အခန်း (၂၁-၂၅)
Vol. 2 Ch. 21-25
Chapter 21
"ငါ့မှာ ဘာအစီအစဥ်ရှိနိုင်မှာလဲ"
ရီဖုန်းက စိတ်ခံစားချက်အပြည့်ဖြင့် ကူကယ်ရာမဲ့စွာ ပြောဆိုသည်။
"အခု ငါက ဒီမြေနေရာငယ်လေးကို ဆုပ်ကိုင်ထားပြီးတော့ ဘဝရဲ့အဆုံးသတ်ကို စောင့်နေရုံပဲရှိတယ်....တကယ်တော့ ငါ တပည့်တွေ ပိုပြီးလက်ခံနိုင်ရင်တော့ သိပ်ကောင်းမှာပဲ"
"အင်း...."
ချင်ရှန်းဘိုးဘေးက ခေါင်းညိတ်လိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်စိတ်ဓာတ်ကျနေသည်။
ဤမေးခွန်းကို သူမေးလိုက်ရသော အကြောင်းအရင်းမှာ အနာဂတ်အခြေအနေအပေါ် ရီဖုန်း၏အမြင်ကို သူ ရှာဖွေဖော်ထုတ်နိုင်ရန် မျှော်လင့်ထားသောကြောင့်ပင်။ အကယ်၍ သူတို့သည် ကိစ္စတစ်ခု သိရှိနိုင်ပါက သူတို့ဆရာတပည့်နှစ်ယောက်အတွက် ဖြတ်လမ်းတစ်လမ်း ရရှိနိုင်သည်။
သို့ရာတွင် ရီဖုန်း၏စကားများသည် အဖြေပြန်ပေးပုံရသော်လည်း မည်သည့်အရာမျှ မပြောဆိုသကဲ့သို့ပင်။
သို့ရာတွင် ရီဖုန်းသည် မည်သည့်အရာကိုမျှ ထုတ်ဖော်မပြောဆိုလိုသဖြင့် သူ ထပ်မံ၍မမေးမြန်းဝံ့တော့ချေ။
သို့ရာတွင့် ယနေ့၌ သူသည် ဓားကိုအောင်မြင်စွာငှားရမ်းနိုင်သည်ကပင် စိတ်ကျေနပ်စရာဖြစ်နေလေပြီ။ အချိန်တခဏကြာ စကားစမြည်ပြောဆိုပြီးနောက် သူတို့နှစ်ယောက်သည် နှုတ်ဆက်၍ အလျှင်အမြန် ပြန်ခဲ့ကြတော့သည်။
သိုင်းပညာခန်းမနှင့် ခပ်လှမ်းလှမ်းအကွာအဝေးထိ လမ်းလျှောက်ပြီးနောက် သူတို့၏အရှိန်အဝါများကို ပြန်လည်ထုတ်ဖော်ကာ အလင်းတန်းနှစ်တန်းအဖြစ် ချင်ရှန်းဂိုဏ်းထံသို့ဦးတည်၍ ပျံသန်းခဲ့တော့သည်။
သူတို့သည် ချင်ရှန်းဂိုဏ်း၏တံခါးဝသို့ ပြန်ရောက်ချိန်တွင် ချင်ရှန်းဘိုးဘေးက အတွင်းသို့ ကမန်းကတန်း ဝင်လိုက်သည်။
"ဆရာဦးလေး....ကျွန်တော်ကို စောင့်ပါဦး...ကျွန်တော်ကို စောင့်ဦး"
ကျူးယွမ်သည် ချင်ရှန်းဂိုဏ်းချုပ်၏နောက်မှ ကပ်လိုက်လာကာ သူ၏မျက်နှာပေါ်တွင် မျက်နှာချိုသွေးသော အမူအယာမျိုးရှိနေသည်။
"မင်း ဘာလိုချင်လို့လဲ"
ချင်ရှန်းဘိုးဘေးသည် သတိကြီးစွာထားနေသည့်အလား စိတ်မရှည်သောလေသံဖြင့် မေးမြန်းလေ၏။
"ဟီး...ဟီး..."
ကျူးယွမ်က သူ၏လက်နှစ်ဖက်ကိုပွတ်သပ်ကာ အပြုံးနှင့်ပြောဆိုသည်။
"ဆရာဦးလေး....အဲ့ဒီဓားကို တစ်ချက်လောက် ကြည့်ခွင့်ပြုပါလား"
"မင်းက ဘာလို့ကြည့်ချင်တာလဲ"
ချင်ရှန်းဘိုးဘေးက အော်ငေါက်လိုက်သည်။
"တစ်ချက်လေးပဲကြည့်မှာပါ...တစ်ချက်လေးပဲ"
ကျူးယွမ်က တောင်းပန်တိုးလျှိုးသောအမူအယာဖြင့် ဦးညွှတ်အရိုအသေပြုကာ ရို့ကျိုးစွာပြောဆိုသည်။
ဟမ့်...
ချင်ရှန်းဘိုးဘေးက စိတ်မရှည်သောအမူအယာဖြင့် နှာတစ်ချက်မှုတ်ကာ ဓားကိုထုတ်လိုက်သည်။
ဝှစ်....
ထိုဓားထွက်ပေါ်လာခြင်းနှင့်အတူ ကွဲပြားခြားနားသောအရှိန်အဝါမျိုးကို ယူဆောင်လာခဲ့သည်။ ကျူးယွမ်၏မျက်လုံးသည် ဟက်တက်ရာလေးသာ မြင်ရတော့သည်အထိ ကျဥ်းမြောင်းသွားကာ သူ၏လက်ကို ဂရုတစိုက်ဆန့်တန်း၍ ထိုဓားကိုတို့ထိကြည့်ရန် ကြိုးစားလိုက်၏။ ဖျတ်ခနဲဆိုသလိုပင် ချင်ရှန်းဘိုးဘေးက သူ၏ဓားကို ပြန်လည်သိမ်းဆည်းလိုက်သည်။
"တော်တော့...မင်းကြည့်တာ လုံလောက်ပြီ...ငါက အရင်ဆုံး တစ်ရက်လောက် တံခါးပိတ်ကျင့်ကြံအုံးမယ်...မနက်ဖြန်မှာ အစည်းအဝေးတစ်ခုလုပ်မယ်လို့ ဂိုဏ်းမှာရှိတဲ့ စီနီယာဂိုဏ်းဝင်တွေအားလုံးကို အသိပေးလိုက်စမ်း"
ထိုသို့ပြောဆိုပြီးနောက် ချင်ရှန်းဘိုးဘေးသည် အလင်းတန်းတစ်ခုအသွင်သို့ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ကျူးယွမ်သည် လေထုအတွင်း၌ တန်းလန်းဖြစ်နေသော သူ၏လက်ဝါးကိုကြည့်ပြီး မျက်နှာရှုံမဲ့သွားသည်။ သူသည် ချင်ရှန်းဘိုးဘေးထွက်ခွာသွားသောဘက်သို့ကြည့်ကာ အော်ဟစ်လိုက်သော်လည်း အမိန့်ကိုလျစ်လျှူမရှုဝံ့ချေ။ ထို့ကြောင့် မနက်ဖြန်တွင် အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ဂိုဏ်းဝင်များထံ အလျှင်အမြန်အကြောင်းကြားလိုက်၏။
"ခွေးလေး...ဒီနေရာကိုလာခဲ့အုံး"
ခြံဝင်းအတွင်းရှိ နောက်မှီကုလားထိုင်ပေါ်မှာလဲလျောင်းရင်း ရီဖုန်းက အောင်းချင်ကို လက်ယပ်ခေါ်လိုက်သည်။
အောင်းချင်သည် လိုလိုလျားလျားအမူအယာဖြင့် ရီဖုန်း၏ခြေထောက်နားသို့ရောက်လာကာ သူ၏အမြှီးကိုဝှေ့ယမ်းကာ သူ့၏မျက်စိကို မှေးထားလေ၏။
ခွေးကို တယုတယပွတ်သပ်ခြင်းသည် ရီဖုန်း၏နေ့စဥ်အလေ့အထများအနက်မှ တစ်ခုပင်။
ခွေးကိုပွတ်သပ်ပြီးနောက် ရီဖုန်းသည် ပျင်းရိငြီးငွေ့စွာဖြင့်အကြောဆန့်ကာ သူ၏အင်္ကျီကိုချွတ်လိုက်သဖြင့် ချောမွေ့ပြီးကျန်းမာသန်စွမ်းသော သူ၏ခန္ဓာကိုယ်အသားအရေကို တွေ့မြင်နေရသည်။
"လက်သီးချက်နည်းနည်းတော့ ထိုးအုံးမှပါ..မဟုတ်ရင် ငါ့ရဲ့အရိုးအရွတ်တွေက မလှုပ်ရှားတာကြာတော့ လေးလံနေသလိုပဲ"
ထိုသို့ပြောဆိုပြီးနောက် ရီဖုန်းသည် သူ၏အရိုးအရွတ်များကို ဆန့်တန်းကာ စိတ်တည်ငြိမ်သောအခြေအနေသို့ ဝင်ရောက်သွားတော့သည်။
သူသည် ကျင့်ကြံဆင့်အခြေခံမရှိသော်လည်း ရှောင်လင်လက်သီးသိုင်းကွက်များကို ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏လက်သီးနည်းစနစ်များသည် နတ်ဘုရားများနှင့် ယှဥ်ပြိုင်နိုင်သောအဆင့်သို့ ရောက်ရှိပြီးနေသဖြင့် လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် ချီအရှိန်အဝါများ သယ်ဆောင်ထားကာ ကိုယ်နေဟန်ထားတိုင်း၌ လှပခမ်းနားသော အရိပ်အယောင်မျိုးပါဝင်သည်။
အာ့ဝူး.....
