အခန်း (၈၅၉)
Vol. 62 Ch. 859
" ဘယ်လိုဖြစ်ပြီး.... "
ပြန်အသက်သွင်းခြင်း သခင်ကြီး ကြောက်ရွံ့တုန်လှုပ်သွားကာ နောက်သို့ အသည်းအသန် ဆုတ်လိုက်သည်။
သို့သော်.. သူ့လက်တစ်ဖက်မှာ အစီအမံပုံကြမ်းများကြောင့် အပိုင်းပိုင်း ဖြစ်သွားခဲ့ရလေပြီ ။
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ထျန်းယွမ်သခင်ကြီးသည်ပင် တုန်လှုပ်သွားပါတော့၏။
လောထျန်း၏ မသေမျိုးအစီအမံပုံကြမ်းက သူ့ကိုယ်ပိုင် အစီအမံနှင့် ယှဥ်၍ရသော အစွမ်းမျိုးကို အမှန်တကယ် ထုတ်လွှတ်နိုင်ခဲ့သတဲ့လား...
" အချိန်နောက်ပြန်ရွှေ့စေ "
ထိုစဥ် ပြန်အသက်သွင်းခြင်းသခင်ကြီး က
အံကြိတ်၍ သူ့လက်တစ်ဖက်ကို အကောင်းတိုင်း ပြန်ဖြစ်စေလိုက်သည်။
သို့သော်.. သူ့ ပုံရိပ်ကမူ မှိန်ဖျော့သွားခဲ့လေပြီ ။
" ကောင်လေး... မင်း... "
သူ ခေါင်းမော့၍ လောထျန်းအား စူးစူးရဲရဲကြည့်ကာ စကားပြောရန် ပြင်လိုက်သည်။
" ရော့ကွာ "
ထိုစဥ်မှာပင် လောထျန်းက အစီအမံပုံကြမ်းများဖြင့် ထပ်ပစ်လာပြန်၏။
" ဟင်.... "
ပြန်အသက်သွင်းခြင်းသခင်ကြီး လန့်သွားကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် လောထျန်း၏ အစီအမံပုံကြမ်းမှာ အလွန်မြန်နေသဖြင့် သူ မရှောင်လိုက်နိုင်တော့ပါ။
ဝုန်း....
အသံကျယ်တစ်သံနှင့်အတူ သူ့ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရတော့၏။
" အချိန်နောက်ပြန်ရွှေ့... "
သို့သော် ပြန်အသက်သွင်းခြင်းသခင်ကြီး က ချက်ချင်းမှာပင် အကောင်းတိုင်း ပြန်ဖြစ်သွားပါသည်။
" မင်း.... မအေ"
သူ အော်ဆဲရန် ပြင်လိုက်ပြန်၏။
သို့သော် မျက်လုံးဖွင့်လိုက်ချိန်မှာပင် အစီအမံပုံကြမ်းများက သူ့ထံသို့ ပျံသန်းရောက်လာကြပြန်ပါသည်။
" ဒါ.... "
ပြန်အသက်သွင်းခြင်းသခင်ကြီး ၏ မျက်နှာထား
ပြောင်းသွားကာ နောက်လှည့်၍ ထွက်ပြေးလိုက်တော့၏။
" ဟင်... ပြန်အသက်သွင်းခြင်းသခင်ကြီး က တကယ်ကြီး ထွက်ပြေးနေတာလား "
တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။
သို့သော်.. ထွက်ပြေး၍ရော ရပါမည်လား..
ပြန်အသက်သွင်းခြင်း သခင်ကြီးမှာ ပြေးနေသည့် လမ်းတစ်လျှောက်တွင် အစီအမံပုံကြမ်းများ၏ တိုက်ခိုက်မှုကို ဆက်တိုက်ခံနေရပြီး ခန္ဓာကိုယ် ပျက်စီးသွားလိုက် ၊ ပြန်ကောင်းလာလိုက်ဖြင့် သံသရာ လည်နေပါ၏။
အားလုံးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ဆွံ့အမှင်သက်လျက် ....
