← Chapters

မင်း ဘာလို့ ဒူးမထောက်သေးတာလဲ

Vol. 6 Ch. 89

မင်း ဘာလို့ ဒူးမထောက်သေးတာလဲ

Vol. 6 Ch. 89

အဖြူရောင်ကျောက်တုံးကျောင်းတော်၏ ပြင်ပ၌ ကျိုးချင်းခိုင်သည် တံခါးဝတွင် စိုးရိမ်ပူပန်စွာဖြင့် မတ်တတ်ရပ်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်နေသည်။ သူ စောင့်နေသည်မှာ အချိန်နာရီဝက်နီးပါး ရှိသွားသော်လည်း ချန်းမိသားစုခေါင်းဆောင် ရောက်မလာသေးချေ။

သူသည် မေ့လျော့နေသလော...

သူသည် သခင်လေးချန်းနှင့် ပတ်သက်ပြီး မည်သည့်စိုးရိမ်ပူပန်မှုမျှ မရှိသလော...

သူသည် ထိုလက်ထောက်ဆရာကို အောင်မြင်စွာ ဖယ်ရှားနိုင်မည်လော...

ယမန်နေ့က သူ ရှင်းရှင်းလင်းလင်း ပြောခဲ့မိခြင်း ရှိမရှိ ပြန်လည်တွေးတောနေစဉ်မှာပင် လမ်းအဆုံးမှနေ၍ မြင်းခွာသံများ ပဲ့တင်ထပ်လာသည်။ ထို့နောက် တောက်ပသော အနီရောင်မြင်းတကောင်သည် သူ့ထံ ဦးတည်၍ ဒုန်းစိုင်းပြေးလာပြီး ထိုမြင်းပေါ်၌ လူလတ်ပိုင်းကြီးတစ်ယောက် ထိုင်နေသည်။ ဤသည်မှာ ချန်း မိသားစုခေါင်းဆောင် ချန်းရှောင်ပင်။

"ဒီမြင်းက ကြက်သွေးနီလား"

ကျိုးချင်းခိုင်သည် အံ့အားသင့်သွားပြီးနောက် သူ့ထံ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နက်သွားသည်။ သူသည် ယခင်က ချန်းဟောင်ကို အဖော်ပြုပြီး ပိုင်ယန်မြင်းခြံထံသို့ သွားခဲ့စဥ်တွင် ရင်းမြစ်သားရဲတစ်ကောင်၏ သွေးမျိုးဆက်ရှိသော ဤမြင်းရိုင်းကို တွေ့ခဲ့ရသည်။ ဤမြင်းရိုင်းကို ယဥ်ပါးအောင်လုပ်ရန် မယုံကြည်နိုင်အောင် ခက်ခဲသဖြင့် ချန်းရှောင်ပင်လျှင် အောင်မြင်မည်ဟု ယုံကြည်ချက်မရှိဟု သူ သိခဲ့ရပေ၏။ သို့ရာတွင် ရက်အနည်းငယ်အတွင်း၌ ကြက်သွေးနီသည် ယဥ်ပါးသွားရုံသာမက နာခံရိုကျိုးစွာ စီးနင်းခံနေသလော။

ကျိုးချင်းခိုင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် စူးစိုက်ကြည့်နေစဉ်မှာပင် ကြက်သွေးနီသည် သူ့ရှေ့၌ ရုတ်တရက် ရပ်တန့်လိုက်သည်။ ဤမြင်းသည် ဒုန်းစိုင်းပြေးနေရာမှ အသက်တစ်ရှိုက်စာ အချိန်အတွင်းတွင် ရပ်တန့်လိုက်သော်လည်း မြင်း၏ကြွက်သားများ တုန်ခါသွားခြင်း မရှိချေ။ ဤှသည်မှာ ကြက်သွေးနီထံ၌ ကြီးမားသောခွန်အား ရှိနေခြင်းကို သက်သေပြနေခြင်းပင်။ ဤမြင်းသည် ပိုင်ယန်မြင်းခြံတွင် အစွမ်းထက်ဆုံး မြင်းတကောင် ဖြစ်နေသောကြောင့် ကျိုးချင်းခိုင်သည် မနာလိုအားကျဖြစ်မှုကို ခံစားမိလေ၏။

"မိသားစုခေါင်းဆောင်ချန်း... သခင်လေးချန်းက ကျွန်တော်ကို ဒီနေရာလွှတ်ပြီး စောင့်ခိုင်းထားတာပါ"

ကျိုးချင်းခိုင်က အလျင်စလို ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။

"ဟောင်အာက ဘယ်မှာလဲ"

