← Chapters

ကောင်းကင်ကံကြမ္မာ(၂)

Vol. 6 Ch. 88

ကောင်းကင်ကံကြမ္မာ(၂)

Vol. 6 Ch. 88

ဝူယွင်ကျိုးက တံတွေးကို ခက်ခက်ခက်ခဲ မြိုချပြီး သူ၏မျက်နှာ ဖြူရော်သွားသည်။

"တကယ်လို့ ကောင်းကင်ကံကြမ္မာကို ကျင့်ကြံနိုင်တဲ့ တခြားတစ်ယောက်က ဆရာကျန်းအကြောင်းကို ရှာတွေ့သွားမယ်ဆိုရင် သူတို့က သူ့ကို တိတ်တဆိတ် လုပ်ကြံကြလိမ့်မယ်...ငါတို့အတွက်ကတော့ ဘယ်သူ သိနိုင်မှာလဲ...ငါတို့လည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

သူတို့သည် ကျန်းရွှမ်၏ ပါရမီအရည်အချင်းကို ပို၍သိရှိလေလေ သူတို့သည် အဆုံးမရှိသော သေလမ်းများအကြားတွင် ပိတ်မိနေသည်ဟု ပို၍ခံစားမိလေလေပင်။

"ကောင်းကင်ကံကြမ္မာဆရာသခင်ဆိုတဲ့ ကိစ္စက ဒီနေရာမှာ မင်းနဲ့ငါကလွဲပြီး တခြားဘယ်သူမှ သိမှာ မဟုတ်ဘူး..ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာရာတိုင်းကို တခြားဘယ်သူ့ကိုမှ မပြောဖို့ လူတိုင်းကို သတိပေးလိုက်ပါ... ငါတို့က ဆရာကျန်းကိုလည်း 'ကောင်းကင်ဘုံသင်ပြမှု'လို့ ခေါ်တဲ့အရာကို ထပ်ပြီးမသုံးဖို့ အကြံပေးရမယ်...ဒါဆိုရင် ငါတို့က အချိန်နည်းနည်းလောက်တော့ ဖုံးကွယ်ထားနိုင်လိမ့်မယ်"

ဝူယွင်ကျိုး၏စိုးရိမ်သောကများကို နားလည်သဖြင့် လုမင်ရုန်က အကြံပေးသည်။

ဝူယွင်ကျိုးသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။

ဤသည်မှာ အကောင်းဆုံး ဖြစ်ပေမည်။

သူတို့ ထိန်းသိမ်းထားရန် လျှို့ဝှက်ချက်များ တောင်လိုပုံလာသဖြင့် သူတို့သည် မနိုင်ဝန်ထမ်းနေရသကဲ့သို့ ခံစားမိသည်။

ဤတိုင်ပင်ဆွေးနွေးမှုကို သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြားရုံမျှ အလွန်တိုးညှင်းစွာ ပြောဆိုခဲ့သည်။ ထိုကြောင့် တခြားလူများသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို နားလည်နိုင်မည် မဟုတ်ချေ။

သို့ရာတွင် ထိုအချိန်မှာပင် ချန်းဟောင်သည် ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် အော်ဟစ်လိုက်၏။

"အဓိပ္ပါယ် မရှိဘူး...မင်းက မင်းကိုယ်မင်း အမွှန်းတင်နေတာပဲ....ဘယ်လိုလုပ်ပြီးတော့ ဒီလိုအရည်အချင်းမျိုး ရှိနေနိုင်မှာလဲ... ကျောင်းအုပ်ကြီးလု သူက လိမ်နေတယ်ဆိုတာ သိသာထင်ရှားတယ်....အဲ့ဒီလို လူလိမ်တစ်ယောက်က ဆရာ မဖြစ်သင့်ဘူး...သူ့ကို ချက်ချင်းထုတ်ပယ်သင့်တယ်"

"ထုတ်ပယ်ရမှာလား...အခုချက်ချင်းလား...."

