အစွမ်းထက်သော ဖိနှိပ်မှုနှင့် သတ်ဖြတ်ခြင်း (၂)
Vol. 8 Ch. 111
စောစောက နောက်ဆုံး ဓားချက်ကတော့ အကြီးအကဲ ဝမ်၏ ကျောကုန်းပေါ်သို့ တိတိကျကျ ကျရောက်သွားခဲ့ပြီး ဓားချီ အမှတ်အသားတစ်ခုကို ချန်ထားခဲ့လေသည်။
နင်ချီက တိတ်ဆိတ်ခြင်းသိုင်းနည်းစနစ်နှင့် ခန္ဓာပြောင်းလဲခြင်းနှင့် အရိုးပြောင်းလဲခြင်း သိုင်းပညာတို့ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။ ပြီးနောက် သူသည် သိုင်းကျမ်းတိုက်ထဲမှ ခြေလှမ်း၍ ထွက်ခွာလာခဲ့၏။
...
ညဘက် ကောင်းကင်ယံတွင် သွေးရောင် အလင်းတန်း တစ်ခုက သက်တံ့ကြီး တစ်ခုနှယ် ဖြတ်သန်း လင်းလက်သွားသည်။ မျက်စိ တစ်မှိတ် အတွင်းမှာပင် အဝေးကြီးဆီသို့ ရောက်ရှိ ပျောက်ကွယ်သွား၏။
အကြီးအကဲ ဝမ်သည် အခုထိတိုင် တုန်လှုပ်နေတုန်းပင်။ မြောက်ပိုင်းစောင့် မြို့ဘုရင် ရုတ်တရက် ပေါ်ထွက်လာသည့် ထိတ်လန့်မှုမှ ယခုထိ သူ သတိမဝင်သေးချေ။ ထို လက်သီးချက်က သူ့ကို တစ်စစီ လွင့်စင် သွားမလို ဖြစ်စေသည်။
"စိမ်းပြာဆူး ရတနာ ချပ်ဝတ်သာ မရှိခဲ့ဘူး ဆိုရင် ငါ အစစ်အမှန်
သိုင်းတောင်ပေါ်မှာ သေနှင့်နေလောက်ပြီ။ မြောက်ပိုင်းစောင့် မြို့ဘုရင် ခွေးမသား၊ စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ခွေးကောင်.."
သူက စိတ်ထဲမှ ထူပူအောင် ကျိန်ဆဲနေသော်လည်း အရှိန်ကို လုံးဝ မလျှော့ရဲပါ။
သွေးမီးတောက်နည်းစနစ်ကို အရူးအမူး အသက်သွင်းထားရသည်။ မြောက်ပိုင်းစောင့် မြို့ဘုရင်က သူ့နောက်သို့ လိုက်လာပြီး ဖမ်းဆီး ဖိနှိပ်မည်ကို အကြီးအကဲ ဝမ် သေမလောက် ကြောက်မိပါ၏။
သူ့ နှလုံးသားထဲမှ ကြောက်စိတ်ကြောင့် အနောက်သို့ပင် လည်ပြန် မလှည့်ကြည့်ဝံ့ခဲ့ပေ။
မြောက်ပိုင်းစောင့် မြို့ဘုရင်၏ အရှိန်အဝါကို လုံးဝ မတွေ့ရသော်ငြားလည်း၊ ထို လက်သီးချက်သည် အိပ်မက်ဆိုး တစ်ခုလိုပင်။ သူ့အပေါ်၌ အရိပ်မည်းကြီး တစ်ခု လွှမ်းမိုးထားလေသည်။
