← Chapters

ချန်းဟုန်

Vol. 6 Ch. 77

ချန်းဟုန်

Vol. 6 Ch. 77

ကျန်းရွှမ်က ဤအရူးတစ်သိုက်သည် သူ၏ရှေ့၌ ဒူးထောက်မည်ဟု မျှော်လင့်မထားမိသဖြင့် အမှုမဲ့အမှတ်မဲ့ဖြင့် နောက်ဆုတ်လိုက်သည်။

"မင်းတို့ ဘာလုပ်ကြတာလဲ"

သူ စိတ်ပျက်လက်ပျက်ဖြင့် မေးမြန်းလိုက်သည်။ ဤကဲ့သို့ လူသူအများရှေ့၌ ပေါ်လွင်စေခြင်းသည် သူ၏သိုသိုသိပ်သိပ်နေလိုခြင်းဖြင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ကျိုးချွမ်က စိတ်အားထက်သန်စွာ ပြောဆိုသည်။

"ဆရာကြီး...ငါတို့က မင်းရဲ့မြင်းယဥ်ပါးစေခြင်းနည်းစနစ်တွေကို သင်ယူချင်တာပါ"

"အရင်ဆုံး မတ်တတ်ထရပ်လိုက်ကြပါ...ပြီးတော့မှ ငါတို့ စကားပြောကြစို့"

ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းပြီး သူတို့အား မတ်တတ်ထရပ်ရန် တိုက်တွန်းလိုက်၏။

"ဟုတ်ကဲ့ပါ ဆရာကြီး"

ကျိုးချွမ်တို့လူစုသည် ဤကဲ့သို့ ဒူးထောက်တောင်းဆိုသည်မှာ အနည်းငယ်လွန်ကဲသွားသည်ဟု နားလည်သဖြင့် ချက်ချင်းမတ်တတ်ထရပ်လိုက်ကြသည်။

"တကယ်တော့ မြင်းတွေကို ယဥ်ပါးစေတာက ရှုပ်ထွေးတဲ့ကိစ္စ မဟုတ်ဘူး"

ကျန်းရွှမ်က ရိုးရှင်းသော အကြံဉာဏ်တချို့ကို ပေးလိုက်သည်။

"မင်းတို့က အဲ့ဒီမြင်းတွေရဲ့မောက်မာမှုကို ရိုက်ချိုးနိုင်ပြီးတော့ သူတို့ရဲ့မာန်မာနတွေကို ခြေမှုန်းပြီး သူတို့ရဲ့ဂုဏ်သိက္ခာကို နင်းခြေနိုင်သရွေ့..."

သူသည် ပါမောက္ခကုန်းမြေရှိ သားရဲယဥ်ပါးစေသူများထံမှ နည်းစနစ်တချို့ကို ပေါ့ပေါ့ပါးပါးရှင်းပြလိုက်သည်။ ဤရင်းမြစ်ကမ္ဘာအတွင်းတွင် သားရဲယဥ်ပါးစေခြင်း၌ ဖွံ့ဖြိုးတိုးတက်မှု အလွန်နည်းပါးသည်ကို သတိပြုမိသဖြင့် သူသည် အခြေခံဗဟုသုတတချို့ကို မျှဝေပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"ငါတို့ကို သင်ကြားပေးတဲ့အတွက် ဆရာကျန်းကို ကျေးဇူးတင်ပါတယ်...."

ကျန်းရွှမ်သည် စကားအနည်းငယ်ကိုသာ ပြောဆိုခဲ့သော်လည်း ကျိုးချွမ်တို့လူစုသည် မြင်းယဥ်ပါးစေခြင်းအပေါ် သူတို့၏နားလည်သဘောပေါက်မှု၌ အလွှာတစ်ခုကို ဖယ်ရှားလိုက်သည့်အလား ခံစားလိုက်ရသည်။ ဤသည်မှာ သူတို့၏ကျွမ်းကျင်မှုများကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးလိုက်သည့် အလားပင်။

"နှုတ်ဆက်ပါတယ်..."

ကျန်းရွှမ်သည် ဤနေရာ၌ ကြာကြာနေလိုစိတ် မရှိချေ။ သူတို့ မေးခွန်းများ ပို၍မေးမြန်းလေလေ သူ သိုသိုသိပ်သိပ်နေရန် ပို၍ခက်ခဲလာလေလေပင်။ ထို့ကြောင့် ဤနေရာတွင် ဆက်နေခြင်းမပြုတော့ဘဲ သူသည် နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာခဲ့လေ၏။

ကျိုးချွမ်က အံ့အားတသင့် ပြောဆိုသည်။

"ဆရာကျန်းဆီက စကားနည်းနည်းလောက်နဲ့ ငါတို့တွေက ခုလိုထိုးထွင်းသိမြင်မှုမျိုးကို ရနိုင်ခဲ့တယ်...မြင်းယဥ်ပါးစေခြင်းအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက ငါတို့ထက် အများကြီးသာလွန်တယ်....သူက အချိန်တိုအတွင်းမှာ မြင်းတွေအများကြီးကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာ အံ့အားသင့်စရာ မရှိတော့ဘူး"

"အမှန်ပဲ..."

