← Chapters

အခန်း (၂၆-၃၀)

Vol. 2 Ch. 26-30

အခန်း (၂၆-၃၀)

Vol. 2 Ch. 26-30

Chapter 26

ဟူး....

အဖိုးအိုဝူက ကူကယ်ရာမဲ့စွာဖြင့် ပင့်သက်ရှိုက်လိုက်သည်။

သူသည် ခေါင်းမော့ကာ ရီဖုန်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်၏။ သူ၏အမြင်အရ ရီဖုန်းသည် မီးပုလဲကို ထုတ်ယူလာခြင်းမှာ သူ၏သံသယများကို တုံ့ပြန်လိုက်သည့်အလားပင်။

ပြောရမယ်ဆိုရင် ငါက မီးပုလဲကို လွယ်လွယ်လေး ထုတ်ပြနိုင်တယ်....ဒါပေမယ့် မင်းကရော....

ရီဖုန်းသည် အဖိုးအိုဝူ၏အကြည့်ကို သတိပြုမိချိန်တွင် နှစ်သိမ့်သည့်သဘောဖြင့် ရယ်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ဤစစ်တုရင်ကစားပွဲကို အင်အားမစိုက်ထုတ်ဘဲ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

'သေချာပေါက်ပဲ'

ထိုမြင်ကွင်းကိုကြည့်ပြီး အဖိုးအိုဝူက ရီဖုန်းသည် သူ တွေးတောထားသကဲ့သို့ ဖြစ်နေမည်ဟု သေချာသွားလေ၏။

သူက စစ်တုရင်ခုံထံသို့ ကြည့်လိုက်သည်။ သူသည် ဤစစ်တုရင်ပွဲ၌ ရှုံးနိမ့်ခဲ့သည်မှာ အမှန်ပင်။ သို့ရာတွင် ဤသည်က သူ အမှန်တကယ် ဂရုစိုက်သောအရာမဟုတ်ချေ။ သူတို့နှစ်ယောက်သည် စစ်တုရင်ကစားနည်းထက် တခြားပြိုင်ပွဲအဆင့်တစ်ခုကို ယှဥ်ပြိုင်နေကြခြင်းဖြစ်သည်။

သူ ဝန်ခံရမည်မှာ ရီဖုန်းသည် မီးပုလဲတစ်လုံးကို ထုတ်ယူလာမည်ဟု သူ အမှန်တကယ် မျှော်လင့်မထားမိချေ။

မီးပုလဲ၏တန်ဖိုးသည် သူ တွေးထင်ထားသည်ထက် များစွာပို၍မြင့်မားသည်။

ထိုအရာနှင့် တန်ဖိုးခြင်းယှဥ်နိုင်သောအရာများမှာ ရေပုလဲ မြေပုလဲ သတ္ထုပုလဲနှင့် သစ်သားပုလဲတို့ဖြစ်သည်။ ထိုပုလဲငါးလုံးကို အတူတကွပေါင်းစည်းလိုက်ပါက မဟာအနန္တပုလဲအဖြစ် ဖွဲ့စည်းသွားပေမည်။ မဟာအနန္တပုလဲသည် တစ်ကြိမ်တစ်ခါမျှ ကျင့်ကြံဖူးခြင်းမရှိသော သာမာန်သေမျိုးတစ်ယောက်ကို သူတော်စင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်းရှိသည်။

ဒဏ္ဍာရီများအရ မြောက်ပင်လယ်ရှိ ထိပ်သီးဆရာသခင်တစ်ယောက်သည် တခြားပုလဲလေးလုံးကို စုဆောင်းနိုင်ခဲ့ပြီး မီးပုလဲတစ်မျိုးသာ ကင်းမဲ့နေကြောင်း အဆိုရှိသည်။

မမျှော်လင့်ဘဲ မီးပုလဲသည် ဤနေရာတွင်ရှိနေလေ၏။

အကယ်၍ ရီဖုန်းသည် ဤမီးပုလဲကို ထိုမြောက်ပင်လယ်မှဆရာသခင်နှင့် အလဲအလှယ်ပြုပါက ပုလဲ၏တန်ဖိုးထက် အဆများစွာပို၍များပြားသော ရတနာများနှင့် ဖလှယ်နိုင်ပေမည်။

သို့ရာတွင် ရီဖုန်းသည် လဲလှယ်ခြင်းမပြုချေ။

မည်သည်ကြောင့်နည်း....

သူ၏ကျင့်ကြံဆင့်ဖြင့် ဤအကြောင်းကိုသိရန် မလိုအပ်သောကြောင့် ဖြစ်ပေမည်။

ဆိုလိုသည်မှာ ရီဖုန်းသည် မီးပုလဲကို အဆများစွာပို၍တန်ကြေးရှိသော ရတနာများနှင့် လဲလှယ်နိုင်သော်လည်း ထိုသို့ပြုလုပ်ရန် မရွေးချယ်ခဲ့ချေ။ ဤသည်မှာ သူသည် မီးပုလဲထက် အဆများစွာ တန်ဖိုးရှိသောအရာများကို မလိုအပ်ဟု ဖော်ပြနေခြင်းပင်။

သူသည် ထိုရတနာများကို အထင်အမြင်သေးနေခြင်းပင် ဖြစ်နိုင်သည်။

ဤလူ၏ကျင့်ကြံဆင့်သည် အလွန်နက်နဲသိမ်မွေ့လှ၏။ ထို့ပြင် ရီဖုန်း၏လျှို့ဝှက်အကြံအစည်များသည် သူ စိတ်ကူးယဥ်တွေးတောထားသည်ထက်ပင် ပို၍နက်နဲသိမ်မွေ့နေသည်။

အဖိုးအိုဝူသည် ရီဖုန်းကိုကြည့်ကာ သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ တွက်ဆမှုတစ်ခုကို ပြုလုပ်လိုက်သည်။

ကြည့်ရသည်မှာ ရီဖုန်းသည် မီးပုလဲတစ်လုံးကိုသာ ထုတ်ပြလိုက်ပုံပင်။ သို့ရာတွင် ဤအရာကို ကိုယ်စားပြုသောတန်ဖိုးသည် မီးပုလဲထက် အဆများစွာ ပို၍မြင့်မားသည်။

ဆိုလိုသည်မှာ အကယ်၍ သူသည် ဤယှဥ်ပြိုင်ပွဲတွင် အသာစီးရလိုပါက မီးတောက်ပုလဲထက် အဆများစွာ တန်ဖိုးပို၍မြင့်မားသော ရတနာတစ်ခုကို ထုတ်ပြရပေမည်။

ရီဖုန်း ဤမျှထိ အခိုင်အမာယုံကြည်ချက်ရှိနေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။

သို့ရာတွင်.....

'မင်းကိုကြည့်ရတာ ငါ့ကို အရမ်းလျှော့တွက်ထားပုံပဲ'

အဖိုးအိုဝူ၏သိမ်းငှက်ကဲ့သို့ စူးရှရှမျက်လုံးတစ်စုံအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ သူ့ထံတွင် အမှန်တကယ်ကိုပင် ထိုကဲ့သို့ရတနာမျိုးတစ်ခုရှိနေသည်။

"ညီအကိုရီ...ဒီပစ္စည်းလေးကို ငါ့အတွက် တစ်ချက်ကြည့်ပေးပါအုံး"

အဖိုးအိုဝူက ပြောဆိုသည်။ သူ၏လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အသွားခုနှစ်ခုပါဝင်သော ထွန်ခြစ်တစ်ချောင်း ထွက်ပေါ်လာသည်။

အဖိုးအိုဝူ၏လက်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာသော ထွန်ခြစ်ကိုကြည့်ပြီး ရီဖုန်းသည် အံ့အားသင့်သွားခြင်းမရှိချေ။ အဖိုးအိုသည် လယ်ကွင်းအတွင်း၌ လယ်စိုက်ရာမှပြန်လာသဖြင့် ထွန်ခြစ်ပါလာခြင်းဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။

ထိုထွန်ခြစ်ကိုကြည့်ရသည်မှာ လုပ်ငန်းအတွင်း၌ ထပ်မံ၍အသုံးပြုနိုင်တော့မည့်ပုံမရချေ။ သူသည် တစ်ဖက်တွင် သံထည်ပစ္စည်းများကို ပန်းပဲထုကြောင်း အဖိုးအိုဝူသည် သိရှိသွားသဖြင့် သူ့အားတစ်ချက်ကြည့်ခိုင်းခြင်းဖြစ်ပေမည်။ အဖိုးအိုဝူ၏တောင်းဆိုမှုကြောင့် ရီဖုန်းက ထိုထွန်ခြစ်ကို သာမာန်ကာလျှံကာကောက်ယူကာ အနီးကပ်စစ်ဆေးလိုက်၏။

ရီဖုန်း၏လေ့လာဆန်းစစ်နေသော အမူအယာကို မြင်တွေ့ချိန်တွင် အဖိုးအိုဝူက စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။

ဤအသွားခုနှစ်ချောင်းမြင့်မြတ်ထွန်ခြစ်သည် ကြည့်ရသည်မှာ မှေးမှိန်နေပြီး မည်သည့်တောက်ပမှုမျိုးမျှ မရှိသော်လည်း အမှန်အားဖြင့် ဤအရာသည် ရှေးဟောင်းခေတ်အချိန်ကာလများမှ ဆင်းသက်လာသော နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပင်။ ထိုအရာသည် သူတော်စင်အမွေအနှစ်ပစ္စည်းတစ်ခုဟူသော အဆင့်မျိုးတွင်ရှိနေသည်။ ထွန်ခြစ်သည် ထိခိုက်ပျက်စီးနေသည့်တိုင် အကယ်၍ စိတ်ဝိညာဥ်စွမ်းအားကိုအသုံးပြုပြီး ထိုအရာကိုအသက်သွင်းလိုက်ပါက ရှေးဟောင်းသူတော်စင်အဆင့်ပစ္စည်း၏စွမ်းအားမှ ဆယ်ပုံတစ်ပုံကို ထုတ်ဖော်အသုံးပြုနိုင်ပေမည်။

ရှေးဟောင်းသူတော်စင်အဆင့်ပစ္စည်း....