လုမင်ရုန်၏မျက်ခွံများ အနည်းငယ်လှုပ်ခတ်သွားပြီးနောက် သူက ခေါင်းညိတ်လိုက်၏။

"မင်းပြောတာ မှန်တယ်...ဒီနေ့ကနေစပြီးတော့ မင်းကို ကျောင်းထုတ်လိုက်ပြီ"

"ကောင်းလိုက်တာ....နောက်ဆုံးတော့ သူ အထုတ်ခံရပြီ....မင်း ငါ့ကို ထပ်ပြီးအရှက်ခွဲရဲအုံးမလားဆိုတာ ကြည့်ကြသေးတာပေါ့"

ချန်းဟောင်က အော်ဟစ်ရယ်မောလိုက်သော်လည်း သူ၏စကား အဆုံးမသတ်သေးမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို နားလည်သွားသည်။ သူ၏မျက်နှာ ဖြူရော်သွားပြီ ကျောင်းအုပ်ကြီးလုကိုကြည့်ကာ တုန်ရီနေသောလေသံဖြင့် မေးမြန်းလိုက်၏။

"ကျွန်တော်ကိုလား...."

ထုတ်ပယ်ခံရသောတယောက်သည် ကျန်းရွှမ် မဟုတ်ဘဲ သူ ဖြစ်နေသလော။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိပ်သီးမိသားစုသုံးစုအနက်မှ တစ်စုဖြစ်သော ချန်းမိသားစု၏သခင်လေးဖြစ်ကာ ကျောင်းတော်တွင် ယုဖုန်းပြီးနောက် ဒုတိယအကောင်းဆုံး ပါရမီရှိသည့် နာမည်ကြီးသောပါရမီရှင်တစ်ယောက်ပင်။ သူသည် နောင်အနာဂတ်တွင် ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမ သို့မဟုတ် အဋ္ဌမအဆင့်သို့ ရောက်ရှိရန် မြင့်မားသောအခွင့်အရေးရှိသူပင်။ လက်ထောက်ဆရာတစ်ယောက်အတွက်နှင့် သူအား ထုတ်ပယ်လိုက်သလော။ သူ နားကြားမှားသလော။

"အမှန်ပဲ....လက်ထောက်ကျောင်းအုပ်ဝူက ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ... ချန်းဟောင်က ကျောင်းသားတစ်ယောက် ဖြစ်ပြီးတော့ အကြီးအကဲတွေအပေါ်မှာ ထပ်ခါတလဲလဲမလေးမစား ဆက်ဆံခဲ့တယ်...ဒါ့ပြင် သူက ဆရာတစ်ယောက်ကို အသရေဖျက်ခဲ့တာကြောင့် အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာပဲ....ဒါကြောင့် ချက်ချင်းအရေးယူရမယ်....ကျောင်းအုပ်ကြီးရဲ့အမိန့်ကို ထုတ်ပြန်ပြီး သူ့ကို ကျောင်းထုတ်မယ့်ကိစ္စကို ဆက်ပြီးလုပ်လိုက်ပါ"

လုမင်ရုန်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

'ကျောင်းအုပ်ကြီးရဲ့အမိန့်ကို သုံးပြီးတောင် ငါ့ကို ထုတ်ပယ်တာလား'

ချန်းဟောင်၏မျက်နှာ ဖြူရော်သွားကာ သူ့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ကျောင်းအုပ်ကြီး၏အမိန့်သည် အဖြူရောင်ကျောက်တုံးကျောင်းတော်တွင် အမြင့်မားဆုံးအမိန့်ဖြစ်ကာ သာမာန်အားဖြင့် ကျောင်းတော်အတွက် အလွန်အမင်း အန္တရာယ်ကြီးမားသော အခြေအနေများ သို့မဟုတ် တိုင်းပြည်တစ်ပြည်ပြိုလဲနေစဉ် အချိန်အတောအတွင်းတွင်သာ ထုတ်ပြန်လေ့ရှိသည်။ ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် ဆရာများနှင့် ကျောင်းသားများအားလုံး တင်းတင်းကြပ်ကြပ် လိုက်နာရသည့်အပြင် မြို့အရှင်အိမ်တော်နှင့် အဖြူရောင်ကျောက်တုံးမြို့အတွင်းရှိ ထိပ်သီးမိသားစုများ၏အိမ်တော်များထံသို့ တရားဝင်အကြောင်းကြားရသည်။ ဤသည်မှာ မြို့အရှင်အမိန့်၏အောက် ဒုတိယနေရာတွင်ရှိသော အခွင့်အာဏာဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကြာမြင့်လာသည့်တိုင် အသုံးပြုခဲ့ခြင်း မရှိချေ။ ယခုအချိန်၌ ထိုအရာအား သူ့အပေါ်တွင် အသုံးပြုလိုက်ခြင်းမှာ ကျောင်းထုတ်ခြင်း မဟုတ်တော့ဘဲ သူအား နာမည်ပျက်စာရင်း သွင်းလိုက်ခြင်းနှင့် တူညီပေ၏။

