စပယ်ရှယ်လစ် ၂
Vol. 26 Ch. 389
“ငါ နားလည်ပြီ”
နဂါးတောင် ၁ အဖွဲ့သည် တံခါးဝကို ဖြတ်ကျော်ကာ ဘုရားရှိခိုးကျောင်း ရင်ပြင်သို့ တဖြည်းဖြည်း ဝင်ရောက်သွားသည်ကို ကြည့်ပြီး လင်းရှန်က
“ငါတို့ နောက်ပိုင်းအသုတ်တွေထဲ ပါလိမ့်မယ် ထင်တယ်။ လူနည်းတဲ့အခါ ပြန်လာဖို့ အခုပဲ မှတ်ပုံတင်ထားလို့ ရမလား။ တခြားကိစ္စတစ်ခု လုပ်စရာရှိလို့ပါ”
ကျိုးဝူ အံ့သြသွားကာ မျက်ခုံးပင့်လိုက်ပြီး
“ရတာပေါ့၊ မင်းကို ဒီမှာ စောင့်နေမယ်”
“ဟေး၊ လင်းရှန်၊ ဘယ်သွားမလို့လဲ… ကျွန်မရော လိုက်လို့ရမလား” ကီကီက မေးသည်။
လင်းရှန်က ခေါင်းခါလိုက်ကာ
“မင်းတို့တွေ စမ်းသပ်မှုကို ဆက်လုပ်ပြီး ပိုပြီး လေ့လာကြ… ငါ ကိစ္စပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်”
စီလန်မြို့သည် နှိုင်းယှဉ်ချက်အရ လုံခြုံမှုရှိနေသေးသောကြောင့် လင်းရှန်က ကီကီကို ခေါ်သွားဖို့ မလိုအပ်ဟု ခံစားရသည်။ ကျိုးဝူကလည်း သူ့ကို အချိန်ပေးဖို့ စေတနာရှိသောကြောင့် သူက တန်းစီစောင့်ဆိုင်းရင်း အချိန်မဖြုန်းချင်ခဲ့ပေ၊၊
ဘစ်ဇ်~
လင်းရှန်သည် တံခါးဝရှေ့တွင် ရပ်နေစဉ် အပြာရင့်ရောင် အလင်းတန်းတစ်ခုက သူ့အပေါ် ဖြတ်သန်းသွားသည်။
“အနန္တယာဉ်တန်း၊ လင်းရှန်”
“စကင်ဖတ်ခြင်း ပြီးဆုံးပြီ။ နဂါးနိုင်ငံ၊ ကျိအန်းမြို့မှ ဖက်ဒရေးရှင်း အဖွဲ့ဝင်ဟောင်း၊ လင်းရှန်။ နိုင်ငံသားကဒ် အမှတ်: CN15132192430126။ ဖီးနစ်အချက်အလက်များကို အနန္တ ယာဉ်တန်းနှင့် ထပ်တူပြုထားသည်။ ရှင်သန်ကျန်ရစ်သူ အိုင်ဒီအသစ် မှတ်တမ်းတင်ပြီး: D19529527”
“ဆက်လက် လုပ်ဆောင်ပါ”
မှတ်ပုံတင်ခြင်း အောင်မြင်ပြီးနောက် လင်းရှန်သည် အဖွဲ့အား အမြန်ရှင်းပြပြီး ရှီတိယွမ်နှင့် မိုနီကာတို့အား ဆက်သွယ်ကာ မိုနီကာ၏ ‘ဘုရင်မ မိုနီကာ’ ရထားဆီကို မောင်းနှင်သွားရန် ပြင်ဆင်လိုက်သည်။
မိုနီကာသည် လင်းရှန်က ယာဉ်များ ပြုပြင်ရန်အတွက် သူမဆီသို့ လာရောက်ချိန်တွင် သူက အဖွဲ့တစ်ခုလုံးကို စမ်းသပ်မှုအတွက် ခေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ မူလက ယာဉ်တန်းရှိ စွမ်းအားရှင်များကို လေ့လာလိုသော်လည်း ယခုအခါ သူမ၏ ရထားကို ပို၍ စိုးရိမ်နေသည်။ ထို့ကြောင့် လင်းရှန်၏ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် သူမသည် ရှီတိယွမ်နှင့် လင်းရှန်ကို လာရောက် ခေါ်ဆောင်ရန် ချက်ချင်း မောင်းနှင်သွားခဲ့သည်။
