အခန်း (၈၇၁)
Vol. 62 Ch. 871
ထျန်းယွမ်သခင်ကြီး ရုတ်တရက် မျက်နှာတည်သွားကာ ပြော၏။
" အဲ့လိုလုပ်ခဲ့တဲ့ ပြန်အသက်သွင်းခြင်းသခင်ကြီးက အစစ်လား ၊ အရေခွံသက်သက်ပဲလား ဆိုတာကိုတော့ ကျုပ်လဲ မသိဘူး "
" ဒါပေမယ့်.. သူ ဒီတစ်ခေါက် ပြန်လာတဲ့အချိန်မှာ အရင်ဘဝက ကျရှုံးခဲ့တာတွေကို သင်ခန်းစာယူခဲ့တာတော့ သေချာတယ် "
" အရင်ဘဝတုန်းကဆို သူက သက်ရှိတွေအားလုံးကို သတ်ပြီးတော့မှ ပြန်အသက်သွင်းခြင်း စက်ဝန်းဆီ ခေါ်သွားပြီး သူ့ကျင့်ကြံခြင်းလမ်းစဥ်မှာ အောင်မြင်မှုရအောင် လုပ်ခဲ့တာ ။ နောက်ဆုံးမှာတော့ သူ တစ်ယောက်တည်းပဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကျရှုံးသွားခဲ့ရတယ်လေ "
" ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူ မတူတဲ့နည်းတွေကို သုံးလာပြီ ။ သူက သတ်ခဲ့ဖူးတဲ့ အစွမ်းထက်ကျင့်ကြံ
သူတွေရဲ့ အစွမ်းကို သူ့အပေါ် သစ္စာခံတဲ့သူတွေဆီ လွှဲပြောင်းပေးပြီးတော့မှ အင်အားတည်ဆောက်နေတာ "
" ပြီးတော့... လူတစ်ယောက်ချင်းစီရဲ့ အစွမ်းအပေါ် မူတည်ပြီး... တချို့လူတွေဆိုရင် တစ်ကြိမ်ထက်ပိုတဲ့ စွမ်းအင်လွှဲပြောင်းပေးတာကို ခံနိုင်ကြတယ် "
ထိုစကားကြောင့် အားလုံး တုန်လှုပ်သွားကြပြန်ပါသည်။
အများစုမှာ သူ့စကား၏ ဆိုလိုရင်းကို တန်းပြီးနားလည်ကြသော်လည်း..
နားမလည်သူအချို့လည်း ရှိပါ၏။
ထိုသူများထဲတွင်ပါသော အကြီးအကဲတစ်ယောက်က ခေါင်းကုတ်ရင်း မေးလာသည်။
" တစ်ကြိမ်ထက်ပိုပြီး လက်ခံနိုင်တော့ရော ဘာဖြစ်လို့လဲဗျ "
ထျန်းယွမ်သခင်ကြီးက ထိုလူကို ကြည့်ကာ ရှင်း
ပြ၏။
" ငါ မင်းကို ဥပမာနဲ့ရှင်းပြမယ် ။ ယဲ့ဖူရှောက်ကိုပဲ ကြည့်ကွာ.. သူ့ စိတ်ဝိဥာဥ်အစွမ်းကို မင်း ဘယ်လိုထင်လဲ "
အကြီးအကဲက ခေတ္တမျှ စဥ်းစားနေပြီးမှ ပြန်ဖြေသည်။
" အစွမ်းထက်တယ်ဗျ... ပုံမှန် အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် တစ်ယောက်ထက်တောင် ပိုအစွမ်းထက်တယ် "
ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်လိုက်၏။
" သူ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက ပြန်အသက်သွင်းခြင်းသခင်ကြီးရဲ့ အောက်က အဆင့် ၁၀၀ အပြင်ဘက်မှာပဲ ရှိတယ် "
" ဘယ်လို.. "
အားလုံး အံ့အားသင့်သွားရပြန်သည်။
ယဲ့ဖူရှောက်လို ထူးခြားလှသော လူတစ်ယောက်က
အဆင့်တစ်ရာ၏ အပြင်ဘက်တွင်သာ ရှိသတဲ့လား ။
