← Chapters

မြေခွေးအိုကြီး(၂)

Vol. 7 Ch. 93

မြေခွေးအိုကြီး(၂)

Vol. 7 Ch. 93

“…”

မြို့အရှင်ယုလုံချင်းသည် လုမင်ရုန်၏စကားများကို ကြားပြီးနောက် သူ၏မျက်ခွံများ တဆတ်ဆတ်တုန်သွားကာ သူ့၏ဒေါသများ ပေါက်ကွဲထွက်တော့လုမတတ်ပင်။

ဤကောက်ကျစ်သောလူအိုကြီးသည် အလွန်စဥ်းလဲပေ၏။

သူသည် အရှည်ကိုတွေးတောကာ ကျန်းရွှမ်နှင့် ဆက်ဆံရေးကောင်းတစ်ခု ရယူပြီး မည်သည့်နည်းလမ်းနှင့်မဆို ပူးပေါင်းနိုင်ရန် သူ၏သမီးကို တပည့်ခံစေခဲ့သည်။ ယခုအချိန်၌ လုမင်ရုန်သည် သူ့အား ကူညီပေးနေသယောင် ထင်ရသော်လည်း အမှန်အားဖြင့် သူ၏ကြိုးစားမှုများအားလုံးကို လုယူသွားခဲ့ခြင်းပင်။

"ဒါက အဲဒီလိုလား"

သူ ဒေါသကြောင့် အသက်ထွက်လုနီးပါး ဖြစ်နေစဉ်မှာပင် ကျန်းရွှမ်သည် သက်ပြင်းတစ်ချက်ရှိုက်ပြီး သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့် သူကိုကြည့်ကာ မေးမြန်းလိုက်သည်ကို ကြားလိုက်ရသည်။

"မြို့အရှင်ယု...ကျောင်းအုပ်ကြီးလုက မင်းကို ဒီလိုလုပ်ဖို့ တောင်းဆိုတဲ့အချိန်မှာ မင်း ငြင်းဆန်ဖို့ မတွေးခဲ့ဘူးလား"

ယုလုံချင်း၏မျက်နှာအမူအယာ ပျက်ယွင်းနေကာ မည်သို့ ပြောဆိုရမည်ကို စကားလုံးရှာမတွေ့စဥ်မှာပင် အကြံပေးလျှောင်၏အသံ ထွက်ပေါ်လာသည်။

"မြို့အရှင်က ဘာလို့ ငြင်းဆန်ရမှာလဲ....ဒါတွေအားလုံးက သူနဲ့ ကျောင်းအုပ်ကြီးလုတို့ တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ခဲ့တဲ့ကိစ္စပဲ"

ယခင်က သားရဲယဥ်ပါးစေခြင်း၌ ကူညီခဲ့ဖူးသော ဤအကြံပေးလျှောင်သည် မည်သည့်အချိန်က စာသင်ခန်းအတွင်းသို့ ရောက်ရှိနေခဲ့ကြောင်း မသိရချေ။

ကျန်းရွှမ်က မေးမြန်းသည်။

"ဒီကိစ္စကို ကြိုပြီး သဘောတူထားတာလား"

"အမှန်ပဲ..."

အကြံပေးလျှောင်က ပြောဆိုသည်။

"ဆရာကျန်းက အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် လုပ်ခဲ့တယ်ဆိုတာ သိတဲ့လူက လူငါးယောက်ထက် မပိုဘူး...တကယ်လို့ မြို့အရှင်ကသာ ကျောင်းအုပ်ကြီးလုကို ဒီကိစ္စ မပြောခဲ့ဘူးဆိုရင် သူ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ"

"အမှန်ပဲ..."

