ချိုးဖျက်ပြီးမှ ပြန်လည် တည်ဆောက်ခြင်း
Vol. 8 Ch. 120
နတ်ဘုရားဓားသခင်အဘိုးကြီးကို အစစ်အမှန်သိုင်းတောင်၏ နောက်ကျောဘက်တွင် မြှုပ်နှံခဲ့ကြသည်။
နင်ချီသည် `နဂါးဇီးကွက်ဓား` ကို ထုတ်ယူလိုက်ပြီး နတ်ဘုရားဓားသခင်အဘိုးကြီးနှင့်အတူ တစ်ပါတည်း မြှုပ်နှံပေးလိုက်၏။
၎င်းသည် နတ်ဘုရားဓားသခင်အဘိုးကြီး သက်ရှိထင်ရှားစဉ်က အနှစ်သက်ဆုံး ဓား ဖြစ်ခဲ့သည်။ လွန်ခဲ့သောတစ်ကြိမ်က၊ ဆယ်နှစ် သဘောတူညီချက်ဖြင့် သူ နင်ချီထံ ရှုံးနိမ့်ခဲ့ရပြီး၊ ယခုအခါ ၎င်းသည် ၎င်း၏ မူလပိုင်ရှင်ထံ ပြန်လည် ရောက်ရှိသွားခဲ့လေပြီ။ နင်ချီအတွက်မူ၊ `နဂါးဇီးကွက်ဓား` သည် သူ့အတွက် အသုံးမဝင်တော့ချေ။
ကျွမ်းချန်က ကျေးဇူးတင်စွာဖြင့် ခေါ်လိုက်သည်။
"ကိုး... စီနီယာအစ်ကိုကိုး။"
ထို့နောက်၊ ကျွမ်းချန်သည် နတ်ဘုရားဓားသခင်အဘိုးကြီးအတွက် အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို ကိုယ်တိုင် စိုက်ထူခဲ့သည်။ သူ လေးလေးစားစားဖြင့် အကြိမ်များစွာ ဦးတိုက် အရိုအသေ ပြုလိုက်၏။
ဤကံဆိုးမိုးမှောင်ကျမှုထဲတွင်၊ သက်သာရာရစရာ အချက်မှာ သူ၏ ဆရာ ငြိမ်းချမ်းစွာ ကွယ်လွန်နိုင်ခဲ့ခြင်းနှင့်၊ သူ ဆန္ဒရှိပါက လာရောက် လည်ပတ်နိုင်သေးခြင်း ဖြစ်သည်။
ကျွမ်းချန်၏ မျက်လုံးများ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသော်လည်း၊ ၎င်းတို့ထဲတွင် စိတ်ပိုင်းဖြတ်ထားသည့် အရိပ်အယောင်များလည်း ပါဝင်နေသည်။ ထိုညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ မှတ်မိနေသည်။ သူ၏ တစ်ချိန်က ကြင်နာပြီး ဖော်ရွေခဲ့သော အကြီးဆုံးအစ်ကို၏ ကြောက်မက်ဖွယ်ရာ အသွင်အပြင်ကိုလည်း မှတ်မိနေ၏။ သူ၏ ဆရာအတွက် တရားမျှတမှုကို ရှာဖွေရန် တိတ်တဆိတ် ကျိန်ဆို လိုက်သည်။
တာအိုဆရာလုံရှန်းက ညင်သာစွာ သက်ပြင်းချလိုက်ပြီး၊ ကျွမ်းချန်၏ ခေါင်းကို ပွတ်သပ်လိုက်၏။
"ဆယ်လေး... ဒီနေ့ကစပြီး... အစစ်အမှန်သိုင်းတောင်က မင်းရဲ့ ဒုတိယ အိမ်ပဲ။"
"ဒါက အစ်ကိုကြီး နတ်ဘုရားဓားရဲ့ အိမ်လည်း ဖြစ်ခဲ့တယ်။"
"သူ ဒီမှာ ရှိနေတော့... မင်း တစ်ယောက်တည်း အထီးကျန်မှာ မဟုတ်ပါဘူး။"
ကျွမ်းချန်က အားမာန်ပါပါ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့... ဆရာ။"
လော့ဝမ်ထျန်းနှင့် အခြားသူများအားလုံး ကျွမ်းချန်ကို စိုးရိမ်သောကဖြင့် ကြည့်နေကြသည်။
ဤ ထပ်တိုးလာသော ဒသမမြောက် ဂျူနီယာညီလေးအတွက်၊ သူတို့အားလုံး သနားခြင်းနှင့် ကိုယ်ချင်းစာနာမှု ခံစားချက်များ ခံစားနေရသည်။
"ဆယ်လေး... မင်း အစစ်အမှန်သိုင်းဂိုဏ်းမှာ စိတ်အေးချမ်းသာစွာနဲ့ နေလို့ရတယ်။"
"တကယ်လို့ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရဲရင်... မင်းရဲ့ စီနီယာအစ်ကိုတွေဆီ အကူအညီ လာတောင်း။"
ကြင်နာတတ်သော စီနီယာ အစ်ကို၊ အစ်မ များစွာကို ကြည့်ရင်း၊ ကျွမ်းချန်၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက် ပင်ပန်းနွမ်းနယ်မှု လှိုင်းများ သူ့အပေါ်သို့ ရိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး ၊သတိလစ် မေ့မြောသွားတော့သည်။
သူသည် အချိန်အတော်ကြာ ထွက်ပြေးလာခဲ့ရပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားခဲ့သည်။ ကျွမ်းချန်သည် စိတ်ဓာတ်စွမ်းအား သက်သက်ဖြင့်သာ အောင့်အီး ထိန်းထားခဲ့ရခြင်း ဖြစ်သည်။
