← Chapters

မင်း ဘာလို့ ဒူးမထောက်သေးတာလဲ(၃)

Vol. 7 Ch. 91

မင်း ဘာလို့ ဒူးမထောက်သေးတာလဲ(၃)

Vol. 7 Ch. 91

"မြင်း ယဥ်ပါးစေတာလား..."

ချန်းဟောင် မတုံ့ပြန်နိုင်သေးမီမှာပင် တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေခဲ့သော ကျိုးချင်းခိုင်က နောက်ဆုံး၌ အသံထွက်၍ ဖွင့်ဟမေးမြန်းသည်။

"အဖြူရောင်ကျောက်တုံးမြို့မှာ ထူးချွန်တဲ့ အရည်အချင်းရှိတဲ့ မြင်းယဥ်ပါးစေသူတွေ အများကြီးရှိတယ်....တခြားလူတွေကို ထည့်မပြောနဲ့အုံး...ကျွန်တော်ရဲ့အဖေက မြင်းယဥ်ပါးစေသူတစ်ယောက် ဖြစ်ရုံတင်မကဘူး မြင်းယဥ်ပါးစေသူ အသိုင်းအဝိုင်းတစ်ခုလုံးမှာ နာမည်ကျော်ကြားတဲ့ လူတစ်ယောက်ပဲ....ကျန်းရွှမ်က အသက်ငယ်ရွယ်ပြီးတော့ အတွေ့အကြုံမရှိဘူး...ဘာကြောင့် ကျွန်တော်ရဲ့အဖေကို ကျော်ပြီးတော့ သူ့ကို ရွေးချယ်ခဲ့တာလဲ"

ချန်းရှောင်သည် ကျိုးချင်ခိုင်ဘက်သို့ လှည့်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ချန်းဟောင်က အလျင်အမြန် ရှင်းပြသည်။

"ကျိုးချင်းခိုင်ရဲ့အဖေ ကျိုးချွမ်က အဖြူရောင်ကျောက်တုံးမြို့မှာ အရည်အချင်းအရှိဆုံး မြင်းယဥ်ပါးစေသူဖြစ်ပြီးတော့ ဆရာကျိုးလို့ လူသိများကျော်ကြားတယ်"

ချန်းရှောင်သည် နားလည်သွားသဖြင့်ခေါင်းညိတ်ပြလိုက်ပြီး ယခုအချိန်မှသာ ကျိုးချင်းခိုင်၏ပုံပန်းသွင်ပြင်သည် သူ့ဖခင်နှင့် ဆင်တူကြောင်း သတိပြုမိသွားသည်။

အခန်းအတွင်းတွင် ရှိနေသောလူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ဆရာကျိုးသည် နာမည်ကျော်ကြားသူဖြစ် သဖြင့် လူအများစုမှ သူ၏နာမည်အား ကြားဖူးကြသည်။ အကယ်၍ သူတို့သည် သူ့အား မသိရှိလျှင်ပင် အတိုချုပ်မိတ်ဆက်မှုတစ်ခုဖြင့် သူ၏နာမည်ကျော်ကြားမှုကို မီးမှောင်းထိုးပြရန်လုံလောက်သည်။ ချန်းမိသားစုသည် ဆရာကျိုးကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ကို ဧည့်အကြီးအကဲအဖြစ် မခန့်အပ်ဘဲ အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်ကို ရွေးချယ်ခဲ့သည်မှာ အဓိပ္ပါယ်မဲ့ရာ ကျပုံရသည်။

လုမင်ရုန်နှင့်အကြီးအကဲများပင်လျှင် ဇဝေဇဝါဖြစ်နေလေ၏။

သူတို့သည် ကျန်းရွှမ်၏ သားရဲယဥ်ပါးစေခြင်းပါရမီကို သိရှိထားသော်လည်း မြို့အရှင်၏အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခဲ့ရာ၌ ကူညီခဲ့ရုံသာဖြစ်သည်။ သူ့ထံတွင် ဤပညာရပ်၌ မည်မျှထိမြင့်မားသော ပါရမီအရည်အချင်း ရှိနေနိုင်မည်နည်း။