ပြောရလျှင် သူက ယခင်တစ်ခေါက် မိစ္ဆာအိုကြီး လင် လိုမျိုး သွေးမိစ္ဆာပန်း၏ စွမ်းအား အထောက်အပံ့ ရထားတာ မဟုတ်ချေ။ အခု သွေးမီးတောက်နည်းစနစ်ကို အသုံးပြုခြင်းသည် တစ်စက္ကန့်ချင်းစီတိုင်း၌ သူ၏ ကိုယ်ပိုင် အသက်အနှစ်သာရကို လောင်ကျွမ်းနေစေခြင်း ဖြစ်သည်။ သူ၏ မျက်နှာသည် သိသိသာသာ ဖြူဖျော့လာ၏။
ဘယ်လောက် အထိတောင် ပြေးလွှားခဲ့မိသည်မသိ။
မြောက်ပိုင်းစောင့် မြို့ဘုရင် တကယ်တမ်း လိုက်မလာတော့မှန်း သေချာသွားသည့် အခါမှသာ အကြီးအကဲ ဝမ်သည် သွေးမီးတောက် လျှို့ဝှက်နည်းစနစ်ကို ရပ်တန့်လိုက်တော့သည်။
ထိုအခိုက်အတန့်၌ သူသည် ပိန်လှီ ခြောက်သွေ့နေ၏။ မူလကတည်းက ပုသေးသေး အရပ်သည် အခု ပိုလို့တောင် ကျုံ့ဝင်သွားသလို ဖြစ်နေပြီး အဝေးမှ ကြည့်လိုက်လျှင် အရိုးစုလေး တစ်ခုနှယ် ထင်မှတ်ရသည်။
သူ၏ ကိုယ်ပိုင် အသက်အနှစ်သာရ တစ်ဝက်နီးပါးကို သူ လောင်ကျွမ်း ပစ်လိုက်ရသည်။
"ချီးပဲ... မြောက်ပိုင်းစောင့် မြို့ဘုရင် လိုက်မလာမှန်းသာ သိရင် ငါ အသက်သွေးတွေ ဒီလောက် အများကြီး လောင်ကျွမ်းခဲ့ပါဘူး.."
အကြီးအကဲ ဝမ်သည် သူ့ နှလုံးသားထဲမှ သွေးများ ယိုစီးကျနေသလို ခံစားလိုက်ရသည်။
အသက်အနှစ်သာရ ဆိုသည်မှာ ခန္ဓာကိုယ်၏ အစစ်မှန်ဆုံး အရာ ဖြစ်သည်။ တစ်ဝက်ထက် ပိုပြီး ဆုံးရှုံးသွားလျှင် အခြေခံအုတ်မြစ်ကို ထိခိုက်သွားနိုင်၏။ အခု အခြေအနေမှာပင် သူ့သက်တမ်းကို သိသိသာသာ တိုတောင်း သွားစေသည်။ သို့သော် အစောပိုင်းက ထိတ်လန့်တကြား အခြေအနေတွင်မူ လုံးဝ မရပ်တန့်ရဲခဲ့ပေ။
ယခုအခါ အကြီးအကဲ ဝမ်က တောင်တန်း တစ်ခုပေါ်သို့ ဆင်းသက်လိုက်ပြီး အမောတကော အသက် ရှူသွင်းလိုက်သည်။
ဒီတစ်ည အစစ်အမှန်သိုင်းတောင်ကို ဝင်စီးသည့် အဖြစ်ကို ပြန်တွေးကြည့်ရင်း တစ်ခုခု လွဲချော်နေသလို ခံစားမိသည်။ မူလက သူက မြောက်ပိုင်းစောင့် မြို့ဘုရင် ငါးမျှားနေသည်ဟု ထင်ခဲ့မိသည်။
သို့သော် နောက်ပိုင်းတွင် သူ သဘောပေါက်သွားသည်မှာ ဤသံတမန် အဖွဲ့ထဲ၌ သူ့သားတော်နှင့် မင်းသမီးလေး လီချင်းယွဲ့ ပါလာသည်ကို မြောက်ပိုင်းစောင့် မြို့ဘုရင် ကိုယ်တိုင်ပင် မသ်ိခဲ့ဟူ၍ပင်။
ဒါဆို.. ဒါက ငါ့ရဲ့ ကံဆိုးမှု သက်သက်ပဲ ဆိုသည့် သဘော မဟုတ်ဘူးလား။
