အစစ်အမှန် သင်ခန်းစာ(၂)
Vol. 6 Ch. 81
မကြာမီမှာပင် စနစ်တကျကောင်းကင်လမ်းဖြင့် ဟုန်ရီအတွက် သင့်တော်သော ကျင့်ကြံနည်းစနစ်ကို ဖန်တီးလိုက်သည်။
နောက်ဆုံး၌ ရှေ့လူနှစ်ယောက် အဆုံးသတ်သွားချိန်တွင် ယုရှောင်ယွီက ရှေ့သို့ထွက်လာသည်။ သူမ လှုပ်ရှားနေစဉ်တွင် သူမ၏ဝတ်စုံမှ ခေါင်းလောင်းငယ်များ တချွင်ချွင်မြည်နေပေ၏။ သူမသည် တင့်တယ်လှပစွာဖြင့်စာသင်ခန်း၏ရှေ့သို့ ထွက်လာသည်။
"ဆရာ...ကျွန်မ အဆင်သင့်ဖြစ်ပြီ"
ကျန်းရွှမ်သည် မျက်မှောင်ကြုတ်ထားကာ အတွေးများအတွင်း၌ နစ်မြောနေပုံရသည်ကို သတိပြုမိသဖြင့် သူမက ပြောဆိုလိုက်သည်။ ထို့နောက် သူမက ချီတုံချတုံဖြင့် မေးမြန်းလိုက်၏။
"ကျွန်မ ဆက်လုပ်ရမှာလား"
"အင်း....မင်း ဆက်လုပ်ပါ"
ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သော်လည်း သူ၏မျက်လုံးအတွင်း၌ ကူကယ်ရာမဲ့ အရိပ်အယောင်များ ထင်ဟပ်နေသည်။
သူသည် ကောင်းကင်ဘုံစာကြည့်တိုက်အတွင်းရှိ ကောင်းကင်ကံကြမ္မာစွမ်းအင်များအားလုံးကို ကောင်းကင်လမ်းနည်းစနစ်များ ဖွဲ့စည်းရန်နှင့် သူ ယဥ်ပါးစေခဲ့သော မြင်းရိုင်းများမှ ချို့ယွင်းချက်များကို ရှာဖွေရာ၌ အသုံးပြုခဲ့သည်။ ယခုအချိန်၌ သူ့ထံတွင် မည်သည့်စွမ်းအားမျှ မကျန်ရှိတော့သဖြင့် စာအုပ်တစ်အုပ်ကိုပင် ဖန်တီးနိုင်တော့မည်မဟုတ်ချေ။ ဆိုလိုသည်မှာအကယ်၍ ယုရှောင်ယွီသည် သူမ၏လက်သီးနည်းစနစ်ကို သရုပ်ပြပြီး သူမ၏ချို့ယွင်းချက်များကို တွေ့မြင်နိုင်သည့် စာအုပ်အသစ်ကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ခြင်းပင်။ ဤအရာများမရှိပါက သူသည် သူမအား မည်ကဲ့သို့နည်းဖြင့် ထိရောက်အောင် သင်ကြားနိုင်မည်နည်း။
သူသည် ကျောင်းသားနှစ်ယောက်ကို ယနေ့သင်ကြားပေးပြီး တခြားတစ်ယောက်ကို မနက်ဖြန်ထိ စောင့်ဆိုင်းခိုင်းရန်မှာလည်း မဖြစ်နိုင်ချေ။ သို့ရာတွင် သူမ၏လိုအပ်ချက်များနှင့် ကိုက်ညီသည့် သင့်လျော်သောနည်းစနစ်မရှိဘဲ ပေါ့ပေါ့ဆဆသင်ကြားပေးမိပါက ပြဿနာများဖြစ်ပွားလာနိုင်သည်။ အထူးသဖြင့် ရင်းမြစ်စစ်သည်တော်တစ်ယောက်အတွက် အရေးကြီးဆုံးအဆင့်ဖြစ်သော စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်နှင့် သက်ဆိုင်သောကိစ္စတွင် သူ ဂရုစိုက်ရပေမည်။
ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်သည် မည်ကဲ့သို့ ပြုလုပ်ရမည်ကို မသိတော့ချေ။
...
အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ပြင်ပတွင် ချန်းဟောင်နှင့် သူ၏နောက်လိုက်နှစ်ယောက်ဖြစ်သော ကျိုးချင်းခိုင် ဝမ်ယုရှင်းတို့သည် မနက်စောစောကတည်းက စောင့်ဆိုင်းနေကြ၏။
အချိန်ကြာမြင့်လာသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာသည်ကို မြင်တွေ့ချိန်၌ ချမ်းဟောင်သည် စိတ်မရှည်တော့ချေ။
"အချိန်လွန်တော့မယ်...ငါက အဲ့ဒီလက်ထောက်ဆရာကို တားဆီးပြီးတော့ ဒီနေ့ တံခါးဖွင့်သင်ခန်းစာ သင်ကြားပေးဖို့ သူ့ကို ဖိအားပေးပြီး တောင်းဆိုမယ်....မင်းတို့နှစ်ယောက်က ဒီနေရာမှာ ငါ့အဖေနဲ့ လျူမိသားစုခေါင်းဆောင်ကို စောင့်နေကြစမ်း...သူတို့ ရောက်လာတာနဲ့ ချက်ချင်းခေါ်လာပြီးတော့ အဲ့ဒီလက်ထောက်ဆရာရဲ့လိမ်လည်မှုတွေကို လူပုံအလယ်မှာ ဖော်ထုတ်ရမယ်"
ကျိုးချင်းခိုင်နှင့်ဝမ်ယုရှင်းတို့က ခေါင်းညိတ်လိုက်ကြသည်။
"နားလည်ပါပြီ"
စာသင်ခန်းအတွင်း၌ ကျန်းရွှမ်သည် အတွေးများအတွင်း နစ်မြောနေစဉ်တွင် ယုရှောင်ယွီ၏သရုပ်ပြမှု ပြီးဆုံးသွားကာ စမ်းသပ်တိုင် တဖန်ထပ်၍ မြည်ညီးလာပြီး သူမ၏ရမှတ်ဖြစ်သော 0.42ကို ပြသသည်။
ရမှတ်သည် လျှူမင်ယွဲ့ထက် အနည်းငယ် ပို၍မြင့်မားပေ၏။ ထို့ကြောင့် လျှုမင်ယွဲ့သည် အံ့အားသင့်သွားကာ အနည်းငယ် စိတ်မကျေမနပ်ဖြစ်နေသည်။
ကောင်းကင်ကံကြမ္မာ ရင်းမြစ်စွမ်းအင်များ မရှိပါက ကျန်းရွှမ်သည် စာအုပ်များကို ဖန်တီးနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ပါမောက္ခတစ်ယောက်ဖြစ်သော သူ့ထံ၌ အမြင်ကောင်းရှိသဖြင့် သူတို့၏ကျင့်ကြံခြင်းမှ အမှားအများစုကို ပိုင်းခြားသိမြင်နိုင်သည်။ ထို့ကြောင့် သူသည် ကောင်းကင်ကံကြမ္မာ ရင်းမြစ်စွမ်းအင်များမရှိဘဲ သင့်လျော်သော ကျင့်ကြံနည်းစနစ်တစ်ခုကို ဖန်တီးရာမှာမူ သူ၏ယခုလက်ရှိစွမ်းရည်ထက် ကျော်လွန်နေပေ၏။
သူသည် လျှူမင်ယွဲ့နှင့်ဟုန်ရီတို့အတွက် ဖန်တီးပေးထားသော နည်းစနစ်များကို နှိုင်းယှဉ်ကြည့်လိုက်သည်။ လျှူမင်ယွဲ့၏နည်းစနစ်သည် သန့်စင်ကာ ဟုန်ရီ၏နည်းစနစ်သည် ပို၍အခြေခံကျပေ၏။
အကယ်၍ ဟုန်ရီသည် သာမန်ကျောင်းသားဖြစ်ပါက လျှူမင်ယွဲ့သည် အိုလံပစ်ပြိုင်ပွဲဝင်တစ်ယောက်နှင့် တူညီသည်။ ထို့ကြောင့် တူညီသောဘာသာရပ်ကို သင်ကြားပေးသည့်တိုင် အကြောင်းအရာများ ကွဲပြားခြားနားပေမည်။ ထိုသို့မဟုတ်ပါက ကျောင်းသားတစ်ယောက်အတွက် အလွန်ခက်ခဲသွားခြင်း သို့မဟုတ် အချိန်ဖြုန်းတီးခြင်းတို့ ဖြစ်သွားနိုင်သည်။