သို့သော် ယခု၊ နတ်ဘုရားဓားသခင်အဘိုးကြီး၏ နောက်ဆုံးကိစ္စများကို စီစဉ်ဆောင်ရွက်ပြီးနောက်၊ သူ နောက်ဆုံးတွင် သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ။
လူတိုင်း ထိတ်လန့်သွားကြသည်။
တာအိုဆရာလုံရှန်းနှင့် နင်ချီတို့ သူ့ကို ဈေ့စ့စပ်စပ် စစ်ဆေးကြည့်ရှုလိုက်ကြသည်။
တာအိုဆရာလုံရှန်း မူလက သက်ပြင်းချလိုက်သော်လည်း၊ ထို့နောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကျွမ်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေမှာ မကောင်းမွန်လှပေ။
"ဒီလောက် ဆိုးရွားတဲ့ အင်အားပဲ။"
"လူတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်တယ်။ ဆယ်လေးရဲ့ ဓားအရိုးကိုတောင် ချေမွပစ်ခဲ့တယ်။"
"အသက်ရှင်ဖို့ကတော့ ပြဿနာ မရှိဘူး။ ဒါပေမဲ့... သူ အနာဂတ်မှာ ကျင့်ကြံနိုင်ပါဦးမလား။"
လူတိုင်း တုန်လှုပ်သွားကြသည်။ အကယ်၍ သူ အမှန်တကယ် ကျင့်ကြံနိုင်ခြင်း မရှိတော့ပါက၊ ၎င်းသည် ကျွမ်းချန်အတွက် နောက်ထပ် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်လာပေလိမ့်မည်။
တာအိုဆရာလုံရှန်းက နင်ချီကို ကြည့်လိုက်သည်။ အခြားသူများအားလုံးလည်း ထိုနည်း၎င်းပင်။
သူတို့အားလုံး နင်ချီသည် ဆေးပညာနှင့် ဆေးဖော်စပ်ခြင်း အတတ်ပညာများတွင် ကျွမ်းကျင်ကြောင်း သိကြသည်။
သူ့ထံတွင် ဖြေရှင်းချက်တစ်ခု ရှိကောင်း ရှိနိုင်ပေသည်။
နင်ချီက ထိုအကြည့်များအား ညင်သာစွာ ပြန်ဖြေသည်။
"ဘယ်လိုလုပ်ရမလဲတော့ ခုထိ မသိသေးဘူး။ ကြိုးစားကြည့်ရုံပဲ ရှိပါသေးတယ်။"
" ဆယ်ယောက်မြောက် ဂျူနီယာညီလေးကို တာအိုရှာဖွေ ကျောင်းတော်မှာ ထားလိုက်ရအောင်။ ကျွန်တော် အရင်ဆုံး သူ့ဒဏ်ရာတွေကို တည်ငြိမ်အောင် လုပ်ပေးပါမယ်။"
နင်ချီတွင် အတိုင်းအတာတစ်ခုအထိ ယုံကြည်မှု ရှိသော်လည်း၊ လောလောဆယ် ဘာကိုမျှ အာမ မခံနိုင်သေးသလို၊ ဒါက သင့်တော်သော အချိန်အခါလည်း မဟုတ်ပေ။ ကံကောင်းစွာပင်၊ ယခင် ကောင်းကင်ဘုံလူသား မဟာအခမ်းအနားအတွင်း၊ သူသည် ကျွမ်းချန်၏ `မူလဓားအရိုး` အခြေအနေကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခဲ့ပြီး၊ ၎င်းကို အခြေခံ၍ `မူလ ဓားခန္ဓာ` လျှို့ဝှက်နည်းစနစ်ကို တီထွင်ထားခဲ့သည်။
ယခု၊ ကျွမ်းချန်၏ `ဓားအရိုး` ပြန်လည် ရှင်သန်ရေး မျှော်လင့်ချက်သည် ဤ လျှို့ဝှက်နည်းစနစ်အပေါ်တွင် တည်မှီနေသည်။
လူတိုင်း တိတ်တဆိတ် သက်ပြင်းချမိလိုက်ကြ၏။ သူတို့ နင်ချီကို နားလည်ကြပြီး၊ သူက
မဖြစ်နိုင်ကြောင်း အာမ မခံခဲ့သဖြင့်၊ မျှော်လင့်ချက် ရှိနေသေးသည်ဟု ဆိုလိုကြောင်း သိကြပါသည်။
တာအိုဆရာလုံရှန်းက တပည့်များအားလုံးကို လူစုခွဲရန်နှင့် အစောင့်အကြပ် တင်းကြပ်ရန် ညွှန်ကြားလိုက်၏။ ရန်သူသည် ပုန်းကွယ်နေပြီး၊ သူတို့၏ တိကျသော အင်အားကို မသိရှိရသေး။
နတ်ဘုရားဓားသခင် အဘိုးကြီးက `ကောင်းကင်ဘုံလူသားနယ်ပယ်` ကျွမ်းကျင်သူများ ပေါ်ထွက်မလာခဲ့ဟု ဆိုခဲ့သော်လည်း၊ သတိထားခြင်းသည် ပညာရှိရာ ရောက်သည်။
ထို့နောက် တာအိုဆရာလုံရှန်း ကိုယ်တိုင် ထို့နောက် နင်ချီနှင့်အတူ `တာအိုရှာဖွေ ကျောင်းတော်` သို့ ပြန်လိုက်သွားသည်။
"ကိုးလေး... ငါ့စိတ်ထဲမှာ အမြဲ ခံစားနေရတာ... နတ်ဘုရားဓားဂိုဏ်းကို တိုက်ခိုက်တဲ့ အုပ်စုနဲ့... လွန်ခဲ့တဲ့ နှစ်တွေက နှင်းဆီးပန်းစံအိမ်ကို မျိုးဖြုတ်ခဲ့တဲ့ အုပ်စုက... တစ်နည်းနည်းနဲ့ ဆင်တူနေသလိုပဲ။"
