အဆင့်မြင့်ရထားခံတပ်
Vol. 26 Ch. 393
“ဈေးကြီးတယ်... စွမ်းအားမြင့် လျှပ်စစ်ရထားစက်ခေါင်းတစ်လုံးရဲ့ တန်ဖိုးကို ခင်ဗျားတို့သိရဲ့လား”
စုန့်ဟောင်သည် လင်းရှန်နှင့် ရှီတိယွမ်တို့ကို ရုတ်တရက် မတွေ့လိုက်ပဲ စောဒကတက်သည့် လေသံကိုကြားသည်နှင့် ချက်ချင်းပင် ပြန်လည်ချေပရန် ပါးစပ်ဖွင့်လိုက်၏။
“ငါသိတယ်”
မိုနီကာ စကားမပြောမီ ရှီတိယွမ်က
“အခြေအနေကောင်းတဲ့ ကီလိုဝပ်-၇၀,၀၀၀ အဆင့်ရှိ သာမန်လျှပ်စစ်ဆွဲအားစက်ခေါင်းတစ်စီးဟာ အများဆုံး သွေးပဲစေ့ ၁၀ လုံးလောက်ပဲ တန်ဖိုးရှိတယ်။ အဲဒါတောင်မှ ဝယ်ချင်တဲ့သူရှိရင်ပေါ့”
“ခင်ဗျား ဘာပြောလိုက်တာလဲ”
“ပါးစပ်ပိတ်ထားစမ်း”
မိုနီကာသည် စုန့်ဟောင်အား လေသံမာမာဖြင့် ဖြတ်ပြောလိုက်ပြီး သူတို့နှစ်ဦးဘက်သို့ လှည့်ကာ တောင်းပန်စကားဆိုလိုက်၏။
“အစ်ကိုကြီးရှီ၊ ကပ္ပတိန်လင်း၊ စိတ်မကောင်းပါဘူး။ ကျွန်မ နည်းနည်း စိတ်လွတ်သွားတယ်။ ဒါက ကျွန်မရထားက စက်ပြင်သမားပါ။ ရှင်တို့ကို ရထားပေါ်လိုက်ပို့ပြီး ပတ်ပြမယ်... ဘာသောက်ချင်သေးလဲ”
“မသောက်တော့ဘူး... ရတယ် ရတယ်”
လင်းရှန်နှင့် ရှီတိယွမ်တို့သည် ရထားပေါ်သို့ တက်ရောက်လိုက်ကြသည်။ ခြေချလိုက်သည်နှင့် နှစ်ဦးစလုံး အထဲမှ ပတ်ဝန်းကျင်ကို အံ့သြစွာ လှည့်ပတ်ကြည့်ရှုမိကြ၏။
စုန့်ဟောင်နှင့် ကျူဖန်းတို့သည် ထိုနှစ်ဦး လျှောက်သွားသည်ကို ကြည့်ကာ ရှုပ်ထွေးသော အကြည့်များနှင့်
“မိုနီကာ၊ သူတို့က ဘယ်သူတွေလဲ”
“မိတ်ဆွေတွေပဲ... ပြုပြင်ရေးကူညီဖို့ ရောက်လာတာ”
“ပြုပြင်ရေး” စုန့်ဟောင်၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။
“ဒီ...ဒီနှစ်ယောက်တည်းနဲ့လား”
“မိုနီကာ... ငါတို့က ကျင်းချန် ယာဉ်တန်းကို ဆက်သွယ်ထားတာ မဟုတ်ဘူးလား။ မြို့ထဲမှာ အကောင်းဆုံး စက်မှုအင်ဂျင်နီယာတွေ သူတို့ဆီမှာ ရှိတာပဲ... ဘာလို့ တခြားလူတွေ လိုက်ရှာနေရတာလဲ”
မိုနီကာသည် သူ့အား အေးစက်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြရန် မကြိုးစားတော့ပေ။ လင်းရှန်နှင့် အခြားသူများနောက်သို့ လိုက်ကာ ရထားတွဲထဲသို့ ဝင်သွားလိုက်သည်။
သူမ၏ အကြည့်အောက်တွင် စုန့်ဟောင်သည် ဆက်ပြောချင်နေသေးသော စကားများကို မြိုချလိုက်ပြီး မျက်နှာငယ်ဖြင့် ခေါင်းငုံ့ထားလိုက်၏။
