← Chapters

လျှူမင်ယွဲ့၏ရှင်းပြမှု(၂)

Vol. 6 Ch. 86

လျှူမင်ယွဲ့၏ရှင်းပြမှု(၂)

Vol. 6 Ch. 86

ချန်းဟောင်သည် တောက်ပနေသော မျက်လုံးများနှင့် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ကို ကြည့်ပြီး အဆိုပြုလိုက်သည်။

"ငါတို့က ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုကနေ သူတို့ရဲ့ အရင်ခွန်အားအဆင့်တွေကို သိပြီးသားပဲ....တကယ်လို့ သူတို့ဆီမှာ ဘာတိုးတက်မှုမှ မရှိရင် ဒီနည်းစနစ်က အသုံးမဝင်ဘူးဆိုတာ သိသာထင်ရှားတယ်"

အကဲဖြတ်စစ်ဆေးမှုကို ကြီးကြပ်ခဲ့သော အကြီးအကဲဟယ်ချင်သည် ရလဒ်များကို ရှင်းရှင်းလင်းလင်း မှတ်မိပေ၏။

"အမှန်ပဲ...ငါ မှတ်မိတယ်...မိန်းကလေးယုရှောင်ယွီမှာ မြင်းကောင်ရေ ၀.၄၂ခွန်အားရှိပြီးတော့... မိန်းကလေးလျှူက ၀.၄နဲ့ ဟုန်ရီက ၀.၂ပဲ"

ချန်းဟောင်၏အပြုံး ပို၍ပီပြင်ထင်ရှားသွားသည်။

"အဆင်ပြေသွားပြီ....ဒီနေ့မနက်မှာတင် ကျွန်တော်က မိန်းကလေးယု ကျင့်ကြံနေတာကိုမြင်ခဲ့ရတယ်...တကယ်လို့ တိုးတက်မှုက နည်းပါးတယ် ဆိုရင်တောင် အပြောင်းအလဲတချို့တော့ ရှိနေသင့်တယ်....မိန်းကလေးယု မင်းရဲ့ခွန်အားကို ထပ်ပြီးစမ်းသပ်မယ်ဆိုရင် မင်း စိတ်မရှိဘူး မဟုတ်လား"

"ငါ..."

ယုရှောင်ယွီ တွေဝေတုံ့ဆိုင်းနေသည်။

"မင်း သွားပြီးစမ်းကြည့်လိုက်ပါ"

ကျန်းရွှမ်သည် ကောင်းကင်လမ်းနည်းစနစ်၏စွမ်းအားကို ယုံကြည်သဖြင့် သူမအား တိုက်တွန်းလိုက်သည်။ ဤသည်မှာ အခြေခံနည်းစနစ်တစ်ခု ဖြစ်သည့်တိုင် သိသာထင်ရှားသောရလဒ်ကို ရရှိစေနိုင်သည်။ဤကိစ္စကို သူ ရာနှုန်းပြည့်ယုံကြည်ချက်ရှိသဖြင့် ဤတစ်ကြိမ်တွင်လည်း ချွင်းချက်မရှိချေ။

"ဒါက...."

ယုရှောင်ယွီကို ကြည့်ရသည်မှာ ချီတုံချတုံဖြစ်နေပုံပင်။ အချိန်တစ်ခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် သူမက ငိုတော့မယောင်မျက်နှာနှင့် ပြောဆိုလိုက်သည်။

"ဆရာကျန်း....ကျွန်မ တောင်းပန်ပါတယ်...ခုဏက ကျွန်မ ဟန်ဆောင်နေခဲ့တာပါ...တကယ်တော့ ကျွန်မ ဘာတစ်ခုကိုမှ မကျင့်ကြံခဲ့ဘူး"

"မင်း မကျင့်ကြံခဲ့ဘူးလား"

ကျန်းရွှမ်သည် ဇဝေဇဝါ ဖြစ်သွားလေ၏။

'ဒါဆိုရင် မင်းက ဘာလို့ အရာရာတိုင်းကို နားလည်သဘောပေါက်ပြီးတော့ သဘောတရားအားလုံးကို ဖမ်းဆုပ်နိုင်တယ်လို့ ဟန်ဆောင်ခဲ့တာလဲ...မင်းရဲ့ခံစားချက်တွေက အစစ်အမှန်လိုပဲ... မင်းက ငါ့ကို လာပြီးကစားနေတာလား'

