သတ်ဖြတ်ခြင်း
Vol. 8 Ch. 118
အစစ်အမှန်သိုင်းတောင်ပေါ်တွင် နှင်းတို့သည် ပို၍ပင် သည်းထန်စွာ ကျဆင်းနေခဲ့လေ၏။
တာအိုဆရာလုံရှန်းသည် ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း၊ သူသည် ကောင်းကင်၏ ဖြစ်စဉ်များကို ဂရုမထား၊ ပြောင်းလဲမည် မဟုတ်ပေ။
နှစ်ကုန်ပိုင်း နီးကပ်လာသည်နှင့်အမျှ၊ အစစ်အမှန်သိုင်းဂိုဏ်းမှ တပည့်များ တစ်ဦးပြီးတစ်ဦး တောင်ပေါ်သို့ တဖြည်းဖြည်း ပြန်ရောက်လာကြသည်။ အပြင်စည်းဂိုဏ်းနှင့် အတွင်းစည်းဂိုဏ်း တပည့်များ နှစ်ဖက်စလုံးသည် နှစ်ကုန် သိုင်းပြိုင်ပွဲတွင် သူတို့၏ ကျွမ်းကျင်မှုများကို ပြသရန် လက်သီးများ ယားယံနေကြသည်။ တာအိုဆရာလုံရှန်း ကောင်းကင်ဘုံလူသားနယ်ပယ်သို့ ခြေချနိုင်ခဲ့သည်နှင့်အမျှ၊ အစစ်အမှန်သိုင်းဂိုဏ်းသည်လည်း စနစ်တကျ တိုးချဲ့လာခဲလေ၏။
ပြိုင်ပွဲမှ ဆုလာဘ်များသည် ပို၍ပင် ရက်ရောလာခဲ့ပြီး၊ များပြားလှသော သိုင်းပညာ လျှို့ဝှက်နည်းစနစ်များက တပည့်များကို အလွန်အမင်း ဆွဲဆောင်လျက် ရှိသည်။
သို့သော် သူတို့ မသိခဲ့ကြသည်မှာ၊ ထိုအရာများ၏ အများစုကို နင်ချီက ဖန်တီးခဲ့ခြင်း ဖြစ်သည်ကိုပင်။
နှစ်များတစ်လျှောက်၊ နင်ချီသည် သိုင်းကျမ်းတိုက်ကို အစအဆုံး ဖတ်ရှုခဲ့ပြီး ဖြစ်သည်။ ပေါ့ပေါ့ဆဆ ဖန်တီးမှုများပင်လျှင် ထူးကဲသော သိုင်းပညာရပ်များ ဖြစ်နေ၏။ သူ၏ လက်ရှိ အဆင့်အတန်းဖြင့်၊ ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်နှင့် အတွင်းစွမ်းအားနယ်ပယ်တို့အတွက် သိုင်းပညာများ ဖန်တီးခြင်းသည် ထမင်းစား၊ ရေသောက်ရသလို လွယ်ကူနေခဲ့သည်။
နင်ချီ၏ အာရုံစိုက်မှုမှာ ယခုအခါ ကောင်းကင်ဘုံလူသားအဆင့် လျှို့ဝှက်နည်းစနစ်များအပေါ် အဓိက ကျရောက်နေ၏။
အစစ်အမှန် တပည့်ရင်းများလည်း တောင်ပေါ်သို့ အလျှို၊ အလျှို ပြန်ရောက်လာကြသည်။
သူတို့အားလုံး သိသိသာသာ တိုးတက်လာခဲ့ကြသော်လည်း၊ နင်ချီ သိလိုသော သိုင်းသူတော်စင်နှင့် ပတ်သက်သည့် သတင်းကို မည်သူမျှ ယူဆောင်လာနိုင်ခြင်း မရှိခဲ့ကြပါ။
တစ်ဦးချင်းစီတိုင်း အပြစ်ရှိသလို ခံစားနေရပြီး၊ သိုင်းကျမ်းတိုက်ကို ကြွယ်ဝစေရန်အတွက် ထွေလီကာလီ စာအုပ်များ ပိုမို စုဆောင်းလာနိုင်ခဲ့ကြရုံသာ ဖြစ်၏။
နင်ချီသည် ထိုအဖြစ်အတွက် အံ့ဩမနေခဲ့ပါ။ သူ၏ စီနီယာ အစ်ကိုများကို အဆင်ပြေကြောင်း ပြုံးလျက် နှစ်သိမ့်လိုက်ပြီး၊ နောင်အခါ ပိုမို အာရုံစိုက်ပေးရန်သာ ပြောကြားခဲ့သည်။
မည်သို့ပင် ဆိုစေ၊ ဒါက ကြိုးစားကြည့်ရုံမျှသာ ဖြစ်သည်။ စီနီယာ အစ်ကိုနှင့် အစ်မများတွင် အတွင်းစွမ်းအားနယ်ပယ်နှင့် ချီစွမ်းအင် နယ်ပယ် ကျင့်ကြံမှုသာ ရှိကြသည်။ သိုင်းသူတော်စင်နှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို၊ ကောလာဟလမျှပင် ဖြစ်စေ၊ ရှာဖွေရန်မှာ ကံတရား လိုအပ်လှ၏။
သို့သော် ကျန်းပိုင်ရှန်းသည် ကံကောင်းပုံ ရသည်။
သူသည် တောင်ပေါ်သို့ နောက်ဆုံးမှ ပြန်ရောက်လာသူ ဖြစ်၏။
ဤတစ်ကြိမ်တွင်၊ ကျန်းပိုင်ရှန်းသည် သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးတစ်ခုဖြင့် ပြန်လာခဲ့ပြီး၊ လွန်ခဲ့သောတစ်ကြိမ်က အရှက်တကွဲ ပြန်လာခဲ့ရသည့် ပုံစံနှင့် လုံးဝ မတူတော့ပေ။
