ခုံးရှီနှင့် ဆက်သွယ်ခြင်း(၃)
Vol. 7 Ch. 96
ယုလုံချင်းက ထိုအကြောင်းကို တွေးတောရင်းအကြံပေးလျှောင်ကိုကြည့်ကာ ပြောဆိုလိုက်သည်။
"ဆရာကျန်းရဲ့စာသင်ခန်းကို သွားပြီးစောင့်ကြည့်နေစမ်း...သူ အဲ့ဒီနေရာကနေ ထွက်သွားတာနဲ့ ငါ့ကို ချက်ချင်းအသိပေးပါ"
"ဟုတ်ကဲ့....""
အကြံပေးလျှောင်က ခေါင်းညိတ်ပြပြီး ထွက်ခွာသွားလေ၏။
...
ထိုအချိန်တွင် လျှူထျန်ကျန်းသည်လည်း သူ၏သမီးဖြစ်သူ လျှူမင်ယွဲ့၏အခန်းအတွင်းသို့ရောက်ရှိနေသည်။ သူသည် သူမ ချရေးလိုက်သော ကျင့်ကြံနည်းစနစ်ကိုကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"ဒီနည်းစနစ်ကိုကြည့်ရတာ ငါတို့မိသားစုရဲ့ ဖူယောင်စွမ်းအင်စုစည်းခြင်း နည်းစနစ်လောက် ကောင်းတဲ့ပုံမရဘူး"
လျှူမင်ယွဲ့က အနည်းငယ်ရှက်ရွံနေသောအမူအယာဖြင့် ရှင်းပြသည်။
"သမီးက အများကြီး မမှတ်မိဘူးဖြစ်နိုင်တာတော့ ဒါက နည်းစနစ်ရဲ့ တစ်ရာပုံရင်တစ်ပုံလောက်ပဲ ရှိနိုင်တယ်"
လျှူထျန်ကျန်းက တုံ့ပြန်သည်။
"နည်းစနစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ကြည့်ရုံနဲ့အရည်အသွေးကို ခန့်မှန်းနိုင်ပါတယ်...ဆရာကျန်း မင်းကိုပေးလိုက်တဲ့ စာရွက်ကို တစ်ချက်ကြည့်ရအောင်"
"အဖေ...ခဏနေအုံး...."
လျှူမင်ယွဲ့က အလျင်အမြန် ကြားဖြတ်ဟန့်တားလိုက်သည်။
"ဆရာကျန်းက အဲ့ဒီစာကို မနက်ဖြန် အတန်းမစခင်အထိ ဖွင့်မကြည့်ရဘူးလို့ ပြောထားတယ် မဟုတ်လား"
"အဓိပ္ပာယ်မရှိတာတွေ....ဒါက ကလေးကလားအကွက်တွေပဲ... ဒီစာရွက်ကို အခု ကြည့်လိုက်လို့လည်း ဘာထိခိုက်မှုမှ ရှိမှာမဟုတ်ဘူး"
လျှူထျန်ကျန်းသည် သူ့သမီး၏စိုးရိမ်ပူပန်မှုများကို ပယ်ချလိုက်ပြး သူမ၏အင်္ကျီအိတ်အတွင်းသို့ လက်လှမ်းကာ ပိုးသားအိတ်ကို ထုတ်ယူလိုက်သည်။ သူသည် ထိုအရာကို သာမန်ကာလျှံကာ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ စာရွက်ခေါက်တစ်ခု ရှိနေသည်။
သူ ထိုစာရွက်ကို ဖြန့်ကြည့်လိုက်ချိန်၌ စာကြောင်းတစ်ကြောင်း ရေးသားထားသည်ကို တွေ့မြင်မိလေ၏။
"မင်းရဲ့ခွန်အားကို ၁.၂ထိတိုးအောင် လုပ်နိုင်ရင် မင်း ငါ့တပည့် ဖြစ်နိုင်တယ်"
လျှူထျန်ကျန်းက မယုံကြည်နိုင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"မင်းရဲ့အခုလက်ရှိခွန်အားက ၀.၆... ၁.၂ဆိုတာ သူက မင်းကို နှစ်ဆတိုးအောင်လုပ်ဖို့ တောင်းဆိုထားတာပဲ...ဒါက တစ်ညတည်းနဲ့ နှစ်ရာရာခိုင်နှုန်းမြင့်တက်လာအောင် လုပ်ရမှာပဲ...သူ ဒါကို တကယ်ကြီး ပြောနေတာလား"
"နှစ်ရာရာခိုင်နှုန်းလား...."
