← Chapters

အခန်း (၈၇၂)

Vol. 62 Ch. 872

အခန်း (၈၇၂)

Vol. 62 Ch. 872

" ဘာကွ .. "

ကြားလိုက်ရသည့် စကားကြောင့် သခင်ကြီးလုံ တစ်ကိုယ်လုံးပင် ဆတ်ခနဲတုန်သွားသည်။

ထို့နောက် သူ ကောင်းကင်ယံသို့ ပျံတက်လိုက်၏။

အခြားသူများလည်း သူ့နောက်မှ ချက်ချင်းလိုက်သွားလိုက်သည်။

အားလုံး တောင်ထိပ်သို့ ရောက်ချိန်တွင်မူ တစ်နေရာလုံးက အပျက်အစီး အရှုပ်အထွေးများဖြင့် ပြည့်နေသည်ကို မြင်လိုက်ရတော့သည်။

ယခင်ရှိနေခဲ့သော ဧရာမ တည်နေရာရွှေ့ပြောင်း အစီအမံမှာလည်း လုံးဝနီးပါး ဖျက်ဆီးခံထားရလေပြီ ။

" ဒီ ပြန်အသက်သွင်းခြင်း သခင်ကြီး .. "

သခင်ကြီးလုံ ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

" သခင်ကြီး ၊ ဟွမ်ရှင်းဂိုဏ်းချုပ်ကြီးက သူ့ကိုယ်သူ မဖောက်ခွဲခင်မှာ သတင်းစကားတစ်ခုလဲ ချန်ထားခဲ့သေးတယ်.. "

ထိုစဥ် ပထမလူက ပြောလာသည်။

" ဟင်.. ဘာတဲ့လဲ "

သခင်ကြီးလုံ မေးလိုက်၏။

တဖက်လူက ပြန်ဖြေသည်။

" ငါ လက်တုန့်ပြန်မယ်ဆိုတာ လောထျန်းကို ပြောလိုက်ပါ တဲ့... "

" ဟင်... "

သခင်ကြီးလုံ အနည်းငယ် အံ့အားသင့်သွားပါသည်။

ဘေးမှ သခင်ကြီးဟောင်က ရုတ်တရက်ဝင်ပြော၏။.

" ကြည့်ရတာ ဟွမ်ရှင်းဂိုဏ်းချုပ်ကြီးရဲ့ စိတ်ဝိဥာဥ်ကို ပြန်အသက်သွင်းခြင်းသခင်ကြီးက အပိုင်သိမ်းသွားတာနဲ့တူတယ် ။ ဒါ့ကြောင့်မို့လဲ သူ့ကိုယ်သူ

ဖောက်ခွဲပြီးတော့ သေသွားတာဖြစ်မှာ "

သခင်ကြီးလုံ ခေါင်းညိတ်လိုက်သည်။

" အမှန်ပဲကွ ၊ ဒီတိုင်းဆို ဟွမ်ရှင်းဂိုဏ်းတစ်ခုလုံးက ပြဿနာကို သိထားပြီးပြီနဲ့တူတယ် "

ထိုစဥ် လောထျန်းက သူ့ရှေ့မှ အပျက်အစီးများကို မျက်မှောင်ကြုံ့ကြည့်ရင်း မေးလာ၏။

" တခြား တည်နေရာရွှေ့ပြောင်း အစီအမံတွေ မရှိတော့ဘူးလား "

သခင်ကြီးလုံက ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြောသည်။

" တချို့ ထိပ်တန်းနိုင်ငံတွေမှာတော့ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံတွေ ရှိတယ်ဗျ ။ ဒါပေမယ့် သူတို့ရဲ့ အစီအမံတွေက သတ်မှတ်ထားတဲ့ နေရာမျိုးကိုပဲ ရောက်နိုင်တာ ။ ကျုပ်တို့ရဲ့ အစီအမံလို ဒေသကိုးခုလုံးကို မသွားနိုင်... "

သို့သော် သူ့စကားမဆုံးခင်မှာပင် တစ်ယောက်က အလန့်တကြား ရောက်လာပြီး သတင်းပို့ပါသည်။

" သခင်ကြီးလုံ ၊ နှင်းတိမ်တိုက်နိုင်ငံက အန္တရာယ်နဲ့ ကြုံနေရပြီ ။ သူတို့ရဲ့ ဒေသခြား တည်နေရာရွှေ့ပြောင်း အစီအမံ ဖျက်ဆီးခံလိုက်ရပြီဗျ "

