အခန်း (၈၆၄)
Vol. 62 Ch. 864
သူက ပြန်အသက်သွင်းခြင်းသခင်ကြီး မဟုတ်ဘူးတဲ့လား..
ထိုစကားကြောင့် အားလုံး အံ့အားသင့်ကုန်ကြပါသည်။
ပြန်အသက်သွင်းခြင်းသခင်ကြီးက ဒေါသတကြီး အော်ပြော၏။
" မင်း ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ "
ထျန်းယွမ်သခင်ကြီးကလည်း ခေါင်းညိတ်၍ ဝင်ပြောသည်။
" လောထျန်း ၊ ငါ အဲ့ ပြန်အသက်သွင်းခြင်းသခင်ကြီးကို အရင်က မြင်ဖူးတယ်ကွ ။ အခု သူ့ရဲ့ အပြင်ပန်းပုံစံက ပြောင်းသွားတယ်ဆိုပေမယ့် အရောင်အဝါကတော့ လုံးဝမှားစရာမရှိဘူး ။ ဒါ တကယ့် သူ အစစ်ပဲ "
" ပြီးတော့ သူ့ရဲ့ နတ်ဘုရားလက်နက်ကလဲ တကယ့်
ကို ပြိုင်ဘက်ကင်းပဲကွ ။ သာမာန်လူတစ်ယောက်ဆိုရင် အဲ့ဒါကို ရခဲ့ရင်တောင် နှစ်ပေါင်းထောင်ချီကြာ သန့်စင်ပြီးမှ သုံးလို့ရမှာ ။ အခု သူက အဲ့လက်နက်ကိုလဲ တန်းပြီးသုံးနိုင်တာဆိုတော့.. ပြန်အသက်သွင်းခြင်းသခင်ကြီး အစစ်ပဲ "
ထိုစကားမှာ ကျိုးကြောင်းဆီလျော်သည့်အတွက် အားလုံး သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။
သို့သော် လောထျန်းကမူ ခေါင်းညိတ်၍ ဆက်ပြော၏။
" မဟုတ်ဘူးဗျ ၊ သူက ပြန်အသက်သွင်းခြင်းသခင်ကြီး မဟုတ်ဘူး ။ ဒီတိုင်း ထူးခြားတဲ့ ကိုယ်ပွားပုံရိပ် တစ်ခုပဲ "
သူ့စကားကြောင့် အားလုံး မျက်မှောင်ကြုံ့သွားကြပါသည်။
ထိုလူကြီးမှာ ကိုယ်ပွားပုံရိပ်တစ်ခု ဆိုသည်ကို အားလုံး သိထားပြီးသားပင် ။
လောထျန်းမှာလည်း ထိုစဥ်မှ သူသေချာ မရှင်းပြမိ
ကြောင်း သတိထားမိကာ ဆက်ပြောသည်။
" အတိအကျ ပြောရရင်တော့ သူက ပြန်အသက်သွင်းခြင်းသခင်ကြီး ရဲ့ အရေခွံလို့ ပြောရမယ် ။ တကယ့် ပြန်အသက်သွင်းခြင်းသခင်ကြီး အစစ်က အပေါ်ကမ္ဘာမှာ မဟုတ်ဘူး "
" ဟင်... "
အားလုံး အံ့သြမှင်သက်သွားရပြန်သည်။
" အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲ "
ထျန်းယွမ်သခင်ကြီးက အသံတုန်တုန်ဖြင့် ပြန်မေး၏။
