ကောင်းကင်ဘုံဓားသခင် နောက်တစ်ကြိမ် ပေါ်လာခြင်း၊ မြောက်ပိုင်းစောင့် မြို့ဘုရင်..၃
Vol. 8 Ch. 109
အကြီးအကဲ ဝမ်က အကောက်ကြံစွာ ရယ်မောလိုက်လေ၏။
ထိုအချိန်၌ ကောင်းကင်ဘုံလူသား လေးဦးအနက် တစ်ဦးမှာ ဓားတစ်လက်ကို ဝှေ့ရမ်းလိုက်၏။ ဓားချီများမှာ မိုးသီးမိုးပေါက်များ သဖွယ် အဆက်မပြတ် ရွာသွန်းလာပြီး အစစ်အမှန်သိုင်းဂိုဏ်း၏ တပည့်များအား ဖိနှိပ်ထားလေသည်။
"လူယုတ်မာ... သိပ်ပြီး မမောက်မာစမ်းနဲ့”
တာအိုဆရာလုံရှန်းက ဒေါသတကြီး ခက်ထန်စွာ ကြည့်ကာ ဟိန်းဟောက်လိုက်၏။
တာအိုဆရာလုံရှန်းက သူ့စကား မဆုံးမသတ်ရသေးမီ ထိုတိုက်ခိုက်မှုကို တားဆီးရန် ရှေ့သို့ တရှူးထိုး ပြေးထွက်သွားလေတော့သည်။
ထိုစဉ် မိစ္ဆာဂိုဏ်းမှ နောက်ထပ် ကောင်းကင်ဘုံ လူသား တစ်ယောက်က အရှေ့ဘက်မှ တိုက်ခိုက်လာလေ၏။
သို့သော် ထင်မှတ်မထားသည်မှာ အပေါ်ပိုင်း ဗလာကျင်းနေသော သန်မာထွားကြိုင်းသည့် လူသန်ကြီး တစ်ယောက်က အသားလှီး ဓားမကြီး တစ်လက်ကို ကိုင်ဆောင်လျက် ထိုသူအား ကြားဖြတ် တိုက်ခိုက်ရန် ပြေးထွက်လာခြင်း ဖြစ်သည်။ လူသန်ကြီးက ရှူးရှူးရှားရှား စူးစိုက်ကြည့်ရင်း ကျိန်ဆဲလိုက်၏။
"ခွေးမသားတွေ... မင်းတို့ မိစ္ဆာဂိုဏ်းက ခွေးကောင်တွေကတော့ တကယ့်ကို အနံ့ခံ ကောင်းပါပေတယ်။ ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နေတာပဲ"
“ဝှီး…”
အသားလှီး ဓားမကြီးက လေထဲကို ဖြတ်ခုတ်သွားရာ ဓားအလင်းတန်းများက အသားသည်ကြီး၏ ဒေါသများကို ဖော်ပြနေသယောင် ရှိလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ကောင်းကင်ဘုံလူသား နှစ်ဦးကို နေရာရွှေ့ပြောင်း လိုက်ချိန်တွင် မိစ္ဆာဂိုဏ်းက ဝင်ရောက် တိုက်ခိုက်ခြင်း ဖြစ်သည်။ သည်လူတွေဟာ တကယ့်ကို ခွေးတွေလိုပါပင်။ သူသည် အစစ်အမှန်သိုင်းမြို့တော်မှ ဆူညံသံများကို ကြားရသဖြင့် အကူအညီ ပေးရန် ပြေးထွက်လာခဲ့ခြင်း ဖြစ်လေ၏။
မိစ္ဆာဂိုဏ်းမှ နောက်ထပ် ကောင်းကင်ဘုံလူသား နှစ်ယောက်ကလည်း အနောက်ဘက်နှင့် မြောက်ဘက်တို့မှ တိုက်ခိုက်လျက် ရှိသည်။
တိုအခိုက်မှာ မြောက်ဘက်မှ ကောင်းကင်ဘုံလူသားကို တစ္ဆေ တစ်ကောင်ကဲ့သို့ ပေါ့ပါးသော ကိုယ်ဟန်ဖြင့် ယဲ့ကုန်းကုန်းက လမ်းခုလတ်တွင် ဖြတ်တောက် တိုက်ခိုက်လိုက်သည်။
ရုတ်ချည်းပင် ကောင်းကင်ဘုံလူသား ကိုးဦးတို့ တစ်ပြိုင်နက် တိုက်ခိုက် နေကြ၏။ တုန်ခါမှုများက ညကောင်းကင်ယံ၌ ပဲ့တင်ထပ်လျက် ရှိသည်။ တိုက်ပွဲ၏ နောက်ဆက်တွဲ ဂယက်များက အစစ်အမှန်သိုင်းဂိုဏ်း အပေါ်သို့ ကျရောက်ကာ နေရာထိုင်ခင်းများစွာတို့ ပြိုကျ ပျက်စီးကုန်၏။ သို့သော် ဒါက လူတိုင်းအတွက် အကြီးမားဆုံး စိုးရိမ်ပူပန်မှု မဟုတ်သေးချေ။