ဤသည်မှာ ဒဏ္ဍာရီလာအရာတစ်ခုပင်....

ထွန်ခြစ်သည် အနည်းငယ်ထိခိုက်ပျက်စီးနေသော်လည်း ထိုအရာ၏တန်ဖိုးကို မီးတောက်ပုလဲတစ်လုံးမျှဖြင့် ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

ရီဖုန်းသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ဤပစ္စည်းအားကြည့်ခြင်းဖြင့် ပိုင်းခြားသိမြင်နိုင်မည်မှာ သေချာပေါက်ပင်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ရီဖုန်း၏အောက်မေးရိုးများ ပြုတ်ကျသွားလုမတတ် ထိတ်လန့်တုန်လှုပ်နေသော အမူအယာကို သူ မြင်ယောင်နေမိလေပြီ။

ရိုးရိုးသားသားဝန်ခံရလျှင် သူသည် ဤအသွားခုနစ်ချောင်းထွန်ခြစ်ကို ရရှိနိုင်ရန်အတွက် သူ ဘဝတသက်တာလုံးစုဆောင်းထားခဲ့သမျှကို အသုံးပြုခဲ့ရကာ သူ၏အသက်ပင် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် ရီဖုန်း မည်ကဲ့သို့အံ့အားသင့်သွားပါစေ ဤသည်မှာ ထိုက်တန်ပေ၏။

Chapter 27

အဖိုးအိုဝူသည် ရယ်ပြုံးကာ ရီဖုန်း အံ့အားသင့်သွားမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ထိုအချိန်မှာပင် ရီဖုန်းက သူ၏လက်အတွင်းမှထွန်ခြစ်ကို အောက်သို့ချလိုက်၏။

"တကယ်တော့ ဒီထွန်ခြစ်ခေါင်းမှာ ပြဿနာတချို့ရှိနေတယ်"

ရီဖုန်းက သူ၏ခေါင်းကိုခါယမ်းကာ နူးညံညင်သာသောလေသံဖြင့် ပြောဆိုသည်မှာ

"ပြီးတော့ ဒါက သိပ်ပြီးတော့အသုံးဝင်တော့မှာ မဟုတ်ဘူး"

ထွန်ခြစ်ခေါင်းသည် ကျိုးပဲ့ခြင်းမရှိသေးသော်လည်း တချို့အစိတ်အပိုင်းများတွင် သံချေးတက်နေလေပြီ။ ထို့ပြင် ထိုအရာသည် စိတ်ပျက်ဖွယ်ကောင်းအောင်ပင် ရုပ်ဆိုးလှ၏။ မည်သည့်အရူးမျိုးသည် ထွန်ခြစ်ကို ဤပုံစံမျိုးပြုလုပ်ထားသည်အား ရီဖုန်းက သိချင်နေမိသည်။ အဖိုးအိုဝူသည် ဤထွန်ခြစ်ခေါင်းကိုအသုံးပြု၍ မြေတူးပါက အလွန်ပင်ပန်းပေမည်။

"ဘာလဲဟ..."

ရီဖုန်းသည် ထိတ်လန့်တုန်လှုပ်မှုကင်းမဲ့နေကာ သူ၏သူတော်စင်အဆင့်ထွန်ခြစ်ကို နှိမ့်ချပြောဆိုနေသည်ကိုကြားချိန်တွင် အဖိုးအိုဝူ အလွန်ဒေါသထွက်သွားသည်။ သူက ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။

အကယ်၍ သူသည် ရီဖုန်း၏ကျင့်ကြံဆင့်နယ်ပယ်ကို ရှင်းရှင်းလင်းလင်း မသိရသေးသဖြင့် မဆင်မခြင်ပြုမူဝံ့ခြင်း မရှိသေးသောကြောင့်သာ မဟုတ်ပါက သူ ရီဖုန်းကို တိုက်ခိုက်ပြီးဖြစ်ပေမည်။ သူ၏ဘဝတသက်စာ ဂုဏ်ယူဝံ့ကြွားစရာဖြစ်သည့် သူတော်စင်အဆင့်နီးပါးပစ္စည်းကို ပုတ်ခတ်ပြောဆိုခြင်း ခံခဲ့ရသည်။ ဤသည်က သူ အကြွင်းမဲ့သည်းမခံနိုင်သောကိစ္စပင်။

အဖိုးအိုဝူ၏တင်းမာခက်ထန်နေသော အခြေအနေကိုကြည့်ပြီး ရီဖုန်းသည် အစပထမ၌ ဇဝေဇဝါဖြစ်သွားလေ၏။ သို့ရာတွင် သူ အနည်းငယ် စဥ်းစားတွေးတောပြီးနောက် နားလည်သဘောပေါက်သွားလေပြီ။

ဤသည်မှာ ကျင့်ကြံခြင်းလောကဖြစ်သော်လည်း သာမာန်လူများရှိနေဆဲပင်။ ထိုသာမာန်လူများသည် ကမ္ဘာမြေပေါ်မှလူများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။ ထိုလူများအနက်မှအများစုသည် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။

အဖိုးအိုဝူအတွက် ဤထွန်ခြစ်သည် သူ၏စားဝတ်နေရေးပင်။ ထိုထွန်ခြစ်၌ ပြဿနာများရှိနေသဖြင့် သူ စိုးရိမ်ပူပန်နေသည်မှာ အံ့အားသင့်စရာမရှိချေ။

"အရမ်းကြီး စိုးရိမ်ပူပန်မနေပါနဲ့"

ရီဖုန်းသည် နှစ်သိမ့်အားပေးသည့်အနေဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

သို့ရာတွင် အဖိုးအိုဝူသည် ရီဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်နေကာ သူ၏မျက်နှာသည် နီမြန်းနေပြီး သူ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဆူပွက်နေသည်။

"ငါ့ကို ခဏလောက်စောင့်ဦး"

ရီဖုန်းက မတ်တတ်ထရပ်ကာ အတွင်းခန်းအတွင်းသို့ဝင်သွားသည်။

"ကောင်းတယ်...မင်းက ငါ့ရဲ့ အသွားခုနစ်ချောင်းထွန်ခြစ်ကို အရမ်းကြီးအထင်သေးနေမှတော့...ငါ့ရဲ့ရတနာနဲ့ယှဥ်နိုင်တဲ့ ဘယ်လိုပစ္စည်းမျိုးကို မင်း ထုတ်ယူလာမလဲဆိုတာ ငါ ကြည့်ချင်တယ်"

ရီဖုန်း အခန်းအတွင်းသို့ ဝင်သွားသည်ကိုကြည့်ပြီး အဖိုးအိုဝူသည် တီးတိုးရေရွတ်ကာ သူ၏အသက်ရှုသံသည်ပြင်းထန်နေပြီး သူ၏မျက်နှာသည်နီမြန်းနေဆဲပင်။

အခန်းအတွင်း၌ အချိန်တခဏခန့်ကြာပြီးနောက် ရီဖုန်းသည် အပြင်သို့ပြန်ထွက်လာကာ ပြောဆိုသည်။

"မင်းရဲ့ထွန်ခြစ်ခေါင်းက ကျိုးတော့မယ်....အဲ့ဒါကို လွှင့်ပစ်လိုက်တော့"

ရီဖုန်း၏စကားလုံးများသည် အဖိုးအိုဝူ၏ဒေါသများကို ငယ်ထိပ်ထိရောက်အောင် ဆူပွက်သွားစေသည်။

သူသည် အသွားခုနစ်ချောင်းထွန်ခြစ်ကို နှိမ့်ချခဲ့ရုံသာမက ထိုအရာသည် ကျိုးပဲ့တော့မည်ဖြစ်သဖြင့် လွှင့်ပစ်ရန်ပင် ပြောဆိုခဲ့သည်။

ဤသည်က နှိမ့်ချမှုမဟုတ်တော့ဘဲ ပြတ်ပြတ်သားသား လှောင်ပြောင်သရော်လိုက်ခြင်းပင်။

အဖိုးအိုဝူသည် ရီဖုန်းထံမှဖြေရှင်းချက်ကို တောင်းခံရန်အတွက် ဝုန်းခနဲ မတ်တတ်ထရပ်လိုက်၏။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။

ဤသည်က လျှပ်စီးဖြင့် ရိုက်ခတ်ခံရသည့်အလားပင်။

သူ၏မျက်လုံးအကြည့်သည် ရီဖုန်း၏လက်အတွင်းရှိ အသစ်စက်စက်ထွန်ခြစ်ပေါ်တွင်သာ စူးစိုက်၍ကျရောက်နေသည်။

သူ အမြင်မမှားကြောင်း သေချာစေရန်အတွက် သူ၏မျက်လုံးကို အလျင်စလို ပွတ်သပ်လိုက်သည်။ ထိုအရာရာကို ထပ်မံ၍ ရှင်းရှင်းလင်းလင်း မြင်တွေ့ရပြီးနောက် သူက ကူကယ်ရာမဲ့စွာဖြင့် ပင့်သက်ရှိုက်လိုက်၏။

"ဒါ...ဒါက...."

ဤအချိန်တွင် သူ၏စကားများ ဗလုံးဗထွေးဖြစ်လာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကူကယ်ရာမဲ့စွာ တုန်ရီနေသည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုကို စကားလုံးများဖြင့်ပင် ဖော်ပြ၍မရချေ။ အကြောင်းအရင်းမှာ ရီဖုန်း၏လက်အတွင်းရှိထွန်ခြစ်သည် အစစ်အမှန်သူတော်စင်အဆင့်ပစ္စည်းဖြစ်နေသောကြောင့်ပင်။

ထို့ပြင် ထိုထွန်ခြစ်သည် အနည်းငယ်မျှပင် ပျက်စီးခြင်း ဆွေးမြည့်နေခြင်းမရှိသော အသစ်စက်စက်ပစ္စည်းဖြစ်သည်။

ဟူး....

