်လျှောက်လှမ်းသွားသည်။ မကြာမီမှာပင် လူများအားလုံး သူ၏ရုံးခန်းအတွင်း၌ ထိုင်နေကြလေပြီ။ ယုရှောင်ယွီနှင့် လျှူမင်ယွဲ့တို့သည် မထိုင်ဝံ့သဖြင့် အကြီးအကဲများ၏ အစွန်ဘက်ကျသောနေရာ၌ မတ်တတ်ရပ်လိုက်ကြ၏။

"လက်ထောက်ကျောင်းအုပ်ဝူနဲ့ အကြီးအကဲတွေအားလုံး...ကျေးဇူးပြုပြီးတော့ ဒါကို တစ်ချက်လောက် ကြည့်ကြပါအုံး"

သူတို့အားလုံး အာရုံစူးစိုက်နေစဉ်မှာပင် ကျောင်းအုပ်ကြီးလုမင်ရုန်သည် သူ ချန်းဟောင်ထံမှ ရရှိခဲ့သော ကျောက်စိမ်းပုလင်းနှစ်လုံးကို တခြားလူများထံ လက်ကမ်းပေးလိုက်သည်။

"ဒါက မီးထွန်းညှိဖို့ မီးစာတွေ ထည့်ထားတဲ့ ပုလင်းတွေ မဟုတ်လား"

ဝူယွင်ကျိုးက ခပ်ဖျော့ဖျော့အပြုံးနှင့် ပုလင်းနှစ်လုံးအနက်မှတလုံးကို ယူလိုက်သည်။ သူသည်အပိတ်ကိုဖွင့်ကာ အတွင်းသို့ကြည့်ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပေ၏။

"ဒါ...ဒါက..."

သူသည် နောက်ထပ်ကျောက်စိမ်းပုလင်းတလုံးကို ဆွဲယူပြီး ထပ်မံ၍ဖွင့်ကြည့်လိုက်၏။ သူသည် အချိန်တခဏကြာခန့် စစ်ဆေးကြည့်ပြီးနောက် သူ၏မျက်နှာ သေလုမတတ် ဖြူရော်သွားသည်။

"ဘာပြဿနာရှိလို့လဲ..."

ယန်ချင်းရှုနှင့် တခြားလူများသည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေကာ မေးမြန်းလိုက်ကြ၏။

"ကောင်းကင်ကံကြမ္မာမူလဘူတသားရဲတွေရဲ့ သွေးအနှစ်သာရနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား"

သူတို့အားလုံးသည် စိတ်ရှုပ်ထွေးစွာဖြင့် အနီးကပ် စစ်ဆေးလိုက်ကြပြီးနောက် အံ့အားသင့်တုန်လှုပ်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကာ သူတို့၏မျက်လုံးအိမ်များမှ ကျွတ်ထွက်တော့လုမတတ်ပင်။

"ဒါက ချင်ကွမ်းသားရဲနဲ့ လင်းယွမ်သားရဲတို့ရဲ့ သွေးအနှစ်သာရတွေ မဟုတ်ဘူး... ဒါက လော့ကျစ်ငှက်သွေးနဲ့ ဟန်ပေလိပ်သွေး မဟုတ်လား...သောက်ကျိုးနည်း ဒါက ဘယ်လိုဖြစ်တာလဲ"

ယန်ချင်းရှုသည် ထပ်မံ၍ အောင့်အည်းမထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ငါလည်း မသိဘူး....ငါတို့က သူတို့နှစ်ယောက်ကို မေးရလိမ့်မယ်"

လုမင်ရုန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏မျက်လုံးအကြည့်သည် အခန်းထောင့်တွင်ရှိနေသော မိန်းကလေးနှစ်ယောက်ထံသို့ ကျရောက်သွားပေ၏။

ထိုစကားများကိုကြားချိန်တွင် မိန်းကလေးနှစ်ယောက်လုံးသည် ထပ်တူထပ်မျှ ဆွံ့အသွားကာ လျှူမင်ယွဲ့က နံဘေးရှိ မိန်းမလှလေးကို ကြည့်ပြီး မေးမြန်းလိုက်သည်။

"နင်က လော့ကျစ်ငှက်သွေးကို သုံးခဲ့တာလား"

ယုရှောင်ယွီမျက်လုံးများသည်လည်း အံအားသင့်မှုကြောင့် ပြူးကျယ်နေသည်။

"နင်က ဟန်ပေလိပ်သွေးကို သုံးခဲ့တာလား"

All Chapters