ထိုစဥ် သခင်ကြီးလုံက တစ်စုံတစ်ခုကို ရိပ်စားမိဟန်ဖြင့် တုန်ယင်စွာ ပြောလာ၏။
" ဘိုးဘေးပြောတဲ့အတိုင်းဆိုရင်.. အသတ်ခံလိုက်ရတဲ့ လမ်းစဥ်ကိုးသွယ်မသေမျိုးဘုရင် က.... "
ထျန်းယွမ်သခင်ကြီး အောင့်သက်သက် ရယ်လိုက်သည်။
" ဟုတ်တယ်ကွ ၊ သူ့အစွမ်းကို တခြားသူတစ်ယောက်က ပိုင်သွားပြီ "
ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက်၏ အစွမ်းက ထိုသို့အဆုံးသတ်သွားခဲ့ရသဖြင့် အားလုံးရင်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်သွားကြသည်။
ထိုစဥ် ထျန်းယွမ်သခင်ကြီးက လောထျန်းကိုကြည့်ကာ ပြော၏။
" ပြီးတော့.. သခင်လေးလောထျန်း ၊ ယဲ့ဖူရှောက်ရဲ့ မှတ်ဉာဏ်ထဲကအတိုင်းဆိုရင်.. ပြန်အသက်သွင်းခြင်း သခင်ကြီးက လက်ရှိ ဒေသကိုးခုမှာရှိတဲ့
အစွမ်းထက်ကျင့်ကြံသူတွေကို ဖမ်းပြီးတော့ သူတို့အစွမ်းတွေကို လွှဲပြောင်းယူဖို့လဲ လူတွေလွှတ်ထားသေးတယ် "
" အဲ့လူတွေက ခုတောင် အလုပ်စနေလောက်ပြီ ။ အဲ့အစီစဥ်သာ အောင်မြင်သွားလို့ကတော့ သူ့အစွမ်းက အရင်ရှိခဲ့ဖူးတာထက် ပိုကျော်သွားတော့မှာ ။ အဲ့ကျရင် သခင်လေးတောင် အန္တရာယ်ထဲ ရောက်သွားနိုင်တယ် "
ထိုစကားကို ကြားချိန်တွင် သခင်ကြီးဟောင်က သူ့ကိုစိုက်ကြည့်ကာ ပြန်ပြောသည်။
" သခင်လေးလောထျန်းထက် ပိုအစွမ်းထက်ဖို့ဆိုတာ မဖြစ်နိုင်တာကြီးဗျာ... "
အားလုံးကလည်း သူ့စကားကို သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ထျန်းယွမ်သခင်ကြီးက သက်ပြင်းချကာ ပြန်ပြော၏။
" အဲ့ဒါက ပြောဖို့ခက်တယ်ကွ ။ သခင်လေးလောထျန်းရဲ့ ပါရမီက တကယ်လဲ ထူးခြားပြီးတော့
ပြိုင်ဘက်ကင်းလို့ ပြောလို့ရတယ် ။ ဒါပေမယ့် ပြန်အသက်သွင်းခြင်းသခင်ကြီး ကလဲ ရှေးဟောင်းနတ်ဘုရား တစ်ပါးလို့ သတ်မှတ်ခံထားရတဲ့သူလေ ။ အဲ့လောက်နှစ်တွေအကြာကြီး အသက်ရှင်လာတဲ့သူက ထူးခြားတဲ့သိုင်းပညာမျိုး ရှိထားမှာ သေချာပေါက်ပဲ ။ ပြီးတော့ သခင်လေးလောထျန်း သတ်တာကိုခံခဲ့ရတဲ့ ပြန်အသက်သွင်းခြင်းသခင်ကြီးက သူ့ မူလအစွမ်းရဲ့ ဆယ်ပုံတစ်ပုံထက်တောင် နည်းတဲ့အခြေအနေကို ရောက်နေခဲ့တာ ။ တကယ်လို့ သူ့မူလအစွမ်းထပ် ပိုသာတဲ့အစွမ်းမျိုးသာ ရသွားခဲ့မယ်ဆိုရင်... "
သူ ထိုသို့ပြောနေရင်း လောထျန်းအား သေချာကြည့်ပြီးမှ စကားဆက်သည်။
