← Chapters

အစစ်အမှန် သင်ခန်းစာ

Vol. 6 Ch. 80

အစစ်အမှန် သင်ခန်းစာ

Vol. 6 Ch. 80

ယမန်နေ့က တံခါးဖွင့်သင်ခန်းစာကို တက်ရောက်ပြီးနောက် ဆရာကျန်းသည် သားရဲများကို ယဥ်ပါးစေရာ၌ ကျွမ်းကျင်သောကြောင့် လက်ထောက်ဆရာအဖြစ် ခန့်အပ်ခံရခြင်းဖြစ်ကြောင်း ဟုန်ရီက ကြားသိခဲ့ရသည်။ အစပထမတွင် 'ကျွမ်းကျင်ခြင်း'ဟူသည်မှာ မြင်းများကို နာခံအောင်ပြုလုပ်ခြင်းဟု သူ တွေးထင်ခဲ့သော်လည်း ဤမျှအဆင့်ထိ ဖြစ်နေမည်ဟု သူ တကြိမ်တစ်ခါမျှ မျှော်လင့်မထားမိပေ။

မြင်းသည် ခြံဝန်းကိုသန့်ရှင်းရေးလုပ်ခြင်းနှင့် ကြမ်းတိုက်နေခြင်းတို့ကြောင့် သူ ကြက်သေသေသွားကာ သူ၏မျက်လုံးများကို သူ မယုံကြည်နိုင်တော့ချေ။ ဤသည်မှာ သူနားလည်သဘောပေါက်ထားသည့် အရာများကို ပြောင်းပြန်လှန်လိုက်သည့်အလားပင်။

သူ အံ့အားသင့်တုန်လှုပ်နေစဉ်မှာပင် ရေမိုးချိုးသန့်စင်ပြီးသော ဆရာကျန်းသည် ကြမ်းတိုက်နေသော မြင်းကိုကြည့်၍ မေးမြန်းလိုက်သည်ကို သူ မြင်တွေ့မိသည်။

"မင်း မနက်စာ ပြင်ဆင်ပြီးပြီလား"

ဟီး...ဟီး...

သောက်လီသည် အလျှင်အမြန် ခေါင်းညိတ်ပြပြီးနောက် ကြမ်းတိုက်တံကို အောက်သို့ချကာ မီးဖိုချောင်ထံသို့ အပြေးသွားသည်။ အချိန်တခဏကြာပြီးနောက် မြင်းသည် အသားကင်တချို့ထည့်ထားသော ပန်းကန်ပြားတစ်ချပ်ကိုကိုက်ပြီး ထွက်လာလေ၏။

"..."

ဟုန်ရီ ကြက်သေသေသွားသည်။

သူ၏ဆရာသည် မြင်းများကို ပြုစုပေးရသူ ဖြစ်ခဲ့သည်ဟု သူ ကြားခဲ့ဖူးသော်လည်း ယခုကြည့်ရသလောက် အခြေအနေမှာ ပြောင်းပြန်ဖြစ်နေသည့်ပုံပင်။ ဤမြင်းသည် လူသားတစ်ယောက်အလား ပြုမူပြီး ဆရာကျန်းကို လုပ်ကျွေးပြုစုနေသည်နှင့် တူညီသည် မဟုတ်လော။ မည်သည်ကြောင့် ဤမြင်းသည် သန့်ရှင်းရေးလုပ်ခြင်းနှင့် ချက်ပြုတ်ခြင်းတို့၌ အလွန်ကျွမ်းကျင်နေသနည်း။

သူသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် မယုံကြည်နိုင်ဖြစ်နေစဥ်မှာပင် ဆရာကျန်း၏ မကျေမနပ်ပြောဆိုသံကို ကြားလိုက်ရသည်။

"ငါ မင်းကို ဆားလျှော့ထည့်ဖို့ ပြောခဲ့တယ် မဟုတ်လား...ဘာလို့ ထပ်ပြီး ဆားငန်အောင် လုပ်လိုက်ပြန်ပြီလဲ...ငါ ဒါကို ဘယ်လိုစားရမှာလဲ...ပြီးတော့ မနက်အစောကြီးမှာ အသားကင်စားတဲ့လူကို မင်း မြင်ဖူးလို့လား...မနက်ဖြန်ကျရင် အရွက်ကြော်လောက်ပဲ ပြင်ဆင်ပေးပါ...ငါက မင်းအတွက် ဟင်းချက်နည်းကို ကြိုပြီးပေးထားမယ်"

ဟီး...ဟီး....