ချန်းရှောင်က မြင်းပေါ်မှဆင်းပြီး မေးမြန်းသည်။

"သခင်လေးချန်းက အဲ့ဒီလက်ထောက်ဆရာရဲ့ စာသင်ခန်းကို သွားနှင့်ပြီ...လူတိုင်းရဲ့ရှေ့မှာ သူ့ရဲ့လိမ်ညာမှုကို ဖော်ထုတ်ဖို့ သခင်လေးက ရည်ရွယ်ထားပါတယ်"

ကျိုးချင်းခိုင်က အလျင်အမြန် ရှင်းပြသည်။

"ငါ ရောက်လာတာကို မစောင့်ဘဲနဲ့ လဲကျတာကနေ ပြန်ထနိုင်တယ်...ဒါကမှ ငါ့သားပဲ...မဆိုးဘူး ...တကယ် မဆိုးဘူး"

ချန်းရှောင်က အော်ဟစ်ရယ်မောပြီး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"ငါတို့ တစ်ချက်သွားကြည့်ကြစို့"

သူသည် သူ၏သား မည်ကဲ့သို့ တုံ့ပြန်မည်ကို သိလိုသဖြင့် တမင်သက်သက် အချိန်နောက်ကျပြီး ရောက်ရှိလာခဲ့ခြင်းပင်။ အကယ်၍ ချန်းဟောင်သည် သူ့အား စောင့်ဆိုင်းနေပြီး မိသားစုအပေါ်မှီခိုနေပါက သူ စိတ်ပျက်ရပေမည်။ သို့ရာတွင် သူ့၏သားသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနေသည်ကို မြင်တွေ့ချိန်၌ သူ ဂုဏ်ယူဝံ့ကြွားနေမိသည်။

ယောက်ျားသားတစ်ယောက်သည် သူ့အပေါ်၌ အမှားအယွင်းပြုသူများကို လက်တုံ့ပြန်ရန်နည်းလမ်းကို ကိုယ်တိုင်ရှာဖွေရပေမည်။ ရလဒ်မည်သို့ပင် ရှိနေပါစေ သူ့၏မိသားစုသည် သူ၏ကျောထောက်နောက်ခံအဖြစ် ရှိနေပေမည်။ အကယ်၍ သူ့ထံ၌ ဤကဲ့သို့ အခြေခံရဲစွမ်းသတ္တိပင် မရှိပါက မည်သည့်နည်းဖြင့် မိသားစုကိုဦးဆောင်ရန် မျှော်လင့်နိုင်မည်နည်း။

"ဟုတ်ကဲ့"

ကျိုးချင်းခိုင်သည် ခေါင်းညိတ်ပြပြီးနောက်လမ်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်ယူရှင်းက အလျင်စလိုပြေးလာသည်။ ချန်းရှောင်ကို မြင်တွေ့ချိန်တွင် သူသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

"မိသားစုခေါင်းဆောင်ချန်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီ...သခင်လေးချန်း ဒုက္ခရောက်နေပြီ"

"ဘာဖြစ်တာလဲ...မင်း ဘာလို့ ဒီလောက်ထိ စိုးရိမ်ပူပန်နေတာလဲ"

ချန်းရှောင်က မျက်မှောင်ကြုတ်ပြီး မေးမြန်းသည်။

ဝမ်ယုရှင်းက ရှင်းပြသည်။

"သခင်လေးချန်းက အဲ့ဒီလက်ထောက်ဆရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်....ဒါပေမဲ့ဘာကြောင့်မှန်း မသိဘူး...ကျောင်းအုပ်ကြီးက စွက်ဖက်လာပြီးတော့ အရမ်းဒေါသထွက်သွားတယ်....ဒါကြောင့် သူက ကျောင်းအုပ်ကြီးအမိန့်နဲ့ သခင်လေးကို ကျောင်းထုတ်လိုက်တယ်"

အစောပိုင်းက ဝမ်ယုရှင်းသည် လျှူထျန်ကျန်းကို ခေါ်ဆောင်ပြီး စာသင်ခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သဖြင့် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ဝမ်ယုရှင်းသည် သခင်လေးချန်းအတွက် စိုးရိမ်ပူပန်သဖြင့် အချက်အလက်အပြည့်အစုံကို မသိရှိဘဲ ပြင်ပသို့ အလျင်စလိုပြေးထွက်လာခဲ့ခြင်းပင်။

"ကျောင်းအုပ်ကြီးရဲ့အမိန့်နဲ့ ကျောင်းထုတ်တာလား"

ချန်းရှောင်၏မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားသည်။

ချန်းဟောင်ပင်လျှင် ကျောင်းအုပ်ကြီးအမိန့်၏ အရေးပါမှုကိုသိရှိသဖြင့် ချန်းရှောင်သည် ထိုအရာ၏ ကြီးမားသောအခွင့်အာဏာကို ပို၍နားလည်သဘောပေါက်သည်။ အကယ်၍ ချန်းဟောင်သည် ဤကဲ့သို့ အခြေအနေတစ်ခုဖြင့် ကျောင်းထုတ်ခံရပါက သူ၏အနာဂတ် ပျက်စီးသွားပေမည်။

"လုမင်ရုန်...."