တခြားမြင်းယဥ်ပါးစေသူများသည်လည်း သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။

"စိတ်ပျက်ဖို့ကောင်းတာကတော့ ငါတို့က သူ့ဆီကနေ အမြဲတမ်း မသင်ယူနိုင်ဘူး...တကယ်လို့ ငါတို့သာ သင်ယူနိုင်ရင် ငါတို့ရဲ့အရည်အချင်းတွေ အများကြီးတိုးတက်လာမှာ သေချာတယ်"

"ငါ ကြားထားတာတော့ သူက အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ဆရာတစ်ယောက်ပဲ....မနက်ဖြန်ကျရင် ငါတို့ ကျောင်းတော်ဆီ သွားလည်ကြမလား...တကယ်လို့ ငါတို့တွေက အခွင့်အရေးတစ်ခုရပြီးတော့ သူ့ရဲ့အတန်းကိုတက်ခွင့်ရရင် ငါတို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရလာမှာ သေချာတယ်"

မြင်းယဥ်ပါးစေသူများအနက်မှ တစ်ယောက်က အကြံပေးသည်။

"ကောင်းလိုက်တဲ့ စိတ်ကူး...မနက်ဖြန်မနက်ကျရင် ငါတို့အားလုံး အတူသွားကြစို့"

တခြား မြင်းယဥ်ပါးစေသူ တစ်ယောက်ကလည်း သဘောတူလိုက်သည်။

ကျိုးချွမ်ပင်လျှင် စိတ်လှုပ်ရှားနေပြီး သူ၏ပေါင်ကို ရိုက်ပုတ်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဒါဆိုရင် ဒီလို ဆုံးဖြတ်လိုက်ပြီ"

...

ကျန်းရွှမ်သည် သေးငယ်ပြီး အနည်းငယ် ဖရိုဖ ရဲဖြစ်နေသော ခြံဝန်းတစ်ခုသို့ ရောက်ရှိလာပြီးနောက် သူ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ဤနေရာတွင် မြင်းချေးများ ပြန့်ကျဲနေပြီး အနံ့အသက်များ အလွန်ဆိုးရွားပေ၏။ မြင်းအမြောက်အများသည် မြေပြင်ပေါ်၌ လဲလျောင်းနေကာ ထိုမြင်းများအနက်မှနှစ်ကောင်သည် သေလုမျောပါး ဖြစ်နေလေပြီ။ မြင်းသမားတော်များဖြစ်ပုံရသည့် ဝတ်ရုံရှည်ကြီးများ ဝတ်ထားသော လူများသည် ထိုမြင်းနှစ်ကောင်၏ပတ်ဝန်းကျင်တွင် စိုးရိမ်ပူပန်းတကြီးအမူအယာများဖြင့် အလျင်အမြန် ပြေးလွှားနေကြသည်။

"ဒါက မြင်းတွေကို ကုသတဲ့နေရာပဲ...တကယ်လို့ မြင်းတွေနဲ့ပတ်သက်တဲ့ စာအုပ်တချို့ကို လိုချင်တယ်ဆိုရင် မင်းက ဒီမြင်းသမားတော်တွေဆီမှာ မေးလို့ရတယ်"

မြင်းဇောင်းအစေခံက ရှင်းပြသည်။

"ကောင်းပြီလေ"

ကျန်းရွှမ်က ခေါင်းညိမ့်ပြပြီး ခြံဝန်းအတွင်းသို့ လျှောက်လှမ်းသွားလိုက်သည်။ သူသည် အဆောက်အအုံအတွင်းသို့ မဝင်ရသေးမီမှာပင် အလျင်စလိုပြေးလာသော မြင်းသမားတော်တစ်ယောက်နှင့် ဝင်တိုက်မိသည်။

အသက်ခြောက်ဆယ်အရွယ်ခန့်ရှိသော မြင်းသမားတော်သည် ကျန်းရွှမ်နှင့် မြင်းဇောင်းအစေခံကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။

"တုချင်...မင်း ဘာလို့ ဒီနေရာကို ပေါက်လွတ်ပဲစားလူတွေ ခေါ်လာတာလဲ... ငါတို့ အလုပ်အရမ်းရှုပ်နေတယ်ဆိုတာ မင်း သိလား"

