ထိတ်လန့်တုန်လှုပ်သွားသော ယုလုံချင်း
Vol. 6 Ch. 78
ကျန်းရွှမ်သည် စာအုပ်ရာဂဏန်းအနည်းငယ်ကို အလွန်လျှင်မြန်စွာဖတ်ရှုခဲ့ပြီး အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာပင် ထိုအရာများအားလုံးကို သူ၏ကောင်းကင်ဘုံစာကြည့်လိုက်အတွင်းသို့ ကူးယူပြီးလေပြီ။ မြင်းများနှင့်ပတ်သက်သည့် ဗဟုသုတများသည် သူ၏စိတ်အတွင်းသို့ စီးဝင်လာသဖြင့် သူသည် ထိုအရာများကို ခွဲခြမ်းစိတ်ဖြာလိုက်၏။
"ဒီစာအုပ်တွေမှာ မြင်းတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲက မရီဒါန်းတွေတိုင်းကို မှတ်သားမထားပေမယ့် ဆယ်ဂဏန်းလောက်ကိုတော့ အသေးစိတ်ကျကျ ဖော်ပြထားတယ်....ဒါက သောက်လီရဲ့ ရင်းမြစ်စွမ်းအင် စုပ်ယူမှုနှုန်းကို သိသိသာသာ တိုးတက်သွားစေနိုင်တယ်"
ကျန်းရွှမ်သည် တွေးတောလိုက်ပြီးနောက် ဤရလဒ်အပေါ် သူ အလွန်စိတ်ကျေနပ်နေသည်။
မြင်းခြံမှထွက်လာခဲ့ပြီးနောက် ကျန်းရွှမ်သည် ထပ်မံ၍ ခြေမရှည်တော့ဘဲ ကျောင်းတော်သို့ပြန်ခဲ့သည်။ ယနေ့အတွက် သူ၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် မြင်းစာဝယ်ရန် မြင်းများ၏ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပတ်သက်သော စာအုပ်များကိုရှာဖွေရန် ကိစ္စနှစ်ခုလုံး အောင်မြင်သွားလေပြီ။ ထိုမျှသာမက သူသည် ရင်းမြစ်ဒင်္ဂါးအမြောက်အများကို ရှာဖွေနိုင်ခဲ့သည့်အပြင် ဧည့်အကြီးအကဲရာထူးကိုလည်း ရရှိခဲ့သည်။ အရာအားလုံး အခြေတကျဖြစ်သွားသဖြင့် ယခုအချိန်၌သူ ဒုက္ခများတော့မည် မဟုတ်ချေ။
ခြံဝန်းငယ်လေးအတွင်းသို့ ပြန်ရောက်ပြီးနောက် ကျန်းရွှမ်သည် သောက်လီကို ဗိုက်ပြည့်အောင် ကျွေးလိုက်၏။ ထို့နောက် သူသည် မြင်း၏မရီးဒါန်းဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကို ဂရုတစိုက် လေ့လာလိုက်သည်။ သူသည် ကောင်းကင်ဘုံစာကြည့်တိုက်၏ အကူအညီဖြင့်မြင်းများကျင့်ကြံနိုင်သည့် သီးသန့်ကျင့်ကြံနည်းစနစ်တစ်ခုကိုပင် ဖန်တီးနိုင်ခဲ့သည်။ ထိုနည်းစနစ်ကို စာရွက်ပေါ်၌ ချရေးပြီး သောက်လီအား လေ့ကျင့်ရန် ညွှန်ကြားလိုက်၏။ ထိုကိစ္စများကို ပြုလုပ်ပြီးနောက် ကျန်းရွှမ်က သူ၏အခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်။
သူသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့် (ရင်းမြစ်ရေအိုင်နယ်ပယ် တတိယအဆင့်)သို့ ရောက်ရှိခဲ့သော်လည်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် လမ်းကြောင်းသည် အလှမ်းကွာဟနေဆဲပင်။ ထို့ပြင် သူ၏ဒဏ်ရာများသည် ယခုထိတိုင် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသဖြင့် ယခုအချိန်၌ ပြန်လည်ကောင်းမွန်ရေးနှင့်ကျင့်ကြံဆင့်မြှင့်တင်ရေးတို့ကို အာရုံစိုက်ရန် အချိန်ကျလာလေပြီ။
သူ ကျင့်ကြံနေစဉ်၌ သန့်စင်သော ရင်းမြစ်စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် စီးဝင်နေကာ သူ၏ ရင်းမြစ်ရေအိုင်အတွင်း၌ ပြည့်နှက်သွားသည်။ ထို့နောက် သူ၏မရီဒါန်းများ ပြန့်ကားလာကာ သူ့၏ခွန်အား တဖြည်းဖြည်း တိုးတက်လာပေ၏။
...