"သူတို့ကြားမှာ ဆက်စပ်မှု တစ်ခုခု ရှိနိုင်တယ်။"
တာအိုဆရာလုံရှန်းက လေးနက်သော အသံဖြင့် ပြောပြလာသည်။
အချို့အရာများကို ယခုလေးတင် လူတိုင်း၏ ရှေ့မှောက်တွင် ဆွေးနွေးရန် မသင့်တော်ခဲ့ပေ။
နင်ချီ ညင်သာစွာ ခေါင်းညိတ်လိုက်၏။
"ကျွန်တော်လည်း အဲ့ဒီလိုပဲ ခံစားမိတယ်။"
"သွေးမိုးမျှော်စင်က... ပုစဉ်းရင်ကွဲ အခွံလဲသလိုမျိုး... အပေါ်ယံ ဟန်ပြတစ်ခုပဲ ဖြစ်နိုင်တယ်။"
(ဘာသာပြန်သူ မှတ်ချက်။ ။ ရွှေရောင် ပုစဉ်းရင်ကွဲ အခွံလဲခြင်း - တရုတ်စကားပုံတစ်ခုဖြစ်ပြီး၊ ရန်သူကို လှည့်စားဖို့ အပေါ်ယံ ဟန်ပြတစ်ခု ချန်ထားခဲ့ပြီး တိတ်တဆိတ် လွတ်မြောက်သွားခြင်းကို ဆိုလိုပါတယ်။)
ထို အဖြစ်အပျက် နှစ်ခုတွင် တူညီမှု အချို့ ရှိနေ၏။ နှစ်ခုစလုံးသည် အမှန်တရား အချို့ကို ရှာဖွေတွေ့ရှိပြီးနောက် မျိုးဖြုတ် သုတ်သင်ခြင်း ခံခဲ့ရသည်။
ယခုအခါ…၊
အကယ်၍ နင်ချီ၏ ဖခင် ထိုစဉ်က ရှာဖွေတွေ့ရှိခဲ့သည်မှာလည်း လူ့သွေးကန် သို့မဟုတ် အလားတူ တစ်စုံတစ်ခု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့လျှင်၊ ထိုနှစ်ခုကြားတွင် အမှန်တကယ် ဆက်စပ်မှု ရှိခဲ့သည်ဟု ကောက်ချက်ချနိုင်ပေမည်။
တာအိုဆရာလုံရှန်း ခဏတာ စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်သည်။
"ဆရာ အခု တောင်အောက် ဆင်းပြီး... နတ်ဘုရားဓားဂိုဏ်းဆီ သွားကြည့်မယ်။"
"ခြေရာလက်ရာ တချို့ ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင်တယ်။"
"ဒါ့အပြင်... ဆရာ အစစ်အမှန်သိုင်းဂိုဏ်းကနေ ထွက်သွားပြီဆိုတာ အဲ့ဒီလူတွေ သိအောင်... လှုပ်ရှားမှု နည်းနည်းပါးပါး လုပ်လိုက်မယ်။"
နင်ချီသည် တာအိုဆရာလုံရှန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်လိုက်၏။
တာအိုဆရာလုံရှန်း အစစ်အမှန်သိုင်းတောင်ပေါ်တွင် ရှိနေသရွေ့၊ ပုန်းကွယ်နေသူများ တိုက်ခိုက်ရန် မဝံ့ရဲကြပေ။
သို့သော် အကယ်၍ တာအိုဆရာလုံရှန်း မရှိကြောင်း အတည်ပြုနိုင်ခဲ့လျှင်၊ အခြေအနေ ပြောင်းလဲသွားပေမည်။
အပြင်လူများ၏ အမြင်တွင်၊ အစစ်အမှန်သိုင်းဂိုဏ်း၌ `မြူဖြူနယ်ပယ်` အဆင့်ရှိ အစစ်အမှန် တပည့်ရင်း အနည်းငယ်သာ ရှိသည်ဟု ထင်ရှား၏။
`စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်` အတွက်မူ၊ သူ၏ သက်တမ်း ကုန်ဆုံးခါနီး အဘိုးကြီးတစ်ဦး ဖြစ်သဖြင့်၊ သေးငယ်သော ကိစ္စများအတွက် ကြားဝင် စွက်ဖက်မည် မဟုတ်သလို၊ အစစ်အမှန်သိုင်းတောင်ပေါ်တွင် အမြဲတမ်း ရှိနေချင်မှလည်း ရှိနေပေမည်။
မည်သို့ပင် ဆိုစေ၊ စံနမူနာတစ်ခု ရှိခဲ့သည်။ တာအိုဆရာလုံရှန်း တံခါးပိတ် ကျင့်ကြံနေစဉ်က၊ `သံမဏိတောင်ကြော လူကြမ်းသုံးကောင်` နှင့် `ချီစွမ်းအင် နယ်ပယ်` ကျွမ်းကျင်သူ အများအပြား အစစ်အမှန်သိုင်းတောင်ကို ညအချိန် ဝင်ရောက် တိုက်ခိုက်ခဲ့ဖူးသော်လည်း၊ `စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်` ကြားဝင်ခဲ့သည်ဟု တစ်ခါမျှ မကြားခဲ့ရပေ။
လူတိုင်း သိရှိထားသည်မှာ၊ `စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်` သည် `မိစ္ဆာအိုကြီး လင်` တိုက်ခိုက်လာစဉ်ကမှ ပထမဆုံးအကြိမ် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
နင်ချီ ခေါင်းညိတ်လိုက်ပြီး အကြံပြုလာ၏။
