အခန်း (၈၅၅)
Vol. 62 Ch. 855
ထိုသို့ လုပ်ပြီးသွားသည့်နောက်တွင်မူ သခင်ကြီးမှာ စွမ်းအင်များ ကုန်သွားပုံဖြင့် ပျော့ခွေသွားသည်။
၎င်းကိုမြင်သော ယဲ့ဖူရှောက်က အလန့်တကြား မေး၏။
" သခင်ကြီး... အဆင်ပြေရဲ့လား.. "
ပြိုင်ဘက်ကင်းလို ဖြစ်နေခဲ့သော သူ့သခင်ကြီးက ကြေးနီရုပ်ထုလေးတစ်ခုကြောင့် ယခုလိုအခြေအနေမျိုး အဘယ့်ကြောင့်ဖြစ်ရသည်ကို သူ နားမလည်နိုင်ပါ ။
ထို ရုပ်ထုက ဘယ်သူပါနည်း ။
ဤတစ်ကြိမ်တွင်မူ သခင်ကြီးက ဘာကိုမှ ဖုံးကွယ်မထားဘဲ တန်းဖြေပါသည်။
" ရှန့်ဟွမ် နတ်ဘုရားပျက်စီးခြင်း သုံးခုထဲက တစ်ခုပဲကွ "
ယဲ့ဖူရှောက်၏ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။
" ရှန့်ဟွမ်.... သက်ရှိတွေအတွက် တားမြစ်နယ်မြေ ဖြစ်လာရတဲ့ အကြောင်းရင်းလား.. အဲ့ဟာက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ "
သခင်ကြီးက မျက်မှောင်ကြုံ့၍ ပြန်ဖြေသည်။
" ငါလဲ မသိဘူး ။ ဒီအချုပ်နှောင်ကို လုပ်ခဲ့တဲ့အချိန်တုန်းက ရှန့်ဟွမ်လဲ ပါခဲ့တယ်နဲ့တူတယ် "
ယဲ့ဖူရှောက် ဘာစကားမှ ထပ်မပြောတော့ဘဲ ခေါင်းသာ ညိတ်လိုက်၏။
ထိုစဥ် သခင်ကြီးက သူ့ဘက်သို့ ရုတ်တရက်လှည့်ကာ ပြောသည်။
" မင်း ပြောချင်တာရှိရင် ပြောပါ "
ယဲ့ဖူရှောက် ခေါင်းငုံ့သွား၏။
" ဟုတ်ကဲ့ပါ သခင်ကြီး... သခင်ကြီးက အဲ့ နတ်ဘုရားပျက်စီးခြင်း သုံးခုထဲကတစ်ခုကို ဘာလို့ ကြောက်ရတာလဲလို့ ကျုပ် မေးချင်တာပါ.. "
သခင်ကြီးက လှောင်ပြုံးဖြင့် ပြန်ပြောသည်။
" ကြောက်တယ်.. ဟုတ်လား ။ ဟား ဟား.. ငါသာ အရင်လိုထိပ်ဆုံးအစွမ်း ပြန်ရနေရင် ရှန့်ဟွမ်ရဲ့ နတ်ဘုရားပျက်စီးခြင်း သုံးခုလုံး ပေါင်းလာရင်တောင် ဂရုမစိုက်ဘူး "
ယဲ့ဖူရှောက် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ တလေးတစား ပြော၏။.
" ကျုပ် သဘောပေါက်ပါပြီ... "
သူ့သခင်ကြီး၏ စကားများကို သူ အပြည့်အဝ ယုံပါသည်။
သခင်ကြီးက လက်ကာပြ၍ ပြော၏။
" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့တော့.. အခု နောက်ဆုံး အချုပ်အနှောင်တစ်ခု ကျန်သေးတယ် ။ အဲ့ဒါကို ချိုးဖျက်ပြီးတော့ အထဲကအရာကိုသာ ထုတ်လိုက်နိုင်ရင် ရှန့်ဟွမ် နတ်ဘုရားပျက်စီးခြင်းကိုလဲ ဘာမှထည့်စဥ်းစားနေစရာ မလိုတော့ဘူး ။ နောက်ထပ် အချိန်နည်းနည်းယူပြီး အားပြည့်အောင် နားပြီးသွားရင် ရှန့်ဟွမ်ကိုတောင် ဖျက်ဆီးပစ်နိုင်မှာ "
သူက ထိုစကားအား စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောလိုက်သဖြင့် ယဲ့ဖူရှောက်ပင် တက်ကြွသွားသည်။
ထိုစဥ် ထျန်းယွမ်သခင်ကြီး ရှိသည့်နေရာ၌ ...