ရုတ်တရက် နားလည်သဘောပေါက်မှုတစ်ခု ရရှိသွားသဖြင့် မြို့အရှင်ယုလုံချင်းကို ကြည့်ရသည်မှာ အလွန်စိတ်ကျေနပ်သွားပုံပင်။

ဤနည်းလမ်းဖြင့် လုမင်ရုန်၏ အဆိုပြုချက်ကို ငြင်းဆန်ခြင်း မကျရုံသာမက သူကိုယ်တိုင်ဦးဆောင်ခဲ့မှုကိုလည်း ထင်သာမြင်သာရှိစေသည်။ အကယ်၍ ဤဆက်ဆံရေးတွင် ခံစားချက်များ ပါဝင်ပတ်သက်လာပါက သူသည် ပထမဆုံး ပတ်သက်ခဲ့သူပင်။

လုမင်ရုန်သည်လည်း ဤအကြံပေးလျောင်သည် အလွန်လျှင်မြန်စွာ တုံ့ပြန်ကာ အခြေအနေကို ယခုကဲ့သို့ မဖြစ်ဖြစ်အောင် ဖန်တီးမည်ဟု မျှော်လင့်မထားမိချေ။ သူ စကားပို၍ပြောဆိုပါက သံသယများ မြင့်တက်လာနိုင်သည်ကို သိရှိသဖြင့် သူ၏စိတ်နှလုံးသားအတွင်းမှ လှိုင်းထန်နေခြင်းကို မြိုသိပ်ပြီး ခေါင်းညိတ်လိုက်၏။

"ဆရာကျန်း စိတ်အေးအေးထားပါ... ငါတို့အားလုံးက သားရဲယဥ်ပါးစေခြင်းပညာရပ်ရဲ့ အမွေအနှစ်ကို ထိန်းသိမ်းချင်လို့ ဒီကိစ္စကို လုပ်ခဲ့တာပါ...ငါတို့မှာ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

ပိုင်ယန်မြို့၏ အစွမ်းထက်ဆုံး ထိပ်သီးကျင့်ကြံသူနှစ်ယောက်သည် ဖုံးကွယ်မှုများပါသော စကားလုံးစစ်ပွဲကို အချိန်တစ်ခဏကြာခန့်ဆင်နွှဲခဲ့သည်အား မည်သူ သိနိုင်မည်နည်း....

ကျန်းရွှမ်သည် တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားမိသော်လည်း သူတို့၏အကြောင်းပြချက်များ ခိုင်လုံနေသဖြင့် အစစ်အမှန်အကြောင်းအရင်း ဖြစ်ပုံရသည်။

ထိုသို့မဟုတ်ပါက ကျောင်းအုပ်ကြီးလုသည် မည်သည့်ကြောင့် သူ့အား လက်ထောက်ဆရာအဖြစ် ခန့်အပ်ခဲ့မည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူသည် တချိန်လုံး အလွန်သိုသိုသိပ်သိပ်နေခဲ့ကာ မည်သည့် ထူးခြားသော အရည်အချင်းကိုမျှ မပြသခဲ့ချေ။

"မင်းတို့က ငါ့ကို မင်းတို့ရဲ့ဆရာ ဖြစ်စေချင်တာ မဖြစ်စေချင်တာကို ငါ ဂရုမစိုက်ဘူး...အခု ငါက မင်းတို့ရွေးချယ်ဖို့အတွက် နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်.. တကယ်လို့ မင်းတို့က ငါ့ရဲ့သင်ပြမှုအောက်မှာ ဆက်မနေချင်ဘူးဆိုရင် မင်းတို့ အခု ထွက်သွားလို့ရတယ်"

ထိုလူနှစ်ယောက်ကို လျစ်လျူရှုပြီး ကျန်းရွှမ်က ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ထံသို့ ကြည့်လိုက်သည်။

"ကျွန်မ..."

