အစွမ်းထက်သော ဖိနှိပ်မှုနှင့် သတ်ဖြတ်ခြင်း
Vol. 8 Ch. 110
မြောက်ပိုင်းစောင့် မြို့ဘုရင်က ခပ်ဖျော့ဖျော့ ရယ်မောလိုက်သည်။
လီချင်းယွဲ့ကတော့ ဆက်လက် မထိန်းထားနိုင်တော့ပေ။ သူမ၏ မင်းသမီး ဆိုသော ဂုဏ်သိက္ခာကို လျစ်လျူရှုကာ မြောက်ပိုင်းစောင့် မြို့ဘုရင်၏ အဝတ်အစားများကို ဆွဲကိုင်ရင်း တရှုံ့ရှုံ့ ငိုကြွေးလေတော့သည်။
"တော်ဝင် ဦးလေးတော်... သမီး နန်းတော်ကို ပြန်ချင်တယ်"
လီလင်က မျက်ရည်များ မကျအောင် အသည်းအသန် ကြိုးစား ထိန်းထားပြီး ခေါင်းကို မော့ထားရင်း နှုတ်ခမ်းကို စူထော်ထားသည်။ မြောက်ပိုင်းစောင့် မြို့ဘုရင်က ပြုံးလိုက်ပြီး သူ၏ ခေါင်းလေးကို ပုတ်ပေးလိုက်ရာ လီလင်သည်လည်း ချက်ချင်းပင် မြောက်ပိုင်းစောင့် မြို့ဘုရင်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူ၏ ပခုံးများ တုန်ခါနေလေသည်။
ဘာပဲ ပြောပြော သူတို့ နှစ်ယောက်လုံးဟာ အသက် ဆယ်နှစ်အောက် ကလေးငယ်လေးတွေသာ ဖြစ်ကြ လေသည်။
အရင်တုန်းက လောကကြီး၏ အန္တရာယ်များကို မသိရှိခဲ့ကြသော်လည်း ယနေ့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်က သူတို့ကို သေခြင်းတရား၏ အနားသတ်ဆီသို့ တွန်းပို့ခဲ့သည်။ အနည်းငယ် ကြောက်လန့်တုန်လှုပ်ခဲ့ကြသော်လည်း သူတို့၏ လူကြီးများ ယခင်က ဟောပြောခဲ့သော ကြီးကျယ်သည့် အမှန်တရားများစွာကို နားလည် သဘောပေါက်သွားကြဟန် တူသည်။
တိုက်ရိုက် သင်ကြားပေးသည့် သင်ခန်းစာများက ကိုယ်တိုင် ကြုံတွေ့ရတာလောက် မထိရောက်ပါချေ။
ဒါဟာ မြောက်ပိုင်းစောင့် မြို့ဘုရင်၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။
သူ့မှာ သူ၏ သားငယ်လေးကို အမြဲတမ်း ကြည့်ရှု စောင့်ရှောက်နေဖို့ အချိန်မရှိပေ။
ကလေးအနေနှင့် ကိုယ်တိုင် ကြီးပြင်းဖို့ သင်ယူတတ်မြောက်စေရမည်။ မဟုတ်လျှင် တစ်နေ့နေ့မှာ သူ မသိလိုက်ဘဲ ခိုးထွက်သွားခဲ့လျှင် နောင်တရ၍လည်း အချိန်မီတော့မည် မဟုတ်ချေ။
မည်သို့ပင် ဆိုစေကာမူ သူ၏ သားငယ်လေးကို ယခုလို ပုံစံမျိုး မြင်လိုက်ရသည့်အခါ မြောက်ပိုင်းစောင့် မြို့ဘုရင် ကရုဏာသက်သွားရသည်။
ဒါက မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား အများအပြားကို ကြည့်လိုက်သည့် သူ၏ အကြည့်များကို ပို၍ပင် အေးစက် တည်ငြိမ်သွားစေ၏။
