← Chapters

လျှူမင်ယွဲ့၏ရှင်းပြမှု

Vol. 6 Ch. 85

လျှူမင်ယွဲ့၏ရှင်းပြမှု

Vol. 6 Ch. 85

စိတ်မထိန်းနိုင်တော့သည့်အဆုံး ကျန်းရွှမ်က သူ၏ကျောင်းသူနှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

အစောပိုင်းက အရာအားလုံးကို နားလည်သွားပြီဟု ပြောခဲ့သော ယွီရှောင်ယွီသည် ယခုအချိန်၌ လုံးလုံးလျားလျား ကြောင်တောင်တောင် ဖြစ်နေသည်။ အစောပိုင်းက မည်သည့်အရာကိုမျှ နားမလည်ဟု ပြောဆိုခဲ့သော လျူမင်ယွဲ့ကမူ ယခုအချိန်၌ သင်ခန်းစာကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှင်းပြနေသည်။

သူမသည် နည်းစနစ်၏ တစ်စိတ်တစ်ပိုင်းကိုပင် တိကျစွာ ဖော်ပြနိုင်ခဲ့ပေ၏။

ကျန်းရွှမ်က မျက်မှောင်တင်းတင်းကြပ်ကြပ် ကြုတ်လိုက်သည်။

သူ အစောက နားကြားမှားသွားခဲ့သလော....

ဖြစ်နိုင်သည်မှာ နားလည်သည်ဟု ပြောခဲ့သူသည် လျူမင်ယွဲ့ဖြစ်ပြီး နားမလည်ဟု ပြောခဲ့သူမှာ ယုရှောင်ယွီ ဖြစ်နေခဲ့သလော....

ကျန်းရွှမ် သူ့ကိုယ့်သူ သံသယဝင်နေစဉ်မှာပင် အနီးအနားတွင် ရှိနေသော ချန်းဟောင်သည်လည်း လုံးလုံးလျားလျား စိတ်ရှုပ်ထွေးနေသည်။

လျူမင်ယွဲ့သည် ဤဆရာကို မကြိုက်သည့်အပြင် သူ၏တပည့် ဖြစ်လိုစိတ်မရှိသည် မဟုတ်လော...

မည်သည်ကြောင့် သူမသည် ရုတ်တရက်ကြီး သူ့ကို ကူညီပေးနေသနည်း...

ထို့ပြင် သူမသည် မည်သည်ကြောင့် သူ၏သင်ကြားချက်များကို ဤမျှထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသနည်း...

ချန်းဟောင်သည် သူ ကူညီပေးရန် ကြိုးစားသောလူမှ သူ၏နောက်ကျောကို ဓားဖြင့်ထိုးခြင်း ခံလိုက်ရသည့် လူပြက်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

"ချန်ဟောင်...မိန်းကလေးလျှူက ကျန်းရွှမ် အရှက်မရအောင် တမင်ကူညီနေတာလို့ မင်းထင်လား...သူ တကယ်သင်လိုက်တာကို ပြောနေတာမဟုတ်ဘဲ အရင်က အလွတ်ကျက်ထားတဲ့ နည်းစနစ်တစ်ခုကို ရွတ်ပြနေတာ ဖြစ်နိုင်တယ်"

လူအုပ်အကြားမှ ကျောင်းသားတစ်ယောက်က ထင်ကြေးပေးသည်။

"ဖြစ်နိုင်တယ်...မဟုတ်ရင် ဒီဆရာဆိုတဲ့လူက ကျောင်းတော်ရဲ့ အခြေခံ စွမ်းအင်ဆင့်ခေါ်စုဆောင်းခြင်းနည်းစနစ်ကို မသင်ဘဲ...ငါတို့ တစ်ခါမှမကြားဖူးတဲ့ နည်းစနစ်ကို ဘာလို့သုံးမှာလဲ"

တခြားကျောင်းသားတစ်ယောက်သည် ထောက်ခံလိုက်၏။

"အမှန်ပဲ"

ချန်းဟောင်၏ မျက်လုံးများ တောက်ပသွားသည်။

"ဒါပဲဖြစ်ရမယ်....မဟုတ်ရင် ယွီရှောင်ယွီက စာတစ်လုံးမှ မမှတ်မိဘဲ လျူမင်ယွဲ့က ဘယ်လိုလုပ် ဒီလောက်အများကြီး မှတ်မိနိုင်မှာလဲ"

ဤအတွေးဖြင့် ချန်ဟောင်က အော်ပြောလိုက်သည်။

"မိန်းကလေးလျူ...အမှန်အတိုင်းသာ ပြောလိုက်ပါ...သူ့အတွက် ဖုံးကွယ်ပေးနေစရာ မလိုပါဘူး..."