တုချင်ဟု အမည်ရှိသော မြင်းဇောင်းအစေခံက အလျှင်အမြန် ရှင်းပြသည်။

"ဒါက သခင်လေးကျန်းရွှမ်ပါ...သူက မြင်းတွေနဲ့ပတ်သက်တဲ့ စာအုပ်တချို့ကို ရှာချင်နေတာကြောင့် ဒီနေရာကို ခေါ်လာခဲ့တာပါ"

ထို့နောက် တုချင်က ကျန်းရွှမ်ဘက်သို့လှည့်ပြီး ဆက်လက်၍ ပြောဆိုသည်။

"သခင်လေးကျန်း...ဒါက ချန်းမိသားစုရဲ့နဝမအကြီးအကဲ ချန်းဟုန်ပါ...သူက အဖြူရောင်ကျောက်တုံးမြို့ထဲမှာ အကျွမ်းကျင်ဆုံး မြင်းသမားတော်ပဲ...တကယ်လို့ နာမကျမ်းဖြစ်နေတဲ့ မြင်းတကောင်ကို သူ မကုနိုင်တော့ဘူးလို့ပြောရင် အဲ့ဒီမြင်းက သေတော့မယ်ဆိုတာ လွဲစရာမရှိဘူး"

ကျန်းရွှမ်က ခေါင်းညိတ်ပြပြီးနောက် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။

"အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

ချန်းဟုန်က စိတ်မဝင်စားသောလေသံဖြင့် ပြောဆိုသည်။

"တောင်းပန်ဖို့ မလိုပါဘူး...ပထမဆုံးအနေနဲ့ ငါတို့က အရမ်းအလုပ်ရှုပ်နေတာကြောင့် ဧည့်သည်တွေကို လက်ခံဖို့ အချိန်မရှိဘူး...ဒုတိယအနေနဲ့ တကယ်လို့ မင်းက စာအုပ်တွေကို ဖတ်ချင်တယ်ဆိုရင် စာကြည့်လိုက်ကို သွားသင့်တယ်...ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"

ကျန်းရွှမ်သည် ရှက်ကိုးရှက်ကန်းအပြုံးဖြင့် တုံ့ပြန်လိုက်၏။

"ငါက မကြာသေးခင်က မြင်းကောင်းတစ်ကောင်ကို ဝယ်ထားခဲ့တာကြောင့် သူနဲ့ပတ်သက်ပြီး ပိုနားလည်ချင်တယ်....ဒါကြောင့် မြင်းရဲ့ခန္ဓာကိုယ်က မရီဒါန်းဖွဲ့စည်းတည်ဆောက်ပုံအကြောင်း လေ့လာဖို့ ကြံရွယ်ခဲ့တာပါ...အဲ့ဒီအသေးစိတ်အချက်အလက်တွေက ဒီနေရာမှာပဲ ရှိနိုင်ပြီးတော့ စာကြည့်တိုက်မှာ မရှိဘူး"

အကယ်၍ သူတို့အား သူသည် မြင်းတကောင်ကိုကူညီ၍ မီးပြင်းဖိုကို ထွန်းညှိပေးရန် ကြိုးစားခဲ့ကာ ရင်းမြစ်သားရဲတစ်ကောင် ဖြစ်လာသည်ဟု ပြောဆိုလိုက်ပါက သူတို့သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံ့သွားပေမည်။ ထို့ကြောင့် သူ၏ရှင်းပြချက်သည် ပို၍ကျိုးကြောင်းသင့်လျော်ပေ၏။

ချန်းဟုန်သည် ကျန်းရွှမ်အား ယုံကြည်ခြင်း ရှိပုံမရချေ။

"ငါတို့မှာ မင်းပြောတဲ့ စာအုပ်တွေ ရှိတယ်...ဒါပေမဲ့ အဲ့ဒါတွေက ငါတို့ မြင်းသမားတော်တွေ နှစ်တွေအများကြီးကြာအောင် ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေခဲ့ရတဲ့ အရာတွေပဲ ...ငါတို့က ဘာလို့ မင်းကို စာအုပ်တွေဖတ်ခွင့် ပေးရမှာလဲ"

"အင်း...အဲ့ဒီအတွက် ငါက မင်းကို ကျသင့်ငွေပေးမှာပါ"

ကျန်းရွှမ်က ပျာပျာသလဲပြောဆိုပြီး ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တချို့ကို ထုတ်ယူရန် ဟန်ပြင်လိုက်သည်။

"ငွေလား... ငါ့မှာ ငွေမရှိဘူးလို့ မင်း ထင်နေတာလား"