လောထျန်း : " ဒီကောင်က အရင်တုန်းက ဆုမီတောင်အောက်မှာ ချုပ်နှောင်ခံထားရတာ မဟုတ်လား "
ဆုမီတောင် ဆိုသည့် စကားလုံးကို ကြားသည်နှင့် ထျန်းယွမ်သခင်ကြီး၏ မျက်နှာထား သိသိသာသာပင် ပြောင်းသွားသည်။
သူ ခေတ္တမျှ တိတ်နေပြီးမှ ခေါင်းညိတ်၍ ပြော၏။
" အမှန်ပဲ ။ အရင်တုန်းက ပညာရှင်တွေအများကြီး ပေါင်းပြီးတော့ ဆုမီတောင် လို့ခေါ်တဲ့ မသေမျိုးလက်နက်တစ်ခုကို လုပ်ခဲ့ကြတယ် ။ အဲ့ဒါကို လုပ်ခဲ့ရတဲ့ရည်ရွယ်ချက်ကလဲ ဒီကောင်ကြီးကို ချုပ်နှောင်ထားဖို့ပဲ ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆုမီတောင်ရှိတဲ့နေရာက ပြိုကွဲသွားခဲ့ပြီး အောက်ကမ္ဘာကို ကျသွားခဲ့တယ်... "
လောထျန်းက ခေါင်းညိတ်ကာ ဝင်ပြောသည်။
" ဟုတ်တယ်ဗျ... အဲ့ဆုမီတောင်က ထျန်းယွမ်ကမ္ဘာကို ကျသွားခဲ့တာ "
" ထျန်းယွမ်ကမ္ဘာ.. ဟုတ်လား "
ထိုနာမည်ကို ကြားဖူးသူအချို့ ရှိသော်လည်း အချို့ကမူ ၎င်းကို ယခုမှ ပထမဆုံး ကြားဖူးကြခြင်းဖြစ်သည်။
လောထျန်းက စကားဆက်၏။
" သိပ်မကြာသေးခင်လေးက ကျုပ်ကို ဆုမီတောင်အောက်မှာ ချုပ်နှောင်ထားတဲ့အရာကို ဖယ်ရှားပေး
ဖို့ တာဝန်ပေးလာသေးတယ်ဗျ ။ ဒါပေမယ့်.. အဲ့ချုပ်နှောင်ခံထားရတဲ့ ပြန်အသက်သွင်းခြင်းသခင်ကြီးအစစ်က လွတ်သွားခဲ့ပြီဆိုတာကို ကျုပ် သိခဲ့ရတယ် ။ သူက အခုကောင်ကြီး အပါအဝင် ကိုယ်ပွားပုံရိပ်တွေ အများကြီးကိုပဲ ချန်ထားခဲ့တာ "
လောထျန်း ပြောကာ သူ့ဟင်းလင်းပြင်လက်စွပ်ထဲရှိ ဆုမီတောင်မှရခဲ့သော ဓားမြှောင်ကို ထုတ်လိုက်သည်။
ထိုဓားမြှောင်မှာ အလွန်ထက်လှပြီး ကောင်းကင်ထိန်းချုပ်အဆင့်တွင် ရှိနေခဲ့သော လောထျန်း၏ လက်ချောင်းကိုပင် ရှသွားအောင် လုပ်နိုင်ခဲ့ပါ၏။
ကျန်လူများမှာ ဓားမြှောင်ကိုမြင်ပြီး ထူးထူးခြားခြား မတုန့်ပြန်ကြသည့်တိုင်...
ထျန်းယွမ်သခင်ကြီးနှင့် ပြန်အသက်သွင်းခြင်းသခင်ကြီး တို့ကမူ ခြေလှမ်းတစ်ဝက်စီခန့် ဆုတ်လိုက်ကြသည်။
ဂလု..
