ခုံးရှီနှင့် ဆက်သွယ်ခြင်း(၂)
Vol. 7 Ch. 95
ယုရှောင်ယွီက သူမ ကြုံတွေ့ခဲ့ရသော ကိစ္စများကို အသေးစိတ်ကျကျ ပြန်ပြောပြသည်။
ယုလုံချင်းက ပြောဆိုသည်။
"သူ မင်းကို ရှင်းပြခဲ့တဲ့ ကျင့်ကြံနည်းစနစ်ကို မင်း ပြန်ပြောနိုင်လား....တကယ်လို့ အဲ့ဒီနည်းစနစ်မှာ အားနည်းချက်တွေရှိနေရင် ငါက မင်းကို ကူညီပြီးတော့ ဖြည့်ပေးနိုင်တယ်"
"သမီး...သမီး မမှတ်မိတော့ဘူး"
ယုရှောင်ယွီက ရှက်ကိုးရှက်ကန်းဖြင့် ပြောဆိုသည်။
"မင်းကတော့..."
ယုလုံချင်းက ခါးသည်းသောအပြုံးဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ဘာလေ့ကျင့်မှုမှ မလုပ်ဘဲနဲ့ မင်းရဲ့ခွန်အားက နှစ်ဆယ်ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်...ဆရာကျန်းသင်ပေးတဲ့ ကျင့်ကြံနည်းစနစ်က လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်ထက်တောင် ပိုပြီးအစွမ်းထက်နေနိုင်တယ်လို့ ငါ သံသယဝင်မိတယ်...ဒါပေမဲ့ မင်းက စာကြောင်းတစ်ကြောင်းကိုတောင် မမှတ်မိဘူး...တကယ်လို့ ငါက မင်းကို ကူညီပေးချင်တယ် ဆိုရင်တောင်ငါ ဘာမှမတတ်နိုင်ဘူး"
"သမီး ဘာလုပ်သင့်လဲ"
ယုရှောင်ယွီသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်နေရင်း အတွေးတစ်ခု ရရှိသွားသည်။
"ဂျူနီယာဟုန်ရီက တော်တော်လေး မှတ်မိထားပုံပဲ...သမီးက သူ့ဆီသွားပြီးတော့ သူမှတ်မိသမျှကို ပြန်ရေးပေးဖို့ တောင်းဆိုလိုက်မယ်"
"ကောင်းပြီလေ...မင်း မြန်မြန်သွားတော့"
ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။
ကျောင်းသားသုံးယောက်သည် သင်ခန်းစာကိုနားထောင်ရုံမျှဖြင့် ဤမျှထိ အလွန်တိုးတက်လာသောကြောင့် သူသည် ကျန်းရွှမ် သင်ပြပေးခဲ့သော ကျင့်ကြံနည်းစနစ်အပေါ် သူ သိချင်စိတ်ပြင်းပြနေသည်။
အချိန်တခဏကြာပြီးနောက် ယုရှောင်ယွီသည်စာရွက်တစ်ရွက်ကိုကိုင်ပြီး အခန်းအတွင်းသို့ ပြန်ဝင်လာသည်။ ထိုစာရွက်ပေါ်တွင် မင်များ ယခုထိတိုင် မခြောက်သေးသဖြင့် လောလောလတ်လတ် ရေးသားထားခြင်းဖြစ်သည်မှာ သိသာထင်ရှားပေ၏။
ယုလုံချင်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"ဒါပဲလား....ကြည့်ရတာတော့ သူလည်း အများကြီး မှတ်မိတဲ့ပုံမရဘူး...အများဆုံးအနေနဲ့ ဒါက ကျင့်ကြံနည်းစနစ်တစ်ခုရဲ့ ဆယ်ပုံပုံရင် နှစ်ပုံသုံးပုံပဲ ရှိနိုင်တယ်"
ကျန်းရွှမ် သင်ကြားပေးခဲ့သော နည်းစနစ်အကြောင်းကို သူ မသိရှိသော်လည်း သူသည်စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်အမြောက်အများကို မြင်တွေ့ခဲ့ဖူးသည်။ ထိုကြောင့် ဤကျင့်ကြံနည်းစနစ်များတွင် စာလုံးရေ မည်မျှထိ များများပါဝင်သည် စာကြောင်းရေ မည်မျှထိ ပါဝင်သည်နှင့်ပတ်သufပြီး သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။