"ဒီနည်းလမ်းက စမ်းကြည့်သင့်ပါတယ်။ မြွေကို တွင်းထဲကနေ ဆွဲထုတ်နိုင်ကောင်း ထုတ်နိုင်တယ်။"
"ဆရာ စိတ်အေးချမ်းသာစွာနဲ့ တောင်အောက် ဆင်းနိုင်ပါတယ်။"
"ကျွန်တော် ဂိုဏ်းထဲမှာ ရှိနေမှတော့...ဆယ်ယောက်မြောက် ဂျူနီယာညီလေးရဲ့ ဒဏ်ရာတွေကို ကုသဖို့နဲ့ သူ့ရဲ့ ဓားအရိုးကို ပြန်လည် ရှင်သန်အောင် လုပ်ဖို့လည်း အချိန်ကောင်းပဲ။ ဒါက အချိန်အတိုင်းအတာ တစ်ခု လိုအပ်မှာပါ။"
သူ ယခုလေးတင် ကျွမ်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ အခြေအနေကို စစ်ဆေးခဲ့ပြီး ဖြစ်ရာ၊ အခြေအနေမှာ အမှန်တကယ် မကောင်းမွန်လှပေ။
ယခုသည် `ဓားအရိုး` ကို ပြန်လည် ရှင်သန်အောင် ပြုလုပ်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။ အကယ်၍ သူ တောင်အောက်သို့ ဆင်းပြီးမှ ပြန်လာကာ ကျွမ်းချန်၏ `ဓားအရိုး` ကို ပြန်လည် ရှင်သန်အောင် ပြုလုပ်မည် ဆိုလျှင်၊ နောက်ကျသွားဖွယ် ရှိပြီး၊ ကျွမ်းချန် ထာဝရ အကြောသေ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်၊ ယခု တာအိုဆရာလုံရှန်းကို တောင်အောက်သို့ စေလွှတ်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်၏။
တာအိုဆရာလုံရှန်းက သတိလစ်နေသော ကျွမ်းချန်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဆယ်လေးကလည်း သနားစရာ ကောင်းတဲ့သူပါပဲ။"
"ကိုးလေး... မင်းမှာ ယုံကြည်မှု ရှိရင်... သူ့ရဲ့ ဓားအရိုးကို ပြန်လည် ရှင်သန်အောင် အစွမ်းကုန် ကြိုးစားပေးပါ။"
နင်ချီက လေးနက်စွာ ကတိပြုလိုက်သည်။
"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။"
သူက ကျွမ်းချန်အပေါ် အမြဲတမ်း အမြင်ကောင်း ရှိခဲ့၏။
ယခု ကျွမ်းချန်က သူ၏ ဂျူနီယာညီလေး ဖြစ်လာခဲ့ပြီ ဖြစ်သဖြင့်၊ သူ ပို၍ပင် ဂရုစိုက်ပေလိမ့်မည်။
ဒါက အမွေအနှစ် ကိစ္စရပ်တစ်ခု ဖြစ်သည်။ သူ ပထမဆုံး တောင်ပေါ်သို့ တက်လာစဉ်က၊ စီနီယာ အစ်ကို၊ အစ်မများအားလုံး သူ့ကို အလွန် ဂရုတစိုက် ဆက်ဆံခဲ့ကြသကဲ့သို့ပင်။
တာအိုဆရာ လုံရှန်း ထွက်ခွာသွားသည်။
နင်ချီ ထို့နောက် သူ၏ အကြည့်ကို ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျွမ်းချန်ထံသို့ လှည့်လိုက်ပြီး၊ မျောက်ဖြူကို ညွှန်ကြားလိုက်သည်။
"ထျန်းရှန်း... ရွှေငွေမြက်၊ ဖီးနစ်မြီးပန်း၊ ခရမ်းနွယ်ပင် တချို့ သွားယူခဲ့ချေ..."
သူ ကျွမ်းချန်၏ ဒဏ်ရာများကို တည်ငြိမ်အောင် ပြုလုပ်ရန် ဆေးဖက်ဝင် အပင် အချို့ လိုအပ်သည်။
မျောက်ဖြူက စိုးရိမ်သော အကြည့်ဖြင့် တိတ်တဆိတ် ထွက်ခွာသွားသည်။
ပထမဆုံး တွေ့ဆုံစဉ်က ကျွမ်းချန်နှင့် အနည်းငယ် ပဋိပက္ခ ဖြစ်ခဲ့ဖူးသော်လည်း၊ နောက်ပိုင်းတွင် မျောက်ဖြူနှင့် ကျွမ်းချန်တို့ ကောင်းမွန်စွာ ဆက်ဆံခဲ့ကြ၏။
ကျွမ်းချန်သည် မျောက်ဖြူ၏ စွမ်းရည်များ တစ်စိတ်တစ်ပိုင်းကို သိရှိသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပါသည်။ ယခု ကျွမ်းချန် ဤမျှ ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ကို မြင်တွေ့ရသောအခါ၊ မျောက်ဖြူမှာ အနည်းငယ် ဒေါသထွက်နေမိသည်။
နင်ချီက ဆေးဖက်ဝင် အပင် အရည်ကို ကြိတ်ချေလိုက်ပြီး မျောက်ဖြူကို ကျွမ်းချန်အား တိုက်ကျွေးစေသည်။
ငွေရောင် အပ်များစွာ ကျဆင်းလာပြီး၊ ကျွမ်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အမျိုးမျိုးကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။
