အခန်း (၁၆-၂၀)
Vol. 2 Ch. 16-20
Chapter 16
"ယုဝမ်ကျီး....မင်း ပြောချင်တာတစ်ခုခု ရှိနေလို့လား"
ကျူးယွမ်က မေးမြန်းသည်။
"ဘိုးဘေး....ဂိုဏ်းချုပ်....ကျွန်တော်တို့ဆီမှာ ရွှမ်းဝူဘိုးဘေးနဲ့ ရင်ဆိုင်နိုင်တဲ့နည်းလမ်းမရှိမှတော့ ဘာလို့ တိုက်ပွဲကို မရှောင်ရှားတာလဲ"
ယုဝမ်ကျီးက မေးမြန်းလေ၏။
ထိုစကားကိုကြားချိန်တွင် ခန်းမအတွင်းရှိ အကြီးအကဲတချို့ထံမှနေ၍ ခနဲ့တဲ့တဲ့ရယ်မောသံများ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တိုက်ပွဲကို ရှောင်လွှဲရန်မဖြစ်နိုင်သည်အား သူတို့အားလုံး သိရှိပြီးဖြစ်သည်။ ဘိုးဘေးနှစ်ယောက်သည် နက်ရှိုင်းသောရန်ငြိုးများကို ဆယ်စုနှစ်များစွာကြာသည်အထိ သိမ်းဆည်းထားပြီး ယခုချိန်မှသာ တစ်ဦးချင်းယှဥ်ပြိုင်တိုက်ခိုက်ရန် သဘောတူညီချက်တွင် လက်မှတ်ထိုးခဲ့ကြသည်။
ဤသဘောတူညီချက်ကို သူတို့၏အသက်များနှင့်ကျိန်ဆိုခဲ့ကြခြင်းဖြစ်ပြီး သက်သေအဖြစ် မိုးကောင်းကင်တာအိုရှိနေသည်။
အကယ်၍ သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် တိုက်ပွဲကို ရှောင်လွှဲပါက မိုးကောင်းကင်တာအို၏ပြစ်ဒဏ်ခတ်ခြင်းကို ရှောင်ကြဥ်ရပေမည်။
ထို့ပြင် အကယ်၍ ချင်ရှန်းဘိုးဘေးသည် နောက်သို့ဆုတ်လိုက်ပါက ချင်ရှန်းဂိုဏ်း၏ရှုံးနိမ့်မှုကို ခြွင်းချက်မရှိ ဝန်ခံလိုက်ခြင်းနှင့် အတူတူပင်။
"ထားလိုက်တော့...ငါ မင်းတို့အားလုံးကို ဘာမှအားကိုးလို့မရဘူး"
ထိုအချိန်မှာပင် ချင်ရှန်းဘိုးဘေးက အော်ဟစ်လိုက်၏။ သူ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်းတွင်မူ တခြားသူများထက်ပို၍ စိတ်လက်ပေါ့ပါးနေသည်။
အကြောင်းအရင်းမှာ သူသည် အစောပိုင်းကပင် နည်းဗျုဟာတစ်ခုကို စဥ်းစားပြီးလေပြီ။
အကယ်၍ သူသည် တောင်အောက်သို့ဆင်းပြီး စီနီယာရီဖုန်းထံမှ မီးဖိုချောင်သုံးဓားကို ငှားနိုင်ပါက ဤတိုက်ပွဲအတွက် စိုးရိမ်ပူပန်နေရန် လိုအပ်မည်မဟုတ်ချေ။
"မင်းတို့အားလုံး ထွက်သွားလို့ရပြီ"
ချင်ရှန်းဘိုးဘေးက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘိုးဘေး....."
"ဘိုးဘေး...ဒါက ဘာကိုဆိုလိုတာလဲ"
ဘိုးဘေးသည် သူ၏အစီအစဥ်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ လူများအားလုံးကို ထွက်သွားခိုင်းနေသည်။ ဖြစ်နိုင်သည်မှာ ဘိုးဘေးသည် ဤတိုက်ပွဲအား သူ မယှဥ်ပြိုင်နိုင်သည်ကို သိရှိသဖြင့် သူ၏မျှော်လင့်ချက်များကို လက်လျှော့တော့မည်လော။
အကယ်၍ ထိုသို့ဖြစ်လာပါက ချင်ရှန်းဂိုဏ်းသည်......
ခန်းမအတွင်းရှိလူများ၏မျက်နှာများပေါ်၌ အံ့အားသင့်တုန်လှုပ်မှု စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နှက်နေသည်။
"ငါ့မှာ နည်းဗျူဟာတစ်ခု ရှိပြီးသားပါ"
ထိုမြင်ကွင်းကိုကြည့်ပြီး ချင်ရှန်းဘိုးဘေးသည် ဤှလူများ ရုတ်ရုတ်သဲသဲမဖြစ်ပွားအောင် ကာကွယ်နိုင်ရန်အတွက် သူ အာမခံချက်ပေးရန်လိုအပ်ကြောင်း သိရှိသဖြင့် သူက ပြောဆိုလိုက်၏။
"ငါ ဓားတစ်လက်သွားငှားရမယ်...ငါ အဲ့ဒီဓားကို ငှားနိုင်သရွေ့...ရွှမ်းဝူ....ဟမ့်...အဲ့ဒီကောင်ကို ဘာမှဂရုစိုက်နေစရာ မလိုတော့ဘူး...."
"ဓားတစ်လက်လား"
"ဘာဓားလဲ"
ထိုစကားကိုကြားချိန်တွင် လူတိုင်း ဇဝေဇဝါဖြစ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ရွှမ်းဝူဘိုးဘေးနှင့်ချင်ရှန်းဘိုးဘေးတို့သည် တူညီသောကျင့်ကြံဆင့်နယ်ပယ်တွင်ရှိသော်လည်း ဆယ်နှစ်ကျော်ကြာကျင့်ကြံခြင်းကွာဟချက်ရှိသည်။ လက်နက်ကောင်းတစ်ခုသည် တစ်စုံတစ်ယောက်၏ခွန်အားကို မြှင့်တင်ပေးနိုင်သော်လည်း ဆယ်နှစ်ကျော်ကြာကျင့်ကြံခြင်း သည် အထူးသဖြင့် ဤသိုင်းဘုရင်နယ်ပယ်မျိုးတွင် သာမာန်ဓားတစ်လက်ဖြင့် ဖြည့်ဆည်းပေးနိုင်သည့်အရာမျိုးမဟုတ်ချေ။
"ငါ အဲ့ဒီဓားကို အောင်အောင်မြင်မြင် ငှားနိုင်ပြီးတော့ ပြန်ယူလာပြီး မင်းတို့ကိုပြတဲ့ချိန်ကျရင် မင်းတို့အားလုံး သိလိမ့်မယ်"
ချင်ရှန်းဘိုးဘေးက စိတ်မရှည်စွာ ပြောဆိုသည်။ အကယ်၍ ဤအချိန်တွင် ဂိုဏ်းဝင်များအားလုံးကို တည်ငြိမ်အောင်လုပ်ရန် လိုအပ်ခြင်းသာမရှိပါက သူသည် ဤအဆင့်ဓားတစ်လက်ကို ပြောင်ပြောင်တင်းတင်း ယူလာပြမည်မဟုတ်ချေ။
လူတိုင်းထံတွင် ဇဝေဇဝါဖြစ်မှုများ စိတ်မအေးခြင်းများနှင့် ပြည့်နှက်နေဆဲဖြစ်သော်လည်း သူတို့က နာခံရို့ကျိုးစွာဖြင့် ထွက်ခွာသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ချင်ရှန်းဘိုးဘေး ပြောဆိုခဲ့သောဓားကိုလည်း စောင့်မျှော်နေကြသည်။
"ကျူးယွမ်...ငါနဲ့ခဏလိုက်ခဲ့အုံး"
သို့ရာတွင် ချင်ရှန်းဘိုးဘေးသည် ဂိုဏ်းချုပ်ကျူးယွမ်ကို သူနှင့်အတူလိုက်ရန် ခေါ်ထားလေသည်။ မည်သို့ပင်ဆိုစေကာမူ ကျူးယွမ်၏အဆင့်အတန်းသည် တခြားသူများနှင့် ကွဲပြားခြားနားသည်။ တောင်အောက်တွင်ရှိနေသော စီနီယာ၏တည်ရှိမှုကို ဂိုဏ်းချုပ်ကျူးယွမ် သိရှိရန်လိုအပ်သည်ဟု သူ ခံစားမိသည်။
အကယ်၍ ဂိုဏ်းမှနောက်လိုက်များသည် သတိမမူမိဘဲ ထိုစီနီယာကို ရန်စစော်ကားမိပါက နောက်ဆက်တွဲဆိုးကျိုးများကို သူ တောင့်ခံနိုင်မည်မဟုတ်ချေ။
သူတို့နှစ်ယောက်သည် သိုင်းပညာခန်းမနှင့် မနီးမဝေးအကွာအဝေးတွင်ရှိသော ပင်ကျင်းမြို့၏လမ်းတစ်လမ်းထံသို့ အလျှင်အမြန်ရောက်ရှိလာသည်။ ချင်ရှန်းဘိုးဘေးသည် သူ၏အရှိန်အဝါကိုဖုံးကွယ်ကာ လျှောက်လှမ်းလိုက်၏။
"ဦးလေးဆရာ....ဒါက ဘာလို့လဲ"