လျှူမင်ယွဲ့သည်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားသည်။
အတန်းချိန်အတွင်းတွင် သူမ၏ခွန်အားငါးဆယ်ရာခိုင်နှုန်းမြင့်တက်လာသော်လည်း ဤသည်မှာ ဤကျင့်ကြံနည်းစနစ်ကို ပထမဆုံးအကြိမ်လေ့ကျင့်ခြင်းကြောင့် အစောပိုင်း တိုးတက်မှုတစ်ခုပင်။ ဒုတိယအကြိမ်ကျင့်ကြံမှုတွင် တူညီသောတိုးတက်မှုမျိုး ရှိလာရန် မျှော်လင့်၍မရချေ။ အထူးသဖြင့် ဤအခြေခံတိုးတက်မှုထက်ပို၍မြင့်မားအောင် လုပ်ရမည်မှာ ဖြစ်နိုင်ချေ မရှိသောကိစ္စပင်။
"ဒီကောင်က ဟာသတွေ လုပ်နေတာလား...သူက တခြားလူတွေ မသိနိုင်တဲ့ လှည့်ကွက်တချို့ကို သုံးပြီးတော့ မင်းရဲ့ခွန်အားကို မြင့်တက်လာအောင် လုပ်လိုက်ပုံရတယ်...ဒါပေမဲ့ ဒါက သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတစ်ခုဆိုတာ ငါ လောင်းကြေးထပ်ရဲတယ်"
လျှူထျန်ကျန်းက ဝေဖန်သုံးသပ်လိုက်သည်။
"သမားရိုးကျ မဟုတ်တာလား...."
လျှူမင်ယွဲ့က မေးမြန်းသည်။
"အမှန်ပဲ ဒါက သမားရိုးကျ မဟုတ်ဘဲ အဓိကလမ်းကြောင်းနဲ့ မကိုက်ညီတဲ့ နည်းစနစ်မျိုးပဲ.. တကယ်လို့ ဒါကို ကြာရှည်ကျင့်ကြံမယ်ဆိုရင် ကျင့်ကြံဆင့် ကစဉ့်ကလျားဖြစ်သွားတဲ့ ပြဿနာမျိုးတွေ ဖြစ်လာနိုင်တယ်...မင်း ဒီနည်းစနစ်ကို ဆက်ပြီးမကျင့်ကြံတာ ပိုကောင်းလိမ့်မယ်...အဲ့ဒီအစား သင့်တော်တဲ့ နည်းစနစ်တစ်ခုကို စွဲစွဲမြဲမြဲ ကျင့်ကြံသင့်တယ်"
လျှူထျန်ကျန်းက အကြံပေးသည်။
"ဒါဆိုရင် သမီးက ဘာကိုကျင့်ကြံသင့်လဲ""
လျှူမင်ယွဲ့က မေးမြန်းသည်။
"ငါက မင်းကို လျှူမိသားစုရဲ့ လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ဖူယောင်စွမ်းအင်စုစည်းခြင်းနည်းစနစ်ကို သင်ပေးမယ်....ဒါက မြို့အရှင်ရဲ့ လားရာငါးသွယ်စွမ်းအင်စုစည်းခြင်းနည်းစနစ်လောက် အစွမ်းမထက်ပေမယ့် အရမ်းမကွာဘူး...မင်း ကြိုးကြိုးစားစားကျင့်ကြံရင် တစ်လအတွင်းမှာ မင်းရဲ့ခွန်အားက မြင်းကောင်ရေ၁.၂ကို ရောက်သွားနိုင်တယ်"