"ဘာကို ဖုံးကွယ်ရမှာလဲ"

လျူမင်ယွဲ့က ချန်ဟောင်ကို မျက်စောင်းထိုးလေသည်။

သူမသည် ကျန်းရွှမ်းကို သဘောမကျသည့်အပြင် သူ၏တပည့် မဖြစ်လိုသော်လည်း လိမ်ညာပြောဆိုခြင်း သို့မဟုတ် မဟုတ်မမှန် စွပ်စွဲခြင်းများ ပြုလုပ်တတ်သည့် မိန်းကလေးမျိုး မဟုတ်ပေ။ သူမ ဤနည်းစနစ်ကို ရွတ်ပြနိုင်ခြင်းမှာ ထိုအရာသည် တိကျမှန်ကန်ပြီး သူမ အမှန်တရားကိုသာ ပြောလိုသောကြောင့်ပင်။

သူမ စကားပြောရန် ဟန်ပြင်နေစဉ်မှာပင် ဒေါသဖြင့် မကျေမနပ်ဖြစ်နေသော ယုရှောင်ယွီက ရုတ်တရက် စကားပြောဆိုသည်။

"မဟုတ်ဘူး... ဒါက ဆရာကျန်း သင်ပေးခဲ့တာ အတိအကျပဲ..."

ချန်ဟောင်က သူမကို ချက်ချင်း စိန်ခေါ်လိုက်သည်။

"ဒါဆို ဘာလို့ မင်းက မရှင်းပြတာလဲ...မင်းကသာ မိန်းကလေးလျှူလို တိတိကျကျ ရွတ်ပြနိုင်ရင် ဆရာကျန်းက ဒီနည်းစနစ်ကို တကယ်သင်ခဲ့တယ်လို့ ငါ ဝန်ခံမယ်..."

"ငါ..."

ယွီရှောင်ယွီ၏ မျက်နှာသည် နီမြန်းသွားပေ၏။ သူမသည် သင်ခန်းစာအပေါ် အာရုံမစိုက်ခဲ့သောကြောင့် ရှင်းပြရန် နေနေသာသာ မည်သည့်အရာကိုမှ မမှတ်မိတော့ပေ။

"ငါ ရှင်းပြမယ်"

ဟုန်ရီက ရှေ့သို့ထွက်လာပြီး သူ၏အသံသည် ကြည်လင်ပြတ်သားပြီး ယုံကြည်မှုအပြည့်ရှိနေသည်။

"ဆရာကျန်းရဲ့ ရှင်းပြချက်က မိန်းကလေးလျှူ ပြောတာထက်တောင် ပိုအသေးစိတ်တယ်....လုပ်သင့်တဲ့အရာသုံးခုနဲ့ မလုပ်သင့်တဲ့အရာသုံးခုကို ပြောပြီးတဲ့နောက်မှာ သူက ကျင့်ကြံရာမှာ အလျင်စလိုမလုပ်ရဘူး...ရင်းမြစ်စွမ်းအင်ကို လမ်းညွှန်လို့ရပေမယ့် အတင်းအကျပ်မလုပ်ရဘူးလို့ သူ ပြောခဲ့တယ်...ဆက်ပြီးလုပ်ဆောင်ရမယ့် နည်းလမ်းတွေကတော့..."

ဟုန်ရီသည် အလွန်မှတ်ဉာဏ်ကောင်းသူဖြစ်သဖြင့် သူ သင်ခန်းစာကို ပြန်ပြောပြချိန်၌ သူ၏ရှင်းပြချက်သည် လျူမင်ယွဲ့ထက် ပို၍ပြီးပြည့်စုံပေ၏။ သူ၏စကားလုံးတိုင်းသည် ကျန်းရွှမ်၏ မူလသင်ကြားချက်နှင့် တထပ်တည်းကျနေသဖြင့် ဤသည်မှာ အမှန်တကယ် သင်ကြားခဲ့သည့်အရာဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိတော့ချေ။