ထိုအချိန်မှာပင် ကျန်းရွှမ်၏နေရာနှင့် မလှမ်းမကမ်းအကွာရှိ ကျောင်းသားအိပ်ဆောင်မှ ပြတင်းပေါက်နံဘေးတွင် အရိပ်တစ်ရိပ် ရုတ်တရက် ထွက်ပေါ်လာသည်။
ဒေါက်...ဒေါက်...ဒေါက်...
ပြတင်းပေါက်ကို ညင်သာစွာ ခေါက်လိုက်သောအသံ ထွက်ပေါ်လာပေ၏။
"ဘယ်သူလဲ..."
အခန်းအတွင်းမှနေ၍ ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာပြီး ဤသည်မှာ ယုရှောင်ယွီပင်။
"အဖေပါ..."
ပုံရိပ်က တုံ့ပြန်အဖြေပေးသည်။
တံခါးပွင့်သွားပြီးနောက် မြို့အရှင် ယုလုံချင်း ဝင်ရောက်လာကာ သူ၏သမီးအား ပြုံးပြလေ၏။
"ငါ မင်းကို စောင့်ခိုင်းစေခဲ့မိပြီ...ချင်ကွမ်းသားရဲသွေးကို ထုတ်လိုက်ပါ....ငါက အခု မင်းရဲ့ မီးပြင်းဖိုကို ထွန်းညှိနိုင်ဖို့ ကူညီပေးမယ်...ဘာမှမစိုးရိမ်နဲ့....ငါ ဒီနေရာမှာ ရှိနေမှတော့ အဆိုးဆုံးအနေနဲ့ မင်းက အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ရနိုင်လိမ့်မယ်....ဒါက မိုယန်ရွှယ်ထက် နိမ့်ကျမှာ မဟုတ်ဘူး"
သူ၏စကားအဆုံးသတ်သွားချိန်တွင် ယုရှောင်ယွီ၏မျက်နှာပေါ်၌ ကိုးရိုးကားယားဖြစ်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အဖေ....အဲ့ဒီလိုလုပ်ဖို့ မလိုတော့ဘူး...ဆရာကျန်းက သမီးကို ကူညီပြီးတော့ မီးပြင်းဖိုကို ထွန်းညှိပေးပြီးပြီ"
ယုလုံချင်းသည် အံ့အားသင့်သွားပေ၏။
"ချင်ကွမ်းသားရဲသွေးကို ဖွက်ထားပြီးတော့ လော့ကျစ်ငှက်သွေးကို အစားထိုးပြီးသုံးဖို့ အကြံပေးလျောင်ကနေတဆင့် ငါ မင်းကို ညွှန်ကြားလိုက်တယ် မဟုတ်လား"
ယုရှောင်ယွီက ပုလင်းငယ်တလုံးကို ထုတ်ယူကာ ခါးသည်းသောအပြုံးနှင့် သူမဖခင်၏ရှေ့၌ ချထားလိုက်သည်။
"သမီးက ချင်ကွမ်းသားရဲသွေးကို အသုံးမပြုခဲ့ဘူး....ဆရာကျန်းက လော့ကျစ်ငှက်သွေးကို သုံးပြီးတော့ သမီးရဲ့မီးပြင်းဖိုကို ထွန်းညှိပေးခဲ့တာပါ"
ယုလုံချင်းက ပုလင်းအဖုံးကိုဖွင့်ပြီး ဂရုတစိုက် စစ်ဆေးလိုက်သည်။ ဤချင်ကွမ်းသားရဲသွေးကို မထိမတို့ရသေးသည်မှာ သေချာသဖြင့် သူ၏အမြင်အာရုံ မှောင်မည်းသွားသည်။
"ဒါက အရမ်းဆိုးသွားပြီ"
လော့ကျစ်ငှက်သွေးသည် အဆိုးရွားဆုံးမီးစာများအနက်မှ တစ်ခုဖြစ်ကာ ထိုအရာကို အသုံးပြုလျှင် အောင်မြင်နိုင်ချေ မရှိချေ။ ဤမီးစာ အလုပ်ဖြစ်သွားသည်မှာ သူသည် အမှုမဲ့ အမှတ်မဲ့ သူ၏သမီးဖြစ်သူအား မတော်တဆ ထိခိုက်နစ်နာစေမိပြီဟု ဆိုလိုခြင်းပင်။
ယုလုံချင်း၏လက်ချောင်းများ တုန်ရီသွားပြီးနောက် ဗလုံးဗထွေးလေသံဖြင့် ပြောဆိုသည်။
"မင်း....မင်းက အဆင့်နိမ့်မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့တာလား...မင်း တစ်ရက်ကို စွမ်းအင်တန်း ဘယ်လောက်များများ စုပ်ယူနိုင်လဲဆိုတာ ငါ့ကို ပြစမ်း...စွမ်းအင်တန်း ဆယ်တန်းလား... ဆယ့်ငါးတန်းလား ဒါမှမဟုတ် နှစ်ဆယ်လား"