ချန်းရှောင်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး ဒေါသကြောင့် သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။

လက်ထောက်ဆရာတယောက်အတွက်နှင့် လုမင်ရုန်သည် ဤမျှထိ ကြီးလေးသော အပြစ်ဒဏ်ကို သူ၏သားအပေါ် မည်သည်ကြောင့် ချမှတ်ခဲ့သနည်း...

ထိုလူသည် မည်သည့်နေရာမှ သတ္တိများ ရရှိလာသနည်း....

ချန်းမိသားစုသည် အနိုင်ကျင့်ခံမည်ဟု သူ အမှန်တကယ် တွေးတောနေသလော....

"လမ်းပြစမ်း....ဟောင်အာက ဘာတွေလုပ်ခဲ့လို့ ဒီလိုအပြစ်ဒဏ်မျိုး ခံရလဲဆိုတာ ငါ သိချင်တယ်...တကယ်လို့ အဖြူရောင်ကျောက်တုံးကျောင်းတော်က ငါ့ကို စိတ်ကျေနပ်စေတဲ့ ရှင်းပြမှုမျိုး မပေးဘူးဆိုရင် နောင်ဆက်ဖြစ်လာမယ့်ကိစ္စတွေအတွက် ငါ့ကို အပြစ်မတင်နဲ့"

ချန်းရှောင်က ခြေလှမ်းကျဲကြီးများဖြင့်ကျောင်းတော်ထံ ဦးတည်ပြီး လျှောက်လှမ်းသွားလိုက်သည်။

အချိန်လွန်သွားမည်ကို စိုးရိမ်သဖြင့် သူတို့သုံးယောက်သည် ကျန်းရွှမ်၏စာသင်ခန်းထံသို့ အလျင်အမြန် လျှောက်လှမ်းခဲ့ကြ၏။ အခန်းတံခါးကို တင်းတင်းကြပ်ကြပ် ပိတ်ထားသော်လည်း သူတို့ ထိုနေရာသို့ မရောက်သေးမီမှာပင် အတွင်းမှနေ၍ ချန်းဟောင်၏ ငိုသံစွက်နေသော တောင်းပန်သံကို ကြားလိုက်ရသည်။

"ကျွန်တော်မှာ ခြေပစရာ မရှိတော့ပါဘူး....ကျွန်တော် ကြောက်တယ်...ကျွန်တော် တကယ်ကို ကြောက်နေပါပြီ...ကျောင်းအုပ်ကြီးလု ဆရာကျန်း... ကျွန်တော်က အဲ့ဒီလိုတွေ ဖြစ်လာဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး....ကျွန်တော် မှားသွားပါတယ်... ဒါက ကျွန်တော်ရဲ့အပြစ်ပါ...ကျွန်တော် တောင်းပန်ပါတယ်"

"တရားလွန်လိုက်တာ..."

ချန်းရှောင် ဒေါသူပုန်ထသွားသည်။

ချန်းမိသားစု၏သခင်လေးဖြစ်သော သူ၏သားသည် တခြားလူများ၏ရှေ့တွင် တောင်းပန်တိုးလျိုးနေရသလော...

မည်သည်ကြောင့် သူသည် ဤကိစ္စကို သည်းခံနိုင်မည်နည်း...

ချန်းဟောင်သည် သည်းမခံနိုင်တော့သဖြင့် အခန်းတံခါးကို ကန်ဖွင့်ပြီး အော်ငေါက်လိုက်သည်။

"ဟောင်အာ....ငါ ဒီနေရာမှာ ရှိနေသရွေ့ မင်း ဘယ်သူ့ကိုမှ တောင်းပန်ဖို့ မလိုဘူး....ဘယ်သူက မင်းကို တစ်ခုခုလုပ်ရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဘုန်း....