အချိန်အတော်ကြာပြီးနောက် အဖိုးအိုဝူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ရီဖုန်းကို ပို၍နက်နဲသိမ်မွေ့သောအကြည့်ဖြင့် ကြည့်လိုက်၏။

အံ့အားသင့်စရာမရှိတော့ချေ...ရီဖုန်းသည် သူ၏အသွားခုနစ်ချောင်းထွန်ခြစ်ကို ပုတ်ခတ်ပြောဆိုပြီး ပြက်ရယ်ပြုလှောင်ပြောင်နေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။ ယခု သူ သိလိုက်ရသည်မှာ ရီဖုန်း၏လက်အတွင်း၌ အစစ်အမှန်သူတော်စင်အဆင့် ပစ္စည်းတစ်ခုရှိနေခဲ့သည်။ အဖိုးအိုဝူသည် မကျေမနပ် ဖြစ်မိသော်လည်း သူ ထပ်မံ၍ဒေါသမထွက်နိုင်တော့ချေ။

သူ၏အသွားခုနစ်ချောင်းထွန်ခြစ်သည် အဖိုးတန်သောအရာဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် ကျိုးပဲ့နေသောပစ္စည်းတစ်ခုသည် အစစ်အမှန်သူတော်စင်အဆင့် ပစ္စည်းတစ်ခုကို မည်သို့မျှ ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

"မင်းက ဘယ်သူလဲ"

အဖိုးအိုက မျက်မှောင်ကြုတ်ကာ သူသည် လုံးစေ့ပတ်စေ့သိချင်သည့်အလား ရီဖုန်းကိုစူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

"ငါက ဘယ်သူလဲလို့ မင်းက မေးနေတာလား"

အဖိုးအို၏ရူးကြောင်ကြောင်ရောဂါဟောင်း ပြန်ထလာသည်ကိုကြည့်ပြီး ရီဖုန်း၏မျက်လုံး ကလယ်ကလယ်ဖြစ်သွားသည်။

အဖိုးအိုဝူက ခေါင်းညိတ်လိုက်၏။

အမှန်တကယ်ကို သူ သိချင်မိသည်။ မီးပုလဲနှင့်သူတော်စင်အဆင့်ပစ္စည်းတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ပြနိုင်သောသူ၏အဆင့်အတန်းကို မည်သူမျှမသိချေ။

စိတ်ပျက်လက်ပျက်ဖြင့် သူသည် ထိုင်ခုံပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။

သူသည် ရီဖုန်း၏ကျင့်ကြံဆင့်နယ်ပယ်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့သော်လည်း သူတို့နှစ်ယောက်သည် တူညီသောအဆင့်တွင်ရှိနေမည်ဟု သူ အစဥ်အမြဲတွေးထင်ခဲ့သည်။ ဤသည်ကြောင့် မသိစိတ်မှနေ၍ သူ၏ယှဥ်ပြိုင်လိုစိတ်ကို နှိုးဆွသကဲ့သို့ ဖြစ်သွားသည်။

ထို့ကြောင့် သူသည် အဆင့်ခြင်းယှဥ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့ရာတွင် နောက်ဆုံးရလဒ်သည် သူ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာချေ။

နောက်ဆုံး၌ သူ နားလည်သဘောပေါက်သွားသည်မှာ သူ ရီဖုန်း၏ကျင့်ကြံဆင့်ကို မမြင်နိုင်ခဲ့ခြင်းမှာ ရီဖုန်းသည် ဖုံးကွယ်နည်းစနစ်တချို့ကို ကျင့်ကြံထားခြင်းကြောင့်မဟုတ်ဘဲ အလွန်သန်မာအားကောင်းနေသောကြောင့်ပင်။

သူသည် ထပ်မံ၍ ယှဥ်ပြိုင်လိုစိတ်မရှိတော့သဖြင့် လက်လျှော့လိုက်လေပြီ။

ဆန့်ကျင်ဘက်အနေဖြင့် ယခုချိန်၌ သူ ရီဖုန်းကိုကြည့်သော အကြည့်များအတွင်းတွင် ထိတ်လန့်ကြောက်ရွံမှုနှင့်ရိုသေလေးစားမှု အရိပ်အယောင်များ ပါဝင်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဤလောကကြီးအတွင်း၌ အင်အားကောင်းသူသည် ရိုသေလေးစားခံရလေ၏။

အဖိုးအိုဝူ စိတ်ပျက်လက်ပျက်ဖြစ်နေသည်ကိုကြည့်ပြီး ရီဖုန်းက ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်သည်။

"ဟိတ် မိတ်ဆွေဟောင်းကြီး...ဘာလို့ မှိုင်တွေနေတာလဲ"

ထိုစကားကိုကြားချိန်တွင် အဖိုးအိုဝူ၏မျက်နှာ ပို၍ရှုံမဲ့သွားသည်။ သူသည် ရီဖုန်းကိုကြည့်၍ ကိုးရိုးကားရားပြုံးပြရုံသာ တတ်နိုင်တော့သည်။

"ရော့...ဒါကိုယူလိုက်...ဂရုစိုက်အုံး"

ရီဖုန်းသည် အပြုံးနှင့် ထွန်ခြစ်ကို လက်ကမ်းပေးလိုက်သည်။

အစပထမတွင် အဖိုးအိုဝူသည် ကြက်သေသေနေလေ၏။ နောက်ဆုံး၌ သူ အသိဝင်လာစဥ်တွင် သူ၏စိတ်ကို လျှပ်စီးဖြင့် ရိုက်ခတ်လိုက်သည့်အလားပင်။ သူက ထပ်မံ၍ ဝုန်းခနဲမတ်တတ်ထရပ်ကာ ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်သည်။

"ဘာလဲ..."

"ဒါက ငါ့ကိုပေးတာလား"

Chapter 28

အဖိုးအိုဝူ၏လက်များ အထိန်းအကွပ်မဲ့တုန်ရီနေကာ သူက တည်ကြည်လေးနက်စွာဖြင့် ထပ်မံ၍မေးမြန်းလိုက်သည်။

"ဒါက ငါ့အတွက်လို့ မင်း ပြောလိုက်တာလား"

"ဟုတ်တယ်...ဒါက မင်းအတွက်ပဲ"

ရီဖုန်းက အရေးမပါသည့်အရာတစ်ခုအလား သူ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုသည်။

အဖိုးအိုဝူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ အနည်းငယ်မူးဝေမှုကို ခံစားရသည်။ ကိစ္စတစ်ခုလုံးသည် အိမ်မက်ဆန်နေသကဲ့သို့ ခံစားနေရကာ သူ အလွန်မယုံကြည်နိုင် ဖြစ်နေဆဲပင်။ သူက ထပ်မံ၍ မေးမြန်းလိုက်သည်။

"ငါ့အတွက်ဆိုတာ တကယ်ပဲလား"

"ဒါက ထွန်ခြစ်ခေါင်းလေးတစ်ခုပဲလေ...ဘာမှ ကြီးကြီးမားမား မဟုတ်ဘူး"

ရီဖုန်းက သာမာန်ကာလျှံကာလေသံဖြင့် ပြောဆိုသည်။

ထွန်ခြစ်ခေါင်းတစ်ခုဟု ဆိုသလော...

ရီဖုန်း၏စကားလုံးများကြောင့် အဖိုးအိုဝူ၏မျက်လုံးအတွင်း၌ ဒေါသအငွေ့အသက်များ လျှံထွက်လာကာ သူ့ကို ထရိုက်မိလုနီးပါးပင်။ သို့ရာတွင် သူ အသိစိတ်ပြန်ဝင်လာချိန်တွင် သူသည် ပို၍ထိတ်လန့်တုန်လှုပ်ပြီး ယုံကြည်ရခက်နေကာ ရီဖုန်းကို သူ လျှော့တွက်ခဲ့မိပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။ သူ၏စိတ်အတွင်းရှိ ရီဖုန်း၏အဆင့်အတန်းသည် နောက်ထပ်အဆင့်တစ်ခုသို့ ချက်ချင်းမြင့်တက်သွားလေပြီ။

သူသည် ကူကယ်ရာမဲ့စွာ အံ့အားသင့်သွားသည်။ ဤလူငယ်ပုံပေါက်နေသူသည် မည်သူမည်ဝါဖြစ်သည်ကို သူ အတိအကျမသိသော်လည်း ရှေးဟောင်းမွန်းစတားအိုကြီးတစ်ယောက်ဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သူသည် သူတော်စင်အဆင့်ပစ္စည်းတစ်ခုကိုပင် ပေါ့ပေါ့တန်တန် လက်လွှက်ပေးနိုင်သလော...

"တကယ်တော့ ငါက မင်းကို ဒီထွန်ခြစ် အလကားပေးတာမဟုတ်ဘူး"

ရီဖုန်းက ဖြည့်စွက်ပြောဆိုသည်။ သူသည် အဖိုးအိုကို ဤထွန်ခြစ်အား အလကားပေးလိုသော်လည်း သူသည် ယခုထိတိုင် သူတော်စင်တစ်ယောက် မဟုတ်သေးချေ။ မည်သို့ပင်ဆိုစေကာမူ စီးပွားရေးဆန်ဆန် ပြောဆိုရပါက သူကိုယ်တိုင်သည်လည်း အလွန့်အလွန်ကျပ်တည်းနေသည်။

အဖိုးအိုဝူက ခေါင်းညိတ်လိုက်၏။

ရီဖုန်းသည် သူတော်စင်အဆင့်နတ်ဘုရားလက်နက်ကို အလကားပေးမည်ဟု သူ မျှော်လင့်မထားမိချေ။ ထိုနတ်ဘုရားလက်နက်များကို ရရှိရန်အလွန်ခက်ခဲပြီး အကယ်၍ တစ်စုံတစ်ယောက်တွင် ရတနာအမြောက်အများရှိနေလျှင်ပင် ကံကြမ္မာကောင်းမရှိပါက သူတော်စင်အဆင့်ပစ္စည်းကို ရရှိနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူ နားလည်ပြီးဖြစ်ကာ ရီဖုန်းသည် သူ့ကို မည်သည့်အရာအားတောင်းဆိုမည် သို့မဟုတ် မည်သည့်ကိစ္စကို ပြုလုပ်ခိုင်းမည်ကို သူ သိချင်နေမိသည်။ ထို့ပြင် သူသည် ထိုကိစ္စကို စွမ်းဆောင်နိုင်မည်လော.....

