အခန်း (၈၇၄)
Vol. 62 Ch. 874
" ဟင်.. ဒါက... "
အားလုံးမှာ ၎င်းကိုမြင်ပြီး အံ့သြတုန်လှုပ်သွားကြပြန်သည်။
သူတို့ရှေ့မှ သားရဲကြီးက အစီအမံများကို အမှန်တကယ် နားလည်နေသတဲ့လား..
ထို့အပြင် သူ အစီအမံကို လုပ်ခဲ့သည့်နှုန်းမှာလည်း အလွန်မြန်ပါ၏။
သို့သော် အားလုံး အသိပြန်မဝင်နိုင်ခင်မှာပင် နှစ်ဖက်လုံးမှ အစီအမံများက တစ်ပြိုင်နက်တည်းနီးပါး အသက်ဝင်လာကြသည်။
ဝုန်း...
အစီအမံနှစ်ခု ထိပ်တိုက်တွေ့သွားပြီးနောက် လူသုံးယောက်၏ အစီအမံက တမဟုတ်ချင်း ပြိုကွဲသွား
တော့၏။
ဤမျှနှင့် မပြီးသေးဘဲ သားရဲ၏ အစီအမံအစွမ်းက လူသုံးယောက်ဆီသို့ ဆက်တိုးဝင်လာပါသည်။
" အား .... "
သူတို့သုံးယောက်လုံး လန့်သွားကာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသော်လည်း.. နောက်ကျသွားခဲ့ပါ၏။
ဤသို့ဖြင့် သူတို့ သေရတော့မလို ဖြစ်နေချိန်တွင်.. လောထျန်းက ရှေ့သို့ ရုတ်တရက် တည်နေရာရွှေ့ပြောင်းလာပြီး လက်တစ်ဖက်ဆန့်ထုတ်လိုက်သည်။
ဝုန်း...
အစီအမံအစွမ်းက လောထျန်းလက်နှင့် တွေ့သွားပါ၏။
ကြောက်မက်ဖွယ် ကောင်းလှကာ ဖျက်ဆီး၍မရနိုင်
သည့်ပုံ ပေါက်နေခဲ့သော ၎င်းအစီအမံအစွမ်းမှာ ...သစ်ကိုင်းခြောက်တစ်ခုအလား.. အပိုင်းပိုင်း ပြိုကွဲသွားပြီး .. နောက်ဆုံး ပျောက်ကွယ်သွားတော့သည်။
လောထျန်းက အစွမ်းထက်လှသော သူ့တိုက်ခိုက်မှုအား အလွယ်တကူ တားလိုက်နိုင်သည်ကို မြင်လိုက်ရသော သားရဲကြီး၏ မျက်လုံးထဲတွင် ဒေါသငွေ့အချို့ ပေါ်လာပါ၏။
ဝေါင်း ...
ထို့နောက်တွင်မူ သားရဲကြီး၏ လက်များအားလုံး လှုပ်ရှားသွားကာ လောထျန်းဆီသို့ တစ်ကိုယ်လုံးလိမ့်ပြီး ပြေးဝင်လာသည်။
၎င်းမှာ လောထျန်းအား သူသေကိုယ်သေ တိုက်ခိုက်တော့မည့် ပုံပါပင် ။
ထိုအဖြစ်ပျက်ကို ကြည့်နေသော လောထျန်း၏ မျက်လုံးထဲတွင် အထင်သေးသည့် အငွေ့အသက်တို့ ပေါ်လာပါ၏။
" ရွံစရာကောင်းလိုက်တာ.. "
လောထျန်း ပြောပြီး လက်ယမ်းလိုက်ရာ သူ့ခေါင်းပေါ်တွင် ကားချပ်လိပ်တစ်ခု ရုတ်ချည်းပေါ်လာသည်။
ဝီ ...
