ထိတ်လန့်တုန်လှုပ်သွားသော ယုလုံချင်း
Vol. 6 Ch. 79
"ဟုတ်ကဲ့...."
ယုရှောင်ယွီက သူမဖခင်၏ရည်ရွယ်ချက်ကို နားမလည်သော်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ဖခင်သည် ဤမျှထိ အလွန်လေးနက်စွာ ညွှန်ကြားနေသောကြောင့် သူ၏အစီအစဉ်အတိုင်းလိုက်နာရန် သူမ ဆုံးဖြတ်လိုက်၏။
"တကယ်တော့ ငါက မနက်ဖြန်ကျရင် မင်းရဲ့စာသင်ခန်းကို လာခဲ့မယ်"
ယုလုံချင်းက ဆက်လက်၍ ပြောဆိုသည်။
"သူ့ရဲ့သင်ပြမှုတွေမှာ အားနည်းချက်တွေ ကွာဟချက်တွေ ရှိမရှိဆိုတာ ငါ သိချင်တယ်... တကယ်လို့ ငါ ရှာတွေ့ခဲ့ရင် ညနေရောက်တာနဲ့ ငါ မင်းကို အဲ့ဒါတွေအားလုံး ရှင်းပြမယ်.... နောက်တစ်နေ့ကို ရောက်တာနဲ့ မင်းက အဲ့ဒီအရာတွေကို မင်းကိုယ်တိုင် ရှာတွေ့သလိုမျိုး ဆရာကျန်းကို ပြောလိုက်ပါ"
ယုရှောင်ယွီက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့ မနက်ဖြန် အတန်းက တံခါးဖွင့်သင်ခန်းစာ မဟုတ်ဘူး....ဆရာကျန်းက အဖေ့ကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး"
ယုလုံချင်းက ယုံကြည်ချက်ခိုင်မာသော အပြုံးနှင့် ပြောဆိုသည်။
"တကယ်လို့ ငါက အခန်းထဲကို မဝင်နိုင်ရင်လည်း အပြင်ကနေ နားထောင်မယ်လေ....သူ့ရဲ့သင်ပြမှုကို စူးစမ်းလေ့လာနိုင်ဖို့ နည်းလမ်းတွေ တခုထက်မက ငါ့မှာ ရှိတယ်...တကယ်လို့ အဲ့ဒီနည်းလမ်းတွေအားလုံး ကျရှုံးသွားရင်တောင် မင်းက ရေးမှတ်ထားပြီးတော့ ငါ့ကို နောက်ပိုင်းကျမှ ပြန်ပြလို့ရတယ်"
"ဟုတ်ကဲ့...."
ယုရှောင်ယွီသည် ခေါင်းညိတ်ပြလိုက်သော်လည်း သူမဖခင်၏ စိတ်အားထက်သန်နေမှုနှင့် ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေဆဲပင်။
ယုလုံချင်းနှင့် ယုရှောင်ယွီတို့ အစီအစဉ်စွဲနေစဉ်တွင် တခြားကျောင်းသားတစ်ယောက်ဖြစ်သော လျှူမင်ယွဲ့သည် သူမ၏အိပ်ဆောင်အတွင်း၌ ကျင့်ကြံနေလေ၏။ သူမသည် အိပ်ရာပေါ်၌ ပလ္လင်ခွေထိုင်ပြီး ရင်းမြစ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူလိုက်သည်။ သူမ၏မရီးဒ်န်းများအတွင်းသို့ မြစ်တစ်စင်းအလား တလိမ့်လိမ့်စီးဝင်လာသည့် သန့်စင်သော ရင်းမြစ်စွမ်းအင်များကို ခံစားမိပြီးနောက် သူမ၏ရင်းမြစ်ရေအိုင် တဖြည်းဖြည်းပြည့်သွားသည်။
"ဆရာကျန်းက ဟန်ပေလိပ်သွေးကို အသုံးပြုပြီးတော့ ငါရဲ့မီးပြင်းဖိုကို ထွန်းညှိပေးခဲ့ပေမယ့် ကြည့်ရတာတော့ လင်းယွမ်သားရဲသွေးနဲ့ ထွန်းညှိတဲ့မီးပြင်းဖိုနဲ့ ဘာကွဲပြားခြားနာမှုမှ ရှိပုံမရဘူး"