ကျွမ်းချန် သတိလစ်နေဆဲ ဖြစ်သော်လည်း၊ သူ၏ မူလ ဖြူဖျော့နေသော မျက်နှာသည် တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာသည်။ နင်ချီ၏ ဆေးပညာ ကျွမ်းကျင်မှုဖြင့်၊ ဤသို့သော ဒဏ်ရာများသည် သဘာဝအတိုင်း ပြဿနာ မဟုတ်ပေ။ သို့သော် အရေးကြီးသော ကိစ္စမှာ ဤ ပြင်ပ ဒဏ်ရာများ မဟုတ်ဘဲ၊ ကျွမ်းချန်၏ `ဓားအရိုး` ဖြစ်၏။
နင်ချီ အသက်ကို ညင်သာစွာ ရှူလိုက်သည်။ `ချီစွမ်းအင်` အမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး၊ ကျွမ်းချန်၏ အတွင်းပိုင်း အခြေအနေကို ပိုမို အသေးစိတ်ကျသော စစ်ဆေးမှုတစ်ခု စတင် ပြုလုပ်လိုက်သည်။
ခဏအကြာတွင်၊ သူ၏ မျက်နှာအမူအရာ အနည်းငယ် အံ့အားသင့်သွား၏။
သူ ရှာဖွေတွေ့ရှိလိုက်သည်။
ကျွမ်းချန်၏ `မူလဓားအရိုး` ကြေမွသွားပြီးနောက်၊ အတွင်းရှိ တုန်ခါမှု အချို့သည် ပို၍ပင် ထင်ရှားလာပြီး၊ ယခင် စစ်ဆေးမှုများအတွင်းကထက် များစွာ ပိုမို ရှင်းလင်းနေသည်။ နင်ချီသည် ဤ အထူး တုန်ခါမှုများကို ချက်ချင်းနီးပါး မှတ်တမ်းတင်လိုက်ပြီး၊ ထို့နောက် သူ ဖန်တီးခဲ့သော `မူလ ဓားခန္ဓာ` နှင့် တစ်ခုချင်းစီ နှိုင်းယှဉ်လိုက်သည်။
ချက်ချင်းပင်၊ သူ ယခင်က ဖန်တီးခဲ့သော `မူလ ဓားခန္ဓာ` တွင် ချို့ယွင်းချက်များစွာ ရှိနေသေးသည်ကို သူ တွေ့ရှိလိုက်သည်။
ဤသည်မှာ နားလည်ရန် မခက်ခဲပေ။ မည်သို့ပင် ဆိုစေ၊ နင်ချီ၏ မျောက်ဖြူနှင့် ကျွမ်းချန်တို့အပေါ် လေ့လာမှုမှာ အပေါ်ယံမျှသာ ဖြစ်ပြီး၊ စွမ်းအား၏ အနှစ်သာရမှာ ပိုမို နက်ရှိုင်းသော စူးစမ်းရှာဖွေမှုကို အထောက်အပံ့ပေးရန် လုံလောက်ခြင်း မရှိခဲ့။ မတော်တဆ အားဖြင့်သာ အနှစ်သာရ၏ တစ်စိတ်တစ်ပိုင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်လေသည်။
'.....ဒါ့အပြင်... အစက အကြမ်းဖျင်း စစ်ဆေးတုန်းက ဘာမှ မတွေ့ခဲ့ဘူး။ အခု သေချာ စစ်ဆေးကြည့်မှ... ရှီရဲ့ ဓားအရိုးက သူ့အလိုလို ပြန်စုစည်းနေသလိုပဲ။.....'
ဤသည်မှာ အနည်းငယ် အံ့ဩဖွယ်ရာ ကောင်းလှသည်။
သို့သော် နင်ချီ ထို အလိုလို ပြန်စုစည်းမှုသည် အလားအလာတစ်ခုမျှသာ ဖြစ်ပြီး အလွန် အားကောင်းခြင်း မရှိသည့်အပြင်၊ ကြီးမားသော ခုခံမှုများ ရှိနေသည်ကိုလည်း တွေ့ရှိလိုက်၏။ အားကောင်းသော ပြင်ပ ကြားဝင် စွက်ဖက်မှု မရှိဘဲ၊ ၎င်းသည် ကျရှုံးရန် အလားအလာ ပိုများသည်။
'.....ဒါပေမဲ့... ဒါက ငါ အစက ခန့်မှန်းထားတာထက်တော့ အများကြီး ပိုကောင်းတယ်။'
'.....ဒီတုန်ခါမှုတွေကို လေ့လာပြီး မူလ ဓားခန္ဓာရဲ့ လျှို့ဝှက်နည်းစနစ်ကို မြှင့်တင်မယ်။'
'.....အဲ့ဒါကို သုံးပြီး ပဲ့တင်ထပ်မှုကို အားပေးပြီး ဓားအရိုး ပြန်စုစည်းတာကို ကူညီပေးတာက... ဖြစ်နိုင်ခြေ အလွန် မြင့်မားပုံပဲ။'
'.....ဒါ့အပြင်... ဒီတစ်ခါ ဓားအရိုး ပြန်စုစည်းပြီးသွားရင်... ရှီက ဓားအရိုးရဲ့ အလားအလာကို ပိုပြီး ထုတ်ယူနိုင်ကောင်း ထုတ်ယူနိုင်လိမ့်မယ်။'
'.....တစ်မျိုး ပြောရရင်... ဒါကို ချိုးဖျက်ပြီးမှ အသစ် ပြန်လည် တည်ထောင်တယ်လို့ သတ်မှတ်လို့ ရတယ်။'
'.....ပေးဆပ်လိုက်ရတဲ့ အဖိုးအခကတော့... နည်းနည်း များလွန်းသွားတာပဲ.....'
အိပ်စက်နေစဉ်အတွင်း မျက်မှောင်ကြုတ်နေဆဲ ဖြစ်သော ကျွမ်းချန်ကို ကြည့်ရင်း၊ နင်ချီ ညင်သာစွာ သက်ပြင်းချလိုက်သည်။
...