ထိုအချိန်မှာတော့ တိုက်ပွဲဝင်နေကြသည့် အစွမ်းထက် တိုက်ခိုက်ရေးသမား အများအပြားက ဒီဘက်က အခြေအနေကို သတိပြုမိသွားကြသည်။
ထို သက်လတ်ပိုင်း အရွယ် လူကြီးက ကိုယ်ပျောက်သလို ဘွားခနဲ ပေါ်ပေါက်လာပြီး ကောင်းကင်ဘုံ လူသား တစ်ယောက်ကို ကြက်ပေါက်လေး တစ်ကောင်လို ညှစ်သတ်
ပစ်လိုက်သည်တကား။
စွမ်းအား ကွာခြားမှုက အလွန်အမင်းကို အံ့အားသင့်စရာ ကောင်းလှပါ၏။
"ဒါက ကောင်းကင်ဘုံ လူသား အဆင့်စာရင်းမှာ အဆင့် ကိုး ချိတ်ထားတဲ့ လူတစ်ယောက်ရဲ့ စွမ်းအားလား" သိုင်းကျမ်းတိုက် အတွင်းရှိ နင်ချီက သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
ကောင်းကင်ဘုံ လူသား အဆင့်စာရင်းတွင်
အဆင့် ဆယ် ဂဏန်း စီ တိုင်းသည် စွမ်းအား၏ အရည်အသွေးအရ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို အမှတ်အသား ပြုသည်ဟု သူ ကြားခဲ့ဖူးသည်။
သို့သော် သူက အဆင့်စာရင်း၏ အောက်ခြေမှာ ရှိသော သူများနှင့်သာ ဆက်ဆံခဲ့ဖူးပြီး တိုက်ရိုက် အတွေ့အကြုံ မရှိခဲ့ပါချေ။ အခု မြောက်ပိုင်းစောင့် မြို့ဘုရင်၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ ထို ကွာခြားမှုကြီးက ပြိုင်ဘက်အား ချီစွမ်းအင် နယ်ပယ် အဆင့်ထက် မပိုသလိုပင် ထင်မှတ်သွားစေသည်။
"ဒီလူကြီးက... ကောင်းကင်ဘုံလူသား
နယ်ပယ် ပြီးပြည့်စုံမှု အဆင့်ကို ရောက်နေပြီလား"
နင်ချီက သူ၏ အရှိန်အဝါနှင့် လှုပ်ရှားမှုတွေကို သတိကြီးကြီး ထိန်းချုပ်လိုက်သည်။ မြောက်ပိုင်းစောင့် မြို့ဘုရင် ရှိနေသည့်အတွက် သူက တခြား ကိစ္စတွေကို စိတ်ပူနေစရာ မလိုတော့ဘဲ ကောင်းကင်ဘုံဓားသခင် အဖြစ်သာ အကြီးအကဲ ဝမ်အား တားဆီးထားနိုင်ရန် အာရုံစိုက်ထားလိုက်သည်။
ယဲ့ကုန်းကုန်း ၊ တာအိုဆရာလုံရှန်း နှင့် အသားသည်ကြီးတို့ အားလုံးသည် မြောက်ပိုင်းစောင့် မြို့ဘုရင်ကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာများက တက်ကြွ လန်းဆန်းသွားကြသည်။
မိစ္ဆာဂိုဏ်းမှ အစွမ်းထက် တိုက်ခိုက်ရေးသမားများ အတွက်တော့ သူတို့၏ မျက်လုံးများထဲတွင် မယုံနိုင်သလို အကြည့်မျိုးများ ပေါ်ပေါက်လာခဲ့သည်။
အကြီးအကဲ ဝမ် ပင်လျှင် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
"မြောက်ပိုင်းစောင့် မြို့ဘုရင်"
သူ၏ အသံက စူးရှပြီး မူပျက်နေကာ ကြောက်ရွံ့မှုများ စွန်းထင်းနေခဲ့သည်။
လူတစ်ယောက်၏ နာမည်သည် သစ်ပင်၏ အရိပ်ပမာ ကျော်ကြားလှသည်။