နံဘေးဘက်တွင်ရှိနေသောအောင်းချင်သည် သူ၏မျက်လုံးကိုပြူး၍ စူးစိုက်ကြည့်နေကာ ရူးသွပ်လုနီးပါးအခြေအနေထိ အလွန်အမင်းစိတ်လှုပ်ရှားမှုကို တောင့်မခံနိုင်တော့သဖြင့် ကျယ်လောင်စွာ တစ်ချက်အူလိုက်သည်။
ရီဖုန်း စတင်လှုပ်ရှားခဲ့သည့် အချိန်မှစတင်၍ သိုင်းပညာစိတ်ဆန္ဒများသည် ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ စိမ့်ဝင်နေလေပြီ။ ထိုနည်းစနစ်များသည် ရှုပ်ထွေးခြင်းမရှိသည့် ရိုးရှင်းသောလက်သီးချက်များဖြစ်သော်လည်း အလွန်အမင်း နက်နဲသိမ်မွေ့သော ခံစားချက်တစ်ရပ်ပါရှိသည်။
အမှုမဲ့အမှတ်မဲ့ဖြင့် အောင်းချင်သည် တစ်စုံတစ်ခုကို လေ့လာဆင်ခြင်နိုင်ခဲ့ကာ သူ၏ကျင့်ကြံဆင့်သည် နောက်ထပ်နယ်ပယ်တစ်ခုသို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားလေ၏။
သို့ရာတွင် သူ၏နားလည်သဘောပေါက်နိုင်မှုသည် တဖြည်းဖြည်း ပို၍ပို၍လျော့နည်းလာသည်။
ထို့ထက်ပို၍ ထူးဆန်းသောအချက်မှာ သူသည် ရီဖုန်း အစောပိုင်းကလုပ်ဆောင်ခဲ့သော နည်းစနစ်များကို မှတ်မိရန်ကြိုးစားခဲ့စဥ်တွင် သူသည် ယခင်ကလှုပ်ရှားမှုများကို အနည်းငယ်မျှပင် မမှတ်မိတော့ကြောင်း သိရှိလိုက်ရသည်။
ဤအချိန်တွင် ရီဖုန်းသည် လက်သီးနည်းစနစ်များကို အလွန်အမင်းနက်နဲသိမ်မွေ့သောအဆင့်ထိ လေ့ကျင့်နေခဲ့သည်။ အောင်းချင်သည် စိတ်လှုပ်ရှားစွာဖြင့် ထိုလှုပ်ရှားမှုများကို ထပ်မံ၍ကြည့်ရှုလိုသော်လည်း သူ မူးဝေလာကာ ညည်းစီစီဖြစ်သွားသည်။ ပြင်းထန်သော သိုင်းပညာစိတ်ဆန္ဒများသည် သူ့အား ပေါက်ကွဲသွားစေလုနီးပါးပင်။
အောင်းချင်က ဤသည်မှာ သူ လောဘတကြီးမျှော်လင့်၍ရသော အဆင့်မျိုးမဟုတ်သည်ကို သိရှိသဖြင့် သူ၏မျက်လုံးကို အလျှင်အမြန်မှိတ်လိုက်သည်။
တဖြည်းဖြည်းနှင့် ရီဖုန်းသည် နောက်ဆုံး၌ သူ၏ပုံမှန်လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်၏။
"လန်းဆန်းသွားတာပဲ"
ရီဖုန်းက သူ၏နဖူးပေါ်မှချွေးများကို သုတ်လိုက်သည်။ အချိန်အတော်ကြာသည်အထိ လေ့ကျင့်ခြင်းမပြုလုပ်ဘဲ နေခဲ့ပြီးနောက် လက်သီးနည်းစနစ်များဖော်ထုတ်၍ ကျင့်ကြံပြီးချိန်တွင် သူ အလွန်အမင်းသက်တောင့်သက်သာဖြစ်သွားသကဲ့သို့ ခံစားမိသည်။
အောင်းချင်၏မျက်နှာပေါ်ရှိအကြည့်ကို မြင်တွေ့ချိန်၌ ရီဖုန်းက ရယ်ပြုံးကာ ခွေး၏ခေါင်းကိုပွတ်သပ်လိုက်သည်။
"ဘယ်လိုလဲ...မင်းရဲ့သခင်က တော်တယ်မဟုတ်လား"
အာ့ဝူး....အာ့ဝူး....
အောင်းချင်က နှစ်ကြိမ်အူလိုက်၏။
"ခွေးပေါက်လေး....မင်းက အရမ်းဥာဏ်ကောင်းတာပဲ"
ရီဖုန်းက ရေတစ်ခွက်သောက်ကာ ရယ်မောရင်း
"ဒီလိုဆိုမှတော့ ငါက နောက်ထပ်နည်းစနစ်တစ်ခုကို ထပ်ပြီးလေ့ကျင့်မှပါ"
လဖက်ရည်ခွက်ကို အောက်သို့ချပြီးနောက် ရီဖုန်းသည် စိတ်တည်ငြိမ်ခြင်းအဆင့်သို့ ပြန်လည်၍ဝင်ရောက်သွားတော့သည်။
ဤအခြေအနေသို့ဝင်ရောက်ပြီးမှသာ သူ လေ့ကျင့်ရာ၌ ပို၍ကောင်းမွန်သည်။ မကြာမီမှာပင် သူ၏လက်များ လှုပ်ရှားမှုအောက်တွင် နောက်ထပ်သိုင်းပညာနည်းစနစ်တစ်ခု တဖြည်းဖြည်းထွက်ပေါ်လာသည်။
အောင်းချင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
အကြီးအကဲ...အကြီးအကဲ...မင်းက ငါ့ကို ရည်ရွယ်ချက်ကောင်းနဲ့ အကောင်းဆုံးမြေတောင်မြှောက်ပေးနေတယ်ဆိုတာ ငါသိတယ်...ဒါပေမယ့် ငါ ဒါကို ခံနိုင်ရည်ရှိမရှိ မင်း ကြည့်အုံးလေ....
အစောပိုင်းက ရှောင်လင်လက်သီးနည်းစနစ်ပင်လျှင် သူ့အား မူးဝေကာ ပေါက်ကွဲထွက်လုနီးပါးဖြစ်စေခဲ့သည်။ အကျိုးဆက်အနေဖြင့် ရီဖုန်းသည် ပို၍နက်နဲသိမ်မွေ့သောလက်သီးနည်းစနစ်ကို ထပ်မံလေ့ကျင့်နေလေပြီ။
ဤလက်သီးနည်းစနစ်ကိုမူ သူ တစ်ချက်ပင် မကြည့်ဝံ့ချေ။
အမှန်အားဖြင့် ဤသည်က သူ မလိုချင်၍မဟုတ်ချေ။ သို့ရာတွင် အဓိကသော့ချက်မှာ သူ ထိုအရာကိုကြည့်ရှုရန် ကံကြမ္မာကောင်းမျိုးရှိမရှိကို ဆန်းစစ်ရပေမည်။
သိုင်းပညာနည်းစနစ်များကို ဆက်တိုက်လေ့ကျင့်ပြီးနောက် ရီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့်ရွှဲနစ်နေသော်လည်း သူ အလွန်အမင်း သက်တောင့်သက်သာရှိနေသကဲ့သို့ ခံစားနေရသည်။ ရီဖုန်းသည် ရေချိုးပြီးချိန်တွင် နောက်မှီကုလားထိုင်ပေါ်၌ တဖန်ပြန်၍ လဲလျောင်းလိုက်၏။
ထို့နောက် သူ့အား ချင်ရှန်းဘိုးဘေးပေးခဲ့သည့် မီးပုလဲကိုထုတ်ယူကာ သူ၏လက်နှင့်ကိုင်ပြီး စဥ်းစားတွေးတောလိုက်သည်။
Chapter 22
"သေချာတာပေါ့...ဒါက အနုပညာလက်ရာကောင်းတစ်ခုပဲ"
ရီဖုန်းက အချိန်တခဏကြာလေ့လာဆန်းစစ်ပြီးနောက် ပြောဆိုသည်။ သူသည် ဤပစ္စည်းကို ကြီးကြီးမားမားလက်တွေ့အသုံးပြုနိုင်မည့်နေရာကို ရှာမတွေ့ချေ။
"ဒါပေမယ့်...."
ရီဖုန်းက ခေါင်းငုံကာ မြေပြင်ပေါ်ရှိ သစ်ရွက်ကြွေများကိုကြည့်လိုက်သည်။ အမှုမဲ့အမှတ်မဲ့ဖြင့် နွေရာသီကုန်ဆုံးကာ ဆောင်းဦးရာသီသို့ ရောက်ရှိလာလေပြီ။
ဤကမ္ဘာလောကအတွင်းရှိ ဆောင်းဦးရာသီသည် သူ၏အတိတ်ဘဝအတွင်းရှိ ဆောင်းဦးရာသီထက် ပို၍အေးမြသည်။ ဤနေရာတွင် ဆောင်းဦးရာသီသည် အလွန်အေးပြီး ဆောင်းရာသီသည် ပို၍ပင်အေးမြကာ နှင်းများက နေရာအနှံ့အပြား၌ ကျဆင်းနေပေမည်။
ကျင့်ကြံသူများအတွက် ဤကဲ့သို့ရာသီဥတုမျိုးသည် သူတို့အပေါ် များစွာသက်ရောက်စေခြင်းမရှိချေ။
သို့ရာတွင် သူ့ကဲ့သို့ သာမာန်လူတစ်ယောက်ကိုမူ ခွေးတစ်ကောင်အလား အေးခဲသွားစေရန် လုံလောက်သည်။
ထို့ကြောင့် ဤပုလဲလုံးသည်.....
"နောက်ထပ်ရက်အနည်းငယ်အတွင်းမှာ အပူချိန်ကျဆင်းသွားတဲ့အချိန်ကျရင် ဒါကို ငါ့အတွက် အပူပေးစက်အနေနဲ့ အသုံးပြုလို့ရတယ်....ဟား ဟား ဟား....ဒါက သန့်ရှင်းပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တယ်...အရမ်းအဆင်ပြေမှာပဲ"
"ပိုပြီးအရေးကြီးတာတစ်ခုက ငါ မီးသွေးဝယ်ရမယ့်ငွေတွေ မကုန်တော့ဘူး"
ရီဖုန်းသည် သူ၏ဥာဏ်ကောင်းမှုကို သူ ပြန်သဘောကျနေခဲ့သည်။ သူသည် ပျင်းရိငြီးငွေ့စွာဖြင့် အကြောဆန့်ပြီး အရှေ့ဘက်ခန်းမထံသို့ လျှောက်လှမ်းသွားလိုက်ရာ တံခါးဝတွင် ငူငူကြီးထိုင်နေသော ကျုံးချင်ကို တွေ့မြင်မိသည်။
ရီဖုန်းက ရှေ့သို့အနည်းငယ်မျှော်ကြည့်လိုက်ရာ ကျုံးချင်သည် အဝေး၌ရံဖန်ရံခါ ဖြတ်သန်းသွားသော ကျင့်ကြံသူများအား စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ကြည့်ရတာတော့ ဒီကောင်လေးက ကျင့်ကြံဖို့အတွက်ကို ပြင်းပြတဲ့ဆန္ဒရှိနေတုန်းပဲ"
ရီဖုန်းက တိုးညှင်းစွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ထိုအသံကိုကြားသဖြင့် ကျုံးချင်သည် ချက်ချင်းမတ်တတ်ထရပ်ကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"ဆရာသခင်ကို ဂါရဝပြုပါတယ်"
ရီဖုန်းက သူ၏လက်ကို ဝှေ့ယမ်းပြလေ၏။
သူသည် လက်ကိုနောက်ပစ်ပြီး ကျုံးချင်ထံသို့လျှောက်လှမ်းသွားကာ အဝေးရှိမိုးကောင်းကင်ယံကိုကြည့်၍ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်းရဲ့စိတ်ထဲမှာ တစ်ခုခုရှိနေတယ်ဆိုတာ ငါ သိတယ်"
ကျုံးချင်က အနည်းငယ်အံ့အားသင့်သွားသည်။
ရီဖုန်းက ပြုံးပြကာ ကျုံးချင်ကို ခွေးခြေခုံတစ်လုံးပေါ်၌ထိုင်ရန် ပြောဆိုသည်။
ဆောင်းဦးရာသီတွင် သစ်ရွက်များကြွေကျသော်လည်း သစ်သီးများပေါကြွယ်ဝသောရာသီဖြစ်နေဆဲပင်။ တံခါးရှေ့ရှိ လမ်းမပေါ်တွင်လည်း ပုံမှန်အတိုင်း စည်ကားနေသည်။ ဆရာတပည့်နှစ်ယောက်သည် သိုင်းပညာခန်းမ၏ရှေ့ရှိ တံခါးဝတွင်ထိုင်နေကာ အာစေးမိနေကြသည့်အလား တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
"မင်းက ငါ့ကို အများကြီးပြောချင်ပုံမရဘူး...."