ဒီအကြောင်းကို တွေးမိလေ အကြီးအကဲ ဝမ် ဒေါသထွက်ပြီး သွေးပင် အန်ချင်လာမိသည်။
ဒီလိုမှန်းသာ သိလျှင် က်အနည်းငယ် စောပြီး တိုက်ခိုက်ခဲ့ပါသည်။
အခုတော့ ဖြစ်ပြီးမှတော့ ဖြစ်ပြီးပြီပင်။
ဒေါသနှင့် မကျေနပ်မှုတို့ကို သူ ချိုးနှိမ်ထားရုံသာ တတ်နိုင်တော့သည်။ ဒဏ်ရာများကို တည်ငြိမ်အောင် ထိုင်လုပ်နေလိုက်ပြီး ဂိုဏ်းသို့ ပြန်ရောက်မှ နောက်ဆက်တွဲ လုပ်ရမည့် အရာများကို ဆွေးနွေးရန် စောင့်နေလိုက်သည်။
ကောင်းကင်ဘုံလူသား အဆင့် လေးယောက်လုံး ဆုံးရှုံးသွားရသည့် အတွေးက အကြီးအကဲ ဝမ်ကို ရူးမတတ် ဖြစ်သွားစေသည်။ ဒီ လပိုင်း အနည်းငယ် အတွင်း၌ မိစ္ဆာဂိုဏ်း၏ ဆုံးရှုံးမှုသည် အလွန်အမင်း ကြီးမားနေလေသည်။
ကောင်းကင်ဘုံ လူသား အဆင့် တစ်ယောက်ကို ပျိုးထောင်ရသည်မှာ မလွယ်ကူလှပါချေ။
အနားယူ၍ မကြာသေးခင်မှာပင် အကြီးအကဲ ဝမ်၏ နှလုံးသားထဲ၌ အချက်ပေးခေါင်းလောင်းသံ ထမြည်လာသည်။ သူက အလိုလိုပင် ကောင်းကင်ပေါ်သို့ ပျံတက် ရှောင်တိမ်းလိုက်မိ၏။
“ဝှစ်..”
ထက်ရှသော ဓားချီ တစ်ခုက သူ့ကို လျပ်တပြက် ခုတ်ပိုင်းလိုက်သည်။ သူ ထိုင်နေခဲ့သည့် သစ်ပင်ကြီးသည် တစ်ဝက်စီ ပြတ်ထွက်သွားပြီး တောင်တန်းတောအုပ်ထဲ၌ ကြောက်မက်ဖွယ် ဓားဒဏ်ရာကြီးတစ်ခု ချန်ထားခဲ့သည်။
"ဘယ်သူလဲ.."
အကြီးအကဲ ဝမ် ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။ တကယ်ကိုပဲ မြေပြန့်မှာ ကျဆုံးသွားသည့် ကျားပမာ ခွေးများက အနိုင်ကျင့်နေကြသည်။ ဘယ်သွားသွား ချောင်းမြောင်း တိုက်ခိုက် ခံနေရ၏။
[ တရုတ်စကားပုံ (虎落平陽被犬欺 (hǔ luò píngyáng bèi quǎn qī)
“ကျားတစ်ကောင်ဟာ မြေပြန့်ကို ကျသွားတဲ့အခါ ခွေးတွေရဲ့ အနိုင်ကျင့်တာကို ခံရတယ်"။
တန်ခိုးအာဏာကြီးမားတဲ့သူ၊ အလွန်စွမ်းဆောင်နိုင်တဲ့သူတစ်ယောက် (ကျား) ဟာ သူ့ရဲ့ ဩဇာအာဏာရှိတဲ့ နေရာ၊ သူ့ရဲ့ ပိုင်နက် (တောနက်) ကနေ ကျဆင်းသွားတဲ့အခါ၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် အင်အားချည့်နဲ့သွားတဲ့အခါ (မြေပြန့်ကို ရောက်သွားတဲ့အခါ) မှာ...