လျှူထျန်ကျန်းက သူ၏သမီးဖြစ်သူကို အာမခံလိုက်သည်။
"တစ်လလား...ဒါက အရမ်းမကြာဘူးလား...ဒါဆိုရင် ဟုန်ရီက ဘယ်လိုလုပ်ပြီးတော့ စာသင်ချိန်တစ်ချိန်တည်းနဲ့ သူ့ရဲ့ခွန်အားက နှစ်ဆတိုးလာတာလဲ"
လျှူမင်ယွဲ့က ဇဝေဇဝါဖြင့် မေးမြန်းသည်။
"သူ့ရဲ့အခြေခံခွန်အားက အရမ်းအားနည်းတာကြောင့် နှစ်ဆတိုးလာဖို့အတွက် စွမ်းအားအများကြီး မလိုဘူး....ဒါပေမဲ့ မင်းမှာ မြင်းကောင်ရေ၀.၆ခွန်အား ရှိပြီးသား ဖြစ်တာကြောင့် တစ်ညတည်းနဲ့ မင်းက ၁.၂ကို ရောက်နိုင်မှာလား... ဒါက မဖြစ်နိုင်ဘူး...အိပ်မက်မက်နေတာကိုရပ်ပြီးတော့ ငါ့ရဲ့အကြံကို လိုက်နာလိုက်ပါ...မင်း ဖူယောင်စွမ်းအင်စုစည်းခြင်း နည်းစနစ်ကို ကျင့်ကြံတာက အမှန်ကန်ဆုံးလမ်းကြောင်းပဲ"
လျှူထျန်ကျန်းက အလျှော့မပေးဘဲ သူ၏လက်ကိုဝှေ့ယမ်းပြီး ပြတ်ပြတ်သားသား ပြောဆိုသည်။
လျှူမင်ယွဲ့သည် သူမဖခင်၏လမ်းညွှန်ချက်များကို အစဥ်အမြဲ လိုက်နာခဲ့သူ ဖြစ်သောကြောင့် အနည်းငယ်ခန့် တွေဝေနေသော်လည်း ငြင်းဆန်ခြင်း မပြုတော့ချေ။ သူမသည် ပလ္လင်ခွေထိုင်ပြီး သူ၏လမ်းညွှန်ချက်များကို နားထောင်ရန် အာရုံစိုက်လိုက်၏။
ရင်းမြစ်ရေအိုင်နယ်ပယ် သတ္တမအဆင့်ကျင့်ကြံသူဖြစ်သော လျှူထျန်ကျန်း၏စွမ်းအားသည် ကျောင်းအုပ်ကြီးလုနှင့် အလွန်အလှမ်းကွာဟခြင်းမရှိချေ။ ထို့ကြောင့် အခြေခံဖြစ်သော ရင်းမြစ်စွမ်းအင် သိုလှောင်ခြင်းနယ်ပယ်အတွက် သင်ကြားပေးရန်မှာ သူ့အတွက် အလွန်လွယ်ကူသည်။
"သူက မြင်းတွေကို ယဥ်ပါးစေတာမှာ ထူးချွန်တာနဲ့ သူ သင်ကြားရာမှာ ထူးချွန်မယ်လို့ မဆိုလိုဘူး...ဘယ်လောက်တောင် ရယ်ဖို့ ကောင်းလိုက်လဲ....တည်တည်ငြိမ်ငြိမ် ကျင့်ကြံတာက အမှန်ကန်ဆုံးလမ်းကြောင်း ဖြစ်ပြီးတော့ တခြားအရာတွေက လမ်းမှားတယ်ဆိုတာ ငါက အားလုံးရှေ့မှာပြရမယ်"
...