ဟုန်ရီ ရေးသားထားသော စာရွက်သည် ပါးလွှာပြီး ထိုအရာပေါ်တွင် စာလုံးရေ ရာဂဏန်းခန့်သာရှိနေသည်။ ဟုန်ရီသည် သူ၏သမီးထက်ပို၍မှတ်မိသည်ဆိုလျှင်ပင် အမြောက်အများမဖြစ်နိုင်ချေ။
"ဒါက ကျင့်ကြံနည်းစနစ်တစ်ခုရဲ့ဆယ်ပုံပုံရင်နှစ်ပုံသုံးပုံပဲ ရှိနိုင်တယ်.. တကယ်လို့ ဒါကိုကျင့်ကြံရင်တောင် အများကြီး အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး.. ငါ တစ်ချက်ကြည့်ပြီးတော့ မင်းအတွက် ပြီးပြည့်စုံအောင်လုပ်ဖို့ ကြိုးစားကြည့်ပေးမယ်.. တကယ်လို့ ငါ ဒါကို ပြည့်စုံအောင် မလုပ်နိုင်ရင် မင်းက လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်ကို ကျင့်ကြံလိုက်တော့...ဒီကျင့်ကြံနည်းစနစ်က ပိုင်ယန်မြို့ထဲမှာ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်အတွက် အကောင်းဆုံးနည်းစနစ်ပဲ...ဒါက ဒီမပြည့်စုံတဲ့ ကျင့်ကြံနည်းစနစ်ထက် အများကြီးပိုအစွမ်းထက်မှာ သေချာတယ်"
ယုလုံချင်းသည် သတ်ပြင်းတစ်ချက်ရှိုက်ပြီး စာရွက်ကို သာမန်ကာလျှံကာယူကာ စတင်၍ ဖတ်ရှုလိုက်၏။
"ကျင့်ကြံတဲ့နေရာမှာ အချက်သုံးချက်ကိုအာရုံစိုက်ပြီးတော့ အချက်သုံးချက်ကိုလစ်လျူရှုရမယ်...ဒီသဘောတရားက တော်တော်လေးဆန်းသစ်တယ်....ရင်းမြစ်စွမ်းအားကို အပ်ချည်တစ်မျှင်စာပမာဏထိ ထိန်းချုပ်ပြီးတော့ အတားအဆီးနေရာတွေကို ထွင်းဖောက်ရမယ်.... ဒါက...."
ယုလုံချင်း အံ့အားသင့်သွားသည်။ သူသည် မူလက ဤနည်းစနစ်၏အားနည်းချက်များကို ဖြည့်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ပထမစာကြောင်းကို ဖတ်ရှုရုံမျှဖြင့် သူ ကြက်သေသေသွားခဲ့သည်။
အကယ်၍ ယခင် ကျင့်ကြံနည်းစနစ်များသည်ရေအတွင်း၌ ရောင်ပြန်ဟပ်နေသော လမင်းကြီးသို့မဟုတ် ကြေးမုံမှန်အတွင်းရှိ ပန်းများဆိုပါက ဤနည်းစနစ်သည် လမင်းကို သူ၏ရှေ့၌ ချထားပြီး ပန်းများကို သူ၏လက်ပေါ် တင်ထားပေးခြင်းနှင့် တူညီသည်။ ဤနည်းစနစ်သည် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်၏အနှစ်သာရကို တိုက်ရိုက်ထုတ်ဖော်နိုင်သဖြင့် သူ့ကဲ့သို့ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသူ တစ်ယောက်ပင်လျှင် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားသည်။
"မရီဒါန်းတွေထဲက အတားအဆီးကို ချိုးဖျက်တဲ့အချိန်မှာ ရင်းမြစ်စွမ်းအားကို ညင်ညင်သာသာ အသုံးပြုရမယ်...အသေးစိတ်နည်းလမ်းကတော့...."