လူတိုင်းက သူ့ကို လွန်ခဲ့သောတစ်ကြိမ်က လက်မောင်း ပြတ်လုနီးပါး ဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ကျီစယ်ကြပြီး၊ ဤတစ်ကြိမ်တွင် ထိုအဖြစ်အပျက်အတွက် လက်စားချေခဲ့သလားဟု မေးမြန်းကြ၏။
ကျန်းပိုင်ရှန်းက အနည်းငယ် ရှက်ရွံ့စွာ ခေါင်းခါယမ်းလိုက်ပြီး၊ ထိုကျီစယ်မှုများကို စိတ်ထဲ မထားသော်လည်း၊ အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော် ပြောကြားလိုခြင်း မရှိခဲ့ပေ။
လူတိုင်းက အံ့ဩတကြီးဖြင့် လျှာသပ်လိုက်ကြသည်။
မကြာမီပင်၊ ကျန်းပိုင်ရှန်း ယူဆောင်လာသော အခြား သတင်းတစ်ပုဒ်ဆီသို့ သူတို့ အာရုံရောက်သွားကြသည်။
“ကိုးလေး... ဒီတစ်ခါ ငါ သိုင်းသူတော်စင်အကြောင်း သတင်းတော့ မတွေ့ခဲ့ဘူး။"
"ဒါပေမဲ့... သိုင်းသူတော်စင်အဆင့်နဲ့ တူညီတဲ့ သက်ရှိတွေအကြောင်းတော့ ငါ သိခဲ့ရတယ်။"
နင်ချီ စိတ်ဝင်စားသွားပြီး ချက်ချင်းပင် သဘောပေါက်လိုက်သည်။
"စီနီယာအစ်ကို ငါး ဆိုလိုတာ... ဆန်းပြားသားရဲတွေလား။"
ကျန်းပိုင်ရှန်းက ပြုံးလျက်..,
"မှန်တယ်။ ငါတို့အားလုံး သိကြတဲ့အတိုင်း... ဆန်းပြားသားရဲတွေက ကောင်းကင်ဘုံသားရဲတွေရဲ့ မျိုးဆက်တွေလို့ ဆိုကြတယ်။"
"ကောင်းကင်ဘုံလူသား နယ်ပယ် ကျွမ်းကျင်သူတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဆန်းပြားသားရဲတွေကို သားရဲဘုရင်တွေလို့ ခေါ်ပြီး... သိုင်းသူတော်စင်တွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ သားရဲတွေကိုတော့ သားရဲဧကရာဇ်တွေလို့ ခေါ်တယ်။"
"ငါ ကြားလာတာက... တောင်ပိုင်းနယ်စပ်က တောင်တစ်သိန်းရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းမှာ သားရဲဧကရာဇ်တစ်ပါး ရှိတယ်တဲ့။"
"ဒါပေမဲ့... အကြောင်းရင်း တစ်ခုခုကြောင့်... ဒီ သားရဲဧကရာဇ်တွေက ခဏတာ ပေါ်ထွက်လာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကြတယ်။ အပြင်ကို ထွက်လာခဲတယ် ဆိုပဲ။"
" သတ်မှတ်ချက် တစ်ခု ရှိတယ်။ သားရဲဧကရာဇ်တွေက သူတို့ရဲ့ ကောင်းကင်ဘုံသားရဲ သွေးမျိုးဆက်ကို နက်နက်ရှိုင်းရှိုင်း တူးဆွလေ့လာခဲ့ကြတယ်။"
"ဒါပေမဲ့... ကောင်းကင်ဘုံသားရဲတွေက ကောင်းကင်နဲ့ မြေကြီးက လက်မခံဘူးလို့ ဆိုကြတော့... ဒီသားရဲဧကရာဇ်တွေလည်း
အလားတူ ဆက်ဆံခံရတာမျိုး ဖြစ်နိုင်ပါတယ်။"
နင်ချီ၏ မျက်လုံးများမှာ ပိုမို စိတ်ဝင်စားမှုဖြင့် အရောင်တောက်လာ၏။
"ဒီသတင်းကို စီနီယာအစ်ကို ငါး ဘယ်က ကြားလာတာလဲ။"
ကျန်းပိုင်ရှန်းက သူ၏ ခေါင်းကို ကုတ်လိုက်ပြီး ဆိုသည်။
"ငါက မတော်တဆ ကြားလာတာ... အမှန်ဟုတ်၊ မဟုတ်တော့ မသေချာဘူးကွ"
"ဒါကြောင့်... ကိုးလေး၊ မင်းလည်း အကုန်လုံးကိုတော့ အတည်မယူနဲ့ဦး။"
နင်ချီ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
'.....သားရဲဧကရာဇ်တွေနဲ့ သိုင်းသူတော်စင်အဆင့် ပုဂ္ဂိုလ်တွေကြားမှာ ဆက်စပ်မှု ရှိနေတယ်။ ဒါ သေချာပေါက် မသက်ဆိုင်ဘဲ နေမှာ မဟုတ်ဘူး.....'