" ရှစ်ခုမြောက် အချုပ်အနှောင်က ပျက်စီးသွားပြီလား.. "
ထျန်းယွမ်သခင်ကြီး မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။
သူသည် အချုပ်အနှောင် ပြုလုပ်ရာတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည့်အတွက် ၎င်း ရှစ်ခုမြောက်အချုပ်အနှောင်က ဘာကိုဆိုလိုသည်ကို ကောင်းကောင်းသိပါသည်။
၎င်းမှာ တားမြစ်အစွမ်းဖြစ်ပြီး မသေမျိုးဧကရာဇ်တစ်ယောက်သည်ပင် ၎င်းနှင့် ထိတွေ့မိပါက ကံဆိုးမှုကို ခံစားရမည်ဖြစ်ပါ၏။
သို့သော် ယခု ၎င်းအချုပ်အနှောင်က ပျက်စီးသွားခဲ့လေပြီ ။
သို့ဆိုလျှင် အချုပ်အနှောင်ကို ဖျက်ဆီးခဲ့သူက မသေမျိုးဧကရာဇ်ထက် အစွမ်းမနိမ့်ဘူးဆိုသည့် အဓိပ္ပါယ် မဟုတ်ပါလား..
ထိုသို့သော လူမျိုးက ဤကမ္ဘာပေါ်တွင် အမှန်တကယ် ရှိပါသလား...
" နောက်ဆုံးအချုပ်အနှောင် မကျိုးပျက်ခင်မှာ ငါ့ရဲ့ အစီအမံကို ပြီးအောင်လုပ်ရမယ် ။ မဟုတ်လို့ကတော့ ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို တကယ်ရောက်သွားတော့မှာ ။ ဒါပေမယ့်.. နောက်ဆုံးအချုပ်အနှောင်က ငါ့အတွက် အချိန်လုံလောက်အောင် ပေးထားနိုင်မှာပါလေ "
သူ တွေးလိုက်သည်။
ထိုစဥ် အချုပ်အနှောင်ဘက်၌...
ယဲ့ဖူရှောက်မှာ နောက်ဆုံးအချုပ်အနှောင် ရှိနေသည့်ဘက်သို့ ကြည့်ရင်း ဘာပြောရမည်မသိဘဲ ခဏတာမျှ ဆွံ့အနေရှာ၏။
နောက်ဆုံးအချုပ်အနှောင်က ယခုလို ဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပါ ။
" သခင်ကြီး... "
သူ သခင်ကြီးဘက်သို့ စိုးရိမ်မကင်းစွာ လှည့်ကြည့်လိုက်သည်။
သူ့သခင်ကြီး၏ မျက်နှာထက်တွင်ကား လှောင်ပြုံးတစ်ခုသာ ရှိနေပါ၏။
" ဒီကောင်တွေက တကယ် ဉာဏ်ကောင်းကြတာပဲ "
သူ ပြောကာ ရှေ့သို့ကြည့်လိုက်သည်။
သူနှင့် မျက်နှာချင်းဆိုင်တွင်မူ လူနှစ်ယောက် ရပ်နေပြီး... ထိုအထဲမှ တစ်ယောက်၏ အရောင်အဝါက သူနှင့် တစ်ထပ်တည်း တူနေပါ၏။
" အချုပ်အနှောင်တွေနဲ့ အစီအမံတွေ သုံးပြီးတော့ တစ်ထပ်တည်းတူတဲ့ ပုံရိပ်ယောင်ကို လုပ်ထားတယ်ပေါ့လေ ။ ဒါပေမယ့်.. ဒီပုံရိပ်ယောင်တွေက လူအစစ်ရဲ့ အစွမ်းမျိုးကို တကယ်ကြီး ပိုင်ဆိုင်မလားဆို
တာ စိတ်ဝင်စားစရာတော့ ကောင်းသားပဲ "
သခင်ကြီး ပြောကာ ရှေ့တိုးလိုက်သည်။
ထိုစဥ်တွင် တဖက်မှ ပုံရိပ်ယောင်ကလည်း သူ့အတိုင်း လှုပ်ရှားလိုက်ပါ၏။
ဝုန်း...
သခင်ကြီး လှုပ်ရှားသွားကာ အစီအမံတစ်ခု လုပ်လိုက်သည်။
ပုံရိပ်ယောင်ကလည်း သူ့အတိုင်းပင် လိုက်လုပ်၏။
ဝုန်း...
အစီအမံနှစ်ခု လေထဲ ထိပ်တိုက်တွေ့သွားကာ ကြောက်မက်ဖွယ် အစွမ်းကြီး ထွက်ပေါ်လာသည်။
သူတို့ချင်း သရေပါပင်...