ဤစကားများကို ကြားချိန်တွင် အခြေအနေကို စောင့်ကြည့်နေသော ကျောင်းအုပ်ကြီး လုမင်ရုန်သည် သင်ခန်းစာ၏ အကြောင်းအရာများကို များစွာပေါက်ကြားမသွားစေရန် ဟုန်ရီကို အလျှင်အမြန် ဟန့်တားလိုက်သည်။ ထို့နောက် သူသည် ချန်ဟောင်ဘက်သို့ လှည့်လိုက်ကာ သူ၏မျက်နှာအမူအယာ တင်းမာခက်ထန်နေသည်။

"ဟုန်ရီမှာ စာသင်ချိန်မတိုင်ခင် ဘယ်ကျင့်စဉ်ကိုမှ ကြည့်ရှုခွင့် မရှိခဲ့ဘူး... ပြီးတော့ ဆရာကျန်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သူက မိန်းကလေးလျှူနဲ့ ပူးပေါင်းကြံစည်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်.... ချန်ဟောင် မင်းမှာ အခု ဘာပြောစရာရှိသေးလဲ"

"ကျွန်တော်..."

ချန်ဟောင်၏ မျက်နှာ ဖြူဖျော့သွားသည်။

သူသည် ဟုန်ရီကို ကောင်းစွာသိကျွမ်းပေ၏။ ဤသည်မှာ ယမန်နေ့က လူအုပ်အကြားမှ သူကိုယ်တိုင် ရွေးထုတ်ခဲ့သူပင်။ ဟုန်ရီသည် ထိုသို့သော နည်းစနစ်များကို ရရှိနိုင်ခြင်း မရှိသည့်အပြင် လျူမင်ယွဲ့နှင့်လည်း မည်သည့်ပူးပေါင်းကြံစည်မှုတွင်မှ ပါဝင်မည်မဟုတ်ကြောင်း သူ သေချာပေါက် သိသည်။ ဆိုလိုသည်မှာ ဟုန်ရီပြောဆိုသော နည်းစနစ်သည် ကျန်းရွှမ် သင်ကြားခဲ့သောအရာ အစစ်အမှန်ဖြစ်သည်ဟူသော အဓိပ္ပာယ်ပင်။

သို့သော် ဤသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။ ရက်အနည်းငယ်ကပင် မြင်းထိန်းတစ်ယောက်သာ ဖြစ်ခဲ့သူသည် အဆင့်မြင့်နည်းစနစ်များကို ရုတ်တရက် မည်သို့ သင်ကြားနိုင်မည်နည်း။ အထူးသဖြင့် သူကိုယ်တိုင်ပင် မကြားဖူးသော နည်းစနစ်တစ်ခုကို မည်သည့်နည်းဖြင့် သင်ပေးနိုင်မည်နည်း။

စိတ်ပျက်ဖွယ်အခြေအနေမှ ကယ်တင်နိုင်ရန် ချန်းဟောင်က ကောက်ရိုးတစ်မျှင်ကို အားကိုးတကြီး ဆုပ်ကိုင်လိုက်သည်။

"ဒီနည်းစနစ်က... အရမ်းကို နားလည်ရခက်ပြီး ရှုပ်ထွေးလွန်းတယ်....ဒါက ကျန်းရွှမ်က ထင်ပေါ်ကျော်ကြားချင်လို့ လုပ်ကြံဖန်တီးထားတာပဲ ဖြစ်မယ်...ဘယ်လိုနည်းနဲ့မှ ထိရောက်မှာမဟုတ်ဘူး...."

ပညာရှင်များနှင့် ပါမောက္ခများအနက်မှ တချို့သည် သူတို့ သာလွန်သည်ဟု ထင်ရစေရန် သူတို့၏သင်ကြားချက်များကို နက်နဲပြီး နားလည်ရခက်အောင် တမင်သက်သက် ပြုလုပ်ကြသည်။ ချန်ဟောင်က ကျန်းရွှမ်သည်လည်း ထိုသို့လုပ်နေသည်ဟု သံသယဝင်မိလေ၏။ ကြားလိုက်လျှင် အထင်ကြီးဖွယ်ကောင်းသော်လည်း အသုံးမဝင်သော နည်းစနစ်တစ်ခုပင်။ ထို့ပြင် ယွီရှောင်ယွီနှင့် လျူမင်ယွဲ့တို့သည် ဤနည်းစနစ်ကို အမှန်တကယ်ကျင့်ကြံရန် အစီအစဉ်ရှိပုံ မရချေ။