ဤသို့ဆိုပါက ချန်းမိသားစုခေါင်းဆောင်ချန်းရှောင်၏ တစ်ဦးတည်းသားဖြစ်သည့်တိုင် သူသည် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

"ဟုတ်ကဲ့..."

ဝူယွင်ကျိုးက ချန်းဟောင်ကို စာနာသနားသောအကြည့်ဖြင့် စူးစိုက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။

"သွားကြစို့..."

ကျန်းရွှမ်သည် ထိပ်သီးပါရမီရှင်တစ်ယောက် ဆိုလျှင်ပင် သူ့အား အပြစ်ပြုခြင်းသည် ကျောင်းထုတ်ခြင်းဖြင့်သာ အဆုံးသတ်သွားနိုင်သည်။ သို့ရာတွင် ကောင်းကင်ကံကြမ္မာ ဆရာသခင်ကဲ့သို့ တစ်စုံတစ်ယောက်ကို အပြစ်ပြုခဲ့ခြင်းမှာ ပို၍ပင်ပြင်းထန်ပေ၏။

"ကျောင်းအုပ်ကြီးလု...လက်ထောက်ကျောင်းအုပ်ဝူ... ကျွန်တော်... ကျွန်တော်က ညံ့ဖျင်းတဲ့ သင်ကြားမှုကြောင့် မိန်းကလေးလျှူနဲ့မိန်းကလေးယုတို့ရဲ့ ပါရမီအရည်အချင်းတွေ အလဟဿဖြစ်သွားမှာကို စိုးရိမ်မိရုံလေးပါ...ကျွန်တော်မှာ ဘယ်သူ့ကိုမှ အသရေဖျက်ချင်တဲ့ စိတ်ဆန္ဒမျိုး မရှိပါဘူး"

သူတို့၏အလေးအနက်ထားနေမှုကို ကြည့်ပြီး ချန်းဟောင်၏ ယခင်မာန်မာနများ ပျောက်ကွယ်သွားကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"ဒီလိုဆိုရင်ရော...ကျွန်တော်က ဆရာကျန်းကို တောင်းပန်ပါ့မယ်"

"ချန်းဟောင်...ငါ့ရဲ့ချစ်တူလေး...တကယ်လို့ မင်းဘက်က မှန်နေတယ်ဆိုရင် ငါတို့က ဘာမှ ကြောက်စရာ မလိုဘူး...ဘာလို့ တောင်းပန်ရမှာလဲ"

ထိုအချိန်မှာပင် တင်းမာခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာကာ အခန်းတံခါးပွင့်သွားခြင်းနှင့်အတူ ဝမ်ယုရှင်း၏လမ်းပြမှုအောက်တွင် လျှူထျန်ကျန်းက ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။

"ကျွန်တော် မှန်နေရင်လား...."

လျှူမိသားစုခေါင်းဆောင်သည် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ဘက်မှရပ်တည်ကာ ပြောဆိုပေးနေသည့်အတွက် ချန်းဟောင် အံ့အားသင့်သွားကာ သူ၏မျက်လုံးအတွင်းတွင် မျက်ရည်များဝဲလာသည်။

လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်သည်။

"ဒီနေရာက အခြေအနေတွေကို ငါ ကြားပြီးပြီ... လက်ထောက်ဆရာလေးတစ်ယောက်က ငါ့ရဲ့သမီးကို သူ့ရဲ့တပည့်ဖြစ်ဖို့ ဖိအားပေးခဲ့ရုံတင် မကဘူး မင်ယွဲ့ကို ကိုယ်ထိလက်ရောက် အပြစ်ပေးခဲ့တယ်....ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးပဲ"