'ဒါက မင်း မီးပြင်းဖိုကို ထွန်းညှိခဲ့တဲ့အချိန်ကနဲ့ အတူတူပဲ...လူတိုင်းက မင်း အောင်မြင်သွားပြီလို့ ထင်ခဲ့ကြပေမယ့် မင်းက ဟန်ဆောင်နေခဲ့တယ်... အခု ဒီလိုမျိုး ထပ်ဖြစ်ပြန်ပြီ...မင်းကို ယုရှောင်ယွီလို့ ခေါ်နေတာ ရပ်ပြီးတော့ ဟန်ဆောင်သူယုလို့ ခေါ်တာ ပိုကောင်းလိမ့်မယ်'

"ဟုတ်ကဲ့..."

ယုရှောင်ယွီသည် ရှက်ရွံမှုကြောင့် သူမ၏ခေါင်းကို အောက်သို့ငုံထားပြီး သူမ သေချင်စိတ် ပေါက်နေသည်။

ယခင်အချိန်တုန်းက သူမသည် သူမဖခင်၏အကြံပေးမှုကို နားထောင်ပြီးသူမ၏ဆရာကို မယုံကြည်ခဲ့ချေ။ ထို့ကြောင့်သူမသည် ဆရာများနှင့် ထောင်နှင့်ချီသောကျောင်းသားများ၏ရှေ့တွင် သူမကိုယ်သူမ အရူးဖြစ်စေခဲ့သည်။ ဤတကြိမ်တွင်လည်း ထပ်တူထပ်မျှပင်။ တစ်ခုတည်းသော ကွဲပြားခြားနားချက်မှာ ဤတစ်ကြိမ်တွင် သူမကိုယ်သူမ အရူးလုပ်မှုကို စောင့်ကြည့်နေသည့် လူအရေအတွက် နည်းပါးသွားခြင်းပင်။

"မင်းတို့နှစ်ယောက်လည်း မကျင့်ကြံခဲ့ဘူး မဟုတ်လား"

ကျန်းရွှမ်က သက်ပြင်းရှိုက်ပြီး လျှူမင်ယွဲ့နှင့်ဟုန်ရီတို့ကို ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်သည် အပြည့်အဝ နားလည်ခြင်းမရှိသည့်အပြင် တခြားတစ်ယောက်သည် နားမလည်ဘဲ အလွတ်ကျက်ထားပေ၏။ ဂရုတစိုက် စဉ်းစားကြည့်ပါက သူတို့သည် ယုရှောင်ယွီနှင့် တစ်လှေတည်းစီးနေသူများ ဖြစ်နေနိုင်သည်။

"ကျွန်မ မကျင့်ကြံခဲ့ဘူး"

လျှူမင်ယွဲ့က ခေါင်းညိတ်လိုက်သည်။

ဟုန်ရီ၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းသွားပေ၏။

"ဆရာ...ကျွန်တော် တောင်းပန်ပါတယ် ....တကယ်လို့ ဒါက အရမ်းနောက်မကျသေးဘူးဆိုရင် ကျွန်တော် အခုစပြီး ကျင့်ကြံလိမ့်မယ်"

'တကယ်လို့ ငါက ခုဏက နည်းစနစ်ကို မှတ်သားတဲ့နေရာမှာ အာရုံအရမ်းမစိုက်ခဲ့ဘဲနဲ့ နည်းနည်းလောက် ပိုပြီးကျင့်ကြံခဲ့မယ်ဆိုရင် ဆရာ ခုလိုမျိုး အရှက်ကွဲမှာ မဟုတ်ဘူး'

"မလိုတော့ဘူး..."

ကျန်းရွှမ်က သူ့၏လက်ကို ဝှေ့ယမ်းပြီး ဟုန်ရီကိုဟန့်တားကာ မလှမ်းမကမ်းအကွာတွင်ရှိသော ခွန်အားစမ်းသပ်တိုင်ထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။

"အဲ့ဒီနေရာကို သွားပြီးတော့ မင်းရဲ့ခွန်အားကို စမ်းသပ်လိုက်တော့"

"စမ်းသပ်ရမှာလား..."