လျှူမင်ယွဲ့က တွေးတောကာ ထိုနေ့မှ ဖြစ်ရပ်များကို ပြန်လည်အမှတ်ရချိန်တွင် သူမ၏မျက်လုံးအတွင်း၌ ဝေခွဲရခက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
"ဖြစ်နိုင်တာတော့ ဆရာကျန်းက ငါ တွေးထင်ထားသလို အသုံးမကျတဲ့လူတစ်ယောက် မဟုတ်တာများလား....မဟုတ်ဘူး...ဒါက မဖြစ်နိုင်ဘူး...အရင်ရက်ကတင် သူက ဘာကျင့်ကြံမှုမှမရှိတဲ့ အစေခံတစ်ယောက်လေ...ငါတို့ အလောင်းအစားတောင် လုပ်ခဲ့ကြသေးတယ်"
ကျောင်းတံခါးဝရှိ သူမတို့၏အလောင်းအစားအကြောင်းကို ပြန်အမှတ်ရချိန်တွင် လျှူမင်ယွဲ့၏ဒေါသများ မြင့်တက်လာသည်။ သူမသည် အရှက်ရခဲ့ရုံသာမက သူမ၏အဖိုးတန်မြင်းကိုလည်း သူ့ထံ ပေးအပ်ခဲ့ရသည်။
လျှူမင်ယွဲ့က သူမ၏မျက်နှာကို ထိတွေ့လိုက်သည်။ မြင်းခွာကြောင့်ရသော ဒဏ်ရာများ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သူမ၏ အရေပြားသည် နီမြန်းပြီး အနည်းငယ်ယောင်နေဆဲပင်။
"သောက်လီ....ကျေးဇူးမသိတတ်တဲ့ သစ္စာဖောက်"
ဤမြင်းအား သူမ၏ဖခင် လျှူထျန်ကျန်းသည် တန်ဖိုးအမြောက်အများပေး၍ ပိုင်ယန်မြင်းခြံမှဝယ်ယူခဲ့ရသည်ကို တွေးတောမိချိန်၌ သူမ၏ဒေါသများ မြင့်တက်လာသည်။ စစ်မြေပြင်၌ တိုက်ခိုက်ခဲ့ဖူးသော သောက်လီသည် မိုယန်ရွှယ်၏ဆုရှင်းထက် သုံးဆကျော် ပို၍တန်ဖိုးရှိသည်။ ထိုရင်းမြစ်ဒင်္ဂါးသုံးသိန်းကျော်သည် ယခုလက်ရှိအချိန်၌ ဆုံးရှုံးသွားခဲ့လေပြီ။
"တကယ်လို့ အဖေကသာ သူ အပင်ပန်းခံပြီး ရအောင်ယူထားခဲ့တဲ့ မြင်းကို လက်ထောက်ဆရာတယောက်က ယူသွားခဲ့တယ်ဆိုတာ သိသွားရင် သူ ဒေါသထွက်သွားလိမ့်မယ်"
လျှူမင်ယွဲ့သည် ထိုအကြောင်းကို တွေးတောမိလေလေ သူမ ပို၍ဒေါသထွက်လာလေလေပင်။
"ဒီလိုဆိုမှတော့ အဲ့ဒီလက်ထောက်ဆရာက သောက်လီကို ငါဆီကနေ အတင်းအကြပ်ယူသွားတယ်လို့ ငါက အဖေ့ကို ပြောလိုက်မယ်.....ဒါဆိုရင် အဖေက ကျန်းရွှမ်ကို ပြဿနာရှာပြီး ငါ့ကို သူ့ဆီကနေ နှုတ်ထုတ်လိုက်ရင် ငါက ပိုကောင်းတဲ့ဆရာတစ်ယောက်ကို ရနိုင်လိမ့်မယ်...ငါ ဒါကို လုပ်ရမယ်"
လျှူမင်ယွဲ့သည် ဤအကြံအစည်ကို စိတ်ကျေနပ်သွားသဖြင့် အချိန်မဖြုန်းတော့ဘဲ သူမ၏မြင်းထိန်းကိုခေါ်ပြီး မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ညွှန်ကြားလိုက်သည်။
မြင်းထိန်းထွက်ခွာသွားပြီးနောက် လျှူမင်ယွဲ့သည် စိတ်မကျေမနပ် ခံစားမိဆဲဖြစ်ကာ တခြားအတွေးတစ်ခုကို ရရှိသွားသည်။
"ငါ့အဖေရဲ့ဒေါသကို ငါ'သိတယ်...သူက ကျောင်းတော်ကိုလာတာနဲ့ ပြဿနာရှာမှာ သေချာပေါက်ပဲ....ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတွေ ပိုကြီးလာမှတော့ ငါက အဲ့ဒီလက်ထောက်ဆရာကို လက်စားချေတဲ့အနေနဲ့ နည်းနည်းလောက်ပိုပြီး ဒုက္ခပေးရမယ်"