“ဂျစ်-ဂျစ်… ဟေး၊ လင်းရှန်၊ ဆက်သွယ်မှုက ရှင်းရှင်းလင်းလင်း ရှိတယ်နော်”
ကီလိုမီတာ အနည်းငယ် မောင်းပြီးနောက် လင်းရှန်သည် ဆက်သွယ်ရေး ခလုတ်ကို နှိပ်လိုက်ရာ အချက်ပြမှုမှာ အလွန် ရှင်းလင်းနေသည်ကို တွေ့ရသည်။
“သူတို့ စမ်းသပ်ဧရိယာထဲ ဝင်သွားတာနဲ့ ဆက်သွယ်မှု ပိတ်ဆို့ခံရလိမ့်မယ်။ ဒါပေမဲ့ ကျွန်မလူတွေက ပတ်ဝန်းကျင်ကနေ မက်ဆေ့ချ်တွေကို လက်ဆင့်ကမ်းပေးလိမ့်မယ်၊ ဒါကြောင့် ရှင်တို့ အဖွဲ့ရဲ့ စမ်းသပ်မှုရလဒ်တွေကို အချိန်နှင့်တပြေးညီ ပို့ပေးသွားပါလိမ့်မယ်”
ဝင်ရိုးစွန်းယာဥ်တစ်စီးပေါ်တွင် ရှေ့ခုံ၌ ထိုင်နေသည့် မိုနီကာက ရှီတိယွမ်နှင့် လင်းရှန်တို့ကို နောက်ခုံမှနေ၍ ပြောသည်။
“ရပါတယ်။ ခုမှ စရုံပဲ ရှိသေးတာ… ငါတို့ အချိန်မီ ပြန်လာပြီး ကြည့်လို့ရနိုင်ပါသေးတယ်။ ငါအဖွဲ့ကလည်း သီးခြားမှတ်တမ်းတင်နေတာပဲ။ အခု သိသိ၊ နောက်မှ သိသိ အရေးမကြီးပါဘူး။ မိုနီကာ မင်းရဲ့ ကမ္ဘာပျက်ကပ်တိုက်ပွဲဝင်ရထားကိုတော့ ငါတကယ်စိတ်ဝင်စားမိတယ်…ဟားဟား”
လင်းရှန်လည်း ရှီတိယွမ်နည်းတူ တွေးလိုက်သည်။ ကျိုးဝူက သူ့ကို ပြောပြပြီးနောက် စမ်းသပ်မှုအကြောင်းကို သူက အခြေခံနားလည်မှု ရထားပြီးသား ဖြစ်သည်။ သူ့အတွက် နောက်ဆုံး ရလဒ်ကို သိဖို့သာ လိုအပ်သည်။ အခြားသူများ၏ စွမ်းရည် စမ်းသပ်မှုရလဒ်များကို ကြည့်ဖို့အတွက် နာရီပေါင်းများစွာ အချိန်ဖြုန်းနေဖို့ မလိုအပ်ပါ၊ အထူးသဖြင့် သူက အဲဒါကို သိပ်စိတ်မဝင်စားနေချိန်မျိုးမှာ ဖြစ်လေသည်။
သူက ဘယ်သူ့ကိုမှ စုဆောင်းဖို့ ကြိုးစားနေခြင်း မဟုတ်ပေ၊၊ ထို့ကြောင့် ကျိုးဝူက နောက်မှ စမ်းသပ်ဖို့ ခွင့်ပြုခဲ့တာဆိုတော့ သူ့ရဲ့ ပြုပြင်ရေးအလုပ် ထုတ်ပြနေဖို့ မလိုအပ်ပေ။ မြို့ထဲမှာ လူပေါင်း ထောင်သောင်းများစွာ ရှိနေတာကြောင့် ဟွာရှောင်လင်းလို လူမျိုးပေါ်လာရင်သာ ခေါင်းကိုက်စေနိုင်သည်။ လင်းရှန်က ပြဿနာကို ရှောင်တာ ပိုကောင်းမယ်လို့ တွေးလိုက်သည်။ ဒါ့အပြင် သူက ဖီးနစ်နှင့် ပွင့်လင်းသောဆက်ဆံရေး ရှိခဲ့ပြီးသား ဖြစ်သည်။