ထိုကားချပ်လိပ် ပေါ်လာသည်နှင့် အားလုံး၏ မျက်နှာထားများ ချက်ချင်းပြောင်းကုန်ကြ၏။
" အဲ့ဒါ ဘာကြီးလဲ "
သခင်ကြီးလုံ တအံ့တသြ ရေရွတ်လိုက်သည်။
သူသည် စိတ်ဝိဥာဥ်ပညာရှင်တစ်ယောက် ဖြစ်သော်ငြား ... သူ့စိတ်ဝိဥာဥ်အစွမ်းက ကားချပ်အနီးသို့ ကပ်ရုံဖြင့် အပိုင်းပိုင်းဆွဲဖြဲခံရတော့မလို ခံစားလိုက်ရပါ၏။
" အဲ့ဒါ.. မူလမသေမျိုးလက်နက်လား.. ။ မဟုတ်သေးဘူး ၊ မူလမသေမျိုးလက်နက်ထက်တောင် ပိုအစွမ်းထက်သလိုပဲ "
တစ်ယောက်က အံ့သြတကြီး ရေရွတ်သည် ။
" အဲ့ထဲမှာ အချုပ်အနှောင်အစွမ်း ပါနေတယ်ကွ ။ သခင်လေးလောထျန်းက အဲ့ဒါကို သုံးပြီးတော့ သားရဲကို ချုပ်နှောင်မှာထင်တယ် "
တစ်ယောက်က ထင်ရာခန့်မှန်း၍ ပြောပါသည်။
" သခင်လေးလောထျန်း အတွက်လဲ အဲ့သားရဲကို ကိုင်တွယ်ဖို့ ခက်တယ်နဲ့တူပါတယ် "
ထိုစဥ်တွင် လောထျန်းက လက်ကိုအသာယမ်း၍ သူ့ခေါင်းပေါ်မှ ဝိဥာဥ်တစ်ရာကားချပ်လိပ်အား အသာဆွဲဖြဲလိုက်ပါသည်။
ဝုန်း ...
ကားချပ်လိပ်ထဲမှ မိစ္ဆာဝိဥာဥ် နှစ်ကောင် ချက်ချင်းထွက်လာ၏။
ကြောက်မက်ဖွယ် လေလှိုင်းလုံးကြီး တစ်ခုလည်း ပေါ်လာသည့်အတွက် အားလုံး ခြေတစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားကြရသည်။
ထို့နောက် တခဏအကြာတွင် အားလုံး ခန္ဓာကိုယ်ကို ပြန်ငြိမ်အောင် ထိန်းလိုက်နိုင်ကြကာ.. သားရဲကြီးအား ကြည့်လိုက်ချိန်တွင်မူ.. သူတို့၏ မျက်နှာထားများ ပြောင်းသွားကြတော့၏။
" အဲ့ဒါ မိစ္ဆာဝိဥာဥ်လား... "
တစ်ယောက်က တုန်လှုပ်စွာ ဆိုသည်။
" မိစ္ဆာဝိဥာဥ် လား... ချီး.. ဟိုသားရဲတစ်ကောင်ကတောင် အဲ့လောက်ကြောက်စရာ ကောင်းနေတာကို.. ၊ အခု နောက်နှစ်ကောင်ပါ ထပ်ပေါ်လာတယ် "
" သခင်လေးလောထျန်းက အဲ့ကောင်တွေကို ဘာလို့ လွှတ်လိုက်တာလဲ ။ မိစ္ဆာဝိဥာဥ်တွေကိုက ခိုင်းလို့မှမရတာ.. သူက အားလုံးကို တစ်ခါတည်းရှင်းပစ်ချင်လို့လား မသိဘူး "
အားလုံး နားမလည်နိုင် ဖြစ်သွားကြ၏။
သို့သော် ထိုအချိန်တွင် လောထျန်းက အေးအေးလူလူ ပြောလိုက်ပါသည်။
" အဲ့ကောင်ကို သတ်လိုက် "
သူ့စကားဆုံးသည်နှင့် မိစ္ဆာဝိဥာဥ်နှစ်ကောင်လုံး ချက်ချင်းလှုပ်ရှားသွားကာ တဖက်သားရဲဆီ ပြေးဝင်သွားကြ၏။
" ဟင်.. အဲ့ မိစ္ဆာဝိဥာဥ်နှစ်ကောင်က သခင်လေးလောထျန်းရဲ့ အမိန့်ကို တကယ်ကြီးနာခံနေတာလား "