'.....တစ်နေ့နေ့မှာ... မျောက်ဖြူရဲ့ သွေးမျိုးဆက်ကို သားရဲဧကရာဇ် တစ်ပါးအဖြစ် တက်လှမ်းနိုင်လောက်အောင် နက်နက်ရှိုင်းရှိုင်း စူးစမ်းနိုင်ခဲ့ရင်... အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်ချက် ရှိလာနိုင်တယ်.....'
နင်ချီသည် ထိုအတွေးကို သူ၏ စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။ ၎င်းသည် ရှည်လျားသော ခရီးတစ်ခု ဖြစ်နိုင်သော်လည်း၊ မဖြစ်နိုင်သည့်အရာတော့ မဟုတ်ပေ။
ကျန်းပိုင်ရှန်းက ဆက်လက် ပြောကြားလာ၏။
"နောက်နှစ်ကျရင်... ငါ ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေ ရှာကြည့်ပေးမယ်။"
နင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
'....စီနီယာအစ်ကို ငါး. ရလာတဲ့ သတင်းက... ဟို ဆန်းကြယ်တဲ့ မိန်းကလေးနဲ့ ပတ်သက်နေနိုင်တယ်လို့ ငါ ခံစားနေရတယ်.....'
သို့သော် သူက စီနီယာအစ်ကို ငါးအား ထိုအကြောင်းကို ဖိအားပေး မမေးခဲ့ပေ။
လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြပြီး၊ ညီအစ်ကိုများကြား ဆက်ဆံရေး ကောင်းမွန်နေလျှင်ပင်၊ အတိုင်းအတာ နယ်နိမိတ် အချို့ ရှိရန် လိုအပ်သည်။
ဤသို့သော သတင်း အချက်အလက် တစ်စွန်းတစ်စကို သိရှိလိုက်ရခြင်းသည်ပင် သူ့အတွက် အလွန် ကျေနပ်စရာ ကောင်းနေပါပြီ။
...
နှစ်ကုန် စုဝေးပွဲကြီး စတင်ကျင်းပသည်နှင့်၊ လူတိုင်းသည် တောင်အောက်ရှိ နေရာအသီးသီးမှ မြင်ကွင်းများနှင့် အသံများကို ဝေမျှ ပြောဆိုကြသည်။
သူ၏ အချိန်အများစုကို အစစ်အမှန်သိုင်းတောင်ပေါ်တွင် ကုန်ဆုံးခဲ့သော နင်ချီသည် စိတ်ဝင်တစား နားထောင်နေလိုက်သည်။ လွန်ခဲ့သော ကိုးနှစ်တာကာလအတွင်း၊ တာအိုဆရာလုံရှန်းနှင့်အတူ အစစ်အမှန်သိုင်းတောင်သို့ လာရာ လမ်းခရီးတွင် မဟာယန် မင်းဆက်၏ ယဉ်ကျေးမှုကို အနည်းငယ် တွေ့ကြုံခံစားခဲ့ရခြင်းမှလွဲ၍၊ သူ ရောက်ဖူးသမျှ အဝေးဆုံး နေရာမှာ တောင်ခြေရှိ အစစ်အမှန်သိုင်းမြို့တော်သာ ဖြစ်၏။
သို့သော်၊ နင်ချီ ပျင်းရိငြီးငွေ့သည်ဟု မခံစားရပေ။
'.....အထီးကျန်ခြင်းကို ခံနိုင်ရည် ရှိမှသာ... မဟာ တာအိုလမ်းစဉ်ကို ရှာဖွေနိုင်လိမ့်မယ်.....'
သို့သော် နင်ချီ ခန့်မှန်းလိုက်သည်။
'.....ငါ နောက်နှစ်ကျရင် တောင်အောက်ကို ဆင်းရတော့မယ် ထင်တယ်။.....'