ချန်းဟုန်က သရော်တော်တော် ပြောဆိုသည်။

"ငါတို့ရဲ့စာအုပ်တွေက ဘယ်သူမဆို ဖတ်လို့ရတဲ့အရာတွေ မဟုတ်ဘူး... မင်းက မြင်းသမားတော်တစ်ယောက် ဖြစ်ပြီးတော့ မြင်းတွေကို ကုသပေးနိုင်ရင်တော့ ဒါက ဖြစ်နိုင်တယ်"

"ငါ့ကို မြင်းတကောင်ကို ကုသပေးစေချင်တာလား"

ကျန်းရွှမ်က မျက်မှောက်ကြုတ်လိုက်သည်။

"သေချာတာပေါ့....အပြင်မှာရှိတဲ့မြင်းကို မင်း မြင်လား... တကယ်လို့ မင်းက အဲ့ဒီမြင်းကို ပြန်ထပြီး လမ်းလျှောက်အောင် လုပ်နိုင်ရင် မင်း စာအုပ်တွေကို ကြိုက်သလောက် ဖတ်လို့ရတယ်"

ချန်းဟုန်သည် မြေပြင်ပေါ်၌ လဲလျောင်းနေကာ အသက်ငွေ့ငွေ့သာကျန်သော မြင်းကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်၏။

ကျန်းရွှမ်က ထိုမြင်းကို စောင်းငဲ့ပြီး ကြည့်လိုက်ချိန်၌ အစောပိုင်းက သူ သတိပြုမိသော သေလုမျောပါးဖြစ်နေသည့် မြင်းနှစ်ကောင်အနက်မှ တစ်ကောင်ပင်။ ဤမြင်းကို ကြည့်ရသည်မှာ အချိန်မရွေး အသက်ရှူနှုန်း ရပ်တန့်သွားတော့မည်ပုံပင်။ သူသည် ဤမျှထိ သေလုမျောပါးဖြစ်နေသောမြင်းကို မည်သို့ ကုသပေးရမည်နည်း။

"အကြီးအကဲချန်းဟုန်....မင်းက ချွင်းချက်တစ်ခုလောက် ထားပေးလို့ မရဘူးလား"

တုချင်က စိုးရိမ်ပူပန်သောလေသံဖြင့် တောင်းပန်သည်။

"သခင်လေးကျန်းက စာအုပ်တွေကို ဖတ်ချင်ရုံလေးပါ....သူက အဲ့ဒီစာအုပ်တွေကို ယူသွားမှာ မဟုတ်ပါဘူး"

"ငါ ပြောပြီးပြီ....တကယ်လို့ သူက အဲ့ဒီမြင်းကို ကုသပေးနိုင်ရင် သူ စာအုပ်တွေ ဖတ်လို့ရတယ်....တကယ်လို့ မကုသပေးနိုင်ရင်တော့ သူ ထွက်သွားလိုက်တော့"

ချန်းဟုန်က သူ၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

"သခင်လေးကျန်းက မြင်းသမားတော်တစ်ယောက် မဟုတ်ဘူး...ဒါပေမဲ့ သူ့မှာ ထူးချွန်တဲ့ မြင်းယဥ်ပါးစေခြင်းစွမ်းရည်ရှိတယ်...."

တုချင်က ပြောဆိုလိုက်သော်လည်း ကျန်းရွှမ်က သူ့အား အပြုံးနှင့် ကြားဖြတ်ဟန့်တားလိုက်၏။

"ငါ တစ်ချက်ကြိုးစားကြည့်မယ်...ဒီမြင်းရဲ့အခြေအနေကို ကြည့်ရသလောက်တော့ အရမ်းဆိုးရွားမယ့်ပုံ မရှိပါဘူး"

ချန်းဟုန်သည် ကိစ္စများကို တမင်သက်သက် ခက်ခဲအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ကျန်းရွှမ်က အတပ်ပြောနိုင်သည်။ သို့ရာတွင် ဤအကြောင်းပြချက်သည် သူ လက်သင့်ခံနိုင်သောအရာပင်။ ချန်းမိသားစု၏ မြင်းသမားတော်များမှ နှစ်ပေါင်းများစွာကြာအောင် စူးစမ်းလေ့လာခဲ့သော အသိပညာဗဟုသုတများသည် ထိုစာအုပ်များအတွင်း၌ ရှိနေသည်။ ထိုကြောင့် ဤသည်မှာ သူတို့ လွယ်လင့်တကူမျှဝေပေးနိုင်မည့် အရာတစ်ခု မဟုတ်ချေ။ အကယ်၍ မည်သူတစ်ဦးတစ်ယောက်မဆို ဤနေရာသို့ ဝင်ရောက်လာပြီး စာအုပ်များကို ဖတ်ရှုနိုင်ပါက ဤနေရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်သွားပေမည်။