" မိစ္ဆာဝိဥာဥ်တွေကို ထိန်းချုပ်နိုင်တဲ့သူ ရှိတယ်ဆိုတာ ငါ အခုမှ ကြုံဖူးတာပဲကွာ "
အားလုံး တုန်လှုပ်သွားကြရပြန်ပါသည်။
သခင်ကြီးလုံကမူ လောထျန်းခေါင်းထက်မှ ကားချပ်လိပ်ကို မျက်မှောင်ကြုံ့ကြည့်ရင်း ပြော၏။
" အဲ့ဒါ.. ဟိုရတနာကြောင့်ကွ ၊ အဲ့ဟာက မိစ္ဆာဝိဥာဥ်တွေကို ထိန်းချုပ်နိုင်တာ "
အားလုံးမှာလည်း သူ့စကားကိုကြားမှ အသိပြန်ဝင်သွားကြပါသည်။
" အဲ့လိုကိုး ... ဒါပေမယ့် အဲ့မိစ္ဆာဝိဥာဥ်နှစ်ကောင်က ဟိုသားရဲကို တကယ်တားနိုင်ပါ့မလား .... "
သို့သော် သူ့စကား မဆုံးခင်မှာပင်..
ဝုန်း...
ပုဆိန်ကြီးတစ်ခုကို ကိုင်ထားသော မိစ္ဆာဝိဥာဥ်တစ်ကောင်က တစ်ချက်တည်းဖြင့် သားရဲကြီးအား နှစ်ပိုင်းပြတ်သွားအောင် ခုတ်လိုက်ပါ၏။
" ဟင် ... မသေမျိုးဘုရင် အဆင့်ရှိတဲ့ မိစ္ဆာဝိဥာဥ်ပါလား.. "
အားလုံး နောက်တစ်ကြိမ်ထပ်ပြီး တုန်လှုပ်သွားရပြန်သည်။
သို့သော် သူတို့ မတုန့်ပြန်နိုင်ခင်မှာပင်.. ကျန် မိစ္ဆာဝိဥာဥ်တစ်ကောင်၏ ကိုယ်မှ လက်ချောင်းအရိုးများစွာ ထွက်လာပြီး တဖက်သားရဲအား တိုက်ခိုက်လိုက်ပြန်ပါ၏။
" အဲ့ကောင်ကြီးကလဲ မသေမျိုးဘုရင် အဆင့်မှာပဲ
လား... "
အားလုံး နားမလည်နိုင် ဖြစ်ကြရပြန်သည်။
ဤသို့ဖြင့် အားလုံး၏ တအံ့တသြ အကြည့်အောက်မှာပင် မိစ္ဆာဝိဥာဥ်နှစ်ကောင်က သားရဲအား အဆက်မပြတ် ဆက်တိုက်ခိုက်လိုက်ကြသည်။
သားရဲကြီးမှာ ပုဆိန်ဖြင့် အပိုင်းပိုင်းဖြစ်အောင် အဖြတ်ခံရလိုက်.... လက်ဝါးဖြင့် ပြားကျေသွားအောင် အရိုက်ခံရလိုက်ဖြင့် သံသရာလည်နေရှာတော့၏။
" ဒါ... ရက်စက်လိုက်တာ.. "
ထိုမြင်ကွင်းကိုကြည့်နေသော လူအချို့၏ ရင်ထဲ၌ ကြောက်ရွံ့မှုပင် ကြီးစိုးလာပါတော့သည်။
လက်ရှိတွင် မည်သူက သားရဲကြီးဆိုသည်ကိုပင် ပြောရန်မလွယ်တော့ပါ ။
" ကဲ.. ပြန်သွားကြတော့ "
ထိုစဥ် လောထျန်းက လက်ယမ်း၍ အမိန့်ပေးလိုက်
ရာ မိစ္ဆာဝိဥာဥ်နှစ်ကောင်က ဝိဥာဥ်တစ်ရာကားချပ်လိပ်ထဲသို့ ချက်ချင်းပြန်ဝင်သွားကြ၏။
ထို့နောက် လောထျန်း လက်ထပ်ယမ်းလိုက်ရာ ဝိဥာဥ်တစ်ရာကားချပ်လိပ် ပြန်ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးလည်း ပြန်လည်ငြိမ်သက်သွားသည်။
သို့သော် ထိုနေရာတွင် ရှိနေကြသူအားလုံးမှာမူ ရှုပ်ထွေးသော ခံစားချက်ကိုယ်စီဖြင့် ....