ယုလုံချင်းသည် ဤနည်းစနစ်ကို ပို၍ဖတ်မိလေလေ သူ၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်လာလေလေပင်။ ယခင်က ဤနည်းစနစ်သည် ဆယ်ပုံပုံလျှင် နှစ်ပုံသုံးပုံခန့်သာရှိမည်ဖြစ်သောကြောင့် သူတို့မိသားစု၏ လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်က ပို၍သာလွန်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူ၏မျက်လုံးများအတွင်းတွင် ဤအရာနှစ်ခုသည် အဆင့်တူညီလုနီးပါး ဖြစ်နေလေပြီ။
ကျောင်းသားတစ်ယောက်မှ မှတ်မိခဲ့သော တစ်စိတ်တစ်ပိုင်းဖြစ်ကာ အမှားအမှန်ဝေခွဲ၍ မရသေးသည့်တိုင် ဤနည်းစနစ်သည် ပိုင်ယန်မြို့၏ နံပါတ်တစ်နည်းစနစ်နှင့် ယှဉ်ပြိုင်နိုင်ပေ၏။ ဤသည်မှာ အလွန်မယုံကြည်နိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
ထိုထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသောကိစ္စမှာ ယခုအချိန်ထိ သူသည် စာရွက်၏ငါးပုံတစ်ပုံကိုသာ ဖတ်ရသေးခြင်းပင်။
"အဖေ....ဆရာကျန်းသင်ပေးတဲ့ ကျင့်ကြံနည်းစနစ်က ဘယ်လို အခြေအနေရှိလဲ"
သူမဖခင်၏မျက်နှာသည် အနီရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားကာ သူ မည်သည့်အရာအား တွေးတောနေသည်ကို မသိရှိသဖြင့် ယုရှောင်ယွီက မေးမြန်းလိုက်သည်။
"မင်း...မင်း...ဘယ်လို အခွင့်အရေးတစ်ခုကို မင်း လွဲချော်သွားခဲ့တယ်ဆိုတာ မင်း သိလား"
ယုလုံချင်းက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ယုရှောင်ယွီသည် ဇဝေဇဝါ ဖြစ်သွားလေ၏။
ယုလုံချင်းက သက်ပြင်းတစ်ချက်ရှိုက်ပြီး ရှင်းပြသည်။
"ဒါက မဟာတာအိုကို တိုက်ရိုက်လမ်းညွှန်ထားတဲ့ ကျင့်ကြံနည်းစနစ်ပဲ...ဒီနည်းစနစ်က မယုံနိုင်လောက်အောင်ကို အံ့အားသင့်စရာကောင်းတယ်.... ဒါက စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် ကျင့်ကြံသူတွေအတွက် အကူအညီဖြစ်ရုံတင်မကဘူး ငါ့အတွက်တောင် ကြီးမားတဲ့ အထောက်အကူတစ်ခု ရစေတယ်... ဒီလိုအဆင့်မြင့်တဲ့ ကျင့်ကြံနည်းစနစ်တစ်ခုကို နောက်မှကျင့်ကြံတာထက် အတန်းထဲမှာတိုက်ရိုက်သင်ယူတာက ပိုပြီးအကျိုးသက်ရောက်မှုရှိတယ်"