မြောက်ပိုင်းစောင့် မြို့ဘုရင်၏ ဂုဏ်သတင်းက မဟာယန် တစ်ခွင်လုံးတွင် ဟိန်းနေခဲ့၏။
"ခင်ဗျားက မြောက်ပိုင်း လူရိုင်းတွေကို စောင့်ကြပ်နေရမှာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီကို ရောက်နေရတာလဲ"
အကြီးအကဲ ဝမ်၏ အကြည့်က လီလင် အပေါ်သို့ ကျရောက်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားသလို ဖြစ်ကာ မေးလိုက်ခြင်းပါ။
"ကိုယ့်ရဲ့ သားငယ်လေးကိုတောင် ငါးစာ အဖြစ် အသုံးချရဲတယ်ပေါ့လေ။ အတော့်ကို ကောက်ကျစ်ပါပေတယ်"
ထိုအခါ မြောက်ပိုင်းစောင့် မြို့ဘုရင်က အေးစက်စွာ ဟမ့်ခနဲ နှာမှုတ်လိုက်သည်။
"မခန့်လေးစား။ မင်းကများ ထိုက်တန်လို့လား"
"မင်းတို့က လင်အာကိုတောင် အနိုင်ကျင့်ရဲတယ်ပေါ့။ သေသင့်တာ အကြိမ် တစ်သောင်းတောင် မကဘူး"
မြို့ဘုရင်က ရှင်းပြနေဖို့ အချိန်မရှိချေ။ သူ၏ ဘယ်လက်ဖြင့် လီလင်၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး ညာလက်ကတော့ လက်သီး ဆုပ်ကာ အကြီးအကဲ ဝမ် ရှိရာသို့ သာမန်ကာလျှံကာ ထိုးနှက်လိုက်သည်။
သာမန်ဟု ထင်ရသော လက်သီးချက် တစ်ချက်သည် အမှန်တကယ်တော့ အလွန် နက်နဲမှုများစွာ ပါဝင်နေလေ၏။
သို့သော် နင်ချီ၏ အကြည့်က လေးနက်နေခဲ့သည်။
ထို လက်သီးချက်ထဲတွင် အနှစ်သာရ၊ ချီ၊ ဝိညာဉ် နှင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအား တို့၏ ပိုပြီး ဆန်းကြယ်သော ပေါင်းစပ်မှုတစ်ခုကို မြင်နေရ၏။
နားလည် သဘောပေါက်အောင် ကြိုးစားရင်း ဒီလက်သီးကွက်ကို သူ့စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားထားလိုက်သည်။
ထိုစဉ် အကြီးအကဲ ဝမ်၏ မျက်လုံးများက ထိတ်လန့်မှုကို ပြသနေပြီး မျက်ဆံများ ရုတ်တရက် ကျုံ့ဝင်သွားသည်။
မတုံ့ဆိုင်းနေဘဲ အော်ဟစ်လိုက်ပြီး အသက်သွေး တစ်လုတ်အား ပါးစပ်မှ ပန်းထုတ်လိုက်၏။
ထိုအခါ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများက အကြီးအကဲ ဝမ်၏ ပတ်ပတ်လည်တွင် စုဝေးလာပြီး အဆိပ်ငွေ့များနှင့် ရောနှောကာ ဧရာမ ဖားပြုတ်ကြီးအသွင် ပြောင်းလဲသွားသည်။
ထို ဖားပြုတ်ကြီးက လေထုတွင်းသို့ အစိမ်းရောင် အဆိပ်ငွေ့များ အဆက်မပြတ် ပန်းထုတ်နေ၏။
အစိမ်းရောင် အဆိပ်ငွေ့များက လက်သီး တံဆိပ်ကို တားဆီးရန် အကာအကွယ် တစ်လွှာပြီး တစ်လွှာ အဖြစ် ပြောင်းလဲသွား၏။
သို့သော် အချည်းနှီးပါပင်။