နှစ်ကိုယ်ကြားစကားပြောချိန်တွင် ချင်ရှန်းဘိုးဘေး၏တူတပည့်ဖြစ်သော ကျူးယွမ်က ဇဝေဇဝါဖြစ်စွာဖြင့် သူ၏ဦးလေးကိုကြည့်ကာ မေးမြန်းသည်။
"ဘာလို့ ကျွန်တော်တို့က တိုက်ရိုက်ပျံသန်းမသွားတာလဲ"
"ဟမ့်...မင်း ဘာနားလည်လို့လဲ"
ချင်ရှန်းဘိုးဘေးက သတိပေးသည့်အနေဖြင့်
"မင်းရဲ့အရှိန်အဝါကို ချက်ချင်းဖုံးကွယ်လိုက်စမ်း...နောက်ပိုင်းကျရင် ငါ့ရဲ့အချက်ပြမှုကိုကြည့်ပြီး မင်း လုပ်ဆောင်ရမယ်"
ကျူးယွမ်သည် ဇဝေဇဝါဖြစ်နေသော်လည်း သူ၏အရှိန်အဝါကိုဖုံးကွယ်ကာ ထပ်မံ၍ မေးမြန်းလိုက်သည်။
"ဦးလေးဆရာ....ဒီပင်ကျင်းမြို့ငယ်လေးမှာ ဦးလေးဆရာလိုအပ်တဲ့ဓားက ရှိနေလို့လား"
"ရေတွင်းအောက်ခြေက ဖားတစ်ကောင်ပဲ"
ချင်ရှန်းဘိုးဘေးက အော်ငေါက်လိုက်ကာ ဤအချိန်အခိုက်အတန့်တွင် သူ ကျူးယွမ်ကို များစွာရှင်းပြနေရန် စိတ်မဝင်စားချေ။ သူ၏စိတ်သည် ရီဖုန်းကိုတွေ့ရန်သာ လုံးလုံးလျားလျား အာရုံစူးစိုက်နေသည်။
သူတို့နှစ်ယောက် သိုင်းပညာခန်းမသို့ရောက်ရှိသွားချိန်တွင် ဝင်ပေါက်ရှိ နောက်မှီကုလားထိုင်ပေါ်တွင်လဲလျောင်းနေသော ရီဖုန်းကို တွေ့မြင်မိသည်။
"ဒီနေရာပဲ"
ချင်ရှန်းဘိုးဘေးက သူ၏ကျောရိုးကိုမတ်မတ်ထားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"ဦးလေးဆရာ...ယိုယွင်းပျက်စီးနေတဲ့ သိုင်းပညာခန်းမငယ်လေး မဟုတ်ဘူးလား"
ကျူးယွမ်သည် သာမာန်ကာလျှံကာတစ်ချက်ကြည့်ပြီးနောက် ထပ်မံ၍ကြည့်ရှုခြင်းပင်မပြုဘဲ သူက ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးမြန်းလေသည်။
"ဦးလေးဆရာက ချင်ရှန်းဂိုဏ်းရဲ့မြင့်မြတ်တဲ့ဘိုးဘေးပဲ....ဘာလို့ ဒီလိုမျိုးတွေ လုပ်နေတာလဲ"
"ပါးစပ်ပိတ်ထားစမ်း"
"နောက်ပိုင်းကျရင် ဒီကိစ္စတွေကို မင်း ကွဲကွဲပြားပြား သိသွားလိမ့်မယ်...ဒီနေရာမှာ ကျင့်ကြံခြင်းနဲ့ပတ်သတ်တဲ့ ဘာတစ်ခုကိုမှမပြောနဲ့"
ချင်ရှန်းဘိုးဘေးက ဒေါသတကြီး အော်ငေါက်လိုက်သည်။
ကျူးယွမ်သည် မည်သည့်စကားကိုမျှ ထပ်မံ၍မပြောဆိုဝံ့တော့ချေ။
"ဟား ဟား ဟား...ဆရာရီ"
ချင်ရှန်းဘိုးဘေးသည် အပြုံးမျက်နှာကိုဆင်မြန်းကာ အော်ခေါ်လိုက်၏။
အပေါက်ဝ၌လဲလျောင်းနေသောရီဖုန်းသည် သူ၏မျက်နှာပေါ်၌ ဖုံးအုပ်ထားသော ယပ်တောင်ကိုဖယ်ကာ မော့ကြည့်လိုက်သည်။ ထို့နောက် သူက ထထိုင်ပြီး ရယ်မောရင်းပြောဆိုသည်။
"ဒါဆိုရင် မင်း ထပ်ရောက်လာတာလား"
"ဟုတ်ကဲ့...ငါ ထပ်ပြီးလာလည်တာပါ"
ချင်ရှန်းဘိုးဘေးသည် ကြက်အစာကောက်သည့်အလား သူ၏ခေါင်းကိုညိတ်နေကာ သူ၏မျက်နှာပေါ်၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
နံဘေးတွင်ရှိနေသော ကျူးယွမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
သူ မည်သည့်အရာကို တွေ့မြင်လိုက်ရသနည်း....
သာမာန်အားဖြင့် ချင်ရှန်းဂိုဏ်းအတွင်းတွင် အလွန်မောက်မာသောဘိုးဘေးသည် ယခုချိန်တွင် သာမာန်လူတစ်ယောက်၏ရှေ့၌ ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ပြုမူနေသလော.....
မည်သည်ကြောင့်နည်း....
သူ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့်ပင် ထိုသာမာန်လူကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်မဟုတ်လော.....
Chapter 17
သို့ရာတွင် ကျူးယွမ်သည် စိတ်အတွင်း၌ သံသယများစွာရှိနေသည့်တိုင် စကားများများ မပြောဆိုဝံ့ချေ။
"ဆရာရီ...ဒါက ငါ့ရဲ့....."
ချင်ရှန်းဘိုးဘေးသည် နံဘေးသို့ အနည်းငယ်တိမ်းစောင်းကာ ကျုးယွမ်ကို ရီဖုန်းနှင့်မိတ်ဆက်ပေးရန် ဟန်ပြင်လိုက်၏။
ရီဖုန်းက သူ၏လက်ကိုဝှေ့ယမ်းကာ ကြားဖြတ်ပြောဆိုသည်။
"ငါ သိတယ်...သူက မင်းရဲ့တူ...ဟုတ်တယ်မလား"
"စီနီယာကတော့ မျှော်လင့်ထားသလိုပဲ"
ချင်ရှန်းဘိုးဘေး၏မျက်နှာပေါ်၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူ၏အတွေးများသည် လွန်ကဲနေပေ၏။ စီနီယာ၏မိုးထိမြင့်သောစွမ်းရည်ဖြင့် ကျူးယွမ်၏သရုပ်ကို ခွဲခြားသိမြင်နိုင်ရန် အကြည့်တစ်ချက်သာ လိုအပ်ပေမည်။
ရီဖုန်းက ပြုံးလိုက်သည်။ ဤသည်က ရေးကြီးခွင်ကျယ် ကိစ္စတစ်ရပ်မဟုတ်ချေ။
အဖိုးအိုချင်ရှန်းနှင့်လူလတ်ပိုင်းကျူးယွမ်တို့အကြားတွင် နီးကပ်သောဆက်ဆံရေးရှိနေသည်။ ကျူးယွမ်သည် ချင်ရှန်းကို ရိုသေလေးစားစွာ ဆက်ဆံနေသဖြင့် သူတို့ကိုကြည့်ရသည်မှာ တူအရီးနှစ်ယောက်နှင့် တူညီနေပေ၏။
"ဒါပေမယ့် မင်းတို့ရောက်လာတာ အချိန်ကောင်းပဲ...ငါ့ဆီမှာ ဝိုင်အရက်ကုန်နေတယ်...မင်းမှာ ပါလာလား"
ရီဖုန်းက ပွင့်ပွင့်လင်းလင်းဖြင့် ဝိုင်အရက်ကို တိုက်ရိုက်တောင်းဆိုလိုက်သည်။ ဖန်းယင်ဆိုသောမိန်းကလေးကို ရီဖုန်း လွယ်လင့်တကူမေ့ဖျောက်ရန် မဖြစ်နိုင်လေရာ အိမ်တွင်ကျန်ရှိနေသော ဝိုင်အရက်များအားလုံး ကုန်ဆုံးသွားလေပြီ။
"ဟုတ်ကဲ့...ဟုတ်ကဲ့...ဟုတ်ကဲ့"
ချင်ရှန်းဘိုးဘေးက အလျင်စလို တုံ့ပြန်ပြောဆိုသည်။ သို့ရာတွင် သူ ခေါင်းညိတ်ပြပြီးနောက် သူ အလွန်အလျင်လိုစွာ ထွက်ခွာလာခဲ့သဖြင့် ဝိုင်ယူရန်မေ့လျော့သွားသည်ကို ပြန်အမှတ်ရသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏နောက်တွင် ကျူးယွမ်ရှိနေသဖြင့် သူက ကျူးယွမ်ကို ကြည့်လိုက်၏။
"ဦးလေး...."
ကျူးယွမ်သည် မကောင်းသော အတိတ်နိမိတ်များ ရနေလေပြီ။
"မင်းရဲ့ ရှန့်ကောတန်ကို ထုတ်ပေးစမ်း"
ချင်ရှန်းဘိုးဘေးက သူ၏လက်ဝါးကိုဖြန့်ကာ ပြောဆိုသည်။
အမ်...