အဆင့်နိမ့်မီးပြင်းဖိုတစ်လုံးသည် ရင်းမြစ်စွမ်းအင်များကို အလွန်နှေးကွေးစွာသာ စုပ်ယူနိုင်သည်။ ဤသည်မှတဆင့် ယုရှောင်ယွီသည် ပြင်းပြင်းထန်ထန် ကြိုးစားရန် လိုအပ်ကာ သူမ တိုးတက်စေရန်အတွက် ဆေးလုံးများနှင့်ရတနာများကဲ့သို့ အရင်းအမြစ်များကို ပို၍မှီခိုရမည်ဟု အဓိပ္ပါယ်ရသည်။
"အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူး...သမီးက အဖေ့ကို ပြမယ်"
ယုရှောင်ယွီသည် ရှည်ရှည်ဝေးဝေးရှင်းပြပြီး အချိန်ဖြုန်းလိုခြင်း မရှိသဖြင့် ပြောဆိုလိုက်သည်။ သူမသည် ပလ္လင်ခွေထိုင်ပြီးနောက် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ အလွန်လျှင်မြန်စွာ စီးဝင်လာပေ၏။
"စွမ်းအင်တန်းတစ်တန်း...နှစ်တန်း သုံးတန်း ...ဒါက စွမ်းအင်စမ်းချောင်းစီးဆင်းခြင်းနဲ့ တူသလိုပဲ"
ယုလုံချင်း၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်နေသည်။
"အထွတ်အထိပ်အဆင့် မီးပြင်းဖိုတစ်ခုကပဲ တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းနှစ်ရာကျော် စုပ်ယူနိုင်တာ မဟုတ်လား"
"ဟုတ်ကဲ့...."
ယုရှောင်ယွီက ခေါင်းညိတ်ပြသည်။ သူမသည်လည်း ဤကိစ္စကို မယုံကြည်နိုင် ဖြစ်နေဆဲပင်။
"ဆရာကျန်းက လော့ကျစ်ငှက်သွေးကို သုံးပြီးတော့ သမီးအတွက် အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိပေးခဲ့တယ်"
ယုလုံချင်းသည် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်နေလေ၏။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ငါ့ကို ဖြစ်ခဲ့သမျှ အရာအားလုံး ပြောပြစမ်း"
ယုရှောင်ယွီသည် ထိုနေ့တစ်နေ့လုံးအတွင်းရှိ အလောင်းအစားလုပ်ခြင်း အပါအဝင် ပါရမီညံ့ဖျင်းသော ကျောင်းသားဟုန်ရီ ပါဝင်လာမှုအထိ အစအဆုံးရှင်းပြလိုက်၏။
"လူတစ်ယောက်ရဲ့ပါရမီအရည်အချင်း ကောင်းတာပဲဖြစ်ဖြစ် ညံ့ဖျင်းတာပဲဖြစ်ဖြစ်...လော့ကျစ်ငှက်သွေးနဲ့ ဟန်ပေလိပ်သွေးတို့ကို သုံးပြီးတော့ အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိပေးနိုင်တယ်....ဆရာကျန်းရဲ့အရည်အချင်းတွေက ငါ တွေးထားတာထက် ပိုပြီးတော့ ကောင်းနေတဲ့ပုံပဲ"
ယုလုံချင်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ စိတ်လှုပ်ရှားမှုနှင့် နောင်တရမှုတို့ကို ရောယှက်၍ ခံစားနေရသည်။ အကယ်၍ သူသည် လိမ္မာပါးနပ်လွန်ပြီး လော့ကျစ်ငှက်သွေးကို အသုံးပြုရန် ညွှန်ကြားခဲ့ခြင်း မရှိဘဲ အစစ်အမှန် ချင်ကွမ်းသားရဲသွေးကိုသာ အသုံးပြုစေခဲ့ပါက မည်သည့်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်မည်နည်း။ တော်ဝင်အဆင့် သို့မဟုတ် ဧကရာဇ်အဆင့်ပင် ဖြစ်နေနိုင်သလော။
အခွင့်အရေးကောင်းကြီးတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရလေပြီ။
"အဖေ....အဖေက ဆရာကျန်းရဲ့အရည်အချင်းတွေကို သိထားတာကြောင့် သမီးကို သူရဲ့လက်အောက်မှာ သင်ယူဖို့ ခေါင်းမာမာနဲ့ တောင်းဆိုခဲ့တာလား"
ယုရှောင်ယွီသည် သူမ၏သံသယများ ကြီးထွားလာသဖြင့် မအောင့်အည်းနိုင်တော့ဘဲ ဖွင့်ဟမေးမြန်းလိုက်၏။
"ငါ...."