အကြောင်းရင်းမှာ `သွေးမိုးမျှော်စင်` ကြောင့် ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က၊ တစ်စုံတစ်ယောက်သည် ချိုးဖြူဆက်သားမှတစ်ဆင့် တာအိုဆရာလုံရှန်းထံသို့ သတင်းစကား ပေးပို့ခဲ့သည်။ `သွေးမိုးမျှော်စင်` သည် ရုတ်တရက် ခြေငြိမ်သွားခဲ့ပြီး၊ တစ်စုံတစ်ယောက်က သူတို့ကို တိတ်တဆိတ် စုံစမ်းနေသည်ကို ရိပ်မိသွားဟန် တူ၏။
"ကိုးလေး... ဒီ သွေးမိုးမျှော်စင်က မရိုးရှင်းဘူး။"
"သူတို့ နောက်ကွယ်မှာ ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ရှိနေနိုင်တယ်။"
"လွန်ခဲ့တဲ့ နှစ်တွေက နှင်းဆီးပန်းစံအိမ်ကို သတ်ဖြတ်ခဲ့တဲ့ သူတွေက... သူတို့ထဲက အဖွဲ့ငယ်လေး တစ်ဖွဲ့ပဲ နေမှာ..."
တာအိုဆရာလုံရှန်းက နင်ချီနှင့် ဆွေးနွေးခဲ့သည်။
နောက်ဆုံးတွင်၊ နင်ချီ ဆုံးဖြတ်ချက် ချလိုက်၏။
နှစ်ကုန်ပြီးနောက်၊ သူသည် `သွေးမိုးမျှော်စင်` ၏ လှုပ်ရှားမှုများကို ကိုယ်တိုင် ခြေရာခံ လိုက်မည် ဖြစ်သည်။
`သွေးမိုးမျှော်စင်` က ဟာကွက်တစ်ခု ပြသလိုက်သည်နှင့်၊ နင်ချီ ပိုင်ဆိုင်ထားသော လျှို့ဝှက်နည်းစနစ် အားလုံးဖြင့်၊ ခြေရာခံရန်မှာ လွယ်ကူပေလိမ့်မည်။ မူလက အခြားသူတစ်ဦးဦးကို ဤဖြစ်စဉ် အားလုံး ပြီးမြောက်စေရန် ရည်ရွယ်ခဲ့ပြီး၊ သူက နောက်ဆုံး ရန်သူကို သုတ်သင်သည့် အဆင့်ကိုသာ ပြုလုပ်ရန် စဉ်းစားထားသော်လည်း၊ ဤကိစ္စကို ကြာရှည် ဆွဲမထားဘဲ လျင်မြန်စွာ ဖြေရှင်းလိုက်ခြင်းက အကောင်းဆုံး ဖြစ်ဟန်တူသည်။
'.....ငါ့ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆို... သူတို့ကို ရှာတွေ့ဖို့ပဲ လိုတယ်။'
'.....အဲ့ဒီ 'သခင်ကြီး ဖုန်း' ဆိုတဲ့ လူ... လွန်ခဲ့တဲ့ ကိုးနှစ်က တာအိုဆရာလုံရှန်း မူလအမြုတေ နယ်ပယ်မှာ ရှိနေတုန်းကတောင် သူ့ကို သတိထားခဲ့ရတာ။'
'.....ဒီ ကိုးနှစ်အတွင်းမှာ သူတို့ ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်သွားဖို့ မဖြစ်နိုင်လောက်ပါဘူး။ ပြိုင်ဘက်ကင်း ပါရမီရှင်တွေတောင် အဲ့ဒီလောက် မြန်မြန် မတက်လှမ်းနိုင်ဘူး။'
'.....ဒါ့အပြင်... သူတို့သာ တကယ် ကောင်းကင်ဘုံလူသားနယ်ပယ်ကို ရောက်ခဲ့တယ် ဆိုရင်တောင်... ငါ သူတို့ကို လွယ်လွယ်ကူကူ ဖိနှိပ်နိုင်တယ်.....'
နင်ချီသည် ဤပြဿနာအပေါ် အလွန်အကျွံ တွေးတောမနေတော့ပေ။
အစစ်အမှန်သိုင်းဂိုဏ်း၏ နှစ်ကုန်ပြိုင်ပွဲသည် ပုံမှန်အတိုင်း ဆက်လက် ကျင်းပနေပြီး၊ ဂိုဏ်းတစ်ခုလုံး အနေဖြင့် ဖွံ့ဖြိုး တိုးတက်လျက် ရှိသည်။
အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ်သည် ယခုအခါ ပိုမို နက်ရှိုင်းလာခဲ့ပြီ ဖြစ်ပြီး၊ အချိန်အနည်းငယ် ပေးလိုက်သည်နှင့်၊ သူတို့သည် လူတိုင်းကို သတိပြုမိစေမည့် ကြီးမားသော အစွမ်းအစတစ်ခုဖြင့် သေချာပေါက် ပေါက်ကွဲထွက်ပေါ်လာပေလိမ့်မည်။
...