အရင်တုန်းက သူ့ကို မလှန်ရဲတဲ့၊ သူ့ထက် အများကြီး အဆင့်နိမ့်တဲ့သူတွေ (ခွေးတွေ) ကတောင် ဝိုင်းပြီး အနိုင်ကျင့်တာ၊ စော်ကားတာ၊ ထိပါးတိုက်ခိုက်တာမျိုးကို ခံရတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။]
သူသာ အမြဲတမ်း သတိရှိမနေခဲ့လျှင်၊ ဓားချီ ထုတ်လွှတ်လိုက်သည်နှင့် လှုပ်ခတ်မှုကို အာရုံ မခံမိခဲ့လျှင်၊ ထပ်ပြီး ဒဏ်ရာ ရသွားနိုင်သေးသည်။
ထိုအခိုက်အတန့်၌ နင်ချီသည် လေထဲကို ဖြတ်ကျော်၍ ခြေလှမ်းလာ၏။ ယခု သူက ဆံပင်ဖြူ တာအိုဆရာ တစ်ယောက် အသွင် ဖြစ်နေသည်။
အကြီးအကဲ ဝမ် ချက်ချင်း သဘောပေါက်သွားသည်။
"စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်.."
အကြီးအကဲ ဝမ်က အံကြိတ်လိုက်သည်။
မြောက်ပိုင်းစောင့် မြို့ဘုရင် လိုက်မလာဘဲ ဒီ အဘိုးကြီးက လိုက်လာသည်လား။
မယုံနိုင်စရာပင်။
နင်ချီက အေးစက်စွာ နှာမှုတ်လိုက်၏။
"မင်းရဲ့ တုံ့ပြန်မှုက တော်တော်လေး မြန်သားပဲ။"
သို့သော် နင်ချီ အံ့အားမသင့်မိပါ။ တကယ်လို့သာ ဒီလောက် လွယ်ကူနေလျှင် ပြိုင်ဘက်သည် အစစ်အမှန်သိုင်းတောင်ပေါ်မှာပင် သေနှင့်နေလောက်ပြီ ဖြစ်သည်။
အကြီးအကဲ ဝမ် အသက်အောင့်ထားလိုက်ပြီး ရောက်လာသူမှာ နင်ချီ တစ်ယောက်တည်းမှန်း သိလိုက်ရသည့်အခါ သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ နင်ချီ၏ ကောင်းကင်ဘုံဓားကိုတော့ သူ သတိထားနေရ၏။ အဲဒီ ဓားတစ်ချက်က သူ့ကို သတိထားသွားစေခဲ့သည်။ အခု သူ ဒဏ်ရာ ရနေသည့် အခြေအနေတွင် သူ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မည်။ ထွက်ပြေးဖို့ လမ်းတစ်ခုကို ရှာတွေ့မှ ဖြစ်မည်။
သို့ပေမဲ့ သူ့ကို အံ့အားသင့်သွားစေသည်မှာ သူ့ရှေ့မှ ကောင်းကင်ဘုံဓားသခင် ဆရာကြီးက ဓားချီ စုစည်းမည့် ပုံစံမျိုး မပြသခြင်းပင်။
နင်ချီသည် စွမ်းအင် ကျဆင်းနေသော အကြီးအကဲ ဝမ်ကို ကြည့်လိုက်ပြီး ဘာ အပိုစကားမှ မပြောတော့။
သူက ကိုယ်အတွင်းမှ အမြုတေတုနှင့် ဆက်သွယ်လိုက်ရာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားတို့ တဖြည်းဖြည်း စုစည်းလာသည်။