ကျောင်းအုပ်ကြီးလုက ဤစကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ အမှန်တကယ်ကိုပင် နည်းစနစ်အတွင်းမှ ဝေါဟာရတချို့သည် စိတ်ကူးယဥ်ဆန်ပြီး နားလည်ရခက်သောကြောင့် ထိုအရာသည် အမှန်တကယ် ထိရောက်မှုရှိသလော သို့မဟုတ် အနှစ်သာရမရှိသော စကားလုံးများ ဖြစ်နေသလောဟု ဆုံးဖြတ်ရန် ခက်ခဲနေသည်။ သို့ရာတွင် အတွေ့အကြုံရှိသော ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်သည့် သူ့အနေဖြင့် လက်တွေ့မမြင်ရဘဲ နည်းစနစ်တစ်ခုကို အကဲဖြတ်ခြင်းသည် မိုက်မဲရာကျကြောင်း သူ သိသည်။

သို့ရာတွင် သူ တစ်စုံတစ်ခုကိုမျှ မပြောဆိုနိုင်သေးမှာပင် ချန်းဟောင်က ဖိအားပေးလေသည်။

"ကျောင်းအုပ်ကြီးလု...ငါက ကျောင်းတော်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မိတာပါ...မိန်းကလေးယုနဲ့ မိန်းကလေးလျှူတို့ကအဖြူရောင်ကျောက်တုံးမြို့တော်မှာ ပါရမီအမြင့်မားဆုံး ကျောင်းသားနှစ်ယောက်ပဲ ....တကယ်လို့ သူတို့ရဲ့တိုးတက်မှုက အရည်အချင်းမရှိတဲ့ ဆရာကြောင့် နှောင့်နှေးသွားမယ်ဆိုရင် ကျောင်းတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာနိုင်တယ်"

ကျောင်းအုပ်ကြီးလု ဒေါသထွက်သွားသည်။ ကျန်းရွှမ်သည် အလွန်တန်ဖိုးကြီးသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် ဖုံးကွယ်ထားသော ပါရမီရှင်တယောက်ဖြစ်သည့် အမှန်တရားကို သူ ချန်းဟောင်အား တိုက်ရိုက်ပြောဆို၍ မရချေ။ တစ်ချိန်တည်းမှာပင် သူသည် ချန်းဟောင်၏ စွပ်စွဲပြစ်တင်ခြင်းများကိုလည်း တုံ့ပြန်ခြင်းမပြုဘဲ မနေနိုင်ချေ။

"ဒါဆိုရင် မင်းက ဘယ်လို အကြံပေးချင်တာလဲ"

ကျောင်းအုပ်ကြီးလုက မေးမြန်းလိုက်သည်။ သူ၏စိတ်အတွင်းမှနေ၍ ဤကိစ္စကို ဖြေရှင်းပြီးသည်နှင့် ချန်းဟောင်အား ကျောင်းတော်မှထုတ်ပယ်ရန် ကြံရွယ်ပြီးဖြစ်သည်။ သူသည် ကျောင်းတော်အတွက် အနှောင့်အယှက်ဖြစ်စေကာ တစ်ချိန်တည်းမှာပင် ကျန်းရွှမ်ကို အဆင်မပြေဖြစ်စေနိုင်သည့် ဤကဲ့သို့ လူစားမျိုးကို ကျောင်းတော်၌ မထားနိုင်ချေ။

"ဒါက ရိုးရှင်းပါတယ်...ကျောင်းသားသုံးယောက်က ဒီနည်းစနစ်ကို သင်ယူပြီးမှတော့ သူတို့က အဲ့ဒီအတိုင်း ကျင့်ကြံထားမှာပဲလေ...မရီဒါန်းတွေက ရင်းမြစ်စွမ်းအင်တွေနဲ့ ပထမဆုံး ထိတွေ့တဲ့အချိန်မှာ တိုးတက်မှုက အသိသာဆုံးပဲ...တကယ်လို့ သူတို့ရဲ့ခွန်အားတွေ တိုးလာတယ်ဆိုရင် အဲ့ဒီနည်းစနစ်က စစ်မှန်တယ်..တိုးတက်မှုမရှိရင် အဲ့ဒီနည်းစနစ်က အဓိပ္ပါယ်မရှိတဲ့ ပေါက်ပန်းလေးဆယ်စကားတွေပဲ"

All Chapters