သူ့တပည့်နှစ်ယောက်၏ မတူကွဲပြားသောချဉ်းကပ်ပုံများကို သတိမပြုမိဘဲ ကျန်းရွှမ်သည် စာသင်ခန်းအတွင်း၌ ပလ္လင်ခွေထိုင်ကာ သန့်စင်ပြီးသော ရင်းမြစ်စွမ်းအင်များကိုသူ၏ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံးမရီဒါန်းနှင့် ချိတ်ဆက်လိုက်သည်။
ဘုန်း....
သူ့၏ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ကျယ်လောင်သောအသံတစ်သံ ပဲ့တင်ထပ်သွားသည်။ သူ့၏နောက်ဆုံးမရီဒါန်းကို အပြည့်အဝထိန်းညှိပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်း၌ စွမ်းအားများစီးဆင်းမှု ချောမွေ့သွားကာ ပြီးပြည့်စုံသော ပတ်လမ်းကြောင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ကျန်းရွှမ်၏အရှိန်အဝါများ တလိမ့်လိမ့်ထလာကာ သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် စတုတ္ထဆင့်ဖြစ်သော ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အရိပ်အယောင်များ ပြသနေပေ၏။
နှစ်ရက်ကြာကျင့်ကြံပြီးနောက် သူ့၏အတွင်းဒဏ်ရာများ အပြည့်အဝ ကောင်းမွန်သွားရုံသာမက သူ့၏ကျင့်ကြံဆင်လည်း မြင့်တက်လာခဲ့သည်။
"ငါ့ရဲ့ခွန်အားက ဘယ်လောက်ရှိနေပြီလဲဆိုတာ ငါ သိချင်တယ်"
ထိုအတွေးက ကျန်းရွှမ်၏စိတ်အတွင်းတွင် ထွက်ပေါ်လာသည်။
ယုရှောင်ယွီထံ၌ မြင်းကောင်ရေ၀.၅ခွန်အားရှိပြီး လျှူမင်ယွဲ့ထံ၌ ၀.၆ရှိလေရာ သူ၏ခွန်အားသည် မည်သို့ ရှိနိုင်သနည်း။
သူ၏ကိုယ်ပိုင်ကမ္ဘာအတွင်း၌ အုပ်ချုပ်သူအရှင်ဖြစ်သော သူ့အနေဖြင့် တောင်များနှင့်ပင်လယ်များကို ရွှေ့ပြောင်းနိုင်ကာ ခြေတစ်လှမ်းဖြင့် အလွန်ဝေးကွာသောနေရာသို့ ကူးပြောင်းနိုင်သည်။ သူ၏စွမ်းအားသည် အကန့်အသက်မဲ့ကာ ထိုလောက၏စံသတ်မှတ်ချက်များဖြင့် တိုင်းတာ၍မရချေ။ သို့ရာတွင် ရင်းမြစ်ကမ္ဘာအတွင်း၌ ဤကဲ့သို့ စွမ်းအားမျိုးကို အသုံးပြုပါက ဤကမ္ဘာ၏မိုးကောင်းကင်တာအိုမှ မလွဲမသွေထောက်လှမ်းမိပြီး သူ့အား သတ်ဖြတ်ချေမှုန်းပေမည်။
ထို့ကြောင့် သူ ဤနေရာ၌ အသုံးပြုနိုင်သောစွမ်းအားသည် လွန်ခဲ့သော နှစ်ရက်အတွင်းတွင် ရင်းမြစ်ကမ္ဘာအတွင်း၌ သူ ကျင့်ကြံခဲ့သော စွမ်းအားအပေါ်တွင် မူတည်သည်။ ယခုအချိန်၌ သူ စမ်းသပ်လိုသည်မှာ သူ့၏ကိုယ်ပိုင်ကမ္ဘာမှစွမ်းအားများကို ထုတ်ယူခြင်းမပြုဘဲ အသုံးပြုနိုင်သည့် သူ၏အမြင့်ဆုံးခွန်အားပင်။