ယုလုံချင်းထံ၌ ပြောစရာစကားလုံးများ ပျောက်ဆုံးနေသည်။
'ငါ သိတာလား....တကယ်လို့ ငါသာ ကြိုသိခဲ့ရင် ငါက မင်းကို လော့ကျစ်ငှက်သွေး ပေးခဲ့ပါ့မလား'
သို့ရာတွင် သူသည် ဤကိစ္စကို ဝန်ခံနိုင်ခြင်း မရှိသဖြင့် သက်ပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်သည်
"အကြောင်းအရင်းကို မင်း သိဖို့မလိုဘူး...မင်းက ဆရာကျန်းကို လေးလေးစားစား ဆက်ဆံပြီးတော့ သူ့ရဲ့လမ်းညွှန်မှုတွေကို သေချာလိုက်နာရမယ်...မင်း အဲ့ဒီလိုလုပ်နိုင်တာနဲ့ နောင်အနာဂတ်မှာ မင်းအတွက် အရမ်းကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာလိမ့်မယ်"
"ဟုတ်ကဲ့ပါ အဖေ"
ယုရှောင်ယွီသည် သူမဖခင်၏လေသံမှ တည်ကြည်လေးနက်မှုကို သတိပြုမိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူ၏သမီးဖြစ်သူမှ ဖိအားပေးပြီး ထပ်မံမေးမြန်းမည်ကို စိုးရိမ်သဖြင့် ယုလုံချင်းက စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဆရာကျမ်းက မနက်ဖြန်ကျရင် မင်းကို စွမ်းအင်စုစည်းခြင်းနည်းစနစ် သင်ပေးမယ်လို့ မင်း ပြောခဲ့တယ် မဟုတ်လား"
"ဟုတ်ကဲ့..."
ယုရှောင်ယွီက အတည်ပြုလိုက်သည်။
ယုလုံချင်းက အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။
"စွမ်းအင်စုစည်းခြင်းဆိုတာက ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူပြီးတော့ ခွန်အားကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်ပဲ...ဒါက ရင်းမြစ်စစ်သည်တော်သည်တွေ အားလုံးအတွက် အရေးပါတဲ့အဆင့်ပဲ...သူက မင်းကို ကျောင်းတော်ရဲ့ စံသတ်မှတ်ချက်နည်းလမ်းဖြစ်တဲ့ စွမ်းအင်ဆင့်ခေါ်စုစည်းခြင်း နည်းစနစ်ကို သင်ပေးမယ်လို့ ငါ ခန့်မှန်းမိတယ်.. အဲ့ဒီနည်းလမ်းက မဆိုးပေမယ့် မြို့အရှင်အိမ်တော်မှာ လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ် ရှိတယ်...ဒါက အဖြူရောင်ကျောက်တုံးမြို့တော်မှာ အကောင်းဆုံးပဲ...တခြားနည်းစနစ်တွေထက် ဒါက အများကြီးသာလွန်တယ်"
"ဒါကြောင့် မနက်ဖြန်ကျရင် ဆရာကျန်း ဘာကိုပဲသင်နေနေ ရိုးရှင်းတာပဲဖြစ်ဖြစ် ခက်ခဲတာပဲဖြစ်ဖြစ် မင်းက နားလည်သွားပြီ တတ်မြောက်သွားပြီလို့ ပြောရမယ်...
အဲ့ဒါပြီးတာနဲ့ ညနေကျရင် မင်း အိမ်ကို ပြန်လာခဲ့တော့...ငါက မင်းကို လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ် သင်ပေးမယ်....နောက်တစ်နေ့ကျရင် မင်းရဲ့တိုးတက်မှုကို ထုတ်ဖော်ပြသတဲ့အချိန်မှာ ဆရာကျန်းက မင်းကို အထင်ကြီးသွားမှာ သေချာတယ်"