နင်ချီ ကောင်းကင်ယံသို့ ခြေလှမ်းလိုက်စဉ် အစစ်အမှန်နဂါးနှင့် နတ်ဘုရားလင်းယုန်တို့၏ ဟိန်းဟောက်သံများ ခပ်သဲ့သဲ့ ပဲ့တင်လာသည်။ မိုးကြိုး အလင်းတန်းများက သူ၏ အရေပြားပေါ်၌ တဖြည်းဖြည်း ပေါ်ထွက်လာ၏။
အကြီးအကဲ ဝမ်၏ မျက်လုံးများ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူ့ရှေ့မှ တာအိုဆရာသည် ပျောက်ကွယ်သွားသလိုပင်။ အစားထိုး ဝင်ရောက်လာသည်မှာ နတ်ဘုရား မိုးကြိုး ကျားကြီး တစ်ကောင် ဖြစ်သည်။ သူ့ကို အထိတ်လန့်ဆုံး ဖြစ်သွားစေသည်မှာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထိုသူ၏ အရွယ်အစားက လျင်မြန်စွာ ကြီးထွားလာခြင်း ဖြစ်သည်။
ခြေလှမ်း အနည်းငယ် အတွင်းမှာပင် သူ့ရှေ့မှ ဆံပင်ဖြူ တာအိုဆရာသည် ပေပေါင်းများစွာ မြင့်သော ဧရာမ လူကြီး တစ်ယောက် ဖြစ်သွားခဲ့ပြီ။ တာအိုဝတ်ရုံ အောက်မှ ကြွက်သားများက မိုးကြိုး အလင်းတန်းများဖြင့် တောက်ပနေ၏။ အားအင် ပြည့်ဝသော သက်စောင့်စွမ်းအားက အကြီးအကဲ ဝမ်ကို အသက်ရှူ မှားသွားစေသည်။
*စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် သေတော့မယ် ဆို ဒါက ဘာကြီးလဲ..*
နင်ချီက အသက်ရှူချိန် မပေးတော့။
သူ၏ ကိုယ်ဟန်သည် ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြိုခွင်းသွားသည်။ သူ၏ မိုးကြိုး လက်သီးချက်က တောင်ကြီး တစ်လုံးအလား ကျဆင်းလာ၏။
မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်၏ တန်ခိုး စွမ်းအားကို သူ စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်။ ဒီ လျှို့ဝှက်နည်းစနစ်ကို ဖန်တီးပြီး ကတည်းက တစ်ခါမှ မစမ်းသပ်ရသေး။ အခုက အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သူ သဘောပေါက်လိုက်သည်မှာ မျောက်ဘုရင် အစစ်အမှန် ခန္ဓာကိုယ်သည် မျောက်ဖြူ၏ သွေးကြောမှ အခြေခံလာခြင်းကြောင့် ဖြစ်နိုင်၏။ အမြုတေတုနှင့် ပိုပြီးတော့ လိုက်ဖက်ညီစွာ ပေါင်းစပ်နိုင်လေသည်။ ထုတ်လွှတ်လိုက်သည့် စွမ်းအားက သူ့ မျှော်လင့်ချက်ထက်ပင် ကျော်လွန်နေခဲ့သည်။
"ဘုန်း.."