ထိုမြင်ကွင်းကို ကြည့်နေသော ယဲ့ဖူရှောက် တစ်ကိုယ်
လုံး တုန်သွားတော့သည်။
သူ့သခင်ကြီးသည် သူ့ဘဝတလျှောက် မြင်ဖူးခဲ့သမျှထဲတွင် အစွမ်းအထက်ဆုံးဖြစ်ပြီး အလွန်ကြောက်စရာကောင်းလှပါ၏။
ယခု ထိုသို့သော လူတစ်ယောက်က တဖက်မှ အချုပ်အနှောင် ပုံရိပ်ယောင်နှင့် လက်ရည်တူနေသတဲ့လား..
ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှ အချုပ်အနှောင်များက ဤမျှ ကြောက်စရာကောင်းပါသလား..
သူ ထိုသို့ တုန်လှုပ်နေစဥ်မှာပင်..
ဝီ ...
တဖက်တွင်ရှိသော ယဲ့ဖူရှောက် ပုံရိပ်ယောင်က လေထဲ၌ ထွင်းစာများ စရေးလာပါ၏။
" ဟင်.. "
ယဲ့ဖူရှောက်အစစ် အံ့အားသင့်သွားရတော့သည်။
ထို့နောက်တွင်..
ဝုန်း..
ပုံရိပ်ယောင်၏ ထွင်းစာများမှ နတ်ဘုရားအလင်းတန်းတစ်ခု ပစ်လွှတ်လာပါ၏။
" ဒီမအေ ##% "
ယဲ့ဖူရှောက်၏ မျက်နှာထား ရုတ်ချည်းပြောင်းသွားကာ လှုပ်ရှားလိုက်တော့သည်။
ဝုန်း...
သို့သော် သူ စုစည်းလိုက်သော ထွင်းစာများက တဖက်လူကြောင့် လုံးဝနီးပါး ဖျက်ဆီးခံလိုက်ရပါ၏။
" ဒီကောင်ရဲ့ အစီအမံတွေကို နားလည်နိုင်စွမ်းက ငါနဲ့ ယှဥ်လို့ရနေတာပဲ "
ယဲ့ဖူရှောက် တုန်လှုပ်သွားရပြန်သည်။
သို့ဆိုလျှင် သူ သတိလက်လွတ်၍ မဖြစ်တော့ပါ..
ထို့နောက် သူ အစွမ်းကုန်သုံး၍ ချက်ချင်းတိုက်ခိုက်လိုက်သည်။
ထိုတခဏတွင် လူရိပ်လေးခု တစ်ယောက်ကိုတစ်ယောက် အသည်းအသန် တိုက်ခိုက်နေကြပြီး မည်သူ အသာစီးရနေသည်ကို ပြောရန် ခက်လှပါ၏။
" မျိုးမစစ်ကောင်.. ငါ့ခန္ဓာကိုယ်အစစ် ရောက်မလာနိုင်လို့သာ မင်း ဒီလောက်ထိ ခံသာနေတာ ။ ရောက်သာ ရောက်လာလို့ကတော့ ဒီလိုအစုတ်အပျက် အချုပ်အနှောင်လောက်နဲ့ ငါ့ကိုယှဥ်လို့ရမယ့်အစွမ်းမျိုး ထုတ်နိုင်မယ်ထင်လား "
သခင်ကြီးမှာ တိုက်ခိုက်နေရင်း ဒေါသထွက်လာပါသည်။
သို့သော် ထိုသို့ပြောနေ၍လည်း ဘာမှ မထူးပါချေ။
သူ့ရှေ့တွင်ရှိနေသော ပြိုင်ဘက်မှာ သူနှင့်လက်ရည်တူနေသည့်အတွက် ရှင်းရခက်လှပါ၏။
လက်ရှိတွင် သူ အံကြိတ်ပြီး အနိုင်ရသည်အထိ တိုက်ခိုက်ရန်သာ ရှိပါသည်။
ထိုစဥ်တွင် ထျန်းယွမ်သခင်ကြီးနှင့် ကျန်လူများမှာလည်း အချုပ်အနှောင် အစွန်ပိုင်းနားလေးသို့ ရောက်လာကြ၏။
" ဘိုးဘေး.. အဲ့ အရောင်အဝါက... "
အချုပ်အနှောင် အတွင်းပိုင်းဘက်မှ အရောင်အဝါကို သခင်ကြီးလုံ အာရုံခံမိကာ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။
ထိုအရောင်အဝါမှာ အမှန်တကယ် ကြောက်စရာကောင်းလှပြီး ..