သောက်လီသည် ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီးနောက် သူ့ကိုကြည့်ရသည်မှာ ရိုးရိုးသားသားဖြင့် သင်ယူရန်အတွက် စိတ်အားထက်သန်နေပုံပင်။

မနက်စာစားပြီးနောက် သောက်လီသည် ပန်းကန်များကို သိမ်းဆည်းနေစဉ်တွင် ကျန်းရွှမ်က မတ်တတ်ထရပ်ပြီး ဟုန်ရီကို ကြည့်လိုက်သည်။

"သွားကြစို့"

"အမ်....ဟုတ်ကဲ့...."

ဟုန်ရီက တုံ့ပြန်ပြီးနောက် သူသည် ကျန်းရွှမ်၏နောက်သို့လိုက်ကာ ခြံဝန်း၏ပြင်ပသို့ ရောက်သည်အထိ ကြောင်စီစီဖြစ်နေဆဲပင်။ သူ အစောပိုင်းက တွေ့ကြုံခဲ့ရသမျှသည် အစစ်အမှန် ဟုတ်မဟုတ် သူ တွေးတောနေမိသည်။

သို့ရာတွင် သူသည် အံ့အားသင့်တုန်လှုပ်နေပြီးနောက် ပျော်ရွှင်မှုက အစားထိုးဝင်ရောက်လာသည်။ အစပိုင်းတွင် သူသည် အသိပညာဗဟုသုတတချို့ ရရှိစေရန်နှင့် သူ အမြန်အင်အားကောင်းလာစေရန် လမ်းညွှန်ပေးနိုင်မည့် ဆရာတစ်ယောက်ကို ရှာတွေ့ခဲ့သဖြင့် သူ့ကိုယ်သူ ကံကောင်းသည်ဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် ယခုလက်ရှိအချိန်၌ ယမန်နေ့က သေးငယ်သော အခွင့်အရေးဖြစ်ပုံရသော ကိစ္စသည် ယခုအချိန်၌ ပို၍ကြီးမားသော အခွင့်အရေးတစ်ခု၏အစ ဖြစ်ပုံပင်။

ဤဆရာသည် ထူးခြားရုံသာမက လျှို့ဝှက်ဆရာကြီးတစ်ယောက် ဖြစ်နိုင်သော အခွင့်အရေးလည်း ရှိနေသည်။ ဖြစ်နိုင်သည်မှာဆရာကျန်းသည် သူ့အား အာရုံစူးစိုက်ခံရမှုမှ ရှောင်ကြင်ရန် မြင်းထိန်းတစ်ယောက်အဖြစ် တမင်သက်သက် ဟန်ဆောင်ထားခြင်း ဖြစ်ပေမည်။

ထိုသို့မဟုတ်ပါက မြို့အရှင်သည် မည်သည်ကြောင့် သူ၏သမီးကို ဆရာကျန်း၏လက်အောက်၌ သင်ယူရန် တွန်းပို့မည်နည်း။ ထို့ပြင် ကျောင်းအုပ်ကြီးသည် မည်သည်ကြောင့် ဆရာကျန်းကို ထောက်ပံ့ပေးရန်အတွက် ရှေ့သို့ထွက်လာမည်နည်း။

ဟုန်ရီသည် ဤအခွင့်အရေးကို တန်ဖိုးထားပြီး လက်လွှတ်ခြင်းမပြုရန် စိတ်ပိုင်းဖြတ်လိုက်၏။

ယနေ့တွင် တံခါးဖွင့်သင်ခန်းစာ မဟုတ်သောကြောင့် စာသင်ခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်နေကာ ပြင်ပ၌ စူးစမ်းလိုစိတ်ဖြင့် လာရောက်ကြည့်ရှုနေသူများ မရှိချေ။ စာသင်ခန်းအတွင်းသို့ သူတို့ဝင်သွားချိန်၌ အရာအားလုံး သန့်ရှင်းတောက်ပြောင်နေကာ အသစ်စက်စက်ကဲ့သို့ ဖြစ်နေပေ၏။

"ဆရာကျန်း..."

ယုရှောင်ယွီနှင့် လျှူမင်ယွဲ့တို့လည်း ရောက်ရှိနေကာ ကျန်းရွှမ် ရောက်လာသည်ကို မြင်တွေ့သည်နှင့် မတ်တတ်ထရပ်ပြီး အရိုအသေပြုလိုက်ကြသည်။

ကျန်းရွှမ်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"မင်းတို့အားလုံးက မင်းတို့ရဲ့မီးပြင်းဖိုတွေကို အောင်အောင်မြင်မြင် ထွန်းညှိနိုင်ပြီဆိုမှတော့...ဒီနေ့ ငါက မင်းတို့ကို စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှာ ဘယ်လိုကျင့်ကြံရမယ်ဆိုတာ သင်ပေးမယ်... ဒါပေမဲ့ အရင်ဆုံး မင်းတို့တစ်ယောက်ချင်းစီက လက်သီးနည်းစနစ်ကို ထုတ်ဖော်သရုပ်ပြရမယ်...အဲ့ဒီလိုမှသာ ငါကမင်းတို့ရဲ့ အစွမ်းအစကို အကဲဖြတ်နိုင်ပြီးတော့ မင်းတို့ရဲ့အစစ်အမှန်အရည်အချင်းကို ပိုပြီးနားလည်သဘောပေါက်လိမ့်မယ်"

"လက်သီးထိုးပြရမှာလား..."