ချန်းမိသားစုသည် ကျန်းရွှမ်ကို ဧည့်အကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်ခဲ့ခြင်းမှတစ်ဆင့် သူသည် ကျင့်ကြံခြင်း မီးပြင်းဖိုကိုထွန်းညှိပေးခြင်းတို့တွင် ပါရမီအရည်အချင်းမြင့်မားရုံသာမက ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်ထားသည့်အပြင် သားရဲယဥ်ပါးစေခြင်းတွင်လည်း ပါရမီရှင်တစ်ယောက် ဖြစ်နေသလော။

"အဖေ....ဆရာကျန်းရွှမ်ရဲ့ မြင်းယဥ်ပါးစေခြင်းစွမ်းရည်က ဆရာကျိုးထက်တောင် ပိုပြီးသာလွန်နေတယ်လို့ အဖေ တကယ်ပြောချင်နေတာလား"

ချန်းဟောင်သည် နောက်ဆုံး၌ အခြေအနေ၏အရေးပါပုံကို နားလည်သဘောပေါက်သွားသဖြင့် သူ၏အတွေးများကိုထုတ်ဖော်မေးမြန်းလိုက်သည်။

"ဆရာကျိုးက အဖြူရောင်ကျောက်တုံးမြို့တော်မှာ ပြိုင်ဘက်ကင်းမြင်းယဥ်ပါးစေသူဆိုတာ လူတိုင်း သိထားကြတယ်...သူက မိန်းကလေးမိုရဲ့ဆုရှင်းနဲ့ မိန်းကလေးလျှူရဲ့သောက်လီတို့ကို ယဥ်ပါးအောင် လုပ်ခဲ့ရုံတင်မကဘူး မြင်းယဥ်ပါးစေခြင်းအပေါ်မှာ သူ့ရဲ့ကျွမ်းကျင်မှုက ပြိုင်ဘက်ကင်းတယ်...မြင်းယဥ်ပါးစေခြင်းက ပါရမီသက်သက်မဟုတ်ဘဲနဲ့ မရေမတွက်နိုင်တဲ့ လေ့ကျင့်မှုတွေနဲ့ မြင်းတွေရဲ့အလေ့အထအပေါ် နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုတွေ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိပြီးသား မဟုတ်လား...ဆရာကျန်းရွှမ်ရဲ့အသက်အရွယ်နဲ့ သူ့မှာ ဘယ်လောက်ထိ အရည်အချင်း ရှိနေနိုင်မှာလဲ"

ကျိုးချင်းခိုင်ကလည်း ထပ်မံပြောဆိုသည်။

"မြင်းယဥ်ပါးစေခြင်းမှာ ပါရမီအရည်အချင်းက တစ်စိတ်တစ်ပိုင်းပဲ ပါဝင်ပတ်သက်တယ်... အဲ့ဒီထက်ပိုပြီး အရေးကြီးတာက မရပ်မနားလေ့ကျင့်မှုနဲ့ မြင်းတွေရဲ့အလေ့အထအပေါ် နားလည်သဘောပေါက်မှုပဲ...ဆရာကျန်းမှာ ပါရမီအရည်အချင်းမရှိဘူးလို့ ငါ မပြောဘူး...ဒါပေမဲ့ သူက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်....တကယ်လို့ သူ့အမေရဲ့ဗိုက်ထဲကနေ သူ စပြီးသင်ယူခဲ့ရင်တောင် မြင်ရိုင်းအမျိုးအစား ဘယ်လောက်များများကို သူ သိနိုင်မှာလဲ...အဲ့ဒီမြင်းတွေအားလုံးရဲ့အလေ့အထတွေကို သူ ဘယ်လောက်ထိများများ နားလည်နိုင်မှာလဲ....အဲ့ဒီအသိပညာဗဟုသုတတွေ မရှိရင် သူ မြင်းယဥ်ပါးအောင် လုပ်နေတဲ့အချိန်မှာ လွင့်ထွက်သွားတာတွေ ဒါမှမဟုတ် မြင်းနင်းခံရတာတွေဖြစ်ပြီးတော့ သူ့ရဲ့အသက် ဆုံးရှုံးသွားနိုင်တယ်"