နောက်ဆုံးတွင် ရီဖုန်း၏ပါးစပ်မှ အသံထွက်ပေါ်လာသည်။
ကျုံးချင်က ရီဖုန်းဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒါပေမယ့်....ဘာကိစ္စပဲရှိရှိ ဆရာက မင်းကို ဟန့်တားမှာမဟုတ်ဘူး...ချင်ရှန်းဂိုဏ်းက ဆယ်ရက်ကိုတစ်ကြိမ် တပည့်သစ်တွေလက်ခံတယ်....တကယ်လို့ မင်း ဆန္ဒရှိတယ်ဆိုရင် ဆယ်ရက်ပြည့်တိုင်း မင်း ကံစမ်းလို့ရတယ်"
ရီဖုန်းက ပြောဆိုသည်။
ကျုံးချင်က သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ကာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ရီဖုန်းသည် ထပ်မံ၍ စကားမဆိုတော့ဘဲ လမ်းပေါ်တွင် လျှောက်လှမ်းနေသောလူများ တစတစ ပို၍နည်းပါးလာသည်ကို စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်၏။
"ညစာစားဖို့ အချိန်ကျပြီ"
သူက ပြောဆိုသည်။
"ဆရာ...."
ရုတ်တရက် ကျုံးချင်က ရီဖုန်းကိုဟန့်တားရန်အတွက် အော်ခေါ်လိုက်သည်။
ရီဖုန်းက သူ၏ခေါင်းကို ဖြည်းညှင်းစွာလှည့်ကာ ဆောင်းဦးလေကြောင့် အသားပပ်နေသော ကောင်လေး၏မျက်နှာကို ကြည့်လိုက်၏။
"ကျွန်တော်မှာ လက်စားချေစရာကိစ္စရှိတယ်"
"ကျွန်တော်မှာ အရမ်းနက်ရှိုင်းတဲ့ သွေးကြွေးရန်ငြိုးရှိနေတယ်"
ကျုံးချင်၏မျက်လုံးများ နီမြန်းနေကာ မျက်ရည်များ ရစ်ဝိုင်းနေသည်။ သူက အံ့တင်းတင်းကြိတ်ထားကာ သူ၏ဆိုးရွားသောအတိတ်မှကိစ္စများကို ပြန်လည်တွေးတောပြီး ရီဖုန်းကို ပြောဆိုနေသကဲ့သို့ပင်။ သူသည် ဤကိစ္စများကိုထုတ်ပြောရန်အတွက် အလွန်သတ္တိမွေးရန် လိုအပ်ပုံရသည်။
ရီဖုန်းသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
"ရန်သူက အရမ်းအစွမ်းထက်တယ်...အရမ်းအစွမ်းထက်လွန်းလို့ ကျွန်တော် အသက်တောင်မရှုနိုင်တဲ့အထိပဲ"
ကျုံးချင်က တုန်ရီနေသောအသံဖြင့်ပြောဆိုကာ ရီဖုန်း သူ့ကိုပေးထားသော ဆေဘာဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး
"အဲ့ဒီရန်သူတွေက ချင်ရှန်းဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေလောက် အစွမ်းထက်တယ်...သူတို့က ချင်ရှန်းဂိုဏ်းရဲ့ဘိုးဘေးအိုကြီးတွေလိုတောင် အစွမ်းထက်နေနိုင်တယ်"
ရီဖုန်းသည် မသိစိတ်မှနေ၍ သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။
"ကျွန်တော်က ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနိုင်မှ ကျွန်တော်အတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုရနိုင်မယ်....."
ကျုံးချင်က နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် ရီဖုန်းကိုကြည့်ကာ ပြောဆိုသည်။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ရီဖုန်းက လေးဖင့်စွာ ခေါင်းညိတ်လိုက်သည်။
သူ နောက်သို့ပြန်လှည့်လိုက်၏။
သူ၏မျက်လုံးတစ်စုံသည်လည်း နီမြန်းနေလေပြီ။
သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်မကြည်မသာဖြစ်နေကာ လောကကြီးကို မုန်းတီးနေပြီး ဒေါသထွက်လာခဲ့သည်။
ဤကမ္ဘာလောကသည် အလွန်ခက်ခဲကြမ်းတမ်းကာ ကျုံးချင်သည် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အလွန်ကြီးမားသောကံကြမ္မာဆိုးများကို တောင့်ခံနေရသည်။ သူသည် သာမာန်သေမျိုးတစ်ယောက်ဖြစ်သဖြင့် သူကိုယ်တိုင်ပင် ကူကယ်ရာမဲ့နေခြင်းကို မုန်းတီးမိသည်။ သူသည် မိုးကောင်းကင်တာအို၏တရားမမျှတမှုကို ဒေါသထွက်နေမိကာ ကျုံးချင်ထံတွင်လည်း ကျင့်ကြံရန်အတွက် အရည်အချင်းရှိမနေချေ။
ကျင့်ကြံခြင်းလမ်းကြောင်း.....
ဤသည်က သူတို့အတွက် အဆုံးစွန်ဆုံးထိ ဝေးကွာနေသောအရာပင်။
ချင်ရှန်းဂိုဏ်း၏ဂိုဏ်းချုပ်နှင့်အကြီးအကဲများသည် သာမာန်လူများလက်လှမ်းမမှီနိုင်သောအမြင့်သို့ ရောက်ရှိနေလေပြီ။ သာမာန်လူများသည် ဒဏ္ဍာရီအဖြစ်သာကြားဖူးပြီး တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိသော ချင်ရှန်းဂိုဏ်း၏ဘိုးဘေးအိုကြီးများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
နောက်တစ်နေ့တွင်....
ချင်ရှန်းဂိုဏ်း...မဟာခန်းမ....
ချင်ရှန်းဘိုးဘေးသည် အဓိကထိုင်ခုံပေါ်၌ထိုင်နေကာ သူ၏မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုနှင့် အနည်းငယ်ရှက်ရွံမှုတို့ ရောယှက်နေသော အမူအယာမျိုးရှိနေသည်။
ယမန်နေ့က ဓားကိုငှားယမ်းပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံကာ တစ်နေ့လုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့သည်။ ပြိုင်ဘက်ကင်းနတ်ဘုရားဓားသည် သူ့အား စိတ်မပျက်စေဘဲ သူ၏တိုက်ခိုက်စွမ်းအားကို အဆင့်တစ်ခုထိ မြင့်တက်သွားစေခဲ့သည်။
သို့ရာတွင် ဓားအတွင်း၌ပါသော သိုင်းပညာစိတ်ဆန္ဒများသည် အလွန်နက်နဲသိမ်မွေ့သဖြင့် သူ လိုက်လျောညီထွေဖြစ်အောင် အသုံးမပြုနိုင်ချေ။ ဤခါးသည်းသောလေ့ကျင့်ချိန်အတောအတွင်းတွင် သူသည် တတိယအကြီးအကဲ၏အိမ်တော်ကို မတော်တဆခုတ်ပိုင်းမိသည့်အပြင် တတိယအကြီးအကဲ၏အချစ်ဆုံးတပည့်ဖြစ်သော ယုဝမ်ကျီးကို သတ်မိလုနီးပါးပင်။
"အဟွတ်...အဟွတ်...အဟွတ်...ဒါက ငါ ဒီလိုရတနာဓားမျိုးကိုကိုင်တာ ပထမဆုံးအကြိမ်မလို့ပါ...ကျေးဇူးပြုပြီးတော့ စိတ်မရှိကြပါနဲ့"
ချင်ရှန်းဘိုးဘေးသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်ပြီးချိန်တွင် နောက်ဆုံး၌ သူ၏ရှေ့တွင် မှုန်တေတေမျက်နှာများဖြင့် မတ်တတ်ရပ်နေသူနှစ်ယောက်ကိုကြည့်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ဘိုးဘေးက ရတနာဓားကို ရယူနိုင်ခဲ့တာ ငါတို့ဂိုဏ်းအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ...ဒီအသေးအမွှား မတော်တဆမှုလေးတွေကတော့ မပြောပလောက်ပါဘူး"
ထိုသို့ဆိုလိုက်သည့်တိုင် တတိယအကြီးအကဲ၏စိတ်နှလုံးသားအတွင်း၌ သောင်းနှင့်ချီသောကုလားအုတ်များ ဒုန်းစိုင်းပြေးလွှားနေသကဲ့သို့ပင်။
သူ၏အိမ်တော်ကို တည်ဆောက်ခဲ့သည့် ကုန်ကျစရိတ်ကို ထည့်မတွက်လျှင်ပင် သူ၏အကြီးအကဲတစ်ယောက်ဟူသော အဆင့်အတန်းနှင့် နှစ်ပေါင်းများစွာကြာအောင် ရတနာများကို ရှာဖွေစုဆောင်းခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအရာများအားလုံးသည် ဓားချက်တစ်ချက်ကြောင့် လုံးလုံးလျားလျား ပျက်စီးသွားလေပြီ။
ဤသည်က သူ၏နှလုံးသားကို ကြေကွဲစေခဲ့သည်။
ယုဝမ်ကျီး၏အခြေအနေသည်လည်း မကောင်းလှချေ။ မူလက သူ၏ဖြူဖွေးချောမွေ့သောမျက်နှာသည် ယခုချိန်၌ သေခါနီးအသက်ငင်နေသော လူမမာတစ်ယောက်အလား ဖြူဖျော့နေသည်။
ထို့ထက်ပို၍ အရှက်တကွဲဖြစ်ခဲ့ရသောကိစ္စမှာ သူ့အား အိမ်တော်အပျက်အစီးများအကြားမှ ဆွဲထုတ်ကြချိန်တွင် သူ၏အတွင်းခံဘောင်းဘီသည် ထိုဓားချက်၏အစွမ်းထက်သောအရှိန်အဝါအောက်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားခဲ့သည်။
ဤသည်က သူ့အား ချင်ရှန်းဂိုဏ်း၏လှောင်ပြောင်စရာတစ်ခုဖြစ်သွားစေခဲ့ပြီး လူအများသည် နေရာအနှံ့အပြား၌ ပြောဆိုနေကြသည်မှာ သူ၏ငှက်ငယ်လေးသည်....