" အကြီးအကဲတို့ ၊ ထျန်းတိုင်နိုင်ငံကလဲ သူတို့ရဲ့ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံ ဖျက်ဆီးခံလိုက်ရတဲ့အကြောင်း သတင်းပို့လာပါတယ် "

" သတင်းပို့ပါတယ် အကြီးအကဲ.... "

တမန်တော်များ တစ်ယောက်ပြီးတစ်ယောက် သတင်းလာပို့နေကြသည်နှင့်အမျှ သခင်ကြီးလုံနှင့် ကျန်အကြီးအကဲများ မျက်နှာပျက်ကုန်ကြတော့သည်။

ထိုကိစ္စများအားလုံးမှာ ပြန်အသက်သွင်းခြင်း သခင်ကြီး၏ လက်ချက်သာ ဖြစ်ရမည်ကို သူတို့ သိပါ၏။

ထိုလူက သူတို့ ချင်းယွမ်ဒေသထဲရှိ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံများ အားလုံးကို ဖျက်ဆီးလိုက်လေပြီ ။

၎င်းမှာ လောထျန်း သူ့နောက်သို့ မလိုက်နိုင်ရန်အတွက် လုပ်ခြင်းသာဖြစ်ကြောင်း သိသာပါ၏ ။

" ဒီကောင်က လောထျန်းကိုကြောက်လို့ တမင် အချိန်ဆွဲနေတာပဲ "

လောထျန်းက အားလုံးကိုကြည့်ကာ မေးလာသည်။

" ဒီ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံကို ပြင်ဖို့ဆို ဘယ်လောက်ကြာနိုင်လဲ "

သခင်ကြီးလုံ သက်ပြင်းချကာ ပြန်ပြော၏။

" ဒီလောက် ပျက်စီးပုံမျိုးနဲ့ဆို.. အနည်းဆုံး နှစ်ဝက်လောက်တော့ အချိန်ယူပြီး ပြင်ရမှာဗျ "

နှစ်ဝက်ဆိုသည့် အချိန်မှာ ပြန်အသက်သွင်းခြင်း သခင်ကြီးအတွက် ကိစ္စများစွာကို လုပ်ရန် အချိန်လုံလောက်ပါသည်။

လောထျန်းက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။

" အဲ့ထက် ပိုမြန်အောင်လုပ်ဖို့ နည်းလမ်းရော မရှိဘူးလား။ အစီအမံလုပ်တဲ့နေရာမှာ ကျုပ်လဲ ဝင်ကူပေးမယ်လေ "

သခင်ကြီးလုံက အောင့်သက်သက်အပြုံးဖြင့် ပြန်ပြောရှာသည်။

" သခင်လေးလောထျန်းက ဒီ ဒေသခြား တည်နေရာရွှေ့ပြောင်းအစီအမံရဲ့ ထူးခြားချက်တွေကို မသိသေးလို့ဗျ ။ ဒီဟာက တည်နေရာရွှေ့ပြောင်းအစီအမံ ဆိုပေမယ့် အစီအမံ အခြေခံအုတ်မြစ်နဲ့ ထွင်းစာတွေက အင်မတန်မှကို ရှုပ်ထွေးခက်ခဲတယ် ။ ကျုပ်တို့လို မသေမျိုးအစီအမံပညာရှင်တွေ အများကြီး အတူပေါင်းပြီး လုပ်ကြရင် အစီအမံ အခြေခံအုတ်မြစ်ကို ဆယ်ရက်လောက်နဲ့ အပြီးလုပ်နိုင်ပေမယ့် .... နေရာရွှေ့ပြောင်းပေးမယ့် လေထုလမ်းကြောင်းကို တည်ငြိမ်အောင် လုပ်ဖို့က ပြဿနာဗျ "

" လေထုလမ်းကြောင်း.. ဟုတ်လား "

လောထျန်း နားမလည်နိုင် ဖြစ်သွားသည်။

သခင်ကြီးလုံက ခေါင်းညိတ်ကာ ပြန်ပြော၏။

" အမှန်ပဲဗျ ၊ အဲ့ လေထုလမ်းကြောင်းက သဘာဝအားတွေ စုစည်းပြီးတော့မှ ဖြစ်လာတာ ။ အဲ့တော့ ကျုပ်တို့အနေနဲ့ အဲ့လေထုလမ်းကြောင်း သူ့အလိုလို တည်ငြိမ်လာတာကိုပဲ စောင့်ရတာ ။ တခြားဘာမှ လုပ်မရဘူး "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဒါဆို.. ဒီတိုင်းကြီးပဲ စောင့်ရမှာပေါ့ ။ ဒီတိုင်း အားသုံးပြီး အတင်းသွားလို့ရော မရဘူးလား "