" ဘုရား ဘုရား... ငါ့ဘဝ တလျှောက်လုံး မသေမျိုးအစီအမံပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပေမယ့် .. ဒီနေ့မှပဲ မသေမျိုးအစီအမံပုံကြမ်းကို ဘယ်လိုသုံးရမယ်ဆိုတာ သင်ယူလိုက်ရတယ် "
" ဒါ.. မသေမျိုးအစီအမံပုံကြမ်းကို သုံးတဲ့ နည်းလမ်းမှန်လား "
" ငါ.. ဉာဏ်အလင်းပွင့်သွားသလိုပဲကွာ "
" ဒါနဲ့... သူက အဲ့လောက်များတဲ့ မသေမျိုးအစီအမံပုံကြမ်းတွေကို ဘယ်ကရလာတာလဲ "
တစ်ယောက်က မေးလိုက်သည်။
အားလုံးလည်း ထိုစဥ်မှသာ ၎င်းကို စဥ်းစားမိသွားကြ၏။
ဟုတ်ပါသည် ။ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသသို့ ဝင်ချိန်တွင် သုံးနိုင်သည့် မသေမျိုးအစီအမံပုံကြမ်းက အကန့်အသတ်ရှိပါသည်။
ယခု လောထျန်းလက်ထဲတွင် အစီအမံပုံကြမ်းများ အဘယ့်ကြောင့် ယခုလောက်များနေရပါသနည်း။
ဤနေရာတွင် ရှိနေသူများထဲ၌ ထိုကိစ္စ၏ အဖြေကို သိသူမှာ သခင်ကြီးလုံ တစ်ယောက်တည်းသာ ရှိ
ပါ၏။
ထို့ကြောင့် အားလုံးထဲတွင် အတုန်လှုပ်ဆုံးသူမှာ သူ ပါပင်...
" လောထျန်းက.. အထဲမဝင်ခင်မှာ အဆောင်ကျောက်ပြားအလွတ်တွေနဲ့ပဲ လဲသွားခဲ့တာလေ ။ အခုတော့ သူ့ဆီမှာ မသေမျိုးအစီအမံပုံကြမ်းတွေ အများကြီး ရှိနေပြီ ။ မဟုတ်မှလွဲရော.. အဲ့ဒါတွေအားလုံးကို သူ အထဲရောက်ပြီးမှ ရေးလိုက်တာလား.. "
သခင်ကြီးလုံတစ်ယောက် ရင်တဒိန်းဒိန်း ခုန်လာပါ၏။
အကယ်၍ ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးအစီအမံ တစ်ခုတည်းကို ရေးနိုင်လျှင်ပင် ထိုလူကို ကောင်းကင်ဘုံအား ဆန့်ကျင်နိုင်သူအဖြစ် သတ်မှတ်၍ ရနေလေပြီ ။
ယခု လောထျန်းကမူ... အစီအမံပုံကြမ်း များစွာကို ရေးသားခဲ့ပြီး...
ထိုသို့ရေးရန်လည်း အချိန်အနည်းငယ်သာ ယူခဲ့ရ
ဟန် တူပါသည်။
သို့ဆိုလျှင်... လောထျန်းက ပြန်အသက်သွင်းခြင်းသခင်ကြီး ထက်ပင် ပိုကြောက်စရာကောင်းပါသလား ။
ထိုစဥ်တွင် ပြေးနေသည့် လမ်းတလျှောက် အစီအမံပုံကြမ်းများဖြင့် အဆက်မပြတ် တိုက်ခိုက်ခံနေရသော ပြန်အသက်သွင်းခြင်းသခင်ကြီး မှာ ဆက်ပြီး သည်းခံနိုင်တော့ပုံ မပေါ်ပါ ။
" လောထျန်း... မင်း လွန်နေပြီနော် "
သူ ဒေါသတကြီး အော်ကာ ခေါင်းထက်မှ အကွင်းကို ဆွဲလိုက်၏။
ဝီ ...
အကွင်းက တမဟုတ်ချင်း လှုပ်ရှားလာကာ ၎င်းထံမှ အစွမ်းထက်ဖိအားတစ်ခုလည်း ထုတ်လွှတ်လာသည်။
" ရော့ကွာ.. "
ထို့နောက်တွင် အကွင်းက လျင်မြန်စွာလည်လာပြီး မရေမတွက်နိုင်သော အလင်းတန်းများ လောထျန်းဆီ တိုးဝင်သွား၏။
" ထိပ်တိုက် ရင်ဆိုင်ကြတော့မှာလား "
အားလုံး ပါးစပ်အဟောင်းသား...