ဒါပေါ့… ဖီးနစ်ရဲ့ ဆုလာဘ်တွေအပေါ်မှာလည်း သူက စိတ်ဝင်တစား ရှိနေသေးသည်။
နေကာမျက်မှန် တပ်ထားပြီး လက်ပိုက်ထားသည့် လုရှင်းချန်သည် လုချန်၏ စကားကို ကြားသောအခါ ပြုံးလိုက်ပြီး စိတ်မဝင်စားဟန် ပြလိုက်သည်။
“ဆုလာဘ် ကိစ္စကတော့ ငါ တကယ် စိတ်မပူပါဘူး။ ဒီလို သာမန်အရာက ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အားကို ထောက်လှမ်းနိုင်ပါ့မလားလို့ပဲ သိချင်မိတယ်”
ကီကီက ထိုသူ့ကို ကြည့်လိုက်ပြီး
“ငကြွားကောင်... နင်က အစွမ်းကုန် ထုတ်ပြဖို့တော့ လိုလိမ့်မယ်။ အဲဒီစက်က နင့်ကို အမှတ်ကောင်းကောင်း ပေးနိုင်မလားဆိုတာပဲ ကြည့်ရအောင်”
“အိုး… အဲဒီ စက်က တကယ်ကို ကြောက်စရာကောင်းတယ်”
ရှားရှားက လည်ပင်းကျုံ့ပြီး
“သူ့ကို ဘာအတွက် သုံးလဲတော့ မသိဘူး”
“ဒါက ဝိညာဉ်လှိုင်းတန်ဖိုးအတွက် အမြင့်ဆုံးတန်ဖိုး ထောက်လှမ်းရေးကိရိယာပဲ။ ရှင်တို့က အစွမ်းကုန် ထုတ်ပြဖို့ မလိုပါဘူး၊ သူ့ပေါ်မှာ ရပ်နေရုံနဲ့ ရှင်တို့ ခန္ဓာကိုယ်က အမြင့်ဆုံး ဝိညာဉ်လှိုင်းတန်ဖိုး လှုပ်ရှားမှုကို သဘာဝအတိုင်း ပြသလိမ့်မယ်”
ထိုအချိန်တွင် လက်ကိုင် ကွန်ပျူတာကို ကိုင်ဆောင်ထားသည့် အမျိုးသမီး ဝန်ထမ်းတစ်ဦးက ၎င်းကို ကိုင်တွယ်ရင်း အောက်သို့ ငုံ့ကြည့်ကာ အဖွဲ့အား ရှင်းပြသည်၊၊
“ကျွန်မ ရှင်တို့ကို စမ်းသပ်ဧရိယာဆီ ခေါ်သွားမယ်။ ရှင်တို့က စမ်းသပ်မှုအတွက် ပဉ္စမမြောက်အဖွဲ့ ဖြစ်ပြီး နှစ်နာရီလောက် ကြာမယ်။ အရေးကြီးတဲ့ အချက်အချို့ကို အရင်ဆုံး ရှင်းပြပါရစေ”
သူမက သူတို့နောက်ရှိ ကြီးမားသော စက်ဝိုင်းပုံကိရိယာကို လက်ညိုးထိုးပြလိုက်သည်။
“အမြင့်ဆုံးတန်ဖိုး စမ်းသပ်မှုက မြန်တယ်။ ရှင်တို့ အလှည့်ရောက်ရင် ငါးစက္ကန့်အတွင်း ပြီးစီးဖို့အတွက် သူ့ပေါ်မှာ ရပ်နေလိုက်ရုံပဲ။ စိတ်လျှော့ထားပါ၊ ခဏလောက်တော့ ကြောက်ရွံ့မှုကို ခံစားရလိမ့်မယ်၊၊ ဒါပေမဲ့ စိတ်မပူပါနဲ့…. ရှင်တို့ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုမှ ထိခိုက်မှု မရှိစေပါဘူး”