" သခင်လေးလောထျန်း ၊ သခင်လေးရော.. ဒေသကိုးခုလုံးရော အန္တရာယ်ထဲတော့ ရောက်နေပြီ ။ ဂရုစိုက်ပါ.... "
စကားဆုံးချိန်မှာပင်... သူ့ကိုယ်က ရုတ်တရက် တုန်ယင်လာကာ သိသိသာသာပင် အားနည်းလာပါ၏။
" ဘိုးဘေး... "
အားလုံးမှာလည်း ၎င်းကိုမြင်ပြီး တုန်လှုပ်သွားကြသည်။
ထိုစဥ်မှလည်း ထျန်းယွမ်သခင်ကြီးက လိုအပ်သည်များကို ရှင်းပြရန်အတွက် ကြိုးစားတောင့်ခံထားခဲ့ခြင်း ဖြစ်ကြောင်း အားလုံး ရိပ်မိလိုက်ကြ၏။
ပြန်အသက်သွင်းခြင်းသခင်ကြီးနှင့် ရင်ဆိုင်ရချိန်တွင် ထျန်းယွမ်သခင်ကြီး၏ ကိုယ်ပွားပုံရိပ်က များစွာ ထိခိုက်ထားခဲ့သည် မဟုတ်ပါလား ။
" သခင်လေးလောထျန်း ၊ ကျုပ်ရဲ့ ခန္ဓာကိုယ်အစစ်က သခင်လေးကို လာမကူညီပေးနိုင်တာ စိတ်မကောင်းပါဘူးဗျာ ။ ပြန်အသက်သွင်းခြင်းသခင်ကြီးနဲ့ ရင်ဆိုင်ဖို့ကို သခင်လေးကိုပဲ အကူညီတောင်းရတော့မယ်.. "
ထျန်းယွမ်သခင်ကြီး ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်။
လောထျန်းက ခေါင်းညိတ်ရင်း ပြန်ပြော၏။
" စိတ်မပူပါနဲ့ဗျာ ၊ ကျုပ်နဲ့ အဲ့ကောင်ကြီးနဲ့ကြားက
ရန်ငြိုးက မပြီးသေးဘူး ။ သခင်ကြီးမပြောရင်တောင် ကျုပ်က သူ့ကို သတ်မှာ "
ထျန်းယွမ်သခင်ကြီး၏ မျက်နှာထက်တွင် စိတ်သက်သာရာ ရသွားသည့် အပြုံးတစ်ခု ပေါ်လာပါသည်။
ထို့နောက် သူ ရုတ်တရက် ထပ်ပြော၏။
" ပြီးတော့... သခင်လေးလောထျန်းကို ကျုပ် ထပ်ပြောစရာ တစ်ခု ရှိသေးတယ် "
" ဘာကိစ္စလဲဗျ "
လောထျန်း မေးလိုက်သည်။
ထျန်းယွမ်သခင်ကြီးက မျက်နှာတည်ဖြင့် ပြန်ပြော၏။
" ကျေးဇူးပြုပြီးတော့ နှစ်တစ်ထောင်အတွင်းမှာ စိတ်ဝိဥာဥ်မသေမျိုးအဆင့်ကို ရောက်အောင် ကြိုးစားပါဗျာ "
" ဟင်.. ဘာဖြစ်လို့လဲ "
လောထျန်း သိချင်စိတ်ပြင်းစွာ မေးလိုက်သည်။
ထျန်းယွမ်သခင်ကြီး ပါးစပ်ဟ၍ စကားပြောရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုက သူ့ကို ချုပ်နှောင်ထားဟန် တူပါ၏။
ခေတ္တမျှ စကားရပ်သွားပြီးမှ သူ ပြောသည်။
" လောလောဆယ်တော့ ကျုပ် ပြောလို့မရသေးဘူး... "
သူ ပြောပြီး လက်တစ်ဖက် ဆန့်ထုတ်လိုက်ရာ.. ထွင်းစာတစ်ခုက လောထျန်းရှေ့သို့ စီးမျောသွားသည်။
" သခင်လေး စိတ်ဝိဥာဥ်မသေမျိုးအဆင့်ကို ရောက်သွားရင် ကျုပ် ရှင်းပြပါ့မယ် "
ထိုစကား ဆုံးချိန်တွင််မူ ထျန်းယွမ်သခင်ကြီး၏ ကိုယ်ပွားပုံရိပ်က ဆက်တောင့်ခံနိုင်တော့ဟန် မတူပါချေ။