"ဒီကမ္ဘာရဲ့သတ်မှတ်ချက်အရဆိုရင် စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်မှာ အမြင့်ဆုံးရောက်နိုင်တဲ့ခွန်အားက မြင်းကောင်ရေငါးလောက်ထိ ရှိနိုင်တယ်...ငါက ခုဏကမှ ကျင့်ကြံဆင့်ချိုးဖျက်ခဲ့တာဆိုတော့ အဲ့ဒီအဆင့်လောက်မှာ ရှိနေနိုင်တယ်"
စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်တွင် သန့်စင်ထားသော ရင်းမြစ်စွမ်းအားများကို မရီဒါန်းများဖြင့် ချိတ်ဆက်ပြီးနောက် တစ်စုံတစ်ယောက်သည် မြင်းကောင်ရေငါးခွန်အားရှိသည့် အစစ်အမှန် ရင်းမြစ်စစ်သည်တော်တစ်ယောက် ဖြစ်လာပေမည်။
သို့ရာတွင် ကျန်းရွှမ်၏အခြေအနေသည်ထူးခြားပေ၏။ တခြားလူများသည် ရင်းမြစ်ရေအိုင်အပေါ်တွင်မှီခိုနေရသော်လည်း သူသည်အစားထိုးပစ္စည်းအဖြစ် ကမ္ဘာငယ်လေးကိုအသုံးပြုခဲ့သည်။ ဤအချက်သည် သူ၏ခွန်အားအပေါ် သက်ရောက်မှုရှိမရှိကို သူ စောင့်ကြည့်ရပေမည်။
သူသည် မတ်တတ်ထရပ်ပြီး စာသင်ခန်းအတွင်းရှိ ခွန်အားစမ်းသပ်တိုင်အနီးသို့ ချဉ်းကပ်လိုက်၏။
ဤဝင်္ကပါသည် ပါမောက္ခကုန်းမြေရှိ ခွန်အားစမ်းသပ်တိုင်များဖြင့် တူညီပြီး လက်သီးတစ်ချက်ဖြင့် တစ်စုံတစ်ယောက်၏ခွန်အားအပြည့်အဝကို တိုင်းတာပေးနိုင်သည်။
ဝင်္ကပါကို အသက်သွင်းပြီးနောက် ကျန်းရွှမ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ ရင်းမြစ်စွမ်းအားများကို သူ၏မရီဒါန်းများထံသို့ဖြတ်သန်းစီးဆင်းစေပြီး အစွမ်းထက်သောလက်သီးတချက်ကို ထိုးနှက်လိုက်သည်။
ဝှစ်....
လေထုအတွင်းသို့ ကြာပွတ်ဖြင့်ရိုက်နှက်လိုက်သည့်အလား ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ ခွန်အားစမ်းသပ်တိုင် တုန်ခါသွားပြီးနောက် တစ်ဆယ်ဟူသောနံပါတ်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
သူ့ထံတွင် ခွန်အား မြင်းကောင်ရေ၁၀ကောင် ရှိနေပေ၏။
ဤသည်မှာ ပုံမှန်စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားနှစ်ဆရှိပြီး ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြင့်ပင် ယှဉ်ပြိုင်နိုင်သည်။
အမှန်အားဖြင့် ဤသည်မှာ ရင်းမြစ်စွမ်းအားများကို ကျင့်ကြံခြင်းမှ သူ ရရှိလာသော ရုပ်ပိုင်းဆိုင်ရာခွန်အားသက်သက်ပင်။ ယခုအချိန်တွင် သူ၏ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားပြီဖြစ်သောကြောင့် သူ ဤထက်ပို၍ လုပ်ဆောင်နိုင်သည်။