ဤအချိန်တွင် သူသည် ခွေးခြေခုံလေးပေါ်၌ထိုင်နေကာ ကလေးတစ်ယောက်အလား စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်း၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေမိသည်။

"ငါတို့က မိတ်ဆွေဟောင်းတွေပဲ...ငါ မင်းကို ပေါက်စျေးထက်ပိုပြောပြီးတော့ စျေးဆစ်ရအောင် သေချာပေါက်မလုပ်ဘူး...ဆိုကြပါစို့...ငါ မင်းကို ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးပေးမယ်ဆိုရင်ရော...."

ရီဖုန်းက အပြုံးနှင့်ပြောဆိုသည်။ ငါးဆယ်ရာခိုင်နှုန်းထိ လျှော့စျေးပေးထားခြင်းသည် သူ၏စိတ်အတွင်းမှ အနိမ့်ဆုံးစျေးနှုန်းပင်။ ဤလယ်သမားအိုကြီးသည် အလွန်ဆင်းရဲသော်လည်း ထွန်ခြစ်တစ်ချောင်းကို တစ်ဝက်စျေးနှင့်ဝယ်ရန် တက်နိုင်လောက်သည်။

ထိုစကားကိုကြားချိန်တွင် အဖိုးအိုဝူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးဖြင့် သူတော်စင်အဆင့်ပစ္စည်းတစ်ခုကို ရရှိမည်ဆိုပါက လောကကြီးအတွင်းရှိ မရေမတွက်နိုင်သောမွန်းစတားအိုကြီးများသည် လိုချင်စိတ်ကြောင့် ရူးသွပ်စွာဖြင့် အပြေးရောက်လာကြပေမည်။

သို့ရာတွင် သူ့ကိုနာကျင်စေသောအချက်မှာ ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးပေးသည့်တိုင် သူ မတတ်နိုင်ချေ။

စုတ်ပြတ်နေသော သူတော်စင်အဆင့် အသွားခုနစ်ချောင်းထွန်ခြစ်ကို ရရှိရန်ပင် သူ၏ဘဝတသက်တာစုဆောင်းထားခဲ့သမျှအားလုံးနီးပါး ကုန်ဆုံးသွားခဲ့သည်။ ဤထွန်ခြစ်၏တစ်ဝက်စျေးသည် သူ ပေးချေနိုင်သည်ထက် များစွာပို၍ကျော်လွန်နေပေ၏။

ငါ ဘာလုပ်ရမလဲ...

ငါက မိုးကောင်းကင်ကပေးတဲ့ အခွင့်အရေးကြီးကို လက်လွတ်ခံရတော့မှာလား....

အဖိုးအိုဝူက စိတ်ပျက်လက်ပျက်ဖြင့် သူ၏မျက်နှာကို ပွတ်သပ်လိုက်သည်။

အဖိုးအိုဝူ၏ကိုးရိုးကားရားအမူအယာကို သတိပြုမိချိန်တွင် ရီဖုန်းက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

"ဘာပြဿနာရှိလို့လဲ မိတ်ဆွေဟောင်းကြီးဝူ...ငွေမလောက်လို့လား"

အဖိုးဝူက ရှက်ရွံသောကြောင့် ခေါင်းငိုက်စိုက်ကျသွားကာ မသိမသာ ခေါင်းညိတ်ပြလိုက်၏။

ရီဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ယခုကြည့်ရသလောက် ဤအဖိုးအိုသည် သူ တွေးထင်ထားသည်ထက် ပို၍ပင်ဆင်းရဲနေပုံပင်။

ယခု သူ ဘာဆက်လုပ်ရမည်နည်း....

ရီဖုန်း သက်ပြင်းချလိုက်သည်ကိုမြင်သော အဖိုးအိုဝူက အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။ အကယ်၍ ရီဖုန်းသည် ဤမိုးကောင်းကင်မှပေးသော အခွင့်အရေးကြီးကို ပြန်ရုတ်သိမ်းလိုက်ပါက သူ ယူကျုံးမရဝမ်းနည်းမိပေမည်။ ထို့ကြောင့် သူ၏ခေါင်းကိုမော့ကာ စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

"ညီအကိုရီ...မဟုတ်ဘူး...ဆရာရီ...ဒီလိုဆိုရင်ရော...."

အမ်...

ရီဖုန်းက အဖိုးအိုဝူကို ကြည့်လိုက်၏။

"ငါ ပြီးဆုံးအောင်မလုပ်ရသေးတဲ့ ကိစ္စတစ်ခုရှိနေတယ်...အဲ့ဒီကိစ္စပြီးတာနဲ့ ငါက မင်းကို သခင်အဖြစ်သတ်မှတ်ပြီးတော့ မင်းဆီမှာ တာဝန်ထမ်းဆောင်ပါ့မယ်...မင်း ဘယ်လိုသဘောရလဲ...."

ထိုစကားကိုပြောဆိုပြီးနောက် အဖိုးအိုဝူက စိတ်လှုပ်ရှားစွာဖြင့် ရီဖုန်းကို ကြည့်လေသည်။

ရီဖုန်း သဘောတူမည် သဘောမတူမည်ကို သူ မသိရှိချေ။

"ငါ့ရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်မှာလား"

ရီဖုန်းသည် ဆွံ့အသွားကာ သူ၏ပါးစပ် မဲ့ရွဲ့သွားသည်။ မည်သည်ကြောင့် ဤအဖိုးအိုသည် ထပ်မံ၍ ရူးကြောင်ကြောင်လုပ်နေသနည်း....

အချိန်ကာလ အာမခံချက်မပေးနိုင်သော ထွန်ခြစ်ခေါင်းတစ်ခုသက်သက်ဖြင့် အကယ်၍ သူ ခြေတစ်လှမ်းနောက်ဆုတ်ကာ လက်ခံလိုက်လျှင်ပင် ထိုအဖိုးအိုသည် သူ၏နောက်လိုက်ဖြစ်လာပါက မည်သို့အသုံးဝင်နိုင်မည်နည်း။ အစားစားရန် ပါးစပ်တစ်ပေါက်ပိုလာသည်မှလွဲပြီး အကယ်၍ အဖိုးအိုသည် တစ်ရက်တွင် မတော်တဆသေဆုံးသွားပါက ရီဖုန်းသည် အခေါင်းဖိုး ပေးချေရပေမည်။

"ကောင်းပြီလေ ဒီလိုဆိုတော့လည်း..."

ရီဖုန်း၏တုံ့ပြန်မှုကိုကြည့်ပြီး အဖိုးအိုဝူ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူ၏ကမ်းလှမ်းချက်ကို ရီဖုန်း လက်မခံကြောင်း ချက်ချင်းဆိုသလို သူ နားလည်သဘောပေါက်သွားပေ၏။

အမှန်အားဖြင့် ရီဖုန်းသည် သူ့ထက်ပို၍ သန်မာအားကောင်းသူဖြစ်သည်။ သူကဲ့သို့ နောက်လိုက်မျိုးသည် မည်ကဲ့သို့ အသုံးဝင်နိုင်မည်နည်း...

"ဒီလိုဆိုရင်ရော...."

ရီဖုန်းက အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ဒီထွန်ခြစ်ကို အရင်ဆုံးယူထားလိုက်တော့...မင်း ဖြည်းဖြည်းခြင်း ငွေစုပြီး ပြည့်တဲ့အချိန်ကျမှ ငါ့ကိုပေးပေါ့...ဒါဆို အလုပ်ဖြစ်တယ်မလား"

ထိုသို့ပြောဆိုပြီးနောက် သူက အဖိုးအိုဝူကို ကြည့်လိုက်သည်။

ဤသည်က သူ လုပ်ပေးနိုင်သည့် အကြီးမားဆုံး လိုက်လျောမှုပင်။ အကယ်၍ သူ့ထံတွင် ငွေကြေးချောင်လည်နေပါက အဖိုးအိုဝူကို ဤထွန်ခြစ်အလကားပေးလျှင်ပင် ကိစ္စမရှိလှချေ။ သို့ရာတွင် သူ၏ငွေကြေးချို့တဲ့မှုက ထိုကိစ္စကိုရှေ့တန်းတင်ရန် ငြင်းဆန်ခဲ့သည်။

ရီဖုန်း၏စကားလုံးများသည် အဖိုးအိုဝူကို ချက်ချင်းဝမ်းသာပျော်ရွှင်သွားစေသည်။ သူသည် ရီဖုန်းကို အလွန်ကျေးဇူးတင်ကာ ရိုသေလေးစားနေလေ၏။

ဤသူတော်စင်အဆင့်ထွန်ခြစ်သည် သူနှင့်ရေစက်မပါသဖြင့် လက်လွတ်ရတော့မည်ဟု သူ တွေးတောနေခဲ့သည်။ သို့ရာတွင် မမျှော်လင့်ဘဲ ရီဖုန်းသည် လိုလိုလားလားဖြင့် များစွာအလျှော့ပေးခဲ့သည်။

"ဆရာရီ.....မင်းရဲ့ကြင်နာမှုကို ငါ့ရဲ့နှလုံးသားထဲမှာ မှတ်သားထားလိုက်ပြီ....ငါက မင်းအတွက် ဘယ်လိုမှအသုံးမဝင်နိုင်ပေမယ့် ငါ ဝူယုံဟုန်က ဒီနေရာကနေပြီးတော့ မင်း ငါ့ကို လိုအပ်တာနဲ့ ငါက သေတဲ့အထိ မင်းအတွက် တာဝန်ထမ်းဆောင်ပေးမယ်လို့ ကျိန်ဆိုတယ်"

သူသည် ထိုစကားကို ပြောဆိုပြီးနောက် မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်စွာဖြင့် ရီဖုန်းကို ဦးညွှတ်အရိုအသေပြုလိုက်သည်။

ဝူယုံဟုန်၏ကျိန်ဆိုမှုကြောင့် ပင်ကျင်းမြို့၏အထက်ရှိ တိမ်တိုက်များ ရုတ်တရက်ရွှေ့လျားသွားကာ လျှပ်စီးလှိုင်းနှစ်လှိုင်းက မိုးကောင်းကင်ယံ၌ လက်ခနဲဖြတ်သန်းသွားသည်။ နက်နဲသိမ်မွေ့သောကတိစာချုပ်တစ်ခုကို ဝူယုံဟုန်သည် သူကိုယ်တိုင် ကျေကျေနပ်နပ်ဖြင့် ချုပ်ဆိုလိုက်လေပြီ။

ကတိသစ္စာကျိန်ဆိုခြင်းစာချုပ်....