ဟုန်ရီသည် အံ့အားသင့်သွားကာ သူ နားလည်မှုလွဲမည်ကို ထိတ်လန့်ကြောက်ရွံ့နေသည်။ သူ သိချင်စိတ်ပြင်းပြစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်ရာ တခြားလူများသည် ထပ်တူထပ်မျှ ဇဝေဇဝါဖြစ်နေပုံရသည်ကို သူ မြင်တွေ့မိသည်။ ယုရှောင်ယွီကမူ ထိတ်လန့်တုန်လှုပ်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်နေပေ၏။

သူတို့သည် မကျင့်ကြံရသေးဟု ဝန်ခံခဲ့လေရာ မည်သည်ကြောင့် သူတို့၏ခွန်အားကို စမ်းသပ်ရမည်နည်း...

ဤသည်မှာ နောက်ထပ် အရှက်ရဖွယ်မြင်ကွင်းတစ်ခု ဖြစ်လာနိုင်သည် မဟုတ်လော...

ယုရှောင်ယွီသည် နေရာ၌ ကြောင်တောင်တောင်အမူအယာဖြင့် မတ်တတ်ရပ်နေစဉ်တွင် မလှမ်းမကမ်း၌ရှိနေသော ကျန်းရွှမ်က သူမအား လက်ဝှေ့ယမ်းပြနေသည်ကို သူမ သတိပြုမိသွားသည်။

"မင်း အရင်ဆုံးသွားလိုက်"

ကျန်းရွှမ်က အမိန့်ပေးသည်။

ယုရှောင်ယွီက သူမ၏လက်ကို အသည်းအသန် ဝှေ့ယမ်းပြပြီး သူမသည် ငိုကြွေးတော့လုမတတ်ပင်။

"ဆရာ ငါက အမှန်အတိုင်း ပြောခဲ့တာပါလို့ ငါ ကျိန်ဆိုတယ်...ငါ တကယ်ကို မကျင့်ကြံခဲ့ဘူး"

"ငါ မင်းကို စမ်းကြည့်ဖို့ ပြောခဲ့တယ်...ဒါဆိုရင် မင်း စမ်းကြည့်လိုက်လေ...ဘာလို့ မင်းက စကားတွေအများကြီးပြောပြီး အချိန်ဖြုန်းနေတာလဲ"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

ဆရာဖြစ်သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုကိုကြည့်ပြီး ယုရှောင်ယွီက ထပ်မံ၍ ငြင်းဆန်ခြင်းမပြုတော့ချေ။ သူမသည် အံ့တင်းတင်းကြိတ်ပြီး ခွန်အားစမ်းသပ်တိုင်ထံသို့ လျှောက်လှမ်းသွားလိုက်၏။

သူမသည် ယနေ့မနက် အစောပိုင်းကပင် သူမ၏ခွန်အားကို တိုင်းတာပြီးလေပြီ။ ထို့ကြောင့် အကယ်၍ သူမ ထပ်မံပြီး တိုင်းတာလျှင်ပင် မည်သည့်အပြောင်းအလဲမျှ ရှိမည်မဟုတ်ချေ။

"သူက မကျင့်ကြံခဲ့ဘဲနဲ့ ဘယ်သို စမ်းသပ်မှာလဲ..."

"ဘယ်သူ သိနိုင်မှာလဲ...သူ့ရဲ့ အရင်ရမှတ်ထက် ကျော်နိုင်မလားလို့ သူ ကံစမ်းကြည့်တာ ဖြစ်မှာပေါ့...."

"ခွန်အားစမ်းသပ်တိုင်ရဲ့ဝင်္ကပါက လူတစ်ယောက်ရဲ့ အလုံးစုံခွန်အားကို စမ်းသပ်တာ...သူတို့က အားနည်းနည်းပိုစိုက်ရုံနဲ့ အမှတ်ပိုမြင့်လာမယ်လို့ ထင်နေကြတာလား...တကယ်လို့ အဲ့ဒီလောက်သာ လွယ်နေရင် ဝင်္ကပါလို့ခေါ်ဖို့ ထိုက်တန်မှာ မဟုတ်ဘူး"

ယုရှောင်ယွီသည် သူမ မကျင့်ကြံရသေးသည်ကို ဝန်ခံခဲ့သောကြောင့် လူအုပ်အကြားတွင် မယုံကြည်နိုင်စွာ တီးတိုးရေရွတ်သံများ လှောင်ပြောင်သရော်သံများ ပျံ့နှံ့နေသည်။ လူများအားလုံးသည် သူမကို လူပြက်တစ်ယောက်အလား စောင့်ကြည့်နေကြကာ အထူးသဖြင့် ချန်းယောင်၏မျက်နှာပေါ်တွင် သရော်တော်တော် အမူအယာတစ်ရပ် ထင်ဟပ်နေသည်။