အစွမ်းထက်သော ကျင့်ကြံနည်းစနစ်တစ်ခုတွင် သီးသန့် 'စိတ်ဝိညာဉ်အလင်းတန်း' ပါရှိသည်။ ဤအရာကို ခံစားမိပါက ကျောင်းသားများသည် အင်အားတစ်ဝက်စိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိနိုင်သည်။ သူတို့သည် စာသင်ခန်းအတွင်း၌ လေ့ကျင့်ပါက ရေအတွင်း၌ ကူးခတ်နေသော ငါးများအလား ချောမွေ့နေကာ အလွန်အမင်း ကြိုးစားအားထုတ်နေရန် လိုအပ်မည်မဟုတ်ချေ။
ဤသည်မှာ မြို့အရှင်အိမ်တော်နှင့် တခြားထိပ်သီးမိသားစုသုံးစုသည် သူတို့ထံ၌ အစွမ်းထက်သော အမွေအနှစ်များရှိနေသော်လည်း သူတို့၏တိုက်ရိုက်မျိုးဆက်များကို လေ့ကျင့်ရန်အတွက် ကျောင်းတော်မှ ဆရာများထံ ပို့ဆောင်သော အဓိကအချက်ပင်။
ဤကဲ့သို့ စိတ်ဝိညာဥ်အလင်းတန်းကို ကောင်းကင်ဘုံ၏ကောင်းချီးပေးခြင်းကို ခံရသော ကျောင်းတော်ကဲ့သို့ နေရာများတွင်သာ ရရှိနိုင်ပြီး တခြားနေရာများတွင် ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။
'ဆရာကျန်းရဲ့ကျင့်ကြံနည်းစနစ်က အရမ်းအစွမ်းထက်တယ်..သူ စာသင်နေတဲ့အချိန်မှာ စိတ်ဝိညာဉ်အလင်းတန်းကို ထုတ်လွှတ်ခဲ့တယ်ဆိုတာ သေချာတယ်....ဒါကြောင့် ယွီအာက မကျင့်ကြံဘဲနဲ့တောင် သူ့ရဲ့ခွန်အား တိုးလာတာပဲ ....တကယ်လို့ အဲ့ဒီအချိန်မှာသာ သူက အာရုံစူးစိုက်ပြီး နားထောင်ခဲ့ရင် အကျိုးကျေးဇူးက လဝက်လောက် ပင်ပင်ပန်းပန်းကျင့်ကြံတာထက် ပိုပြီးသာလွန်လိမ့်မယ်....သူက ဒီလိုအခွင့်အရေးတစ်ခုကို လွဲချော်သွားခဲ့တယ်... ဒီကောင်မလေးကတော့ တကယ့်ကို....'
"တကယ်လို့ အဖေက သမီးကို ဒီကျင့်ကြံနည်းစနစ် ရှင်းပြရင်လည်း အဲ့ဒီလို အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ဘူးလား"
ယုရှောင်ယွီသည် ဤကိစ္စများကို မသိရှိသဖြင့် စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"ငါ့ဖင်ကြီးကိုပဲ ရှင်းပြလိုက်မယ်...ငါ့မှာ အဲ့ဒီလောက်ထိ အရည်အချင်းမရှိဘူး"
ယုလုံချင်း၏မျက်နှာ နီမြန်းနေသည်။
"မင်းက ဒီစာရွက်ပေါ်မှာ ရေးထားတဲ့အတိုင်း လေ့ကျင့်တော့..လားရာငါးသွယ်စွမ်းအင်စုစည်းခြင်းနည်းစနစ်က ဒီနည်းစနစ်ကို မယှဥ်နိုင်ဘူး"
သူသည် အလွန်သန်မာအားကောင်းကာ ပိုင်ယန်မြို့အတွင်း၌ အစွမ်းထက်ဆုံးကျင့်ကြံသူဟုယူဆနိုင်သော်လည်း ဤကျင့်ကြံနည်းစနစ်အပေါ် နားလည်သဘောပေါက်ရန်အတွက် ရုန်းကန်နေရဆဲပင်။ ဆိုလိုသည်မှာ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ကို ကျင့်ကြံရာ၌ သဘောတရားအရာတွင် သူသည် ကျန်းရွှမ်ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ခြင်းပင်။