Chapter 23
"ကောင်းပြီလေ...ဒီနေ့ အစည်းအဝေးက သိပ်ပြီးအရေးကြီးတာတော့ မရှိပါဘူး"
အဓိကထိုင်ခုံနေရာ၌ထိုင်နေသော ချင်ရှန်းဘိုးဘေးသည် သူ၏ကြီးကျယ်ခမ်းနားသော အပြုအမူကို ပြန်လည်ရရှိသွားသည်။
"ငါ မင်းတို့အားလုံးကို အသိပေးချင်တာက မင်းတို့ရဲ့ဘိုးဘေးဖြစ်တဲ့ငါက ဆရာကြီးတစ်ယောက်ရဲ့မျက်နှာသာပေးမှုကို ခံရပြီးတော့ ရတနာဓားတစ်လက်ကို ရခဲ့တယ်ဆိုတာပဲ...ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက သိသိသာသာ တိုးတက်လာပြီးတော့ ရွှမ်းဝူကို အနိုင်ယူနိုင်ဖို့က မကြာခင်မှာပဲ ငါ ဖမ်းဆုပ်နိုင်လိမ့်မယ်"
သူ၏စကားလုံးများအတွင်းရှိ ဝမ်းမြောက်ပျော်ရွှင်ဖွယ် အငွေ့အသက်များသည် နွေဦးလေပြေညင်းအလား ချင်ရှန်းဂိုဏ်း၏စိတ်ပျက်အားငယ်နေသောအရှိန်အဝါများကို အဝေးသို့လွင့်ပြယ်သွားစေသည်။
"ငါတို့ရဲ့ချင်ရှန်းဂိုဏ်းကို မိုးကောင်းကင်က ကောင်းချီးပေးနေတာပဲ"
လူအုပ်ကြီးက ဝမ်းမြောက်ဝမ်းသာ အော်ဟစ်လိုက်ကြသည်။
"ဒါကြောင့် ဘာမှမစိုးရိမ်ကြနဲ့တော့"
ချင်ရှန်းဘိုးဘေး၏အသံက ခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"တခြားဆွေးနွေးချင်တဲ့သူ ရှိသေးလား...တကယ်လို့ မရှိဘူးဆိုရင် ငါက အစည်းအဝေးကို ရုတ်သိမ်းလိုက်တော့မယ်"
အောက်တွင်ရှိနေသော လူအများသည် အချင်းချင်း အကြည့်ခြင်းဖလှယ်နေကြကာ သူတို့အားလုံး၏မျက်လုံးများအတွင်း၌ တူညီသောစိတ်ဆန္ဒများရှိနေသည်။
နောက်ဆုံး၌ မဟာအကြီးအကဲက ခြေလှမ်းရှေ့တိုးကာ ရိုသေလေးစားစွာ ပြောဆိုသည်။
"ဘိုးဘေး....ကျွန်တော်တို့မှာ ဒီရတနာဓားကို သက်သေပြတဲ့အနေနဲ့ ကြည့်နိုင်ဖို့ ဂုဏ်ကျက်သရေမျိုး ရှိနိုင်မလား"
ထိုစကားလုံးများနှင့်အတူယှဥ်တွဲ၍ လူအများ၏မျှော်လင့်နေသောမျက်လုံးအကြည့်များက ချင်ရှန်းဘိုးဘေးထံသို့ စူးစိုက်၍ကျရောက်လာသည်။
"ကောင်းပြီလေ"
ချင်ရှန်းဘိုးဘေးက ခေါင်းညိတ်ပြလေသည်။ သူ အနည်းငယ်တွန့်ဆုတ်နေသော်လည်း လူအများ ကြည့်လိုသည်ကို သူ ငြင်းဆန်လိုက်ပါက မယဥ်ကျေးရာကျပေမည်။
"ဒါဆိုရင်လည်း မင်းတို့ရဲ့မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားပြီးတော့ သေချာကြည့်ကြစမ်း"
သူ၏အသံ ကျရောက်လာချိန်တွင် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်းသည် သူတို့၏အသက်ရှုခြင်းကိုထိန်းသိမ်းကာ သူတို့၏မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကြ၏။
ရွှပ်....
အလင်းတန်းတစ်တန်း ရုတ်တရက် ဖြာထွက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ချင်ရှန်းဘိုးဘေးသည် ဓားကိုပြန်လည်သိမ်းဆည်းကာ သူ၏မျက်နှာပေါ်၌ စိတ်ကျေနပ်သွားသောအပြုံးတစ်ခုရှိနေသည်။ သူက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
"ဘယ်လိုလဲ...မင်းတို့ သေချာကြည့်လိုက်ရတယ်မလား"
"ဘိုးဘေး...."
ခန်းမအတွင်းရှိ လူအများ၏မျက်နှာအမူအယာများ ပျက်ယွင်းနေသည်။
ချင်ရှန်းဘိုးဘေး ထုတ်ပြသောအရှိန်ဖြင့် သူတို့သည် အလင်းတန်းတစ်တန်းဖြတ်သန်းသွားသည်မှတပါး တခြားမည်သည့်အရာကိုမျှ မမြင်တွေ့လိုက်ရချေ။
"ကောင်းပြီလေ...တတိယအကြီးအကဲ ခဏနေခဲ့ဦး....တခြားလူတွေအားလုံး သွားလို့ရပြီ"
ချင်ရှန်းဘိုးဘေးသည် စိတ်မရှည်ပုံဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ သူတို့ကို မောင်းထုတ်လိုက်သည်။
လူအုပ်ကြီးသည် အင်တင်တင်ဖြင့် ထွက်ခွာသွားကြကာ တတိယအကြီးအကဲနှင့်ယုဝမ်ကျီးတို့သာ ကျန်ခဲ့သည်။
"ဘာကိစ္စရှိလို့ ဘိုးဘေးက ကျွန်တော်တို့နှစ်ယောက်ကို နေခဲ့ခိုင်းတယ်ဆိုတာ ကျွန်တော် မေးလို့ရမလား"
တတိယအကြီးအကဲသည် ရိုသေလေးစားစွာဖြင့် မေးမြန်းကာ သူ၏စိတ်နှလုံးသားအတွင်း၌ ဘိုးဘေးသည် သူတို့အား လျော်ကြေးပေးမည်ကို တိတ်တဆိတ် မျှော်လင့်နေမိသည်။
"မင်းရဲ့အိမ်တော်ကို ဖျက်ဆီးမိပြီးတော့ မင်းရဲ့တပည့်ကို ဒဏ်ရာရစေခဲ့တဲ့အတွက် ငါ စိတ်မကောင်းပါဘူး...ဂိုဏ်းကနေပြီးတော့ မင်းကို လျော်ကြေးအများကြီး ပေးနိုင်မှာမဟုတ်ဘူး...ဒါကြောင့် ချွင်းချက်အနေနဲ့ ငါက မင်းတို့နှစ်ယောက်ကို ဒီဓားကိုထပ်ကြည့်ခွင့်ပြုလိုက်မယ်"
ချင်ရှန်းဘိုးဘေးက အလွန်သဘောထားကြီးသောအမူအယာနှင့် ပြောဆိုသည်။
တတိယအကြီးအကဲ၏မျက်နှာ ရှုံမဲ့သွားသည်။
သို့ရာတွင် ဤရတနာဓားကို ထပ်ကြည့်ခွင့်ရခြင်းသည်လည်း လျော်ကြေးပေးသည့်ပုံစံတစ်မျိုးပင်။
ချင်ရှန်းဘိုးဘေးသည် ဓားကိုထပ်မံ၍ထုတ်ကာ အချိန်တခဏသာ ကိုင်ထားသော်လည်း သူတို့နှစ်ယောက်သည် ဓား၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို တွေ့မြင်နိုင်ရန်အတွက် အချိန်လုံလောက်သည်။
သူတို့ မည်မျှပင် တွေးတောကြည့်ပါစေ ချင်ရှန်းဘိုးဘေး ပြောဆိုနေသော ရတနာဓားသည် သာမာန်မီးဖိုချောင်သုံးဓားတစ်လက်၏ပုံစံမျိုးရှိနေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
အမှန်တကယ်ကို မီးဖိုချောင်သုံးဓားတစ်လက်ပင်။
သို့ရာတွင် သူတို့နှစ်ယောက်သည် ထိုမီးဖိုချောင်သုံးဓားမှနေ၍ လွှမ်းမိုးချုပ်ကိုင်နေသောအရှိန်အဝါနှင့် ထူထပ်သိပ်သည်းသောသိုင်းပညာစိတ်ဆန္ဒတို့ကို အမှန်တကယ်အာရုံခံမိသည်။ ဤသည်က ပြိုင်ဘက်ကင်းနတ်ဘုရားဓားတစ်လက်ဖြစ်ကြောင်း လုံလောက်စွာ ကိုယ်စားပြုနေခြင်းပင်။
ယုဝမ်ကျီးသည် အတွေးတချို့ရရှိသွားသဖြင့် ထိုဓား၏ပုံသဏ္ဍာန်ကို ကျောက်စိမ်းပြားတစ်ခုပေါ်၌ အလျှင်အမြန်ခတ်နှိပ်လိုက်၏။
ချင်ရှန်းဘိုးဘေးသည် ယုဝမ်ကျီးကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားမျှပြောဆိုခြင်းမရှိချေ။
မဟာခန်းမမှထွက်ခွာခဲ့ပြီးနောက် ယုဝမ်ကျီးသည် အပြင်ဘက်တံခါးထံသို့ အလျှင်အမြန် အပြေးသွားခဲ့သည်။ လမ်းတလျှောက်၌ လူတချို့သည် သူ့ကို တိတ်တဆိတ်လက်ညှိုးညွှန်ကာ သူ့အကြောင်းကို တီးတိုးပြောဆိုနေကြသည်။ သို့ရာတွင် သူ၏အဆင့်အတန်းကြောင့် သာမာန်တပည့်များသည် လွန်လွန်ကျူးကျူး မပြောဆိုဝံ့ချေ။
သို့ရာတွင် သူ၏မျက်နှာအမူအယာသည် မှုန်တေတေဖြစ်နေဆဲပင်။
"အကိုဝမ်ကျီး...ရှင် ဒဏ်ရာရထားတယ်လို့ ကျွန်မကြားထားတယ်...အဆင်ပြေရဲ့လား"
နောက်ဆုံး၌ ဝတ်စုံရှည်တစ်ထည်ကိုဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်က ယုဝမ်ကျီးထံသို့လျှောက်လှမ်းလာကာ စိုးရိမ်ပူပန်တကြီးပြောဆိုသည်။
သူမသည် ဖန်းယင်ပင်။ ချင်ရှန်းဂိုဏ်းအတွင်းသို့ တရားဝင်ဝင်ရောက်ပြီးနောက် သူမ၏ဝတ်စားဆင်ယင်မှုနှင့်စိတ်နေစိတ်ထားတို့သည် အရည်အသွေး ပြောင်းလဲသွားကာ သူမအား ပို၍ပင်ဆွဲဆောင်မှုရှိသွားစေသည်။
"မျှော်လင့်ထားသလိုပဲ ငါ့မှာအမြင်ကောင်းရှိနေတယ်...ဒီလိုဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့ သူက ချင်ရှန်းဂိုဏ်းရဲ့ထိပ်သီးအလှပဂေးဆယ်ယောက်ထဲက တစ်ယောက်ဖြစ်လာနိုင်တယ်"