ဆောင်းရာသီ၏ သည်းထန်သော နှင်းတို့ တဖြောက်ဖြောက် ကျဆင်းနေသည်။
နတ်ဘုရားဓားဂိုဏ်းသည်လည်း နှစ်ကုန်ပြိုင်ပွဲတစ်ခုကို ကျင်းပလျက် ရှိသည်။
`မရဏမီးလျှံတောင်ကြား` ဌာနခွဲရှိ နောက်ဆုံး တိုက်ပွဲတွင်၊ နတ်ဘုရားဓားသခင်အဘိုးကြီးလည်း ပါဝင်ခဲ့၏။ သို့သော်၊ သူ ကံကောင်းခဲ့ပြီး သာမန် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကာ၊ ထိုဒဏ်ရာများမှာ ပျောက်ကင်းသွားသည်မှာ ကြာပြီ ဖြစ်သည်။
ယခု အခိုက်အတန့်တွင်၊ နတ်ဘုရားဓားသခင်အဘိုးကြီးသည် အတွင်းစည်းဂိုဏ်း တပည့်များ ယှဉ်ပြိုင် တိုက်ခိုက်နေကြသည်ကို ကြည့်ရှုနေသော်လည်း၊ သူ၏ စိတ်တို့သည် အခြား တစ်နေရာသို့ လွင့်မျောနေခဲ့သည်။
လွန်ခဲ့သော နှစ်ရက်ခန့်က တပည့်တစ်ဦး သတင်းပို့ခဲ့သော အကြောင်းအရာကို ပြန်လည် စဉ်းစားရင်း၊ တစ်ခုခု မူမမှန်သလို ခံစားနေရသည်။
"ဆရာ... ဆရာ ဂျူနီယာညီလေး ကျန်း ယူလာတဲ့ သတင်းကို စဉ်းစားနေတုန်းပဲလား။"
"အဲ့ဒီ 'သွေးကန်' က ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ဘူးလား။ ဆရာ စိတ်ပူနေစရာ မလိုပါဘူး။"
သူ၏ ဘေးရှိ စီနီယာတပည့် တုန်းဟဲက မေးလိုက်သည်။
နတ်ဘုရားဓားသခင်အဘိုးကြီးက ခေါင်းညိတ်လိုက်ကာ
"ငါ ခံစားနေရတာ... အဲ့ဒီ သွေးကန်က အဲ့ဒီလောက် မရိုးရှင်းဘူး။"
"သက်တမ်းရှည်ရှည် နေချင်တဲ့ ချမ်းသာတဲ့ ကုန်သည် တစ်ယောက် သက်သက် မဟုတ်လောက်ဘူး။"
"ဒါ... ပိုကြီးကျယ်တဲ့ တစ်ခုခုနဲ့ ပတ်သက်နေနိုင်တယ်။"
ထိုအခါ တုန်းဟဲ တစ်ချက် တုံ့သွားပြီး ပြောလာ၏။
"တကယ်လို့ အဲ့ဒီလို ဆိုရင်တော့... ကျွန်တော်တို့ နတ်ဘုရားဓားဂိုဏ်းက ပိုပြီး ထဲထဲဝင်ဝင် ဝင်မပါသင့်တော့ဘူး။"
"ဒါက အကြီးအကျယ် ပတ်သက်နေခဲ့ရင်... တပည့်တွေ ဒီရှုပ်ထွေးမှုထဲ ညပ်ပါသွားမှာ စိုးရတယ်။"
"ဒါကို.. ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုမျိုး သဘောထားလိုက်တာ ပိုကောင်းလိမ့်မယ်။"
နတ်ဘုရားဓားသခင်အဘိုးကြီး မျက်မှောင်ကြုတ်လိုက်ပြီး၊ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တုန်းဟဲ။ မင်းတို့ကို ငါ ပုံမှန် ဘယ်လို သင်ကြားထားလဲ။"
"မတရားမှုနဲ့ တွေ့ရင်... ဖြောင့်မတ်တဲ့ နှလုံးသား ရှိရမယ်။"
"မိစ္ဆာ အယူမှားတွေကို လျစ်လျူရှုတာက... ရာဇဝတ်မှုမှာ ကြံရာပါ တရားခံ ဖြစ်သွားတာပဲကွ။"
"ငါတို့သာ ဒီ သွေးကန် ကိစ္စကို အဆုံးထိ မလိုက်ရင်... နောက်ထပ် အပြစ်မဲ့တဲ့ အသက် ဘယ်လောက်များများ မတရား သေဆုံးရဦးမလဲ.. ဘယ်သူသိမလဲ။"
နတ်ဘုရားဓားသခင်၏ မျက်လုံးများက တုန်းဟဲအပေါ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပြသနေသည်။
လူတိုင်းက တုန်လှုပ်စွာ ကြည့်နေကြသည်။
နတ်ဘုရားဓားသခင် အဘယ်ကြောင့် ဤမျှ ဒေါသထွက်သွားသည်ကို မသိကြသလို၊ အဘယ်ကြောင့် ဆရာနှင့် စီနီယာတပည့်တို့ ရုတ်တရက် ထိပ်တိုက်တွေ့သွားသည်ကိုလည်း နားမလည်နိုင် ဖြစ်နေကြသည်။