လျှူမင်ယွဲ့သည် ဇဝေဇဝါဖြစ်နေလေ၏။ သူမသည် ယခင်က သူ့ထံ၌ တပည့်ခံခဲ့ခြင်းမှာ ရှောင်လွှဲ၍မရနိုင်သော အကြောင်းအရင်တချို့ကြောင့်ပင်။ သို့ရာတွင် ဟန်ပေလိပ်သွေးဖြင့် အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိပေးနိုင်ခြင်း ကျင့်ကြံနည်းစနစ်တစ်ခုကို သာမန်ကာလျှံကာ သင်ကြားပေးရုံဖြင့် သူမ၏ခွန်အား ငါးဆယ်ရာခိုင်နှုန်း မြင့်တက်လာခြင်းတို့ကို သူမ ကြုံတွေ့ခဲ့ရသည်။

သူမ မည်သို့ပင် တွေးသောကြည့်ပါစေ ဆရာကျန်စကို ဆရာအဖြစ် တင်မြှောက်ခြင်းသည် တခြားဆရာများထက် ပို၍ကောင်းမွန်သည်ဟု တွေးထင်မိသည်။ ကျောင်းအုပ်ကြီးလုပင်လျှင် ဆရာကျန်းကို လိုက်မှီနိုင်မည် မဟုတ်ချေ။

သို့ရာတွင် ဆရာကျန်း၏အသက်အရွယ်သည် အလွန်ငယ်ရွယ်ပေ၏။ အကယ်၍ ကိစ္စနှစ်ခုသည် တိုက်ဆိုင်မှုသက်သက် ဖြစ်နေပါက သူမ၏ကျင့်ကြံမှုနှင့် သက်ဆိုင်သော အရေးကိစ္စ ဖြစ်နေသောကြောင့် သူမ မည်သည့်အရာအား လုပ်ဆောင်သင့်သနည်း။

လျှူမင်ယွဲ့ ဇဝေဇဝါဖြစ်နေစဉ်တွင် ယုရှောင်ယွီသည်လည်း အခက်တွေ့နေသည်။

သူမသည် ယခင်က ကျန်းရွှမ်၏တပည့်ဖြစ်ရန် သဘောတူညီခဲ့ခြင်းမှာ သူမဖခင်၏ ဆန္ဒကြောင့်ပင်။ ယခုအချိန်၌ ဆရာကျန်းသည် သူမအားရွေးချယ်ရန် နောက်ထပ်အခွင့်အရေးတစ်ခု ပေးသဖြင့် သူမ တွေဝေသွားသည်။

မည်သို့ပင်ဆိုစေကာမူ ဤဆရာမှ သူမအား ပေးအပ်ခဲ့သော ထိတ်လန့်တုန်လှုပ်မှုနှင့်သက်ရောက်မှုများသည် အလွန်ကြီးမားပေ၏။

"ကျွန်မ...."

"ဆရာကျန်း..."

သူမတို့နှစ်ယောက်သည် ခေါင်းမော့ပြီး စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းရွှမ်၏ကြားဖြတ်ဟန့်တားခြင်းကို ခံလိုက်ရသည်။

"မင်းတို့က အခုချက်ချင်း ငါ့ကို အဖြေပေးဖို့ မလိုဘူး....တကယ်လို့ မင်းတို့က ငါ့ရဲ့တပည့်တွေဖြစ်ဖို့ ဆက်ပြီးဆန္ဒရှိနေသေးတယ်ဆိုရင် ငါ ညွှန်ကြားထားတဲ့ ကျင့်ကြံနည်းစနစ်အတိုင်း တစ်ညလုံး ကောင်းကောင်းကျင့်ကြံပါ... မနက်ဖြန်ကျရင် စမ်းသပ်ခံဖို့အတွက် မင်းတို့က စာသင်ခန်းထဲကို လာရမယ်...တကယ်လို့ မင်းတို့ အောင်မြင်ရင် ငါတပည့်အဖြစ် ဆက်နေနိုင်တယ်...မအောင်မြင်ခဲ့ရင်တော့ မင်းတို့ လာဖို့ မလိုတော့ဘူး"

ထိုသို့ပြောဆိုပြီးနောက် ကျန်းရွှမ်သည် နောက်သို့ချာခနဲလှည့်ကာ သူ၏ခုံစောင်းထံသို့ လျှောက်လှမ်းသွားပြီး စုတ်တံကိုကောက်ယူ၍ စာရွက်နှစ်ရွက်ပေါ်၌ ရေးသားလိုက်သည်။ ထို့နောက် သူသည် ထိုစာရွက်နှစ်ရွက်ကိုခေါက်ကာ ပိုးအိတ်နှစ်လုံးအတွင်းသို့ ထည့်လိုက်၏။