အခန်းအတွင်းတွင် ရှိနေသောလူများ ကြက်သေသေသွားရုံသာမက လျှူမင်ယွဲ့ကိုယ်တိုင်သည်လည်း ဇဝေဇဝါဖြစ်သွားသည်။ သူမသည် သောက်လီအား ပြန်တောင်းပေးရန်အတွက် သူမ၏ဖခင်ထံသို့ အစေခံတယောက်ကို စေလွှတ်ပြီး အကြောင်းကြားခဲ့ရုံ သက်သက်ပင်။ မည်သည်ကြောင့် ဤသည်မှာ ကိုယ်ထိလက်ရောက် အပြစ်ပေးမှုအဖြစ်သို့ ရောက်ရှိသွားသနည်း။

လျှူထျန်ကျန်းသည် သူ့သမီး၏နံဘေးသို့ အလျင်အမြန် လျှောက်လှမ်းသွားပြီး သူမ၏မျက်နှာကို ဂရုတစိုက်စစ်ဆေးလိုက်၏။ သူမ၏မျက်နှာသည် အနည်းငယ် အနီရောင်သန်းနေပြီး ဒဏ်ရာ လုံးလုံးလျားလျား မပျောက်ကင်းသေးသည်ကို သူ မြင်တွေ့မိသည်။

သူ၏မျက်နှာသည် ဒေါသကြောင့် နီမြန်းသွားပေ၏။ သူသည် ထပ်မံ၍စိတ်မထိန်းနိုင်တော့ဘဲ နောက်သို့ချာခနဲလှည့်ကာ ကျန်းရွှမ်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

"မင်းက ကျန်းရွှမ်ပဲ ဖြစ်မယ်...မင်ယွဲ့က ဘာအမှားလုပ်ခဲ့လို့ ခုလိုမျိုး လက်ပါတဲ့အထိအပြစ်ပေးခံရတယ်ဆိုတာ ငါ သိချင်တယ်... တကယ်လို့ မင်း ဒီနေ့ သေချာရှင်းမပြနိုင်ဘူးဆိုရင် ငါတို့ လျှူမိသားစုက ဒီကိစ္စကို အလွတ်ပေးမှာ မဟုတ်ဘူး"

"မင်းက သူ့ရဲ့မျက်နှာပေါ်က ဒဏ်ရာကို ပြောချင်တာလား"

ကျန်းရွှမ်သည် နောက်ဆုံး၌ မည်သည့်ကိစ္စအား ပြောဆိုနေသည်ကို နားလည်သွားသဖြင့် လျှူမင်ယွဲ့ထံသို့ ကြည့်လိုက်သည်။

"ဒီဒဏ်ရာက ငါ့ကြောင့် ဖြစ်တယ်ဆိုတာ မင်း သေချာလား"

"ကျွန်မ...."

လျှူမင်ယွဲ့၏မျက်နှာ နီမြန်းသွားကာ သူမ ရှောင်ပုန်းနိုင်ရန် ဆုတောင်းမိသည်။ ဤသည်မှာ သူမသည် တစ်စုံတစ်ယောက်ကို ထိခိုက်နာကြင်အောင်လုပ်ရန် ကြိုးစားရာမှ သူမကိုယ်သူမ ဒဏ်ရာရရှိစေခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့ရသောကိစ္စ၏ သက်သေပင်။ သူမသည် ဤကိစ္စအတွက် လုံလုံလောက်လောက် အရှက်ရပြီးလေပြီ။ သို့ရာတွင် ယခုချိန်၌ ဤကိစ္စကို လူသိရှင်ကြား မေးခွန်းထုတ်ခြင်း ခံရလေရာ မည်သည်ကြောင့် သူမ ဝန်ခံနိုင်မည်နည်း။ ထို့ကြောင့် သူမသည် သူမ၏ဖခင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"အဖေ....အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့....ဆရာကျန်းက ဘာလို့ သမီးကို ကိုယ်ထိလက်ရောက် အပြစ်ပေးမှာလဲ"

