← Chapters

မင်း ဘာလို့ ဒူးမထောက်သေးတာလဲ(၂)

Vol. 6 Ch. 90

မင်း ဘာလို့ ဒူးမထောက်သေးတာလဲ(၂)

Vol. 6 Ch. 90

လုမင်ရုန်က တုံ့ပြန်သည်။

"သူက ကျောင်းသားတစ်ယောက် ဖြစ်ပေမယ့် အမိန့်ကို မလိုက်နာဘူး...ဆရာတစ်ယောက်ကို အသရေဖျက်တယ်....အကြီးအကဲတွေကို မလေးစားဘူး....သူက အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို တစ်ကြိမ်ပြီးတကြိမ် ချိုးဖောက်ခဲ့တယ်....သူ အမှားမလုပ်ခဲ့ဘူးလို့ မင်း ထင်နေတာလား"

"ဆရာတစ်ယောက်ကို အသရေဖျက်တာ....အကြီးအကဲတွေကို မလေးစားတာလား ...မင်းက အဆက်အသွယ်နဲ့ နေရာရထားတဲ့ အသုံးမကျတဲ့ လက်ထောက်ဆရာအကြောင်းကို ပြောနေတာလား...သူ ဘယ်မှာလဲ...ငါ့ရဲ့သားက သူ့ကို မလေးမစားလုပ်တယ်လို့ သူက ပြောရဲရအောင် သူ ဘယ်လောက်ထိ သတ္တိကောင်းလဲဆိုတာ ငါ ကြည့်ချင်တယ်"

ချန်းရှောင်က သရော်တော်တော် ပြောဆိုသည်။

သူ့ဖခင်၏အထောက်အပံ့ကြောင့် အလွန်အမင်းစိတ်လှုပ်ရှားသွားသဖြင့် ချန်းဟောင်က အလျင်အမြန် လက်ညှိုးညွှန်လိုက်သည်။

"အဖေ....အဲ့ဒါက အဖေ့ကို ကျွန်တော် ပြောခဲ့တဲ့တစ်ယောက်ပဲ...သူက ကျောင်းအုပ်ကြီးကို ကပ်ဖားပြီးတော့ ဆရာဖြစ်လာတဲ့လူပဲ"

ချန်းဟောင်သည် သူ့သား၏ လက်ညှိုးညွှန်ရာအတိုင်း ကြည့်လိုက်ရာ သူနှင့်ရင်းနှီးကျွမ်းဝင်သော လူငယ်တစ်ယောက်သည် မျက်မှောင်ကြုတ်ပြီး သူ့အား ပြန်ကြည့်နေသည်ကို မြင်တွေ့မိလေ၏။

"မိသားစုခေါင်းဆောင်ချန်း....ဒါက မင်းရဲ့သားလား"

ထိုလူငယ်က မေးမြန်းသည်။

"ကျန်း....ကျန်း..."

ချန်းရှောင်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ သူ မောက်မာထောင်လွှားစွာ ပြောဆိုတော့မည့် စကားလုံးများ သူ၏လည်မြိုမှာပင် တစ်ဆို့သွားပြီး ထွက်မလာနိုင်တော့ချေ။

"အဖေ... သူ့ကြောင့် ကျွန်တော် ကျောင်းထုတ်ခံရတာပါ...အဖေက ကျွန်တော်အတွက် လက်စားချေ...."

ချန်းဟောင်က တောင်းပန်တိုးလျိုးလိုက်သော်လည်း သူ၏စကား အဆုံးမသတ်သေးမီမှာပင် လက်ဝါးတစ်ချက်က သူ၏မျက်နှာပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာသည်။

ဖြောင်း...

ပြင်းထန်သောပါးရိုက်သံသည် အခန်းတစ်ခန်းလုံးအနှံ့ ပဲ့တင်ထပ်သွားကာ ထို့နောက်မှနေ၍ ချန်းရှောင်၏ ကျယ်လောင်သောအော်ငေါက်သံကြီး ကပ်ပါလာသည်။

"ကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ဆရာတစ်ယောက်ကို မလေးမစား လုပ်ရဲတာလဲ...မင်းက အကြီးအကဲတွေကို ပုန်ကန်ရဲတာလား....အမှိုက်ကောင် မင်းခုချက်ချင်း ဒူးထောက်စမ်း"

"ဒူးထောက်ရမှာလား...."