သို့သော် မိုနီကာ ဖြတ်လျှောက်သွားပြီးနောက် သူသည် ခေါင်းပြန်မော့ကာ သူမ၏ ပုံရိပ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် အေးစက်သောအလင်းတစ်ခု ဖြတ်ပြေးသွားသည်၊၊
“သူတို့ ဘာအတွက် လာတာလဲဆိုတာကို အရင် ကြည့်ရအောင်”
ကျူဖန်းက သူ့ကို တံတောင်နှင့် တွန်းလိုက်ပြီး အချက်ပြလိုက်၏။ စုန့်ဟောင်၏ အမူယာပြောင်းသွားပြီး စကားတစ်ခွန်းမှ မပြောဘဲ ပြုပြင်ရေးကိရိယာများကို ထုပ်ပိုးလိုက်သည်။
အပြင်ပန်းကြည့်ရုံဖြင့် လင်းရှန်နှင့် ရှီတိယွမ်တို့သည် စက်မှုအင်ဂျင်နီယာများ သို့မဟုတ် ပြုပြင်ရေးကျွမ်းကျင်သူများ လုံးဝမဖြစ်နိုင်ပေ။ တစ်ဦးမှာ မီးခိုးရောင် ဝက်ဝံကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အခြားတစ်ဦးမှာ နည်းပညာမြင့် စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားရာ ယာဉ်တန်း၏ အဆင့်မြင့်အဖွဲ့ဝင်များနှင့်သာ ပို၍တူသည်။ ထို့အပြင် ၎င်းတို့သည် ကိရိယာများကို ယူဆောင်လာခြင်းမရှိဘဲ လက်ဗလာဖြင့် ရောက်လာခြင်းက စုန့်ဟောင်အား ပြုပြင်ရန် ရောက်လာသည်ကို လုံးဝ မယုံကြည်နိုင်အောင် ဖြစ်စေ၏။
ထိုအချိန်တွင် လင်းရှန်နှင့် ရှီတိယွမ်တို့သည် စူးစမ်းလိုသော ကလေးများကဲ့သို့ “ဘုရင်မ မိုနီကာ” ၏ အတွင်းပိုင်းကို စိတ်ဝင်တစားအမူအရာများဖြင့် လှည့်ပတ်ကြည့်ရှုနေကြ၏။ နှစ်ဦးစလုံးသည် ရထားယာဉ်တန်းများမှ ဖြစ်ကြပြီး ရထားပေါ်တွင် နေထိုင်ကြသော်လည်း “ဘုရင်မ မိုနီကာ” ၏ အတွင်းပိုင်းသည် သာမန်ရထားတည်ဆောက်ပုံများနှင့် လုံးဝကွဲပြားခြားနားနေလေ၏။ လင်းရှန်၏ ပထမဆုံး ခံစားချက်မှာ ၎င်းသည် အာကာသယာဉ်တစ်စင်း၏ အတွင်းပိုင်းနှင့် ဆင်တူသည်ဟူ၍ ဖြစ်သည်။
ပေါင်းစပ်ထားသော လုပ်ငန်းသုံးတွဲများတွင် အလိုအလျောက် စက်ပစ္စည်းများ အများအပြား ပါဝင်နေသောကြောင့် နေရာသည် သိပ်မကျယ်ဝန်းသလို ခံစားရစေ၏။ ရထား၏ တံခါးပေါက်နှင့် ညာဘက်ပြတင်းပေါက်များမှလွဲ၍ အပြည့်အဝပိတ်ထားကာ ပြင်ပအခြေအနေအားလုံးကို ရထားတွဲတစ်လျှောက်လုံးရှိ ၃၆၀ ဒီဂရီ စောင့်ကြည့်စနစ်ဖြင့် စောင့်ကြည့်နေ၏။
အတွင်းပိုင်းတွင် အလွန်လုံခြုံစိတ်ချရသော လေထုကို ပေးစွမ်းနိုင်ပေသည်။ နေထိုင်ရာနေရာရှိ အိပ်ရာများကို ပျားအုံသဖွယ် အကန့်များအတွင်း ထည့်သွင်းထားပြီး၊ ထိန်းချုပ်ခန်း၏ စက်ဝိုင်းပုံမျက်နှာပြင်တွင် နှင်းဖုံးမြေပုံများဖြင့် ပြည့်နှက်နေ၏။ အဆင့်မြင့်လေလည်ပတ်မှုနှင့် အပူပေးစနစ်များကြောင့် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် နွေဦးရာသီသို့ ဝင်လာသကဲ့သို့ ခံစားရသည်။