ထိုအရာကိုဖောက်ဖျက်မိပါက ပျက်စီးခြင်းကသာ သူ့အား စောင့်ကြိုနေပေမည်။

Chapter 29

"အင်း...အင်း...အင်း...ကောင်းပြီ....ကောင်းပြီ...သွားတော့...မင်း သွားတော့"

ရီဖုန်းသည် စိတ်မရှည်စွာဖြင့် သူ၏လက်ကိုဝှေ့ယမ်းလိုက်၏။ သူသည် ထိုအဖိုးအို၏ရူးကြောင်ကြောင်အပြုအမူများကို အမှန်တကယ်သည်းမခံနိုင်တော့သဖြင့် အဝေးသို့နှင်ထုတ်လိုက်တော့သည်။

အဖိုးအိုဝူကို နှင်ထုတ်ပြီးနောက် ရီဖုန်းက စားပွဲခုံစောင်းထံသို့ ပြန်သွားလေသည်။

သူသည်

"အကြီးမြတ်ဆုံးရတနာနှင့်ခရမ်းတိမ်တိုက်အင်မော်တယ်"

စာအုပ်အတွင်း၌ စိတ်နှစ်ကာ တနေကုန်တံခါးပိတ်၍ ရေးသားနေခဲ့သည်။

ဆောင်းဦးရာသီသို့ ရောက်လာပြီဖြစ်သဖြင့် ဆောင်းဦးလေများတိုက်ခတ်နေလေရာ ပြင်ပရှိလမ်းများပေါ်၌ တစတစပို၍ညှို့မှိုင်းလာသော်လည်း ရီဖုန်းပေါ်၌ သက်ရောက်မှုမရှိချေ။ စူးရှသောလေအေးများသည် နေအသေးစားလေးကို ယှဥ်ပြိုင်နိုင်မည်မဟုတ်သဖြင့် ရီဖုန်းက အကြောက်အလန့်ကင်းမဲ့နေသည်။

ကြည့်ရသည်မှာ ရီဖုန်းသည် ယခုနှစ်ဆောင်းတွင်းတွင် သက်တောင့်သက်သာ နေရမည့်ပုံပင်။

ကျုံးချင်သည် တုံဏှိဘာဝေနေ၍ လက်သီးနည်းစနစ်များကို နေ့စဥ်နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်နေဆဲဖြစ်ကာ သိုင်းပညာခန်းမအတွင်းရှိ တောက်တိုမည်ရအလုပ်များကိုလုပ်ကိုင်ပြီး အလုပ်ရှုပ်နေခဲ့သည်။

အောင်းချင်ကမူ ရီဖုန်း၏ခြေထောက်ဘေး၌ လဲလျောင်းနေသည်။ သူ၏ဒဏ်ရာများသည် လုံးလုံးလျားလျား သက်သာပျောက်ကင်းသွားလေပြီ။ သူသည် ရံဖန်ရံခါ ရီဖုန်း လက်သီးနည်းစနစ်များလေ့ကျင့်သည်ကို စောင့်ကြည့်ကာ ရံဖန်ရံခါ၌ အရှေ့ခန်းမအတွင်းရှိ ပန်းချီကားများကို လေ့လာဆင်ခြင်ခဲ့သည်။ သူ၏ခွန်အားသည် ကြောက်ခမန်းလိလိ အနေအထားသို့ တိုးတက်သွားလေပြီ။

တစ်ရက်တွင် ချင်ရှန်းဘိုးဘေး လာရောက်လည်ပတ်သည်။

သူ ရောက်လာစဥ်တွင် သူ၏စိတ်အတွင်း၌ တစ်စုံတစ်ခုရှိနေပုံရသည်။ ရီဖုန်းသည် ချင်ရှန်းဘိုးဘေး၏အခြေအနေကို သတိပြုမိသဖြင့် နှစ်သိမ့်အားပေးသည့်အနေဖြင့် သူ အတိတ်ဘဝမှသင်ယူခ့သော ကြက်စွပ်ပြုတ်ကို ချက်ကျွေးလိုက်၏။

ထိုအရာသည် အသုံးဝင်မဝင်ကို ရီဖုန်းမသိရှိချေ။ သို့ရာတွင် သူ သိရှိသည့် တစ်ခုတည်းသောအရာမှာ ချင်ရှန်းဘိုးဘေးသည် ယုံကြည်ချက်အခိုင်အမာရှိပုံဖြင့် ပြန်လည်ထွက်ခွာသွားခြင်းပင်။

နောက်တစ်နေ့တွင်....

ထိုက်ကျိလက်သီးနည်းစနစ်ကို လေ့ကျင့်ပြီးနောက် ရီဖုန်းသည် ပျင်းကြောဆန့်၌ ဝိုင်တချို့ဝယ်ရန်အတွက် ပြင်ပသို့သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် ယနေ့တွင် လမ်းများပေါ်၌ သာမာန်ထက်ပို၍ တိတ်ဆိတ်ငြိမ်သက်နေသည်ကို သူ တွေ့မြင်မိလေ၏။

"ဘာတွေဖြစ်နေတာလဲ"

ရီဖုန်းသည် တစ်ဖက်လမ်းရှိ အမဲသားခေါက်ဆွဲဆိုင်တွင်ထိုင်ကာ မေးမြန်းလိုက်သည်။

"လမ်းဘေးက စျေးဆိုင်တွေမှာ ကျင့်ကြံသူတွေ စျေးဝယ်နေတာကို ငါ အမြဲတမ်းတွေ့နေကျပါ...ဒီနေ့ ဘာလို့ ဒီလောက်ထိငြိမ်သက်နေတာလဲ"

"ဆရာရီကိုကြည့်ရတာ ခုထိမသိသေးပုံပဲ"

ဆိုင်တာဝန်ခံသည် ရီဖုန်း၏လက်အတွင်းရှိ ဝိုင်အရက်ကိုမြင်တွေ့ချိန်တွင် ရက်ရောစွာဖြင့် အမဲသားနှစ်မြှောင်းကို လှီးဖြတ်ကာ ပန်းကန်ပေါ်၌တင်ပေးလိုက်၏။ ထို့နောက် အဝေးရှိမိုးကောင်းကင်ကိုမျှော်ကြည့်ကာ သူက ပြောဆိုသည်။

"ဒီနေ့က ချင်ရှန်းဘိုးဘေးနဲ့ရွှမ်းဝူဘိုးဘေးတို့ကြားက တိုက်ပွဲနေ့ပဲ....ကျင့်ကြံသူတွေအားလုံး သူတို့ရဲ့တိုက်ပွဲကိုကြည့်ဖို့ သွားကြတယ်...ဘယ်လိုပဲဖြစ်ဖြစ် ဒါက ထိပ်တန်းအဆင့် တိုက်ပွဲကြီးပဲလေ...ဒါက အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရဲ့ သေရေးရှင်ရေးနဲ့လည်း သက်ဆိုင်နေတယ်"

"အော်..."

ရီဖုန်းက ခေါင်းညိတ်လိုက်သည်။ သူသည် ထိုအကြောင်းကို ယခင်က ကြားဖူးသော်လည်း ကျင့်ကြံသူများ၏အရေးကိစ္စများနှင့်ပတ်သတ်၍ သူ စိတ်မဝင်စားချေ။

ဆိုင်တာဝန်ခံ၏နေရာတွင် အမဲသားနှစ်မြှောင်းစားပြီး ဝိုင်နှစ်ခွက်သောက်ပြီးနောက် သူ၏ခန္ဓာကိုယ်နွေးထွေးသွားသဖြင့် စာ ဆက်လက်ရေးရန်အတွက် သိုင်းပညာခန်းမသို့ အလျင်စလိုပြန်ခဲ့တော့သည်။

.....

ချင်ရှန်းဂိုဏ်းနှင့်ရွှမ်းဝူဂိုဏ်းတို့အကြားတွင် သဘာဝချောက်နက်ကြီးတစ်ခုရှိသည်။ ထိုချောက်နက်ကြီး၏အလယ်တွင် ပေတစ်ထောင်ကျော်ကျယ်ဝန်းသော စင်မြင့်တစ်ခုရှိကာ မိုးလေစင်မြင့်ဟုခေါ်ဆိုသည်။

မိုးလေစင်မြင့်ပေါ်၌....

ချင်ရှန်းဘိုးဘေး၏မျက်လုံးများ အေးစက်နေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ စွမ်းအားများပွင့်အံ့ထွက်နေသည်။

ရွှမ်းဝူဘိုးဘေးသည် ဆံပင်များဖြူဖွေးနေကာ သူ၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးတစ်ခု ရှိနေလေ၏။

ချောက်နက်ကြီး၏ကမ်းနှစ်ဖက်တွင် တစ်ဖက်ကမ်း၌ ရွှမ်းဝူဂိုဏ်း၏တပည့်များဖြင့် ပြည့်နှက်နေပြီး တခြားတစ်ဖက်ကမ်းတွင် ချင်ရှန်းဂိုဏ်းမှတပည့်များ အပြည့်ရှိနေသည်။ လူတိုင်း၏မျက်နှာများပေါ်တွင် တည်ကြည်လေးနက်သောအမူအယာများရှိနေလေ၏။

ဤလူနှစ်ယောက်ကြားရှိတိုက်ပွဲသည် သူတို့အားလုံး၏အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်မည့်အရာပင်။

"ချင်ရှန်း...မင်း လာဝံ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

ရွှမ်းဝူဘိုးဘေးက သရော်တော်တော် ပြောဆိုသည်။

ဟမ့်....