ကျူးယွမ်၏မျက်နှာ သုန်မှုန်သွားကာ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားသည်။ သူ၏ရှန့်ကောတန်ကို တစ်နှစ်တွင် သုံးပုလင်းသာချက်လုပ်နိုင်ပြီး သူ့အတွက် အဖိုးမဖြတ်နိုင်သောရတနာတစ်ပါးပင်။ သာမာန်အားဖြင့် သူသည် မည်သူကိုမျှပင် သောက်ခွင့်မပြုခဲ့သော်လည်း ယခုချိန်တွင် သာမာန်လူတစ်ယောက်အတွက်ထုတ်ပေးရန် တောင်းဆိုခြင်းခံနေရသည်။
"မြန်မြန်ပေးစမ်း"
ကျူးယွမ် တွန့်ဆုတ်နေသည်ကိုကြည့်ပြီး ချင်ရှန်းဘိုးဘေးသည် ဒေါသထွက်လာကာ ကျူးယွင်ကိုခေါင်းခေါက်ရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။
"ဦးလေး...အနည်းဆုံးတော့ ငါ့ကို မျက်နှာသာနည်းနည်းတော့ ပေးသင့်တယ်မဟုတ်လား"
ကျူးယွမ်က သူ၏လက်ဖြင့် ခေါင်းကိုပွတ်၍ မကျေမနပ်ဖြင့် ညည်းတွားလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ချင်ရှန်းဂိုဏ်းရဲ့ဂိုဏ်းချုပ်တစ်ယောက်လေ...တကယ်လို့ တစ်ယောက်ယောက်က ဒါကိုမြင်သွားရင် ငါ့ရဲ့နာမည်ဂုဏ်သတင်းကို ဘယ်နေရာမှာသွားထားရမလဲ"
"အသေးအမွှားဂိုဏ်းလေးတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဘာတွေများအရေးပါနေလို့လဲ...မင်းကိုယ်မင်း အရမ်းအထင်ကြီးမနေနဲ့"
ချင်ရှန်းဘိုးဘေးက ဆူပူကြိမ်းမောင်းလိုက်သည်။
"ငါ မင်းကို သတိပေးထားမယ်...ဒီနေရာမှာ တကယ်လို့ မင်းက နဂါးတစ်ကောင်ဖြစ်နေရင်တောင် မင်း ရို့ရို့ကျိုးကျိုးနေရမယ်"
ထိုစကားဆုံးသည်နှင့် သူက ကျူးယွမ်၏ခေါင်းကို ထပ်ခေါက်လိုက်သည်။
ကျူးယွမ်သည် နောက်သို့ဆုတ်ကာ ချင်ရှန်းဘိုးဘေးကို မကျေမနပ်ကြည့်လေသည်။
"အခုထိ ဝိုင်အရက်ကို ထုတ်မပေးသေးဘူးလား"
ချင်ရှန်းဘိုးဘေးက အော်ငေါက်လိုက်သည်။
ချင်ရှန်းဘိုးဘေး၏ အကြပ်ကိုင်မှုအောက်တွင် ကျုးယွမ်သည် တွန့်ဆုတ်စွာဖြင့် ရှန့်ကောတန်ကိုထုတ်ပေးလိုက်ကာ သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲခြင်းများနှင့် ပြည့်နှက်နေသည်။
"မင်း တွန့်တိုနေတဲ့ပုံကိုကြည့်ရတာ မိန်းမကြီးတစ်ယောက် အော်ငိုနေသလိုပဲ...ဒီနေ့ မင်း ဒီဝိုင်ကိုထုတ်ပေးနိုင်တာ မင်းအတွက် ဂုဏ်ယူစရာပဲ"
ချင်ရှန်းဘိုးဘေးက အသံနက်ကြီးဖြင့် ဆူပူကြိမ်းမောင်းကာ ရှန့်ကောတန်ကို ဆွဲလုလိုက်သည်။
ထို့နောက် သူ၏မျက်နှာအမူအယာပြောင်းလဲသွားကာ အပြုံးနှင့်ပြောဆိုသည်။
"ဆရာရီ....ဒီဝိုင်အရက်က သာမာန်ပါပဲ...မင်း အရသာတွေ့မတွေ့ ငါ သိချင်မိတယ်....ကျေးဇူးပြုပြီးတော့ မြည်းကြည့်ပါအုံး"
ရီဖုန်းက ပြုံးလိုက်သည်။ သူသည် အလွန်ဟန်လုပ်တတ်သူတစ်ယောက်မဟုတ်သဖြင့် ဝိုင်အရက်ကို တစ်ငုံသောက်ကာ ပြောဆိုသည်။
"ဒါက ဝိုင်ကောင်းတစ်ခုပဲ...ဒါပေမယ့် အရသာနည်းနည်းပေါ့တယ်"
ချင်ရှန်းဘိုးဘေးသည် ကြက်အစာကောက်သည့်အလား ခေါင်းတညိတ်ညိတ်လုပ်နေဆဲပင်။
သို့ရာတွင် နံဘေးတွင်ရှိနေသော ကျူးယွမ်ကမူ ပြိုလဲကျလုနီးပါးပင်။
ဤသာမာန်သည် အလွန်မောက်မာပေ၏။
တစ်ခုသိထားရမည်မှာ သူ၏ရှန့်ကောတန်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။ ချင်ရှန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော သူပင်လျှင် တစ်နှစ်တွင် ဝိုင်အရက်သုံးပုလင်းကိုသာ ချက်နိုင်သည်။ သို့ရာတွင် ဤသောက်ချေးသာမာန်လူသည် သူ၏ရှန့်ကောတန်ကို အရသာပေါ့သည်ဟု အမှန်တကယ်ပြောဆိုခဲ့သလော။
ချင်ရှန်းဘိုးဘေးသည် ဤသာမာန်လူအပေါ် မည်သည်ကြောင့် အလွန်ယဥ်ကျေးစွာ ဆက်ဆံနေသည်ကို သူ နားမလည်နိုင်ချေ။
အကယ်၍ ချင်ရှန်းဘိုးဘေးသာ ဤနေရာတွင်ရှိမနေပါက သူသည် ယခုလောက်ထိ သည်းခံနေမည်မဟုတ်ချေ။ သူ၏အဆင့်အတန်းနှင့် ဤသာမာန်လူကို အသားပြားဖြစ်အောင် ရိုက်နှက်ပြီးသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။
သို့ရာတွင် ဤနေရာတွင် ချင်ရှန်းဘိုးဘေးရှိနေသဖြင့် သူ၏ဒေါသများကို မျိုသိပ်ထားရသည်။
"တပည့်...ခွေးခြေနှစ်ခုံလောက် ယူခဲ့စမ်း"
ရီဖုန်းက အော်ဟစ်လိုက်သည်။
ကျုံးချင်က ခွေးခြေခုံနှစ်လုံးကို အလျှင်အမြန်ယူဆောင်လာသည်။
"ဟား ဟား ဟား...မိုးကုပ်စက်ဝိုင်းပေါ်က နေဝင်တာကိုကြည့်ပြီးတော့ ညနေဆည်းဆာရဲ့အလှနဲ့ ဝိုင်အရက်တစ်ခွက်ကို သောက်သုံးတာက ဘဝမှာပျော်ပျော်ရွှင်ရွှင်နေဖို့အတွက် သိပ်မဆိုးတဲ့နည်းလမ်းပဲ"
ရီဖုန်းက ရယ်မော၍ ပြောဆိုသည်။
"ဟုတ်ကဲ့"
ချင်ရှန်းဘိုးဘေးသည် ရီဖုန်း၏နံဘေးရှိ ခွေးခြေခုံပေါ်၌ထိုင်ကာ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်၏။ ညနေဆည်းဆာသည် သူ၏မျက်လုံးအတွင်း၌ လှပနေသော်လည်း စီနီယာ၏စိတ်ကူးကို သူ နားမလည်နိုင်သဖြင့် ရှက်ရွံနေမိသည်။
ဟမ့်...
ကျူးယွမ်က သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ နှာတစ်ချက်မှုတ်လိုက်သည်။
အကယ်၍ ချင်ရှန်းဘိုးဘေးသာ ရှိမနေပါက ဤသာမာန်လူသည် အကြိမ်ပေါင်းထောင်သောင်းမက သေဆုံးပြီးဖြစ်ပေမည်။ ချင်ရှန်းဘိုးဘေးနှင့်ဂိုဏ်းချုပ်တို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်သည့်တိုင် သူတို့ကို အိမ်အတွင်းသို့ဖိတ်ခေါ်၍ သင့်တင့်လျောက်ပတ်စွာ ဧည့်ခံရမည့်အစား ဤသာမာန်လူသည် နဲ့တဲ့တဲ့ခွေးခြေခုံနှစ်လုံးကိုထုတ်ပေး၍ တံခါးဝတွင် ထိုင်ခိုင်းသည့် သတ္တိမျိုးရှိနေပေ၏။
မည်သူတို့ကို သူ အထင်သေးနေသနည်း...
သို့ရာတွင် ကျူးယွမ်သည် ချင်ရှန်းဘိုးဘေးကြောင့် မလှုပ်ရှားဝံ့သဖြင့် သူသည် မည်သည့်စကားမျှမဆိုဘဲ နေရာတွင်သာ မတ်တတ်ရပ်နေခဲ့သည်။
သူ ဖျတ်ခနဲကြည့်လိုက်မိချိန်တွင်...