မြင်းယဥ်ပါးစေခြင်းတွင် ပါရမီအရည်အချင်းရှိရုံသာမက နည်းစနစ်များကိုလည်း ကျွမ်းကျင်ရပေမည်။ ကြိုးကွင်းပစ်ခြင်း မြင်းကိုစီးနင်းခြင်းမြင်းကိုထိန်းချုပ်ခြင်း မြင်းကို တည်တည်ငြိမ်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ခြင်းနှင့် မြင်းများကိုဦးဆောင်နိုင်ခြင်းစသည့် အရည်အချင်းများလိုအပ်သည်။ ထိုအရည်အချင်းများအနက်မှ တစ်ခုစီသည် နေ့ညမပြတ် ရက်ပေါင်းများစွာ ကြိုးစားရန်လိုအပ်ပြီး တစ်ညတည်းဖြင့် ကျွမ်းကျင်နိုင်သည့်အရာများ မဟုတ်ချေ။

ချန်းဟောင်သည်လည်း ဤကိစ္စကို ကောင်းစွာသိရှိထားသဖြင့် ခေါင်းညိတ်လိုက်၏။

"အဖေ...ဖြစ်နိုင်တာတော့ အဖေက သူ့ရဲ့လှည့်စားတာကို ခံလိုက်ရတာလား..."

"ပါးစပ်ပိတ်ထားစမ်း"

ချန်းရှောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါ ဘာကိုပဲလုပ်လုပ် ငါ့မှာ အကြောင်းအရင်းရှိတယ်.... မင်း ငါ့ကို မေးခွန်းထုတ်ဖို့ မလိုဘူး"

ချန်းဟောင်သည် ခေါင်းမာနေဆဲပင်။

"ကျွန်တော်က အဖေ့ကို မေးခွန်းထုတ်နေတာ မဟုတ်ဘူး.... တကယ်လို့ ကျွန်တော်တို့တွေက ဧည့်အကြီးအကဲတစ်ယောက်ကို လိုအပ်တယ်ဆိုရင် ဆရာကျိုးက ပိုကောင်းတဲ့ရွေးချယ်မှု ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

"သခင်လေးချန်းပြောတာ အမှန်ပဲ"

ကျိုးချင်းခိုင်ကလည်း ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုပြီး ဝင်ရောက်ပြောဆိုသည်။

"အဖြူရောင်ကျောက်တုံးမြို့မှာ ကျွန်တော်ရဲ့အဖေက မြင်းယဥ်ပါးစေတဲ့နေရာမှာ ဒုတိယလို့ပြောရင် ဘယ်သူကမှ ပထမနေရာကို ယူရဲမှာမဟုတ်ဘူး... မိသားစုခေါင်းဆောင်ချန်းက ကျွန်တော်ရဲ့အဖေကို ဆရာကျန်းနဲ့ မျှတတဲ့ယှဉ်ပြိုင်ခွင့်ပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ"

ကျိူးချင်းခိုင်သည် သူဖခင်၏အရည်အချင်းအပေါ် အပြည့်အဝယုံကြည်သည်။ ဤပြိုင်ပွဲတွင် အနိုင်ရရှိသွားပါက ချန်းဟောင်၏အရှက်ရဖွယ်ကိစ္စကို လျော့ပါးသွားစေရုံသာမက သူ၏ဖခင်သည်လည်း ချန်းမိသားစု၏ ဧည့်အကြီးအကဲနေရာကို ရရှိနိုင်ပေမည်။ ဤသည်မှာ သူတို့မိသားစု၏ကံကြမ္မာများကို ပြောင်းလဲနိုင်သော အခွင့်အရေးတစ်ခုပင်။