"မင်းတို့ တစ်ယောက်တစ်အိတ်စီ ယူသွားကြတော့...အထဲမှာ ငါ့ရဲ့လိုအပ်ချက် ရှိနေတယ်...ဒီည ဒါကို ဖွင့်မကြည့်ရဘူး...မနက်ဖြန်မနက် အတန်းမစခင်ကျမှ ဒါကို ကြည့်ရမယ်.. တကယ်လို့ မင်းတို့က စံသတ်မှတ်ချက်နဲ့ မကိုက်ညီဘူးဆိုတာကို ရှာတွေ့ခဲ့ရင် မင်းတို့ ဒီနေရာကိုထပ်လာဖို့ မလိုတော့ဘူး"

"ဟုတ်ကဲ့..."

ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ပိုးအိတ်များကို ယူဆောင်လိုက်ကြသည်။

"ဒုတိယအချက်အနေနဲ့ မင်းတို့က ငါ့ရဲ့တပည့် တကယ်ဖြစ်ချင်တယ်ဆိုရင် တခြားလူတွေရဲ့ သွေးဆောင်မှုကို နားထောင်ပြီးတော့ စိတ်နှစ်ခွ မဖြစ်ရဘူး....မဟုတ်လို့ကတော့ တကယ်လို့ ငါရဲ့စကားတွေကို မင်းတို့ သံသယဝင်နေတယ်ဆိုတာ ငါ ရှာတွေ့ခဲ့ရင် ငါ့ရဲ့အတန်းကနေ မင်းတို့ကို ချက်ချင်းထုတ်ပယ်ပြီးတော့ ဘယ်တော့မှ ပြန်လက်မခံတော့ဘူး"

ကျန်းရွှမ်က တင်းမာခက်ထန်စွာ ပြောဆိုသည်။

ကျိုးရ ကျန်းယန် ယွင်ထောင် လျှူယန်တို့အနက် မည်သည့်တစ်ယောက်မဆို သူ့အပေါ်တွင် အကြွင်းမဲ့သစ္စာရှိပြီး မည်သည့်အချိန်မှ သစ္စာဖောက်မည် မဟုတ်ချေ။ ဤမိန်းကလေးနှစ်ယောက်သည် သူ၏တပည့် ဖြစ်လာသည်မှာ နှစ်ရက်ခန့်သာ ကြာမြင့်သေးသော်လည်း သူ့အပေါ်တွင် ရာနှင့်ချီသော လှည့်စားမှုများကို ပြုလုပ်ပြီးလေပြီ။

အကယ်၍ သူသည် သိုသိုသိပ်သိပ်နေလိုခြင်းကြောင့်သာ မဟုတ်ပါက သူတို့အား ယခုချက်ချင်း တပည့်အဖြစ်မှ ထုတ်ပယ်ပြီး ဖြစ်ပေမည်။

မိန်းကလေးနှစ်ယောက်သည် ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။

"ကောင်းပြီလေ..."

ထိုအချိန်ကျမှသာ ကျန်းရွှမ်သည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်ပြီး ဟုန်ရီကို လှည့်ကြည့်လိုက်သည်။

ဟုန်ရီထံတွင် သာမာန်ပါရမီအရည်အချင်းသာ ရှိသော်လည်း နာခံရိုကျိုးပြီး ကြိုးစားသဖြင့် သူ အထူးတလည်ပြောနေရန် မလိုအပ်ချေ။

"ဆရာကျန်း....မနက်ဖြန်ကျရင် ကျွန်တော် သေချာပေါက် လာခဲ့မယ်"

ကျန်းရွှမ် သူ့ကို ကြည့်နေသည်အား မြင်တွေ့ချိန်တွင် ဟုန်ရီသည် ထိတ်လန့်သွားပြီး အလျင်စလိုဦးညွှတ်အရိုအသေပြုလိုက်၏။