သူသည် ရီဖုန်း ခင်းကျင်းထားသော သိုင်းပညာစာအုပ်များထံသို့ အကြည့်ရောက်သွားကာ လှန်လှောကြည့်ရန်အတွက် သူ၏လက်ကို အမှတ်တမဲ့ ဆန့်တန်းလိုက်သည်။
Chapter 18
"ရပ်လိုက်စမ်း"
ချင်ရှန်းဘိုးဘေးသည် ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်းရှေ့သို့တိုးကာ ကျူးယွင်၏လက်ဖဝါးကို ဖမ်းဆုပ်လိုက်သည်။
သူ ချင်ရှန်းဘိုးဘေးသည် ထိုသိုင်းပညာလမ်းညွှန်စာအုပ်များသည် မည်သည့်အရာများဖြစ်သည်ကို ကောင်းစွာသိရှိထားပေ၏။ ထိုအရာများအတွင်းတွင် အကန့်အသတ်မရှိသော သိုင်းပညာစိတ်ဆန္ဒများပါဝင်နေကာ အံ့အားသင့်ဖွယ်ကောင်းသောရတနာများထက် တန်ဖိုးလျော့နည်းခြင်းမရှိချေ။
ရီဖုန်းသည် ထိုအရာများကို သာမာန်ကာလျှံကာ ခင်းကျင်းထားသော်လည်း မဆင်မခြင်ကိုင်တွယ်၍ရသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ ဤကဲ့သို့ရတနာများသည် သူ၏မျက်လုံးရှေ့၌ ရှိနေသည့်တိုင် ချင်ရှန်းဘိုးဘေးသည် လောဘအရိပ်အယောင်များကို မပြသဝံ့ချေ။ သို့ရာတွင် ဤအဆင်အခြင်မဲ့သော ကျူးယွမ်သည် ပြဿနာရှာဖွေရန်အတွက် ရှေ့သို့တိုးသွားခဲ့သည်။ သူ သေလမ်းကို ရှာဖွေနေသလော။
အကယ်၍ သူတို့သည် စီနီယာကို စိတ်မကျေမနပ်ဖြစ်စေပါက နောက်ဆက်တွဲအကျိုးဆက်များကို သူ စိတ်ကူးယဥ်တွေးတောကြည့်၍ပင် မရချေ။
"တခြားသူတွေရဲ့ပစ္စည်းတွေကို ခွင့်ပြုချက်မရှိဘဲထိတွေ့ဖို့ မင်းကို ဘယ်သူက ခွင့်ပြုထားလို့လဲ"
ချင်ရှန်းဘိုးဘေးက ဆူပူကြိမ်းမောင်းလိုက်သည်။
ကျုးယွမ်၏မျက်နှာပေါ်၌ ခါးသီးသောခံစားချက်များနှင့် ပြည့်နှက်သွားသည်။ ချင်ရှန်းဂိုဏ်း၏ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော သူအနေဖြင့် သာမာန်သေမျိုးတစ်ယောက်၏စာအုပ်တချို့ကို လှန်လှောကြည့်သည်မှာ မည်သည့်ကိစ္စကြီးတစ်ခုဖြစ်သနည်း။ သူ့ဦးလေး၏တုံ့ပြန်မှု လွန်ကဲနေသည်မှာ သိသာထင်ရှားလှ၏။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
အဖိုးအိုချင်ရှန်းထံတွင် အလွန်ကောင်းမွန်သော အကျင့်စရိုက်ရှိသည်။ ထို့ကြောင့် ရီဖုန်းက ကိစ္စများ အဆင်ပြေချောမွေ့သွားစေရန် အလျင်စလိုပြောဆိုလိုက်သည်။
"အဲ့ဒါတွေက အသေးအဖွဲစာအုပ်လေးတွေပါ...လွတ်လွတ်လပ်လပ် ကြည့်လို့ရတယ်..ဘာပြဿနာမှမရှိဘူး"
ထိုအချိန်ကျမှသာ ချင်ရှန်းဘိုးဘေးသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ ကျူးယွမ်၏လက်ကို လွှက်ပေးလိုက်၏။
ကျူးယွမ်သည် သိုင်းပညာလမ်းညွှန်စာအုပ်များအနက်မှ တစ်အုပ်ကိုကောက်ယူ၍ သာမာန်ကာလျှံကာ လှန်လှောကြည့်လိုက်သည်။
သူ ထိုစာအုပ်ကိုဖွင့်လိုက်သော အချိန်အခိုက်အတန့်တွင်
"ကင်းကောင်လက်သီး"
ဟူသော စာလုံးကြီးများသည် အကန့်အသတ်မရှိသော သိုင်းပညာစိတ်ဆန္ဒများနှင့်ရောယှက်၍ ရုတ်တရက် ကျူးယွမ်၏မျက်လုံးရှေ့၌ ကြီးမားကျယ်ပြန့်သွားသည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်သော မှော်သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းသွားကာ ကျူးယွမ်ထံ ခုန်အုပ်လိုက်၏။
"ဘာလဲဟ"
ကျူးယွမ်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကာ သူ၏မျက်စိသူငယ်အိမ်များ ပေါက်ထွက်လုမတတ်ပင်။ သူသည် ခုခံကာကွယ်နိုင်ရန်အတွက် သူ၏ကျင့်ကြံမှုစွမ်းအားများကို အလျှင်အမြန်လှည့်ပတ်လိုက်သော်လည်း ထိုအရာကို အနည်းငယ်မျှပင် ပိတ်ဆို့ဟန့်တားနိုင်ခြင်းမရှိချေ။ လျှို့ဝှက်ဆန်းကြယ်သောလက်သီးချက်များသည် လွှမ်းမိုးချုပ်ကိုင်နိုင်သောအားလှိုင်းနှင့်ရောယှက်၍ သူ့ထံသို့ တရစပ်ကျရောက်လာသည်။
အီး...
ကျူးယွမ်သည် ခပ်အုပ်အုပ်ညည်းတွားကာ သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လုမတတ်ဖြစ်နေပြီး သူ၏မျက်နှာသည် လူသေတစ်ယောက်အလား ဖြူရော်နေပေ၏။
"ဟူး...ဟူး...ဟူး..."
ကျူးယွမ်သည် ပြင်းပြင်းထန်ထန် အသက်ရှုရှိုက်ကာ သူ၏နဖူးပြင်ပေါ်၌ အေးစက်စက်ချွေးစေးများ ရွှဲနစ်နေသည်။ ထိတ်လန့်ကြောက်ရွံမှုများပြည့်နှက်နေသောမျက်နှာနှင့် သူက ချင်ရှန်းဘိုးဘေးထံ ကြည့်လိုက်သည်။
ချင်ရှန်းဘိုးဘေး၏မျက်နှာအမူအယာသည် အလွန်အမင်း တည်ကြည်လေးနက်နေပေ၏။ သူ၏ခံစားချက်သည်လည်း ကောင်းမွန်ပုံမရချေ။
အစောပိုင်းက ကျူးယွမ်သည် သိုင်းပညာလမ်းညွှန်စာအုပ်ကို လှန်လှောဖွင့်ကြည့်မိချိန်တွင် သူသည်လည်း တစွန်းတစကို ဖမ်းဆုပ်မိသည်။ သို့ရာတွင် ထိုသိုင်းပညာလမ်းညွှန်သည် ယခင်နှင့်မတူညီတော့ချေ။
'ကင်းကောင်လက်သီး'
ဟူသောစာလုံးများမှ သိုင်းပညာစိတ်ဆန္ဒများသည် မြင့်မားသောလှိုင်းလုံးကြီးများအလား သူ့ထံသို့တိုးဝင်လာသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏နက်နဲသိမ်မွေ့သောကျင့်ကြံခြင်းကြောင့် ကျူးယွမ်ကဲ့သို့ မရှုမလှဖြစ်ခဲ့ခြင်းမရှိချေ။
ဤကဲ့သို့ဖြစ်လာရခြင်းမှာ သူတို့ကျင့်ကြံနည်းစနစ်များ၏သဘောသဘာဝကြောင့် ဖြစ်နိုင်သည်။
သူ၏ချင်ရှန်းဂိုဏ်းသည် နူးညံသိမ်မွေ့ပြီး သဘာဝဆန်သောလမ်းကြောင်းကို ကျင့်ကြံသည်။ ထိုက်ကျိသိုင်းပညာရပ်သည် သူတို့နှင့် လိုက်လျောညီထွေဖြစ်သဖြင့် သူတို့အတွက် အကျိုးကျေးဇူးများရရှိသည်။
ကင်းကောင်လက်သီးသည် အလွန်အမင်းပြင်းထန်ပြီး ဖိုသဘာဝဆန်သောလက်သီးနည်းစနစ်ဖြစ်သဖြင့် သူတို့အတွက် ပြင်းထန်သောတုံ့ပြန်မှုကို ဖြစ်ပွားစေသည်။
အမှန်အားဖြင့် ချင်ရှန်းဘိုးဘေး၏အမြင်အရ ကျူးယွမ်သည် ဤကဲ့သို့ပြင်းထန်သောလက်သီးနည်းစနစ်ကို ကြုံရာကျပန်းကောက်ယူ၍ လှန်လှောကြည့်မိသည်မှာ တိုက်ဆိုင်မှုတစ်ရပ်မဖြစ်နိုင်ချေ။ ရီဖုန်းသည် ကျူးယွမ်၏မလျော်ကန်သောအပြုအမူအတွက် ကျူးယွမ်အား သင်ခန်းစာလေးတစ်ခု တမင်သက်သက်ပေးလိုက်ခြင်းသာဖြစ်ပေမည်။
သို့ရာတွင် ရီဖုန်းသည် တူဝရီးနှစ်ယောက်၏ ထူးဆန်းသောအပြုအမူများကို သတိမပြုမိချေ။ လေအေးတစ်ချက်ဖြတ်သန်းတိုက်ခတ်လာသည်ကို ခံစားမိသဖြင့် သူကမတ်တတ်ထရပ်ကာ ပြောဆိုသည်။
"နည်းနည်းအေးလာပြီ...မင်းတို့နှစ်ယောက် အထဲကို ဝင်ထိုင်ကြပါလား"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် အခန်းအတွင်းသို့ အရင်ဆုံး လျှောက်လှမ်းသွားတော့သည်။
"ဦးလေး...ဘာတွေဖြစ်နေတာလဲ"
ရီဖုန်း ထွက်ခွာသွားပြီးနောက် ကျူးယွမ်က မယုံကြည်နိုင်သောအမူအယာဖြင့် ချင်ရှန်းဘိုးဘေးကိုကြည့်ကာ မေးမြန်းသည်။
"မင်း..မင်း...."