အရာအားလုံးက ထိုလက်သီးချက် အောက်မှာ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အစိမ်းရောင် အခိုးအငွေ့များ ကြေမွသွားပြီး အကာအကွယ် အလွှာများလည်း တိခနဲ ပြိုကျသွားခဲ့ရ၏။
အကြီးအကဲ ဝမ် စွမ်းအားကုန် ထုတ်သုံးခဲ့သော်လည်း မြောက်ပိုင်းစောင့် မြို့ဘုရင်၏ အထွတ်အထိပ် လက်သီးချက်ကို မပိတ်ဆို့နိုင်ခဲ့ပေ။
အဆိပ် ဖားပြုတ်ကြီးက အသံနက်ကြီးနှင့် ညည်းညူကာ ပေါက်ကွဲသွား၏။ တူညီသော အခိုက်အတန့်မှာပင် ပေါ့ပါးသော လက်သီးတံဆိပ်က အကြီးအကဲ ဝမ်၏ ခန္ဓာကိုယ်ကို ထိမှန်သွားလေတော့သည်။
"ဘုန်း"
ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာပြီး အကြီးအကဲ ဝမ်ကို စုတ်ပြတ်သတ်သွားစေသည်။
သူက သွေးများ အဆက်မပြတ် အန်ထုတ်လိုက်ရပြီး အပြင်းအထန် ဒဏ်ရာ ရရှိသွား၏။
နင်ချီ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။
ဒီအခွင့်အရေးကို အရယူလိုက်ပြီး ကောင်းကင်ဘုံဓားသခင်အဖြစ် လေထုသို့ ဖြတ်သန်းကာ အကြီးအကဲ ဝမ်အား တိုက်ခိုက်လိုက်၏။ အကြီးအကဲ ဝမ် နောက်တစ်ချက် ထပ်မှန် ထိခိုက်သွားသော်လည်း ထူးကဲစွာ ထက်ရှသော ကောင်းကင်ဘုံဓားက သူ့ကို နှစ်ပိုင်း ဖြတ်တောက် မသွားခဲ့ပေ။
နောက်တစ်ကြိမ် ဒဏ်ရာရရှိသွားသော အကြီးအကဲ ဝမ်က သွေးများ ထပ်မံ အန်ထုတ်လိုက်ပြီး တောက်ပသည့် သွေးအလင်းတန်း တစ်ခု ဝင်းလက်သွား၏။
သူ ထွက်ပြေးသွားလေပြီ။
အကြီးအကဲ ဝမ်သည် ကြိမ်းမောင်းသည့် စကားတစ်ခွန်းတောင် မပြောရဲခဲ့ဘဲ တခြား မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသားများကို လျစ်လျူရှုကာ အသက်သွေး လောင်ကျွမ်းသည့် လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းကာ အရူးတပိုင်း ထွက်ပြေးသွားတော့သည်။
"ရတနာ ချပ်ဝတ်”
မြောက်ပိုင်းစောင့် မြို့ဘုရင်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဒါက သာမန် လက်သီးချက် တစ်ချက် မဟုတ်ပေ။ ယုတ္တိတန်သော အားဖြင့် ဒီလူကို ကြေမွသွားစေသင့်သည်။ အနည်းဆုံးတော့ သူ့ကို မလှုပ်ရှားနိုင်အောင် လုပ်နိုင်ခဲ့သင့်သည်။
သို့သော် အကြီးအကဲ ဝမ်က လက်သီးတစ်ချက်နှင့် ဓားချက်တစ်ချက်ကို ခံနိုင်ရည် ရှိခဲ့ပြီး ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့သည်။
..ဒီလူ့မှာ လျှို့ဝှက်ချက် အနည်းငယ်တော့ ရှိနေသေးတာပဲ။..