တာအိုဆရာလုံရှန်းက တပည့်များကို အချိန်တိုင်း နိုးနိုးကြားကြား ရှိနေရန် ညွှန်ကြားလိုက်ပြီးနောက် တောင်အောက်သို့ ဆင်းသွားကာ၊ `နတ်ဘုရားဓားဂိုဏ်း` ၏ ယခင် နေရာဟောင်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေသည်။ သူ ထိုနေရာမှ စတင် စုံစမ်းစစ်ဆေးလိုပြီး၊ ထိုလူအုပ်စု ခြေရာလက်ရာများ ချန်ထားခဲ့ခြင်း ရှိမရှိ ကြည့်ရှုလိုသည်။
ထို့အပြင်၊ `နတ်ဘုရားဓားဂိုဏ်း` ပျက်စီးသွားခြင်းသည်လည်း ချင်ပြည်နယ်တွင် ရုတ်ရုတ်သဲသဲ အဖြစ် တစ်ခု ထပ်မံ ဖြစ်ပေါ်စေပေလိမ့်မည်။
မဟာယန် မင်းဆက်သည် ယခုအခါ အနည်းငယ် ပရမ်းပတာ ဖြစ်နေသော်လည်း၊ `မူလအမြုတေ နယ်ပယ်` ကျွမ်းကျင်သူတစ်ဦး ရှိသော ပထမတန်းစား အင်အားစုတစ်ခု မျိုးဖြုတ်ခံရခြင်းသည် အတော်အတန် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဦးမည် ဖြစ်သည်။
တာအိုဆရာလုံရှန်းသည် သူ၏ လှုပ်ရှားမှုများကို တမင်တကာ ဖုံးကွယ်ခြင်း မပြုခဲ့ပေ။
သုံးရက် ကြာပြီးနောက်၊ `နတ်ဘုရားဓားဂိုဏ်း` မျိုးဖြုတ်ခံရသည့် သတင်း တဖြည်းဖြည်း ပျံ့နှံ့လာပြီး၊ တာအိုဆရာလုံရှန်း မိတ်ဆွေဟောင်းတစ်ဦးကို ကူညီရန် တရားခံများကို ခြေရာခံ လိုက်နေခြင်းသည်လည်း အာရုံစိုက်မှု များစွာကို ဆွဲဆောင်ခဲ့သည်။
အစစ်အမှန်သိုင်းဂိုဏ်း အနီးရှိ မြို့နယ်တစ်ခုအတွင်းရှိ သာမန် ခြံဝင်းငယ်လေးတစ်ခုထဲတွင်၊ အခြားသူများ သတိမပြုမိဘဲ၊ ရုပ်သွင်များစွာ လျှို့ဝှက်ခန်းတစ်ခုထဲတွင် စုဝေးနေကြသည်။
သူတို့ တစ်ဦးချင်းစီတိုင်း အစွမ်းထက်သော အရှိန်အဝါများ ထုတ်လွှတ်နေပြီး၊ အားလုံး `မူလအမြုတေ နယ်ပယ်` တွင် ရှိကြသည်။
အကယ်၍သာ တစ်စုံတစ်ယောက် သိရှိသွားပါက၊ သူတို့ လုံးဝ တုန်လှုပ်သွားကြမည် ဖြစ်ပြီး၊ ဤသို့ သာမန် မြို့ငယ်လေးတစ်ခုတွင် `မူလအမြုတေ နယ်ပယ်` ကျွမ်းကျင်သူများစွာ ရှိနေသည်ကို စိတ်ကူးပင် ယဉ်နိုင်မည် မဟုတ်ပေ။
ခေါင်းဆောင်က ဆိုသည်။
"`မူလဓားအရိုး` က 'သွေးဘုရင် ကူ'ကို မွေးမြူဖို့အတွက် အကောင်းဆုံး အမြိုက်ဆေးပဲ။"
"ငါတို့သာ ဒါကို ပြန်ယူလာနိုင်ခဲ့ရင်... အောင်မြင်မှုကြီး ဖြစ်လိမ့်မယ်။"
"အခု စစ်မှန်သူ လုံရှန်းက အစစ်အမှန်သိုင်းဂိုဏ်းမှာ မရှိဘူးဆိုတော့... ဒါ ငါတို့ အခွင့်အရေး မဟုတ်လား။"
ခေါင်းဆောင်က ပတ်ဝန်းကျင်ရှိ လူအနည်းငယ်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်တွင် ဖိအားပေးသော အင်အားတစ်ခု ပါဝင်နေ၏။
ထိုအခါ အမာရွတ်မျက်နှာနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက လေးနက်သော အသံဖြင့် ပြောလာသည်။
"စစ်မှန်သူ လုံရှန်း မရှိဘူး ဆိုပေမဲ့... အစစ်အမှန်သိုင်းဂိုဏ်းမှာ ပိုပြီး အစွမ်းထက်တဲ့ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ရှိသေးတယ်။"
အခြား ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက ထောက်ခံ ပြောဆိုလာသည်။
"ဟုတ်တယ်... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က ကောင်းကင်ဘုံ လူသား အဆင့်စာရင်းဝင် အရည်အချင်း ရှိတယ်။"
"ကျွန်မတို့အားလုံး တစ်ပြိုင်နက် တိုက်ခိုက်ရင်တောင်... သူ့အတွက်တော့ လက်တစ်ဖျစ် တီးလိုက်ရုံပဲ။"
ခေါင်းဆောင်က ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က ဒီလို အသေးအဖွဲ ကိစ္စမျိုးကို စိတ်ပူနေမှာ မဟုတ်ဘူး။"
"ငါ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် လှုပ်ရှားခဲ့တဲ့ အကြိမ်နှစ်ကြိမ်လုံး လေ့လာခဲ့တယ်။"
"နှစ်ကြိမ်စလုံးက ကောင်းကင်ဘုံလူသားနယ်ပယ် ကျွမ်းကျင်သူတွေ တိုက်ခိုက်လာချိန်မှာပဲ။ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ရှင်သန်မှု အန္တရာယ်နဲ့ ကြုံတွေ့မှသာ သူ လှုပ်ရှားခဲ့တာ။"