ယုဝမ်ကျီး၏ဖြူဖျော့ဖျော့မျက်နှာပေါ်၌ ညစ်ညမ်းသောအကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။ ဖန်းယင်ထံတွင် မည်သည့်ကောင်းမွန်သောအခြေခံအုတ်မြစ်မျှမရှိဘဲ အကြီးအကဲတစ်ယောက်၏လက်ရင်းတပည့် ဖြစ်လာခဲ့သည်။ ဖန်းယင်ထံတွင် လှပချောမောမှုသာမရှိပါက သူသည် ချင်ရှန်းဂိုဏ်းသို့ဝင်ရန်ပင် အရည်အချင်းမရှိသော သာမာန်လူတစ်ယောက်ကို အာရုံစိုက်နေမည်မဟုတ်ချေ။
သူသည် ဖန်းယင်၏အနီးသို့ ချဥ်းကပ်လာသည်နှင့်အမျှ သူ၏မျက်နှာပေါ်ရှိ ညစ်ညမ်းသောအမူအယာသည် အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားကာ သူက နူးညံညင်သာစွာပြောဆိုသည်။
"ဘာမှမစိုးရိမ်ပါနဲ့...ငါ အဆင်ပြေပါတယ်"
"စီနီယာအကိုက အဆင်ပြေတယ်လို့သာပြောနေတာ...ရှင့်ရဲ့မျက်နှာက အရမ်းဖြူရော်ရော်ဖြစ်နေတယ်"
ဖန်းယင်က စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ပြောဆိုသည်။
"စကားမစပ် ဘာတွေဖြစ်ခဲ့တာလဲ...ဘာလို့ စီနီယာအကိုက ဂိုဏ်းထဲမှာနေနေပြီးတော့ ဒဏ်ရာရခဲ့တာလဲ"
ဖန်းယင်၏မေးခွန်းများသည် ယုဝမ်ကျီးအတွက် ဆိုးရွားသောအမှတ်တရများကို ပြန်၍အစဖော်နေသကဲ့သို့ပင်။
သူ့အတွက် အရှက်ကွဲခြင်း ထိတ်လန့်ကြောက်ရွံခြင်းတို့နှင့် ပြည့်နှက်နေသော အမှတ်တရများဖြစ်သည်။
ဓားချက်ကျရောက်လာသော အချိန်အခိုက်အတန့်တွင် သူ သေဆုံးရတော့မည်ဟု သူ အမှန်တကယ်ကို တွေးထင်ခဲ့သည်။
သို့ရာတွင် ယုဝမ်ကျီးသည် သူ၏မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံမှုများကို အလျှင်အမြန်ဖုံးကွယ်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်၏။
"ဘိုးဘေးက ရတနာဓားတစ်လက်ကို ရခဲ့တယ်...ဒါပေမယ့် ဓားကအရမ်းအစွမ်းထက်တာကြောင့် ဘိုးဘေးက အပြည့်အဝမထိန်းချုပ်နိုင်ခဲ့ဘူး....မတော်တဆအမှားတစ်ခုဖြစ်ပြီးတော့ အဲ့ဒီဓားချက်က ငါ့ဆရာသခင်ရဲ့အိမ်တော်ကို ခုတ်ပိုင်းခဲ့ရုံတင်မကဘူး...ငါ့ဆီကိုလည်း ဦးတည်ပြီးဝင်လာခဲ့တယ်....."
ထိုစကားကိုကြားချိန်တွင် ဖန်းယင်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
ယုဝမ်ကျီးက ဖန်းယင်ကိုစောင်းငဲ့ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ရိုးရိုးသားသားဝန်ခံရရင် အဲ့ဒီဓားချက်ကို ဟန့်တားဖို့အတွက် ငါ အင်အားအများကြီး စိုက်ထုတ်ခဲ့ရတယ်...ငါ့မှာရှိတဲ့အရာရာတိုင်းကို ထုတ်သုံးခဲ့တာတောင် ငါ ဒဏ်ရာရခဲ့တုန်းပဲ"
သူက တောင်းပန်လိုသောအမူအယာဖြင့် ဖန်းယင်ကို ကြည့်လေသည်။
"ယင်အာ...ငါ တောင်းပန်ပါတယ်....ငါ အသုံးမကျခဲ့လို့ ဒဏ်ရာရခဲ့ပြီးတော့ မင်း စိတ်ပူအောင်လုပ်ခဲ့မိတယ်"
"စီနီယာအကိုက ဘာတွေပြောနေတာလဲ"
ဖန်းယင်က အားပေးသည့်အနေဖြင့် ယုဝမ်ကျီး၏လက်ကို ဆုပ်ကိုင်လိုက်၏။
"ဘိုးဘေးရဲ့တိုက်ခိုက်မှုတစ်ခုကို ဟန့်တားနိုင်ခဲ့တာကပဲ အံ့အားသင့်ဖို့ကောင်းနေပြီ...တခြားဘယ်တပည့်မှ စီနီယာအကိုလို စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်"
"ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒဏ်ရာရခဲ့တယ်လေ"
ယုဝမ်ကျီးက စိတ်ပျက်လက်ပျက်အမူအယာဖြင့် သူ၏ခေါင်းကိုခါယမ်းလိုက်သည်။
"စီနီယာအကိုက အရမ်းသန်မာပြီးတော့ ထူးချွန်ထဲ့သူတစ်ယောက်ပါ"
ဖန်းယင်က ဖြည့်စွက်ပြောဆိုသည်။
ယုဝမ်ကျီးက ဖန်းယင်ကိုကြည့်ကာ မေးမြန်းလိုက်သည်။
"မင်း တကယ်ပြောတာလား"
"တကယ်ပေါ့...စီနီယာအကိုက ကျွန်မရဲ့စိတ်နှလုံးသားထဲမှာတော့ အတော်ဆုံးလူပဲ"
ဖန်းယင်က လေးနက်စွာဖြင့် အတည်ပြုလေသည်။
"ယင်အာ...မင်းက ငါ့အပေါ်မှာ အရမ်းကြင်နာတာပဲ"
ယုဝမ်ကျီးက နူးညံညင်သာစွာ ပြောဆိုသည်။ သူ၏လက်ကိုအနည်းငယ်လှုပ်ရှားလိုက်ရာ ဖန်းယင်သည် သူ၏ရင်ခွင်အတွင်းသို့ ရောက်ရှိလာပေ၏။ သူ၏လက်မောင်းပေါ်မှ နူးညံပျော့ပျောင်းမှုကို ခံစားမိချိန်တွင် ယုဝမ်ကျီး၏နှုတ်ခမ်းထောင့်များ အလိုအလျောက် တွန့်ကွေးသွားသည်။
အချိန်တခဏကြာပွေ့ဖက်ထားခံရပြီးနောက် ဖန်းယင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလေ၏။
"ဒါနဲ့ ဘိုးဘေးတောင် အပြည့်အဝမထိန်းချုပ်နိုင်တဲ့ဓားက ဘယ်လိုဓားမျိုးလဲ"
ယုဝမ်ကျီး၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ဤတစ်ကြိမ်တွင် သူ၏မျက်နှာပေါ်၌ မည်သည့်ဟန်ဆောင်ပန်ဆောင် အရိပ်အယောင်မျိုးမျှရှိမနေဘဲ သူက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"အဲ့ဒီဓားက အရမ်းကြောက်ဖို့ကောင်းတယ်"
အမ်....
ဖန်းယင်၏မျက်ခုံး မြင့်တက်သွားသည်။
"မင်း တစ်ချက်ကြည့်ပြီးရင် နားလည်သွားလိမ့်မယ်"
သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ကျောက်စိမ်းပြားတစ်ပြားက ယုဝမ်ကျီး၏လက်အတွင်း၌ ထွက်ပေါ်လာသည်။ ကျောက်စိမ်းပြား၏ မှိန်ဖျော့ဖျော့အလင်းရောင်နှင့် အတူယှဥ်တွဲ၍ ပုံရိပ်တစ်ခုက ဖန်းယင်၏မျက်လုံးရှေ့၌ ထွက်ပေါ်လာသည်။
Chapter 24
ကျောက်စိမ်းပြား၏မျက်နှာပြင်ပေါ်တွင်.....
ချင်ရှန်းဘိုးဘေးက တတိယအကြီးအကဲနှင့်ယုဝမ်ကျီးတို့ကို ဓားပြသခဲ့သော ပုံရိပ်များရှိနေသည်။
ကျောက်စိမ်းပြားပေါ်တွင် ခတ်နှိပ်ထားခြင်းသာဖြစ်သော်လည်း ဓားပုံသဏ္ဍာန်ကိုထုတ်ပြချိန်တွင် ထွက်ပေါ်လာသည့် အစွမ်းထက်သောအရှိန်အဝါသည် ဖန်းယင်ကို သူမ၏အနီရောင်နှုတ်ခမ်းလေးများ ပွင့်ဟသွားစေသည်အထိ ထိတ်လန့်ကြောက်ရွံစေရန် လုံလောက်သည်။
ထိုလွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားအောက်တွင် ဖန်းယင်၏မျက်နှာ ပို၍ဖြူရော်သွားသည်။
"ကြည့်လိုက်အုံး...ဒါက အဲ့ဒီဓားပဲ"
ဓားကိုပြသချိန်သည် အလွန်တိုတောင်းကာ ပြိုင်ဘက်ကင်းနတ်ဘုရားဓား၏ပုံသဏ္ဍာန်အပြည့်အစုံကို မြင်တွေ့နိုင်ရုံ အချိန်အခိုက်အတန့်မျှသာပင်။ ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ယုဝမ်ကျီးသည် ကမန်းကတန်းမှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
"မီးဖိုချောင်သုံးဓားတစ်လက်လား"
ဓား၏ပုံသဏ္ဍာန်ကို မြင်တွေ့ပြီးချိန်တွင် ဖန်းယင်က အံ့အားတသင့်မေးမြန်းသည်။
"အမှန်ပဲ...မီးဖိုချောင်သုံးဓားပဲ"
ယုဝမ်ကျီးက စိတ်ခံစားချက်အပြည့်နှင့် ပြောဆိုသည်မှာ
"အဲ့ဒီစီနီယာက ဘယ်လိုစိတ်မျိုးနဲ့ ဒီလိုဓားပုံစံမျိုးကို ထုလုပ်ခဲ့တယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် ဒါက အရေးမကြီးဘူး...အရေးကြီးတာက ဒီဓားက တကယ့်ကို အရမ်းအစွမ်းထက်တယ်...ဒီဓားနဲ့သာဆိုရင် ငါတို့ရဲ့ဘိုးဘေးနဲ့ရွှမ်းဝူဘိုးဘေးတို့ကြားက တိုက်ပွဲမှာ...ငါတို့ရဲ့ဘိုးဘေးဘက်က အသာရမယ်လို့ ငါ အတပ်ပြောနိုင်တယ်"
"အင်း...."