ချင်ရှန်းဘိုးဘေးသည် အေးစက်စက် နှာတစ်ချက်မှုတ်ကာ စကားများစွာ ပြောဆိုခြင်းမပြုချေ။

"သေစမ်း..."

သူတို့နှစ်ယောက်သည် များစွာရှေ့ပြေးသုံးသပ်နေခြင်းမရှိချေ။ ရွှမ်းဝူဘိုးဘေးသည် သူ၏အရှိန်အဝါကို ထုတ်ဖော်ပြီးနောက် လျှပ်ပြက်သည့်အလား ချင်ရှန်းဘိုးဘေးထံဦးတည်၍ လွှမ်းမိုးချုပ်ကိုင်နိုင်သောစွမ်းအားပါသည့် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် သိုင်းဘုရင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် သံသယဖြစ်ဖွယ်မရှိ ရွှမ်းဝူဘိုးဘေး၏လက်အတွင်းမှ ထွက်ပေါ်လာသည်။

တိုက်ခိုက်မှု ရောက်မလာမီမှာပင် ချင်ရှန်းဘိုးဘေး၏ခြေထောက်အောက်မှ ကျောက်တုံးများသည် ပင့်ကူအိမ်များနှင့်တူသော အက်ကွဲကြောင်းများအဖြစ်သို့ ကွဲထွက်သွားလေ၏။

ချင်ရှန်းဘိုးဘေးသည်လည်း အောက်ကျမခံချေ။ သူ၏ခန္ဓာကိုယ်မှနေ၍ တူညီသောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ သူက မြေပြင်ပေါ်သို့ ခြေဆောင့်နင်းလိုက်သည်။ ကြီးမားသောချိုင့်ကြီးတစ်ချိုင့်က မြေပြင်ပေါ်၌ ထွက်ပေါ်လာကာ သူ၏လျှပ်ပြက်သကဲ့သို့လျှင်မြန်သောပုံရိပ်သည် ရွှမ်းဝူဘိုးဘေး၏လက်ဝါးပုံရိပ်ယောင်ကြီးထံ တဟုန်ထိုးတိုးဝင်သွားသည်။

ဘုန်း....

မြေပြင်တစ်ပြင်လုံး တုန်ခါသွားသည့် မြည်ဟီးသံကြီးက မိုးလေစင်မြင့်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။

မြောက်မြားစွာသောချီစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မလှမ်းမကမ်းမှ စောင့်ကြည့်နေကြသော တပည့်များကို ပို၍ပို၍ နောက်ဆုတ်သွားစေသည်။

သိုင်းဘုရင်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏စွမ်းအားသည် အမှန်တကယ်ကိုပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။

သို့ရာတွင် လူအုပ်ကြီးသည် နောက်ဆုတ်ရသည့်အတွက် ဂရုမစိုက်ချေ။ သူတို့သည်မျက်လုံးများသည် ဟောင်းလောင်းပေါက်ကြီးများအလား မိုးကောင်းကင်ယံကို စူးစိုက်၍ကြည့်နေကာ သူတို့သည် ဘိုးဘေးနှစ်ယောက်၏ပထမဆုံးတိုက်ခိုက်မှုတွင် မည်သူက ပို၍အားကောင်းသည်ကို သိလိုကြသည်။

ထို့နောက် သူတို့မြင်တွေ့လိုက်ရသည်မှာ ချီစွမ်းအားလှိုင်းများအကြား၌ ပုံရိပ်တစ်ရိပ်သည် ရုပ်ပျက်ဆင်းပျက်အနေအထားဖြင့် နောက်သို့ပေရာနှင့်ချီ၍ လွင့်ထွက်သွားခြင်းပင်။

ဤသည်မှာ ချင်ရှန်းဘိုးဘေးဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ချင်ရှန်းဂိုဏ်းမှလူများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

လူအုပ်အကြားမှ ဖန်းယင်၏လှပသောမျက်နှာလေးသည် သေလုမတတ်ဖြူရော်နေကာ သူမ၏ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော လက်လေးများကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။ သူမသည် ချင်ရှန်းဂိုဏ်းသို့ ဝင်ခဲ့သည်မှာ အချိန်တစ်ခုကြာမြင့်နေပြီဖြစ်သဖြင့် ဤတိုက်ပွဲ၏အရေးပါပုံကို ကောင်းစွာသိရှိထားသည်။ ဖြစ်နိုင်သည်မှာ နောက်ဆုံး၌ သူမ ချင်ရှန်းဂိုဏ်းသို့ဝင်ရောက်ပြီး မကြာမီမှာပင် ဂိုဏ်းပြိုလဲပျက်စီးခြင်းနှင့် ရင်ဆိုင်ရတော့မည်လော.....

ရွှမ်းဝူဂိုဏ်းဘက်တွင်မူ ကွဲပြားခြားနားပေ၏။ သူတို့သည် ချက်ချင်းဆိုသလိုပင် မြေပြင်ကွဲကြေသွားလုမတတ် ကျယ်လောင်စွာအော်ဟစ်၍ အားပေးလိုက်ကြသည်။

"ဟား ဟား ဟား...ချင်ရှန်း...မင်းက တကယ်ကို အသုံးမကျတဲ့ကောင်ပဲ...ဒီနေ့ကနေစပြီး တစ်နှစ်ပြည့်တဲ့နေ့က မင်းရဲ့အထိမ်းအမှတ်နေ့ဖြစ်လာလိမ့်မယ်"

လေထုအတွင်း၌ ရွှမ်းဝူဘိုးဘေးက ကျယ်လောင်စွာရယ်မောကာ သူ၏မျက်နှာပေါ်၌ သရော်တော်တော်အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ထိုစကားကိုကြားချိန်တွင် ချင်ရှန်းဘိုးဘေး၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။ သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်သည် အမှန်တကယ်ကိုပင် ကြီးမားပေ၏။

"သေစမ်း"

ရွှမ်းဝူဘိုးဘေးသည် ရေနစ်နေသောခွေးကို ရိုက်နှက်ရခြင်း၏ကောင်းကျိုးကို သိရှိထားသည်မှာ သိသာထင်ရှားသည်။ သူသည် မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ သရဲတစ္ဆေတစ်ကောင်အလား ပျံသန်းသွားကာ မိုးကောင်းကင်ကိုဖျက်ဆီးပြီး မြေပြင်ကိုပြိုလဲစေနိုင်သော စွမ်းအားမျိုးဖြင့် ချင်ရှန်းဘိုးဘေးထံဦးတည်ကာ ထပ်မံ၍လက်ဝါးတစ်ချက်ရိုက်နှက်လိုက်သည်။

ဤရိုက်ချက်သည်....

ဤစွမ်းအားသည် ယခင်လက်ဝါးရိုက်ချက်ထက် ပို၍ကြီးမားကာ အရှိန်အဝါသည်လည်း ပို၍ပြင်းထန်သည်။

အကယ်၍ ချင်ရှန်းဘိုးဘေးထံတွင် ယခင်ကပြသခဲ့သော ခွန်အားမျိုးသာရှိနေပါက ရွှမ်းဝူဘိုးဘေး၏ရိုက်ချက်နှင့် ရင်ဆိုင်ရသည်နှင့် သူသည် သေဆုံးမသွားလျှင်ပင် ဒဏ်ရာအပြင်းအထန်ရရှိသွားပေမည်။

ချီစွမ်းအားများလွှမ်းခြုံနေသော လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံအတွင်း၌ တစတစ ပို၍ကြီးမားလာကာ ချင်ရှန်းဘိုးဘေး၏အနီးသို့ တစတစချဥ်းကပ်သွားချိန်တွင် မိုးကောင်းကင်တစ်ဝက်ခန့်ကို လင်းထိန်သွားစေသည်။

သို့ရာတွင် ချင်ရှန်းဘိုးဘေးသည် အနည်းငယ်မျှပင် လှုပ်ရှားခြင်းမပြုချေ။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် နံဘေးမှစောင့်ကြည့်နေကြသူများအားလုံး သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။ လူအများစုက ချင်ရှန်းဘိုးဘေးသည် အရှုံးကိုဝန်ခံသည့်အနေဖြင့် ခုခံကာကွယ်ရန် လက်လျှော့လိုက်ခြင်းဖြစ်မည်ဟု ထင်ကြေးပေးနေကြ၏။

အထူးသဖြင့် ချင်ရှန်းဂိုဏ်းမှလူများ၏ မျက်နှာများပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

ကြည့်ရသည်မှာ သူတို့သည် ဤလက်ဝါးရိုက်ချက်၏အောက်တွင် ချင်ရှန်းဂိုဏ်း၏ပျက်သုဥ်းခြင်းကို တွေ့မြင့်ရတော့မည့်ပုံပင်။

ထိုလက်ဝါးပုံရိပ်ကြီးသည် ချင်ရှန်းဘိုးဘေးနှင့် ပေသုံးဆယ်အောက်သာ ကွာဝေးသောနေရာသို့ ရောက်ရှိလာလေပြီ။ ချင်ရှန်းဘိုးဘေး၏မျက်နှာပေါ်တွင် ရုတ်တရက် အေးစက်စက်အပြုံးတစ်ခု ထွက်ပေါ်လာကာ သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်သည်။

"နောက်ဆုံးတော့ ငါ့ရဲ့အလှည့် ရောက်လာပြီ"

Chapter 30

ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် စောင့်ကြည့်နေကြသူအမြောက်အများ အံ့အားသင့်တုန်လှုပ်သွားသည်။

မီးဖိုချောင်သုံးဓားတစ်လက် ဖြစ်နေသလော....