ထျန်းယွမ်သခင်ကြီး မျက်နှာချက်ချင်းပျက်သွားကာ လောထျန်းအား သတိပေးလိုက်သည်။
" မိတ်ဆွေလေး.. သတိထားနော် ။ အဲ့ မှော်လက်နက်ကို ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ် .... "
ထိုအရာက မည်မျှအစွမ်းထက်သည်ကို သူ သိထားသဖြင့် လောထျန်းတစ်ယောက် တစ်ဖက်လူကြောင့် အသတ်ခံရမည်ကို စိုးရိမ်ကာ သူ သတိပေးလိုက်ခြင်း ဖြစ်ပါ၏။
သို့သော်.. စကားမဆုံးခင်မှာပင် သူ အံ့သြမှင်သက်သွားရပါတော့သည်။
အဘယ့်ကြောင့်ဆိုသော် တိုးဝင်လာသော အလင်းတန်းများက လောထျန်း၏ အစီအမံပုံကြမ်းနှင့် ထိပ်တိုက်တွေ့ကာ တိုက်ခိုက်နေပြီး...
လက်ရည်တူနေသောကြောင့်ပင် ။
" ဟင်... "
ထျန်းယွမ်သခင်ကြီး မှင်သက်သွားပြန်တော့သည်။
ဘာတွေဖြစ်နေပါသလဲ...
ယခင်က အပေါ်ကမ္ဘာကို တစ်ချက်တည်းဖြင့် ပြိုကွဲစေခဲ့သော ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုက ဘာမဟုတ်သည့် မသေမျိုးအစီအမံပုံကြမ်းများနှင့် လက်ရည်တူနေသတဲ့လား ။
တဖက်မှ ပြန်အသက်သွင်းခြင်းသခင်ကြီး မှာလည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေပုံပေါ်ပါ၏။
သူ ခပ်လှမ်းလှမ်းတွင်ရှိနေသော လောထျန်းကိုကြည့်ကာ နှုတ်ခမ်းမဲ့သွားတော့သည်။
သူ့ရှေ့မှ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသော ထိုကောင်က သူနှင့် အမှန်တကယ် လက်ရည်တူနေပါသလား..
ဤကမ္ဘာကြီးတွင် တရားမျှတမှုရော ရှိပါသေးရဲ့လား..
သို့သော်.. အချိန်ကြာလာသည်နှင့်အမျှ လောထျန်းနောက်မှ မသေမျိုးအစီအမံပုံကြမ်း အပုံလိုက်ကြီးက ပိုပို၍ နည်းလာသည့်အတွက် ပြန်အသက်သွင်းခြင်းသခင်ကြီး ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
လောထျန်းက နောက်ဆုံးလက်ကျန် မသေမျိုးအစီအမံပုံကြမ်းများအား ပစ်လိုက်ပြီးချိန်တွင်မူ ပြန်အသက်သွင်းခြင်းသခင်ကြီး အော်ရယ်လိုက်တော့၏။
" လောထျန်း ၊ မင်းရဲ့ မသေမျိုးအစီအမံပုံကြမ်းတွေ အားလုံး ကုန်သွားပြီ ။ အခု မင်းဘယ်လိုဆက်လုပ်မလဲ ကြည့်ကြသေးတာပေါ့ကွာ "
သူ အရူးတစ်ယောက်သဖွယ် အော်ရယ်ကာ ခေါင်း
ပေါ်မှ အကွင်းကို ထိန်းချုပ်၍ လောထျန်းအား ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
သို့သော်.. ထိုစဥ်တွင်..
ဝှစ် ...