သူသည် ယခင်က မောက်မာထောင်လွှားစွာဖြင့် ဤနည်းစနစ်မှ အားနည်းချက်များကို ဖြည့်ပေးမည်ဟု ပြောခဲ့သည်မှာ မည်မျှထိ ရယ်ရွှင်ဖွယ်ကောင်းသနည်း။
'ငါ့ဖင်ကြီးကိုပဲ ဖြည့်လိုက်တော့'
သို့ရာတွင် လွန်ခဲ့သော နှစ်ရက်အကြာက ရင်းမြစ်ရေအိုင်ကို မည်ကဲ့သို့ ဖွင့်ရမည့်အား မသိရှိသည့်အပြင် မည်ကဲ့သို့ ကျင့်ကြံရမည်ကိုလည်း မသိရှိသော လူတစ်ယောက်သည် တရက်တည်းဖြင့် ဤကဲ့သို့ အစွမ်းထက်သော ကျင့်ကြံနည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့သလော။ ဤသည်မှာ အစစ်အမှန်လူသားတစ်ယောက်၏ ပါရမီအရည်အချင်း ဟုတ်နိုင်ပါသလော။
သူသည် ကျန်းရွှမ်အား ရင်းမြစ်ဒင်္ဂါးသုံးသိန်း လက်ဆောင်ပေးနိုင်မည့် အခွင့်အရေးကို ချန်းရှောင်မှ လုယူသွားခဲ့သည်။ ထိုကြောင့် သူသည် ကျန်းရွှမ်ထံမှ မျက်နှာသာရရှိစေရန် ပို၍ကောင်းမွန်သော အခွင့်အရေးတစ်ခုကို ရှာဖွေရပေမည်။
သူမဖခင်၏စကားကို ကြားချိန်တွင် ယုရှောင်ယွီသည် တွေဝေတုံ့ဆိုင်းမနေတော့ချေ။ သူမသည် စာရွက်ကိုယူပြီး အချိန်တခဏကြာခန့် လေ့လာပြီးနောက် ပလ္လင်ခွေထိုင်လိုက်၏။
ဝုန်း...
သူမ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများသည် စွမ်းအားများဖြင့် အားဖြည့်ခြင်းခံရပြီးနောက် တစတစပို၍အားကောင်းကာ ကြမ်းတမ်းလာသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှ အရှိန်အဝါနှင့်စွမ်းအားများသည်လည်း ပို၍ကြီးထွားလာပေ၏။
ယုလုံချင်းသည် သူ၏သမီးဖြစ်သူ စတင်ကျင့်ကြံနေသည်ကို ကြည့်ပြီး မတ်တတ်ထရပ်ကာ အခန်းအတွင်းမှ ထွက်ခွာခဲ့တော့သည်။
သားရဲယဥ်ပါးစေခြင်း၌ ထူးချွန်ခြင်း မီးပြင်းဖိုထွန်းညှိပေးနိုင်ခြင်းအပြင် ဤကဲ့သို့ မယုံနိုင်ဖွယ်ကောင်းသော နည်းစနစ်ကိုပင် ပေါ့ပေါ့ပါးပါး သင်ကြားပေးနိုင်သည့်အတွက် ဤကျန်းရွှမ်သည် သူ တွေးထင်ထားသည်ထက် ပိုပြီး ထူးခြားသောလူ ဖြစ်နေနိုင်သည်။
'မဟုတ်သေးဘူး...ငါက သူနဲ့ ဆက်ဆံရေးကောင်းရတစ်ခုရအောင် တည်ဆောက်ရမယ်...နည်းနည်းလေးတောင် ပေါ့ဆလို့မဖြစ်ဘူး'