ဖန်းယင်သည် တစ်စုံတစ်ခုကိုတွေးတောနေပုံရကာ သတိလွတ်ကင်းနေသူတစ်ယောက်အလား ခေါင်းညိတ်လိုက်၏။
"ယင်အာ....ဘာပြဿနာရှိလို့လဲ...မင်းရဲ့စိတ်ထဲမှာ တစ်ခုခုရှိနေတာလား"
ယုဝမ်ကျီးက နူးညံညင်သာသောအသံဖြင့် အလျင်စလို မေးမြန်းသည်။
"မဟုတ်ဘူး...ကျွန်မ ခံစားမိတာက...."
ဖန်းယင်က ပြောဆိုသည်။
"ဒီမီးဖိုချောင်သုံးဓားကိုကြည့်ရတာ အရမ်းရင်းနှီးနေတယ်လို့ ကျွန်မ ခံစားမိတယ်....ပြီးတော့ အဲ့ဒီဓားကို ကျွန်မ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
"အို...သိပ်တွေးမနေနဲ့...မင်း အမှတ်မှားနေတာပဲဖြစ်မယ်"
ယုဝမ်ကျီးက ရယ်မောရင်း
"ဒီလိုအဆင့်မြင့်တဲ့ဓားတစ်လက်ကို ရတနာတစ်ပါးလို့တောင် သတ်မှတ်နိုင်တယ်...မင်း ဒါကို အရင်ကမြင်ဖူးဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"စီနီယာအကိုပြောတာ အမှန်ပဲ"
ဖန်းယင်ကလည်း သဘောတူလိုက်သည်။ ဤကဲ့သို့အတွေးမျိုး ထွက်ပေါ်လာခဲ့သည့်အတွက် သူမကိုယ်သူမပင် မယုံကြည်နိုင်တော့ချေ။
"ကောင်းပြီလေ...ငါ မင်းကို အတွင်းစည်းဂိုဏ်းသားဖြစ်လာအောင် အမြန်ဆုံးလုပ်ပေးမယ်"
ယုဝမ်ကျီးသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ သူ၏လက်ဖြင့် ဖန်းယင်၏သေးသွယ်သောခါးလေးကို ပွေ့ဖက်ကာ နူးညံညင်သာစွာ ပြောဆိုသည်။
"ဒါပေမယ့် ငါတို့ ခဏတော့စောင့်ဖို့လိုတယ်...မဟုတ်ရင် တခြားလူတွေက အတင်းအဖျင်းစကားတွေ ပြောကြလိမ့်မယ်"
သူမ၏ခါးကို ညင်သာစွာလှည့်ပြီး ဖန်းယင်က ကျေးဇူးတင်စွာ ပြောဆိုသည်။
"အကိုဝူကျီးကို ကျေးဇူးတင်ပါတယ်....ရှင်က ကျွန်မအပေါ်မှာ အရမ်းကောင်းတာပဲ"
......
ဆောင်းဦးလေသည် ပြင်းထန်ပေ၏။
သစ်ရွက်များသည် မြေပြင်ပေါ်၌ ထူထပ်သောအလွှာတစ်လွှာ ဖြစ်သည်အထိ ဖုံးအုပ်နေလေပြီ။
လေအေးများက နောက်ဆုံး၌ ရောက်ရှိလာလေရာ ရီဖုန်းသည် အနွေးထည်များကို ထပ်၍ဝတ်ဆင်ထားရသည်။ သူ လဲလျောင်းနေကျဖြစ်သော နောက်မှီကုလားထိုင်ကို စောင်တစ်ထည်ဖြင့် ဖုံးအုပ်ထားခဲ့သည်။ သို့ရာတွင် ထိုစောင်သည်လည်း လေထုအတွင်းမှစိုစွတ်မှုကို ထိန်းသိမ်းပေးနိုင်စွမ်းမရှိချေ။
စူးရှသောအအေးဒဏ်ကြောင့် ရီဖုန်း၏ခန္ဓာကိုယ်သည် ခွေးတစ်ကောင်အလား တုန်ရီနေပေ၏။
ကံကောင်းထောက်မစွာဖြင့် သူသည် လူပျင်းတစ်ယောက်ဖြစ်သော်လည်း ခေတ်သစ်ကမ္ဘာမြေသားတစ်ယောက်ဖြစ်ခဲ့သဖြင့် သူ တွေးတောထားသည့်ကိစ္စကို အလွန်လျှင်မြန်စွာ ဆောင်ရွက်နိုင်သည်။ သူသည် ရောင်ပြန်သံဖြူများဖြင့် မီးဖိုတစ်ခုကိုပြုလုပ်ကာ အတွင်း၌ မီးတောက်ပုလဲကို ထည့်လိုက်၏။ အပူရှိန်သည် ရောင်ပြန်ဟပ်ကာ ပြန့်ကျဲလာပြီး ရီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းပူနွေးသွားစေသည်။
"ဒါက နေအသေးစားလေးလှည့်ပတ်နေတဲ့ ဒီကမ္ဘာရဲ့ပုံစံတစ်မျိုးလိုပဲ...လျှပ်စစ်စွမ်းအင်ကို အသုံးပြုစရာမလိုဘူး"
ရီဖုန်းက ပြုံးလိုက်ကာ သူ၏အကြည့်က လမ်းပေါ်သို့ ရောက်ရှိသွားသည်။
မလှမ်းမကမ်းအကွာအဝေးတွင် စုတ်ပြတ်ပြတ်ပုံရိပ်လေးတစ်ခုက စိတ်ပျက်လက်ပျက်ပုံစံဖြင့် လျှောက်လှမ်းလာသည်ကို သူ တွေ့မြင်မိသည်။
ဟူး.....
ရီဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။ ကြည့်ရသည်မှာ ကျုံးချန်ထံတွင် ချင်ရှန်းဂိုဏ်းသို့ဝင်ရောက်ရန် လုံလောက်သောအရည်အချင်း ရှိမနေပုံရသည်။
"ဆရာသခင်ကို နှုတ်ဆက်ပါတယ်"
ရီဖုန်းက ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။
"အရမ်းအေးလာပြီ...မီးဖိုနားလာထိုင်ပြီးတော့ နွေးအောင်လုပ်လိုက်အုံး"
"ဒါက ဘာမှမဖြစ်ပါဘူး ဆရာ...ကျွန်တော်က လက်သီးနည်းစနစ်တွေကို နည်းနည်းလောက် လေ့ကျင့်လိုက်အုံးမယ်...ပြီးရင် ထမင်းနဲ့ဟင်းရွက်ဟင်းတွေ ချက်ပြီးတော့ ဆရာ့အတွက် နေ့လည်စာပြင်ပေးမယ်"
ကျုံးချင်က လေသံဖျော့ဖျော့နှင့်ပြောဆိုကာ ခန်းမအတွင်းသို့ ဝင်သွားတော့သည်။
ရီဖုန်းက တဖန်ထပ်၍ သက်ပြင်းရှိုက်လိုက်သည်။
ရာသီဥတု အေးလာသည်နှင့်အတူ သူ၏စီးပွားရေးလုပ်ငန်းသည်လည်း အေးစက်သွားလေပြီ။
"ကြည့်ရတာတော့ ငါက နောက်ထပ်အစီအစဥ်တစ်ခုဆွဲပြီးလှုပ်ရှားဖို့ လိုတဲ့ပုံပဲ"
ရီဖုန်းသည် သူ၏နံဘေးရှိခွေးကို ပွတ်သပ်ပြီးနောက် စားပွဲခုံစောင်းထံသို့ သွားလိုက်၏။
ထို့နောက် သူ၏စုတ်တံကို ကောက်ကိုင်လိုက်သည်။
သူ စုတ်တံကို အောက်သို့ချလိုက်စဥ်တွင် အကြီးမြတ်ဆုံးရတနာနှင့် ခရမ်းရောင်တိမ်တိုက်အင်မော်တယ်၏အကြောင်းအရာက ဆန်စက္ကူပေါ်၌ ထွက်ပေါ်လာသည်။
ဤကိစ္စကို ရီဖုန်းသည် ရှောင်လွှဲ၍မရချေ။ သိုင်းပညာခန်းမတစ်ခုတည်းကိုသာ မှီခိုပါက သူ့အတွက် လုံလောက်သောဝင်ငွေကို မရရှိနိုင်ပေ။ ထို့ကြောင့် ဆောင်းတွင်းကာလရောက်တိုင်း သူသည် ပုံပြင်တချို့ကိုရေးသား၍ ထိုအရာများကိုရောင်းချနိုင်ရန် မျှော်လင့်နေရသည်။
ယခင်ဆောင်းတွင်း၌ သူသည် ခန်းဆောင်နီအိမ်မက်တစ်ခုကို ရေးသားခဲ့သည်။ သို့ရာတွင် အကြောင်းအရင်းတချို့ကြောင့် ပရိသတ်နည်းပါးခဲ့သဖြင့် သူ မျှော်လင့်ထားသကဲ့သို့ အောင်မြင်မှုမရခဲ့ချေ။
ဤနှစ်တွင် သူသည် အချိန်အတော်ကြာ စဥ်းစားတွေးတောပြီးမှာသာ အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းရောင်တိမ်တိုက်အင်မော်တယ်၏အကြောင်းကိုရေးသားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၂၀ရာစုခေတ်မှကမ္ဘာမြေသားတစ်ယောက်ဖြစ်ခဲ့သော သူ့အတွက် လူနှစ်ယောက်ကြားမှ ချစ်ခြင်းမေတ္တာသည် သူ့အား ခံစားချက်များနှင့်စိတ်ကူးစိတ်သမ်းအမြောက်အများကို ပေးစွမ်းနိုင်သည်။
ဤစာအုပ်ကို လူအမြောက်အများ ဖတ်ရှုမည်ဟု သူ မျှော်လင့်မထားချေ။ ရံဖန်ရံခါ ဤစာအုပ်ကို လူတချို့မှဝယ်ယူရုံဖြင့် သူ၏ဝင်ငွေ အနည်းငယ်တိုးတက်သွားပါက သူ စိတ်ကျေနပ်လေပြီ။
ကံကောင်းထောက်မစွာဖြင့် ပင်ကျင်းမြို့အတွင်းတွင် ယခင်က သူ ကူညီခဲ့ဖူးသော စီးပွားရေးလုပ်ငန်းတစ်ခုရှိသဖြင့် သူ၏စာအုပ်များကို ပုံနှိပ်၍ မိတ္ထူတချို့ကို ရောင်းချနိုင်ပေ၏။
ဆန်စက္ကူပေါ်၌ တဖြည်းဖြည်း သပ်ရပ်သောစာလုံးများဖြင့် ပြည့်နှက်သွားသည်။
အဟွတ်....အဟွတ်...