'ငါက ယုရှောင်ယွီရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိသေးမှတော့ ဒီနေ့ ငါက သူတို့ကို အခြေခံဗဟုသုတတွေနဲ့ သူတို့ရဲ့မရီဒါန်းတွေကို သန့်စင်ဖို့ နည်းလမ်းတွေကိုပဲ သင်ပေးလိုက်မယ်...မနက်ဖြန်ကျရင် ငါက ကောင်းကင်ကံကြမ္မာ ရင်းမြစ်စွမ်းအင်တချို့ကို ရှာပြီးတော့ ယုရှောင်ယွီနဲ့ သင့်တော်တဲ့နည်းစနစ်ကို ဖန်တီးရမယ်...ဒါဆိုရင် ငါက သူတို့တစ်ယောက်ချင်းစီကို သင်ပေးနိုင်ပြီ'
ကျန်းရွှမ်သည် ထိုသို့တွေးတောပြီးနောက် စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူက ကျောင်းသားသုံးယောက်ကို ကြည့်လိုက်သည်။
"ငါ အခု မင်းတို့ရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကောင်းကောင်းကြီး နားလည်သွားပြီ....ဒါကြောင့် မင်းတို့ကို စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် သင်ကြားမှု စတင်တော့မယ်"
"ဟုတ်ကဲ့ပါ ဆရာ"
ကျောင်းသားသုံးယောက်က တုံ့ပြန်လိုက်ကြကာ နေရာ၌ပြန်ထိုင်ပြီး သင်ယူရန်အတွက် စိတ်အားထက်သန်နေကြသည်။
ကျန်းရွှမ်သည် သူတို့၏အပြုအမူကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် စတင်၍ ရှင်းပြလိုက်၏။
"စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်က ခွန်အားတွေကို စုဆောင်းတဲ့ ဖြစ်စဥ်ပဲ... မင်းတို့ရဲ့မီးပြင်းဖိုကနေ သန့်စင်ထားတဲ့ သန့်စင်တဲ့ ရင်းမြစ်စွမ်းအင်တွေကို မင်းတို့ရဲ့မရီဒါန်းတွေကို ထိန်းညှိတဲ့နေရာမှာ အသုံးပြုရမယ်...ဒါက ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်အတွက် အုတ်မြစ်ချတာပဲ"
သူ ရှင်းပြခဲ့သည်မှာ ရင်မြစ်စွမ်းအင်များကိုသန့်စင်မှုအရှိန်နှုန်းသည် သူတို့၏မီးပြင်းဖိုအရည်အသွေးများပေါ်တွင် မူတည်သော်လည်း မရီဒါန်းများ ထိန်းညှိခြင်း၏ အကျိုးသက်ရောက်မှု့သည် သူတို့ အသုံးပြုသော ကျင့်ကြံနည်းစနစ်နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ ကျင့်ကြံနည်းစနစ်တစ်ခုသည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံနှင့် သင့်တော်ပါက တစ်ဝက်ခန့်အင်အားစိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆကို ရိတ်သိမ်းနိုင်ပေမည်။ ထိုကြောင့် ထိုကျင့်ကြံသူအား စွမ်းအားများကို အလျင်အမြန် စုဆောင်းမိစေကာ ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်သို့ တက်လှမ်းသွားစေနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် မသင့်တော်သော နည်းစနစ်တစ်ခုသည် တစ်စုံတစ်ယောက်၏ကျင့်ကြံမှုကို နှေးကွေးစေက ရွံ့နွံအတွင်း၌ နစ်နေသည့်အလား ရှေ့သို့ဆက်သွားနိုင်တော့မည် မဟုတ်ချေ။
"ငါက အခု မင်းတို့ရဲ့မရီဒါန်းတွေကို သန့်စင်ဖို့အတွက် နည်းလမ်းတချို့ကို ရှင်းပြပေးတယ်...မင်းတို့ရဲ့မရီဒါန်းတွေ အကန့်အသတ်ကိုရောက်တဲ့အချိန်အထိ မင်းတို့ လေ့ကျင့်သင့်တယ်...မင်းတို့ အဲ့ဒီနေရာကို ရောက်ပြီဆိုရင် ငါက မင်းတို့အတွက် သင့်တော်တဲ့ ကိုယ်ပိုင်နည်းစနစ်ကို ဖန်တီးပေးမယ်"
ကျန်းရွှမ်က ညွှန်ကြားသည်။
"ကိုယ်ပိုင်နည်းစနစ်လား...."
လျှူမင်ယွဲ့နှင့် ယုရှောင်ယွီတို့သည် အကြည့်ခြင်းဖလှယ်လိုက်ကြကာ သူမတို့နှစ်ယောက်လောက်လုံး အံ့အားသင့်သွားသည်။
"ဆရာက ငါတို့ကိုကျောင်းတော်ရဲ့ စွမ်းအင်ဆင့်ခေါ်စုဆောင်းခြင်း နည်းစနစ်ကို သင်မပေးဘူးလို့ ဆိုလိုတာလား"
ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"အဲ့ဒီနည်းစနစ်က ချို့ယွင်းချက်တွေ အရမ်းများတယ်...ဘယ်လိုလုပ်ပြီးတော့ ငါ့ရဲ့ကျောင်းသားတွေ သင်ယူဖို့ ထိုက်တန်မှာလဲ"
ဤကျောင်းသားများသည် သူ၏တိုက်ရိုက်တပည့်များ မဟုတ်သော်လည်း ပါမောက္ခတစ်ယောက်ဖြစ်သော ကျန်းရွှမ်အနေဖြင့် သူ၏တာဝန်ကို အလေးအနက် ထားရပေမည်။ သူသည် သူ၏တပည့်များကို ချို့ယွင်းချက်အလွန်များသော နည်းစနစ်များ သင်ယူရန်ကို ခွင့်ပြုမည် မဟုတ်ချေ။ ဤသည်မှာ သူ့အတွက် အလုပ်ပိုများစေလျှင်ပင် သူသည် ဆရာတစ်ယောက်ဖြစ်သဖြင့် သူ၏တပည့်များကို လမ်းမှားသို့ ပို့ဆောင်မည် မဟုတ်ချေ။
ရှည်ရှည်ဝေးဝေးရှင်းမပြတော့ဘဲ ကျန်းရွှမ်က ဆက်လက်၍ပြောဆိုသည်။
"အခြေခံကနေ စကြရအောင်...မင်းတို့ရဲ့မီးပြင်းဖိုတွေကနေ သန့်စင်ထားတဲ့ ရင်းမြစ်စွမ်းအားတွေက အရမ်းသိမ်မွေ့တယ်....ဒါပေမဲ့ လူသားတွေရဲ့မရီဒါန်းတွေက နူးညံ့ပြီးတော့ တစ်ခါတလေမှာ ရွှံနွံတွေက ရေလမ်းကြောင်းတွေမှာ ရှိနေသလိုမျိုး ပိတ်ဆို့နေတယ်....မရီဒါန်းတွေကို သန့်စင်တာက တကယ်တော့ အဲဒီပိတ်ဆို့မှုတွေကို ရှင်းထုတ်ရတဲ့ လုပ်ငန်းစဉ်ပဲ...."