"ဆရာတစ်ယောက်အတွက် စိတ်အပျက်စေဆုံးကိစ္စက သူ ဘယ်လောက်ပဲ ကြိုးစားပမ်းစားသင်ပြနေပါစေ... သူ သင်ပြနေတဲ့အချိန်မှာ သူ့ရဲ့ကျောင်းသားတွေက နားမလည်နိုင်တာ ဒါမှမဟုတ် ဘာတစ်ခုကိုမှ မသင်ယူနိုင်တာပဲ...ဒါကြောင့် မနက်ဖြန်ကျရင် ကျန်းရွှမ် ဘာကိုပဲပြောပြော ငါက နားမလည်ချင်ယောင်ဆောင်ရမယ်....ဘာတစ်ခုကိုမှ မသင်ယူနိုင်ခဲ့သလို ဟန်ဆောင်ရမယ်....ဒါက သူ့ကို ရူးသွပ်သွားစေနိုင်တယ်"
"ခစ် ခစ်....ငါက အရမ်းဥာဏ်ကောင်းတာပဲ...ဒါက ငါ လိုချင်တဲ့အရာ အတိအကျပဲ"
လျှူမင်ယွဲ့က ရယ်ပြုံးပြီးနောက် ကျန်းရွှမ်သည် ဒေါသထွက်ခြင်းနှင့်စိတ်ပျက်ခြင်းတို့ကြောင့် မျက်နှာရှုံးမဲ့နေမည့်မြင်ကွင်းကို သူမက ကြိုတင်မြင်ယောင်နေလေပြီ။
...
ထိုအချိန်တွင် အဖြူရောင်ကျောက်တုံးမြို့၏ မိသားစုကြီးသုံးစုအနက်မှ တစ်စုဖြစ်သော လျှူအိမ်တော်၌....
မိသားစုခေါင်းဆောင်၏ခြံဝန်းသည် လင်းထိန်နေပေ၏။
"မင်း ဘာပြောလိုက်တာလဲ....မင်ယွဲ့က လက်ထောက်ဆရာတစ်ယောက်ရဲ့ လက်အောက်မှာ တပည့်ခံလိုက်ရတာလား"
လျှူမိသားစုခေါင်းဆောင် လျှူထျန်ကျန်းသည် စားပွဲကို သူ၏လက်ဖြင့် ရိုက်ပုတ်ကာ သူ၏မျက်လုံးများ ဒေါသကြောင့် မီးဝင်းဝင်းတောက်နေသည်။
သူသည် သမီးဖြစ်သူအပေါ် အလွန်ချစ်မြတ်နိုးကာ သူမအတွက် အရာရာတိုင်းကို လုပ်ဆောင်ပေးခဲ့သည်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ လုမင်ရုန်သည် သူ့၏သမီးကို တပည့်အဖြစ်ခေါ်ယူရန် ငြင်းဆန်ခဲ့ရုံသာမက လက်ထောက်ဆရာတစ်ယောက်၏လက်အောက်တွင် သူ၏သမီးကိုသင်ယူခွင့် ပြုခဲ့သလော။ ဤသည်မှာ လျှူမိသားစုကို ရန်စစော်ကားခြင်း မဟုတ်လော။
"ဒါက အမှန်ပါပဲ....မိန်းကလေးမင်ယွဲ့က နေနေ့ညည ငိုကြွေးနေရတယ်....သူက သူ့အတွက် မိသားစုခေါင်းဆောင်လျှူက ရပ်တည်ပေးဖို့ကို မျှော်လင့်နေတယ်"
သတင်းပို့ရန်လာသော ဝမ်ယုရှင်းက ဖြစ်ရပ်များကို ပို၍ချဲ့ကားပြောဆိုလိုက်၏။
"ဒါ့ပြင် ကြည့်ရတာတော့ သူက ပါးရိုက်ခံထားရတဲ့ပုံပဲ....ဒီနေ့ ကျွန်တော် သူ့ကို မြင်လိုက်တဲ့အချိန်မှာ သူ့ရဲ့မျက်နှာနီရဲပြီး ယောင်နေတယ် ....သွေးစသွေးနတွေတောင် ရှိနေသလိုပဲ"
ချန်းဟောင်သည် ဝမ်ယုရှင်အား ကိစ္စများကို တတ်နိုင်သမျှ အဆိုးရွားဆုံးဖြစ်အောင် ပြောဆိုရန် ညွှန်ကြားခဲ့သဖြင့် သူသည် အခြေအနေကို ပုံကြီးချဲ့လိုက်သည်။ လျှူမင်ယွဲ့၏မျက်နှာ ယောင်နေသည်မှာ အမှန်ဖြစ်သော်လည်း သူမ၏အမာရွတ်သည် အဝိုင်းပုံဖြစ်သည်ကို ခပ်ရေးရေးမြင်တွေ့နိုင်သည်။ ထို့ကြောင့် ဤဒဏ်ရာရရှိလာခြင်း၏ အကြောင်းရင်းခံအား ရှင်းရှင်းလင်းလင်း မသိနိုင်ချေ။