အကြီးအကဲ ဝမ်၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ အဆိပ် လက်ဝါး တံဆိပ်သည် နင်ချီ၏ လက်သီးအားလှိုင်းကြောင့် ပေါက်ကွဲထွက် သွား၏။ မိုးကြိုး အလင်းတန်းများ ပွင့်ထွက်လာပြီး ဧရာမ လက်သီးကြီးက အကြီးအကဲ ဝမ်ကိုယ်အား အုပ်မိုး၍ ထုနှက် ပစ်လိုက်သည်။
တောင်တန်းတောအုပ်ထဲ၌ အကြီးအကဲ ဝမ်သည် ပေ တစ်ရာ ရှည်လျားသော ချောက်ကမ်းပါး တစ်ခုသို့ အရုပ်ကျိုးပြတ် ထိုးဆင်းသွားသည်။ မရေမတွက်နိုင်သော သစ်ပင် ကျောက်တုံးများကို တိုက်မိ ပျက်စီးသွားပြီး နောက်ဆုံးတွင် ချောက်ကမ်းပါးယံ၌ စိုက်ဝင် သွားလေသည်။
အကြီးအကဲ ဝမ် သွေးများ ဝေါ့ခနဲ အန်ထုတ်လိုက်ရပြီး သူ့အရိုးများ ကျိုးသွားသလို ခံစားလိုက်ရသည်။
နင်ချီက မျက်ခုံးပင့်ပြီး သုံးသပ်လိုက်၏။
“တော်တော်လေးတော့ ခံနိုင်ရည် ရှိသားပဲ”
အကြီးအကဲ ဝမ် ရုန်းကန်ပြီး ထွက်လာသည်။ ဧရာမ တာအိုဆရာကြီးကို ကြည့်ရင်း မျက်လုံးများ၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ထိုသူက လူပုံစံနှင့် ကြမ်းကြုတ်သားရဲ တစ်ကောင်နှယ်။
မိမိ၏ အကောင်းဆုံး အခြေအနေမှာပင် ယှဉ်နိုင်ဖို့ အခွင့်အရေး မရှိ။ ယခုလို တစ်ပိုင်း သေနေသည့် အခြေအနေတွင်မူ ပြောစရာတောင် မလိုတော့။
အကြီးအကဲဝမ်မှာ အတွေး တစ်ခုတည်းသာ ရှိသည်။
*ပြေး။ မြန်မြန် ပြေးရမယ်။*
အကြီးအကဲဝမ် အံကို ကြိတ်လိုက်ပြီး အသက်သွေးကို လောင်ကျွမ်းကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။
သို့သော် နင်ချီက သူ့ကို အဆင်သင့် စောင့်နေခဲ့လေပြီ။
“ဝေါင်း…”
ကျားဟိန်းသံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။
နင်ချီ ခြေထောက်ကို မြှောက်လိုက်ရာ ကောင်းကင်ဘုံ မိုးကြိုးတိုင်ကြီး တစ်ခုအလား အကြီးအကဲ ဝမ်၏ ကျောကုန်းပေါ်သို့ နင်းချ ပစ်လိုက်သည်။
တဂျိမ်းဂျိမ်း မြည်သံနှင့်အတူ အကြီးအကဲ ဝမ် မြေကြီးထဲသို့ စိုက်ဝင်သွားပြန်သည်။ ထပ်ပြီး ရုန်းကန် ထလာချိန်မှာတော့ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး အဝတ်အစားများလည်း စုတ်ပြဲနေလေပြီ။ အောက်မှ အပြာရောင် တောက်တောက် ရတနာ ချပ်ဝတ်က နင်ချီကို အံ့အားသင့်သွားစေသည်။
"မင်း ဘယ်လောက်ထိ ခံနိုင်ရည် ရှိမလဲ ငါ ကြည့်ချင်သေးတယ်။"
ဘယ်လောက်ပဲ သန်မာမာ ရတနာ ချပ်ဝတ်၌လည်း အကန့်အသတ် ရှိလေသည်။