ထျန်းယွမ်သခင်ကြီးက တံတွေးကို ခက်ခက်ခဲခဲ မြိုချကာ ပြော၏။
" အဲ့ဒါ... တကယ်ကြီးကို ဟိုပစ္စည်းပဲ.. "
လောထျန်း သူ့ကိုကြည့်ကာ မေးလိုက်သည်။
" ဒီဓားကို ဘယ်သူလုပ်ခဲ့တာလဲဗျ ။ ပြီးတော့ ဘယ်လိုအဆင့်မျိုးရှိလဲ.. "
လောထျန်းမှာ ဤဓားအကြောင်းကို အမှန်တကယ်ပင် စိတ်ဝင်စားပါ၏။
အဘယ့်ကြောင့်ဆိုသော်.. သူ၏ လက်ရှိ လက်နက်သန့်စင်ခြင်း အဆင့်ဖြင့်ပင် ထိုဓား၏ လျှို့ဝှက်ချက်ကို မမြင်နိုင်သောကြောင့် ဖြစ်ပါသည်။
ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်၍ ပြန်ပြောသည်။
" အဲ့ဒါကိုတော့.. ငါလဲ မသိဘူး ။ အရင်တုန်းက ငါတို့တွေ ပြန်အသက်သွင်းခြင်းသခင်ကြီးကို ချုပ်နှောင်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ မအောင်မြင်တော့မလို ဖြစ်သွားခဲ့သေးတယ် ။ ဒါပေမယ့် အဲ့ချိန်မှာ ဒီဓားက ရုတ်တရက်ကြီး ပေါ်လာခဲ့တာ "
" အဲ့တုန်းကတော့ ဓားက သာမာန်ပုံစံပဲမို့ ငါတို့လဲ စိတ်ထဲ သိပ်ပြီးအလေးနက်မထားခဲ့ဘူးကွ ။ အဲ့ဓားမှာက မသေမျိုးစွမ်းအင် မပြောနဲ့ စိတ်စွမ်းအင်တွေတောင် ရှိမနေခဲ့ဘူးလေ "
" ဒါပေမယ့်.. အဲ့ဓားက ပြန်အသက်သွင်းခြင်းသခင်ကြီး ရဲ့ ရင်ဘတ်ကို ထိုးဖောက်ပြီးတော့ သူ့ရဲ့ အသက်အစွမ်းကို ချုပ်နှောင်ပစ်ခဲ့တယ်ကွ ။ အဲ့ဒါကြောင့်မို့လဲ ငါတို့တွေ သူ့ကိုချုပ်နှောင်ဖို့ အခွင့်အရေး ရခဲ့တာ "
လောထျန်း အံ့အားသင့်သွားကာ ပြန်အသက်သွင်းခြင်းသခင်ကြီးအား လှည့်ကြည့်၍ မေးလိုက်သည်။
" အဲ့ဓား ဘယ်ကနေပေါ်လာလဲဆိုတာ မင်း သိလား "
ပြန်အသက်သွင်းခြင်းသခင်ကြီးက နှုတ်ခမ်းမဲ့ကာ ပြန်ပြော၏။
" ငါ မသိဘူး "
လောထျန်းက ထျန်းယွမ်သခင်ကြီးဘက် ချက်ချင်းပြန်လှည့်လိုက်သည်။
" ဒီကောင်က ဟို ပြန်အသက်သွင်းခြင်းသခင်ကြီး ရဲ့ အရေခွံပါလို့ ကျုပ်ပြောသားပဲဗျာ ။ သူ ဘာမှ မသိဘူး.. "
သူ့စကားကြောင့် တဖက်မှ ပြန်အသက်သွင်းခြင်းသခင်ကြီး ဒေါသူပုန်ထသွားဟန်တူကာ အော်ပြောလာသည်။
" မင်း ဘာတွေလျှောက်ပြောနေတာလဲ ။ ငါက တကယ့်ခန္ဓာကိုယ်အစစ်ကွ ။ ငါက ပြန်အသက်သွင်းခြင်းသခင်ကြီး ပဲ ။ ဟိုကောင်က သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကို စွန့်ပစ်ပြီးတော့မှ ပြန်အသက်သွင်းခြင်း စက်ဝန်းထဲ ဝင်သွားခဲ့တာ ။ ဘယ်တော့မှလဲ ပြန်မထွက်နိုင်ဘူး "
သူ့စကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်သည်။
ထျန်းယွမ်သခင်ကြီးမှာလည်း ကြောက်ရွံ့တုန်လှုပ်သွားပုံဖြင့် မျက်လုံးပြူးသွား၏။
ပုံမှန်ဆိုလျှင် ကိုယ်ပွားပုံရိပ်သည် ခန္ဓာကိုယ်အစစ်နှင့် ဆက်နွယ်မှုရှိပြီး သူတို့၏ အသိစိတ်မှာလည်း