အနည်းဆုံးဆိုလျှင်ပင် ဆယ်ဘွဲ့ရ မသေမျိုးဘုရင်၏ အစွမ်းလောက် ရှိနိုင်ပါ၏။
" ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်ယောက်က
အဲ့ မိစ္ဆာအရာကြီးကို မျက်စိကျနေတာများလား "
တစ်ယောက်က ပြောလာသည်။
" တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် ဘယ်သူဖြစ်နိုင်မလဲ... "
" ဆယ်ဘွဲ့ရမသေမျိုးဘုရင်ကိုတော့ အနိုင်ရမယ့်ပုံ မပေါ်ဘူးကွ... "
မသေမျိုးအစီအမံပညာရှင်များ၏ မျက်နှာထားများ ဖြူရော်သွားကုန်တော့သည်။
ထျန်းယွမ်သခင်ကြီးက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ ပြော၏။
" မင်းတို့တွေ အတွေးလွန်နေကြပြီ "
သူ့စကားကြောင့် အားလုံး အံ့သြကုန်ကြပါသည်။
" ဟင်.. ဒါဆိုရင် အထဲကလူက ဆယ်ဘွဲ့ရမသေမျိုးဘုရင် မဟုတ်ဘူးလား.. "
" ဟားဟား... ဆယ်ဘွဲ့ရမသေမျိုးဘုရင် မဟုတ်ရင်
တော့ တိုက်ပွဲကောင်းကောင်းကြီး ဖြစ်တော့မယ် "
" အမှန်ပဲ ၊ ထျန်းယွမ်သခင်ကြီးကိုယ်တိုင်ပါ ဒီမှာရှိနေတာ ဆိုတော့ အဲ့လိုကောင်မျိုးကို သတ်ဖို့က လွယ်လွယ်လေးဖြစ်မှာ "
အားလုံး ယုံကြည်ချက်ပြန်ရှိသွားကြပါသည်။
သို့သော် ထျန်းယွမ်သခင်ကြီးက ဖြူရော်နေသည့် မျက်နှာဖြင့် ပြော၏။
" အထဲကကောင်က ဆယ်ဘွဲ့ရမသေမျိုးဘုရင်ထက် အများကြီး ပိုအစွမ်းထက်တယ်ကွ "
သူ့စကားဆုံးသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။
ဆယ်ဘွဲ့ရမသေမျိုးဘုရင်ထက် များစွာပိုအစွမ်းထက်သည်တဲ့လား...
သူတို့ နားကြားများ လွဲသွားခဲ့ပါသလား..
၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း..
ထျန်းယွမ်သခင်ကြီးက မျက်နှာပျက်ပျက်ဖြင့် ဆက်ပြောပါသည်။
" ကဲ.. ဘာမှ လျှောက်ပြောမနေကြနဲ့တော့ ။ ငါတို့ရဲ့ အစီအမံက မပြီးသေးဘူး .. ။ အခု အချုပ်အနှောင် မပျက်စီးခင်ကြားထဲမှာ ငါတို့ရဲ့ အစီအမံကို ပြီးအောင်လုပ်ဖို့ အချိန်ရသေးတယ် ။ အဲ့ကောင်ကြီးကိုသာ ဒီနေ့ မသတ်နိုင်လို့ကတော့ မင်းတို့ရော ၊ ငါရောတင်မကဘူး.. ဒီကမ္ဘာကြီး တစ်ခုလုံးပါ လုံးဝ ပြောင်သွားမှာကွ "
အားလုံးမှာလည်း သူ့စကားကိုကြားပြီး မျက်နှာကြီး တည်သွားကြကာ အစီအမံကို မြန်မြန်ဆက်လုပ်လိုက်ကြသည်။
အခြားတဖက် အချုပ်အနှောင် အတွင်းပိုင်း၌...
နာရီများစွာကြာ အသည်းအသန် တိုက်ခိုက်နေပြီး နောက်တွင်မူ.. သခင်ကြီး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာသည်။
" တော်တော်ကောင်းတဲ့ အချုပ်အနှောင်ပါလား.. ။ ပုံ
ရိပ်ယောင်က ငါ့လောက်နီးနီး အစွမ်းထက်ရုံတင် မကဘူး.. ငါ နားလည်ထားတဲ့ စည်းမျဥ်းတွေကိုပါ ထုတ်သုံးနိုင်တယ် "
အစောပိုင်းလေးတွင် သူ စည်းမျဥ်းအစွမ်းကို သုံး၍ ပြိုင်ဘက်အား အပြောင်ရှင်းပစ်ရန် ကြိုးစားခဲ့ပါသေး၏။
သို့သော်.. ထင်မထားစွာပင် ပြိုင်ဘက်ကလည်း ထိုအစွမ်းကို ထုတ်သုံးနေနိုင်ခဲ့သည်။
ထိုအချက်က သူ့အား အမှန်တကယ် အံ့သြသွားစေခဲ့ပါ၏။
သို့သော်.. ထိုစဥ်မှာပင် သူ တစ်ခုကိုလည်း သတိထားမိသွားခဲ့သည်။
" ဒါပေမယ့်.. ငါ မင်းရဲ့အားနည်းချက်ကို တွေ့သွားခဲ့ပြီကွ "
သူ ပြောကာ ပုံရိပ်ယောင်ဆီသို့ လက်ညိုးညွှန်လိုက်သည်။