နင်ချီက လျှပ်တပြက် ရောက်လာပြီး အကြီးအကဲဝမ်အား အရိပ်တစ်ခုလို ကပ်၍ လိုက်လေသည်။ နောက်ထပ် လက်သီး တစ်ချက်က အကြီးအကဲ ဝမ်၏ ခေါင်းကို ဦးတည်သွား၏။
ကံကောင်းစွာဖြင့် အကြီးအကဲ ဝမ် သတိ ကပ်ထားနိုင်သေးသည်။ သေစေနိုင်သည့် နေရာကို ရှောင်တိမ်းပြီး လက်သီးနှင့် ပြန်လည် ထိုးနှက်လိုက်၏။
မျှော်လင့်ထားသည့် အတိုင်းပင်၊ အကြီးအကဲ ဝမ် နောက်တစ်ခါ လွင့်စင်သွားပြန်ပြီး သွေးမြူခိုးများကို အန်ထုတ်လိုက်ရသည်။
တောင်တန်း တောအုပ်ထဲတွင် မြေကြီး တစ်ခုလုံး တုန်ခါနေသည်မှာ သားရဲဘုရင် နှစ်ကောင် တိုက်ခိုက်နေသလိုပင်။ တောင်တန်း နက်ထဲ၌ ပုန်းအောင်းနေသည့် ဆန်းပြားသားရဲ အချို့ကိုပင် ကြောက်လန့်တကြား နောက်ဆုတ် သွားစေ၏။
သူတို့ မသိလိုက်သည်မှာ ဒါဟာ တစ်ဖက်သတ် ဖိနှိပ်မှုသက်သက် ဆိုတာပါပဲ။
နင်ချီ၏ သာမန် လက်သီးချက်များက အကြီးအကဲ ဝမ်၏ မာန အားလုံးကို ရိုက်ချိုး ပစ်လိုက်သည်။ သူ့ကိုယ်မှ အရိုးများ အားလုံး ကျိုးကြေသွားခဲ့ရပြီ။
ပြင်းထန်သ
အသည်းအသန် ပြင်းထန်သော ဒဏ်ရာများ ရရှိသွား၏။ အချိန်မီသာ မကုသနိုင်လျှင် အသက်ရှင်
နိုင်တော့မည် မဟုတ်။ သူ့မှာ ခုခံနိုင်စွမ်း အားလုံး ဆုံးရှုံးသွားလေပြီ။
နင်ချီ၏ လက်ထဲ၌ အချုပ်နှောင် ခံထားရသော အကြီးအကဲ ဝမ်က ထိတ်လန့်တကြား တောင်းပန်လိုက်သည်။
"မလုပ်ပါနဲ့.. စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်.. ခင်ဗျား ကျွန်တော့်ကို သတ်လို့ မဖြစ်ဘူး.. ခင်ဗျားသာ ကျွန်တော့်ကို သတ်လိုက်ရင် မြင့်မြတ်တဲ့ ဂိုဏ်းတော်က အစွမ်းထက် ပုဂ္ဂိုလ်တွေ မရေမတွက်နိုင်အောင် လာပြီး တစ်နေ့နေ့မှာ အစစ်အမှန်သိုင်းတောင်ကို ပြာပုံ ဖြစ်အောင် လုပ်ပစ်လိမ့်မယ်.."
"ခင်ဗျား ကျွန်တော့်ကိုသာ လွှတ်ပေးလိုက်ပါ။ ကျွန်တော်တို့ ကြားက အငြိုးအတေးတွေ အားလုံး ဒီနေ့ကစပြီး ကျေပျက်သွားပြီလို့ သဘောထားလိုက်ပါ.."
ထိုအခါ နင်ချီက အကြီးအကဲ ဝမ်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
"မင်း တစ်ခုခု အထင်လွဲနေပြီလို့ ငါ ထင်တယ်။"
အကြီးအကဲ ဝမ် ကြောင်အ သွားသည်။
နင်ချီက သူ၏ လက်သီးကို ညင်သာစွာ ဆုပ်လိုက်ပြီး အားသုံးလိုက်၏။ သွေးမြူခိုးများ သူ၏ လက်သီးဆုပ်ထဲမှ ပျံ့နှံ့ ထွက်ပေါ်လာသည်။
သူက လက်ကို ဖွင့်လိုက်ပြီး အကြီးအကဲ ဝမ်၏ အလောင်းကို ကြည့်ကာ တိုးညှင်းစွာ ဆိုလိုက်သည်။
"မင်းကို သတ်လိုက်တဲ့ လူက မြောက်ပိုင်းစောင့် မြို့ဘုရင်ပဲ။”