ကျန်းရွှမ်သည် ဤတပည့်သုံးယောက်ကို ထပ်မံ၍ဂရုမစိုက်တော့ဘဲ တစ်စုံတစ်ခုကိုအမှတ်ရသွားသဖြင့် လျှူထျန်ကျန်းကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"မိသားစုခေါင်းဆောင်လျှူ....သောက်လီကို လျှူမင်ယွဲ့က လက်ဆောင်အနေနဲ့ ပေးခဲ့ပေမယ့် မင်း ပြောတာ အမှန်ပဲ...ငါက ဘာမှလုပ်မထားဘဲနဲ့ ဒီလက်ဆောင်ကို လက်ခံလို့ မဖြစ်ဘူး... ငါက ဆရာတယောက် ဖြစ်တာကြောင့် အဖိုးတန်ရှားပါတဲ့ လီတစ်ထောင်မြင်းတစ်ကောင်ကို လက်ခံလို့မဖြစ်ဘူး...ဒါပေမဲ့ နှစ်ရက်လောက် အတူနေပြီးတဲ့နောက်မှာ သောက်လီနဲ့ငါက အရမ်းရင်းနှီးနေပြီ...လျှူမိသားစုခေါင်းဆောင်က ဒီမြင်းကို စွန့်လွှတ်ပေးနိုင်မယ်ဆိုရင် မင်း ဝယ်ယူခဲ့ရတဲ့ မြင်ရဲ့တန်ကြေး ငါ့ကိုသိခွင့်ပြုပါ...ငါက မင်းကို အဲ့ဒီငွေ ပေးပါ့မယ်"

လျှူထျန်ကျန်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး...ယွဲ့အာက ဒီမြင်းကို မင်းဆီ လက်ဆောင်ပေးဖို့ သဘောတူထားမှတော့ ငွေပြန်ယူစရာ အကြောင်းမရှိပါဘူး"

ကျန်းရွှမ်က တုံ့ပြန်သည်။

"ကိစ္စတွေကို သီးခြားစီ ခွဲထားရမယ်....တကယ်လို့ ရင်းမြစ်ဒင်္ဂါး ရာဂဏန်းအနည်းငယ်လောက်ဆိုရင် ဒီလက်ဆောင်ကို ငါ လက်ခံနိုင်တယ်....ဒါပေမဲ့ ဒီမြင်းက အရမ်းတန်ဖိုးကြီးတယ်...ငါက ဘာတစ်ခုမှမပြောဘဲနဲ့ ဒါကို လက်ခံလိုက်မယ်ဆိုရင် ငါ့အတွက်ရော မင်းတို့လျှူမိသားစုအတွက်ရော ကောင်းမှာမဟုတ်ဘူး"

ကျန်းရွှမ်၏အလေးအနက်ထားနေမှုကို ကြည့်ပြီး လျှူထျန်ကျန်းက ခေါင်းညိတ်လိုက်သည်။

"ငါ ဒီမြင်းကို ဝယ်တဲ့အချိန်တုန်းက ရင်းမြစ်ဒင်္ဂါးသုံးသိန်းနှစ်သောင်း ပေးခဲ့ရတယ်...တကယ်လို့ ဆရာကျန်းက ငွေပြန်ပေးချင်တယ်ဆိုရင် ရင်းမြစ်ဒင်္ဂါးသုံးသိန်းဆို လုံလောက်ပါပြီ"

"ရင်းမြစ်ဒင်္ဂါးသုံးသိန်း..."

ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားကာ အချိန်အတော်ကြာပြီးနောက် သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။

"ဒီလိုဆိုရင်ရော... အဲဒီငွေကို အကြွေးမှတ်ထားလို့ ရမလား"

"အကြွေးမှတ်ထားရမှာလား..."