တုချင်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဆွံ့အနေပေ၏။ မြင်းများကို ယဥ်ပါးစေခြင်းနှင့် ကုသခြင်းတို့သည် မတူကွဲပြားသော စွမ်းရည်နှစ်ခုပင်။ အဆင်အခြင်မဲ့ကုသခြင်းသည် မြင်းများကို လွယ်လင့်တကူ သေစေနိုင်သည်။ သို့ရာတွင် ထိုမြင်းသည် သေလုမျောပါးဖြစ်နေသော အခြေအနေကို ချင့်တွက်ပါက သခင်ကျန်း စမ်းကြည့်သည်မှာ မည်သည့်ပြဿနာမျှ မရှိနိုင်ချေ။ မည်သူ သိနိုင်မည်နည်း သခင်လေးကျန်း အောင်မြင်ကောင်းအောင်မြင်သွားနိုင်သည်။

တုချင် ချီတုံချတုံဖြစ်နေစဉ်မှာပင် ကျန်းရွှမ်သည် သေလုမျောပါးဖြစ်နေသော မြင်း၏အနီးသို့ ချဉ်းကပ်သွားပြီး သူ၏လက်ကို မြင်း၏လည်ပင်းပေါ်သို့ တင်လိုက်သည်။ သူ မြင်းကိုထိတွေ့မိသည့် အချိန်အခိုက်အတန့်၌ မျက်မှောင်ကြုတ်လိုက်၏။

ဤမြင်းသည် မျက်မြင်အခြေအနေထက် ပိုဆိုးရွားပြီး နောက်ဆုံးအချိန်သို့ ရောက်ရှိနေကြောင်း သိသာထင်ရှားသည်။ ဤကဲ့သို့အခြေအနေမျိုးဖြင့် မှော်ဆန်သော ဖြစ်ရပ်တစ်ခုပင်လျှင် မြင်းကို ကယ်တင်နိုင်မည် မဟုတ်ချေ။ မြင်းအား မတ်တတ်ရပ်ပြီး ခြေလှမ်းအနည်းငယ် လျှောက်လှမ်းနိုင်စေရန်မှာ အလွန်ခက်ခဲပေ၏။

ထိုအတွေးနှင့်အတူ ကျန်းရွှမ်သည် မြင်း၏တင်ပဆုံအနီးသို့သွားကာ အလျင်အမြန် တစ်ချက်ကန်လိုက်သည်။ တချိန်တည်းမှာပင် သူသည် သူ၏ခြေထောက်မှတစ်ဆင့် ကောင်းကင်ကံကြမ္မာရင်းမြစ်စွမ်းအင်တချို့ကို မြင်းထံသို့ ထိုးသွင်းလေသည်။

"မတ်တတ်ထရပ်စမ်း....သေချင်ယောင်ဆောင်နေတာကို ရပ်လိုက်တော့"

ကျန်းရွှမ်က အမိန့်ပေးလိုက်သည်။

သူ၏စကားလုံးများနှင့်အတူ သေလုမျောပါးဖြစ်နေသော မြင်းသည် ရုတ်တရက် ခက်ခက်ခဲခဲ မျက်လုံးဖွင့်လိုက်၏။အချိန်တစ်ခဏကြာခန့် ရုန်းကန်ပြီးနောက် မြင်းသည် မတ်တတ်ထရပ်ပြီး ကျယ်လောင်စွာ ဟီလိုက်သည်။

"ဟီး....ဟီး...."

ချန်းဟုန်သည် အံ့အားသင့်သွားကာ သူ မြင်နေရသည်များ အမှန်ဟုတ်မဟုတ် သိစေရန် သူ၏နမျက်လုံးကို ပွတ်သပ်လိုက်သည်။ သူသည် ဤမြင်းကို မကယ်နိုင်တော့ဟု မသတ်မှတ်မီ အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်ထံမှ ခြေကန်ချက်တစ်ချက်ဖြင့် မြင်းသည် မတ်တတ်ထရပ်နိုင်ခဲ့ရုံသာမက ဖျတ်လတ်တက်ကြွနေသည်။ မြင်းတကောင်ကိုကန်ခြင်းသည် မည်သည့်အချိန်ကတည်းက ကျိုးကြောင်းဆီလျော်သော ကုသနည်း ဖြစ်လာသနည်း။