နတ်ဘုရားဓားသခင်အဘိုးကြီးသည် သူ၏ ဒေါသကို ဖိနှိပ်လိုက်ပြီး၊ လေးနက်သော အသံဖြင့် ဆိုသည်။
"နှစ်သစ်ကူးပြီးရင်... ငါ ကိုယ်တိုင် ဒီကိစ္စကို သွားစုံစမ်းမယ်။"
"ဘယ်သူက နောက်ကွယ်ကနေ ဇာတ်လမ်းဆင်နေလဲ ဆိုတာ ကြည့်ရမယ်။"
တုန်းဟဲက ခေါင်းငုံ့လိုက်သည်။ သူ၏ အသံထဲတွင် ထူးဆန်းသော လေသံတစ်ခု ပါဝင်နေသည်။
"ဆရာ... ဘာလို့ ဆရာက အမြဲတမ်း ဂုဏ်သိက္ခာကိုပဲ တွယ်ကပ်နေရတာလဲ။"
"မျက်နှာပန်းလှဖို့အတွက်နဲ့... ဒုက္ခခံနေရတာ။"
နတ်ဘုရားဓားသခင်အဘိုးကြီး မှင်တက်သွား၏။
တုန်းဟဲကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ဤသို့သော စကားလုံးများ သူ၏ အကြီးတန်းတပည့် ပါးစပ်မှ ထွက်ကျလာလိမ့်မည်ဟု သူ
မမျှော်လင့်ထားမိခဲ့ပါ။
"မင်း။"
တုန်းဟဲသည် သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။
သူ၏ မျက်လုံးများတွင် သွေးနီရောင် အရိပ်အယောင်များ ပြေးလွှားနေသည်။ သတိပေးခြင်း မရှိဘဲ၊ သူ လှုပ်ရှားလိုက်သည်။
`ချီစွမ်းအင်` အမျှင်တန်းတစ်ခုက အနီးကပ်ရှိနေသော နတ်ဘုရားဓားသခင်အဘိုးကြီးထံသို့ ဖြတ်တောက်သွားသည်။
တုန်းဟဲ `မြူဖြူနယ်ပယ်` သို့ ဘယ်အချိန်က ချိုးဖြတ်သွားသည်ကို မည်သူမျှ မသိလိုက်ကြပါ။ နတ်ဘုရားဓားသခင်အဘိုးကြီးပင် သတိမပြုမိခဲ့။
"မင်း.. ဘာမင်းလဲ။ အဘိုးကြီး... ငါ့အတွက် သေစမ်း။"
သူ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ရာ ရှုံ့မဲ့နေ၏။ အခြားသူများအားလုံး ဤမြင်ကွင်းကို တုန်လှုပ်စွာ ကြည့်နေကြသည်။
ဘာတွေ ဖြစ်နေမှန်း သူတို့ မသိကြတော့။
နတ်ဘုရားဓားသခင်အဘိုးကြီး တုန်ခါသွားသည်။
သူ၏ `မူလအမြုတေ` တုန်ခါသွားသည်။ `ချီစွမ်းအင်` များ တိုးထွက်လာ၏။ သို့သော် သူ ချက်ချင်းပင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။
"သစ္စာဖောက်။ မင်း... မင်း ငါ့ကို အဆိပ်ခတ်တယ်။"
နတ်ဘုရားဓားသခင်အဘိုးကြီး ဒေါသူပုန်ထသွားပြီး၊ နက်ရှိုင်းသော ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။
`နတ်ဘုရားဓားတောင်` တွင် ရှိစဉ်ကတည်းက တုန်းဟဲသည် သူ့နောက်သို့ လိုက်ပါခဲ့သည်။ ယနေ့တွင် သစ္စာဖောက်ခြင်း ခံရလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့။ ၎င်းမှာ မယုံနိုင်စရာ ဖြစ်နေသည်။
"ဘာလို့လဲ။"
တုန်းဟဲသည် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ရက်စက် ကြမ်းကြုတ်သော ဓား`ချီ`များ ဖြတ်တောက် ထွက်ပေါ်လာပြီး၊ သူ၏ မကောင်းဆိုးဝါး အတွေးများ အားလုံးကို ထုတ်ဖော် ပစ်လိုက်သည့်နှယ်။
"ဘာလို့လဲ ဟုတ်လား၊ အားလုံး... ခင်ဗျား... အသုံးမကျတဲ့ အဘိုးကြီး... ဂုဏ်သိက္ခာကို တွယ်ကပ်ပြီး မျက်နှာပန်းလှဖို့ ဒုက္ခခံနေလို့ပဲ။"
"နတ်ဘုရားဓားတောင်မှာတုန်းက ရှုံးနိမ့်ခဲ့တာ... ခင်ဗျား ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ် ထင်နေလား... ခင်ဗျားက အရူးတကာ့ အရူးပဲ။"