သခင်ကြီးလုံ အောင့်သက်သက်ပြုံး၍ ပြောပါသည်။

" အဲ့လိုက မဖြစ်နိုင်ဘူးဗျ ။ ဒီ ချင်းယွမ်ဒေသရဲ့ နယ်စပ်က တခြားဒေသတွေလောက် အန္တရာယ်မများဘူးဆိုပေမယ့် အချိန်အရှုပ်အထွေးကြားထဲမှာ လွယ်လွယ်လေး ပိတ်မိသွားနိုင်တယ် "

ထိုအချိန်တွင်မူ လောထျန်း မမေးခင်မှာပင် တစ်ယောက်က ဝင်ရှင်းပြပါ၏။

" ဒီလိုပါ သခင်လေးလောထျန်း ၊ အဲ့ အချိန်အရှုပ်အထွေးကြားထဲ ပိတ်မိသွားရင် အသက်အန္တရာယ် မရှိနိုင်ပေမယ့် ကိုယ့်ရဲ့ လက်ရှိအချိန်က ပြောင်းလဲသွားတယ်ဗျ ။ ဥပမာပြောရရင် ... အဲ့ဟင်းလင်းပြင်ထဲကို အတင်းဝင်လိုက်တဲ့အချိန်မှာ ရက်ပိုင်းလောက်ပဲ ကုန်သွားတယ်လို့ ခံစားရပေမယ့် တကယ့်အပြင်မှာတော့ နှစ်ရာပေါင်းများစွာ ကုန်နေနိုင်တယ်ဗျ "

လောထျန်း လန့်သွားပုံပေါ်ကာ ပြန်မေးသည်။

" နှစ်တွေရာချီပြီးတောင်.. ဟုတ်လား "

၎င်းမှာ အချိန်နဲ့နေရာဗိမ္မာန်၏ အစွမ်းကို ပြောင်းပြန်လုပ်လိုက်သလိုပါပင် ။

လောထျန်း ထိုသို့တွေးမိပြီး ခေါင်းယမ်းလိုက်သည်။

" ဘယ်တတ်နိုင်မလဲလေ.. စောင့်ရုံပဲ ရှိတော့တာပေါ့ "

သူ့စကားကို ကြားချိန်တွင်မူ သခင်ကြီးလုံက စိုးရိမ်သွားဟန်ဖြင့် ပြောလာ၏။

" ဒါပေမယ့်.. ဘိုးဘေးပြောတဲ့အတိုင်းဆို အဲ့ကောင်ကြီးက အကြံဆိုးနဲ့ အစီစဥ်တွေ လုပ်နေတာ ။ တကယ်လို့ သူသာ အောင်မြင်သွားခဲ့ရင်... "

အားလုံးမှာလည်း လောထျန်းအား စိုးရိမ်မကင်းသည့် မျက်နှာကိုယ်စီဖြင့် ကြည့်လိုက်ကြသည်။

၎င်းကိုမြင်သော လောထျန်းက မျက်လုံးအပြူးသားဖြင့် ပြန်မေး၏။

" ကျုပ်ကို ဘာလို့ကြည့်နေကြတာလဲ "

လောထျန်းက စိုးရိမ်ပုံ အလျဥ်းမရှိသည်ကိုကြည့်ရင်း သခင်ကြီးလုံ ပိုစိုးရိမ်သွားပါသည်။ ထို့ကြောင့် သူ တီးတိုးပြောလိုက်၏။

" သခင်လေးလောထျန်း ၊ ထျန်းယွမ်သခင်ကြီး ပြောသွားတဲ့အတိုင်းဆိုရင်.. ပြန်အသက်သွင်းခြင်း သခင်ကြီး နောက်တစ်ခေါက် ပေါ်လာတဲ့အခါကျ သူ့အစွမ်းက အများကြီးတိုးနေလောက်ပြီဗျ "

လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်သာ ပြန်ပြောပါသည် ။

" အဲ့လိုဆိုတော့လဲ ကျုပ်ရဲ့အစွမ်းကို သူ့ထက်ပိုတိုးလာအောင် လုပ်ရုံပဲပေါ့ဗျာ "