လျှူထျန်ကျန်းသည် ခေါင်းမာနေဆဲပင်။

"မင်း သူ့အတွက် ဖုံးကွယ်ပေးဖို့ မလိုဘူး....ငါ့ရဲ့ချစ်တူလေးချန်းဟောင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အကြောင်းကြားပြီးပြီ.. ဒီလက်ထောက်ဆရာက အဲ့ဒီကိစ္စကိုလုပ်ခဲ့တာ သိသာတယ်... ငါ ခုဏက မင်းရဲ့မျက်နှာ ယောင်နေတုန်းပဲဆိုတာ မြင်ခဲ့ရတယ်....တကယ်လို့ သူ့ကြောင့်မဟုတ်ရင် တခြားဘယ်သူ ဖြစ်နိုင်လို့လဲ... မင်း စိတ်အေးအေးထားပါ...ငါ ဒီနေ့ ဒီနေရာကိုလာတာ မင်းအတွက် ရပ်တည်ပေးဖို့ပဲ"

သူမ၏ဖခင်သည် ဒေါသတကြီးဖြင့် သူမဘက်မှ ရပ်တည်ပေးနေသည်ကို ကြည့်ပြီး လျှူမင်ယွဲ့သည် ငိုကြွေးမိတော့လုမတတ်ပင်။ ဤသည်မှာ သူမအတွက် ရပ်တည်ပေးနေခြင်း မဟုတ်ဘဲ သူမသည် ဆရာဖြစ်သူကို အကွက်ချကြံစည်ရန် ကြိုးစားခဲ့သည်အား ဖော်ကောင်လုပ်နေခြင်းပင်။

"ချန်းဟောင်...."

သူမသည် ဒေါသထွက်သွားသဖြင့် မလှမ်းမကမ်းအကွာတွင် ရှိနေသော လူငယ်ကိုကြည့်ကာ အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်၏။

"နင် မဟုတ်တာတွေ လျှောက်ပြောနေတာကို မရပ်နိုင်ဘူးလား...."

သူ သဘောကျနေသောမိန်းကလေး၏ နားလည်မှုလွဲခြင်းကို ခံရသဖြင့် ချန်းဟောင်က ပျာပျာသလဲရှင်းပြသည်။

"မင်းက ဆရာကျန်းဆီ သွားပြီးတော့ ပြန်လာတဲ့အချိန်မှာ ဒဏ်ရာရလာတာကို ငါ မြင်ခဲ့တယ်.... ဒါကြောင့် မင်းကို ထိခိုက်နာကျင်အောင် လုပ်တဲ့လူက သူလို့ ငါ ထင်လိုက်တာပဲ"

"နင် ထင်တာလား...နင်က တော်တော်လေး တွေးတတ်တာပဲ"

လျှူမင်ယွဲ့က အေးစက်တင်းမာစွာ အော်ငေါက်လိုက်သည်။

"ငါ့ရဲ့မျက်နှာပေါ်က ဒဏ်ရာတွေက ငါရဲ့ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တာပဲ....ဆရာကျန်းနဲ့ ဘာမှ မပတ်သက်ဘူး..နင် မှားယွင်းပြီး စွပ်စွဲတာတွေကို မလုပ်စမ်းနဲ့"

"ငါ တောင်းပန်ပါတယ်...."

ချန်းဟောင် ငိုချင်စိတ် ပေါက်လာသည်။ အစောပိုင်းက သူသည် ဆရာကျန်းကို အသရေဖျက်ရန် ရည်ရွယ်ထားခြင်းမရှိဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ယခုအချိန်၌ သူ၏စကားကို ဆန့်ကျင်သော သက်သေတစ်ခု ထွက်ပေါ်လာလေပြီ။ မည်သည်ကြောင့် ဤသို့ ဖြစ်လာသနည်း။ ကျောင်းအုပ်ကြီး၏အမိန့်ဖြင့် သူ ကျောင်းထုတ်ခံရခြင်းသည်ပင် လုံလောက်ခြင်းမရှိသေးသလော။

"ချန်းဟောင်....တကယ်လို့ မင်း ပြောတာအမှန်ဆိုရင် မင်း ဘာမှကြောက်ဖို့မလိုဘူး"

ချန်းဟောင်သည် ရှင်းပြရန်ကြိုးစားရင်း သူ၏နှုတ်ခမ်းများ တုန်ရီနေသည်ကိုကြည့်ပြီး လျှူထျန်ကျန်းက ကြားဖြတ်ဟန့်တားလိုက်သည်။