"အဲ့ဒီကိစ္စကြောင့် ကိုပ်ရဲ့ ကျင့်ကြံချိန် ဘယ်လောက်တောင် ဖြုန်းတီးခဲ့ရလဲ ခင်ဗျား သိလား။"
"ဘာလို့လဲ။ ခင်ဗျားက ကျုပ်ကို ဘာလို့လဲလို့ မေးရဲသေးတယ်။"
"ငါလည်း ချီစွမ်းအင် စုစည်းဆေးလုံး လိုချင်တယ်။ ငါလည်း ချီစွမ်းအင် နယ်ပယ်ကို ချိုးဖြတ်ချင်တယ်။"
လော့ဝမ်ထျန်း `ချီစွမ်းအင် စုစည်းဆေးလုံး` ဖြင့် `ချီစွမ်းအင် နယ်ပယ်` သို့ ခြေချ တက်လှမ်းသွားစဉ်က သူ ဘယ်လောက်တောင် မနာလို ဖြစ်ခဲ့ရသည်ကို ကောင်းကင်ဘုံသာ သိပေလိမ့်မည်။
ကံမကောင်းစွာပင်၊ သူ ထိုမျှ ကံမကောင်းခဲ့။
နတ်ဘုရားဓားသခင်အဘိုးကြီး လုံးဝ စိတ်ပျက်သွား၏။ သူ၏ နှစ်ပေါင်းများစွာ သင်ကြားမှုများ အလဟဿ ဖြစ်သွားခဲ့ပြီဟု ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများ ထက်ရှသွား၏။
"တိရစ္ဆာန်... ငါ့ကို အဆိပ်ခတ်ရုံနဲ့... မင်း ငါ့ကို ဆန့်ကျင်နိုင်ပြီ ထင်နေလား။ ရူးမိုက်လိုက်တာ။"
နတ်ဘုရားဓားသခင်အဘိုးကြီး၏ အတွင်းမှ `ချီစွမ်းအင်` များ တိုးထွက်လာပြီး၊ အဆိပ်ကို ဖိနှိပ်လိုက်သည်။
တုန်းဟဲ၏ အပြုံးသည် ပိုမို ရူးနှမ်းလာပြီး၊ သူ၏ မျက်လုံးများထဲမှ သွေးနီရောင်များက ကျေနပ်မှု အချို့ကို ပြသနေသည်။
"ကျုပ် တစ်ယောက်တည်းတော့... တကယ် မစွမ်းနိုင်ဘူး... ဒါပေမဲ့..."
"ဟီးဟီးဟီ….ငါတို့နဲ့ဆိုရင်ရော။"
တိုးလျသော ရယ်သံများ ပဲ့တင်ထွက်လာသည်။ တဆက်တည်း၌`နတ်ဘုရားဓားဂိုဏ်း` တံခါးဝ အပြင်ဘက်တွင်၊ ဝတ်စုံနက်လူများ လင်းယုန်များကဲ့သို့ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်လာ၏။
သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းခြုံသွားသည်။ `နတ်ဘုရားဓားဂိုဏ်း` ထဲတွင်ပင်၊ အချို့ တပည့်များ၏ မျက်လုံးများ သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
နတ်ဘုရားဓားသခင်အဘိုးကြီး၏ နှလုံးသား ကြေကွဲညှိုးငယ်သွားသည်။
သူ သိလိုက်ပြီ။
ယနေ့သည် ကပ်ဘေး တစ်ခု ဖြစ်လာပေတော့မည်။
တိုက်ခိုက်လာသော ဝတ်စုံနက်များ၏ ဇာစ်မြစ်ကို မသိရသော်လည်း၊ သူတို့၏ ခေါင်းဆောင်များ၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ အားလုံး `မူလအမြုတေ နယ်ပယ်` များ ဖြစ်ကြသည်။
မိမိ၏ အကောင်းဆုံး အခြေအနေတွင်ပင် ထိုသူများကို ထိန်းနိုင်ရန် ခက်ခဲလှသည်။ ယခု တုန်းဟဲ၏ အဆိပ်မိထားချိန်တွင် ဆိုလျှင် ပြောဖွယ်ရာ မရှိတော့။
"နတ်ဘုရားဓားဂိုဏ်း တပည့်တွေ... ရန်သူကို ခုခံကြ။"
နတ်ဘုရားဓားသခင်အဘိုးကြီး ပြင်းထန်စွာ အော်ဟစ်လိုက်ပြီး၊ ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်သည်။
တိုက်ပွဲသည် ချက်ချင်း ပေါက်ကွဲထွက်တော့၏။
သည်းထန်သော နှင်းတို့ လွင့်ပျံသွားသည်။ သွေးများဖြင့် လေထုက စွန်းထင်းသွားလေ၏။
“ချွင်..ချွင်..”