လုမင်ရုန်နှင့်အကြီးအကဲများဖြစ်စေ ကျောင်းသားများဖြစ်စေ သူတို့အားလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသကဲ့သို့ခံစားမိလေ၏။ သူတို့၏မျက်လုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် ပြူးကျယ်နေကာ စကားမပြောနိုင်တော့ချေ။ ချန်းမိသားစုခေါင်းဆောင် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ သူ့၏သားဖြစ်သူအား ကာကွယ်ရန်နှင့် ကျောင်းတော်ကို ပြဿနာရှာရန် မဟုတ်လော။

လုမင်ရုန်နှင့် တခြားအကြီးအကဲများသည် ဖြစ်လာနိုင်ချေရှိသော ပဋိပက္ခအတွက် ပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် ချန်းရှောင်၏စိတ်နေသဘောထား ရုတ်တရက် ပြောင်းလဲသွားမှုသည် သူတို့ကို သတိလက်လွတ် ဖြစ်သွားစေပေ၏။

ဆရာတစ်ယောက်ကို လေးစားရမည်ဟု ပြောဆိုခဲ့သော ချန်းရှောင်သည် အစောပိုင်းကပင် မလေးမစား လုပ်ဆောင်ခဲ့သည် မဟုတ်လော....

စောင့်ကြည့်နေသူများသည် အံ့အားသင့်ရုံမျှသာဖြစ်သော်လည်း ချန်းဟောင်သည် သူ၏ပူနွေးသွားသောပါးပြင်ကို ဆုပ်ကိုင်ကာ သူ့ထံတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူ၏မျက်လုံးအတွင်းမှ စီးကျနေသောမျက်ရည်များကို သူ ထိန်းမထားနိုင်တော့ချေ။ ဤသည်မှာ သူ၏ဖခင်အစစ် ဟုတ်ပါသလော။ သူ၏ဖခင်သည် ရောက်ရှိလာစဉ်အချိန်၌ မည်သူ့ကိုမျှ တောင်းပန်ရန် မလိုအပ်သည့်အပြင် မည်သူကမျှ သူ့အား ဖိအားပေးရဲမည် မဟုတ်ဟု ပြောဆိုခဲ့သည် မဟုတ်လော။ ယခုအချိန်၌ တခြားလူများမှ သူကို ဖိအားပေးမည့်အစား သူ့အား ဒူးထောက်ခိုင်းသူသည် သူ၏ဖခင် ဖြစ်နေပေ၏။ ဤသည်မှာ သူ့အတွက် ရပ်တည်ခြင်းဖြစ်သလော သို့မဟုတ် သူ၏အနာပေါ် ဆားပက်နေခြင်း ဖြစ်သလော။

"မင်း ငါ ပြောတာကို မကြားဘူးလား...ဒူးထောက်လိုက်စမ်း"

သူ၏သားဖြစ်သူသည် စူပုတ်ပြီး မကျေမချမ်းအမူအယာဖြင့် နေရာ၌ မတ်တတ်ရပ်နေသည်ကိုကြည့်ပြီး ချန်းရှောင် ဒေါသူပုန်ထသွားသည်။ ထိုကြောင့် သူသည် သူ့သား၏ဒူးကို ကန်လိုက်၏။ လွန်ခဲ့သော အချိန်တခဏက သူ၏သားအတွက် သူ ဂုဏ်ယူနေခဲ့ခြင်းအပေါ် ယခုအချိန်၌ သူ အလွန်နောင်တရနေလေပြီ။

'ဒါက တစ်နာရီအတွင်းမှာ ထောင်နဲ့ချီတဲ့ မြင်းရိုင်းတွေကို ယဥ်ပါးအောင် လုပ်နိုင်တဲ့ လူငယ်ပါရမီရှင်တစ်ယောက်....သူ့မှာ သာမန်ထက် ကျော်လွန်နေတဲ့ အရည်အချင်းရှိတယ်...မင်းက အဲ့ဒီလိုလူမျိုးကို အရည်အချင်းမရှိဘဲ အဆက်အသွယ်နဲ့ ဆရာတစ်ယောက် ဖြစ်လာတယ်လို့ ပြောရဲတာလား...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ'

'အဲ့ဒီလူက တကယ်လို့ မြင်းယဥ်ပါးစေခြင်းတစ်ခုတည်းကိုပဲ သင်ပေးမယ်ဆိုရင်တောင် မရေမတွက်နိုင်တဲ့ မြင်းယဥ်ပါးစေသူတွေက သူ့ဆီကနေ သင်ယူဖို့ တက်ကြွနေကြလိမ့်မယ်...သူတို့က ငွေကြေးတွေ အများကြီး ပေးပြီးတော့တောင် ကမ်းလှမ်းကြလိမ့်မယ်... အဲ့ဒီထက်ပိုပြီး အရေးကြီးတာက ဘယ်လိုပဲဖြစ်ဖြစ် ငါက သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့အတွက် အင်အားစိုက်ထုတ်ထားခဲ့ရတယ်.. ငါက သူ့ကို ဧည့်အကြီးအကဲတစ်ယောက် ဖြစ်စေပြီးတော့ သူ့ကို ငွေအများကြီးနဲ့ ကမ်းလှမ်းခဲ့ရတယ်.... မင်းက သူ့ကိုသွားပြီး အပြစ်ပြုတာက မင်း သေလမ်းရှာနေတာလား"

'တကယ်လို့ မင်း ဒီလောက်ထိ ရူးသွပ်မိုက်မဲမယ်ဆိုတာ ငါ ကြိုသိခဲ့ရင်... ငါ မင်းကို နံရံနဲ့ကပ်ပြီး ပစ်သတ်လိုက်တာ ပိုကောင်းလိမ့်မယ်'

ဘုန်း....