"တကယ်လို့ မင်းကို ကိုယ်ထိလက်ရောက် အပြစ်မပေးခဲ့ဘူးဆိုရင် သူက မင်း တပည့်ခံခဲ့တဲ့အတွက် ဥာဏ်ပူဇော်ခလက်ဆောင်ကို မတရားတောင်းဆိုခဲ့တယ်.... ငါတို့ လျှူမိသားစုရဲ့မြင်း သောက်လီကို သူ့အတွက် ယူသွားခဲ့တယ် မဟုတ်လား"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"လျှူမင်ယွဲ့ ငါ့ရဲ့တပည့်ဖြစ်လာတဲ့ အချိန်မှာ အခု အခန်းထဲမှာ ရှိနေတဲ့ လူတွေအားလုံးလည်း အဲ့ဒီနေရာမှာ ရှိနေတယ်....တကယ်လို့ မင်း မသိဘူးဆိုရင် သူတို့ကို မေးကြည့်လို့ရတယ်"

လျှူထျန်ကျန်းက စာသင်ခန်းအတွင်းသို့ ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

ဤအခန်းအတွင်းတွင် ဆရာများနှင့်ကျောင်းသားများအပါအဝင် လူပေါင်းသုံးဆယ်ကျော်ရှိနေသည်။ အကယ်၍ ဤလူများအားလုံး ရှိနေပါက ကျန်းရွှမ်သည် ရူးနေလျှင်ပင် တပည့်တစ်ယောက်ထံမှ ဉာဏ်ပူဇော်ခလက်ဆောင်ကို တောင်းဆိုဝံ့မည် မဟုတ်ချေ။

"အဲ့ဒီအချိန်တုန်းက လေ့ကျင့်ရေးကွင်းပြင်မှာ လူပေါင်းတစ်ထောင်ကျော် ရှိနေတယ်...."

သူ၏တွေဝေနေမှုကိုကြည့်ပြီး အကြီးအကဲဟယ်ချင်က ညင်သာသောလေသံဖြင့် ဝင်ရောက်ပြောဆိုသည်။

သူ ရရှိထားသော သတင်းအချက်အလက် မှားယွင်းနေနိုင်သည်ကို သဘောပေါက်သွားသဖြင့် လျှူထျန်ကျန်းက အကြီးအကဲဟယ်ချင်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ"

အကြီးအကဲဟယ်ချင်က ရှင်းပြသည်။

"အဲ့ဒီအချိန်တုန်းက မိန်းကလေးလျှူက ကျန်းရွှမ်ဆီမှာ သူ့ကို တပည့်အဖြစ်လက်ခံဖို့ တောင်းပန်ခဲ့တယ်.... ဆရာကျန်းက သဘောတူခဲ့ပေမယ့် သူ ဘာတွေကို သင်ကြားမယ် သူ ဘယ်အချိန်မှာ သင်ကြားမယ်ဆိုတာကိုတော့ သူကိုယ်တိုင် ဆုံးဖြတ်မယ်လို့ ပြောခဲ့တယ်"

"အဲ့ဒီအပြင် သူက သောက်လီကို သူဆီ ရောင်းချပေးဖို့ တောင်းဆိုခဲ့တယ်...သူက 'ရောင်းပါ'လို့ပြောခဲ့တာ 'ပေးပါ'လို့ ပြောခဲ့တာ မဟုတ်ဘူး"

"ဒါက အမှန်ပဲ"

လူအုပ်အကြားတွင် ရှိနေသော ကျောင်းသားခုနစ်ယောက် ရှစ်ယောက်သည် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

ဤသည်မှာ လူများအားလုံး၏ရှေ့၌ ပြောဆိုခဲ့ခြင်း ဖြစ်သောကြောင့် လိမ်ညာ၍မရချေ။

"ဒါတောင်မှ ဆရာကျန်းက တွေဝေနေတုန်းပဲ.....အဆုံးသတ်ကျတော့ မိန်းကလေးလျှူက သောက်လီကို မရောင်းဘဲနဲ့ လက်ဆောင်အဖြစ်ပေးမယ်လို့ သူကိုယ်တိုင် ကမ်းလှမ်းခဲ့တယ်.... ဆရာကျန်းကို တော်တော်လေးဖြောင့်ဖျပြီးမှ သူက ဒီကိစ္စကို လက်ခံခဲ့တာပါ"

အကြီးအကဲဟယ်ချင်က လျှူမင်ယွဲ့ထံသို့ ကြည့်လိုက်သည်။

"လျှူမင်ယွဲ့....ခုဏက ငါ ပြောသွားတဲ့ စကားတွေက အမှန်ပဲ မဟုတ်လား"

"ဟုတ်ကဲ့ ဒါက အမှန်ပါပဲ...."

