ကျန်းရွှမ်လုံးလုံးလျားလျား အံ့အားသင့်သွားခြင်း(၂)
Vol. 6 Ch. 83
"ထွက်သွားရမှာလား...ဟမ့် ဆရာကျန်းက အမှားတွေ လုပ်ထားတာကြောင့် အရှက်ကွဲမှာကို ကြောက်နေတယ်လို့ ငါ လောင်းကြေးထပ်ရဲတယ်...ဟုတ်တယ်မလား...."
ချန်းဟောင်က သရော်တော်တော် ပြောဆိုသည်။
ကျန်းရွှမ်၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။
"အမှားလား....အရှက်ကွဲမှာကိုလား"
ချန်းဟောင်က စာသင်ခန်းကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုသည်။
"မင်းတို့အားလုံး...ဒီကိစ္စကို သိကြမှာ မဟုတ်ဘူး... မနေ့တုန်းက ဟုန်ရီရဲ့ အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိပေးခဲ့တဲ့လူက ကျောင်းအုပ်ကြီးပဲ...ဆရာကျန်း မဟုတ်ဘူး...သူက အဲ့ဒီနေရာမှာ မတ်တတ်လေးရပ်ပြီးတော့ နေရာဝင်ယူသွားခဲ့တာပဲ"
"မင်း ပြောတာကို ကြားလိုက်မှ အဲ့ဒါက ဖြစ်နိုင်ချေ ရှိသလိုပဲ"
"အမှန်ပဲ.... လူတစ်ယောက်ရဲ့ ဝမ်းဗိုက်ကိုတောင် မထိဘဲနဲ့ မီးပြင်းဖိုတစ်လုံးကို ဘယ်လိုလုပ်ပြီး ထွန်းညှိနိုင်မှာလဲ"
"ဒါဆိုရင် ငါတို့က လှည့်စားခံလိုက်ရတယ်ပေါ့....ဒီလိုလူစားမျိုးက ဆရာတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး"
ချန်းဟောင်၏စကားကို ကြားချိန်တွင် သူ၏နောက်ကို လိုက်လာသော ကျောင်းသားများသည် အချင်းချင်း အတင်းအဖျင်းပြောဆိုလိုက်ကြ၏။
ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"မင်းတို့မှာ သက်သေရှိလား...တကယ်လို့ မင်းတို့က သက်သေမရှိဘဲ ငါ့ကို စွပ်စွဲချင်တယ်ဆိုရင် အကျိုးဆက်တွေကို မင်းတို့ သိတယ်မဟုတ်လား"
"သက်သေလား...ဒါက လွယ်ပါတယ်...မင်း အခုအချိန်မှာ သူတို့ကို သင်ကြားပေးပြီးပြီ မဟုတ်လား....သူတို့ ဘာတွေ သင်ယူနိုင်ခဲ့လဲဆိုတာ မေးကြည့်ကြရအောင်"
ချန်းဟောင်က အော်ငေါက်ပြီး အပြုံးနှင့် လျှုမင်ယွဲ့ဘက်သို့ လှည့်လိုက်သည်။
"မင်ယွဲ့...ခုဏက ဆရာကျန်းရဲ့သင်ခန်းစာကနေ မင်း တစ်ခုခုကို သင်ယူနိုင်ခဲ့လား....မင်း ငါတို့ကိုရှင်းပြပေးနိုင်မလား... မင်း ထုတ်ပြောလိုက်တာနဲ့ အမှန်တရားက ရှင်းလင်းသွားလိမ့်မယ်"
ကျန်းရွှမ်၏မျက်လုံးများ ပို၍ကျဉ်းမြောင်းသွားသည်။
လျှူမင်ယွဲ့သည် မည်သည့်အရာတစ်ခုကိုမျှ နားလည်ခဲ့ခြင်း မရှိချေ။ သူမကို ရှင်းပြရန် တောင်းဆိုသည်မှာ ချန်းဟောင်၏စွပ်စွဲချက်ကို အတည်ပြုသကဲ့သို့ ဖြစ်သွားပေမည်။ ဤကိစ္စကို တွေးတောမိသဖြင့် ကျန်းရွှမ်သည် အရာအားလုံးကို နားလည်သဘောပေါက်သည်ဟု ပြောဆိုခဲ့သော ယုရှောင်ယွီအား အာရုံစူးစိုက်လိုက်သည်။