အစောပိုင်းက မြင်းကိုဝယ်မည်ဟု ခေါင်းမာနေကာ အလွန်တည်ငြိမ်နေသူသည် ယခုအချိန်၌ ဤကဲ့သို့ ပြောဆိုလာသဖြင့် လျှူထျန်ကျန်းသည် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။

သူ တွေဝေစဉ်းစားနေစဉ်မှာပင် ကျောင်းအုပ်ကြီးလုက ဝင်ရောက်ပြောဆိုသည်။

"ဘာလို့ အကြွေးထားမှာလဲ...အဖြူရောင်ကျောက်တုံးကျောင်းတော်က အဲ့ဒီမြင်းအတွက် ပေးချေမယ်"

"အဖြူရောင်ကျောက်တုံးကျောင်းတော်က ပေးမှာလား...ဘယ်ဖြစ်မှာလဲ...ဆရာကျန်းက ယုရှောင်ယွီရဲ့ဆရာ...ဒါကြောင့် မြို့အရှင်အိမ်တော်က ဒါကို ပေးချေမယ်"

ယုလုံချင်းကလည်း ရက်ရက်ရောရော ကမ်းလှမ်းလိုက်သည်။

"အဓိပ္ပါယ် မရှိလိုက်တာ...ဆရာကျန်းက ငါတို့အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ ဆရာတစ်ယောက်ဖြစ်ပြီးတော့ သားရဲယဥ်ပါးစေခြင်းပညာရပ်ကို သင်ကြားဖို့ တာဝန်ယူထားတယ်....သူ့ကို သင်ထောက်ကူပစ္စည်းတချို့ ဝယ်ပေးတာက ဘာမှားနေလို့လဲ"

ကျောင်းအုပ်ကြီးလုက ခြေပလိုက်၏။

"မင်းက လီတစ်ထောင်မြင်းတစ်ကောင်ကို သင်ထောက်ကူပစ္စည်းလို့ ခေါ်တာလား"

ယုလုံချင်းက အေးစက်စက် အော်ငေါက်လိုက်သည်။

ဘယ်လောက်တောင် အရှက်မဲ့လိုက်လဲ....

"ဒါက ဘာမှားနေလို့လဲ"

ကျောင်းအုပ်ကြီးလုက ထပ်မံ၍ ပြောဆိုသည်။

"တခြားတစ်ဖက်ကကြည့်ရင် ငါတို့အဖြူရောင်ကျောက်တုံးကျောင်းတော်က တပည့်တစ်ယောက်လက်ခံတဲ့ ဥာဏ်ပူဇော်ခလက်ဆောင်ကို လက်မခံဘူး... တကယ်လို့ မင်းက ဒီမြင်းအတွက် ငွေပေးချေမယ်ဆိုရင် တခြားလူတွေက ဆရာကျန်းကို ဘယ်လို မြင်ကြမလဲ... ခုဏကလိုအခြေအနေမျိုး ထပ်ဖြစ်လာခဲ့မယ်ဆိုရင် ဆရာကျန်းနဲ့ငါတို့ကျောင်းတော်ရဲ့ မျက်နှာကို ဘယ်နားမှာ သွားထားရမှာလဲ"

ယုလုံချင်းသည် ဆွံ့အသွားပေ၏။

ဤကဲ့သို့ နည်းလမ်းဖြင့် ရင်ဆိုင်ခြင်းခံရသည့်အတွက် သူ ငြင်းခုံနိုင်ခြင်း မရှိတော့ချေ။

လျှူမင်ယွဲ့၏ကိစ္စသည် သူ မှတ်သားထားရမည့်သင်ခန်းစာတစ်ခု ဖြစ်ပေ၏။ သူမ၏ဖခင်သည် လျှူမိသားစု၏မြင်းကို ယူဆောင်သွားသဖြင့် ကျန်းရွှမ်အား လောဘကြီးသည်ဟု စွပ်စွဲခဲ့သည်မှာ ရှင်းပြရန်မလွယ်ကူခဲ့သော ကိစ္စပင်။