ချင်ရှန်းဘိုးဘေးက ကျူးယွမ်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းတော့သည်။
"ခါတိုင်းတော့ မင်းက ဥာဏ်ကောင်းတဲ့ကောင်ပါ...ဒီတစ်ကြိမ်မှာ ဘာလို့မဆင်မခြင်လုပ်နေတာလဲ...မင်း ခုဏက သေမင်းတံခါးကိုဖြတ်လျှောက်ပြီး ငါ့ကိုတောင် သတ်ပစ်လုနီးပါးဖြစ်သွားတယ်ဆိုတာ မင်း သိလား"
"ဦးလေး...ဘာတွေဖြစ်နေတာလဲဆိုတာ သေချာပြောပြစမ်းပါ"
ကျူးယွမ်က မေးမြန်းသည်။
"ဘာတွေဖြစ်နေတာလဲဆိုတာ မင်းက ငါ့ကို မေးနိုင်သေးတယ်နော်...မင်းဟာမင်း စဥ်းစားကြည့်ပါလား"
ချင်ရှန်းဘိုးဘေးက အော်ငေါက်လိုက်၏။
"ငါက သာမာန်သေမျိုးတစ်ယောက်ကို ဒီလောက်ထိ ယဥ်ယဥ်ကျေးကျေးဆက်ဆံတဲ့အထိ ဥာဏ်နည်းတဲ့ကောင်လို့ မင်း တကယ်ကြီးထင်နေတာလား...ငါတို့ရှေ့က လူငယ်က သာမာန်သေမျိုးတစ်ယောက်လို့ မင်း ထင်နေတာလား"
"ဒါက...."
ကျူးယွမ်သည် ထိတ်လန့်ကြောက်ရွံပြီး သူ၏မျက်နှာဖြူရော်သွားကာ
"ဒါပေမယ့် သူ့ဆီမှာ ဘာကျင့်ကြံခြင်းအရှိန်အဝါမှ ရှိမနေဘူးလေ"
"ဟမ့်...."
ချင်ရှန်းဘိုးဘေးက ဒေါသတကြီးဖြင့် နှာတစ်ချက်မှုတ်ကာ
"ဒါက မင်း သူ့ရဲ့ကျင့်ကြံမှုကို မမြင်နိုင်တာနဲ့ပဲ ဒီစီနီယာမှာ အရည်အချင်းမရှိဘူးလို့ ဆိုလိုနိုင်တာမဟုတ်ဘူး...ဒါက မင်းရဲ့ သိမြင်နိုင်စွမ်း အကန့်အသတ်ရှိနေတာကို ဖော်ပြနေတာပဲ...ငါ မင်းကို ပြောမယ်...ငါတောင်မှ သူ့ရဲ့ကျင့်ကြံဆင့်ကို ထွင်းဖောက်မမြင်နိုင်ဘူး...မင်းသိထားဖို့လိုတာက သူက ရိုးရှင်းမှုကိုပြန်ရောက်နေပြီးတော့ မိုးကောင်းကင်နဲ့ဆက်သွယ်နိုင်တဲ့အဆင့်ကိုရောက်နေတဲ့ စီနီယာတစ်ယောက်ပဲ...သူ့ရဲ့ဘေးမှာရှိနေတဲ့ သိုင်းပညာလမ်းညွှန်စာအုပ်တွေက အကောင်းဆုံးသက်သေပဲ"
"အခုဏက မင်းခံစားလိုက်ရတဲ့ ဒဏ်ရာတွေက မင်းရဲ့မလေးမစားလုပ်မှုအတွက် စီနီယာက မင်းကိုသင်ကြားပေးတဲ့ သင်ခန်းစာတစ်ခုပဲ"
"ဒါကို မင်းရဲ့စိတ်ထဲမှာ စွဲစွဲမြဲမြဲမှတ်ထားနိုင်ရင် အကောင်းဆုံးပဲ"
ချင်ရှန်းဘိုးဘေးသည် လုံးစေ့ပတ်စေ့ပြောဆိုကာ သတိပေးလိုက်သည်။
သိုင်းပညာလမ်းညွှန်စာအုပ်ထံမှ ထွက်ပေါ်လာသော တုန်လှုပ်ချောက်ချားဖွယ်ကောင်းမှုကို ပြန်တွေးမိချိန်တွင် ကျူးယွမ်က လေအေးတစ်ချက်ရှိုက်သွင်းလိုက်၏။
သူ့ဦးလေး၏စကားများကို ထပ်မံ၍မေးခွန်းမထုတ်ဝံ့တော့ဘဲ ကျူးယွမ်၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများနှင့် ပြည့်နှက်နေသည်။ သူ ပြန်လည်တွေးတောကြည့်ချိန်တွင် သူသည် သေမင်းတံခါးဝကို ပွတ်တိုက်၍ဖြတ်သန်းသွားခဲ့ခြင်းပင်။
သူ၏ဦးလေးသည် ထိုလူငယ်အား ယဥ်ကျေးသိမ်မွေ့စွာဆက်ဆံနေသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
သူသည် စောစီးစွာမသိခဲ့ရသည့်အတွက် သူ၏ရူးသွပ်မိုက်မဲခဲ့မှုကို အပြစ်တင်ရုံသာ တက်နိုင်တော့သည်။
"ဒါပေမယ့် ဦးလေး...ဘယ်လိုလုပ်ပြီးတော့ မိုးကောင်းကင်နဲ့တောင်ဆက်သွယ်နိုင်တဲ့ ဆရာကြီးတစ်ယောက်က ပင်ကျင်းလိုမြို့ငယ်လေးမှာ ထွက်ပေါ်လာရတာလဲ"
ကျူးယွမ်က သံသယအပြည့်ဖြင့် မေးမြန်းသည်။
ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဘိုးဘေး၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်မှုသို့ ပြောင်းလဲသွားပေ၏။ အဝေးတစ်နေရာကို မျှော်ကြည့်ရင်း သူက ဖြည်းညှင်းစွာပြောဆိုသည်။
"ငါ အစကထင်ထားတာတော့ ဒီဆရာကြီးက သေမျိုးနယ်မြေထဲမှာ အပျော်တချို့လာရှာပြီးတော့ သူ့အတွက် ကံကြမ္မာကောင်းရလာမယ့်ကိစ္စတွေ လုပ်ချင်လို့ပဲ...ဒါပေမယ့် ပိုပြီးဖြစ်နိုင်ချေများတာကတော့ သူက...."
"ပိုပြီးဖြစ်နိုင်တာက ဘာလဲ"
ကျူးယွင်သည် သူ၏အသက်ရှုနှုန်းကို ထိန်းသိမ်းကာ သူ၏မျက်နှာအမူအယာ တောင့်တင်းနေပြီး ချင်ရှန်းဘိုးဘေး ဆက်လက်ပြောဆိုမည့်စကားကို စောင့်ဆိုင်းနေသည်။
Chapter 19
"ရှေးဟောင်းအချိန်ကာလအတွင်းမှာတုန်းက ပင်ကျင်းမြို့ကိုဗဟိုပြုပြီးတော့ အချင်းဝက်လီတစ်သောင်းလောက်က ဘယ်လိုနေရာမျိုးလဲဆိုတာ မင်းသိလား"
ချင်ရှန်းဘိုးဘေးက မေးမြန်းသည်။
ကျူးယွမ်က သူ၏ခေါင်းကို အဆက်မပြတ်ခါယမ်းလေ၏။
"ရှေးဟောင်းစာအုပ်တွေအရ ပြောရရင်...ရှေးဟောင်းအချိန်တွေမှာတုန်းက ပင်ကျင်းမြို့ရဲ့နံဘေးပတ်ဝန်းကျင် အချင်းဝက်လီတစ်သောင်းကျော်က အင်မော်တယ်တွေရဲ့နယ်မြေပဲ...နောက်ပိုင်းကျတော့ ဒီနယ်မြေမှာ ဘာတွေဖြစ်ပျက်ခဲ့လို့ နိမ့်ပါးသွားတယ်ဆိုတာ ဘယ်သူမှမသိပေမယ့်....ရှေးဟောင်းအချိန်ကာလအတွင်းမှာ ပင်ကျင်းက အဲ့ဒီလိုနယ်မြေတစ်ခုဆိုတာကို စစ်မက်ရေးရာမိသားစုကြီးတွေက အခိုင်အမာ ပြောခဲ့ကြတယ်...ဒါက ပင်ကျင်းမြို့က သာမာန်နေရာတစ်ခုမဟုတ်ဘူးဆိုတာရှင်းပြဖို့ လုံလောက်တယ်"
ချင်ရှန်းဘိုးဘေးက ရှင်းပြသည်။
"ဒါပေမယ့် ဒီကိစ္စက ဒီစီနီယာနဲ့ ဘာဆိုင်လို့လဲ"
ကျူးယွမ်က သံသယအပြည့်နှင့် မေးမြန်းသည်။
ချင်ရှန်းဘိုးဘေးသည် ကျုးယွမ်၏တုံးအမှုကြောင့် စိတ်ပျက်သွားခြင်းကြောင့် သို့မဟုတ် တခြားအကြောင်းအရင်းတစ်ခုကြောင့်ဟု မသိရသော်လည်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်၏။ အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် သူက ပြောဆိုသည်။
"ပင်ကျင်းမြို့ထဲမှာ တခြားလူတွေမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ပုန်းအောင်းနေတယ်...ဒါကြောင့် ဒီစီနီယာက ပင်ကျင်းကိုအခြေခံအုတ်မြစ် နန်ရှားနယ်မြေတခွင်လုံးကို နယ်ပယ်အနေနဲ့အသုံးပြုပြီးတော့ နောက်ထပ်လောကကြီးတခွင်လုံး တုန်ခါသွားစေနိုင်တဲ့လှုပ်ရှားမှုကြီးကို လုပ်မလို့ဖြစ်နိုင်တယ်"
ချင်ရှန်းဘိုးဘေး၏စကားလုံးများ ကျရောက်လာချိန်တွင် ကျူးယွမ်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။
ပင်ကျင်းမြို့ကို အခြေခံအုတ်မြစ်နှင့် နန်ရှားကို နယ်ပယ်အဖြစ်အသုံးပြုကာ လှုပ်ရှားမှုကြီးတစ်ခုကို ပြုလုပ်မည်ဟုဆိုသလော....