ဆုရှင်းကို မတော်တဆသတ်မိသည့် အချိန်မှစတင်၍ ကျန်းရွှမ်သည် သူ၏ကမ္ဘာသစ်နှင့်ရင်းမြစ်ကမ္ဘာကြားမှ ဆက်သွယ်ချက်ကို အစဉ်အမြဲလေ့လာခဲ့သည်။ သူ၏ကမ္ဘာသစ်အတွင်းတွင် ရှိနေသော တောင်များ မြစ်များနှင့် လေဟာနယ်၏စွမ်းအားကို အသုံးပြုနိုင်ရန် နည်းလမ်းအမျိုးမျိုးကို လေ့လာခဲ့သည်။
"အခု ကမ္ဘာသစ်ရဲ့စွမ်းအားကို စမ်းသပ်ကြည့်ရမယ်...အဲ့ဒီလိုလုပ်မှာသာ ငါ ရှေ့ဆက်ကြုံလာနိုင်တဲ့ ရန်သူတွေကို ရင်ဆိုင်တဲ့အချိန်မှာ ပိုကောင်းတဲ့နည်းလမ်းတွေ ရှိလာနိုင်တယ်"
ကျန်းရွှမ်က မျက်ခုံးပင့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကမ္ဘာသစ်အတွင်းရှိ တောင်များလောင်ကျွမ်းသွားကာ သူ၏မရီဒါန်းအတွင်းသို့ ကြီးမားကျယ်ပြန့်သော ရင်းမြစ်စွမ်းအားများ စီးဝင်လာသည်။
ဘုန်း....
ဤတစ်ကြိမ်တွင် သူ၏လက်သီးချက်သည် ကြည်လင်ပြတ်သားသော ကြာပွတ်သံနှင့် မတူညီဘဲ မိုးခြိမ်းသံတစ်သံအလား ဖြစ်နေသည်။
စမ်းသပ်ဝင်္ကပါတိုင်သည် တုန်ခါသွားပြီးနောက် ထိုအရာပေါ်၌ ကိန်းဂဏန်းများ အလွန်လျှင်မြန်စွာ ဖြတ်ပြေးသွားကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တစ်ဆယ်မှ ကိုးဆယ့်ကိုးသို့ မြင့်တက်သွားသည်။ ထို့နောက်ကျယ်လောင်သော အက်ကွဲသံတစ်သံနှင့်အတူ ခွန်အားစမ်းသပ်တိုင်သည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပြီး အခန်းအတွင်း၌ ပြန့်ကျဲသွားသည်။
သူသည် လက်သီးတစ်ချက်ဖြင့် ခွန်အားစမ်းသပ်တိုင်ကို ဖျက်ဆီးခဲ့မိလေသည်။
သို့ရာတွင် ကျန်းရွှမ်သည် ဤကြီးမားသောစွမ်းအားကြောင့် သူ၏မရီဒါန်းများ စုတ်ပြဲသွားသည်ကို ချက်ချင်းခံစားမိသည်။ ဤရင်းမြစ်စွမ်းအားများသည် သူ့ကို အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲရန် ကြိုးစားနေသည့်အလားပင်။ အထက်မိုးကောင်းကင်ယံတွင်ပင် မိုးကြိုးများစုဝေးလာပုံရသည်။
ကျန်းရွှမ်က ဤသည်မှာ ရင်းမြစ်ကမ္ဘာ၏မိုးကောင်းကင်တာအိုသည် မူမမှန်သောအရာတစ်ခုကို ဖျက်ဆီးရန် ကြိုးစားခြင်းဖြစ်ကြောင်း နားလည်သွားသည်။ ထိုကြောင့် ကျန်းရွှမ်သည် ကမ္ဘာသစ်ကို လောင်ကျွမ်းခြင်းမှ ထုတ်လွှတ်ထားသော စွမ်းအားများကို အလျင်အမြန် ပြန်ရုတ်သိမ်းကာ ရင်းမြစ်စွမ်းအင်သီးသန့်ကို ပြန်လည်အသုံးပြုလိုက်သည်။