တုချင်သည်လည်း ထပ်တူတပ်မျှ အံ့အားသင့်နေသည်။ မြင်းများကို ယဥ်ပါးအောင် ပြုလုပ်ခြင်းအတွက် ကောင်းကောင်းရိုက်နှက်ပေးရန် လိုအပ်ပြီး ယခုအချိန်၌ မြင်းများကို ကုသရန်မှာလည်း ကောင်းမွန်စွာ ကန်ကျောက်ခြင်း ပါဝင်ပုံရသည်။ မြင်းများအပေါ် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုသည် ဤမျှထိ အကျိုးသက်ရောက်မှု ရှိသလော။ သူသည် မြင်းဇောင်းအစေခံအဖြစ်မှ အလုပ်ထွက်ကာ လက်ဝှေ့ထိုးခြင်းကို သွားရောက်သင်ယူသင့်သလော။

"ချန်းဟုန်...မြင်းက မတ်တတ်ရပ်နေပြီ"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"ငါ အခု စာအုပ်တွေကို ဖတ်လို့ရပြီလား"

"မင်း....မင်း...."

ချန်းဟုန်၏မျက်နှာ ရှုံမဲ့နေပြီး ယခုအချိန်၌ ကျန်းမာသန်စွမ်းနေပုံရသော မြင်းကို စူးစိုက်၍ကြည့်လိုက်သည်။ ကျန်းရွှမ် မည်ကဲ့သို့ပြုလုပ်လိုက်သည်ကို သူ နားမလည်သော်လည်း မြင်းသည် မတ်တတ်ရပ်နေသဖြင့် သူ မငြင်းဆန်နိုင်ချေ။ အချိန်တစ်ခဏကြာခန့် တွေဝေနေပြီးနောက် ချန်းဟုန်က နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်....ဒါက မလုံလောက်သေးဘူး"

"အမ်...."

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက မြင်း မတ်တတ်ရပ်နိုင်ပြီးတော့ လမ်းလျှောက်နိုင်သရွေ့ငါက စာအုပ်တွေကို ဖတ်လို့ရပြီလို့ ပြောခဲ့တာ မဟုတ်လား"

"ငါ ပြောခဲ့တဲ့စကားကို ငါ သိတယ်"

ချန်းဟုန်က ဒေါသတကြီး ပြောဆိုသည်။

"ဒါပေမဲ့ အဲ့ဒီစာအုပ်တွေက ချန်းမိသားစုရဲ့မြင်းသမားတော်တွေ နှစ်ပေါင်းများစွာကြာအောင် စမ်းသပ်လေ့လာထားတဲ့ ရလဒ်တွေပဲ....မင်းက ချန်းမိသားစုဝင်တစ်ယောက် မဟုတ်တာကြောင့် ဒါတွေကို ဖတ်ဖို့ အရည်အချင်း မပြည့်မီဘူး....တကယ်လို့ ငါ သဘောတူရင်တောင် မိသားစုခေါင်းဆောင်နဲ့ တခြားအကြီးအကဲတွေခွင့်မပြုရင်...ပြောနေရင်းနဲ့ မိသားစုခေါင်းဆောင် အကြီးအကဲချန်းယွင် မင်းတို့ ဘာလို့ ဒီနေရာကို ရောက်လာကြတာလဲ"

သူ၏စကား အဆုံးမသတ်သေးမီမှာပင် မိသားစုခေါင်းဆောင်ချန်းရှောင်နှင့် အကြီးအကဲချန်းယွင်တို့သည် ခြံဝန်းအတွင်းသို့ဝင်လာကာ ဟိုကြည့်သည်ကြည့် လုပ်နေသည်အား သူ မြင်တွေ့မိသည်။ သူတို့သည် ကျန်းရွှမ်ကို မြင်တွေ့ချိန်၌ သူတို့၏မျက်နှာများ ဝင်းလက်သွားကာ အလျင်စလို ပြေးလာကြ၏။

"အကြီးအကဲကျန်း....ဒါက မင်းရဲ့ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲ တံဆိပ်ပြားပါ.... ငါတို့ မင်းအတွက် ချက်ချင်းလုပ်ပေးထားတာပါ"

ချန်းရှောင်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောဆိုကာ သူ့ကိုကြည့်ရသည်မှာ အလွန်စိတ်ကျေနပ်နေပုံပင်။

"အင်း...."

ကျန်းရွှမ်က ထိုတံဆိပ်ပြားကို ပေါ့ပေါ့ပါးပါး လက်ကမ်းယူလိုက်သည်။

ဤတံဆိပ်ပြားသည် ကလေးတစ်ယောက်၏ လက်တစ်ဝါးစာ အရွယ်အစားခန့်ရှိကာ ရှေ့ခြမ်း၌ ဧည့်အကြီးအကဲဟု ရေးထွင်းထားပြီး နောက်ခြမ်း၌ ကျန်းရွှမ်ဟု ပါရှိသည်။

"အကြီးအကဲကျန်း....ဒါက မင်းအတွက် ပထမဆုံးလရဲ့ လစာငွေပါ"

အကြီးအကဲချန်းယွင်က ဖြည့်စွက်၍ပြောဆိုပြီး ကျန်းရွှမ်အား ရင်းမြစ်ဒင်္ဂါးများ ထည့်ထားသည့် အိတ်ကို လက်ကမ်းပေးကာ သူ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။

"..."