ကျောင်းသားသုံးယောက်သည် စိတ်ရှုပ်ထွေးစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

"မင်းတို့ လက်သီးထိုးနေတဲ့အချိန်မှာ

မင်းတို့ရဲ့စွမ်းအားတွေကို ကြည့်ပြီးတော့ ငါက မင်းတို့ရဲ့အဆင့်ကို ပိုနားလည်သွားနိုင်တယ်...ဒါကြောင့် ငါက မင်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီအောင် သင်ကြားပေးနိုင်လိမ့်မယ်"

ကျန်းရွှမ်က ရှင်းပြသည်။

ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ နားလည်သဘောပေါက်သွားကြသည်။ အထူးသဖြင့် လျှူမင်ယွဲ့၏မျက်နှာပေါ်၌ သံသယအရိပ်အယောင်များထင်ဟပ်နေသည်။ ဤကဲ့သို့နည်းလမ်းမျိုးကို သူတို့၏ယခင်ဆရာများ တစ်ကြိမ်တစ်ခါမျှ အသုံးပြုခဲ့ခြင်း မရှိချေ။ ဖြစ်နိုင်သည်မှာ ဤလက်ထောက်ဆရာထံတွင် အမှန်တကယ် အရည်အချင်းတစ်ချို့ ရှိနေသလော။

"ငါ အရင်ဆုံးသွားမယ်..."

လျှူမင်ယွဲ့က ရှေ့သို့ထွက်လိုက်ကာ သူမ၏အသံသည် ကြည်လင်ပြတ်သားနေပေ၏။

သူမ၏လက်သီးချက်များသည် အစွမ်းထက်ပြီး ပြင်းထန်သော လေတိုးသံများ ရောယှက်နေသည်။ လျှူမိသားစုခေါင်းဆောင်၏ သမီးဖြစ်သောကြောင့် သူမ၏လှုပ်ရှားမှုတိုင်း တိကျပြီး ခွန်အားအပြည့်ပင်။ ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးမပြုလျှင်ပင် သူမ၏အခြေခံ ခိုင်မာတောင့်တင်းသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

ကျန်းရွှမ်က အာရုံစူးစိုက်လိုက်ပြီးနောက် သူ၏အသိစိတ်အာရုံအတွင်း၌ စာအုပ်တစ်အုပ် ထွက်ပေါ်လာသည်။

"လျှူမင်ယွဲ့....အဖြူရောင်ကျောက်တုံးမြို့တော်ထဲက လျှူမိသားစုခေါင်းဆောင် လျှူထျန်ကျန်းရဲ့သမီး...စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်...."

"ကျင့်ကြံနည်းစနစ်....နှင်းခဲတစ်ထောင် ရှာဖွေခြင်း နည်းစနစ်...."

...

"ချို့ယွင်းချက်များ...စုစုပေါင်း သုံးဆယ့်တစ်ခု...ပထမဆုံးချို့ယွင်းချက်က နူးညံ့သိမ်မွေ့တဲ့အကျင့်စရိုက်ရှိပြီးတော့အတွေးလွန်တတ်ပေမယ့် သူကျင့်ကြံနေတဲ့ ခိုင်မာပြီးမာကျောတဲ့နည်းစနစ်က သူ့ရဲ့ပင်ကိုစိတ်နေစိတ်ထားကိုဖိနှိပ်ထားတယ်။ဒါကြောင့်သူကကျင့်ကြံခြင်းအပေါ်မှာ စိတ်အားထက်သန်မှုနည်းသွားတယ်။ဒုတိယချိုယွင်းချက်က…

ဤစာအုပ်တွင် အသေးစိတ်ကျသော ချို့ယွင်းချက်များဖြင့် ပြည့်နှက်နေကာ သူမ၏အကျင့်စရိုက်နှင့် ကျင့်ကြံခြင်းအပေါ် သူမ၏နားလည်သဘောပေါက်မှုမှ အမှားများပါဝင်သည်။