သူမ၏ရမှတ် မပြောင်းလဲသရွေ့ သူ့ထံတွင် ကျန်းရွှမ်အား အရှက်ခွဲရန် နည်းလမ်းများစွာရှိသည်။ သူ ယမန်နေ့က ခံစားခဲ့ရသော အရှက်ရမှုအတွက် လက်စားချေနိုင်တော့ပေမည်။

"ငါ...ငါ စတော့မယ်"

လူများအားလုံး၏ မျက်လုံးအကြည့်များ သူမထံသို့ ကျရောက်နေသည်ကို ကြည့်ပြီး သူမသည် ရှောင်လွှဲမရနိုင်တော့သည်ကို သိရှိသွားပေ၏။ ယုရှောင်ယွီသည် အံ့တင်းတင်းကြိတ်ပြီး သူမ၏ခွန်အားကုန်စုစည်းကာ သူမ၏မျက်လုံးကို စုံမှိတ်ပြီး စမ်းသပ်တိုင်သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဝီ....

စမ်းသပ်တိုင်ဝင်္ကပါမှ တိုးညှင်းသောအသံ ထွက်ပေါ်လာကာ လေထု တုန်ခါသွားပြီးနောက် စမ်းသပ်တိုင်ပေါ်တွင် ကိန်းဂဏန်းတခု ထွက်ပေါ်လာသည်။

မလှမ်းမကမ်းအကွာတွင်ရှိနေသော ချန်းဟောင်၏ ရယ်မောသံသည် ပဲ့တင်ထပ်နေဆဲပင်။

"ဒါက မြင်းကောင်ရေ 0.42ပဲ မဟုတ်လား...သူက မကျင့်ကြံဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ သူ့ရဲ့ခွန်အား မြင့်တက်လာမှာလဲ... ဟမ် ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒီဝင်္ကပါ ပျက်နေတာလား"

မမျှော်လင့်ထားသော တုံ့ပြန်မှုများကြောင့် အံ့အားသင့်သွားသဖြင့် ယုရှောင်ယွီသည် သတိကြီးစွာထားပြီး မျက်လုံးတစ်ဖက်ဖွင့်ကာ စမ်းသပ်တိုင်ထံသို့ ချောင်းကြည့်လိုက်သည်။ အကြည့်တချက်ဖြင့် သူမသည် နေရာ၌ တောင့်တင်းသွားလေ၏။

အတန်းမစမီက စမ်းသပ်ဝင်္ကပါတွင် မြင်းကောင်ရေ ၀.၄၂ပြသခဲ့သော်လည်း ယခုအချိန်တွေမူ ၀.၅ဖြစ်နေသည်။

အချိန်တိုအတွင်းမှာပင် သူမ၏ခွန်အားသည် မြင်းကောင်ရေ ၀.၀၈တိုးတက်လာခဲ့သဖြင့် နှစ်ဆယ်ရာခိုင်နှုန်းနီးပါး မြင့်တက်လာမှုပင်။

သူမသည် မည်သည့်ကျင့်ကြံမှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိဘဲ သူမ၏ခွန်အား မြင့်တက်လာခဲ့သလော။ ဤသည်မှာ မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။

ယုရှောင်ယွီ လုံးလုံးလျားလျား ကြောင်တောင်တောင်ဖြစ်နေသည်။ တခြားလူများမှနေ၍ သူမအား ကျန်းရွှမ် သင်ကြားပေးသည့် နည်းစနစ်ကို မည်သည်ကြောင့် မကျင့်ကြံခဲ့သနည်းဟု မေးခွန်းထုတ်လာနိုင်သည်။ သို့ရာတွင် သူမသည် သူမ၏ဖခင်မှ သင်ကြားပေးမည့် လားရာငါးသွယ်စွမ်းအင်စုစည်းခြင်းနည်းစနစ်ကို စောင့်ဆိုင်းနေခဲ့ကြောင်း သူမတစ်ယောက်တည်းကသာ သိရှိထားသည်။

သူမသည် ကျင့်ကြံရန်နေနေသာသာ ကျန်းရွှင်၏သင်ခန်းစာကို အာရုံစိုက်ခဲ့ခြင်းပင် မရှိလေရာ မည်သည်ကြောင့် သူမ၏ခွန်အား ဤမျှထိ များစွာမြင့်တက်လာသနည်း။

သူမသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် နေရာမှာပင် မတ်တတ်ရပ်ကာ ဇဝေဇဝါဖြစ်နေမှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် ကျန်းရွှမ်သည် စိတ်မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ထားသည်အား သူမ သတိပြုမိလေသည်။

"ကြည့်ရတာတော့ မင်းက ဘာကိုမှ မကျင့်ကြံခဲ့ရုံတင် မကဘူး...ငါ စာသင်နေတဲ့ အချိန်အတွင်းမှာလည်း အာရုံစိုက်ခဲ့ပုံ မရဘူး"

"ဟုတ်ကဲ့..."