တွေးတောကြည့်ရုံဖြင့် ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ကိစ္စကြီးပင်။ သို့ရာတွင် ထိုကိစ္စသည် ချင်ရှန်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော ကျူးယွမ်အနေဖြင့် စဥ်းစားတွေးတောဝံ့ခြင်းပင်မရှိသောအရာဖြစ်သည်။
ထိုသို့မဟုတ်ပါက ရီဖုန်းကဲ့သို့ ထိပ်သီးဆရာကြီးတစ်ယောက်သည် ပင်ကျင်းကဲ့သို့မြို့ငယ်လေးတစ်ခုတွင် မည်သည်ကြောင့်ထွက်ပေါ်လာမည်နည်း....
"ဒါပေမယ့် ဦးလေး....တကယ်လို့ ဒီကိစ္စသာအမှန်ဆိုရင် ကျွန်တော်တို့က......"
တစ်စုံတစ်ခုကို တွေးတောမိသည့်အလား ကျူးယွမ်က ထိတ်လန့်တကြား မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မေးမြန်းသည်။
"ဒါက အမှန်ပဲ"
ချင်ရှန်းဘိုးဘေးက ထိုကိစ္စကို ငြင်းဆန်ခြင်းမပြုချေ။
"တကယ်လို့ ဒီကိစ္စသာအမှန်ဆိုရင်...ငါတို့တွေအားလုံးက စစ်တုရင်ခုံပေါ်က ကျားစေ့လေးတွေသက်သက်ပဲ"
"ဒါဆိုရင် ကျွန်တော်တို့ဘာလုပ်သင့်လဲ"
ကျူးယွမ်က စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"တုံးလိုက်တာ"
ချင်ရှန်းဘိုးဘေးက ကျူးယွမ်ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ အော်ငေါက်လိုက်၏။
"တကယ်လို့ မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မင်းစဥ်းစားတဲ့နည်းလမ်းကို ပြောင်းလိုက်မယ်ဆိုရင် မင်း ဘာမှစိုးရိမ်ပူပန်စရာမလိုဘူး"
"ဦးလေးက ဘာကိုဆိုလိုချင်တာလဲ"
"တကယ်တော့ ငါတို့က စီနီယာရဲ့ကျားစေ့တွေ ဖြစ်လာရင်တောင် ဆိုးရွားတဲ့ကိစ္စမဟုတ်ဘူး...ဒါက ငါတို့ချင်ရှန်းဂိုဏ်းအတွက် ကြီးမားတဲ့အခွင့်အရေးကြီးပဲ"
ထိုသို့ပြောဆိုပြီးနောက် ချင်ရှန်းဘိုးဘေးက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ရှိုက်ကာ
"လွန်ခဲ့တဲ့နှစ်ငါးရာအတွင်းမှာ ငါ့ရဲ့ချင်ရှန်းဂိုဏ်းက တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာတယ်...အဆိုးဘက်ကနေပြောရရင် ငါတို့က သမိုင်းရဲ့ရှည်လျားတဲ့မြစ်ထဲမှာ နစ်မြုပ်သွားနိုင်တယ်...တကယ်လို့ အဲ့ဒီလိုဖြစ်မလာဘူးဆိုရင်တောင် ငါတို့က အသက်ရှင်သန်နေရုံပဲ တောင့်ခံနိုင်မယ်"
"မင်း ဒါကိုလက်ခံဖို့ ဆန္ဒရှိလား"
ကျူးယွမ်၏နားအတွင်းသို့ ချင်းရှန်ဘိုးဘေး၏အသံ ကျရောက်လာချိန်တွင် သူ၏စိတ် တုန်ခါသွားသည်။
သူ ဆန္ဒရှိသလော...အမှန်အားဖြင့် သူ ဆန္ဒမရှိချေ။
သို့ရာတွင် ချင်ရှန်းဘိုးဘေး ပြောဆိုသောစကားများသည် သူ၏ဆန္ဒများကို အမှန်တကယ်ဖြည့်ဆည်းပေးနိုင်မည်လော....
"ငါတို့က စီနီယာရဲ့အတွေးတွေကို မှန်းဆနိုင်မှာမဟုတ်ပေမယ့်...အခွင့်အရေးရှာပြီးတော့ စီနီယာကို မေးမြန်းရမယ်"
"သွားကြစို့...ငါ့နောက်ကနေလိုက်ပြီး အထဲကိုဝင်မယ်"
သူတို့သည် သိုင်းပညာခန်းမအတွင်းသို့ ဝင်လာခဲ့ပြီးနောက် ကျူးယွမ်သည် အရှေ့ခန်းမအတွင်းရှိ ပန်းချီကားတစ်ဆယ့်ရှစ်ချပ်အတွင်း၌ နစ်မြုပ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် အတွေ့အကြုံရှိသော ချင်ရှန်းဘိုးဘေးက ကျူးယွမ်ကို အချိန်မီနောက်သို့ဆွဲထားနိုင်ခဲ့သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကျူးယွမ်သည် လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်စက်ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။
ယခုလက်ရှိချိန်၌ သူ ဤသိုင်းပညာခန်းမကိုပိုင်ဆိုင်ထားသော ဆရာကြီး၏စွမ်းရည်ကို အပြည့်အဝ ယုံကြည်လက်ခံသွားလေပြီ။
သူသည် ကျားစေ့တစ်စေ့ဖြစ်လာခြင်းအတွက် ထပ်မံ၍သံသယမရှိတော့ဘဲ ချင်းရှန်ဂိုဏ်း အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေသည့်အချိန်ကိုပင် သူ မြင်ယောင်နေမိသည်။
"ဟမ်...ဆရာရီက ဘယ်ရောက်သွားတာလဲ"
အရှေ့ခန်းမကိုကျော်ဖြတ်ပြီးနောက် အနောက်ဘက်ခြံဝန်းငယ်လေးအတွင်းသို့ ရောက်ရှိစဥ်တွင် သူတို့သည် ရီဖုန်း၏အရိပ်အယောင်ကိုပင် ရှာမတွေ့ချေ။ ထိုအစား သူ၏နံဘေးရှိကျူးယွင်သည် ထိတ်လန့်ကြောက်ရွံနေကာ သစ်ခြောက်ပင်တစ်ပင်ကို လက်ညှိုးညွှန်ကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်
"ဦးလေး...ကြည့်အုံး...ကြည့်လိုက်အုံး...ဒါက ကောင်းကင်ဝါးမျိုဝံပုလွေပဲ"
ချင်ရှန်းဘိုးဘေးသည် သစ်ခြောက်ပင်အိုကြီး၏အောက်၌ ကြိုးဖြင့်ချည်နှောင်ခြင်းခံထားရသော ကောင်းကင်ဝါးမျိုဝံပုလွေကိုကြည့်ကာ အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။
"ဒါက ခုလောက်ထိ ထိတ်လန့်နေစရာလိုလို့လား"
"ဦးလေး...ဒါက ကောင်းကင်ဝါးမျိုဝံပုလွေလေ"
ကျူးယွမ်က ထိတ်လန့်တကြား ဆက်လက်ပြောဆိုသည်။
"မင်းက ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ"
ချင်ရှန်းဘိုးဘေးသည် ကျူးယွမ်ကို တောသားလူနုံတစ်ယောက်ကိုမြင်တွေ့နေသည့်အလား တစ်ချက်ကြည့်လိုက်သည်။
ဤသည်က ကောင်းကင်ဝါးမျိုဝံပုလွေလေးတစ်ကောင်ပင်။ ယခင်က သူ ရောက်လာစဥ်အချိန်တွင် စီနီယာသည် ဝိုက်အရက်နှင့်မြည်းရန်အတွက် ထိုဝံပုလွေကို သတ်လုနီးပါးဖြစ်သည်။ ဤသည်က ရေးကြီးခွင်ကျယ်လုပ်ရမည့် ကိစ္စတစ်ခုလော။
ထိုအချိန်တုန်းက သူသည် ကျူးယွမ်ထက် ပို၍အဆင်ပြေမနေခဲ့သည့်အချက်ကိုမူ သူ လုံးလုံးမေ့လျော့သွားလေပြီ။
"တောင်းပန်ပါတယ်...ငါက ဟင်းနည်းနည်းလောက်ချက်ဖို့ အထဲကိုဝင်သွားခဲ့တာ...ကျေးဇူးပြုပြီးတော့ ထိုင်ကြပါအုံး"
ထိုအချိန်မှာပင် ရီဖုန်းသည် မီးဖိုချောင်အတွင်းမှထွက်လာကာ သူ၏လက်အတွင်း၌ မီးဖိုချောင်သုံးဓားတစ်လက်ကို ကိုင်ဆောင်ထားဆဲပင်။
ထိုမီးဖိုချောင်သုံးဓားကိုမြင်တွေ့ချိန်တွင် အစောပိုင်းက အလွန်ယဥ်ကျေးသိမ်မွေ့ခဲ့သော ချင်ရှန်းဘိုးဘေး၏ခန္ဓာကိုယ်တုန်ရီသွားကာ သူ၏မျက်လုံးအကြည့်သည် ရီဖုန်း၏လက်အတွင်းရှိဓားထံတွင်သာ စူးစိုက်၍ကျရောက်နေပေ၏။
ကောင်းကင်ဝါးမျိုဝံပုလွေကြောင့် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သော ကျူးယွမ်သည် ယခုထိတိုင် စိတ်သက်သာရာမရသေးချေ။ သူ၏အကြည့်ကိုလွှဲဖယ်လိုက်ချိန်တွင် သူ့အား လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
ဟူး....
ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်ခံစားချက်ကို မည်သည့်စကားလုံးနှင့်ဖော်ပြရမည်ကို သူ မသိတော့ချေ။ ဤသည်က သူ၏စိတ်နှလုံးသားအတွင်းသို့ လှိုင်းလုံးကြီးတစ်လုံးပြီးတစ်လုံး ရိုက်ခတ်သွားသည့်အလားပင်။
အတိုချုပ်ပြောရလျှင် ဤမီးဖိုချောင်သုံးဓားကြောင့် သူ ရရှိသော ထိတ်လန့်တုန်လှုပ်မှုသည် ကောင်းကင်ဝါးမျိုဝံပုလွေကို သူ မြင်တွေ့စဥ်ကထက် ပို၍ကြီးမားသည်။
သူတို့နှစ်ယောက်လုံးသည် ရီဖုန်း၏လက်အတွင်းရှိ မီးဖိုချောင်သုံးဓားကို စူးစိုက်၍ကြည့်နေကြ၏။ ချင်ရှန်းဘိုးဘေးကမူ ရီဖုန်းသည် မည်သည်ကြောင့် ဤဓားကိုရုတ်တရက်ကြီးထုတ်လာခဲ့သည့်အကြောင်းအရင်းကို ခန့်မှန်းနေသည်။
ဖြစ်နိုင်သည်မှာ.....
ငါ ထင်သလိုများ ဖြစ်နေလား....
ထိုအကြောင်းကိုတွေးတောပြီး ချင်ရှန်းဘိုးဘေးသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်တုန်ရီရီဖြစ်သွားသည်။ အထူးသဖြင့် ရီဖုန်းသည် မီးဖိုချောင်သုံးဓားကိုကိုင်ကာ သူတို့ထံဦးတည်၍ ခြေလှမ်းတစ်လှမ်းခြင်းလျှောက်လှမ်းသွားသည်ကို မြင်တွေ့ချိန်တွင် သူ၏အသက်ရှုသံ ပို၍ပို၍ပြင်းထန်လာပေ၏။
Chapter 20
"ဟား ဟား ဟား..."
ရီဖုန်းက အော်ဟစ်ရယ်မောကာ မီးဖိုချောင်သုံးဓားကိုလက်ကမ်းပေး၍
"ဒါက မင်းအတွက်ပဲ"
ဟု ပြောဆိုသည်။
ရီဖုန်း၏စကားသံ ထွက်ပေါ်လာသည်နှင့် ချင်ရှန်းဘိုးဘေး၏သွေးများဆူပွက်လာကာ သူ အသက်ရှုမဝသကဲ့သို့ ခံစားရသည်။
သူ အတိအကျပြောနိုင်သည်မှာ...
စီနီယာသည် သူ ဤနေရာသို့လာရောက်သည့် ရည်ရွယ်ချက်ကို ထွင်းဖောက်မြင်ပြီးဖြစ်ပေမည်။ ထိုကြောင့် သူ စကားပြောဆိုမည်ကိုမစောင့်ဘဲ စီနီယာသည် မီးဖိုချောင်သုံးဓားကို တိုက်ရိုက်ထုတ်ယူပေးခဲ့လေ၏။
ဤသည်က ကြီးမားသော သနားကြင်နာမှုပင်။
ထိုကိစ္စသည် သူ့အား မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားသွားစေသည်။
"ဆရာရီရဲ့သနားကြင်နာမှုကို ချင်ရှန်း ဘယ်တော့မှမေ့မှာမဟုတ်ဘူး"
သူသည် တည်ကြည်လေးနက်စွာပြောဆိုကာ တုန်ရီနေသောလက်များဖြင့် ရီဖုန်း၏လက်အတွင်းရှိ မီးဖိုချောင်သုံးဓားကို ယူလိုက်သည်။ ချင်ရှန်းဘိုးဘေးသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူက မြေပြင်ပေါ်၌ ဒူးထောက်လိုက်၏။
သူ၏နောက်ရှိ ကျူးယွမ်သည်လည်း အသိဝင်လာသည်။
ချင်ရှန်းဘိုးဘေး ပြောခဲ့သောဓားသည် သူ့ရှေ့ရှိ မီးဖိုချောင်သုံးဓားဖြစ်ကြောင်း နောက်ဆုံး၌ သူ နားလည်သဘောပေါက်သွားလေပြီ။
ဂိုဏ်းတစ်ဂိုဏ်းလုံး စိုးရိမ်ပူပန်နေစဥ်တွင် အဓိကပတ်သက်သူ ချင်ရှန်းဘိုးဘေးသည် အေးဆေးတည်ငြိမ်နေပြီး ဓားသွားငှားမည်ဟု ပြောဆိုခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
အစပထမ၌ ချင်ရှန်းဘိုးဘေးသည် သိုင်းဘုရင်နယ်ပယ်တွင် ဆယ်နှစ်ကျော်ကြာကျင့်ကြံမှုရှိနေသူနှင့် ယှဥ်ပြိုင်နိုင်ရန်အတွက် မည်သည့်ဓားနှင့်မျှမဖြစ်နိုင်ဟု သူ တွေးထင်ခဲ့သော်လည်း အကြည့်တစ်ချက်ဖြင့်ပင် သူ၏စိုးရိမ်ပူပန်မှုများအားလုံး ပျောက်ကွယ်သွားလေပြီ။
ချင်ရှန်းဘိုးဘေးနှင့်အတူ ကျူးယွမ်ကလည်း ရီဖုန်း၏ရှေ့၌ အလျှင်အမြန်ဒူးထောက်လိုက်၏။
"မင်းတို့ ဘာလုပ်နေကြတာလဲ..မြန်မြန် ထကြပါ"
သူတို့နှစ်ယောက် ဒူးထောက်လိုက်သည်ကိုမြင်တွေ့ချိန်၌ ရီဖုန်းက သူတို့အားကူညီ၍ အလျှင်အမြန်မတ်တတ်ထရပ်စေသည်။
သို့ရာတွင် သူတို့သည် မတ်တတ်ထမရပ်မီ ခေါင်းမာစွာဖြင့် မြေပြင်နှင့် သူတို့၏ခေါင်းများကိုဆောင့်ကာ အရိုအသေပြုလိုက်ကြသည်။
"ဟူး...မင်းတို့ ဘာလို့ဒီလိုလုပ်တာလဲ...ဒါက မီးဖိုချောင်သုံးဓားလေးတစ်ချောင်းပဲလေ"
ရီဖုန်းက ဝမ်းနည်းကြေကွဲစွာ ပြောဆိုသည်။
သူ ဤမီးဖိုချောင်သုံးဓားကို ချင်ရှန်းထံ ပေးလိုက်သောအကြောင်းအရင်းမှာ လွန်ခဲ့သောတစ်ကြိမ်က အတူတူချက်ပြုတ်စဥ်တွင် ချင်ရှန်းသည် ဤကဲ့သို့မီးဖိုချောင်သုံးဓားမျိုး အလိုရှိကြောင်း ညည်းတွားခဲ့သည်ကို သူ ကြားခဲ့ခြင်းကြောင့်ပင်။
ချင်ရှန်း၏အိမ်တွင် မီးဖိုချောင်သုံးဓားတစ်လက် မရှိခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။ ထိုကိစ္စမျိုးရှိနေသဖြင့် သူ အသစ်တစ်ချောင်းပြုလုပ်ပြီးချိန်တွင် အဟောင်းကိုမလိုအပ်တော့သောကြောင့် ချင်ရှန်းဘိုးဘေးကိုပေးလိုက်ခြင်းဖြစ်သည်။
ဤလောကကြီးအတွင်းတွင် လူချမ်းသာများသည် ဆီများလျှံကျနေသကဲ့သို့ အလွန်ချမ်းသာကြွယ်ဝကာ လူဆင်းရဲများကမူ အမှန်တကယ်ကို ဆင်းရဲမွဲတေသည်။
အထူးသဖြင့် အိမ်တွင်ကောင်းမွန်သောမီးဖိုချောင်သုံးဓားတစ်လက်ပင်မရှိသော ချင်ရှန်းကဲ့သို့လူများရှိနေသည်။ သူတို့သည် ဟင်းသီးဟင်းရွက်များကို မည်ကဲ့သို့လှီးဖြတ်သည်ကို သူ မသိရှိချေ။ ဖြစ်နိုင်သည်မှာ သူတို့၏လက်များဖြင့် ဟင်းသီးဟင်းရွက်များကို လိမ်ချိုးလိုက်ခြင်းသာ ဖြစ်ပေမည်။
ဟူး....