အချိန်တခဏကြာပြီးနောက် ထိုဖိအားအရှိန်အဝါ ပျက်ပြယ်သွားသည်။
နောက်ဆုံး၌ ကျန်းရွှမ်သည် သူ့ကိုယ်သူ စစ်ဆေးကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှိုက်လိုက်၏။
ဤလက်သီးချက်တစ်ချက်ဖြင့် တောင်ဆယ်လုံးနှင့်မြစ်ငါးစင်း လောင်ကျွမ်းသွားခဲ့သည်။ ထိုအရာတစ်ခုစီသည် မိုင်ထောင်ပေါင်းများစွာရှည်လျားသဖြင့် ယခုချိန်တွင် ကမ္ဘာငယ်အတွင်း၌ ဗလာဟင်းလင်းဖြစ်သွားသော နေရာအမြောက်အများ ကြွင်းကျန်ခဲ့သည်။
"ငါက မလိုအပ်ဘဲနဲ့ ဒီစွမ်းအားကို မသုံးသင့်ဘူးဆိုတာ ရှင်းနေပြီ"
ကျန်းရွှမ်က ခါးသည်းသောအပြုံးနှင့် ညည်းတွားလိုက်သည်။
ကမ္ဘာသစ်သည် သူ၏ခန္ဓာကိုယ်နှင့် တသားတည်းဖြစ်ပေ၏။ အကယ်၍ ထိုအရာ အပြည့်အဝ လောင်ကျွမ်းသွားပါက သူသေဆုံးသွားကာ ပြန်လည်ရှင်သန်နိုင်ရန် မည်သည့်မျှော်လင့်ချက်မျှ ရှိမည်မဟုတ်ချေ။ သူ ရင်းမြစ်ကမ္ဘာအတွင်း၌ ရှိနေသရွေ့ ဤကမ္ဘာ၏စွမ်းအားကိုသာ မှီခိုရပေမည်။ အလွန်ဆိုးဝါးသောအခြေအနေသို့ ရောက်ရှိမှသာ သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်အသုံးပြုရပေမည်။ သိုသိုသိပ်သိပ်အနေအထားကို ထိန်းသိမ်းရန်သည်သူ၏အဓိကရည်မှန်းချက်ပန်းတိုင် ဖြစ်နေဆဲပင်။
"သူတို့ ဘာလုပ်နေလဲဆိုတာ ငါ ကြည့်အုံးမယ်"
ယခုအချိန်တွင် သူ၏ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာကာ အတိုင်းအတာတစ်ခုထိ သူ့ကိုယ်သူ ကာကွယ်နိုင်ပြီ ဖြစ်သောကြောင့် ကျန်းရွှမ်သည် တခြားကိစ္စများကို စစ်ဆေးရန် အချိန်ကျပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သူသည် လက်ညှိုးညွှန်လိုက်ရာ ထိုအရာမှနေ၍ ဓားချီတစ်လှိုင်း ထွက်ပေါ်လာသည်။
"မိုးနဲ့မြေ အဆုံးသတ်သွားရင်တောင် နာကြည်းမုန်းတီးမှုတွေက ဘယ်တော့မှ မပျက်ပြယ်ဘူး""
ကောင်းကင်လမ်းနည်းစနစ်ဖြစ်သော အတိတ်ဒုက္ခ ကောင်းကင်လမ်းဓားနည်းစနစ်ကို သူ အသုံးပြုလိုက်သည်။
သူ့၏ရှေ့၌ ဓားအလင်းတန်းစုပ်ဝဲတစ်ခု ထွက်ပေါ်လာကာ အချိန်နှင့်လေးဟာနယ်၏အကန့်အသတ်ကို ချိုးဖျက်ပြီး ရင်းမြစ်ကမ္ဘာ၏ကြီးမားသောအကွာအဝေးကို ဖြတ်ကျော်ကာ အမျိုးအမည်မသိရသော တစ်နေရာထံသို့ ဦးတည်သွားသည်။
"ခုံးရှီ...ခုံးရှီ...မင်း အဲ့ဒီနေရာမှာ ရှိနေလား"