"အဲ့ဒီပိတ်ဆို့မှုတွေကို အတင်းအကြပ် တွန်းထုတ်လိုက်မယ်ဆိုရင် အတားအဆီးတွေ ဖြစ်လာနိုင်ပြီးတော့ နောင်အနာဂတ်မှာတိုးတက်မှု နှောင့်နှေးသွားလိမ့်မယ်... ဒါကြောင့် ငါက မင်းတို့ လုပ်ရမယ့်အချက်သုံးချက်နဲ့ မလုပ်ရမယ့် အချက်သုံးချက်ကို ပြောပြမယ်"
"ပထမဆုံးတစ်ချက်က မင်းတို့က စွမ်းအင်တွေကို အပ်ချည်မျှင်အရွယ်အစားအထိ ပါးလွှာအောင် ထိန်းချုပ်ပြီးတော့ ပိတ်ဆို့နေတဲ့နေရာတွေကို ဖြတ်သန်းသွားနိုင်အောင် လမ်းညွှန်ရမယ်...."
ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်မှ ဆင်းသက်လာသည့် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် အခြေခံနည်းစနစ်များကို လျှင်မြန်စွာနှင့်နှံ့စပ်စွာ ရှင်းပြလိုက်၏။
လျှူမင်ယွဲ့နှင့်ယုရှောင်ယွီတို့ နှစ်ယောက်လုံး အံ့အားသင့်နေသည်။
ထိပ်သီးမိသားစုကြီးများ၏ သမီးများဖြစ်သဖြင့် သူတို့သည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် ကျင့်ကြံနည်းစနစ်များကို မသင်ယူခဲ့ဖူးသည့်တိုင် ယခင်က ထိုနယ်ပယ်၏ဗဟုသုတများနှင့် ထိတွေ့ခဲ့ဖူးသည်။ ဤသည်မှာ သူတို့သည် ယခုလောက်ထိ အသေးစိတ်ကျပြီး ယေဘူယျဆန်သော ရှင်းပြချက်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
'ဒါက ငါတို့ကို လှည့်စားဖို့အတွက် သူ ပြင်ဆင်ထားတာပဲ ဖြစ်မယ်'
လျှူမင်ယွဲ့သည် သူမ၏စိတ်အတွင်းမှနေ၍ သရော်လိုက်ကာ သူမ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
'လက်ထောက်ဆရာတယောက်က ဘာတွေကို သိနိုင်မှာမလို့လဲ'
သို့ရာတွင် ဤအတွေးသည်အချိန်ကြာရှည်စွာမခံဘဲ သံသယတချို့က သူမ၏စိတ်အတွင်းသို့ ချဥ်းနင်းဝင်ရောက်လာသည်။
'သူ ပြောသွားတဲ့အထဲမှာ တချို့တလေက အဓိပ္ပါယ်ရှိတဲ့ပုံပဲ...ငါ ဒါကို တိတ်တိတ်လေး ကြိုးစားကြည့်ပြီးတော့ အလုပ်ဖြစ်မဖြစ် ကြည့်ရမယ်....ဒါပေမဲ့ ငါက သူ ဒေါသထွက်အောင်လုပ်ဖို့အတွက် ဘာကိုမှ နားမလည်ချင်ယောင်ဆောင်ရမယ်'
