← Chapters

တစ်ယောက်ယောက်က သခင်လေးကို အနိုင်ကျင့်ခဲ့တာလား(၃)

Vol. 6 Ch. 76

တစ်ယောက်ယောက်က သခင်လေးကို အနိုင်ကျင့်ခဲ့တာလား(၃)

Vol. 6 Ch. 76

"သူက ငွေမပါဘဲနဲ့ မြင်းစာတွေကို မှာထားချင်တာလား...ဒါက အရမ်းရယ်ဖို့ ကောင်းတာပဲ"

စွန်းဟုန်က ပြောဆိုသည်။

ကျိုးယွဲ့က ဆက်လက်ပြီး ပြောဆိုလိုက်၏။

"သေချာတာပေါ့...စျေးနှုန်းကို ကြားပြီးတဲ့နောက်မှာ သူက ဒီနေရာမှာ ငွေအမြန်ရှာလို့ရတဲ့နည်းလမ်း ရှိမရှိ မေးခဲ့တယ်....ဒါက တိုက်ပွဲထဲကို ရောက်တော့မှ လက်နက်ယူလာခဲ့ဖို့ မေ့တာနဲ့အတူတူပဲ...ဒါ့ပြင် သူက ငွေရှာဖို့အတွက် မြင်းတွေကို ယဥ်ပါးအောင်လုပ်ဖို့ ရွေးချယ်ခဲ့တယ်"

"မြင်းတွေကို ယဥ်ပါးအောင် လုပ်တာလား"

စွန်းဟုန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါက သူ ဘေးကပ်ဆိုးကြီးတစ်ခုကို ခေါ်ယူလိုက်တာပဲ...သူက မြင်းကန်ခံရပြီးတော့ အညိုအမည်းဆွဲပြီး ပြန်ရောက်လာလိမ့်မယ်"

"သေချာတာပေါ့"

ကျိုးယွဲ့က ပြုံးလိုက်သည်။

"သူက အဖြူရောင်ကျောက်တုံးမြို့ထဲမှာ အတော်ဆုံး မြင်းယဥ်ပါးစေသူတွေ လက်မြှောက်ထားတဲ့ ကြက်သွေးနီဆီကို သွားတယ်...အဲ့ဒီကောင်ကို ကြည့်ရတာ အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်....သူက အဲ့ဒီမြင်းကို ယဥ်ပါးအောင် လုပ်နိုင်မယ်လို့ သူ ထင်နေတာများလား...ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ...မြင်းစာဝယ်ဖို့ နေနေသာသာ သူ အသက်ရှင်ရက် ပြန်လာနိုင်ရင်တောင် တော်တော်လေး ကံကောင်းနေပြီ"

ထိုစကားအဆုံးသတ်သွားသည်နှင့် သူတို့ ပြောဆိုနေသော လူငယ်လေးသည် ကောင်တာ၏ရှေ့၌ ထွက်ပေါ်လာကာ မျက်မှောင်အနည်းငယ် ကြုတ်ထားလေ၏။

"မြင်းစာတွေ အဆင်သင့် ဖြစ်ပြီလား"

"ငါ အဲ့ဒါတွေကို မပြင်ဆင်ခင်...မင်း အရင်ဆုံး ငွေပေးချေဖို့ လိုတယ်"

ကျိုးယွဲ့က အေးစက်စက်အပြုံးနှင့် တုံ့ပြန်သည်။

ဤလူငယ်သည် မြင်းယဥ်ပါးစေရာ၌ ကျရှုံးခဲ့သည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် လူငယ်၏ခန္ဓာကိုယ်ပေါ်၌ ခြစ်ရာတစ်ရာပင် မရှိသဖြင့် ကြိုးစားကြည့်ခဲ့ခြင်း မရှိကြောင်း သူနားလည်သွားသည်။ ဤလူငယ်သည် သူ မလုပ်နိုင်သည်ကို သိရှိသွားသဖြင့် လက်ဗလာဖြင့် ပြန်လာခဲ့ခြင်း ဖြစ်ပေမည်။ ယခုအချိန်၌ ဤလူငယ်သည် ခြူးတပြားမျှမရှိသော လူလိမ်တစ်ယောက် ဖြစ်နေလေရာ သူသည် မည်သည့်အထူးဝန်ဆောင်မှုမျိုးကိုမျှ ပေးမည်မဟုတ်ချေ။

သို့ရာတွင် သူ၏အတွေးများ အဆုံးမသတ်သေးမီမှာပင် လူငယ်သည် ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ထပ်ကို ပေါ့ပေါ့ပါးပါးထုတ်ယူပြီး သူထံသို့ လက်ကမ်းပေးလေသည်။

"ဒါဆိုရင် လုံလောက်တယ် မဟုတ်လား..."