သူ့ခန္ဓာကိုယ်မှာလည်း အလင်းပျောက်များအဖြစ် ပြောင်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွား
တော့၏။
လုံးဝ မပျောက်ကွယ်သွားသေးခင်တွင်မူ သူ သခင်ကြီးလုံနှင့် ကျန်လူများဘက် လှည့်ကြည့်ကာ ပြောသွားခဲ့ပါသေးသည်။
" အားလုံး နားထောင်ကြ ။ ငါ မရှိတဲ့အချိန်မှာ.. မင်းတို့အားလုံး.. သခင်လေးလောထျန်းရဲ့ အမိန့်ကို.. နာခံကြပါ ။ ဘယ်လိုအမှားမျိုးမှ.. မလုပ်မိစေနဲ့ .. "
ထိုစကားကို ကြားချိန်တွင် အားလုံးရင်ထဲ ဝမ်းနည်းသွားကြပြီး မြေပြင်တွင် ဒူးထောက်၍ သံပြိုင်ပြောလိုက်ကြ၏။
" ဘိုးဘေးရဲ့ အမိန့်ကို နာခံပါ့မယ် "
ထိုစဥ်မှာပင် ထျန်းယွမ်သခင်ကြီး၏ ကိုယ်ပွားပုံရိပ်က လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထို့နောက်တွင်မူ အားလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်... လောထျန်းရှေ့ ဒူးထောက်ချလိုက်ကြ၏။
" အရိုအသေပေးပါတယ် သခင်လေးလောထျန်း "
သူတို့ သံပြိုင်အော်လိုက်ကြသည်။
" ဟင်... "
လောထျန်းမှာကား မျှော်လင့်မထားသော အဖြစ်မျိုးနှင့် ရုတ်တရက်ကြုံလိုက်ရသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားပါ၏။
" အဟမ်း... အားလုံး ထကြပါဗျာ "
သူ လက်ယမ်းပြ၍သာ ပြောလိုက်ရသည်။
" ဟုတ်ကဲ့.. "
အားလုံး သံပြိုင်ပြန်ပြောကြ၏။
ထို့နောက်တွင် သခင်ကြီးလုံက လောထျန်းအား ပြောသည်။
" သခင်လေးလောထျန်း ၊ ကျုပ်တို့ကို ဘာတွေညွှန်ကြားချင်လဲဗျ "
လောထျန်း ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြောလိုက်၏။
" ကျုပ်အတွက်.. ကျန့်ဟွမ်ဒေသကို ရောက်တဲ့ တည်နေရာရွှေ့ပြောင်း အစီအမံတစ်ခု စီစဥ်ပေးဗျာ "
သခင်ကြီးလုံ လန့်သွားဟန်တူကာ မေးသည်။
" သခင်လေးက.. အခု.. အဲ့ကို သွားမလို့လား "
လောထျန်းက သူ့ကိုကြည့်ကာ ပြန်ပြော၏။
" ဟိုကောင်ကြီးကို အဲ့မှာဆက်ထားထားရင် သူ တဖြည်းဖြည်းချင်း ပိုအစွမ်းကြီးလာတာကို ထိုင်စောင့်နေသလို ဖြစ်မသွားဘူးလားဗျ "
အားလုံး သူဆိုလိုသည့်သဘောကို နားလည်လိုက်ကြပါသည်။
" ကောင်းပါပြီဗျာ ၊ ကျေးဇူးပြုပြီး ကျုပ်နဲ့လိုက်ခဲ့ပါ သခင်လေး "
သခင်ကြီးလုံ ပြောပြီး အခြားသော မသေမျိုးအစီအမံပညာရှင်များနှင့် ပူးပေါင်းကာ တည်နေရာရွှေ့ပြောင်း အစီအမံတစ်ခု လုပ်လိုက်ကြသည်။
ထို့နောက်တွင်မူ လောထျန်းနှင့် သူတို့အားလုံး အစီအမံထဲ ဝင်သွားကြ၏။
ဝီ ...