ကျန်းရွှမ်သည် သိုသိုသိပ်သိပ်နေလိုသော်လည်း လူသူအများရှေ့တွင် သူ၏ကျောင်းသားများကို အရှက်ရစေခွင့် ပြုမည်မဟုတ်ချေ။ ချန်းဟောင်သည် ပြဿနာရှာရန် ဤနေရာသို့ ရောက်လာသည်မှာ သိသာထင်ရှားပေ၏။ အကယ်၍ သူသည် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိပါက နောင်အနာဂတ်တွင် ကျောင်းသားများသည် သူ့အား ပို၍နှောင့်ယှက်လာပေမည်။
သိုသိုသိပ်သိပ်နေခြင်းနှင့် အားနည်းခြင်းတို့သည် တူညီသောအရာများ မဟုတ်ချေ။
အမှန်အားဖြင့် ချန်းဟောင်သည် စီနီယာကျောင်းသားတစ်ယောက် ဖြစ်သည်ကိုသာ ကျန်းရွှမ် သိရှိထားပြီး ချန်းမိသားစုခေါင်းဆောင်၏သား ဖြစ်သည်ကို သူ မသိရှိချေ။ အကယ်၍ သူ သိရှိပါက ရိုသေလေးစားခံရသော ဧည့်အကြီးအကဲတစ်ယောက်ဟူသော သူ၏အဆင့်အတန်းကို အသုံးပြုကာ အခြေအနေကို မတူညီသောနည်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။
ဤအတွေးနှင့်အတူ ကျန်းရွှမ်က အေးစက်တင်းမာသောအကြည့်ဖြင့် ချန်းဟောင်ကို ကြည့်လိုက်သည်။
"မင်းက လျှူမင်ယွဲ့ကြောင့် ငါ့ကို ပြဿနာရှာနေတာ မဟုတ်လား...မင်း သူ့ကို သဘောကျနေတာလား"
ကျန်းရွှမ်သည် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးပြုရန်ပင် မလိုအပ်ဘဲ ဤလူငယ်၏ တပ်မက်စိတ်ကို လွယ်လင့်တကူ တွေ့မြင်နိုင်သည်။
လူအများရှေ့တွင် ထုတ်ဖော်ခြင်း ခံလိုက်ရသဖြင့် ချန်းဟောင်၏မျက်နှာ နီမြန်းသွားသည်။
"ငါက မင်ယွဲ့လို အရည်အချင်းရှိတဲ့ လူတစ်ယောက်က အရည်အချင်းမရှိတဲ့ ဆရာကြောင့် နောက်ကျကျန်ခဲ့မှာကို မမြင်ချင်ရုံပဲ...ဒါ့ပြင် ငါရဲ့ကိုယ်ပိုင်ခံစားချက်တွေက သူ ဘာတွေသင်ယူခဲ့လဲဆိုတာ ရှင်းပြပေးဖို့ တောင်းဆိုတာနဲ့ ဘာဆိုင်လို့လဲ"
"မင်း ဘယ်လိုထင်လဲ"
ကျန်းရွှမ်က အေးစက်တင်းမာစွာ တုံ့ပြန်သည်။
အမှန်အတိုင်းပြောဆိုရလျှင် သူသည် ချန်းဟောင်ကို စာသင်ခန်းအတွင်းမှ နှင်ထုတ်လိုက်လျှင်ပင် ဤကိစ္စကို မည်သူတစ်ဦးတစ်ယောက်ကမျှ ကန့်ကွက်ရဲမည် မဟုတ်ချေ။ သို့ရာတွင် သူ၏နာမည်ကို ရှင်းလင်းအောင် ပြုလုပ်ခြင်း မရှိပါက ပို၍များပြားသော နားလည်မှုလွှဲမှုများ ဖြစ်ပွားစေနိုင်သည်။ ဤကဲ့သို့ ကိစ္စမျိုး ရှိနေသဖြင့် အရာအားလုံးကို ယခုချက်ချင်း ဖြေရှင်းသည်က ပို၍ကောင်းမွန်ပေမည်။
ချန်းဟောင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူ၏အကြည့်သည် ယုရှောင်ယွီထံသို့ ကျရောက်သွားပေ၏။
"ဒါဆိုရင် ဒီသင်ခန်းစာကို ရှင်းပြပေးဖို့အတွက် မိန်းကလေးယုကို တောင်းဆိုပါ့ရစေ... မြို့အရှင်ရဲ့သမီးဖြစ်တဲ့ မင်းက တစ်ယောက်ယောက်ကိုဖုံးကွယ်ပေးဖို့အတွက်နဲ့ လိမ်ပြောမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်"
ချန်းဟောင်သည် ယုရှောင်ယွီကို ရွေးချယ်လိုက်သည်အားကြည့်ပြီး ကျန်းရွှမ် စိတ်သက်သာရာရသွားသည်။ ကြည့်ရသည်မှာ ဤအခြေအနေသည် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည့်ပုံပင်။
"ငါ လား...."