ထိုအတွေးနှင့်အတူ လျှူမင်ယွဲ့က မောက်မာထောင်လွှားစွာဖြင့် သူမ၏မေးကို မော့လိုက်သည်။ သူမသည် စိတ်ရှုပ်ထွေးနေသော ပုံစံမျိုးဟန်ဆောင်ထားကာ ကျန်းရွှမ်၏ ညွှန်ကြားချက်အတိုင်း တိတ်တဆိတ် လုပ်ဆောင်နေပေ၏။
သူမသည် သန့်စင်ထားသော ရင်းမြစ်စွမ်းအင်များကို သူမ၏ရင်းမြစ်ရေအိုင်အနီးရှိ မရီဒါန်းများတလျှောက် လှည့်ပတ်ခြင်းမှ စတင်ခဲ့သည်။ ဤသည်မှာ ရင်းမြစ်စစ်သည်တော်တစ်ယောက်သည် မရီဒါန်းများ ထိန်းညှိသည့်အချိန်၌ ပုံမှန်အတိုင်း စတင်သည့် ပထမဆုံးနေရာပင်။ ပုံမှန်နည်းလမ်းများအရ ကျင့်ကြံသူတစ်ယောက်သည် ရင်းမြစ်စွမ်းအင်များကို ထိန်းချုပ်ကာ ကျဉ်းမြောင်းသောလမ်းကြောင်းကို ထပ်ခါတလဲလဲ ဖြတ်သန်းရပေမည်။ ဤသည်မှာ ပိတ်ဆို့နေသောရေပိုက်ကို ရေ၏ဖိအားဖြင့် ရှင်းလင်းလိုက်သည်နှင့် တူညီသည်။
သို့ရာတွင် ကျန်းရွှမ်၏သင်ပြမှု၌ ရင်းမြစ်စွမ်းအင်များကို အပ်ချည်တစ်မျှင်စာပမာဏအထိထိန်းချုပ်ကာ မရီဒါန်းများတလျှောက် ညင်သာစွာလမ်းညွှန်ပေးရန် ပါရှိသည်။ ထိုကြောင့် သူမသည် ပိတ်ဆို့မှုများ ရှိနေသောနေရာများကို အရင်ဆုံး ရှာဖွေရပေမည်။ ထိုနေရာများကို မှတ်သားပြီးသည်နှင့် ပိတ်ဆို့မှုတစ်ခုစီကို ရှင်းလင်းရန်အတွက် အထူးသီးသန့်နည်းလမ်းတစ်ခုကို အသုံးပြုရပေမည်။
ကျန်းရွှမ်၏နည်းလမ်းအတိုင်း လျှုမင်ယွဲ့သည် သူမ၏မရီဒါန်းများအတွင်းမှ ပိတ်ဆို့မှုများရှိနေသောနေရာများကို အလျင်အမြန် အတည်ပြုလိုက်၏။ သူမ၏မရီဒါန်းများအတွင်း၌ ကျန်းရွှမ်၏ရှင်းပြထားမှုအတိုင်း ထင်ရှားသော ပိတ်ဆို့မှုနေရာ သုံးနေရာရှိနေသည်။ ထို့နောက် သူမသည် ကျန်းရွှမ်၏နည်းစနစ်ကို အသုံးပြုပြီး ပိတ်ဆို့မှုများအနက်မှတစ်ခုကို ရှင်းလင်းလိုက်သည်။
ဘုန်း....