မကြာမီမှာပင် သူတို့ မသေမျိုးတောင်တစ်ခုဆီ ရောက်သွားကြသည်။
" ဟင်.. ဒါက ကျန့်ဟွမ်ဒေသလား "
လောထျန်း မျက်မှောင်ကြုံ့သွား၏။
သခင်ကြီးလုံက မြန်မြန်ဝင်ပြောသည်။
" မဟုတ်ဘူးဗျ .. ၊ ဒေသကိုးခုက ကမ္ဘာတစ်ခုတည်းမှာ ဆိုပေမယ့် ဒေသတစ်ခုနဲ့တစ်ခု သီးသန့်စီ အခွဲခံထားရတာ ။ အဲ့တော့ အပြင်ဒေသတွေဆီ သွားဖို့ဆိုရင် အများစုက ဒေသခြား တည်နေရာရွှေ့ပြောင်း အစီအမံတွေကို သုံးကြတယ် ။ သာမာန် တည်နေရာရွှေ့ပြောင်း အစီအမံမျိုးနဲ့က အဲ့လိုသွားလို့ မရဘူးလေ ။ ကျုပ်တို့ ချင်းယွမ်ဒေသရဲ့ ဒေသခြား တည်နေရာရွှေ့ပြောင်း အစီအမံကတော့ ဒီ မသေမျိုးတောင်ပေါ်မှာ ရှိတာဗျ ။ ဒီနေရာကို ကျုပ်တို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကပဲ အမြဲတမ်း ထိန်းချုပ်လာခဲ့တာ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
သို့သော် ထိုစဥ်မှာပင် ...
" သခင်ကြီးလုံ ၊ နောက်ဆုံးတော့ ပြန်ရောက်လာပြီ "
ရုတ်တရက်.. ခပ်လှမ်းလှမ်းမှ အသံတစ်သံ ထွက်လာသည်။
ထို့နောက် လူတစ်ယောက်က ထိတ်လန့်တုန်လှုပ်နေသည့် မျက်နှာကြီးဖြင့် ပျံသန်းရောက်လာ၏။
သခင်ကြီးလုံ မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်သည်။
" ဘာလို့ ဖရိုဖရဲ ဖြစ်နေတာလဲကွ ၊ ဘာတွေ ဖြစ်သွားခဲ့လို့လဲ "
တဖက်လူ မျက်နှာဖြူရော်သွားကာ ပြန်ပြောရှာသည်။
" ဟို... ဟွမ်ရှင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက သူ့ကိုယ်သူ ဖောက်ခွဲသွားတယ်ဗျ "
သူ့စကားကြောင့် အားလုံး ခဏတာမျှ
ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသော်လည်း မကြာခင်မှာပင် ပြန်တည်ငြိမ်သွားကြပါသည်။
ဟွမ်ရှင်းဂိုဏ်းသည် ပြန်အသက်သွင်းခြင်းသခင်ကြီး၏ လက်အောက်ခံ ဖြစ်နေပြီကို သူတို့ သိပါ၏။
သို့ဖြစ်ရာ ထိုသို့သော လူတစ်ယောက် သေသွားခြင်းအတွက် သနားစရာ မရှိပါချေ။
သခင်ကြီးလုံ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
" ကိုယ့်ကိုကိုယ် ဖောက်ခွဲသွားတာလား... မင်းက အဲ့ဒါလေးနဲ့ ဘာကြောင့်မို့ ခုလိုဖြစ်နေတာလဲ "
တဖက်လူက မျက်နှာပျက်ပျက်ဖြင့် ပြန်ပြောရှာပါသည်။
" ဒါပေမယ့်.. သူ အဲ့လို ဖောက်ခွဲလိုက်တဲ့အချိန်မှာ... ဒေသခြား တည်နေရာရွှေ့ပြောင်း အစီအမံကိုလဲ ဖျက်ဆီးသွားခဲ့တယ်ဗျ "