“အား…အွတ်”
“ဒုတ်..”
စူးစူးရှရှ အော်ဟစ်သံများနှင့် ဟိန်းညံသော တိုက်ခိုက်သံများ `နတ်ဘုရားဓားဂိုဏ်း` အနှံ့ ပြည့်နှက်သွားသည်။
ကျွမ်းချန်သည် အနီးအနားတွင် ရပ်နေသည်။ ဤပြောင်းလဲမှုကြောင့် သူ့ကိုယ်လေး ထိတ်လန့် တောင့်တင်းနေ၏။
ပုံမှန်အားဖြင့် ကြင်နာတတ်ပြီး ချစ်ခင်ဖွယ်ကောင်းသော စီနီယာအစ်ကိုသည် ရက်စက်သော တစ္ဆေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ မယုံနိုင် ဖြစ်နေရှာသည်။
သူ မေးရိုးများ တင်းမာနေအောင် အံကို တင်းတင်းကြိတ်လိုက်ပြီး သူ၏ ဓားကို ဆွဲကိုင်လိုက်သည်။
ကျွမ်းချန်က `အတွင်းစွမ်းအားနယ်ပယ်` သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ နင်ချီ၏ `မူလ ဓားခန္ဓာ` လျှို့ဝှက်နည်းစနစ်ဖြင့်၊ ထူးကဲသော စွမ်းအားကို ထုတ်ဖော်နိုင်စွမ်း ရှိလာ၏။
ဝတ်စုံနက် ခေါင်းဆောင် တစ်ဦးက သူ့အပေါ် အာရုံစိုက်လိုက်သည်။
"အဲ့ဒီ ဝတုတ်ကို ငါ့အတွက် ဖမ်းခဲ့။ အရှင်။"
ဝတ်စုံနက်၏ မျက်လုံးများထဲတွင် လောဘကြီးသော အရောင်များ လင်းလက်သွားသည်။ ကျွမ်းချန်သည် `မူလဓားအရိုး` ပိုင်ရှင် ဖြစ်ကြောင်း တုန်းဟဲက သူ့ကို ကြိုတင် အသိပေးထားပြီး ဖြစ်သည်။
နတ်ဘုရားဓားသခင် အဘိုးကြီးသည် သူ၏ `ချီစွမ်းအင်` ကို အစွမ်းကုန် ဖော်ထုတ်လိုက်သည်။ ကျွမ်းချန်ကို သူ၏ နောက်ကွယ်တွင် အကာအကွယ် ပေးလိုက်သည်။
ထိုစဉ် အနောက်သို့ လှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်လုံးများ ခြောက်ကပ်သွားရသည်။
သူ၏ အကျွမ်းတဝင် တပည့်များ တစ်ဦးပြီးတစ်ဦး သွေးအိုင်ထဲ လဲကျနေ လေသည်။
`နတ်ဘုရားဓားဂိုဏ်း` သည် ယနေ့ ပျက်စီးရန် ကံကြမ္မာ ပါလာခဲ့ပြီ။
နတ်ဘုရားဓားသခင်အဘိုးကြီး..မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ နှလုံးသားထဲ အပြစ်ရှိသလို ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ သို့သော် ကျွမ်းချန်ကို ကြည့်လိုက်သောအခါ၊ သူ၏ မျက်လုံးများထဲတွင် ချစ်ခင်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
"ချန်အာ... မင်းရဲ့ ဆရာအဖြစ်... ငါ မင်းကို နောက်ဆုံးတစ်ကြိမ် ကာကွယ်ပေးမယ်။"
ထိုသို့ ပြောဆိုပြီးနောက် နတ်ဘုရားဓားသခင်အဘိုးကြီး ကောင်းကင်သို့ မော့၍ ဟိန်းဟောက်လိုက်၏။
သူ့ခန္ဓာအတွင်း၌၊ သူ၏`မူလအမြုတေ` သည် ကျယ်လောင်သော အသံနှင့်အတူ ကွဲအက်သွား၏။ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။
မဆိုင်းမတွပင် အဆုံးမဲ့သော `ချီစွမ်းအင်` များ `နတ်ဘုရားဓား` တစ်လက်ကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ထက်ရှပြီး ပြိုင်ဘက်ကင်းသည်။ နတ်ဘုရားဓားသခင်အဘိုးကြီး၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးများက နတ်ဘုရားအသွင် ဖြန့်ကျက်သွား၏။
ဤသည်မှာ... သူ ထိုစဉ်က ရရှိခဲ့သော မပြည့်စုံသည့် `ဓားသူတော်စင်` အမွေအနှစ်ထဲမှ မှတ်တမ်းတင်ထားသည့်... နောက်ဆုံး တိုက်ကွက် ဖြစ်သည်။
`ဓားအမြုတေ အရည်ဖျော် နည်းစနစ်`ပင်။