ဤကန်ချက်နှင့်အတူ ချန်းဟောင်၏ဒူး ညွတ်သွားပြီ ကျန်းရွှမ်၏ရှေ့ရှိ မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား ကျသွားပေ၏။

"အဖေ...."

ချန်းဟောင်း၏အသံတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူ မည်သည့်အရာကိုမျှ မပြောဆိုရသေးမီမှာပင် ချန်းရှောင်က သူ့၏ဇက်ပိုးကို တစ်ချက်ဖြတ်ရိုက်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း.. ငါ မင်းကို တောင်းပန်ဖို့ပြောနေတာ....မင်း မကြားဘူးလား"

"ဘာလို့လဲ...."

ချန်းဟောင်သည် ထပ်မံ၍ သည်းမခံနိုင်တော့သဖြင့် သူ၏မကျေနပ်ချက်များကို ဖွင့်ဟပြောဆိုလိုက်သည်။

"သူက လက်ထောက်ဆရာလေးတစ်ယောက်လေ...."

"ပါးစပ်ပိတ်ထားစမ်း...အရူးကောင်..."

ချန်းဟောင်၏ဒေါသသည် ပွက်ပွက်ဆူနေသောအဆင့်သို့ ရောက်ရှိနေသဖြင့် သူသည် အံ့တင်းတင်းကြိတ်ပြီး အော်ငေါက်လိုက်၏။

"ဆရာကျန်းက ငါတို့ချန်းမိသားစုရဲ့ ဧည့်အကြီးအကဲတစ်ယောက် ဖြစ်ပြီးတော့ မိသားစုခေါင်းဆောင်နဲ့ တူညီတဲ့ အဆင့်အတန်းရှိတယ်...သူ့ရဲ့ရှေ့မှာ ဒူးထောက်တာက မင်းအတွက် ဂုဏ်ယူစရာတစ်ခုပဲ"

"ဧည့်အကြီးအကဲလား..."

ချန်းဟောင်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။

သခင်လေးတစ်ယောက်ဖြစ်သော သူ့အနေဖြင့် မိသားစုအတွင်းရှိ ဧည့်အကြီးအကဲတစ်ယောက်၏ အဆင့်အတန်းကို ကောင်းစွာသိရှိထားသည်။ ဤကဲ့သို့ လူတစ်ယောက်ထံတွင် မိသားစုခေါင်းဆောင်ကဲ့သို့ ရိုသေလေးစားမှုခံရသော အဆင့်အတန်းရှိသည်။ မိသားစုခေါင်းဆောင်ပင်လျှင် ထိုအကြီးအကဲများကို အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံပြီး သူတို့ စိတ်ကျေနပ်စေရန်အတွက် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရသည်။ သို့ရာတွင် သူ့ရှေ့ရှိလူသည် ယခင်က မြင်းထိန်တစ်ယောက်သာ ဖြစ်လေရာ မည်သည်ကြောင့် ဧည့်အကြီးအကဲ ဖြစ်လာသနည်း။

ချန်းဟောင် တစ်ယောက်တည်းသာ ထိတ်လန့်တုန်လှုပ်နေသည် မဟုတ်ဘဲ လုမင်ရုန်နှင့် တခြားအကြီးအကဲများသည်လည်း ဇဝေဇဝါဖြစ်နေကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် ဤအခြေအနေမှ ဖြစ်လာနိုင်ချေရှိသော အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်။ ချန်းရှောင်သည်လည်း ကျန်းရွှမ်၏ထိပ်သီးပါရမီကို တစ်နေရာရာမှ သိရှိသွားခြင်း ဖြစ်သလော။ မည်သည်ကြောင့် သူသည် ရုတ်တရက်ကြီး ကျန်းရွှမ်အပေါ် ဤကဲ့သို့ အလွန်အမင်း ရိုသေလေးစားမှုကို ပြသနေသနည်း။