ထိုအခိုက်တွင် သူတို့နောက်ရှိ ဖိအားတိုင်း ကိရိယာက ရုတ်တရက် ကျယ်လောင်သော၊ လျှပ်စစ်သံ တဝီဝီကို ထုတ်လွှတ်ပြီးနောက် အိုင်းယွန်းနစ်လှိုင်းတစ်ခု ပျံ့နှံ့သွားရာ ကြည့်နေသည့် လူပေါင်းထောင်ချီသည် ၎င်းတို့၏ မျက်နှာပေါ်တွင် ပူရှိန်းရှိန်း ခံစားမှုကို ခံစားလိုက်ရသည်။
ကြီးမားသော ဆူညံသံက ပရိသတ်အားလုံးကို စိုးရိမ်မကင်းဖြစ်ခြင်းကြောင့် တုန်လှုပ်သွားစေသည်။ နဂါးတောင် ၁ အဖွဲ့မှ အချို့သည် လန့်ဖျပ်စွာ လှည့်ကြည့်လိုက်ကြသည်၊၊
“ဘာ… ဘာသံကြီးလဲ။ တကယ်ပဲ လုံခြုံရဲ့လား။ ဘယ်သူ့ကိုမှ သေအောင် မလုပ်ဘူးမလား”
“မလုပ်ပါဘူး” ဝန်ထမ်း အမျိုးသမီးက အာမခံလိုက်သည်၊၊
“စိတ်မပူပါနဲ့၊ ဒီကိရိယာက ရှင်တို့ခန္ဓာကိုယ်ရဲ့ အလိုအလျောက် ခုခံကာကွယ်ရေး စနစ်ကို လှုံ့ဆော်ပေးတာပဲ၊ ဒါပေမဲ့ ဘယ်လို ထိခိုက်မှုမှ တကယ် မဖြစ်စေပါဘူး။ မျက်စိမှိတ်ပြီး စိတ်လျှော့ထားလိုက်ပါ။ စမ်းသပ်မှုက ချက်ချင်း ပြီးသွားလိမ့်မယ်”
ကီကီက မျက်လုံးများမှေးကာ ခေါင်းညိတ်လိုက်သည်။
“အော်၊ သေတော့မလို ခံစားရအောင် လုပ်ပြီး ခန္ဓာကိုယ်က အမြင့်ဆုံးခုခံမှုကို တုံ့ပြန်မှုအဖြစ် ပြသစေပြီး အဲဒါနဲ့ အမြင့်ဆုံးတန်ဖိုးကို တိုင်းတာတာပေါ့”
“အတိအကျပါပဲ” ဝန်ထမ်းအမျိုးသမီးက အတည်ပြုသည်။
နဂါးတောင် ၁ မှ နန်ကျင်းလည်း ခေါင်းညိတ်လိုက်သည်။ “ကောင်းမွန်တဲ့ နည်းလမ်းပဲ။ ဒါက စမ်းသပ်မှုရဲ့ တိကျမှုကို သေချာစေပြီး စံနှုန်းကိုလည်း တသမတ်တည်း ဖြစ်စေမယ်”
“အမြင့်ဆုံးတန်ဖိုး စမ်းသပ်မှုအပြီးမှာ ရှင်တို့ နောက်က ကန့်သတ် စမ်းသပ်ခန်းထဲမှာ ဘက်ပေါင်းစုံစမ်းသပ်မှုကို ခံယူရလိမ့်မယ်။ စိတ်မပူပါနဲ့၊ အန္တရာယ်မရှိပါဘူး။ စမ်းသပ်မှုက အဓိကအားဖြင့် ဟိုလိုဂရမ် ရုပ်ပုံများနဲ့ အသက်မသေစေတဲ့ ယန္တရားအဆောက်အအုံအချို့ကို အကူအညီအတွက် အသုံးပြုထားတယ်”
ဝန်ထမ်း အမျိုးသမီးက ဆက်ပြောသည်။
“ကန့်သတ် စမ်းသပ်မှုက ငါးမိနစ် ကြာတယ်။ အသုတ် တစ်ခုစီ ပြီးတိုင်း ညလမ်းလျှောက်သူ အဖွဲ့အစည်းရဲ့ လမ်းညွှန်မှု အဖွဲ့က အကြံပြုချက်တွေ ပေးပြီး မေးခွန်းတွေကို ဖြေကြားပေးလိမ့်မယ်။ ရှင်တို့က သူတို့နဲ့ တိုက်ရိုက်ဆက်သွယ်လို့လည်း ရတယ်”