ရွှီး~
ပထမဆုံးနှင့် အကြီးဆုံး မောင်းနှင်တွဲသို့ ရောက်ရှိသောအခါ တံခါးကို ဖွင့်ရန် မော်နီကာ၏ မျက်ဝန်းစကန်ဖတ်ခြင်းကို လိုအပ်ပေ၏။
၎င်းသည် စွမ်းအင်တွဲသာမက မိုနီကာ၏ တစ်ကိုယ်ရေသုံးနေရာလည်း ဖြစ်သည်။ မီတာ ၆၀ ကျော် ရှည်လျားသော ဤတွဲတွင် စွမ်းအင်၊ ပါဝါနှင့် ပင်မထိန်းချုပ်စနစ်များ တည်ရှိသည်။ ထို့အပြင် ရထားတစ်စီးလုံး၏ အခြေအနေကို စောင့်ကြည့်နိုင်ပြီး ချို့ယွင်းချက်များကို ထောက်လှမ်းနိုင်ကာ အဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်သည့် ဉာဏ်ရည်မြင့် AI စနစ်လည်း ပါဝင်သည်။ ဤအရာအားလုံးသည် မိုနီကာ၏ အမိန့်အောက်တွင် ရှိလေသည်။
“ဒါက ကျွန်မရဲ့ ကိုယ်ပိုင်နေရာပါ။ ပုံမှန်အားဖြင့် ဘယ်သူမှ ဝင်ခွင့်မရှိဘူး”
မော်နီကာသည် သူတို့ကို ဦးဆောင်ခေါ်သွားရင်း ပြုံးကာ ပြော၏။
“ကျွန်မတို့ ရထားပေါ်မှာ လူ ၂၆ ယောက်ပဲ ရှိပြီး ၅ ယောက်က ယာဉ်ထိန်းချုပ်မှုနဲ့ လည်ပတ်မှုအတွက် တာဝန်ယူတယ်။ ရထားက အပြည့်အဝ အလိုအလျောက်ဖြစ်ပေမဲ့၊ လမ်းအခြေအနေကို ၂၄/၇ စောင့်ကြည့်ဖို့ တစ်ယောက်ယောက်တော့ လိုတယ်။ ရေဒါလည်း အမြဲဖွင့်ထားရတယ်”
“အိုး... မိုနီကာ မင်းမှာ အတော်လေး ကျယ်ဝန်းတဲ့နေရာရှိတာပဲ”
သူတို့ ဝင်ရောက်လိုက်သည်နှင့် ရှီတိယွမ်သည် ချီးကျူးစကား မဆိုဘဲ မနေနိုင်ပေ။
ဤမျှ များပြားသော အဓိကစနစ်များကို ပေါင်းစပ်ထည့်သွင်းထားသော်လည်း မိုနီကာ၏နေရာသည် အလွန်ကျယ်ဝန်းပြီး ခမ်းနားထည်ဝါနေဆဲ ဖြစ်၏။ အာကာသဒီဇိုင်း ရေချိုးခန်းတွင် ကြီးမားသော အနှိပ်ရေချိုးကန် ပါဝင်ပြီး ကျယ်ဝန်းသော အိပ်ခန်းအပြင် သီးသန့် ဗီရိုခန်း၊ ဝိုင်စင်နှင့် Spa ကဲ့သို့သော အခန်းရှည်ငယ်တစ်ခုပင် ပါဝင်လေ၏။
၎င်းသည် ကမ္ဘာပျက်ကပ်အတွင်း ရောက်နေသည်ထက် အားလပ်ရက် အပန်းဖြေခရီးထွက်နေသကဲ့သို့ ခံစားရစေ၏။
“ဒါကြောင့်ပဲ ဒီရထားက သန်း ၂,၀၀၀ တန်ဖိုးရှိတဲ့ ကမ္ဘာပျက်ကပ်အမြန်ရထား ဖြစ်နေတာပေါ့”
လင်းရှန် ပြုံးမိသွားသည်၊၊။
“လှပတယ်လို့ ထင်ရပေမဲ့ လက်တွေ့ကျတယ်။ ရထားတစ်စီးလုံးရဲ့ ကာကွယ်ရေး၊ ရှင်သန်ရေးနဲ့ ထိန်းသိမ်းတဲ့စနစ်တွေက ခံတပ်တစ်ခုလိုပဲ။ လက်တွေ့မကျဘူးလို့ မပြောနိုင်ဘူး၊ ကမ္ဘာပျက်ကပ်မှာ ဒီလို ခမ်းနားတဲ့ ခံတပ်မျိုး ပိုင်ဆိုင်ထားတာဟာ အနံ့အသက်ဆိုးတဲ့ နောက်ခန်းမှာ အိပ်ရတာ ဒါမှမဟုတ် သံရည်ကျိုထားတဲ့ သတ္တုအပိုင်းအစတွေကို ခိုလှုံစရာအဖြစ် သုံးရတာထက် အများကြီး ပိုကောင်းတယ်”