"သူက ငါ့ရဲ့သမီးကို လက်ပါရဲတာလား"
လျှူထျန်ကျန်း ဒေါသူပုန်ထသွားသည်။ သူသည် အသေးစိတ်ကျကျ ဆက်လက်၍ မေးမြန်းရန် ဟန်ပြင်လိုက်စဉ်မှာပင် အိမ်တော်ထိန်းက အတွင်းသို့ ဝင်ရောက်လာသည်။
"မိသားစုခေါင်းဆောင်လျှူ....သခင်မလေးရဲ့မြင်းထိန်းက တွေ့ခွင့်တောင်းနေပါတယ်"
"သူက ကျောင်းတော်မှာ မင်ယွဲ့ကို အဖော်ပြုပေးနေတာ မဟုတ်ဘူးလား...သူ့ကို ဝင်ခွင့်ပြုလိုက်စမ်း"
လျှူထျန်ကျန်းက အမိန့်ပေးသည်။
မကြာမီမှာပင် မြင်းထိန်းသည် အခန်းအတွင်းသို့ ဝင်ရောက်လာပြီး ကြမ်းပြင်ပေါ်၌ ချက်ချင်းဒူးထောက်လိုက်ကာ လျှူမင်ယွဲ့၏ညွှန်ကြားချက်များကို အသေးစိတ်ကျကျ ပြန်ပြောပြလေသည်။
"မိသားစုခေါင်းဆောင်....သခင်မလေးမင်ယွဲ့က အနိုင်ကျင့်ခံရပြီးတော့ သူ့ရဲ့မြင်း သောက်လီကိုလည်း လက်ထောက်ဆရာက ယူသွားပြီ"
"အဲ့ဒီလက်ထောက်ဆရာက မင်ယွဲ့ကို သူ့ရဲ့တပည့်ဖြစ်လာဖို့ ဖိအားပေးရုံတင် မကဘူး....သောက်လီကိုလည်း ဥာဏ်ပူဇော်ခအနေနဲ့ တောင်းဆိုတယ်လို့ မင်း ပြောလိုက်တာလား"
ယခင်က သူသည် ဝမ်ယုရှင်း၏စကားများအပေါ် အနည်းငယ် သံသယဝင်ခဲ့လျှင်ပင် ယခုအချိန်တွင် သူထံ၌ မည်သည့်သံသယမျှ မရှိတော့ချေ။ သူ၏သမီးဖြစ်သူသည် သတင်းပို့ရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်သဖြင့် သူ စိုးရိမ်နေသကဲ့သို့ အမှန်တကယ်ဖြစ်နေခဲ့လေပြီ။
ဒေါသကြောင့် လျှူထျန်ကျန်း၏မျက်နှာ စိမ်းဖန့်သွားသည်။
"အဆက်အသွယ်ကို အသုံးချပြီးတော့ ကျောင်းတော်ကို အခုမှဝင်လာတဲ့ လက်ထောက်ဆရာလေးတစ်ယောက်က ခုလောက်ထိ မောက်မာထောင်လွှားရဲတာလား...ငါ ကိုယ်တိုင်မနက်ဖြန်ကျရင် အဖြူရောင်ကျောက်တုံးကျောင်းတော်ကို လာမယ်လို့ မင်ယွဲ့ကို ပြောလိုက်စမ်း....ငါက သူ့ရဲ့ခုံစောင်းကို ရိုက်ချိုးပြီးတော့ သူ့ရဲ့နာမည်ကို မြှင့်တင်ဖို့ ငါ့ရဲ့မိသားစုကို အသုံးချတာက အိပ်မက်မက်နေတာပဲဆိုတာ သူ သိအောင်လုပ်ပြမယ်"
လျှူထျန်ကျန်းသည် သူ၏သမီးနှင့် သက်ဆိုင်သောကိစ္စများတွင် မည်သည့်စော်ကားမှု မည်သည့်ထိခိုက်နစ်နာမှုမျိုးကိုမျှ သည်းခံမည်မဟုတ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်သည်သူ ချစ်မြတ်နိုးရဆုံး သမီးအပေါ် ထိခိုက်နာကျင်အောင် လုပ်ပါက ထိုလူသည် လျှူမိသားစုတစ်စုလုံး၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရပေမည်။
"နားလည်ပါပြီ..."