ကျိုးယွဲ့သည် ငွေလက်မှတ်များကို ယူပြီးနောက်သူ၏မျက်လုံးများသည် သူ၏မျက်လုံးအိမ်အတွင်းမှ ကျွတ်ထွက်တော့လုမတတ်ပင်။ ငွေလက်မှတ်တစ်ရွက်စီသည် ရင်းမြစ်ဒင်္ဂါးငါးထောင်တန်သဖြင့် အရွက်နှစ်ဆယ်ရှိလေရာ စုစုပေါင်း ရင်းမြစ်ဒင်္ဂါးတစ်သိန်းပင်။

သူသည် တစ်လလျှင် လစာငွေ ရင်းမြစ်ဒင်္ဂါးခြောက်ရာသာ ရရှိသဖြင့် ဤရင်းမြစ်ဒင်္ဂါးတစ်သိန်းသည် သူ၏ဆယ့်လေးနှစ်စာလစာငွေနှင့် တူညီလုနီးပါးပင်။ ထို့ပြင် ဤသည်မှာ သူ လူလိမ်ဟု နောက်ကွယ်၌ ခေါ်ဆိုသောလူထံမှထွက်လာခဲ့ခြင်း ဖြစ်ပေ၏။

"ဒါက လုံလောက်တာထက်တောင် ပိုနေပါပြီ"

ကျိုးယွဲ့က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။ သူ၏လက်များ တုန်ရီနေကာ မြင်းစာဖိုးအတွက် ငွေလက်မှတ်နှစ်ရွက်ကို ယူဆောင်ပြီး ကြွင်းကျန်သောအရာများကို လူငယ်လေးထံ ပြန်ပေးလိုက်သည်။ ဤလူငယ်လေးသည် အချိန်တိုအတွင်းတွင် ဤမျှထိ များပြားသောငွေများကို မည်သို့ ရရှိလာသနည်း။

ဤလူငယ်သည် မြင်းများကို အမှန်တကယ် ယဥ်ပါးအောင် လုပ်နိုင်ခဲ့ခြင်းမှ ဤငွေများကို ရရှိလာခဲ့သလော။ အကယ်၍ ထိုသို့ဖြစ်ပါက အလွန်ကြောက်မက်ဖွယ် ကောင်းပေမည်။

ငွေလက်မှတ်များ ပြန်ပေးနေစဉ်တွင် အစောပိုင်းက ကျိုးယွဲ့၏အထင်အမြင်သေးမှုများ လွင့်ပြယ်သွားကာ ထိတ်လန့်တုန်လှုပ်မှုက အစားထိုးဝင်ရောက်လာသည်။

မြင်းစာများကို ပြင်ဆင်ခြင်းသည် ရှုပ်ထွေးခြင်းမရှိသဖြင့် မကြာမီမှာပင် တစ်လစာမြင်းစာ အဆင်သင့်ဖြစ်သွားလေပြီ။ ကျန်းရွှမ်သည် မြင်းစာများ ပို့ဆောင်ပေးရန်အတွက် လိပ်စာပေးပြီးနောက် မြင်းခြံမှနေ၍ ထိုနေရာသို့ ပေးပို့ရန် စီစဉ်လိုက်၏။

ကျိုးယွဲ့နှင့် ထပ်မံပတ်သက်ရန် အကြောင်းမရှိတော့သဖြင့် ကျန်းရွှမ်က မြင်းဇောင်းအစေခံဘက်သို့လှည့်ပြီး မေးမြန်းလိုက်သည်။

"ငါ့ကို မြင်းသမားတော်တွေ ရှိတဲ့နေရာဆီ ခေါ်သွားပေးပါ...ငါက သူတို့ကို မေးခွန်းနည်းနည်းလောက် မေးချင်တယ်"

"ရပါတယ်....အကြီးအကဲကျန်း ဒီလမ်းကနေ ကြွပါ"

မြင်းဇောင်းအစေခံထံတွင် ယခုအချိန်၌ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေကာ ကျန်းရွှမ်အား လမ်းပြခေါ်ဆောင်လိုက်၏။

သူတို့ ထွက်ခွာသွားပြီးနောက် စွန်းဟုန်သည် ကျိုးယွဲ့၏ အံ့အားသင့်နေသောအမူအယာကို မြင်တွေ့သဖြင့် အပြုံးနှင့် ပြောဆိုလိုက်သည်။