ယုရှောင်ယွီ၏ နှလုံးခုန်နှုန်း လျှင်မြန်သွားသည်။
စာသင်ချိန်အတွင်းတွင် သူမသည် နောက်ပိုင်း၌ သူမဖခင်မှ သူမအား သင်ကြားပေးမည့် နည်းစနစ်အကြောင်းကို တွေးတောနေသဖြင့် ထိုအရာကို အာရုံစူးစိုက်ခဲ့ခြင်း မရှိချေ။ ထို့ပြင် ကောင်းကင်လမ်းနည်းစနစ်များသည် နားလည်သဘောပေါက်ရန် ခက်ခဲသဖြင့် သူမသည် အကြောင်းအရာ၏တစ်ရာခိုင်နှုန်းကိုပင် ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိချေ။
"အမှန်ပဲ...."
ချန်းဟောင်က ခေါင်းညိတ်ပြသည်။
ယုရှောင်ယွီ တွေဝေနေသည်ကိုကြည့်ပြီး ကျန်းရွှမ်က သူမအား ပြောဆိုလိုက်သည်။
"မင်းက သင်ခန်းစာကို အပြည့်အဝနားလည်သဘောပေါက်ပြီးတော့ သဘောတရားတွေကို ဖမ်းဆုပ်နိုင်တယ်ဆိုတာ ငါ သိတယ်....ဒါကြောင့် မင်း ဘာမှ စိတ်မလှုပ်ရှားနဲ့...ဒါက အကြောင်းအရာနည်းနည်းလောက်ကို ရှင်းပြလိုက်ရုံပဲ"
"ဟုတ်ကဲ့"
ယုရှောင်ယွီသည် လူများအားလုံး၏မျက်လုံးအကြည့်များ သူမထံသို့ ကျရောက်နေသည်ကို ခံစားမိသဖြင့် သူမ၏ယခင် ယုံကြည်ချက်ခိုင်မာမှုများ လွင့်ပြယ်သွားသည်။။သူမသည် အံ့တင်းတင်းကြိတ်ပြီး သူမ မှတ်မိထားသော အကြောင်းအရာအနည်းငယ်ကို ပြန်လည်စဉ်းစားတွေးတောကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုလိုက်သည်။
"စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်က ခွန်အားတွေကို စုဆောင်းတဲ့ ဖြစ်စဥ်ပဲ...ဒါက မီးပြင်းဖိုကို အသုံးပြုပြီးတော့ သန့်စင်ထားတဲ့ ရင်းမြစ်စွမ်းအားတွေကို မရီဒါန်းတွေကို ထိန်းညှိတဲ့နေရာမှာ အသုံးပြုတာပဲ...ဒီနည်းလမ်းက သန့်စင်တာပဲဖြစ်ဖြစ် မသန့်စင်တာပဲဖြစ်ဖြစ်...."
"...."