"မင်းက ဆရာကျိုးကို သူနဲ့ ယှဉ်ပြိုင်စေချင်တာလား"

ချန်းရှောင်က ထူးဆန်းသော မျက်နှာအမူအယာဖြင့် ကျိုးချင်းခိုင်ထံသို့ ကြည့်လိုက်သည်။

ယမန်နေ့က ဖြစ်ရပ်များကို မျက်မြင်ကြုံတွေ့ရပြီး ဖြစ်သဖြင့် ချန်းရှောင်သည် ယခုကြုံနေရသော အခြေအနေအပေါ် အနည်းငယ် ရယ်ရွှင်ဖွယ်ကောင်းသည်ဟု ခံစားနေရသည်။ ကြည့်ရသည်မှာ ချန်းဟောင်တစ်ယောက်တည်းသာ ပြဿနာရှာရန် ကြိုးစားနေခြင်း မဟုတ်သည့်ပုံပင်။

ရုတ်ချည်းဆိုသလိုပင် သူသည် အခြေအနေ များစွာပို၍ကောင်းမွန်သွားသကဲ့သို့ ခံစားမိလေ၏။

"ဒါက အမှန်ပါပဲ"

ကျိုးချင်းခိုင်က အခိုင်အမာ ခေါင်းညိတ်ပြပြီးနောက် တည်ကြည်ပြတ်သားသောအကြည့်ဖြင့် ကျန်းရွှမ်ထံသို့ ကြည့်လိုက်သည်။

"ဆရာကျန်း...မင်းက မြင်းယဥ်ပါးစေခြင်းမှာ ငါ့ရဲ့အဖေနဲ့ ယှဉ်ပြိုင်ရဲလား...တကယ်လို့ မင်းနိုင်ရင် ငါက မင်းကို ဦးတိုက်အရိုအသေပြုပြီးတော့ငါ့ရဲ့အမှားကို ဝန်ခံမယ်....ဒါပေမဲ့ တကယ်လို့မင်းရှုံးရင် မင်းက သခင်လေးချန်းအပေါ် ညှာတာထောက်ထားပေးဖို့ ငါ မင်းကို တောင်းဆိုပါတယ်"

သူသည် ဧည့်အကြီးအကဲရာထူးနေရာအကြောင်းကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။ သို့ရာတွင် အကယ်၍ ကျန်းရွှမ်သည် ဤပြိုင်ပွဲ၌ ရှုံးနိမ့်သွားပါက ဤရာထူးနေရာကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲသွားမည်ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။

ကျန်းရွှမ်၏မျက်နှာ ရှုံမဲ့သွားပြီး သူသည် ကျိုးချင်းခိုင်ကို ကြည့်လိုက်၏။ သူ၏မျက်နှာအမူအယာ အနည်းငယ် ထူးဆန်းနေသည်။

"မင်းအဖေက ဒီကိစ္စကို သဘောတူမယ်ဆိုတာ သေချာလား"

ကျိုးချင်းခိုင်က ယုံကြည်ချက်အခိုင်အမာရှိစွာဖြင့် ခေါင်းညိတ်ပြသည်။

"ဘာလို့ သူက သဘောမတူရမှာလဲ...ငါ မင်းကို ပြောလိုက်မယ်...လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်းမှာ ငါ့ရဲ့အဖေက မြင်းယဥ်ပါးစေသူတွေ သုံးဆယ့်နှစ်ယောက်နဲ့ ယှဉ်ပြိုင်ခဲ့ပြီး သူက ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးဘူး...သူက မင်းကို ရင်ဆိုင်နိုင်မယ်လို့ ငါ ယုံကြည်တယ်....တကယ်လို့ ဆရာကျန်းက ကြောက်နေရင်တော့ အခုချက်ချင်း အရှုံးကို ဝန်ခံလိုက်တာ ပိုကောင်းလိမ့်မယ်"