လျှူမင်ယွဲ့၏မျက်နှာ နီမြန်းနေသည်။

သူမ၏ဖခင်သည် အခွင့်အာဏာကိုအသုံးပြု၍ သောက်လီအား ပြန်တောင်းမည်ဟု သူမ တွေးထင်ခဲ့သည်။ သို့ရာတွင် လက်ရှိနေရာ၌ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများ ရှိနေသောကြောင့် သူမ တခြားမည်သည့်စကားကို ပြောဆိုနိုင်မည်နည်း။ သူမသည် ငြင်းခုံနေမည့်အစား အမှန်အတိုင်း ဝန်ခံပြီး ထပ်မံ၍ အရှက်မရအောင် ရှောင်တိမ်းသည်က ပို၍ကောင်းမွန်မည်ဟု ဆုံးဖြတ်လိုက်၏။

သူ၏သမီးဖြစ်သူသည် အမှန်အတရားကိုအတည်ပြုလိုက်သည်အား ကြည့်ပြီး လျှူထျန်ကျန်းက မျက်မှောင်ကြုတ်ကာ ချန်းဟောင်ထံသို့ ကြည့်လိုက်သည်။

"ကျန်းရွှမ်က မင်ယွဲ့ကို သူ့ရဲ့တပည့်ဖြစ်လာအောင် အတင်းအကြပ် ဖိအားပေးခဲ့တာကြောင့်...ငါ့ရဲ့သမီးမှာ ရွေးချယ်စရာမရှိဘဲ သဘောတူခဲ့ရတယ်လို့ မင်းရဲ့လူက ပြောခဲ့တယ်မဟုတ်လား"

ချန်းဟောင်သည် အလွန်စိုးရိမ်ပူပန်နေသောကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။

"ဒါက ကျွန်တော် အထင်မှားမိတာ ဖြစ်မှာပါ....ကျောင်းအုပ်ကြီးလု ကျွန်တော်က တကယ့်ကို ဘယ်သူ့ကိုမှ အသရေဖျက်ဖို့...ဒါက..."

သူ၏စကား အဆုံးမသတ်သေးမီမှာပင် လျှူထျန်ကျန်းက ထပ်မံ၍ ကြားဖြတ်ပြောဆိုသည်။

"တကယ်လို့ အမှန်တရားက မင်းဘက်မှာ ရှိနေရင် မင်း ဘာမှ ကြောက်ဖို့မလိုဘူး.... မင်း လွှတ်လိုက်တဲ့လူက ဆရာကျန်းအကြောင်း အများကြီးပြောခဲ့တယ်....အဲ့ဒီကိစ္စတွေအားလုံးက အလိမ်အညာတွေတော့ မဟုတ်လောက်ပါဘူး... ဟုတ်တယ်မလား"

"..."

ချန်းဟောင် ငိုချင်စိတ် ပေါက်လာသည်။

"ကျွန်တော်မှာ ဘာအမှန်တရားမှ မရှိဘူး...ကျွန်တော် ကြောက်တယ်... ကျွန်တော် တကယ်ကို ကြောက်နေပြီ"

နောက်ဆုံး၌ သူ့အား ကူညီပေးမည့်တစ်စုံတစ်ယောက် ရောက်လာပြီဟု အစောပိုင်းက သူ တွေးထင်ခဲ့သည်။ ထိုကြောင့် လျှူထျန်ကျန်းအပေါ် ကျေးဇူးတင်မှုကြောင့် သူ မျက်ရည်များပင် ဝဲနေခဲ့လေ၏။ သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤမျက်ရည်များ အချည်းနှီးဖြစ်သွားကြောင်း သူ နားလည်သွားလေပြီ။ ဤအကူအညီဟု ခေါ်ဆိုသောအရာသည် သူ့အတွက် သူသင်္ချိုင်းကို သူကိုယ်တိုင်တူးရာ၌ ကူညီပေးခဲ့ခြင်းပင်။

All Chapters