ကျန်းရွှမ် ကြက်သေသေသွားသည်။ သူ၏ခေါင်း ပေါက်ထွက်တော့မည်ဟု သူ ခံစားမိလေ၏။
မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသနည်း။အစောပိုင်းက သူမသည် ယုံကြည်ချက်အခိုင်အမာရှိသော လေသံဖြင့် အရာအားလုံးကို နားလည်သဘောပေါက်သည်ဟု ပြောဆိုခဲ့သည်။ သို့ရာတွင် ယခုလက်ရှိအချိန်၌ သူမ၏ရှင်းပြချက်သည် အဆက်အစပ်မရှိသော အဓိပ္ပါယ်မဲ့စကားများပင်။
"မင်း ဘာတွေ ပြောနေတာလဲ"
ကျန်းရွှမ်၏မျက်ခုံး မြင့်တက်သွားသည်။
ယုရှောင်ယွီက သူမသည် ဆက်၍ရှင်းမပြနိုင်တော့သည်ကို နားလည်သွားသဖြင့်သူမ၏ခေါင်းကို အောက်သို့ငုံလိုက်သည်။ သူမသည် စိတ်လှုပ်ရှားနေသောကြောင့် သူမ၏လက်ဖြင့် ဝတ်စုံအောက်နားစကို လိမ်ကျစ်ပြီး ပြောဆိုလိုက်၏။
"ဆရာ.....ကျွန်မ တောင်းပန်ပါတယ်...ကျွန်မ...ကျွန်မ ဒါကို ရှင်းမပြနိုင်ဘူး"
"ဟား ဟား ဟား....ငါ သိပြီ"
ကြက်သေသေနေသော ကျန်ရွှမ် ရှက်ရွံ့နေသော ယုရှောင်ယွီတို့နှင့် မတူညီဘဲ ချန်းဟောင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
ယုရှောင်ယွီသည် သူမ ယခင်က သင်ယူထားခဲ့သည့် အရာတစ်ခုကို ပြန်ပြောပြကာ ကျန်းရွှမ်အတွက် ဖုံးကွယ်ပေးမည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် သူ အံ့အားသင့်သွားရသည်မှာ သူမသည် တစ်စုံတစ်ခုကိုမျှ ရှင်းပြနိုင်ခြင်းမရှိချေ။ ဤသည်မှာ ကျန်းရွှမ်ထံ၌အရည်အချင်းမရှိသည့်အပြင် တန်ဖိုးရှိသောအရာတစ်ခုကိုမှ သင်ကြားပေးနိုင်ခဲ့ခြင်းမရှိကြောင်းပြသနေသည်မှာ သိသာထင်ရှားသည်။ မြို့အရှင်၏သမီးပင်လျှင် သူ့အား ကယ်တင်နိုင်ခြင်း မရှိတော့ချေ။
အောင်ပွဲရရှိသွားသကဲ့သို့ ခံစားနေရသော ချန်းဟောင်က တခြားကျောင်းသားများကို ကြည့်လိုက်သည်။
"မင်းတို့အားလုံး အခု မြင်ကြပြီလား...ဒီဆရာလို့ခေါ်နေတဲ့လူက အခြေခံနည်းစနစ်ကိုတောင် မသင်ပေးနိုင်ဘူး....ဘယ်လိုလုပ်ပြီးတော့ သူက တခြားလူတွေကို လမ်းညွှန်မှုပေးဖို့ အရည်အချင်းပြည့်မီနိုင်မှာလဲ...သူက လူလိမ်တစ်ယောက်ဆိုတာ သိသာထင်ရှားတယ်"
"ဒါက အမှန်ပဲ....စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် နည်းစနစ်တွေက အရမ်းရိုးရှင်းတယ်...တကယ်လို့ ဆရာတစ်ယောက်က ကောင်းကောင်းမွန်မွန် သင်ကြားပေးနိုင်ရင် အတိုချုပ်သင်ခန်းစာတစ်ခု ဖြစ်နေရင်တောင် ကျောင်းသားတွေက အခြေခံကို ပြန်ရှင်းပြနိုင်လိမ့်မယ်...ဒါပေမဲ့ အဖြူရောင်ကျောက်တုံးမြို့တော်မှာ ဒုတိယအကောင်းဆုံး ပါရမီအရည်အချင်းရှိတဲ့ ယုရှောင်ယွီက ပြီးပြည့်စုံတဲ့ စာကြောင်းတစ်ကြောင်းကိုတောင် ရှင်းမပြနိုင်ဘူး"
"ဒီဆရာက အဓိပ္ပါယ်ရှိတဲ့ ဘာကိုမှ သင်မပေးနိုင်ဘူးဆိုတာ သိသာတယ်"
"ချန်းဟောင်...မင်းက အရမ်းတော်တာပဲ...သူ့ရဲ့အလိမ်အညာတွေကို မင်းက ထွင်းဖောက်မြင်နိုင်တယ်"
ချန်းဟောင်၏နောက်သို့ လိုက်လာသော ကျောင်းသားများသည် ထောက်ခံလိုက်ကြပြီးနောက် ကျန်းရွှမ်အပေါ် မထီမဲ့မြင် ပြောဆိုနေကြသည်။