ထို့နောက် လှောင်ပြောင်ရယ်မောသံများက ရွှမ်းဝူဂိုဏ်းဘက်မှ ထွက်ပေါ်လာသည်။

"မီးဖိုချောင်သုံးဓားတစ်လက်လား...ဒါက အရမ်းရယ်စရာကောင်းတာပဲ"

"ဟား ဟား ဟား...အမှန်ပဲ...မြင့်မြတ်တဲ့ချင်ရှန်းဘိုးဘေးရဲ့လက်နက်က မီးဖိုချောင်သုံးဓားတစ်လက်ဖြစ်နေတယ်"

"ဖြစ်နိုင်တာတော့ ချင်ရှန်းဂိုဏ်းက အရမ်းဆင်းရဲမွဲတေနေလို့ သူတို့ရဲ့ဘိုးဘေးက မီးဖိုချောင်ထဲက မီးဖိုချောင်သုံးဓားကို ယူလာတာလား"

ထိုနားမခံနိုင်ဖွယ် သရော်သံများကိုကြားချိန်တွင် ချင်ရှန်းဂိုဏ်းမှတပည့်များ၏မျက်နှာများ အလွန်အမင်း ရှုံမဲ့သွားသည်။

သူတို့သည် ယခင်က ဤဓားကိုမြင်တွေ့ဖူးပြီးဖြစ်သော်လည်း ချင်ရှန်းဘိုးဘေး အသုံးပြုစဥ်တွင် ထွက်ပေါ်လာမည့် တိုက်ခိုက်စွမ်းအားအပေါ် များစွာယုံကြည်ချက်မရှိချေ။

"ချင်ရှန်း...မင်း တကယ့်ကို ကြံရာမရဖြစ်နေပုံပဲ...ငါနဲ့တိုက်ခိုက်ဖို့ကို မင်းက မီးဖိုချောင်သုံးဓားတစလက် ထုတ်လာတယ်...မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ"

ရွှမ်းဝူဘိုးဘေးသည် မတူမတန်နှိမ့်ချပြောဆိုပြီး သူ၏လက်ဝါးပုံရိပ်ယောင်ကြီးကို ရှေ့သို့တိုးကာ သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

"မင်း ကြိုးစားကြည့်ပြီးရင် မြင်ရလိမ့်မယ်"

ချင်ရှန်းဘိုးဘေးသည် အမူအယာကင်းမဲ့စွာဖြင့် စကားတစ်ခွန်းနှင့် ခွန်းတုံ့ပြန်သည်။ သူ၏အသံ ကျရောက်သွားပြီးနောက် သူ၏မျက်လုံးသူငယ်အိမ် ရုတ်တရက်ကျဥ်းမြောင်းသွားကာ သူ၏လက်ကို လွှဲယမ်းလိုက်၏။

ထို့နောက် သာမာန်ဆန်သော မီးဖိုချောင်သုံးဓားကို ရွှမ်းဝူဘိုးဘေးထံဦးတည်၍ ခုတ်ပိုင်းလိုက်သည်။

လူတိုင်း သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြသည်။

ဤသည်က သံသယဖြစ်ဖွယ်မရှိ ကြက်ဥဖြင့် ကျောက်တောင်ကို ပစ်ပေါက်ခြင်းပင်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုသာမာန်ဆန်သောမီးဖိုချောင်သုံးဓားမှနေ၍ တောက်ပသောရောင်စဥ်တန်းများ ဖြာထွက်လာသည်။ ထို့နောက် ပေထောင်နှင့်ချီမြင့်မားသော ဓားချီအလင်းတန်းကြီး ထွက်ပေါ်လာပေ၏။

ထိုဓားချီအလင်းတန်းအောက်တွင် လူတိုင်းသည် ကူကယ်ရာမဲ့စွာ သူတို့၏မျက်လုံးများကို စုံမှိတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် မမြင်နိုင်သောအရှိန်အဝါတစ်ရပ်က မိုးလေစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ကျင့်ကြံဆင့်နိမ့်ပါးသူတချို့သည် မြေပြင်ပေါ်၌ဝပ်၍ ဦးညွှတ်အရိုအသေပြုလိုစိတ်ကိုပင် ခံစားနေရသည်။

အမှန်အားဖြင့် ရွှမ်းဝူဘိုးဘေးသည် တိုက်ရိုက်သက်ရောက်ခြင်းခံရသူပင်။

သူ မည်မျှပင် အစွမ်းထက်နေပါစေ ထိုဓားချီအလင်းတန်း၏အောက်တွင် ချွင်းချက်မရှိ သိမ်ငယ်သွားသကဲ့သို့ သူ ခံစားမိသည်။ သူ၏မျက်နှာပေါ်ရှိ အေးစက်စက်အပြုံးသာ်လည်း တောင့်တင်းသွားပေ၏။

ဓားချက်တစ်ချက်ဖြင့် ရွှမ်းဝူဘိုးဘေး၏လက်ဝါးပုံရိပ်ယောင်ကြီး ကြေမွှပျက်စီးကာ အဝေးသို့လွင့်ပြယ်သွားသည်။ ထိုစွမ်းအားများသည် ရွှမ်းဝူဘိုးဘေး၏လက်ကိုပင် ထွင်းဖောက်သွားလေ၏။

အလွန်ကြီးမားသောနာကျင်မှုနှင့် တန်ပြန်ရိုက်ခတ်မှုစွမ်းအားများက ရွှမ်းဝူဘိုးဘေး၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသည်။ စူးရှနာကျင်စွာအော်ဟစ်လိုက်သော အသံကြီးနှင့် အတူယှဥ်တွဲ၍ ရွှမ်ဝူဘိုးဘေးသည် မိုးလေစင်မြင့်ပေါ်၌ ယင်ကောင်တစ်ကောင်အလား ဖရိုဖရဲပြေးလွှားနေခဲ့သည်။

"ဟမ်...."

"ဘာလဲဟ...."

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး မယုံကြည်နိုင်ကြချေ။ သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ပင့်သက်ရှိုက်လိုက်ကြကာ ချင်ရှန်းဂိုဏ်းတပည့်များထံမှနေ၍ မကြုံစဖူး ဝမ်းမြောက်ဝမ်းသာအော်ဟစ်သံများ ပွင့်အံ့ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ချင်ရှန်းဘိုးဘေး၏လက်အတွင်းရှိ မီးဖိုချောင်သုံးဓားသည် မရေမတွက်နိုင်သောလူများ၏အကြည့်များကို ဆွဲဆောင်သွားနိုင်လေ၏။

ထိုဓား၏စွမ်းအားသည် လူတိုင်းမျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။ ဤသည်က အမှန်တကယ်ကို တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

လူအုပ်အကြားတွင်ရှိနေသော ဖန်းယင်သည်လည်း ထိတ်လန့်တုန်လှုပ်နေကာ သူမ၏နီမြန်းသောနှုတ်ခမ်းနှစ်လွှာသည် ပွင့်ဟနေပေ၏။ သူမသည် ထိုမီးဖိုချောင်သုံးဓားကို ဝူကျီး၏ကျောက်စိမ်းပြားပေါ်၌ မြင်တွေ့ဖူးသော်လည်း ထိုအရာ၏စွမ်းအားကို သူမကိုယ်တိုင်မြင်တွေ့ရချိန်တွင် အလွန်ကြီးမားသောသက်ရောက်မှု ရှိနေဆဲပင်။

ထို့ပြင် ပို၍လက်ခံနိုင်ဖွယ်မရှိသောအချက်မှာ သူမသည် ထိုမီးဖိုချောင်သုံးဓားကို ပို၍ပို၍ ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားမိခြင်းဖြစ်သည်။

သူမသည် ထိုအရာကို တစ်ကြိမ်ထက်မက မြင်တွေ့ခဲ့ဖူးသကဲ့သို့ပင် ခံစားမိသော်လည်း ပြင်းထန်သော ထိတ်လန့်တုန်လှုပ်မှုသည် သူမ ထိုအရာကို မည်သည့်နေရာ၌မြင်တွေ့ဖူးခြင်းမှ တိတိကျကျအမှတ်မရစေရန် ကာကွယ်တားဆီးထားလေ၏။

အမှန်အားဖြင့် သူမသည် ဤကဲ့သို့ရင်းနှီးကျွမ်းဝင်မှုမျိုးကို ခံစားနေရခြင်းမှာ အလွန်ထူးခြားဆန်းကြယ်သော ကိစ္စတစ်ရပ်ပင်။

သူမကဲ့သို့ ချင်ရှန်းဂိုဏ်းကို တစ်စုံတစ်ယောက်၏အကူအညီဖြင့် ဝင်ခဲ့ရသူတစ်ယောက်သည် မည်သည်ကြောင့် ဤကဲ့သို့အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခုကို ယခင်က မြင်တွေ့ဖူးမည်နည်း....

"ဟား ဟား ဟား..."

ချင်ရှန်းဂိုဏ်းချုပ်သည်လည်း သူ၏ဓားချက်ကြောင့် သူ ပြန်တုန်လှုပ်သွားသည်။ သူ၏ ယုံကြည်ချက်အခိုင်အမာရှိသော ရယ်မောသံကြီးက လေထုအတွင်း၌ ထွက်ပေါ်လာသည်။

"ချင်ရှန်း....စက်ဆုပ်ဖို့ကောင်းတဲ့ သူတောင်းစား...မင်းမှာ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ နတ်ဘုရားလက်နက်ရှိနေတာလဲ"

ရွှမ်းဝူဘိုးဘေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းမှာ ဂုဏ်သိက္ခာရှိတယ်ဆိုရင် မင်းရဲ့လက်ထဲက မီးဖိုချောင်သုံးဓားကိုချပြီး ငါနဲ့မျှမျှတတ တိုက်ခိုက်စမ်း...မင်းက သူရဲကောင်းတစ်ယောက် ဒါမှမဟုတ် လူကောင်းတစ်ယောက်မဟုတ်ဘူးလား"

"ငါက မီးဖိုချောင်သုံးဓားကိုချပြီး မျှမျှတတ တိုက်ခိုက်ရမှာလား...မင်း လှလှပပလေး ဆုတောင်းလေ...ငါကတော့ စိတ်ကျေနပ်တဲ့အထိ မင်းကို အနိုင်ကျင့်မှာပဲ...ဘာဖြစ်လဲ"

ဟမ့်...