အကြောင်းမှာ မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား တစ်ယောက် အပို ကျန်နေသေးသောကြောင့် ဖြစ်သည်။
သူ့ကို တန်ပြန် တိုက်ခိုက်ရန် ကောင်းကင်ဘုံလူသား အသစ် တစ်ယောက်မှ ပေါ်ထွက် မလာခဲ့ပေ။
ထို့ကြောင့် ထို မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသားမှာ ရိုးရှင်းစွာပင် တားဆီးနိုင်သူ မရှိ၊ ယှဉ်ပြိုင်နိုင်သူ ကင်းမဲ့နေလေသည်။
“ကျစ် ကျစ် ကျစ်... ကောင်းကင်ဘုံဓားသခင် ခွေးအိုကြီး၊ မင်းရဲ့ အစစ်အမှန်သိုင်းဂိုဏ်းကြီး ပျက်စီးသွားတာကို သေချာ ထိုင်ကြည့်နေလိုက်စမ်း၊ ဟဲဟဲဟဲ…”
အကြီးအကဲ ဝမ်က ယုတ်မာစွာ ရယ်မောလိုက်သည်။
စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်၏ စွမ်းအားမှာ ကောလာဟလများထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်ကို သူ အနည်းငယ် ထိတ်လန့်မိ၏။ သူသည် ကောင်းကင်ဘုံဓားသခင်အား ထိန်းထားနိုင်ရုံသာ တတ်နိုင်သည်။ ကံကောင်းစွာဖြင့် မိစ္ဆာဂိုဏ်း ဘက်တွင် ကောင်းကင်ဘုံလူသား တစ်ဦး ပိုလျှံနေရာ သူက အသာစီး ရနေလေ၏။
ပြိုင်ဘက်၏ စိတ်ကို ရှုပ်ထွေးသွားစေရန် ပေါက်တတ်ကရ လျှောက်ပြောကာ စိတ်အနှောင့်အယှက် ပေးလိုက်သည်။
သိုင်းကျမ်းတိုက် အတွင်း၌ နင်ချီက စိတ်တိုင်းမကျဟန် မျက်ခုံးများ တွန့်ချိုးလိုက်၏။
သူ၏ ပုံပန်းသဏ္ဍာန်နှင့် ခန္ဓာကိုယ် တည်ဆောက်ပုံက စတင် ပြောင်းလဲလာသည်။ ဆံပင်ဖြူများဖြင့် အဘိုးအို တစ်ယောက် အသွင်သို့ ပြောင်းလဲသွား၏။
လက်ရှိ အခြေအနေအရ သူကိုယ်တိုင် ထွက်ပြီး နှစ်ယောက်စာ ဝင်တားဆီးမှသာ ဖြစ်တော့မည်။
သို့သော် နင်ချီ ခြေလှမ်းလိုက်သည့် အခိုက်မှာပင် ခြေလှမ်းကို ပြန်ရုတ်လိုက်သည်။ သူ၏ မျက်လုံးများက အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပြီး တိုးညှင်းစွာ ရေရွတ်လိုက်၏။
"နောက်ဆုံးတော့... ပေါ်လာခဲ့ပြီလား"
လီလင် နှင့် လီချင်းယွဲ့တို့ အနီးတွင် အစွမ်းထက်သော အရှိန်အဝါသစ် တစ်ခု ပေါ်ထွက်လာသည်ကို သူ အာရုံခံမိလိုက်သည်။
ယဲ့ကုန်းကုန်း လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသားက သူ၏ သရုပ်မှန်ကို သိရှိသွားသည်။
"ကုန်းကုန်း "
မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား အားလုံး အံ့အားသင့် သွားကြသည်။ ထို့နောက် အကြီးအကဲ ဝမ်က လျင်မြန်စွာ သတိဝင်လာပြီး မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာကာ ရယ်မောလိုက်၏။