"သူက မြင်းတွေကို ယဥ်ပါးစေတာကနေ ငွေရှာနိုင်တာလို့ မင်း တကယ်ကြီး ထင်နေတာလား"

ကျိုးယွဲ့သည် ဤကိစ္စကို စဉ်းစားတွေးတောနေဆဲပင်။

"သူ မလုပ်နိုင်ခဲ့ဘူးလို့ မင်း ထင်တာလား"

စွန်းဟုန်သည် ငတုံးတစ်ယောက်ကို ကြည့်သည့်အလား ကျိုးယွဲ့ကို ကြည့်လိုက်၏။

"သူက ကြက်သွေးနီကို ယဥ်ပါးအောင် လုပ်နိုင်ရင်တောင် ဆုလာဘ်က ရင်းမြစ်ဒင်္ဂါးတစ်သောင်းပဲရှိတာ...သူက ဘယ်လိုလုပ်ပြီးတော့ အချိန်တစ်နာရီမပြည့်ခင်မှာ ကြက်သွေးနီလိုမြင်းမျိုး အကောင်နှစ်ဆယ်ကို ယဥ်ပါးအောင် လုပ်နိုင်မှာလဲ.... ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး....သူက အိမ်ကိုပြန်ပြီးတော့ ငွေယူလာတာပဲဖြစ်မယ်....ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်စုရဲ့ မိသားစုဝင်တစ်ယောက်အတွက် ဒီငွေလေးနည်းနည်းက ဘာအခက်အခဲမှ မရှိနိုင်ဘူး"

ကျိုးယွဲ့သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးနောက် နားလည်သဘောပေါက်သွားသည်။

"ဒါက အဓိပ္ပာယ်ရှိတယ်..အစကတော့ ငါက သူ့ကို သားရဲယဥ်ပါးစေသူတစ်ယောက်လို့ ထင်ခဲ့တာ...ဒါပေမဲ့ တကယ်တော့ သူက ဟန်ဆောင်နေတဲ့ လူချမ်းသာသခင်လေးတစ်ယောက်ပဲ"

သူသည် လှည့်စားခံရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်သွားကာ နှာတချက်မှုတ်လိုက်သည်။

"မင်း သိလား...ငါက ဆရာကျိုးချွမ်နဲ့ သိတယ်....သူက ဒီကောင်လေးလိုမျိုး လူလိမ်တွေကို အရမ်းမုန်းတယ်....နောက်တစ်ကြိမ်ကျရင် ငါက ဆရာကျိုးချွမ်ကို ဒီကောင်လေးအကြောင်း ပြောပြရလိမ့်မယ်"

ကျိုးယွဲ့၏စကား အဆုံးမသတ်သေးမီမှာပင် စွန်းဟုန်၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်သွားသည်ကို သူ မြင်တွေ့မိသည်။ သူသည် နောက်သို့လှည့်ကြည့်လိုက်ရာ ဤတုံ့ပြန်မှုကို ဖြစ်စေသည့် အကြောင်းအရင်းကို မြင်တွေ့မိလေ၏။

ဧည့်ခန်းမအတွင်းတွင်ရှိနေသော ကျိုးချွမ်နှင့် တခြားနာမည်ကြီး မြင်းယဥ်ပါးစေသူများသည် အစောပိုင်းက ကောင်တာမှ ထွက်ခွာသွားသော လူငယ်ကို ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုနေကြသည်။ သူတို့သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသဖြင့် သူတို့၏အသံများသည် အဆောက်အအုံတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။

"ဆရာကျန်းကို အရိုအသေပြုပါတယ်"

"ဆ...ဆရာလား"

ကျိုးယွဲ့ ရင်တုန်သွားသည်။ အဖြူရောင်ကျောက်တုံးမြို့၏ ထိပ်သီးမြင်းယဥ်ပါးစေသူများအနက်မှ တစ်ယောက်ဖြစ်သော ကျိုးချွမ်နှင့် အခြားမြင်းယဥ်ပါးစေသူများသည် လူလိမ်တစ်ယောက်ကို ဦးညွှတ်အရိုအသေပြုနေကြ၏။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။

ကျိုးယွဲ့နှင့်စွန်းဟုန်တို့သည် ထိတ်လန့်တကြားဖြင့် အကြည့်ခြင်း ဖလှယ်လိုက်ကြကာ သူတို့နှစ်ယောက်လုံး လုံးလုံးလျားလျား ဆွံ့အနေသည်။

All Chapters