လောထျန်းက အကျီလက်ထဲမှ မသေမျိုးအစီအမံပုံကြမ်း နောက်တစ်ခုကို ထပ်ထုတ်လာပါ၏။
ပြန်အသက်သွင်းခြင်းသခင်ကြီး က လှောင်ပြုံးဖြင့် ဆိုသည်။
" ဖွက်ထားတာတွေ ရှိနေသေးတာလား ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ.. ရလဒ်က သိသာနေပါပြီ "
သူ စကားဆုံးချိန်မှာပင် သွေးနီရောင် အလင်းတန်းတစ်ခုက လောထျန်းဆီ တိုးဝင်သွားသည်။
ထိုစဥ်မှာပင် လောထျန်းကလည်း မသေမျိုးအစီအမံပုံကြမ်းဖြင့် ပစ်လာပါ၏။
" ဟား ဟား.. နည်းနည်းလေးပဲ ကျန်တော့တာလားကွ ။ ဖျက်ဆီးလိုက်စမ်းကွာ "
ပြန်အသက်သွင်းခြင်းသခင်ကြီး အော်ရယ်လိုက်ပြန်သည်။
သို့သော်...
ဝုန်း...
လောထျန်း၏ မသေမျိုးအစီအမံပုံကြမ်းများ ပေါက်ကွဲထွက်သွားသည်နှင့် ပတ်ဝန်းကျင် လေထုတစ်ခုလုံး မငြိမ်မသက် ဖြစ်လာပါ၏။
ထို့နောက်... ခန့်မှန်း၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းသော အရောင်အဝါတစ်ခုလည်း တိုးထွက်လာသည်။
ထျန်းယွမ်သခင်ကြီး ပထမဆုံး အသိဝင်လာကာ အားလုံးကို အော်ပြောလိုက်၏။
" နောက်ဆုတ်ကြဟေ့.. "
စကားဆုံးသည်နှင့် အားလုံး နောက်သို့ အသည်းအသန် ပြေးဆုတ်သွားလိုက်ကြသည်။
ထို့နောက်တွင်..
ဝုန်း...
လေထုတစ်ခုလုံး ပေါက်ကွဲထွက်သွားကာ လေထုမငြိမ်မသက် ဖြစ်လာတော့၏။
" အဲ့ဒါရော မသေမျိုးအစီအမံပုံကြမ်း တစ်ခုပဲလား "
ထျန်းယွမ်သခင်ကြီး မျက်နှာဖြူရော်သွားတော့သည်။
သူ့ဘဝတလျှောက်လုံး အစီအမံပညာရပ်၏ ထိပ်ဆုံးကို ရောက်နေခဲ့ပြီဟုသာ ထင်ထားခဲ့သော်လည်း.. ယခု လောထျန်းအား တွေ့လိုက်ရပြီးနောက်တွင်မူ .. အားလုံးက အလကားသာဖြစ်ကြောင်း သူ သိလိုက်ရလေပြီ ။
ထို နောက်ဆုံး မသေမျိုးအစီအမံပုံကြမ်းများမှာ အမှန်တကယ် ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှပါတကား..
ဤ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက အလွန်
ထူးခြားသော နေရာတစ်ခု ဖြစ်နေ၍သာ တော်ပါသေးတော့၏။ အကယ်၍ အခြားလျှို့ဝှက်ဒေသတွင်သာ ဆိုပါက လျှို့ဝှက်ဒေသကြီး တစ်ခုလုံး ပျက်စီးသွားရမည်မှာ သေချာပါသည်။
အားလုံးမှာလည်း ပျက်စီးနေသော လေထုကို ကြောက်ရွံ့တုန်လှုပ်နေသည့် မျက်နှာကိုယ်စီဖြင့် ကြည့်နေကြ၏။
သူတို့ ပြန်အသက်သွင်းခြင်းသခင်ကြီး ကို ကြောက်နေသည်လား ၊ လောထျန်းကို ကြောက်နေသည်လား ဆိုသည်မှာလည်း.. မသေချာတော့ပါ ။
" ဟို ပြန်အသက်သွင်းခြင်းသခင်ကြီး သေသွားပြီလား "
တစ်ယောက်က မေးလိုက်သည်။
" အင်း... ဖြစ်နိုင်တယ်.. "
အခြားတစ်ယောက်က အသံတုန်တုန်ဖြင့် ပြန်ဖြေ၏။
ဤမျှ ကြောက်စရာကောင်းလှသော အစွမ်းကို
မည်သူက ရှင်သန်နိုင်ပါမည်လဲ...