ထိုအချိန်မှာပင် တံခါး၏ပြင်ပမှနေ၍ ချောင်းတဟွတ်ဟွတ်ဆိုးသံ ထွက်ပေါ်လာသည်။
ရီဖုန်းသည် သူ၏စုတ်တံကိုအောက်သို့ချကာ တံခါးထံသို့ သွားလိုက်သည်။ သူ၏ပါးစပ်ထောင့်တွင် အပြုံးတစ်ခုရှိနေသည်။
တံခါး၏ပြင်ပတွင် မိုးကာဝတ်စုံရှည်ကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ရှိနေသည်။ ထိုအဖိုးအိုထံတွင် စူးရှရှမျက်နှာပုံပန်းသွင်ပြင် သိမ်းငှက်ကဲ့သို့နှာခေါင်းကောက်ရှိကာ သူ၏မျက်နှာပေါ်တွင် ကန့်လန့်ဖြတ်အမာရွတ်ကြီးတစ်ခုလည်းရှိနေသည်။
ထိုအဖိုးအို၏မျိုးရိုးနာမည်သည် ဝူပင်။ ပြောရမည်ဆိုလျှင် ထိုအဖိုးအိုဝူကို သူ၏မိတ်ဆွေဟောင်းတစ်ယောက်ဟု ယူဆနိုင်လေ၏။
သို့ရာတွင် ရီဖုန်း၏အမြင်အရ ထိုအဖိုးအိုဝူသည် သာမာန်မဟုတ်ချေ။
အဖိုးအိုဝူသည် ဤနေရာသို့ ရောက်လာသည့်အချိန်တိုင်း ယောင်လည်လည်ဖြင့် သိုင်းပညာခန်းမ၏ပြင်ပ၌ မတ်တတ်ရပ်နေကာ သူ မည်သည့်အရာအားပြုလုပ်လိုသည်မှန်း မသိရချေ။
တိကျသေချာစွာပင် ထိုအဖိုးအိုသည် ယောင်လည်လည်လုပ်နေပြန်လေပြီ။
"မိတ်ဆွေဟောင်းကြီး...မတွေ့ရတာ အချိန်အတော်ကြာနေပြီ"
အချိန်အတော်ကြာပြီးနောက် အဖိုးအိုသည် နောက်ဆုံး၌ အသိစိတ်ဝင်လာကာ ရီဖုန်းကို နှုတ်ဆက်လိုက်၏။
ရီဖုန်း၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
'ငါ့ရဲ့အသက်က ဘယ်လောက်လဲ...ပြီးတော့ အဲ့ဒီလူအိုကြီးရဲ့ အသက်က ဘယ်လောက်တောင်ရှိနေပြီလဲ...သူက အရှက်ရှိပုံမရဘူး...သူက အမြဲတမ်း ငါ့ကို ရွယ်တူမိတ်ဆွေတွေလိုမျိုး အမြဲတမ်း နှုတ်ဆက်တယ်'
ဤအဖိုးအိုဝူနှင့်ပတ်သတ်၍ မည်သည့်အရာမှားယွင်းနေသည်ကို သူ မသိရှိချေ။
သို့ရာတွင် သူတို့ဆုံတွေ့သည့်အချိန်တိုင်း အဖိုးအိုသည် ရီဖုန်းအား ဤနည်းလမ်းအတိုင်းသာနှုတ်ဆက်ခဲ့သည်။ ထို့ကြောင့် ရီဖုန်းသည်လည်း ကျင့်သားရနေကာ သူသည်လည်း အဖိုးအိုနှင့် တူညီစွာပင် ပြောဆိုသုံးနှုန်းခဲ့လေ၏။
"မိတ်ဆွေဟောင်းကြီးဝူ...မတွေ့တာကြာပြီ"
ရီဖုန်းက အော်ဟစ်လိုက်သည်။
"ဟား ဟား ဟား....မိတ်ဆွေဟောင်းကြီး မင်းက ငါ့ကို တကယ်ပဲ အထင်ကြီးစေတယ်"
သားသားနားနားဝတ်ဆင်ထားသော ရီဖုန်းကိုကြည့်ပြီး လိမ္မာပါးနပ်သောအရိပ်အယောင်များက အဖိုးအိုဝူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။ သူက ရယ်မောကာ ပြောဆိုလိုက်၏။
"ညီအကိုရီ....ငါတို့က အတူတူပဲ...ဒါပေမယ့် မင်းက ငါ့ထက်ပိုပြီးနက်နဲတဲ့အဆင့်ကို ရောက်လာပြီပဲ"
အမ်....
ရီဖုန်းက ဇဝေဇဝါဖြစ်သွားပြီး အဖိုးအိုဝူ၏ဆိုလိုရင်းကို အနည်းငယ်မျှပင် နားမလည်နိုင်ချေ။
သို့ရာတွင် ထိုအဖိုးအိုသည် ကြောင်တောင်တောင်စကားများကို ပြောလေ့ရှိသဖြင့် သူ ဂရုမစိုက်တော့ဘဲ အော်ဟစ်လိုက်သည်။
"အပြင်မှာ အေးတယ်...ဘာလို့ အထဲကို ဝင်မထိုင်တာလဲ"
အဖိုးအိုသည် ခေါင်းညိတ်ပြကာ ရီဖုန်းထံဦးတည်၍ လျှောက်လှမ်းလာသည်။ သို့ရာတွင် သူ လုပ်ရိုးလုပ်စဥ်အတိုင်းပင် ရီဖုန်း၏သိုင်းပညာခန်းမအတွင်းသို့ ဝင်ရောက်ခြင်းမရှိဘဲ တံခါးဝရှိ လှေကားထစ်ပေါ်တွင်သာ ထိုင်ချလိုက်၏။
အဖိုးအိုဝူ မည်သည့်အရာအား ပြောဆိုလိုသည်ကို သိရှိပုံဖြင့် ရီဖုန်းက ပြောဆိုသည်။
"ဟုတ်တယ် ဟုတ်တယ် မင်း ပြောတာအမှန်ပဲ...တခြားလူတွေရဲ့အိမ်ထဲကိုဝင်တာက မင်းတို့ငါတို့လိုလူတွေအတွက် တားမြစ်ချက်တစ်ခုပဲ...ဒါပေမယ့် မင်းနဲ့ငါကြားမှာ အရမ်းကြီးယဥ်ကျေးနေစရာမလိုပါဘူး"
Chapter 25
ထိုစကားကိုပြောဆိုပြီးနောက် ရီဖုန်း၏ပါးစပ် မဲ့ရွဲ့သွားသည်။ သူ ဤသို့ပြောဆိုနေရသည်ကို မနှစ်သက်ချေ။
အမှန်အားဖြင့် အစပထမ၌ ရီဖုန်းက အဖိုးအိုဝူသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ထင်ရှားကျော်ကြားသူတစ်ယောက်ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
သို့ရာတွင် အဖိုးအိုဝူနှင့် အချိန်အတော်ကြာဆက်ဆံကြည့်ပြီးနောက် ရီဖုန်းသည် ထိုအတွေးကို ပယ်ဖျက်လိုက်တော့သည်။
မည်သည့် တစ်ကိုယ်တော်အစွမ်းထက်ကျင့်ကြံသူသည် ဤပုံစံမျိုးရှိနေမည်နည်း....
သူတို့သည် အချုပ်အနှောင်ကင်းမဲ့စွာဖြင့် တသီးတခြားနေသင့်သည်မဟုတ်လော...
သူ ဆယ်ကျော်သက်အရွယ်တွင် ကျင့်ကြံခြင်းအကြောင်း ရူးကြောင်ကြောင်စိတ်ကူးယဥ်ခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်သည်တိုင် ဤအရာကို ဖယ်ရှားနိုင်ခဲ့ခြင်းမရှိချေ။
သူသည် ရူးကြောင်ကြောင်နေရုံသက်သက်ပင်။
ရီဖုန်း နားလည်သဘောပေါက်သည်မှာ ယခင်က ရူးကြောင်ကြောင်မဖြစ်ခဲ့ဘူးသူဟူ၍ မည်သူရှိသနည်း....
အတိတ်ဘဝတွက် သူသည် သိုင်းကားဇာတ်လမ်းတွဲများကိုကြည့်ကာ ဝါးများကိုစိတ်ဖြာပြီး မရှိသုံးဓားများအဖြစ် သူ၏နောက်ကျော၌ လွယ်ထားခဲ့သည်။ သူ၏'ဓား'ကို ဆွဲထုတ်လိုက်သည့်အချိန်တိုင်း သူ့အဖွား၏အိမ်ရှေ့မှ ပေါင်းမြက်များကိုခုတ်ပိုင်းကာ သူ၏ပါးစပ်မှ အသံပေါင်းစုံထွက်နေခဲ့သည်။
အမှန်အားဖြင့် ဤကဲ့သို့ အသက်အရွယ်သို့ရောက်သည့်တိုင် ရူးကြောင်ကြောင်ဖြစ်နေသူမှာမူ အလွန်ရှားပါးသည်။
ထိုနောက် ရီဖုန်းသည် စားပွဲငယ်လေးတစ်လုံးနှင့် အိမ်လုပ်စစ်တုရင်ခုံတစ်စုံကို ထုတ်ယူလာခဲ့သည်။
တရုတ်ပြည်မကြီး၏မွေးရပ်မြေသားတစ်ယောက်ဖြစ်သော သူသည် မွေးရပ်မြေ၏အနှစ်သာရများကို မည်သည်ကြောင့် တခြားကမ္ဘာသို့ ယူဆောင်မလာရမည်နည်း....