ချန်းဟုန်သည် ဉာဏ်မမီတော့သကဲ့သို့ ခံစားမိလေ၏။

အစောပိုင်းက သူသည် ကျန်းရွှမ်အား စာအုပ်များကိုဖတ်ရန် အရည်အချင်းမပြည့်မီဟု ပြောဆိုခဲ့သည်။ အကြောင်းအရင်းမှာ ကျန်းရွှမ်သည် ချန်းမိသားစုဝင်တစ်ယောက် မဟုတ်သောကြောင့်ပင်။ ယခုအချိန်၌ မိသားစုခေါင်းဆောင်နှင့် အကြီးအကဲချန်းယွင်တို့ ရောက်ရှိလာကာ တယောက်သည် တံဆိပ်ပြားတစ်ခုကို ပေး၍ တခြားတစ်ယောက်သည်ငွေကြေးများ ပေးအပ်ခဲ့သည်။။ သူတို့နှစ်ယောက်လုံး၏မျက်နှာများပေါ်တွင် အလွန်အမင်း ရိုသေလေးစားနေသော အရိပ်အယောင်များ ထင်ဟပ်နေပေ၏။

မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....

ချန်းဟုန်သည် သူ၏သိချင်စိတ်ပြင်းပြမှုကို မထိန်းချုပ်နိုင်တော့သဖြင့် မိသားစုခေါင်းဆောင်ထံသို့ ကြည့်လိုက်သည်။

"မိသားစုခေါင်းဆောင်...အကြီးအကဲချန်းယွင်...ဘာတွေ ဖြစ်နေတာလဲ"

"အော်...ချန်းဟုန်လား..."

အကြီးအကဲချန်းယွင်က နွေးထွေးစွာ ရယ်ပြုံးပြီး ကျန်းရွှမ်နှင့် မိတ်ဆက်ပေးလေသည်။

"ဒါက ငါတို့ချန်းမိသားစုကနေ ဂုဏ်ထူးဆောင် ဧည့်အကြီးအကဲအဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ကျန်းရွှမ်ပဲ...သူက မိသားစုထဲမှာ မြင့်မားတဲ့အခွင့်အာဏာရှိပြီးတော့ မိသားစုခေါင်းဆောင်ရဲ့အဆင့်အတန်းနဲ့ အတူတူပဲ... မင်း သူ့ကို ခုထိ အရိုအသေ မပြုသေးဘူးလား"

"သူ... သူ့ကို အရိုအသေ ပြုရမှာလား"

ချန်းဟုန်သည် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေကာသူ၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီမြန်းနေပေ၏။ အကယ်၍ ကျန်းရွှမ်သည် ဤအဆင့်အတန်းကို ယခင်ကတည်းက ဖော်ထုတ်ခဲ့ပါက သူ ပြောဆိုခဲ့သည့် စကားများကို ပြောဆိုမိမည်မဟုတ်ချေ။

"ပြဿနာတစ်ခုခု ရှိနေလို့လား"

ချန်းရှောင်က တစ်စုံတစ်ခုမှားယွင်းနေသည်ကို အာရုံခံမိသွားသည်။

"မင်းနဲ့အကြီးအကဲကျန်းကြားမှာ ပဋိပက္ခတစ်ခု ရှိနေတာလား...အကြီးအကဲကျန်း...တကယ်လို့ အကြီးအကဲချန်းဟုန်က မင်းကို အပြစ်ပြုမိရင် ကျေးဇူးပြုပြီးတော့ သူ့ကို ခွင့်လွှတ်ပေးပါ"

"ဒါက အရေးပါတဲ့ကိစ္စ မဟုတ်ပါဘူး"

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းပြပြီးနောက် အကြီးအကဲတံဆိပ်ပြားကို သူ၏အိတ်အတွင်းသို့မထည့်မီ မေးမြန်းလိုက်၏။

"ဒါဆိုရင်....ငါက အခု စာအုပ်တွေကို ဖတ်လို့ရပြီလား"

"ရတာပေါ့....အကြီးအကဲကျန်း...ဒီဘက်ကို ကြွပါ"