ချင်ရှန်းဘိုးဘေးသည် ဒေါသတကြီး နှာတစ်ချက်မှုတ်ကာ သူ၏မီးဖိုချောင်သုံးဓားကို လေထုအတွင်း၌ဝှေ့ယမ်း၍ ရွှမ်းဝူဘိုးဘေးကို ထပ်မံ၍ တိုက်ခိုက်လိုက်၏။

ရွှမ်းဝူဘိုးဘေး၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ချင်ရှန်းဘိုးဘေးကို ထိပ်တိုက်ရင်မဆိုင်ဝံ့သဖြင့် ကွေ့ဝိုက်ကာပျံသန်းပြီး ထွက်ပြေးနေရသည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဘိုးဘေးနှစ်ယောက်သည် မိုးလေစင်မြင့်မှနေ၍ ရှေ့ဆင့်နောက်ဆင့် ပျံသန်းလာကာ မကြာမီမှာပင် ပင်ကျင်းမြို့၏အထက်သို့ ရောက်ရှိလာသည်။

"ဘန်း...."

"ဝှစ်...."

"ဝုန်း..."

ရွှမ်းဝူဘိုးဘေးကို နောက်မှလိုက်လံဖမ်းဆီးနေသော ချင်ရှန်းဘိုးဘေး၏ မီးဖိုချောင်သုံးဓားမှဓားချက်များသည် လေထုကိုဖြတ်သန်းပြီး ပဲ့တင်ထပ်နေသည်။ ထိုအရာ၏ခံ့ညားထည်ဝါသော စွမ်းအားလှိုင်းများက မိုးကောင်းကင်ယံတခွင်လုံးကို တုန်ခါသွားစေသည်။

ရွှမ်းဝူဘိုးဘေးကမူ အန္တရာယ်အတွင်း ကျရောက်နေသည်။ တုန်လှုပ်ချောက်ချားဖွယ် မီးဖိုချောင်သုံးဓားနှင့် ရင်ဆိုင်ရချိန်တွင် သူ လုပ်ဆောင်နိုင်သည့်အရာမှာ ထွက်ပြေးရန်ပင်။

ထိုဘိုးဘေးနှစ်ယောက်သည် ပင်ကျင်းမြို့ကိုဖြတ်၍ ပျံသန်းကာ နေရာတချို့တွင် ထပ်မံ၍တိုက်ခိုက်ကြလေ၏။

"သောက်ချေးပဲ"

ဆူညံသံများ၏နှောက်ယှက်ခံရခြင်းကြောင့် ရီဖုန်းကို အလွန်စိတ်အနှောက်အယှက် ဖြစ်သွားစေသည်။ သူသည် စုတ်တံနှင့်စာရွက်ကို အောက်သို့ချကာ ပြင်ပသို့ထွက်ပြီး စွမ်းအားလှိုင်းများ ဂယက်ထနေသော မိုးကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ဤသည်က ကျင့်ကြံသူများ ထပ်မံ၍တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း သူ ချက်ချင်းသိရှိသွားသည်။

"ဘယ်လိုသူတောင်းစားတွေလဲ...ဝေးဝေးကိုသွားပြီး တိုက်ခိုက်ကြစမ်း"

ရီဖုန်းသည် တံတွေးတစ်ချက်ထွေးကာ သိုင်းပညာခန်းမအတွင်းသို့ ပြန်ဝင်လိုက်၏။ သူသည် အသံများ တိတ်ဆိတ်ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ စာပြန်ရေးလေသည်။

နောက်ထပ်လဝက်ခန့်အကြာတွင် ရီဖုန်းသည် နောက်ဆုံး၌

'အကြီးမြတ်ဆုံးအင်မော်တယ်နှင့်ခရမ်းအင်မော်တယ်'

ဝတ္ထုကို ရေးသား၍ပြီးစီးသွားလေပြီ။ ထို့နောက် သူသည် ပင်ကျင်းကုန်သည်အဖွဲ့အစည်းထံသို့ ဦးတည်၍သွားခဲ့သည်။

ရီဖုန်းကို လက်ခံတွေ့ဆုံသူမှာ အဖွဲ့အစည်းခေါင်းဆောင်မြောင်လင်းပင်။

ကုန်သည်အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သဖြင့် မြောင်လင်း၏အဆင့်အတန်းသည် သာမာန်လူများထက် များစွာပို၍မြင့်မားသည်။ မူလက သူ၏အဆင့်အတန်းကြောင့် သူကိုယ်တိုင် ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်းမရှိချေ။ သို့ရာတွင် တစ်ချိန်က မြောင်လင်းသည် ကုန်သည်အဖွဲ့နှင့်အတူ တောအုပ်တစ်ခုအတွင်းသို့ ဝင်ခဲ့ရာတွင် အဆိပ်ပြင်းမြွေတစ်ကောင်၏ကိုက်ခြင်းကို ခံခဲ့ရသည်။ သမားတော်အများစုသည် သူ့အား ကုသနိုင်ခြင်းမရှိသော်လည်း ရီဖုန်းပြုလုပ်သောဆေးပင်များကြောင့် သူ၏ဝေဒနာ သက်သာပျောက်ကင်းသွားခဲ့သည်။ ထို့ကြောင့် ရီဖုန်းကို မြောင်လင်း၏ကျေးဇူးရှင်ဟု ယူဆနိုင်သည်။

"ဟီး ဟီး...ဆရာရီ....ကျေးဇူးပြုပြီးတော့ လဖက်ရည်လေးသောက်ပါအုံး"

မြောင်လင်းသည် အဓိက ထိုင်ခုံပေါ်၌ ထိုင်နေလေ၏။ အဖွဲ့အစည်းခေါင်းဆောင်ဖြစ်သော သူသည် ခမ်းနားထည်ဝါသောအဝတ်အစားများကို ဝတ်ဆင်ထားကာ နီစပ်စပ်အသားအရေရှိသည်။ သူသည် ရီဖုန်းကို ပုန်းလျှိုးကွယ်လျှိုးတစ်ချက်ကြည့်ကာ မေးမြန်းလေသည်။

"ဆရာရီ ငါတို့ကုန်သည်အဖွဲ့ကိုရောက်လာတာ ဘာကိစ္စအတွက်လဲဆိုတာ ငါ သိချင်မိတယ်"

"ငါ့ကို အသုံးမဝင်တဲ့ စိတ်ကူးယဥ်ပုံပြင်တွေ ထပ်ပြီးပုံနှိပ်ခိုင်းဖို့ လာတောင်းဆိုတာတော့ မဟုတ်လောက်ပါဘူးနော်...ဟုတ်တယ်မလား"

ထိုစကားကိုကြားချိန်တွင် ရီဖုန်း၏မျက်ခုံး အနည်းငယ်စုကျုံသွားကာ သူ၏မျက်နှာပေါ်တွင် ကိုးရိုးကားရားအမူအယာမျိုး ထင်ဟပ်လာသည်။

"ဆရာရီ...ရိုးရိုးသားသားပြောရရင်..မင်း ဒီနေရာကို ခဏလေးလာထိုင်တာက အဆင်ပြေတယ်..ငါက မင်းကို ဧည့်ဝတ်ကျေအောင် ပြုစုပေးမှာပါ...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့ကျေးဇူးရှင်ပဲ"

မြောင်လင်းသည် သူ၏လဖက်ရည်ခွက်ကိုမြှောက်ကာ တစ်ကျိုက်ငုံ၍ ဆက်လက်ပြောဆိုသည်။

"ဒါပေမယ့် အသုံးမဝင်တဲ့စာအုပ်တွေကို ပုံနှိပ်ဖို့ဆိုရင် ငါ မင်းကို ကူညီနိုင်မှာမဟုတ်ဘူး...ဒါက ကိစ္စကြီးတစ်ခုမဟုတ်ပေမယ့် ငါတို့ကုန်သည်အဖွဲ့အတွက် အမြတ်မရနိုင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ်....."

"ငါတို့ရဲ့ကုန်သည်အဖွဲ့မှာ ကျွေးစရာပါးစပ်ပေါက်တွေ အများကြီးရှိတယ်...အမြတ်ရအောင် အရင်ရှာရမယ်...ဒါကို မင်း သဘောတူတယ်မလား"

"ကောင်းပြီလား"

ရီဖုန်း၏နှုတ်ခမ်း ဆူပုတ်နေကာ သူ၏စိတ်အတွင်းမှကျိတ်၍ သက်ပြင်းရှိုက်လိုက်၏။ ထိုသို့ပြောဆိုလာသဖြင့် သူသည် ဤနေရာ၌ဆက်နေရန် ပျင်းရိလေရာ ထွက်ခွာသွားရန်အတွက် မတ်တတ်ထရပ်လိုက်သည်။

ထိုအချိန်မှာပင် အခန်းတံခါးပွင့်သွားကာ ဆွဲဆောင်မှုရှိသော ပုံရိပ်လေးတစ်ခုက အတွင်းသို့ ဝင်ရောက်လာသည်။

ထိုပုံရိပ်သည် အရပ်ရှည်ပြီး နှစ်လိုဖွယ်ပုံပန်းသွင်ပြင်ရှိသော မိန်းကလေးတစ်ယောက်ပင်။ သူမသည် အနီရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကောက်ကြောင်းအလှကို အထင်းသား တွေ့မြင်နိုင်သည်။

"ယွင်အာ...ငါ ဧည့်သည်နဲ့တွေ့နေတာကို မင်း မမြင်ဘူးလား...မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ရိုင်းရိုင်းပျပျ ဝင်လာတာလဲ"

မြောင်လင်းသည် ဆူပူကြိမ်းမောင်းလိုက်သော်လည်း သူ၏မျက်လုံးအတွင်း၌ ချစ်မြတ်နိုးမှုများနှင့် ပြည့်နှက်နေသည်။

"အဖေ...ကျွန်မ ဒီကိုလာတာက 'ခန်းဆောင်နီအိမ်မက်'ကိုရေးတဲ့ စာရေးဆရာကို ရှာတွေ့ပြီလားလို့ လာမေးတာပါ"

ယွင်အာဟု ခေါ်သောမိန်းကလေးက ဆွဲဆောင်မှုရှိသောလေသံဖြင့် ရှင်းပြသည်။

ခေါ်ဆိုသုံးနှုန်းမှုအရကြည့်လျှင် သူမသည် ကုန်သည်အဖွဲ့အစည်း၏ ပုလဲရတနာလေးဖြစ်သော မြောင်လင်း၏သမီး မြောင်ယွင်အာဖြစ်ပေမည်။

All Chapters