"ကျောင်းအုပ်ကြီး....မင်းရဲ့စကားတွေက မှားနေပြီ...ငါတို့ရဲ့မြို့အရှင်က ပါရမီရှင်တွေကို ချစ်မြတ်နိုးပြီးတော့ တန်ဖိုးထားတယ်...ဒါ့ပြင် ဆရာကျန်းက မြို့အရှင်ကို ကူညီပြီးတော့ အမဲလိုက်လင်းယုန်ကို ယဥ်ပါးအောင် လုပ်ပေးခဲ့တယ်...ဒါကြောင့် လီတထောင်မြင်းတစ်ကောင်နဲ့ တုံ့ပြန်ကျေးဇူးဆပ်တာက ပြဿနာတစ်ခုမဟုတ်ဘူးလေ ဟုတ်တယ်မလား...ဒါ့ပြင် ဆရာကျန်းက ငါတို့သခင်မလေးရဲ့ ဆရာ ဖြစ်နေတယ်....သူက မြင်းယဥ်ပါးစေခြင်းပညာရပ်ကို သင်ပေးမယ်ဆိုမှတော့ မြင်းတစ်ကောင်မရှိရင် မဖြစ်ဘူးလေ..ဒါကြောင့် ငါတို့က သူ့ကို ကြိုပြီးဝယ်ပေးတာက သဘာဝကျတဲ့ကိစ္စပဲ"

အကြံပေးလျှောင်က ကြားဖြတ်ပြောဆိုသည်။

"ဟုတ်တယ်...အကြံပေးလျှောင်ပြောတာ အမှန်ပဲ....ဒါက ငါ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့မြင်းတစ်ကောင် ဝယ်ပေးတာပဲ... ငါတို့မြို့အရှင်အိမ်တော်က ဒီငွေပမာဏနည်းနည်းလေးကိုတောင် မတက်နိုင်ဘူးလို့ ကျောင်းအုပ်ကြီးလုက ထင်နေတာလား"

ယုလုံချင်းက အပြုံးနှင့် ပြောဆိုသည်။

"အဟမ်း...ကျောင်းအုပ်ကြီးလု မြို့အရှင်ယု အခုချိန်မှာ ငါ့လက်ထဲမှာ ငွေတွေအများကြီး မရှိသေးပေမယ့် ငါ ဒါကိုရှာဖွေဖို့ ဆန္ဒရှိသရွေ့မကြာခင်မှာ ရလာပါလိမ့်မယ်...နောက်ပိုင်းကျရင် ငါ ဒီအကြွေးကို ပြန်ဆပ်နိုင်မှာပါ"

ဤလူနှစ်ယောက်သည် ငွေပေးချေရန်အတွက်အတိုက်အခံလုပ်နေမည်ဟု မျှော်လင့်မထားမိသော ကျန်းရွှမ်က ရှက်ကိုးရှက်ကန်းအပြုံးဖြင့် ပြောဆိုလိုက်သည်။

"ဒါ့ပြင် ငါက အရေးမပါတဲ့ သာမန်ဆရာလေးတစ်ယောက်ပါ...မင်းတို့နှစ်ယောက်ရဲ့ငွေတွေကို ငါ့အတွက် အသုံးပြုဖို့ မလိုပါဘူး"

ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...အမှန်ပဲ...ဆရာကျန်း ပြောသွားသလိုပဲ...သူက အရေးမပါတဲ့ သာမန်ဆရာတစ်ယောက်...ကျောင်းအုပ်ကြီးလု ဒါကြောင့် မင်း ငါနဲ့ ယှဉ်ပြိုင်နေဖို့ မလိုဘူး"

ကျောင်းအုပ်ကြီးလုက သူ့၏လက်ကို ခါယမ်းလိုက်သည်။

"သေချာတာပေါ့...သူက အရေးမပါတဲ့ ဆရာတစ်ယောက်ဖြစ်နေမှတော့ မြို့အရှင်က ဒီလောက်ထိ ရက်ရက်ရောရောနဲ့ ငွေပေးချေဖို့ကို စိတ်ရှုပ်ခံနေစရာ မလိုဘူး"