" သခင်ကြီး... "
ထိုစဥ် ခပ်ဝေးဝေးတွင် ပုန်းနေသော ယဲ့ဖူရှောက်မှာလည်း မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်လာတော့သည်။
သို့သော် ထိုစဥ်မှာပင်..
အဟွတ်...
ပြိုကွဲနေသော လေထုကြားထဲမီ ချောင်းသံတစ်သံ ထွက်လာသည်။
" ဟင်.. အဲ့ကောင်ကြီးက မသေသေးဘူး.. "
အားလုံး မျက်နှာများ ဖြူဆုတ်သွားကြ၏။
ပြန်အသက်သွင်းခြင်းသခင်ကြီး မှာ ရှေးဟောင်းနတ်ဘုရားကြီးတစ်ပါး ပီသလှပါတကား..
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးကပင် သူ့ကို မသတ်နိုင်ခဲ့ပါချေ။
ထိုစဥ်တွင် ဘေးပတ်ဝန်းကျင် လေထုမှာလည်း အလွန်လျင်မြန်စွာ ပြန်ကောင်းလာပြီး လေထဲတွင်ရပ်နေသော ပြန်အသက်သွင်းခြင်းသခင်ကြီး ကို အားလုံး မြင်လိုက်ရသည်။
သို့သော် လက်ရှိတွင် သူ့ပုံရိပ်က အလွန်မှိန်ဖျော့နေကာ အချိန်မရွေး ပြိုကွဲသွားတော့မလို ဖြစ်နေပါ၏။
သို့သော် အားလုံးကို ပိုအံ့သြသွားစေသည့်အချက်မှာ... သခင်ကြီး၏ ခေါင်းပေါ်မှ မှော်လက်နက်က ထိခိုက်ပျက်စီးနေခဲ့ခြင်းပင်...
" ဒါ.... "
ထျန်းယွမ်သခင်ကြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ယခင်က သူတို့ နည်းပေါင်းစုံသုံးပြီး ကြိုးစားခဲ့သော်လည်း ထိုမှော်လက်နက်အား နည်းနည်း
လေးပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါချေ။ ယခုတွင်မူ.. ၎င်းက လောထျန်း၏ မသေမျိုးအစီအမံပုံကြမ်းကြောင့် ပျက်စီးသွားရသတဲ့လား...
သို့သော်.. သူ အသိပြန်မဝင်လာခင်မှာပင် ပြန်အသက်သွင်းခြင်းသခင်ကြီး ၏ အော်ရယ်သံကို ကြားလိုက်ရပါသည်။
" ဟား ဟား... လောထျန်း ၊ သနားစရာ ကောင်းလိုက်တာကွာ ။ အဲ့ မသေမျိုးအစီအမံပုံကြမ်းတွေက မင်းမှာရှိတာ အကုန်ပဲမဟုတ်လား။ ဒါပေမယ့် အဲ့ဒါတွေနဲ့ ငါ့ကို မသတ်နိုင်ဘူးကွ ။ အခု မသေမျိုးအစီအမံပုံကြမ်းတွေ မရှိတော့.. မင်း ဘာတတ်နိုင်သေးလဲ "
သူ လှောင်ပြုံးဖြင့် ပြောသည်။
အားလုံးမှာလည်း သူ့စကားကိုကြားပြီး ရင်ထဲ လေးလံသွားကြ၏။
လောထျန်း၏ မသေမျိုးအစီအမံပုံကြမ်းများက အမှန်တကယ်လည်း ကုန်သွားခဲ့ပြီဖြစ်ရာ... သူ မည်သို့ ဆက်တိုက်ခိုက်ပါမည်နည်း ။
သို့သော်.. ထိုစဥ်တွင် လောထျန်းက သခင်ကြီးလုံဘက် လှည့်ကြည့်ကာ ပြောလာ၏။
" ကျုပ် စိတ်မကောင်းပါဘူး.. "
" ဟင်... "
သခင်ကြီးလုံ အံ့အားသင့်သွားသည်။
ဘာကို စိတ်မကောင်းပါဘူး လဲ..
ထိုစဥ်မှာပင်..
ဝုန်း ...
ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။