သူမ၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားကာ ပိတ်ဆို့မှုသည် ချက်ချင်းရှင်းလင်းသွားပေ၏။ယခင်က အားနည်းနေသော သူမ၏မရီဒါန်းသည် ယခုအချိန်၌ များစွာပို၍ အားကောင်းသွားလေပြီ။
"သူ့ရဲ့နည်းလမ်းက အလုပ်ဖြစ်ပုံပဲ....ဒါပေမဲ့ ဒါက ပိတ်ဆို့မှုတွေကို ရှင်းလင်းရုံပဲလေ...သိသိသာသာ တိုးတက်မှု ရှိနိုင်ပါ့မလား"
လျှူမင်ယွဲ့သည် ဤနည်းစနစ် အမှန်တကယ်အလုပ်ဖြစ်သွားသည်ကို မြင်တွေ့ချိန်၌ အံ့အားသင့် တုန်လှုပ်နေသော်လည်း ထိုအရာ၏အရေးပါမှုကို အလျင်အမြန် ပယ်ချလိုက်သည်။
သူမသည် ကျင့်ကြံနည်းစနစ်အမျိုးမျိုးအကြောင်းကို သိရှိထားသော်လည်း တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံခဲ့ဖူးခြင်းမရှိချေ။ ဤသည်မှာ သူမ၏အသိပညာသည် သဘောတရားအရသာရှိပြီး လက်တွေ့မရှိဟု ဆိုလိုခြင်းပင်။ ကျန်းရွှမ်၏နည်းစနစ်သည် ပိတ်ဆို့မှုများကို အလွယ်တကူ ရှင်းလင်းနိုင်သောကြောင့် တခြားနည်းလမ်းများသည်လည်း ဤကဲ့သို့အကျိုးသက်ရောက်မှုရှိမည်ဟု သူမ ယူဆလိုက်သည်။
သို့ရာတွင် ဤသည်မှာ ပြဿနာမရှိချေ။ သူမသည် သူမ၏မရီဒါန်းများကို အရင်ဆုံး ရှင်းလင်းပြီး တခြားအရာများကို နောက်ပိုင်းမှရင်ဆိုင်ရပေမည်။ အကယ်၍ ကျန်းရွှမ်၏နည်းစနစ်သည် အသုံးဝင်နေလျှင်ပင် သူမသည် တစ်စုံတစ်ခုကိုမျှ နားမလည်ချင်ယောင်ဆောင်ရပေမည်။ ထိုသို့ဆိုပါက သူ မည်သို့ တတ်နိုင်မည်နည်း။
ထိုအတွေးနှင့်အတူ လျှူမင်ယွဲ့သည် နည်းစနစ်အတိုင်း အာရုံစူးစိုက်ကာ ကျန်းရွှမ်၏လမ်းညွှန်ချက်ကို တိတိကျကျ လိုက်နာဆောင်ရွက်လိုက်၏။
တခြားတစ်ဖက်တွင်ရှိသော ယုရှောင်ယွီကမူ စိတ်နှစ်ခွဖြစ်နေသည်။
သူမသည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နည်းစနစ်များအကြောင်း များစွာမသိရှိသော်လည်း မြို့အရှင်အိမ်တော်မှလာသူ ဖြစ်သဖြင့် အရည်အသွေးကို ခွဲခြားရာ၌ မြင့်မားသောစွမ်းရည်ရှိသည်။ သို့ရာတွင် ဤသည်မှာ သူမ၏ဖခင် ပြောဆိုခဲ့သော လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်နှင့် ယှဉ်ပြိုင်နိုင်ခြင်းရှိမရှိ သူမ အတပ်မပြောနိုင်ချေ။
'ဒါက မဖြစ်နိုင်ဘူး....ငါ့ရဲ့အဖေက လားရာငါးသွယ် စွမ်းအင်စုဆောင်းခြင်းနည်းစနစ်က အဖြူရောင်ကျောက်တုံးမြို့တော်မှာ အဆင့်မြင့်ဆုံးနည်းစနစ်လို့ ပြောခဲ့တယ်.... ဒါကို တခြားနည်းစနစ်တွေက ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး....ဒီလိုဆိုမှတော့ ငါက ဆရာကျန်းရဲ့နည်းစနစ်ကို ဂရုမစိုက်တော့ဘူး'
ယုရှောင်ယွီက တွေးတောလိုက်သည်။
သူမသည် သူမ၏ဖခင်မှ နည်းစနစ်တစ်ခုကို သင်ကြားပေးမည့်အချိန်အထိ စောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။ အားနည်းသောနည်းစနစ်တစ်ခုကို သင်ယူခဲ့ပါက နောက်ပိုင်း၌ ပြောင်းလဲပြင်ဆင်ရန် မလွယ်ကူသည်ကို သူမ တွေးတောမိသည်။ထို့ကြောင့် သူမသည် နားလည်ချင်ယောင်သာဆောင်ပြီး ကျန်းရွှမ် သင်ကြားပေးသည့် နည်းစနစ်အတိုင်း မလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။