ထိုနည်းလမ်းကိုတွေးတောမိချိန်တွင် ရီဖုန်းသည် သူတို့ မည်သည်ကြောင့်အလွန်စိတ်လှုပ်ရှားနေသည်ကို နားလည်သဘောပေါက်သွားပေ၏။ သူတို့အတွက် ဤဓားသည် ဘုရားမသောလက်ဆောင်ကြီးနှင့် တူညီနေပေမည်။
"ဆရာရီအတွက်တော့ ဒါက မီးဖိုချောင်သုံးဓားလေးတစ်လက်ပဲ...ဒါပေမယ့် ငါ့အတွက်တော့ ဒါက ဘုရားမတဲ့လက်ဆောင်လိုပဲ"
ချင်ရှန်းဘိုးဘေးက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။
ဟူး....
ရီဖုန်းက မသိမသာ သက်ပြင်းရှိုက်ကာ သူသည် ချင်ရှန်းအတွက် ကြွေကွဲဝမ်းနည်းနေမိသည်။
ချင်ရှန်းဘိုးဘေးသည် ထိုမီးဖိုချောင်သုံးဓားကို ဂရုတစိုက်သိမ်းဆည်းကာ ရီဖုန်းအပေါ် သူ၏ကျေးဇူးတင်မှုသည် မိုးထိအောင်မြင့်မားနေလေပြီ။
သူ ဓားတစ်လက်လာငှားသည့် ဤခရီးစဥ်သည် အခက်အခဲများ အတားအဆီးများဖြင့် ပြည့်နှက်နေမည်ဟု မူလက သူ တွေးထင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤဓားသည် အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်ကာ သူနှင့်ရီဖုန်းသည် သိကျွမ်းသည်ဆိုရုံမျှပင်။ တစ်ဖက်လူသည် ဤဓားကို သူ့အားငှားယမ်းရန်ဆန္ဒရှိမရှိ သူ အမှန်တကယ်ကို မသိရှိချေ။
သို့ရာတွင် သူ တောင်းဆိုသည်ကိုပင် မစောင့်ဘဲ စီနီယာသည် သူ့အား ဤဓားကိုပေးမည်ဟု မည်သူက တွေးထင်မိမည်နည်း....
ဤဓားနှင့်ဆိုပါက သူသည် ရွှမ်းဝူဘိုးဘေးကို ရင်ဆိုင်နိုင်မည်ဟု အပြည့်အဝယုံကြည်ချက်ရှိသည်။ ဤဓားသည် သူ့ကိုသာမက ချင်ရှန်းဂိုဏ်းတစ်ဂိုဏ်းလုံးကိုလည်း ကယ်တင်နိုင်သော ရတနာဖြစ်သည်။
ထို့ကြောင့် ရီဖုန်း၏ရှေ့တွင် သူ ဒူးထောက်သည်မှာ အကဲပိုသည်ဟု ပြော၍မရချေ။
အချိန် အတော့်အတော်ကြာပြီးချိန်တွင် နောက်ဆုံး၌ သူတို့၏စိတ်လှုပ်ရှားမှုများ တည်ငြိမ်သွားသော်လည်း ပျော်ရွှင်မှုများကမူ ပျက်ပြယ်မသွားချေ။
"ဆရာရီ...ငါ ချင်ရှန်းက မင်းရဲ့သနားကြင်နာမှုကို ပြန်ပေးဆပ်ဖို့ဆိုတာ အရမ်းခက်ခဲတယ်...ငါ့ရဲ့ပစ္စည်းတွေက မင်းအတွက် ဘာမှအဖိုးမတန်ဘူးဆိုတာ ငါ သိပေမယ့် ကျေးဇူးပြုပြီးတော့ ဒါလေးကို လက်ခံပေးပါ"
စကားပြောဆိုနေရင်း ချင်ရှန်းဘိုးဘေးသည် သူ၏သိုလှောင်အိတ်အတွင်းမှ နီမြန်းနေသောပုလဲတစ်လုံးကို ထုတ်ယူလိုက်သည်။
ထိုပုလဲထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိအပူချိန် သိသိသာသာ မြင့်တက်သွားသည်။
"ဆရာ......ဦးလေး...ဒါက မီးပုလဲလေ"
ကျူးယွမ်က ချင်ရှန်းဘိုးဘေးသည် ဂိုဏ်း၏အကာအကွယ်ရတနာကို ထုတ်ပေးမည်ဟု မျှော်လင့်မထားမိသဖြင့် အံ့အားတသင့် အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ ဒုတိယအကြိမ်တွေးတောမိချိန်၌ စီနီယာဆီမှ အဖိုးတန်ဓားတစ်လက်ကိုငှား၍ မီးပုလဲတစ်လုံးကို ပေးလိုက်ခြင်းမှာ အသေးအဖွဲဟု ဆိုနိုင်ပေ၏။
"ဆရာရီ...ကျေးဇူးပြုပြီးတော့ ဒါလေးကိုလက်ခံပေးပါ"
ချင်ရှန်းဘိုးဘေးသည် ဦးညွှတ်အရိုအသေပြုကာ သူ၏လက်နှစ်ဖက်ဖြင့် မီးပုလဲကိုဆုပ်ကိုင်၍ ရီဖုန်းထံပေးလိုက်သည်။
"ဒီပစ္စည်းက...."
ရီဖုန်းသည် တစ်လုံးလုံးနီမြန်းနေပြီး အတွင်းမှနေ၍ မြင့်မားသောအပူရှိန်ကို ထုတ်လွှတ်နေသည့် မီးပုလဲကိုကြည့်လိုက်၏။ ဤသည်ကို မည်သည့်မီးတောင်မှ တူးဖော်လာသည်မှန်း သူ မသိရှိချေ။
အမှန်အားဖြင့် မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ကွဲပြားခြားနားသော ကမ္ဘာလောကတစ်ခုဖြစ်သဖြင့် တစ်မူထူးခြားပြီးဆန်းကြယ်သော ပစ္စည်းများစွာရှိနေလေရာ ရီဖုန်းသည် များစွာအံ့အားသင့်မနေတော့ချေ။ အမှတ်တရအထိမ်းအမှတ်အဖြစ် သိမ်းဆည်းထားရန်အတွက်မူ ဤပစ္စည်းသည် အလွန်ကောင်းမွန်ပေ၏။
"ဒါက အလှပြထားရင် တော်တော်လေးကြည့်ကောင်းမယ့်ပုံပဲ...ငါ ဒါကို အရမ်းကြိုက်တယ်...ဒါကြောင့် ငါ ဒီပုလဲလုံးကို လက်ခံလိုက်မယ်"
ရီဖုန်းသည် ချင်ရှန်းပေးအပ်သည့်အရာကို ငြင်းပယ်ခြင်းမပြုချေ။ ချင်ရှန်းသည် အလွန်ယဥ်ကျေးသိမ်မွေ့သော အကျင့်စရိုက်ရှိသူဖြစ်ကြောင်း သူ သိရှိပြီးဖြစ်သည်။
ဤကဲ့သို့လူစားမျိုးသည် တခြားလူထံမှ အကျိုးအမြတ်များကို တစ်ဖက်သတ်ယူဆောင်မည်မဟုတ်ချေ။
ထို့ကြောင့် အကယ်၍ ရီဖုန်းသာ ငြင်းဆန်လိုက်ပါက ချင်ရှန်းသည် သူ၏ပစ္စည်းအပေါ် အထင်သေးသဖြင့် မယူဆောင်ခြင်းဖြစ်မည်ဟု ခံစားရပေမည်။
ရီဖုန်း မီးတောက်ပုလဲကို လက်ခံလိုက်သည်ကိုကြည့်ပြီး ချင်ရှန်းဘိုးဘေးသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အရိပ်အယောင်တချို့ ထင်ဟပ်လာသည်။
ဤမီးပုလဲကို လက်ဆောင်အဖြစ်မပေးအပ်မီ သူသည် ရှေ့နောက်ချင့်ချိန်ကာ ဦးနှောက်ခြောက်လုမတတ် များစွာစဥ်းစားတွေးတောခဲ့ရသည်။ သူ၏အမြင်အရ ဤမီးပုလဲသည် သူ၏ချင်ရှန်းဂိုဏ်းကို ကာကွယ်ပေးထားသော ရတနာတစ်ပါးပင်။ အကယ်၍ ဤစီနီယာ၏မျက်လုံးအတွင်း၌ ထိုအရာကို ရတနာတစ်ခုဟု မြင်လျှင်ပင် သူ စိတ်ကျေနပ်ရန် လုံလောက်သည်။
သို့ရာတွင် စီနီယာ၏စကားများအရ မီးတောက်ပုလဲသည် အလှဆင်ပစ္စည်းတစ်ခုသက်သက်ပင်။ ဤသည်က ချင်ရှန်းဘိုးဘေးကို အလွန်စိတ်ပျက်အားငယ်စေခဲ့သည်။
အမှန်အားဖြင့် အဆင့်အတန်းနှင့်နေရာကွာခြားခြင်းကြောင့် သူတို့သည် တမိုးအောက်၌အတူရှိနေသည့်တိုင် ကြီးမားသောကွာဟချက်ကြီးရှိနေသည်။
ရီဖုန်းကို ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုပြီးနောက် ချင်ရှန်းဘိုးဘေးသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် အဓိပ္ပါယ်ပါသောလေသံဖြင့် မေးမြန်းလိုက်၏။
"ဆရာရီ...မင်းမှာ အနာဂတ်အတွက် ဘာအစီအစဥ်တွေရှိနေလဲဆိုတာ ငါ သိချင်မိတယ်...မင်း ငါတို့တူအရီးနှစ်ယောက်ကို နည်းနည်းလောက် ထုတ်ပြောနိုင်မလား"
ထိုစကားကိုကြားချိန်တွင် ကျူးယွမ်က နားစွင့်လိုက်သည်။