ယုရှောင်ယွီသည် သူမအား ဝတ်လစ်စလစ်ဆွဲချွတ်ခံလိုက်ရသည့်အလား သူမ၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။ သူမ ဤကိစ္စကို နားလည်နိုင်ခြင်း မရှိချေ။

"တကယ်လို့ ကျွန်မက မကျင့်ကြံခဲ့ဘူးဆိုရင် ဘာလို့ ကျမရဲ့ခွန်အား မြင့်တက်လာတာလဲ"

သူမအား တုံ့ပြန်အဖြေပေးခြင်းမရှိဘဲ ကျန်းရွှမ်က လျှူမင်ယွဲ့ကို ကြည့်လိုက်သည်။

"ကောင်းပြီလေ....လျှုမင်ယွဲ့ မင်းလည်း မင်းရဲ့ခွန်အားကို သွားပြီးစမ်းသပ်ကြည့်တော့"

"ကျွန်မလား..."

လျှူမင်ယွဲ့သည် သူမကိုယ်သူမ လက်ညှိုးညွှန်ပြီး မေးမြန်းလိုက်၏။

သူမသည် ကျန်းရွှမ် သင်ကြားပေးသည့် အရာများအနက်မှ တချို့ကို မှတ်မိပြီး စာသင်နေချိန်အတောအတွင်း၌ အာရုံစူးစိုက်၍ နားထောင်ခဲ့သည်။ သို့ရာတွင် ယုရှောင်ယွီနှင့် မတူညီဘဲ သူမသည် စိတ်ပါလက်ပါ ကျင့်ကြံခဲ့ခြင်း မရှိချေ။

သူမ၏စိတ်အတွင်း၌ ယုရှောင်ယွီသည် တခြားလူများ၏ရှေ့၌ ဟန်ရေးပြရန်အတွက် မကျင့်ကြံသကဲ့သို့ ဟန်ဆောင်နေခြင်းဖြစ်မည်ဟု တွေးထင်ထားသည်။

'ကောင်းပြီလေ....တကယ်လို့ တယောက်ယောက် အရှက်ကွဲရမယ်ဆိုရင်လည်း ဒါက နင်ပဲ ဖြစ်လိမ့်မယ်'

အစပထမတဲ့ လျှူမင်ယွဲ့က ငြင်းဆန်ရန် တွေးတောထားခဲ့သည်။ သို့ရာတွင် သူမ၏ခွန်အား တိုးတက်မလာပါက ကျန်းရွှမ် အရှက်ကွဲမည်ကို သူမ နားလည်သဘောပေါက်သွားပေ၏။ ထိုကြောင့် သူမသည် များစွာစဉ်းစားတွေးတောခြင်း မပြုတော့ဘဲ သူမ၏လက်သီးကိုဆုပ်ကာ စမ်းသပ်ဝင်္ကပါတိုင်ကို ထိုးနှက်လိုက်၏။

ဝီ....

စမ်းသပ်ဝင်္ကပါတိုင်သည် ထပ်မံ၍ တုန်ခါသွားပြီးနောက် ကိန်းဂဏန်းတစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်။

"ကျွန်မ မကျင့်ကြံခဲ့ဘူးလို့ ပြောခဲ့တယ် မဟုတ်လား... အမ်..."

သူမ၏စကားအဆုံးမသတ်သေးမီမှာပင် လျှူမင်ယွဲ့၏အသံသည် သူမ၏လည်မြိုမှာပင် နစ်ဆို့သွားလေ၏။ သူမ၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။

ယခင်က သူမ တိုင်းတာခဲ့ချိန်တွင် မြင်းကောင်ရေ ၀.၄သာရှိသော သူမ၏ခွန်အားသည် ယခုအချိန်၌ ၀.၆သို့ မြင့်တက်သွားလေရာ ငါးဆယ်ရာခိုင်နှုန်းတိတိ တိုးတက်လာခြင်းပင်။

"ဒါက...."