သူတို့နှစ်ယောက်သည် တဖန်ထပ်၍ ငြင်းခုံကြလေ၏။

"ဒါက ရင်းမြစ်ဒင်္ဂါးသုံးသိန်းအကြောင်းကို ပြောနေတာလေ...မြို့အရှင်နဲ့ကျောင်းအုပ်ကြီးလုတို့နှစ်ယောက်လုံးက ဆရာကျန်းအတွက် ငွေပေးချေဖို့ကို ပြိုင်ဆိုင်နေကြတာလား"

"ငါ အမြင်မှားနေတာလား"

"ဆရာကျန်းက သားရဲယဥ်ပါးစေခြင်းမှာ မြင့်မားတဲ့ အရည်အချင်းရှိတယ် ဆိုပေမယ့် ဒီထိပ်သီးတည်ရှိမှုကြီးနှစ်ယောက်ရဲ့ အပြုအမူတွေက နည်းနည်းတော့ လွန်ကဲနေသလိုပဲ"

သူတို့နှစ်ယောက်သည် မျက်နှာများနီမြန်းလာသည်အထိ ငြင်းခုံနေကြပြီး တစ်ယောက်ကမျှ အလျှော့ပေးရန် စိတ်ကူးမရှိသည်ကို ကြည့်ပြီး ပတ်ဝန်းကျင်တွင်ရှိနေသည့် လူများအားလုံး ဆွံ့အနေကြသည်။

ရင်းမြစ်ဒင်္ဂါးသုံးသိန်းဖြင့် ပိုင်ယန်မြို့အတွင်းတွင် အိမ်တစ်လုံးကို လွယ်လင့်တကူ ဝယ်ယူနိုင်သည်။ သို့ရာတွင် ဤလူနှစ်ယောက်သည် အခွင့်အရေးတစ်ခုကို ရရှိသည့်အလား ငွေပေးချေရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြ၏။

'အရေးမပါသောလူ' 'သာမန်ဆရာတစ်ယောက်'အတွက် သူတို့သည် ရန်သူတော်ကြီးများအလား စကားစစ်ထိုးနေကြသည်။

ငါတို့ကို ပြောစမ်းပါ....ဒါက ဘယ်နေရာမှာ သာမန်ဆန်တာလဲ....

"အဖေ....ကျောင်းအုပ်ကြီးလု...."

ထိုအချိန်မှာပင် ယုရှောင်ယွီ၏ ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။

"အဲ့ဒီငွေကို ပေးချေပြီးပြီ"

သူတို့နှစ်ယောက်လုံး လှည့်ကြည့်လိုက်ကြရာ ချန်းရှောင်သည် လျှူထျန်ကျန်း၏ရှေ့၌ မတ်တတ်ရပ်ပြီး ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ထပ်ကြီးကို ထုတ်ပေးနေသည်အား မြင်တွေ့လိုက်ရသည်။ ထို့နောက် ချန်းရှောင်က အပြုံးနှင့် ပြောဆိုသည်။

"တောင်းပန်ပါတယ်... ဒီငွေကို ငါ ပေးပြီးပြီ...မင်းတို့ကောင်တွေက နောက်တခေါက်ကျရင် ထပ်ကြိုးစားကြည့်ပေါ့...ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရွှမ်က ငါတို့ချန်းမိသားစုရဲ့ ဧည့်အကြီးအကဲဖြစ်နေမှတော့ အခုက မင်းတို့ ငွေပေးချေဖို့ အလှည့်မကျသေးဘူး"

ချန်းရှောင်၏ ပြုံးဖြဲဖြဲအမူအယာကိုကြည့်ပြီး ကျောင်းအုပ်ကြီးလုနှင့်ယုလုံချင်းတို့၏ အငြင်းပွားမှု ချက်ချင်းရပ်တန့်သွားသည်။ ထို့နောက် သူတို့၏စိတ်များအတွင်းတွင် အတွေးတစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပေ၏။

'ကောက်ကျစ်တဲ့ မြေခွေးကောင်....'

All Chapters