ထိုစဥ် လောထျန်းက စိတ်ဝိဥာဥ်အစွမ်းဖြင့် ပတ်ဝန်းကျင်အား ရှာဖွေစစ်ဆေးကြည့်ပြီး မျက်နှာမဲ့၍ ပြောလာ၏။
" ဒီ ဟွမ်ရှင်းဂိုဏ်းမှာ ကျုပ်တို့ကလွဲပြီးတော့ တစ်ယောက်မှ အသက်ရှင်ရက် မရှိကြတော့ဘူး "
သူ့စကားကိုကြားမှ အားလုံး အသိပြန်ဝင်လာကြသည်။
အကြီးအကဲတစ်ယောက်က အသံတုန်တုန်ဖြင့် ပြော၏။
" သခင်လေးလောထျန်း ၊ ခုနက သားရဲက ဘာကြီး
လဲဗျ "
လောထျန်းက ခေါင်းယမ်းရင်း ပြန်ပြောသည်။
" ကျုပ်က ဘယ်လိုလုပ်သိမှာလဲဗျ "
ထိုစဥ် သခင်ကြီးလုံက ဝင်ပြောပါသည်။
" ကျုပ် ခန့်မှန်းမိတာ တစ်ခုတော့ ရှိတယ် "
အားလုံး သူ့ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
သခင်ကြီးလုံ စကားဆက်သည်။
" ပြန်အသက်သွင်းခြင်း သခင်ကြီးက လူတွေရဲ့ အစွမ်းနဲ့ ကျင့်ကြံခြင်းတွေကို တခြားတစ်ယောက်ဆီ လွှဲပြောင်းနိုင်တယ်လို့ ထျန်းယွမ်သခင်ကြီး ပြောခဲ့တယ်လေ... "
အားလုံး ခေါင်းညိတ်လိုက်ကြ၏။
သခင်ကြီးလုံ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ဆက်ပြောသည်။
" အစောက ကျုပ်တို့ မြင်ခဲ့ရတဲ့ ယဲ့ဖူရှောက် ရုတ်တရက် အစွမ်းတိုးလာတာကလဲ ပြန်အသက်သွင်းခြင်းသခင်ကြီးက ဟွမ်ရှင်းဂိုဏ်းဘိုးဘေးတွေ
ရဲ့ အစွမ်းတွေကို သူ့ကိုယ်ထဲ လွှဲပြောင်းပေးခဲ့တာကြောင့်ပဲ "
" ယဲ့ဖူရှောက်က အရင်တည်းကလဲ အစွမ်းထက်ပြီးသား ဖြစ်တာကြောင့်မို့ အဲ့လို အစွမ်းလွှဲပြောင်းတာကို ခံနိုင်ရည်ရှိပြီး အောင်မြင်တဲ့ စမ်းသပ်မှုတစ်ခု ဖြစ်လာခဲ့တာ ။ ဒါကြောင့်မို့လဲ သူ အကောင်းတိုင်း ရှိနေခဲ့တာပဲ "
သူ ပြောနေရင်း မြေပြင်တွင် ပြန့်ကျဲနေသော အသားစများကို ကြည့်လိုက်ပြီးမှ စကားဆက်၏။
" ဒီကောင်ကတော့ အဲ့စမ်းသပ်မှုမှာ မအောင်မြင်ခဲ့တဲ့သူ ဖြစ်နိုင်တယ်.. "
" စမ်းသပ်မှုကို မအောင်မြင်ခဲ့တာ ... "
အဘိုးအိုတစ်ယောက်က ရုတ်တရက် တစ်ခုကို တွေးမိသွားဟန်ဖြင့် မျိုးပြုတ်အောင် အသတ်ခံထားရသည့် ဟွမ်ရှင်းဂိုဏ်းဘက် လှည့်ကြည့်ကာ ပြောသည်။
" ဒါဆိုရင်.. အဲ့ကောင်က အားပြင်းတဲ့အစွမ်းကို မခံနိုင်တာကြောင့်မို့ သူ့အစွမ်းတွေ အထိန်းကွပ်မဲ့သွားပြီး ခုလို သားရဲတစ်ကောင် ဖြစ်လာတယ်လို့ ဆိုလိုတာလား ။ ပြီးရင်.. ဟွမ်ရှင်းဂိုဏ်းကလဲ သူ့