လျှူမင်ယွဲ့ တစ်ယောက်တည်းသာ ထိတ်လန့်တုန်လှုပ်နေသည် မဟုတ်ဘဲ ကျောင်းအုပ်ကြီးလုမင်ရုန်နှင့် တခြားလူများသည်လည်း ကြက်သေသေနေသည်။

စာသင်ချိန်တစ်ချိန်အတွင်းတွင် ခွန်အားငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာခဲ့သလော....

လူအများစုသည် သုံးရက်သုံးညတိုင်တိုင် ပလ္လင်ခွေထိုင်ပြီး အဆက်မပြတ် ကျင့်ကြံနေလျှင်ပင် ဤကဲ့သို့ ရလဒ်မျိုး ထွက်ပေါ်မလာနိုင်ချေ။

ထို့ထက်ပို၍အရှုပ်ထွေးဆုံးအပိုင်းမှာ ယုရှောင်ယွီနှင့် လျှူမင်ယွဲ့တို့ နှစ်ယောက်လုံးသည် သူမတို့ ကျင့်ကြံခဲ့ခြင်းမရှိဟု အခိုင်အမာ ပြောဆိုခဲ့ခြင်းပင်။

"ဒါက မဟုတ်သေးဘူး"

လူများအားလုံး ထိတ်လန့်တုန်လှုပ်နေစဉ်တွင် ကျန်းရွှမ်က ရုတ်တရက် လျှူမင်ယွဲ့ကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"မင်းက ငါ ညွှန်ကြားခဲ့တဲ့အတိုင်း ရင်းမြစ်စွမ်းအင်တွေကို ထိန်းချုပ်ပြီးတော့...မင်းရဲ့မရီဒါန်းတွေကို ထိန်းညှိဖို့ ကြိုးစားခဲ့တယ် မဟုတ်လား"

"ကျွန်မ....ကျွန်မ...."

လျှူမင်ယွဲ့က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလေသည်။

"ကျွန်မက ရင်းမြစ်စွမ်းအင်တွေကို အပ်ချည်တစ်မျှင်စာ ပမာဏထိ ထိန်းချုပ်ပြီးတော့ မရီဒါန်းရဲ့လမ်းကြောင်းကို နည်းနည်းစီ ထွင်းဖောက်ခဲ့တယ်....ဒါက လက်ဖက်ရည်တစ်ခွက်ဖျော်စပ်စာရဲ့ တဝက်လောက် အချိန်ကြာသွားခဲ့တယ်"

"ငါ ထင်ထားသလိုပဲ...."

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားသဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒါကြောင့် မင်းရဲ့တိုးတက်မှုက ယုရှောင်ယွီထက် ပိုမြင့်မားပြီးတော့ မြန်ဆန်နေတာပဲ"

"လက်ဖက်ရည်တစ်ခွက် ဖျော်စပ်စာအချိန်ရဲ့ တစ်ဝက်မပြည့်ခင်မှာတင် ရင်းမြစ်စွမ်းအင်တွေကို ထိန်းချုပ်ပြီးတော့ မရီဒါန်းလမ်းကြောင်းကို နည်းနည်းစီ ထွင်းဖောက်ခဲ့တာက...ခွန်အားငါးဆယ်ရာခိုင်နှုန်းကို မြင့်တက်စေတာလား"

"ငါ အိမ်မက်မက်နေတာလား"

"မယုံကြည်နိုင်စရာ အကောင်းဆုံးအပိုင်းကတော့ ယုရှောင်ယွီပဲ...သူက နည်းနည်းလေးတောင် မကျင့်ကြံခဲ့တဲ့အပြင် မရီဒါန်းလမ်းကြောင်းကိုတောင် မထိတွေ့ခဲ့ပေမယ့် သူ့ရဲ့ခွန်အားက နှစ်ဆယ်ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့တယ်"

"ဘာတွေ ဖြစ်နေတာလဲ"

ရုတ်ချည်းဆိုသလိုပင် လူများအားလုံး၏မျက်လုံးအကြည့်များ ကျန်းရွှမ်ထံသို့ စူးစိုက်၍ ကျရောက်လာကာ သူတို့အားလုံးသည် သူ့အား မွန်းစတားတစ်ကောင်ကို မြင်နေရသကဲ့သို့ ကြည့်နေကြ၏။

All Chapters