"အရင်တစ်ခါ... စစ်မှန်သူ လုံရှန်း ကောင်းကင်ဘုံလူသားနယ်ပယ်ကို ချိုးဖြတ်ဖို့ တံခါးပိတ် ကျင့်ကြံတုန်းက... ချီစွမ်းအင် နယ်ပယ် ပုဂ္ဂိုလ်တွေ အများကြီး တောင်ပေါ်ကို တိုက်ခိုက်ခဲ့ကြတယ်။ အဲ့ဒီတုန်းကတောင် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် လှုပ်ရှားခဲ့တာ မရှိဘူး။"
"ဒီတစ်ခါ... ငါတို့ရဲ့ ပစ်မှတ်က `မူလဓားအရိုး` သက်သက်ပဲ။ တခြားသူတွေကို မထိခိုက်ဘဲနဲ့... စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ကို သတိပေးမိမှာ မဟုတ်လောက်ဘူး။"
"စစ်မှန်သူ လုံရှန်းနဲ့ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်ကလွဲရင်... အစစ်အမှန်သိုင်းဂိုဏ်းမှာ `မြူဖြူနယ်ပယ်` အဆင့်ရှိတဲ့ အစစ်အမှန် တပည့်ရင်း နည်းနည်းပါးပါးပဲ ရှိတယ်။"
"ငါတို့ `မူလအမြုတေ နယ်ပယ်` တစ်ယောက်ပဲ လိုတယ်။ `မူလဓားအရိုး` ကို လွယ်လွယ်ကူကူ ယူဆောင်သွားနိုင်ဖို့... ဒီလိုလုပ်ခြင်းအားဖြင့် စစ်မှန်သူ လုံရှန်းကိုလည်း ခြိမ်းခြောက်ပြီးသား ဖြစ်သွားပြီး သူ့ကို သတိထားသွားစေလိမ့်မယ်။"
သူ့စကားကြောင့် လူအများအပြား တိတ်ဆိတ်သွားကြပြီးနောက် ပြောလာကြသည်။
"နောက်ဆုံးတော့... ဒါက ခင်ဗျားရဲ့ မှန်းဆချက် သက်သက်ပဲ။"
"တကယ်လို့ ကျွန်တော်တို့သာ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်နဲ့ တကယ် တွေ့ခဲ့ရင်... အဲ့ဒီအခါ ဘယ်လိုလုပ်မလဲ။"
"ဟုတ်သားပဲ၊ သူသာ ကျုပ်တို့ကို ဖမ်းမိသွားခဲ့ရင်... အရာအားလုံး ပျက်စီးသွားလိမ့်မယ်။"
ခေါင်းဆောင်က ကြိုတင် ပြင်ဆင်ထားခဲ့သည်။ သူက ဖယောင်းဖြင့် အလုံပိတ်ထားသော ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး ဆိုသည်။
"ဒါက 'ကောင်းကင်အာရုံခံ ကူ' ပဲ။"
"မျိုချထားလိုက်... အနီးအနားမှာ ပုံမှန်မဟုတ်တဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအား တုန်ခါမှုတွေကို ထောက်လှမ်းမိရင်... ဒါက ချက်ချင်း ကြေမွသွားပြီး... အဆိပ် ထုတ်လွှတ်လိမ့်မယ်...။"
"အဲ့ဒီအချိန်ကျရင်... နည်းနည်းလေးမှ တွန့်ဆုတ်မနေနဲ့... ကိုယ့်ရဲ့ မူလအမြုတေကို ချေမွပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်။ ရန်သူ့လက်ထဲ မကျရောက်အောင် ရှောင်ရှားရမယ်။"
လူတိုင်း၏ မျက်နှာအမူအရာများ လေးနက်သွားကြသည်။
ကြောက်ရွံ့မှု မရှိဘဲ၊ `မူလဓားအရိုး` ၏ အရေးပါမှုသည် `မူလအမြုတေ နယ်ပယ်` အသက် တစ်ချောင်းထက်ပင် သာလွန်နေသည်ကို ရှင်းလင်းစွာ နားလည်ထားကြ၏။
စူးစမ်းရန်အတွက် တစ်ဦးကို စတေးရမည့် အခြေအနေအထိ ဖြစ် လေသည်။ မကြာသေးမီ ရက်များအတွင်း အထက်မှ အမိန့်များကြောင့် ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။
"ဘယ်သူ သွားမလဲ။"
တစ်စုံတစ်ယောက်က လူတိုင်း စိုးရိမ်နေသော မေးခွန်းကို မေးလိုက်၏။
ခေါင်းဆောင်က လူအုပ်ကို ဝေ့ကြည့်လိုက်သည်။
သူက နောက်ဆုံးတွင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလေသည်။
"ကဲ၊ စည်းမျဉ်း အဟောင်းအတိုင်းပဲ... မဲနှိုက်ကြတာပေါ့။”
["ကူ" (蛊)၊ (မြန်မာလို "ကူ" ဒါမှမဟုတ် "ကူပိုး" လို့ သုံးနှုန်းကြပါတယ်) ဆိုတာဟာ တရုတ်သိုင်းလောက (Wuxia/Xianxia) ဝတ္ထုတွေနဲ့ ရှေးဟောင်း ဒဏ္ဍာရီတွေထဲက အလွန်ကြောက်စရာကောင်းတဲ့ "အဆိပ်ပိုး" ဒါမှမဟုတ် "မှော်အတတ်"တစ်မျိုးကို ခေါ်တာပါ။
ဒါဟာ ရိုးရိုး အကောင် မဟုတ်ပါဘူး။
"ကူ" ဆိုတာ အဓိကအားဖြင့် "အဆိပ်ကို အခြေခံတဲ့ မှော်အတတ် (Black Magic) တစ်မျိုး" ဖြစ်ပါတယ်။ သူ့ကို ဖန်တီးတဲ့ နည်းလမ်းက အလွန် ရက်စက်ပြီး၊ သူ့ရဲ့ အသုံးဝင်ပုံတွေကလည်း ကြောက်မက်ဖွယ်ရာ ကောင်းပါတယ်။