အားလုံးမှာ ထိုတခဏ၌ ဘာပြန်ပြောရမည်ပင် မသိကြတော့ပါချေ။

လောထျန်းပြောသည့်စကားက နည်းလမ်းလည်း ကျပေရာ မည်သို့ ပြန်ပြောရပါမည်နည်း ။

" သခင်လေးလောထျန်း ပြောတာ မှန်ပါတယ် ။ ဒါပေမယ့်.. သခင်လေးက မကြာခင်လေးကမှ ကျင့်

ကြံခြင်း အဆင့်တက်ထားတာလေ ။ ဒီလောက်အချိန်တိုလေးအတွင်း နောက်ထပ်အဆင့်တွေ ထပ်တက်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

သခင်ကြီးလုံ ပြောလိုက်သည်။

ကျင့်ကြံသူတစ်ယောက်၏ ထူးခြားသောခန္ဓာကိုယ်က ပိုအစွမ်းထက်လေလေ ၊ ကျင့်ကြံခြင်း အဆင့်တက်သည့်နှုန်းမှာလည်း ပိုနှေးလေဆိုသည်ကို သူတို့အားလုံး သိထားသည်မဟုတ်ပါလား ။

လောထျန်းမှာ ယခုသည်ပင် အလွန်အစွမ်းထက်နေပြီဖြစ်ရာ သူ ကျင့်ကြံခြင်း အဆင့်တက်သည့်နှုန်းကလည်း အလွန်နှေးပေလိမ့်မည်။

သို့သော် လောထျန်းက ခေါင်းယမ်းပြီး သူ့ အိတ်ထဲမှ စာရွက်နှင့် မှင်တံတစ်ခုကို ထုတ်ကာ စာရင်းတစ်ခု ရေးချလိုက်ပါ၏။ ထို့နောက် စာရွက်အား သခင်ကြီးလုံဆီ လှမ်းပေးသည်။

" ကျုပ် အဲ့မှာရေးထားတဲ့ ပစ္စည်းတွေကိုသာ ရှာပေးပါဗျာ "

သူ ပြောသည်။

ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံလာသည် ထိပ်တန်းအဆင့် အဖွဲ့ကြီးတစ်ခုဖြစ်ပြီး ...

ထျန်းယွမ်သခင်ကြီးကလည်း အားလုံးအနေဖြင့် သူ့အမိန့်ကို နာခံကြရန် ပြောထားပါသေး၏။

ထိုသို့သော အခွင့်ရေးမျိုးကို သူ အသုံးချသင့်သည် မဟုတ်ပါလား ။

တဖက်လူအားလုံးက လောထျန်းပေးလာသော စာရင်းကို သေချာဖတ်ကြည့်လိုက်ကြ၏။

ထို့နောက်တွင် သခင်ကြီးလုံက တအံ့တသြ မေးလာသည်။

" သခင်လေးလောထျန်း ၊ အဲ့ပစ္စည်းတွေကို ဘာအတွက်လိုတာလဲဗျ "

လောထျန်း : " ကျင့်ကြံခြင်း အဆင့်တက်ဖို့လေ "

" ကျင့်ကြံခြင်း အဆင့်တက်ဖို့.... "

အားလုံးမှာ လောထျန်းဆိုလိုသည့် အဓိပ္ပါယ်ကို

နားလည်ပုံမရဘဲ အံ့သြမှင်သက်သွားကြပါသည်။

၎င်းကိုမြင်သော လောထျန်းက မြန်မြန်ရှင်းပြ၏။

" အဲ့ပစ္စည်းတွေက ကျုပ် အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်ကို တက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေဗျ ။ ဒါတွေနဲ့ဆို ကျုပ် တန်းပြီးတော့ အဆင့်တက်အောင်လုပ်လို့ရပြီ ။ အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်က မသေမျိုးတစ်ယောက် ဖြစ်မလာခင်မှာ တိုးတက်မှုအကြီးဆုံး အဆင့်ပဲလေ ။ ကျုပ် ခန့်မှန်းတဲ့အတိုင်းဆိုရင်... အဲ့အဆင့်ကို ရောက်တာနဲ့ ကျုပ်အစွမ်းက အဆ ၆ ဆယ်၊၇ ဆယ်လောက် ပိုတိုးသွားနိုင်တယ် ။ အဲ့ကျရင် ပြန်အသက်သွင်းခြင်း သခင်ကြီးနဲ့ ယှဥ်ဖို့ လုံလောက်နိုင်တယ်မဟုတ်လား "