ဆက်နွယ်ထားပါသည်။
သို့သော် ယခု သူတို့ရှေ့မှ ကောင်ကြီးမှာမူ ထိုသို့ လုံးဝဟုတ်ဟန်မတူဘဲ သီးသန့်ရှင်သန်နေပုံ ပေါ်ပါသည် ။
သို့သော်.. ဘဝသစ်သို့ ပြန်အသက်သွင်းလိုက်သည့်အတွက် ယခင်နှင့် ကိုယ်ကျင့်စရိုက် မတူတော့ခြင်းလည်း ဖြစ်နိုင်ပါသေး၏။
မည်သို့ပင်ဆိုစေ... သူတို့ရှေ့မှ လူက ယခင် ပြန်အသက်သွင်းခြင်းသခင်ကြီး နှင့် လုံးဝ မတူတော့သည်မှာ အမှန်ပင် ။
တနည်းပြောရသော်.. လက်ရှိတွင် ပြန်အသက်သွင်းခြင်းသခင်ကြီး နှစ်ယောက် ရှိနေသည်ဟု ပြော၍ရပါသည်။
၎င်းမှာ ကောင်းချီးတစ်ခုလား ၊ ကျိန်စာတစ်ခုလား ဆိုသည်ကိုမူ.. မပြောနိုင်ပါချေ။
ထိုစဥ် လောထျန်းက ပြန်အသက်သွင်းခြင်းသခင်
ကြီး ဘက် ရုတ်တရက်လှည့်ကြည့်ကာ အေးစက်စက်ပြော၏။
" ကောင်းပြီလေ.. အခုက မင်းနဲ့ငါနဲ့ စာရင်းရှင်းရမယ့်အချိန်ပဲ "
ပြန်အသက်သွင်းခြင်းသခင်ကြီး လန့်သွားကာ ခြေလှမ်းတစ်ဝက် နောက်ဆုတ်လိုက်သည်။ သူ လောထျန်းအား မျက်မှောင်ကြုံ့ကြည့်ကာ ပြော၏။
" လောထျန်း ၊ ဆက်ပြီး တိုက်ခိုက်နေလို့လဲ ဘာမှမထူးဘူးနော် ။ မင်း ဘယ်လိုပဲလုပ်လုပ် ၊ ငါ့ကို သတ်နိုင်မှာမှ မဟုတ်တာ ။ ဘာလို့ အချိန်တွေဖြုန်းနေဦးမှာလဲ။ အဲ့တော့ ဒီလိုလုပ်ကွာ.. မင်း ငါ့ကို လွတ်ပေးရင် ခုချိန်ကစပြီးတော့ ငါ မင်းကို ဆန့်ကျင်တဲ့ကိစ္စမျိုး ဘာမှမလုပ်တော့ဘူး ။ ဘယ်လိုလဲ... "
လက်ရှိတွင် ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ခေါင်းထဲ၌ တစ်ခုသာ ရှိနေပါသည်။
သူ့ နတ်ဘုရားလက်နက်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ.. သူ့ကိုယ်ပွားပုံရိပ်ကို ထပ်မဆုံးရှုံးချင်တော့ပါ ။
သူ့အနေဖြင့် အခြားနည်းလမ်းရှာကာ ကျင့်ကြံခြင်း
အဆင့်တက်အောင် လုပ်ရုံပါပင်..
သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောပါသည်။
" အခုတည်းက အားလုံးကို ရှင်းအောင်လုပ်ထားတာ ပိုကောင်းတယ် ။ ငါ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်ကို ပြန်ရခဲ့တယ်ဆိုပေမယ့် မင်းနဲ့ငါနဲ့ကြားက ရန်ငြိုးက မကြေသေးဘူးလေ "
ပြန်အသက်သွင်းခြင်းသခင်ကြီး မျက်နှာဖြူရော်သွားကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
" အခုလို ဆက်လုပ်နေတော့ရော ဘာထူးမှာလဲကွာ ။ ငါက အချိန်နောက်ပြန်ဆုတ်လို့ ရနေတော့ မင်း ငါ့ကို သတ်နိုင်မှာလဲ မဟုတ်ဘူး "
လောထျန်းက လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။
" တကယ်ကြီးလား.. "
သူ ပြောပြောဆိုဆိုပင် ပြန်အသက်သွင်းခြင်းသခင်ကြီးထံသို့ လက်ညိုးညွှန်လိုက်သည်။
ဝုန်း...
ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ခန္ဓာကိုယ်တစ်ဝက်က ရုတ်ချည်း ပြိုကွဲသွား၏။
သို့သော် ထိုသို့ ဒဏ်ရာဆိုးရွားစွာ ရလိုက်သည့်တိုင် ပြန်အသက်သွင်းခြင်းသခင်ကြီး၏ မျက်နှာထက်၌ အထင်သေးဟန်အပြုံးသာ ရှိနေပါသည်။
" အချိန်နောက်ပြန်ဆုတ်စေ.. "
သူ အေးစက်စက် ပြောလိုက်သည်။
သူ့ခန္ဓာကိုယ်က ချက်ချင်းပြန်ကောင်းသွားမည်ဟုလည်း တွေးထားပါ၏။
သို့သော်.. သူ့စကားဆုံးပြီး အချိန်အတန်ငယ် ကြာသည့်တိုင် သူ့ခန္ဓာကိုယ်က အရင်လို ပြန်ကောင်းမလာခဲ့ပါ ။
" ဟင်.. ဘာတွေဖြစ်နေတာလဲ "
ပြန်အသက်သွင်းခြင်းသခင်ကြီး တုန်လှုပ်သွားတော့သည်။
ထိုစဥ် လောထျန်းက သူ့ကို ဖိနှိပ်ရန် ကြိုးစားနေကြသည့် တာအိုထွင်းစာများကို လက်ဝါးဖြင့် ရိုက်ထုတ်၍ အေးစက်စက်ပြောလာ၏။
" ဒီနေရာက အချိန်စည်းမျဥ်းတွေကို ဆုံးဖြတ်တဲ့သူက ငါ ဖြစ်သွားပြီ "
ပြန်အသက်သွင်းခြင်းသခင်ကြီး ခဏတာမျှ အံ့သြသွားပုံ ပေါ်ပြီးမှ ဒေါသတကြီး ပြောသည်။
" မင်း ဘာတွေ လျှောက်ပြောနေတာလဲ "
လောထျန်းက အပြုံးဖြင့် ပြန်ပြော၏။
" ဘာလဲ.. ငါပြောတာ မယုံဘူးလား ။ ဒါဆိုလဲ သေချာကြည့်ထား "
သူ ပြောပြီး ပြန်အသက်သွင်းခြင်းသခင်ကြီးထံ လက်ညိုးညွှန်လိုက်သည်။
" အချိန် နောက်ပြန်ဆုတ်စေ "
ဝီ ...
ထို့နောက်တွင်ကား ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ခန္ဓာကိုယ်က ယခင်လို ပြန်ဖြစ်သွားသည်။
" ဘယ်လိုဖြစ်ပြီးတော့... "
ပြန်အသက်သွင်းခြင်းသခင်ကြီးမှာ ခန္ဓာကိုယ်အကောင်းတိုင်း ပြန်ဖြစ်သွားသော်လည်း မျက်နှာပျက်သွားပါ၏။
သူ လောထျန်းအား မယုံနိုင်သည့် မျက်လုံးများဖြင့် တုန်လှုပ်စွာ ကြည့်လိုက်သည်။
" မင်းက ဘယ်လိုလုပ်ပြီးတော့... "
သူ့အသံမှာလည်း တုန်ယင်နေလေပြီ ။
လောထျန်းက အပြုံးဖြင့် ဆိုသည်။
" ငါ အဲ့နည်းကို မင်းရဲ့ မူလပိုင်ရှင်ဆီကနေ သင်ခဲ့တာကွ ။ မင်းတို့နှစ်ယောက် အချိန်နောက်ပြန်ဆုတ်တဲ့ပုံက နည်းနည်းလေး ကွဲပေမယ့် သဘောတရားကတော့ အတူတူပါပဲ "