လူများအားလုံး ဇဝေဇဝါဖြစ်နေစဉ်တွင် ကျန်းရွှမ်က ချန်းမိသားစုခေါင်းဆောင်သည် သူ့အပေါ်ဤမျှထိ လေးလေးစားစားဆက်ဆံမည်ဟု မျှော်လင့်မထားမိချေ။ အစပထမတွင် သူ ဒေါသထွက်နေသော်လည်း ယခုအချိန်၌ ဆက်လက်၍ တင်းခံနေရန် မဖြစ်နိုင်တော့ကြောင်း သိရှိသွားသည်။ ထိုကြောင့် သူသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"မိသားစုခေါင်းဆောင်ချန်း...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ...သူကကလေးတစ်ယောက်ပဲလေ..စကားမှားပြောတာမျိုးက ဖြစ်တတ်ပါတယ်...ဒါ့ပြင် ဒီနေရာမှာ ဒူးထောက်တာက သူ့ရဲ့အမှားတွေကို ပြင်ဆင်ဖို့ မလုံလောက်သေးဘူး....သူက သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်မှာ တစ်ရက်တိတိ ဒူးထောက်နေသင့်တယ်"

ချန်းရှောင်၏မျက်နှာ အရှက်ရမှုကြောင့် နီမြန်းနေကာ သူ ဤနေရာမှ ပျောက်ကွယ်သွားနိုင်ရန် ဆုတောင်းနေမိသည်။

သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်သည် ကျောင်းတော်၏ဗဟိုအချက်အချာနေရာဖြစ်ပြီး ကျောင်းသားများနှင့်ဆရာများအားလုံး မကြာခဏ ဖြတ်သန်းသွားသည့် နေရာပင်။ ထိုနေရာ၌ တစ်ရက်တိတိ ဒူးထောက်ရမည် ဆိုသည်မှာ သူ၏မျက်နှာကို လူများအားလုံး လှောင်ပြောင်သရော်ရန် ပြသထားသကဲ့သို့ ဖြစ်နေပေမည်။

"ဆရာကျန်းက အရမ်းသဘောထားကြီးတာပဲ"

ချန်းရှောင်က စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်ပြီး ချန်းဟောင်၏ဇက်ပိုးကို ထပ်မံ၍ တစ်ချက်ဖြတ်ရိုက်လိုက်သည်။

"အကြီးအကဲကျန်းကို ကျေးဇူးတင်စကား မြနိမြန်ပြောလိုက်စမ်း"

"အဖေ..."

ချန်းဟောင်က အံ့တင်းတင်းကြိတ်လိုက်သည်။

"ကျွန်တော်က သူ့ကို ကျေးဇူးတင်ရတာက ပြဿနာမရှိဘူး....သိုင်းပညာလေ့ကျင့်ရေးကွင်းပြင်မှာ တစ်ရက်တိတိ ဒူးထောက်ရမှာကိုလည်း ကျွန်တော် စိတ်ထဲမထားဘူး...ဒါပေမဲ့ ကျွန်တော် သိချင်တာက အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ အသစ်ခန့်အပ်ခံထားရတဲ့ လက်ထောက်ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်တို့ ချန်းမိသားစုရဲ့အကြီးအကဲတစ်ယောက် ဖြစ်လာတာလဲ"

သူ၏စကားလုံးများသည် အခန်းအတွင်းတွင် ရှိနေသော လူများအားလုံး၏သိချင်စိတ်ကို ဆွဲဆောင်သွားနိုင်ပေ၏။ ချန်းမိသားစုအတွင်းရှိ ဧည့်အကြီးအကဲရာထူးသည် ကျောင်းတော်၏အကြီးအကဲတစ်ယောက်နှင့် တန်းတူဂုဏ်သိက္ခာရှိသော အဆင့်အတန်းပင်။ အသက်၂၀အရွယ်ခန့်သာ ရှိသေးသော ဤလူငယ်သည် ဤကဲ့သို့ အဆင့်အတန်းမျိုးကို မည်သည်ကြောင့် ရရှိသွားသနည်း။ သူ့ကို ကြည့်ရသည်မှာလည်း ချန်းမိသားစု၏တရားမဝင်သား ဖြစ်ပုံမရချေ။

"မင်းက ငါ့ရဲ့ဆုံးဖြတ်ချက်ကိုတောင် မေးခွန်းပြန်ထုတ်ရဲတာလား"

ချန်းရှောင်သည် သူ၏သားအား ထပ်မံ၍ တစ်ချက်ဖြတ်ရိုက်ပြီးနောက် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ကောင်းပြီလေ.. မင်းကို ပြောပြလို့လည်း ဘာပြဿနာမှ မရှိဘူး....အကြီးအကဲကျန်းရဲ့ မြင်းယဥ်ပါးစေခြင်းစွမ်းရည်က အရမ်းထူးခြားတယ် ... ငါတို့ချန်းမိသားစုက မြင်းခြံနဲ့ နာမည်ကျော်ကြားလာမှတော့ သူ့ကို ဧည့်အကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်တာက သဘာဝကျတဲ့ကိစ္စပဲ"

All Chapters