"ပါးစပ်ပိတ်ထားစမ်း"

ကျိုးချင်းခိုင်၏စကား အဆုံးမသတ်သေးမီမှာပင် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ လူများအားလုံး လှည့်ကြည့်လိုက်ကြရာ ခြေလှမ်းကျဲကြီးများဖြင့် သူတို့ထံသို့ လျှောက်လှမ်းလာသော လူဆယ်ယောက်ကျော်ကို မြင်တွေ့မိသည်။ အစောပိုင်းက အော်ဟစ်လိုက်သူသည် အရပ်နှစ်မီတာခန့်မြင့်သော လူထွားကြီးတယောက်ပင်။ သူတို့ထံသို့ မရောက်သေးမီမှာပင် သူ့ထံမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားသည်ကို ခံစားမိသည်။

"အဖေ....အဖေက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"

ကျိုးချင်းခိုင်သည် ထိုလူထွားကြီးကို မြင်တွေ့သွားပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားကာ အပြေးအလွှား ဆီးကြိုနှုတ်ဆက်လိုက်၏။

ဤသည်မှာ အဖြူရောင်ကျောက်တုံးမြို့၏ အတော်ဆုံး မြင်းယဥ်ပါးစေသူဖြစ်သော ကျိုးချွမ်မှတစ်ပါး တခြားလူ မဟုတ်ချေ။

သူတို့သည် သူ့အကြောင်း ပြောဆိုနေစဉ်မှာပင် ကျိုးချွမ်သည် မြို့အတွင်းရှိ နာမည်ကျော်ကြားသော မြင်းယဥ်ပါးစေသူတစ်စုနှင့်အတူ ရောက်ရှိလာသည်။ သို့ရာတွင် သူသည် စိတ်မကြည်မသာ ဖြစ်နေပုံရကာ သူ၏မျက်နှာပေါ်တွင် ဒေါသများဖြင့် ပြည်နှက်နေပြီး အချိန်မရွေး ပေါက်ကွဲတော့မည့် အလားပင်။

"ငါ့ရှေ့ကနေ ဖယ်လိုက်စမ်း"

ကျိုးချွမ်သည် သူ၏သားကို နံဘေးသို့တွန်းထုတ်ပြီး ကျန်းရွှမ်၏အနားသို့ အလျင်အမြန် ချဥ်းကပ်လိုက်သည်။ သူသည် ဦးညွှတ်အရိုအသေပြုပြီးနောက် ဒူးတစ်ဖက်ထောက်လိုက်ကာ သူ၏မျက်လုံးအတွင်း၌ ရိုသေလေးစားမှု လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

"ကျိုးချွမ်က ဆရာကျန်းကို အရိုအသေပြုပါတယ်"

"ဝူရှုဟော်က ဆရာကျန်းကို အရိုအသေပြုပါတယ်"

"လျှူချန်ဖုန်းက ဆရာကျန်းကို အရိုအသေပြုပါတယ်"

.....

ရုတ်ချည်းဆိုသလိုပင် မြင်းပါးစေသူ ဆယ်ယောက်ကျော်သည် တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုကာ ဒူးတစ်ဖက်ထောက်လိုက်ပြီး သူတို့သည် ခရီးရှည်ကြီးတစ်ခုကို ထွက်သွားပြီးနောက် သူတို့ ရိုသေလေးစားရသောဆရာနှင့် ပြန်လည်ဆုံတွေ့ရသည့်အလားပင်။

"ဆရာကျန်းလို့ ခေါ်လိုက်တာလား"

စာသင်ခန်းတစ်ခန်းလုံး ငြိမ်အတိကျသွားသည်။

All Chapters