အဝေးသို့ တဖြည်းဖြည်း မှိန်ဖျော့သွားသော သွေးအလင်းတန်းကို ကြည့်ရင်း မြောက်ပိုင်းစောင့် မြို့ဘုရင်က နောက်ဆုံးတော့ လိုက်လံ တိုက်ခိုက်လိုသည့် စိတ်ကို ချိုးနှိမ်လိုက်သည်။ သူ၏ စွမ်းအားဖြင့် လိုက်မီနိုင်သော်လည်း သူ့ဘေးနားမှ လီလင် နှင့် လီချင်းယွဲ့ တို့ကို တစ်ချက် ပြန်ကြည့်ပြီးနောက် လိုက်မသွားရန် ဆုံးဖြတ်လိုက်လေ၏။
"ထားလိုက်တော့"
မိစ္ဆာအိုကြီး တစ်ကောင်က အရေးမကြီးပါ။
သို့တိုင်အောင် သူ၏ အကြည့်က အစစ်အမှန်သိုင်းဂိုဏ်း၏ အတွင်းပိုင်းဆီသို့ လှည့်သွားပြီး အံ့အားသင့်မှု အနည်းငယ် ပါဝင်နေခဲ့သည်။ ထို ဓားချက်က သူ့ကို ပြန်လည် သုံးသပ်သွားစေသည်။
"ဒီ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က တကယ်ကို အရည်အချင်း အချို့ ရှိတာပဲ။ အထူးသဖြင့် သူ့ရဲ့ တိုက်ခိုက်မှုက အရှိန်အဝါ လှုပ်ခတ်မှု တစ်စုံတစ်ရာ မပြသခဲ့ဘူး။ ငါတောင်မှ သူ့ရဲ့ တည်ရှိမှုကို မသိရှိလိုက်ဘူး။ စိတ်ဝင်စားစရာပဲ"
သို့သော် သူက နက်နက်နဲနဲ စူးစမ်းလေ့လာဖို့ ရည်ရွယ်ချက် မရှိခဲ့ပါ။
ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တဲ့ ဘယ်သူမဆို ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိတတ်ကြတာပဲ မဟုတ်လား။
ဒီအချိန်မှာတော့ ကျန်ရှိနေသေးသော မိစ္ဆာဂိုဏ်းမှ ကောင်းကင်ဘုံလူသား သုံးယောက်က အကြီးအကဲ ဝမ် ဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး ချက်ချင်း ထွက်ပြေးသွားသည်ကို ကြည့်ရင်း ကြောက်လန့်ပြီး သွေးပျက်မတတ် ဖြစ်သွားကြကာ တစ်ယောက်ချင်းစီ အသည်းအသန် ထွက်ပြေးဖို့ ကြိုးစားကြလေသည်။
ဒါပေမဲ့ သူတို့မှာ အကြီးအကဲ ဝမ်၏ စွမ်းအားမျိုးလည်း မရှိသလို သူ့ရဲ့ ရတနာ ချပ်ဝတ်မျိုးလည်း မပိုင်ဆိုင်ကြပေ။
မြောက်ပိုင်းစောင့် မြို့ဘုရင်က လက်သီး သုံးချက် ထုတ်ဖော်လိုက်ရာ အစစ်အမှန်သိုင်းတောင်ပေါ်တွင် ကောင်းကင်ဘုံလူသား အလောင်း သုံးလောင်း ချက်ချင်း တိုးလာခဲ့သည်။
ဒီလိုမျိုး ခန့်ညား ထည်ဝါမှုက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
လူတိုင်းက ထို တည်ကြည် ခန့်ညားသော သက်လတ်ပိုင်း အရွယ် လူကြီးကို လေးစား ကြည်ညိုမှု အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
အမှန်ပင်။ ကောင်းကင်ဘုံလူသားတွေကို ကြက်တွေ ငှက်တွေ သတ်သလို သတ်ပစ်နိုင်သည်ပဲ။
နင်ချီ တစ်ယောက်ကသာလျှင် ကောင်းကင်ယံဆီသို့ မော့ကြည့်နေခဲ့သည်။
ဒါက အကြီးအကဲ ဝမ် ထွက်ပြေးသွားသည့် လမ်းကြောင်း ဖြစ်သည်။
အစစ်အမှန်သိုင်းဂိုဏ်း၏ အပျက်အစီးများကို မြင်လိုက်ရသည့်အခါ နင်ချီ့ရင်ထဲမှာ အေးစက်သည့် သတ်ဖြတ်လိုစိတ် များ တိုးပွားလာခဲ့သည်။
အခု အစစ်အမှန်သိုင်းတောင်ပေါ်မှာ မြောက်ပိုင်းစောင့် မြို့ဘုရင် ရှိနေပြီ ဖြစ်လို့ လုံခြုံရေးကတော့ အာမခံချက် ရှိသွားပြီ ဖြစ်သည်။ မိစ္ဆာဂိုဏ်းကသာ ထပ်ပြီး လာရဲ လာကြည့်ပါစေ။ သူတို့ သေချာပေါက် အလျော်ပေးရလိမ့်မည်။