လက်ချက်ကြောင့်ပဲ အကုန်သေခဲ့ကြတာလား.. "
သခင်ကြီးလုံ ခေါင်းညိတ်ပြလိုက်သည်။
" အဲ့လိုပဲ ဖြစ်နိုင်တယ်.. "
ထိုစဥ် အခြားတစ်ယောက်က ရုတ်တရက် ပြော၏။
" သခင်ကြီးလုံ ခန့်မှန်းတာ မှန်နိုင်တယ်ဗျ "
အားလုံး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ထိုစကားကို ပြောခဲ့သူမှာ ဆံပင်အနီရောင်နှင့် အဘိုးအိုတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
အဘိုးအိုက အားလုံးကို တစ်ချက်ဝေ့ကြည့်ကာ သက်ပြင်းချ၏။
" ကျုပ်က ဟွမ်ရှင်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်နဲ့ မိတ်ဆွေဟောင်းတွေ ။ ကျုပ်တို့ချင်း ရင်းနှီးလာခဲ့ကြတာ နှစ်ပေါင်းသုံးထောင်ကျော်လောက် ရှိရောပေါ့ ။ ခုနကတုန်းကတော့ ဟိုသားရဲဆီမှာ သူ့ရဲ့အရောင်အဝါကို နည်းနည်း အာရုံခံမိလိုက်တယ် "
ထိုသို့ပြောနေစဥ်တွင်လည်း အဘိုးအို၏ မျက်နှာက ညှိုးနေပါသည်။
ထို့နောက်တွင်မူ အားလုံး အချိန်အတန်ကြာ တိတ်သွားကြ၏။
အားလုံးရင်ထဲတွင်လည်း လေးလံလျက် ...
ပြန်အသက်သွင်းခြင်းသခင်ကြီး၏ စွမ်းရည်ကို သူတို့ သိထားပြီးသည့်တိုင်...
ထိုအကြောင်းကို အခြားသူဆီမှ တဆင့်ကြားရခြင်းနှင့် မိမိကိုယ်တိုင် မျက်လုံးဖြင့်မြင်ရခြင်းက မတူပါချေ။
" သခင်လေးလောထျန်း ၊ ကျုပ်တို့ ဒေသခြား တည်နေရာရွှေ့ပြောင်း အစီအမံကို ပြန်ပြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်ဗျာ ။ ပြီးရင် သခင်လေးလိုအပ်တဲ့ ပစ္စည်းတွေကိုလဲ သေချာပြင်ဆင်ပါ့မယ် ။ ဒါပေမယ့်.. သတိတော့ထားပါ ၊ ရန်သူက ကြောက်စရာကောင်းလွန်းတယ်ဗျ "
သခင်ကြီးလုံက အလေးနက်ပြောလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြလိုက်၏။
" ကျုပ် သိပါတယ် "
ထို့နောက်တွင်မူ အားလုံး ဟွမ်ရှင်းဂိုဏ်းထဲသို့ ဝင်ကာ စစ်ဆေးကြည့်လိုက်သည်။
သို့သော် ဂိုဏ်းထဲရှိ အဖိုးတန်ပစ္စည်းများအားလုံး မရှိတော့သည်ကို တွေ့လိုက်ရပါ၏။
၎င်းမှာလည်း ပြန်အသက်သွင်းခြင်းသခင်ကြီး၏ လက်ချက်ဆိုသည်မှာ ယုံမှားဖွယ်မရှိပါ ။
စာစဉ်ပြီး၏