သူ့စကားကို ကြားပြီးနောက် သခင်ကြီးလုံ တစ်ကိုယ်လုံး တုန်သွားတော့သည်။

" အဆ.. ခြောက်ဆယ် ၊ ခုနစ်ဆယ်.. ဟုတ်လား "

သူ လောထျန်းအား တုန်လှုပ်စွာ ကြည့်လိုက်၏။

လောထျန်းက သူ့ကိုကြည့်ကာ ပြန်ပြောသည်။

" ဘာလို့လဲ ... အဲ့လောက်နဲ့ မလုံလောက်နိုင်ဘူးလား

ဗျ ။ ဒါဆိုရင်တော့ ကျုပ်ကို ကောင်းကင်ဘုံတံခါးဝအဆင့် တက်နိုင်မယ့် ပစ္စည်းတွေပါ ရှာပေးဗျာ ။ အဲ့ကျရင် ကျုပ်အစွမ်းက နောက်ထပ်ဆယ်ဆလောက် ထပ်တိုးသွားမှာ ။ အဲ့လောက်ဆိုရင်တော့ လုံလောက်တယ် မဟုတ်လား "

ဂလု..

အားလုံး တံတွေးကို တစ်ပြိုင်နက်တည်း မြိုချမိသွားကြပါသည်။

မကြာသေးမီ အချိန်လေးကပင် သူတို့ ပြန်အသက်သွင်းခြင်းသခင်ကြီး၏ ဘေးရန်ကို စိတ်ပူနေခဲ့ပါသေး၏။

ယခုတွင်မူ.. ထိုသို့စိတ်ပူရန် မလိုတော့ပုံပါပင် ။

ပြန်အသက်သွင်းခြင်း သခင်ကြီး၏ အကြံအစည်မှာ အစွမ်းထက်နိုင်သည် မှန်သော်လည်း ...

သူ မည်သို့ပင် အစွမ်းထက်ထက် ၊ လောထျန်းကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်ရန်မှာ မဖြစ်နိုင်ပါ

ချေ။

" ကျုပ်စိတ်ထဲမှာ ပြန်အသက်သွင်းခြင်း သခင်ကြီးကို နည်းနည်းလေးတောင် သနားမိသွားသလိုပဲ "

အကြီးအကဲတစ်ယောက်က လေသံတိုးတိုးဖြင့် ပြောပါ၏။

" ကျုပ်ရောပဲဗျာ ။ သူက ဒေသခြား တည်နေရာရွှေ့ပြောင်း အစီအမံတွေကိုတောင် တမင်ဖျက်ဆီးခဲ့သေးတယ် ။ ဒါပေမယ့်.. သူ့လုပ်ရပ်က ဘယ်လိုကြည့်ကြည့် သခင်လေးလောထျန်းအတွက် အချိန်ဆွဲပေးလိုက်သလိုပဲ ဖြစ်သွားခဲ့တာ "

" အင်း.. အဲ့ကောင်ကတော့ တကယ်သနားစရာပါပဲ "

အားလုံး တီးတိုးပြောလိုက်ကြသည်။

ထိုစဥ် လောထျန်းက သခင်ကြီးလုံကို ကြည့်ကာ မေးလာ၏။

" အဲ့စာရင်းထဲက ပစ္စည်းတွေအားလုံးကို စုပေးနိုင်မလားဗျ "

သခင်ကြီးလုံ ထိုစဥ်မှ အသိဝင်လာကာ မြန်မြန်ပြန်ဖြေသည်။

" ဒါပေါ့ဗျာ.. ပြဿနာမရှိပါဘူး ။ ဒါပေမယ့် အဲ့ထဲက တစ်ခုဖြစ်တဲ့ ၊ နဂါးကိုးကောင် ကျောက်စိမ်းပန်းပွင့်ကတော့ ဘုံကိုးဆင့်ပွဲတော်မှာပဲ နှစ်စဥ်ပွင့်တတ်တာ ။ အဲ့ပွဲတော် ရောက်ဖို့က နောက်နှစ်လလောက် လိုသေးတယ် ။ ကျန်တဲ့ပစ္စည်းတွေကတော့ ကျုပ်တို့ ရတနာတိုက်ထဲမှာ ရှိထားပြီးသားဗျ "

ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြ၏။

" တစ်နည်းပြောရရင်... နောက်နှစ်လဆို ကျုပ် အဆုံးအစမဲ့ ကျင့်ကြံခြင်းအဆင့်ကို တက်နိုင်တော့မှာပေါ့ "

All Chapters