တံခါးပွင့်ထွက်သွားပြီးနောက် ချန်းရှောင်သည် အတွင်းရှိမြင်ကွင်းကို မြင်တွေ့မိလေ၏။ လုမင်ရုန်နှင့် အကြီးအကဲဆယ်ယောက်ကျော်သည် အခန်း၏တစ်ဖက်ခြမ်း၌ မတ်တတ်ရပ်နေကာ တခြားတစ်ဖက်တွင် ကျောင်းသားသုံးဆယ်ကျော် ရှိနေသည်။ သေးငယ်သောစာသင်ခန်းအတွင်း၌ လူအမြောက်အများ ပြည့်ကျပ်နေသဖြင့် မွန်းကြပ်မှုကို ခံစားမိစေသည်။ သူ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသား၏ပုံရိပ်ကို မမြင်တွေ့နိုင်ချေ။

ချန်းရှောင်သည် အခန်းအတွင်းကို ဝေ့ဝိုက်ကြည့်ပြီး စစ်ဆေးနေစဉ်တွင် လူများအားလုံးသည်ကျူးကျော်လာသူကို စူးစိုက်၍ ကြည့်နေကြသည်။ ဤမျှထိ ရမ်းကားစွာ ကျူးကျော်ဝင်လာဝံ့သူသည် မည်သူမည်ဝါဖြစ်သည်ကို သူတို့အားလုံး သိလိုပေ၏။

ချန်းရှောင်သည် တခြားလူများကို အာရုံမစိုက်ဘဲ သူ၏သားကို အလျင်အမြန် ရှာဖွေလိုက်သည်။

ချန်းဟောင်သည် သူ၏ နဂိုမူလ ယုံကြည်ချက်ရှိသောပုံစံနှင့် ကွဲပြားခြားနားနေသည်။ သူ့ကိုကြည့်ရသည်မှာ စိတ်မွန်းကြပ်ပြီး စိုးရိမ်သောကရောက်နေပုံပင်။ သူ၏ဖခင်ကို မြင်တွေ့ချိန်၌ ချန်းဟောင်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားကာ သူ၏လက်နှစ်ဖက်ကို အလျင်အမြန် ပူးဆုပ်လိုက်၏။

"အဖေ...."

ချန်းရှောင်သည် သူ့၏သားကို အလွန်သနားနေသောကြောင့် တခြားလူများကိုကြည့်ပြီး အေးစက်စက် အော်ငေါက်လိုက်သည်။

"ငါ ဒီနေရာမှာ မတ်တတ်ရပ်နေတယ်...ဘယ်သူက ဟောင်အာကို ဝေဖန်ရဲလဲ...ဘယ်သူက သူ့ကို ကျောင်းထုတ်ရဲလဲဆိုတာ ကြည့်ကြသေးတာပေါ့"

လုမင်ရုန်က ချန်းရှောင်သည် ဤမျှထိ အဆင်အခြင်မဲ့စွာ ကျူးကျော်ဝင်လာမည်ဟု မျှော်လင့်မထားမိချေ။ သူ၏မျက်နှာ ချက်ချင်းသုန်မှုန်သွားသည်။

"မိသားစုခေါင်းဆောင်ချန်း...မင်းက ကျောင်းတော်ထဲကို ကျူးကျော်ဝင်လာပြီးတော့ စာသင်ခန်းတံခါးကို ပျက်စီးအောင် လုပ်ခဲ့တယ်..မင်းကိုယ်မင်း ဘာလုပ်နေတယ်လို့ ထင်နေတာလဲ"

"မင်းရဲ့သား ခုလိုဖြစ်တာက သူ့ရဲ့ ပုန်ကန်တက်တဲ့စိတ်ကြောင့်ပဲ...သူက ဆရာကျန်းကို အပြစ်ပြုခဲ့တယ်....မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ မင်းက အနည်းဆုံးတော့ ယဉ်ကျေးမှုတချို့ ပြသင့်တယ်လို့ ငါ ထင်တယ်... ဒါပေမဲ့ ကြည့်ရတာတော့ မင်းက မင်းရဲ့သားထက်တောင် ပိုပြီးအဆင်အခြင်မဲ့သလိုပဲ"

"ငါ ဘာလုပ်တာလဲလို့ မေးတာလား...လုမင်ရုန် ဒါက ငါ မင်းကို မေးသင့်တဲ့ မေးခွန်းပဲ...ငါ့ရဲ့သားက ဘာအမှားလုပ်မိလို့ မင်းက သူ့ကို ကျောင်းအုပ်ကြီးအမိန့်နဲ့ ကျောင်းထုတ်တဲ့အထိ ကြီးလေးတဲ့ပြစ်ဒဏ်ကို ပေးတာလဲ"

ချန်းရှောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

All Chapters