အမှန်အားဖြင့် ဤသည်မှာ ရီဖုန်း၏ အချိန်များကိုဖြတ်ကျော်ခဲ့သော နည်းလမ်းအနည်းငယ်အနက်မှတစ်ခုလည်းဖြစ်သည်။
သူ အဖိုးအိုဝူနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့သော အကြောင်းအရင်းမှာ ရီဖုန်းသည် အိမ်နီးနားချင်းတစ်ယောက်ကို စစ်တုရင်ကစားနည်းသင်ကြားပေးနေစဥ်၌ အဖိုးအိုဝူ ဖြတ်သွားချိန်နှင့်ကြုံတွေ့ပြီး အလွန်စိတ်ဝင်တစားကြည့်နေသောကြောင့်ပင်။
ထိုအချိန်မှစ၍ အဖိုးအိုဝူသည် စစ်တုရင်ကစားရန်ဟူသော အကြောင်းပြချက်ဖြင့် ရီဖုန်းကို ရံဖန်ရံခါ လာရောက်ရှာဖွေလေ့ရှိသည်။
ပြင်ပရှိလမ်းပေါ်တွင် ဆောင်းဦးလေများ တိုက်ခတ်နေသည်။
တဖြည်းဖြည်း မိုးဖွဲလေးများ စတင်၍ကျလာကာ တံစက်မြတ်မှနေ၍လျှောကျလာပြီး စားပွဲပေါ်သို့ တစ်စက်စက်ကျလာသည်။ စားပွဲခုံ၏နံဘေးတွင် အဖိုးအိုတစ်ယောက်နှင့်လူငယ်တစ်ယောက် ဆောင့်ကြောင့်ထိုင်နေသည်။
တစ်ယောက်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
တခြားတစ်ယောက်ကမူ မိုးကာအင်္ကျီရှည်ကြီးကို ဝတ်ဆင်ထားလေ၏။
လေနှင့်မိုးတို့သည် သူတို့ကို ညင်သာစွာဖြတ်သန်းတိုက်ခတ်နေသော်လည်း သူတို့နှစ်ယောက်သည် တောင်ကြီးများအလား မလှုပ်မယှက်နေနေကာ သူတို့၏မျက်လုံးအကြည့်များသည် စစ်တုရင်ခုံပေါ်သို့သာ စူးစိုက်၍ကျရောက်နေသည်။
"ရိုးရိုးသားသားပြောရရင် အစတုန်းကတော့ မင်းနဲ့ငါက တူညီတဲ့အဆင့်မှာရှိတယ်လို့ ငါထင်ခဲ့တာ"
အဖိုးအိုသည် စစ်တုရင်နယ်ရုပ်တစ်ရုပ်ကိုချကာ ရီဖုန်းကိုမော့ကြည့်ပြီး ပြောဆိုသည်။
"ဟီး...ဟီး..."
ရီဖုန်းသည် ပြုံးလိုက်သော်လည်း မည်သည့်စကားမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။
"ဒါပေမယ့် ငါ ဂရုတစိုက် စူးစမ်းလေ့လာပြီးတာတောင်...ငါ မင်းကို ထွင်းဖောက်မမြင်နိုင်သေးဘူး"
အဖိုးအိုဝူက မျက်မှောင်ကြုတ်၍ ပြောဆိုလေ၏။
"တကယ်တော့ မင်း ငါ့ကို ထွင်းဖောက်မြင်နိုင်မှာမဟုတ်ဘူး"
ရီဖုန်းက ရယ်သွမ်းသွေး၍ပြောဆိုကာ နက်နဲသိမ်မွေ့သောအကြည့်တစ်ချက်က သူ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာပင် သူ၏စစ်တုရင်ရထားရုပ်ကို တိတ်တဆိတ်နေရာချကာ သူ့ကိုယ်သူ အလွန်အားရကျေနပ်သွားပေ၏။ သူ၏စစ်တုရင်ဗျူဟာကို အဖိုးအိုဝူသည် အနည်းငယ်မျှပင် နားလည်သဘောပေါက်မည်မဟုတ်ချေ။ နောက်ထပ်အကွက်အနည်းငယ်အတွင်းမှာပင် သူသည် အဖိုးအိုဝူကို အနိုင်ရပေမည်။
ရီဖုန်း၏စကားများကြောင့် အဖိုးအိုဝူက မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။
အကြောင်းအရင်းမှာ ရီဖုန်း၏စကားများသည် ကြွားဝါပြောဆိုနေပုံမရချေ။
အထူးသဖြင့် ရီဖုန်း၏မျက်နှာပေါ်ရှိ အားရကျေနပ်နေသောအပြုံးသည် သူ့အား သင်ခန်းစာတစ်ခု ပေးနေသည့်အလားပင်။
"ဖြစ်နိုင်တာတော့ သူက ငါ့ထက် သန်မာအားကောင်းတာများလား"
အဖိုးအိုဝူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်စိတ်မသက်မသာ ခံစားမိသည်။ တခြားကိစ္စများအတွက် သူ့ထံတွင် အစွဲအလမ်းဟူ၍ အနည်းငယ်မျှမရှိတော့ချေ။ သို့ရာတွင် ဤကဲ့သို့အခြေအနေမျိုးတွင် သူနှင့်ခြေရာခြင်းတိုင်းနိုင်ပုံရသော တခြားတစ်ယောက်မျိုးနှင့် ရင်ဆိုင်တွေ့ရချိန်၌ သူ၏ယှဥ်ပြိုင်လိုစိတ်များ မြင့်တက်လာသည်ကို ရှောင်လွှဲ၍မရပေ။
မဟုတ်သေး....
သူ၏စိတ်အတွင်းမှအတွေးများကို အလျှင်အမြန် ပယ်ဖျယ်လိုက်သည်။
လောကကြီးတခွင်လုံးသည် အလွန်ကျယ်ပြန့်သဖြင့် လျှို့ဝှက်ဆန်းကြယ်သော ပညာရပ်များနှင့်နည်းစနစ်များ အမျိုးအစားစုံလင်စွာရှိနေသည်။ ရီဖုန်းသည် သူ၏စွမ်းရည်များကို တခြားသူများမမြင်တွေ့စေရန် ဖုံးကွယ်နိုင်သည့် နည်းစနစ်တချို့ကို ကျင့်ကြံထားသည်ဆိုပါက အံ့အားသင့်ဖွယ်မရှိချေ။
သူ ထွင်းဖောက်မမြင်နိုင်ရုံဖြင့် ရီဖုန်းသည် သူ့ထက်ပို၍နိမ့်ကျသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
"ညီအကိုရီ....မင်း ခုဏပြောတဲ့အတိုင်းဆို မင်းကိုယ်မင်းဟုတ်လှပြီလို့ ထင်နေတာမဟုတ်ဘူးလား"
အဖိုးအိုဝူက အပြုံးနှင့်ပြောဆိုကာ သူ၏စစ်တုရင်နယ်ရုပ်တစ်ခုကို အသုံးပြု၍ ရီဖုန်း၏မြင်းရုပ်ကို ခွေလိုက်သည်။ ရီဖုန်း၏မြင်းရုပ်ကို ကောက်ယူပြီးနောက် သူက လေးလေးနက်နက် ပြောဆိုသည်။
"တကယ်လို့ ငါ မင်းကို ထွင်းဖောက်မမြင်နိုင်ဘူးဆိုရင်တောင်မှ မင်းနဲ့ငါက လက်ရည်တူအဆင့်မျိုးမှာ ရှိနေမယ်လို့ ငါ ခံစားမိတယ်"
"ဒါက သေချာပေါက် မဖြစ်နိုင်ဘူး"
ရီဖုန်းကိုကြည့်ရသည်မှာ အကြွင်းမဲ့ ယုံကြည်ချက်ရှိနေပုံပင်။ သူသည် မြင်းရုပ်တစ်ရုပ်ကို ဆုံးရှုံးလိုက်ရပုံဖြင့် မည်သည့်နည်းဖြင့် သူတို့အား လက်ရည်တူပြိုင်ဘက်များဟု ဆိုလိုနိုင်မည်နည်း။ အဖိုးအိုဝူသည် စစ်တုရင်အကြောင်း နည်းနည်းပါးပါးသိရုံသက်သက်ပင်။ သူသည် ထိုမြင်းရုပ်ကို ရည်ရွယ်ချက်ရှိရှိ စတေးခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ နောက်တစ်ကြိမ် ရွှေ့ကွက်တွင် သူသည် အဖိုးအိုဝူကို အပ်ကွက်ထောက်နိုင်လေပြီ။
ရီဖုန်း၏မျက်နှာပေါ်ရှိ ယုံကြည်ချက်ခိုင်မာသော အရိပ်အယောင်ကိုမြင်တွေ့ချိန်၌ အဖိုးအိုဝူ၏စိတ်နှလုံးသား ထပ်မံ၍တုန်ရီသွားသည်။
ဖြစ်နိုင်တာကတော့ သူက ငါ့ထက် တကယ်ကြီး ပိုပြီးသန်မာအားကောင်းတာလား.....
အဲ့ဒီလိုမဟုတ်ရင် သူက ဘာလို့ ဒီလောက်ထိ အခိုင်အမာယုံကြည်ချက်ရှိတဲ့ပုံရနေတာလဲ.....
သို့ရာတွင် အကယ်၍ ဤကဲ့သို့လူစားမျိုး တစ်စုံတစ်ယောက်ရှိနေပါက ကျင့်ကြံရေးလောကအတွင်းတွင် လူမသိသူမသိပုံရိပ်မျိုး ဖြစ်နေမည်မဟုတ်ချေ။ မည်သည်ကြောင့် သူသည် ယခင်က ရီဖုန်းအကြောင်းကို မကြားဘူးခဲ့သနည်း။
ရီဖုန်းသည် သူ၏စစ်တုရင်ရုပ်ကိုချကာ ရယ်ပြုံးပြီး ပျင်းရိငြီးငွေ့စွာ အကြောဆန့်လိုက်၏။ သူ၏စိတ်အာရုံကို စစ်တုရင်ကစားခြင်းမှ ခွာလိုက်ချိန်တွင် ရုတ်တရက် သူ အနည်းငယ်အေးစက်မှုကို ခံစားမိသည်။ သူသည် အခန်းအတွင်းသို့ဝင်ရောက်ကာ သူ၏နေအသေးစားလေးကို ထုတ်ယူလာခဲ့သည်။
ထို့နောက် သူ၏စားပွဲခုံအောက်၌ ညင်သာစွာ နေရာချထားလိုက်၏။
အဖိုးအိုဝူ၏မျက်လုံးများ ကျယ်လောင်စွာပြူးကျယ်သွားကာ သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီသွားသည်။
ဤသည်က မည်သည့်အရာဖြစ်သနည်း....
မီးပုလဲ မဟုတ်လော....