“ဟုတ်တယ်” ရှီတိယွမ်က အလေးအနက် ထပ်ပြောသည်။
“ငါ သိခဲ့ရင် အင်ဂျင်နီယာအဖွဲ့က လူအချို့ကို ခေါ်လာသင့်တာ။ တခြား ဘာမှ မရရင်တောင် ဒီက လေလည်ပတ်မှုနဲ့ ရေပြန်လည်အသုံးပြုစနစ်တွေဟာ ငါတို့ သင်ယူနိုင်တဲ့ အရာတွေပဲ။ နဂါးတောင် ၁ ပေါ်မှာ တပ်ဆင်နိုင်ခဲ့ရင် ကြီးမားတဲ့ ပြဿနာတစ်ခုကို သေချာပေါက် ဖြေရှင်းပေးနိုင်လိမ့်မယ်”
ရှီတိယွမ်၏ စကားများမှာ ချဲ့ကားခြင်း မဟုတ်ပေ။ လူတစ်ထောင်ကျော် ပါဝင်သော ရထားနှင့် ကမ္ဘာပျက်ကပ်ပတ်ဝန်းကျင်တွင် သန့်ရှင်းရေးသည် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာ၏။ ဂရုတစိုက် စီမံခန့်ခွဲခြင်းမရှိပါက ရထားသည် အနံ့အသက်ဆိုးများ ထွက်လာမည်ဖြစ်ပြီး အိမ်သာများကို သန့်ရှင်းအောင် ထိန်းသိမ်းခြင်းသည် ရထားကြီးကြပ်သူများအတွက် ကြောက်မက်ဖွယ်ကောင်းသော အလုပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
လင်းရှန်၏ “အနန္တရထား” ကမူ ဤပြဿနာကို မကြုံတွေ့ရသေးပေ။ နေထိုင်ရာတွဲများရှိ အမျိုးသား၊ အမျိုးသမီးများသည် သန့်ရှင်းရေးကို အလွန်အလေးထားကြ၏။ ရှောင်ယွမ်နှင့် အခြား ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းများသည် အလုပ်ကြိုးစားကြပြီး သန့်ရှင်းရေးတာဝန်များကို မိမိတို့ဘာသာ ယူဆောင်ထားသောကြောင့် နေထိုင်ရာတွဲများသည် သက်သောင့်သက်သာရှိနေသဖြင့် လင်းရှန် စိတ်ပူစရာ မရှိခဲ့ပေ။
“ဟူး....” မိုနီကာသည် လက်ပိုက်ထားရင်း ပေါ့ပါးသော ဝမ်းနည်းနေသောလေသံဖြင့် ပြောသည်။
“ကျွန်မက ဒီရထားတစ်စီးလုံးမှာ တစ်ဦးတည်းသော အမျိုးသမီးပါ။ တစ်နေ့မှာ အမှောင်ဖုံးတဲ့ ညတစ်ညမှာ ကျွန်မ သေဆုံးရမယ်ဆိုရင်တောင် သန့်ရှင်းပြီး သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ သေခြင်းတရားကို ရင်ဆိုင်ချင်ပါသေးတယ်”
သူမ၏ စကားများကြောင့် လင်းရှန် အနည်းငယ် အံ့အားသင့်သွား၏။ ရထားတစ်စီးလုံးတွင် အမျိုးသမီးတစ်ဦးတည်းသာ ရှိပြီး ဤအမျိုးသမီးသည် ယာဉ်တန်းခေါင်းဆောင်လည်း ဖြစ်နေ၏။ ဤအစီအစဉ်သည် ထူးဆန်းနေသည်။ ထို့အပြင် မိုနီကာ၏ လက်အောက်ငယ်သားများအပေါ်ထားရှိသော သဘောထားကို ကြည့်ခြင်းဖြင့် သူမသည် နွေးထွေးပြီး အလွယ်တကူ ချဉ်းကပ်နိုင်သူ တစ်ဦးနှင့် မတူပေ။