"ကောင်းကင်ဘုံလူသား အဆင့်ရှိတဲ့ ကုန်းကုန်း တစ်ယောက်တောင် ဆုလာဘ်တွေ ပေးဖို့ လိုက်လာတယ် ဆိုတော့ ဒီသံတမန် အဖွဲ့ထဲမှာ ရာထူး မနိမ့်တဲ့ လူတစ်ယောက် ပါလာပုံပဲ"
ဒီလို ထင်မှတ်မထားတဲ့ ကံကောင်းမှုမျိုး ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝ တွေးမထားမိခဲ့။
မူလကတော့ သံတမန် အဖွဲ့ ရောက်ရှိလာချိန်တွင် သူတို့အားလုံးကို ရှင်းပစ်ရန် အစီအစဉ် ရှိခဲ့သည်။ သို့သော် ဒီလို အကောင်ကြီးကြီး တစ်ကောင် ဖမ်းမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ကျန်း အဘိုးကြီး၊ သွားစမ်း။ အဲ့ဒီ အကောင်ကြီးကြီးကို သွားဖမ်းလိုက်စမ်း"
ပြိုင်ဘက် မရှိဘဲ တစ်ဦးတည်း လွတ်နေသော ကောင်းကင်ဘုံလူသား အဆင့်ရှိ ကျန်း အဘိုးကြီးကလည်း အရူးအမူး ရယ်မောလိုက်၏။ သူ၏ မူလ ရည်ရွယ်ချက်မှာ အစစ်အမှန်သိုင်း တပည့်များအား သတ်ဖြတ်၍ တာအိုဆရာလုံရှန်း နှင့် စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် တို့အား စိတ်အနှောင့်အယှက် ပေးရန် ဖြစ်၏။ သို့သော် ယခုမူ သူ့မှာ ပစ်မှတ် အသစ်တစ်ခု ရရှိသွားလေပြီ။
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် အဆက်မပြတ် အာရုံခံ ကြည့်လိုက်သည်။
မကြာမီပင် ထင်ရှားလွန်းသော ပစ်မှတ်များကို ရှာတွေ့လိုက်ရ၏။
ချီစွမ်းအင် နယ်ပယ် ကျွမ်းကျင်သူ အချို့၏ အကာအကွယ် ပေးမှု အလယ်တွင် လူငယ်လေး တစ်ဦးနှင့် မိန်းကလေး တစ်ဦးတို့က ပြိုကျလာသော အဆောက်အအုံ တစ်ခုမှ ထွက်ပေါ်လာကြသတည်း။
"အကောင်ကြီးကြီး... တွေ့ပြီ၊ ခွီးခွီးခွီး.."
ကျန်း အဘိုးကြီးက အားရပါးရ ရယ်မောလိုက်ပြီး ကိုယ်တစ်ချက် လှုပ်ကာ လီလင် နှင့် လီချင်းယွဲ့ တို့ ရှေ့ကို ရောက်သွားသည်။ သူတို့၏ သရုပ်မှန်ကို သိရှိသွားသည့် အခါ သူ၏ မျက်ဆံများက စုကျုံ့သွား၏။
"မြောက်ပိုင်းစောင့် မြို့ဘုရင်ရဲ့ သားတော်လေး... မင်းသမီးလေး လီချင်းယွဲ့"
သူက အရမ်းကို စိတ်လှုပ်ရှားသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
"အကောင်ကြီးကြီး... တကယ့် အကောင်ကြီးကြီးပဲ"
အကြီးအကဲ ဝမ်၏ ခန္ဓာကိုယ်ကလည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားပြီး အလျင်အမြန် အမိန့်ပေးလိုက်သည်။
“သူတို့ကို အရှင် ဖမ်းခဲ့”
ကျန်း အဘိုးကြီးက တဟီးဟီး ရယ်မောလိုက်၏။
"စိတ်ချပါ အကြီးအကဲ ဝမ်။ ကျွန်တော် သဘောပေါက်ပါတယ်"
သူ့စကားအဆုံးမသတ်မီ ကျန်း အဘိုးကြီးက လွှမ်းမိုးသွားလောက်သော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ကာ သူ့အရှေ့မှ လူများအား ဖိနှိပ်လိုက်သည်။ လီလင်နှင့် လီချင်းယွဲ့ တို့အား အကာအကွယ် ပေးထားသော ကျွမ်းကျင်သူများ အားလုံး သွေးအန်လျက် နောက်သို့ လွင့်စင်သွားကြ၏။ ကောင်းကင်ဘုံလူသား နယ်ပယ်၏ ရှေ့မှောက်တွင် သူတို့မှာ တိုက်ကွက် တစ်ကွက်ပင် ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။