ချန်းဟုန်က အခန်းငယ်လေးတစ်ခန်းထံသို့ အလျင်အမြန် လက်ညှိုးညွှန်ပြလိုက်သည်။

ကျန်းရွှမ်က ထိုအခန်းကို တစ်ချက်ကြည့်လိုက်သည်။ ဤသည်မှာ စာအုပ်စင်နှစ်တန်းသာရှိသည့် ရိုးရှင်းသော အခန်းငယ်လေးတစ်ခန်းဖြစ်ပြီး စာအုပ်ရာဂဏန်းအနည်းငယ်သာ ရှိနေသည်။

"ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က ပြောဆိုပြီးနောက် ချန်းရှောင်နှင့်ချန်းယွင်တို့ကို အနည်းငယ် ဦးညွှတ်၍ အရိုအသေပြုလိုက်သည်။

"မိသားစုခေါင်းဆောင်...အကြီးအကဲချန်းယွင်....ငါ အခု စာသွားဖတ်တော့မယ်...နောက်ကျမှ ငါတို့တွေ စကားပြောကြတာပေါ့"

စကားဆုံးသည်နှင့် သူသည် ခြေလှမ်းကျဲကြီးများဖြင့် အခန်းအတွင်းသို့ ဝင်သွားလေ၏။

ကျန်းရွှမ်သည် မကြားနိုင်သော အကွာအဝေးသို့ ရောက်ရှိသွားမှသာ ချန်းရှောင်၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။

"ချန်းဟုန် ဘာဖြစ်ခဲ့တာလဲ....မင်းက အကြီးအကဲကျန်းကို စိတ်ဆိုးအောင် လုပ်ခဲ့တာလား"

"ဒါက ဒီလိုပါ"

ချန်းဟုန်သည် အဖြစ်အပျက်များကို ပြန်ပြောပြနေရင်း ရှက်ရွံ့လာမှုကို ပို၍ပို၍ခံစားရသည်။ သူ၏စကားအဆုံးသတ်ချိန်တွင် ချမ်းရှောင်နှင့်အကြီးအကဲချန်းယွင်တို့သည် မယုံကြည်နိုင်မှုဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။

"သူက မြင်းတွေကို ယဥ်ပါးအောင် လုပ်တဲ့နေရာမှာ ထူးချွန်ရုံတင် မကဘူး...မြင်းတွေကို ကုသပေးနိုင်တာလား...အဲ့ဒါက ကန်ချက်တစ်ချက်တည်းနဲ့လား"

ချန်းရှောင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

"သူ ဘယ်လိုများ လုပ်ခဲ့တာပါလိမ့်"

အကြီးအကဲချန်းယွင်သည် ကျယ်လောင်စွာ ဟီနေသော မြင်းထံသို့ ဆောင်ရွက်၍ကြည့်လိုက်သည်။

သေလုမျောပါး ဖြစ်နေခဲ့သော မြင်းသည် ယခုအချိန်၌ ခေါင်းမော့ပြီး မတ်တတ်ရပ်နေကာ မည်သည့် နာမကျန်းဖြစ်မှု အရိပ်အယောင်မျှ မရှိချေ။ အကြီးအကဲချန်းယွင်သည် စပ်စုလိုသဖြင့် မြင်း၏ခေါင်းကိုထိတွေ့ရန် သူ၏လက်ကို ဆန့်တန်းလိုက်သည်။

ဘုန်း....

မြင်းသည် ချက်ချင်းလဲကျသွားကာ အကြိမ်အနည်းငယ်ခန့် အကြောဆွဲနေပြီးနောက် ငြိမ်သက်သွားခဲ့သည်။မြင်းသည် အသက်ရှုရပ်တန့်သွားလေပြီ။

ကောင်းကင်ကံကြမ္မာ ရင်းမြစ်စွမ်းအင်များသည် မြင်းကို အချိန်တခဏကြာခန့် မတ်တတ်ရပ်နေရုံသာ ရှင်သန်စေနိုင်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ မြင်း သေဆုံးသွားလေပြီ။

"....."

နောက်ဆုံး၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို ချန်းဟုန် နားလည်သဘောပေါက်သွားသည်။

"သူက မြင်း မတ်တတ်ရပ်နိုင်ဖို့အတွက် ရင်းမြစ်စွမ်းအင်တွေကို အသုံးပြုခဲ့တာလား..."

'သောက်ချေးပဲ...ငါက သူ ခြေထောက်နဲ့ တစ်ချက်ကန်ပြီးတော့ မြင်းကို ကုသနိုင်တယ်လို့ ထင်ထားခဲ့တာ....အခုကြည့်ကြည့်တော့မှ သူက ဟန်ရေးပြသွားခဲ့တာပဲ'

'ဒီဧည့်အကြီးအကဲအသစ်ကို အားကိုးလို့မရဘူးလို့ ငါ ဘာလို့ ခံစားမိတာလဲ'

All Chapters