ဤအရာများကို ဖတ်ရှုပြီးနောက် ကျန်းရွှမ်သည် အဓိကအချက်များကို ဖမ်းဆုပ်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်ဘုံစာကြည့်လိုက်အတွင်းမှ ကောင်းကင်ကံကြမ္မာစွမ်းအားများဖြင့် ဖွဲ့စည်းထားသော စာအုပ်ဆယ်နှင့်ချီပြီး လောင်ကျွမ်းသွားသည်။ နောက်ထပ်အချိန်အခိုက်အတန့်တွင် လျှူမင်ယွဲ့နှင့်ဆင်တူသော အဝတ်ဗလာဖြင့် ပုံရိပ်ငယ်တစ်ခု ထွက်ပေါ်လာကာ ပလ္လင်ခွေထိုင်နေသည်။ မကြာမီမှာပင် သူမ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားလမ်းကြောင်းများ အဆက်မပြတ် လင်းလက်လာပေ၏။

စနစ်တကျကောင်းကင်လမ်းဖြင့် ကျင့်ကြံနည်းစနစ်များကို လေ့လာဆင်ခြင်ပြီးနောက်...

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ခေါင်းစဉ်မရှိသောစာအုပ်တစ်အုပ်က ကျန်းရွှမ်၏လက်အတွင်း၌ ထွက်ပေါ်လာသည်။ ဤသည်မှာ လျှူမင်ယွဲ့အတွက် အသင့်တော်ဆုံး စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နည်းစနစ်ပင်။

ဤသည်မှာ ကောင်းကင်လမ်းနည်းစနစ်များ၏ အထွတ်အထိပ်အဆင့်၌ မရှိသော်လည်း ထိပ်သီးနည်းစနစ်များအနက်မှတစ်ခု ဖြစ်နေဆဲပင်။

သူ၏အသိစိတ်အာရုံကို စာကြည့်တိုက်မှ ပြန်ရုတ်သိမ်းပြီးနောက် ကျန်းရွှမ်က လျှူမင်ယွဲ့၏နောက်ဆုံးလှုပ်ရှားမှု ပြီးဆုံးသွားကာ စမ်းသပ်တိုင်၌ သူမ၏ခွန်အားကို စမ်းသပ်ရန် ပြင်ဆင်နေသည်အား မြင်တွေ့လိုက်ရသည်။

ဝီ....

စမ်းသပ်တိုင်မှ တိုးညှင်းသော တဝီဝီအသံ ထွက်ပေါ်လာခြင်းနှင့်အတူ 0.4ဟူသော ကိန်းဂဏန်း ထွက်ပေါ်လာသည်။

"မဆိုးဘူး...."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ဤကိန်းဂဏန်းသည် မြင်းကောင်ရေကို ညွှန်ပြပေ၏။ ဤသည်မှာ အရွယ်ရောက်ပြီးသော မြင်းတစ်ကောင်၏ခွန်အားပြည့်ကို ကိုယ်စားပြုသော စံနှုန်းတစ်ခုပင်။ ပုံမှန်အားဖြင့် လေ့ကျင့်ထားမှုမရှိသည့် အရွယ်ရောက် အမျိုးသားတစ်ယောက်သည် မြင်းကောင်ရေ0.15ရှိကာ အမျိုးသမီးတစ်ယောက်ကမူ 0.1ခန့်သာရှိသည်။ လျှူမင်ယွဲ့သည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း မြင်းကောင်ရေ0.4ကို ပိုင်ဆိုင်ထားသဖြင့် သာမန်အမျိုးသားတစ်ယောက်၏ သုံးဆနီးပါးပင်။ သူမကိုကြည့်ရသည်မှာ အငိုလွယ်ပုံရသော်လည်း သူမ၏အခြေခံသည် ငြင်းဆန်နိုင်ဖွယ်မရှိ အားကောင်းပြီး သူမ၏ပါရမီအရည်အချင်းသည် မြင့်မားပေ၏။

လျှူမင်ယွဲ့ အဆုံးသတ်သွားချိန်၌ ဟုန်ရီက ရှေ့ထွက်လာသည်။

သူ၏လက်သီးချက်များ အားပါခြင်းမရှိသည်မှာ သိသာထင်ရှားသည်။ ထို့ပြင် သူ၏ ခွန်အားရမှတ်သည် မြင်းကောင်ရေ 0.2သာရှိရာ သာမန်လူတစ်ယောက်၏ခွန်အားထက် အနည်းငယ်သာ မြင့်မားသည်။ ဤသည်မှာ အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိပြီးနောက် တစ်ညတာ ကျင့်ကြံခဲ့သောကြောင့်ပင်။ထိုသို့မဟုတ်ပါက ကွာဟချက်သည် ပို၍ပင်ကြီးမားသွားပေမည်။

All Chapters