မြင်းထိန်းနှင့် ဝမ်ယုရှင်းတို့သည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြပြီးနောက် မျှော်လင့်တောင့်တမှုများကြောင့် သူတို့၏မျက်လုံးများ တောက်ပနေသည်။ လျှူထျန်ကျန်း ဤမျှထိ ဒေါသထွက်နေသဖြင့် ကျန်းရွှမ် အကြီးအကျယ် ဒုက္ခရောက်တော့မည်ဟု သူတို့ တွေးထင်လိုက်ကြ၏။
...
တစ်ညတာကျင့်ကြံပြီးနောက် ကျန်းရွှမ်သည် သူ၏မရီဒါန်းများအားလုံးကို အပြည့်အဝချိတ်ဆက်နိုင်ကာ နောက်ဆုံး၌ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ သူသည် နောက်ထပ်ကျင့်ကြံဆင့်တစ်ဆင့်သို့ အချိန်မရွေး ချိုးဖျက်ဝင်ရောက်နိုင်လေပြီ။
"ကြည့်ရတာတော့ ငါက ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် (ရင်းမြစ်နယ်ပယ် စတုတ္တဆင့်အတွက် ကျင့်ကြံနည်းစနစ်တစ်ခုရှာဖို့ လိုအပ်တဲ့ပုံပဲ....ကျင့်ကြံနည်းစနစ်တွေက ရှာဖို့လွယ်တယ်...ဒါပေမဲ့ ကောင်းကင်ကံကြမ္မာရင်းမြစ်စွမ်းအင်တွေ...."
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
ကျောင်းတော်၏ဆရာတယောက်ဖြစ်သဖြင့် သူသည် စာကြည့်တိုက်အတွင်း၌ လွတ်လွတ်လပ်လပ်သွားလာနိုင်သည်။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် မရီဒါန်းများသန့်စင်ခြင်းနယ်ပယ်နှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းနယ်ပယ်တို့အတွက် လိုအပ်သော နည်းစနစ်များကို ရှာဖွေနိုင်ရန်ပင်။ သို့ရာတွင် စာအုပ်များကို ဖတ်ရုံသက်သက်ဖြင့် မလုံလောက်ချေ။
လုံလောက်သော ကောင်းကင်ကံကြမ္မာ ရင်းမြစ်စွမ်းအင် မရှိပါက သူသည် ထိုအရာများကို ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းသို့ ကူးယူနိုင်မည် မဟုတ်ချေ။ ဤသည်မှာ သူသည် ချို့ယွင်းချက်ကင်းမဲ့သော ကောင်းကင်လမ်းနည်းစနစ်ကို ဖန်တီးနိုင်မည်မဟုတ်ဟု ဆိုလိုခြင်းပင်။ ထိုအရာမရှိပါက သူသည် ကျင့်ကြံဆင့် ရှေ့သို့တက်လှမ်းနိုင်မည် မဟုတ်ချေ။
"ဒီနေ့ ငါက အခွင့်အရေးတစ်ခုရှာပြီးတော့ ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုတွေ ရှိအုံးမှာလားဆိုတာ ကျောင်းအုပ်ကြီးလုကို မေးရမယ်....ငါက စွမ်းအားတချို့ကို ရနိုင်ရင် ပိုကောင်းလိမ့်မယ်....ဒါက ချေးရုံပဲလေ...ငါက အများကြီး မစုပ်ယူဘူးလို့ ငါ ကျိမ်ဆိုတယ်"
ကျန်းရွှမ်သည် ထိုသို့ တွေးတောလိုက်၏။
ထို့နောက် သူသည် အခန်းအတွင်းမှထွက်ကာ သူ့ကိုယ်သူ ဆေးကြောသန့်စင်နေစဉ်မှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာသည်။
အချိန်တခဏကြာပြီးနောက် ယမန်နေ့က သူ လက်ခံထားသော တပည့်သစ်ဟုန်ရီသည် ခြံဝန်းအတွင်းသို့ ဝင်လာပေ၏။
"ဆရာကျန်း...ကျွန်တော်က စာသင်ခန်းကို သန့်ရှင်းရေးလုပ်ပြီးပြီ...ဆရာမှာ ကျွန်တော့်ကို တခြားခိုင်းစရာကိစ္စ ကျန်သေးလား...အတန်းမစခင်မှာ အချိန်နည်းနည်း ကျန်သေးတယ်...ဒါကြောင့် ဆရာဘာပဲလိုလို ကျွန်တော်က ကူညီပေးနိုင်တယ်"
ယခင်က ဆရာတစ်ယောက်၏ တပည့်ဖြစ်ခွင့်မရခဲ့သော ဟုန်ရီသည် ဤအခွင့်အရေးကို အလွန်တန်ဖိုးထားပေ၏။ ကျန်းရွှမ်သည် လက်ထောက်ဆရာတစ်ယောက် ဖြစ်သော်လည်း သူ့အား အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်ရန် ကူညီပေးခဲ့သဖြင့် ဆရာကျန်း၏အရည်အချင်း အလွန်ထူးခြားသည်ကို ပြသနေသည်။
ဟုန်ရီသည် ကျေးဇူးတင်မှုနှင့် ရိုသေလေးစားမှုတို့ကြောင့် စာသင်ခန်းသို့ စောစောလာပြီးသန့်ရှင်းရေး လုပ်ခဲ့သည်။ ယခုအချိန်၌ သူသည်ကျန်းရွှမ်၏ခြံဝန်းကို သန့်ရှင်းရေးလုပ်ပေးရန်လည်း စိတ်အားထက်သန်နေပေ၏။
"ငါက ဒီနေရာမှာရှိတဲ့ ကိစ္စတွေအားလုံးကို လုပ်ပြီးသားပါ....မင်း ဘာမှမစိုးရိမ်နဲ့"
ကျန်းရွှမ်က တုံ့ပြန်ပြောဆိုပြီး ဟုန်ရီ၏အပြုအမူကြောင့် စိတ်ကျေနပ်သွားသည်။ ထို့နောက် သူသည် သူ လုပ်ဆောင်ရမည့်ကိစ္စများကို ဆက်လက်၍ လုပ်ဆောင်လိုက်သည်။
"တပည့် နားလည်ပါပြီ"
ဟုန်ရီသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်ကာ ခြံဝန်းအတွင်းရှိ ကျောက်သားခုံတန်းရှည်ပေါ်၌ ထိုင်လိုက်သည်။ သူ ထိုင်လိုက်စဉ်မှာပင် မြင်းကြီးတစ်ကောင်သည် ပါးစပ်တွင် ကြမ်းတိုက်တံကို ကိုက်ထားပြီး ကြမ်းပြင်ကို ကြိုးစားပမ်းစား ပွတ်တိုက်နေသည်အား သူ သတိပြုမိသွားသည်။ ခြံဝင်းတခုလုံးတွင် အမှိုက်တစ်စမရှိဘဲ သန့်ရှင်းသပ်ရပ်နေပေ၏။
မြင်းသည် ဟုန်ရီကြည့်နေသည်ကို မြင်တွေ့ချိန်၌ သွားများကိုဖြဲကာ ဖော်ရွေသော အပြုံးမျိုး ပြုံးလိုက်သည်။
ဟုန်ရီ ကြက်သေသေသွားသည်။ ဤသည်မှာဆရာကျန်း၏ 'အရာရာလုပ်ပြီးသား'ဟူသည်ကို ဆိုလိုခြင်း ဖြစ်သလော။ ဆရာကျန်းထံတွင် ကြမ်းတိုက်တတ်သော မြင်းတစ်ကောင် ရှိနေသလော။