လီလင် နှင့် လီချင်းယွဲ့တို့ တုန်ယင် နေကြသည်။ လီချင်းယွဲ့မှာ သူမ၏ ယခင် မောက်မာမှုများ လုံးဝ ပျောက်ကွယ်သွားပြီး မျက်ဝန်းထဲ၌ မျက်ရည်များ ပြည့်ဝဲလျက် ရှိ၏။ သူမက အော်မငိုမိအောင် ကြိုးစား ထိန်းထားသည်။ အပျက်အစီးများ ကြားတွင် ရုန်းကန်နေရပြီး မျက်နှာလေးမှာလည်း ဖုန်မှုန့်များဖြင့် ညစ်ပေနေ၏။
လီလင်က အနည်းငယ် ပို၍ အခြေအနေ ကောင်းသော်လည်း ခြေထောက်များကမူ တုန်ယင်လျက် ရှိသည်။
သူက လီချင်းယွဲ့အား မိမိ၏ နောက်တွင် ကွယ်ထားပြီး အားတင်းကာ အော်ဟစ်လိုက်၏။
"မင်းတို့ ငါတို့ကို ထိရဲ ထိကြည့်။ ငါ့ အဖေက မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား ကျန်း အဘိုးကြီးက ပြုံးလျက် လှောင်ပြောင်လိုက်သည်။
"ဟမ့်..စိတ်မပူပါနဲ့။ အဲ့ဒီ အချိန်ကျရင် မင်းတို့ အဖေက ငါ့ဆီကို အသနား လာခံမှာပါ"
သူ၏ စကားသံ မဆုံးမီမှာပင် နူးညံ့သော အသံတစ်ခုက သူ၏ နောက်မှ ပေါ်ထွက်လာသည်။
"ဟုတ်လား။ ဒါဆို ငါက မင်းကို ဘယ်လိုမျိုး အသနားခံရမှာလဲ"
"ဒါကတော့... ငါတို့ရဲ့ မြင့်မြတ်တဲ့ ဂိုဏ်းတော်ကြီးနဲ့ ပူးပေါင်း..." မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား၏ စကား မဆုံးမီမှာပင် သူ၏ မျက်ဆံများက အပ်ဖျား တစ်ခု အရွယ်ထိ ကျုံ့ဝင်သွားလေသည်။
ကြောက်ရွံ့မှု နှင့် ထိတ်လန့်မှုက သူ၏ နှလုံးသားထဲသို့ ဝုန်းခနဲ ခုန်တက်လာ၏။
ကျန်း အဘိုးကြီး အလိုလို နောက်သို့ လှည့်ကြည့်လိုက်မိရာ မင်းမျိုးမင်းနွယ် ဝတ်စုံကို ဝတ်ဆင်ထားသော ဥပဓိ ခန့်ညားသည့် သက်လတ်ပိုင်း အရွယ် လူ တစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုသူ၏ လက်တစ်ဖက်က ဖြည်းညှင်းစွာ ဆန့်ထွက်လာ၏။ အလွန် နှေးကွေးလွန်းလှသော်လည်း သူက လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ထိုလက်က မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား၏ လည်ပင်းကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ လှည့်ချိုးလိုက်သည်။
ကောင်းကင်ဘုံလူသား ..သေဆုံးသွားလေပြီ။
မြောက်ပိုင်းစောင့် မြို့ဘုရင်က ကြောင်အမ်းသွားသော လီလင် နှင့် လီချင်းယွဲ့ တို့ကို ကြည့်ကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အခုတော့... နောက်ကို ပေါက်ကရ မလျှောက်လုပ်ရဘူး ဆိုတာ သိလောက်ပြီပေါ့ ၊ ဟုတ်လား”