တရုတ်စာလုံး "蠱" (ကူ) ကိုယ်တိုင်က "အင်းဆက်ပိုးကောင်များ (虫) ကို အိုး (皿) တစ်လုံးထဲမှာ ထည့်ထားတဲ့" ပုံကို ဖော်ညွှန်းတဲ့ စာလုံးပါ။
“ကူ”ကို ဖန်တီးတဲ့ နာမည်အကြီးဆုံး နည်းလမ်းကတော့ "ကောင်တစ်ရာ အဆိပ်" ဖော်စပ်နည်းပါ။ အဆိပ်ပြင်းတဲ့ သတ္တဝါတွေ (ဥပမာ- မြွေ၊ ကင်းမြီးကောက်၊ ကင်းခြေများ၊ ပင့်ကူ၊ ဖားပြုတ် စသဖြင့်) အများအပြားကို ရှာဖွေ စုစည်းရပါတယ်။
အဲ့ဒီ အဆိပ်ပြင်း သတ္တဝါတွေ အားလုံးကို အလုံပိတ်ထားတဲ့ အိုးကြီးတစ်လုံး ဒါမှမဟုတ် မြေအိုးတစ်လုံးထဲမှာ ထည့်လိုက်ပါတယ်။ အဲ့ဒီ အကောင်တွေဟာ လွတ်မြောက်စရာ နေရာမရှိတဲ့အခါ အချင်းချင်း ပြန်လည် တိုက်ခိုက်၊ ကိုက်ဖြတ်၊ စားသောက်ကြပါတယ်။ ရက်ပေါင်းများစွာ ကြာတဲ့အခါ၊ အားအနည်းဆုံး အကောင်တွေ သေဆုံးပြီး၊ အင်အားအကြီးဆုံးနဲ့ အဆိပ်အပြင်းဆုံး သတ္တဝါ တစ်ကောင်တည်း သာ နောက်ဆုံး ကျန်ရစ်ခဲ့ပါတယ်။
အဲ့ဒီ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ တစ်ကောင်တည်းသော အကောင်ကို "ကူ" (ကူပိုး) လို့ ခေါ်ပါတယ်။ သူဟာ ကျန်တဲ့ အကောင်တွေရဲ့ အဆိပ်အားလုံးကို စုပ်ယူထားပြီး အဆိပ်ပြင်းလွန်းတဲ့၊ သဘာဝလွန် စွမ်းအင်တွေ ရှိနေတဲ့ "အဆိပ်ပေါင်းချုပ်" ဖြစ်သွားပါပြီ။
သိုင်းလောကမှာ "ကူ" ကို ဘယ်လို အသုံးပြုသလဲ။
သိုင်းဝတ္ထုတွေထဲမှာ "ကူ" ကို နည်းလမ်း မျိုးစုံနဲ့ အသုံးပြုကြပါတယ်။
၁။ သေစေနိုင်သော အဆိပ်:
ဒါက အခြေခံ အသုံးပြုနည်းပါ။ "ကူ" ပိုး (သို့မဟုတ် "ကူ" ကနေ ထုတ်ထားတဲ့ အဆိပ်) ကို တစ်စုံတစ်ယောက်ရဲ့ အစားအသောက်ထဲ ခတ်ကျွေးလိုက်တာ၊ ဒါမှမဟုတ် ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တာမျိုးပါ။ ဒီ "ကူ" အဆိပ်မိတဲ့သူဟာ ရိုးရိုးအဆိပ်မိသလို ချက်ချင်း မသေဘဲ၊ အချိန်ကြာလာတာနဲ့အမျှ အတွင်းကလီစာတွေ ပျက်စီးပြီး အလွန်နာကျင်စွာနဲ့ တဖြည်းဖြည်း သေဆုံးရလေ့ ရှိပါတယ်။
၂။ ထိန်းချုပ်ရေး "ကူ" :
ဒါက ပိုပြီး ကြောက်စရာကောင်းတဲ့ အသုံးပါ။
* အချစ်ကူ : အများအားဖြင့် တောင်ပိုင်းဒေသက အမျိုးသမီးတွေ အသုံးပြုတဲ့ အတတ်လို့ ဆိုကြပါတယ်။ အမျိုးသားတစ်ယောက်ကို ဒီ "ကူ" ခတ်လိုက်ရင်၊ အဲ့ဒီအမျိုးသားဟာ တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားနိုင်တော့ဘဲ၊ "ကူ" ပိုင်ရှင် အမျိုးသမီးကိုပဲ အရူးအမူး ချစ်ခင်စွဲလမ်းနေစေပါတယ်။
* သစ္စာခံ ကူ : မိစ္ဆာဂိုဏ်းခေါင်းဆောင်တွေက သူတို့ရဲ့ လက်အောက်ငယ်သားတွေကို သစ္စာမဖောက်အောင် ထိန်းချုပ်ဖို့ သုံးပါတယ်။ "ကူ" ပိုးကို လက်အောက်ငယ်သားရဲ့ ခန္ဓာကိုယ်ထဲ ထည့်ထားလိုက်တယ်။ ပိုင်ရှင်က အမိန့်ပေးတဲ့အခါ (ဥပမာ- အချိန်မှန် အဆိပ်ဖြေဆေး မသောက်ရရင်) အဲ့ဒီ "ကူ" ပိုးက အတွင်းကနေ ပြန်ကိုက်ခဲပြီး သေစေနိုင်တာမျိုးပါ။ ဒါကြောင့် လက်အောက်ငယ်သားက သေမှာကြောက်လို့ သစ္စာခံရပါတယ်။
၃။ ကပ်ပါး ကူ: “ကူ” ပိုးကို ကိုယ့်ခန္ဓာကိုယ်ထဲမှာ မွေးမြူထားတာမျိုးပါ။ "ကူ" ပိုးက ကျင့်ကြံသူရဲ့ "ချီ" (စွမ်းအင်) ကို စားသုံးပြီး ကြီးထွားလာတယ်။ တစ်ဖန် "ကူ" ပိုးကလည်း သူ့ရဲ့ ပိုင်ရှင်ကို အထူးစွမ်းအင်တွေ (ဥပမာ- ပိုပြီး အဆိပ်ပြင်းစေတာ၊ ဒါမှမဟုတ် အကာအကွယ်ပေးတာ) ပြန်ပေးတာမျိုး၊ နှစ်ဦးသား အပြန်အလှန် မှီခိုနေရတဲ့ ပုံစံမျိုးလည်း ရှိပါတယ်။
အချုပ်ပြောရရင်:
"ကူ" ဆိုတာ တရုတ်သိုင်းလောကရဲ့ အမှောင်ဘက်ခြမ်း ၊ အထူးသဖြင့် တောင်ပိုင်း တိုင်းရင်းသား မျိုးနွယ်စုတွေရဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ "အဆိပ်ပိုး" အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ ]