ခုံးရှီထံမှ သတိပေးချက်(၂)
Vol. 7 Ch. 98
"သူတို့ ဘယ်ကို သွားကြတာလဲ"
လုမင်ရုန်သည် သည်းမခံနိုင်တော့သဖြင့် မေးမြန်းလိုက်၏။
ဝူယွင်ကျိုးက အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် တုံပြန်အဖြေပေးသည်။
"ငါ ကြားထားသလောက်တော့ သူတို့က အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်ကို သွားတယ်"
"အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်လား...ဒါက လျှူမိသားစုရဲ့နယ်မြေ မဟုတ်လား... သူတို့က ကျင့်ကြံဖို့အတွက် လိုအပ်တဲ့တစ်ခုခုကို သွားဝယ်တာများလား"
ချန်းရှောင်သည် တီးတိုးရေရွတ်ပြီးနောက် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။
"ကျောင်းအုပ်ကြီးလု...ငါ မြင်းခြံမှာ လုပ်စရာကိစ္စတစ်ခု ကျန်နေသေးတာကို အခုမှ သတိရတယ်....ဒါကြောင့် ငါ အရင်ဆုံး ထွက်သွားပါတော့မယ်"
"အမှန်ပဲ...ငါလည်း ကျောင်းတော်မှာ လုပ်စရာကိစ္စတွေ ရှိနေတယ်....ဒါကြောင့် ငါ မင်းကို ဆွဲမထားတော့ဘူး"
လုမင်ရုန်က ခေါင်းညိတ်ပြလိုက်သည်။
ချန်းရှောင် ထွက်ခွာသွားပြီးနောက် ဝူယွင်ကျိုးက လုမင်ရုန်ကိုကြည့်ပြီး မေးမြန်းသည်။
"ကျောင်းအုပ်ကြီး...ငါတို့ အဲ့ဒီနေရာကို သွားသင့်လား"
လုမင်ရုန်က ခေါင်းညိတ်ပြလေ၏။
"သွားရမှာပေါ့....နောက်ဆုံးတကြိမ်တုန်းက ချန်းရှောင်က ငွေထုတ်ပေးတဲ့ အခွင့်အရေးကို ရသွားခဲ့တယ်.... ဒီတစ်ကြိမ်မှာ ငါတို့က ယုလုံချင်းကို အခွင့်အရေးယူသွားခွင့် မပြုနိုင်ဘူး...မဟုတ်ရင်ငါတို့ရထားတဲ့ အားသာချက်တွေ ဆုံးရှုံးသွားလိမ့်မယ်"
"ဟုတ်ကဲ့..."
ဝူယွင်ကျိုးက ခေါင်းညိတ်လိုက်သည်။
သူတော်စင်အဆင့် ရင်းမြစ်ရေအိုင်ကို ပိုင်ဆိုင်ထားခြင်း မီးပြင်းဖို ထွန်းညှိပေးနိုင်ခြင်း မြင်းယဉ်ပါးစေခြင်း သင်ကြားခြင်း ကောင်းကင်ကံကြမ္မာစွမ်းအား....ဤအောင်မြင်မှုများအနက်မှ မည်သည့်တစ်ခုမဆို ကျန်းရွှမ်ကို သူနှင့်သက်တူရွယ်တူများအထက်တွင် ရပ်တည်ကာ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိစေနိုင်သည်။ အကယ်၍ သူတို့သည် ယခုအချိန်တွင် ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ရန်နှင့် သူ့အား မျက်နှာသာပေးရန် အခွင့်အရေးကို ဖမ်းဆုပ်ထားနိုင်ခြင်း မရှိပါက နောင်အနာဂတ်၌ သူ၏ထောက်ပံ့မှုကို ရယူရန် သူ၏အိမ်တံခါးဝကိုပင် ရှာနိုင်မည် မဟုတ်ချေ။
"အဖြူရောင်ကျောက်တုံးမြို့မှာ ကံကြမ္မာခန်းမ မရှိဘူးလား"
မြင်းတကောင်ကိုစီးနင်းနေသော ကျန်းရွှမ်သည် အနီးရှိ မြို့အရှင်ယုလုံချင်းကိုကြည့်ပြီး သူ၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ခုံးရှီသည် ကံကြမ္မာခန်းမကို သတိထားရန် သူ့အား ထပ်ခါတလဲလဲ သတိပေးခဲ့သော်လည်း အဖြူရောင်ကျောက်တုံးမြို့၌ ထိုကဲ့သို့ နေရာမျိုး ရှိမနေချေ။
သူသည် မည်သည့်အန္တရာယ်နှင့်မျှ ကြုံတွေ့ခဲ့ရခြင်း မရှိသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ယခုအချိန်၌ အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။
အကယ်၍ ဤနေရာတွင် ကံကြမ္မာခန်းမ ရှိနေပါကသူ ဤမြို့၌ နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်သောကြောင့် အနည်းဆုံးအနေဖြင့် ကောလာဟလသတင်းများကို ကြားခဲ့ဖူးပေမည်။
ကျန်းရွှမ်၏ဇဝေဇဝါဖြစ်နေမှုကို ကြည့်ပြီး ယုလုံချင်းက စိတ်ရှည်လက်ရှည် ရှင်းပြသည်။
ကံကြမ္မာခန်းမသည် ကျင့်ကြံသူများအားလုံးရောက်ရှိနိုင်ရန် ဆန္ဒပြင်းပြနေသော မြင့်မြတ်နေရာတစ်နေရာပင်။ ကျောင်းတော်၏ ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုအတွင်း အသုံးပြုသော ကံကြမ္မာချပ်ပြားများသည် ထိုနေရာမှ ရရှိလာခြင်းဖြစ်သည်။ ထိုကံကြမ္မာခန်းမတွင် အရာအားလုံးကို ထိန်းချုပ်နိုင်သော ကံကြမ္မာဆရာသခင်များရှိသည်။
အချိန်တခဏကြာခန့် နားထောင်ပြီးနောက် ကျန်းရွှမ်သည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားပေ၏။
ကံကြမ္မာခန်းမသည် ပါမောက္ခကုန်းမြေမှ ပါမောက္ခခန်းမနှင့် ဆင်တူယိုးမှားဖြစ်ပြီး ရင်းမြစ်ကမ္ဘာအတွင်းတွင် အစွမ်းထက်ဆုံးအင်အားစုများအနက်မှ တစ်စုပင်။ ကျင့်ကြံသူတိုင်းသည် သူတို့၏ကိုယ်ပိုင်ကံကြမ္မာအပေါ်ထိန်းချုပ်နိုင်ခြင်းကို အလွန်ဂုဏ်ယူဝံ့ကြွားပေ၏။ ဤသည်မှာ ကံကြမ္မာခန်းမတွင်သာ ရရှိနိုင်သော အရာတစ်ခုပင်။
သာမန်လုပ်ထုံးလုပ်နည်းများအရ ကျင့်ကြံသူတစ်ယောက်၏စွမ်းအားသည် သတ်မှတ်ထားသောအဆင့်သို့ ရောက်ရှိပါက ကံကြမ္မာခန်းမသို့သွားပြီး သူတို့၏ကံကြမ္မာကို ရှာဖွေနိုင်သည်။ အကယ်၍ သူတို့သည် သူတို့နှင့်သင့်တော်သောအရာကို ရှာမတွေ့ပါက အစွမ်းထက်သောကျင့်ကြံသူတစ်ယောက် ဖြစ်လာမည့်လမ်းကြောင်း ပြတ်တောက်သွားပေမည်။
ဤသည်မှာ ပါမောက္ခတစ်ယောက် ဖြစ်လာသော လုပ်ငန်းစဉ်နှင့် အလွန်တူညီသည်။
ကျင့်ကြံသူတစ်ယောက်သည် သတ်မှတ်ထားသောအဆင့်သို့ ရောက်သည်နှင့် ပါမောက္ခခန်းမသို့သွား၍ စစ်ဆေးခံရသည်။ အကယ်၍ သူတို့၏စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် တခြားလိုအပ်ချက်များသည် စံနှုန်းများနှင့်ကိုက်ညီချက်မရှိပါက သူတို့သည် ပါမောက္ခတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
ကံကြမ္မာနှင့်ပတ်သက်၍မူ ဤသည်မှာ အလွန်များပြားသော အတတ်ပညာကျွမ်းကျင်မှုများနှင့် တူညီသည်။
ဥပမာအနေဖြင့် သားရဲယဥ်ပါးစေခြင်း၌ ထူးချွန်သော ကံကြမ္မာပါသူ တစ်ယောက်သည် ရင်းမြစ်သားရဲများကို ယဥ်ပါးအောင်ပြုလုပ်ရာ၌ အလွန်လွယ်ကူပြီး အရာရာတိုင်း သူတို့အတွက် အဆင်ပြေချောမွေ့နေပေမည်။။ ဤသည်ကြောင့် မိုယန်ရွှယ်နှင့်တခြားလူများသည် သူ၏သားရဲယဥ်ပါးစေခြင်းစွမ်းရည်ကို မြင်တွေ့ချိန်၌ အံ့အားသင့်တုန်လှုပ်သွားကြခြင်းပင်။ သင်ကြားရေး၌ ထူးချွန်သော ကံကြမ္မာပါသူများသည် တခြားလူများကို လွယ်လင့်တကူလမ်းညွှန်ပြသနိုင်ရန် ကောင်းကင်ဘုံသင်ပြမှုကို အသုံးပြုနိုင်သည်။
ဤသည်ကြောင့် လုမင်ရုန်နှင့်ဝူယွင်ကျိုးတို့က ကျန်းရွှမ်သည် သဘာဝအလျောက် မွေးဖွားလာသော ကံကြမ္မာဆရာသခင်တစ်ယောက်ဖြစ်သည်ဟု တထစ်ချယုံကြည်နေကြခြင်းပင်။
ယုလုံချင်း၏စကားများကို ကြားပြီးနောက် ကျန်းရွှမ်က လေးလေးနက်နက် စဉ်းစားတွေးတောလိုက်သည်။
အကယ်၍ ဤကဲ့သို့ကိစ္စမျိုး ရှိနေပါက ပါမောက္ခကုန်းမြေသည် ကံကြမ္မာအမျှင်တန်းမှတဆင့် အလိုအလျောက် ဖွဲ့စည်းလာခြင်း ဖြစ်သလော။ ထိုသို့မဟုတ်ပါက အစစ်အမှန်စွမ်းအားစုစည်းခြင်း ကောင်းကင်ဘုံ၏သင်ပြမှု ထိုးထွင်းသိမြင်နိုင်သောအမြင်အာရုံ ပါမောက္ခ၏ကောင်းကင်ဘုံလက်နက် ဟူသောပြိုင်ဘက်ကင်းစွမ်းရည်များသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။
ယုလုံချင်းက ဆက်လက်၍ ပြောဆိုသည်။
"ငါတို့အားလုံးမှာ ဘဝတစ်ခုပဲ ရှိသလို ကံကြမ္မာကလည်း တစ်ခုတည်းပဲ ရှိတယ်...တခြားတစ်ယောက်ရဲ့ကံကြမ္မာကို ဟောကိန်းထုတ်နိုင်ဖို့အတွက် အဲ့ဒီလူက ကံကြမ္မာဆရာသခင်တွေရဲ့တပည့် ဒါမှမဟုတ် သူတို့ရဲ့လက်အောက်ခံဖြစ်လာပြီးတော့ သူတို့ရဲ့ထိန်းချုပ်မှုကို လိုလိုလားလား လက်ခံရမယ်....အဲ့ဒီလိုမှမဟုတ်ရင် သူတို့က မင်းရဲ့အသက်ကို အတွေးတစ်ချက်နဲ့ နှုတ်ယူသွားနိုင်တယ်"
"ငါတို့မှာ ဘဝတစ်ခုပဲ ရှိတာလား...."
ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
ယခုအချိန်ကျမှသာ ပါမောကုန်းမြေတွင် မည်သည်ကြောင့် နတ်ဘုရားလက်ကြီး ထွက်ပေါ်လာခဲ့သည်ကို သူ နားလည်သဘောပေါက်သွားခဲ့သည်။ ဖြစ်နိုင်သည်မှာ ပါမောက္ခကုန်းမြေ၏လမ်းကြောင်းသည် ကံကြမ္မာပြတ်တောက်သွားခြင်းကြောင့် ပျက်စီးခြင်းသို့ ဦးတည်သွားခြင်း ဖြစ်ပေမည်။
သူ ဖန်တီးထားခဲ့သောကမ္ဘာသစ်သည် စိတ်ခံစားချက်လမ်းကြောင်းများနှင့် သက်ဆိုင်သဖြင့် ဤအရာနှင့်ကိုက်ညီသည့် ကံကြမ္မာပိုင်ရှင်တစ်ယောက် ရှိနေနိုင်ဖွယ်ရှိသည်။ ဤသည်ကြောင့်သူသည် စိတ်မအေးမှုကိုခံစားရကာ သူ၏စွမ်းအားများကို ထိန်းချုပ်၍မရတော့ခြင်းပင်။ ရလဒ်အနေဖြင့် သူသည် ဒဏ်ရာအပြင်းအထန်ရရှိကာ ဤလောကကြီးအတွင်းသို့ အတင်းအကြပ် ဝင်ရောက်ခဲ့ရသည်။
သူ ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် သူ့၏ကျင့်ကြံဆင့်နှင့်ခွန်အားတို့ကို ဖုံးကွယ်ထားခြင်းသည် ကံကောင်းသွားခဲ့ပေ၏။ ထိုသို့မဟုတ်ပါက သူသည် အချိန်အတော်ကြာကတည်းက ရှာဖွေဖော်ထုတ်ခြင်းခံရကာ မည်သည်ကြောင့်ဟု မသိရဘဲ သေကြေပျက်စီးသွားပြီး ဖြစ်ပေမည်။
အမှန်အားဖြင့် ဤသည်မှာ သူ၏ခန့်မှန်းချက်များ သက်သက်ပင်။ အသေးစိတ်အချက်အလက်များသည် ရှင်းလင်းခြင်းမရှိသေးသည့်အပြင် မြို့အရှင်ယုလုံချင်းသည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး များစွာမသိရှိချေ။ အမှန်တရားကိုဖော်ထုတ်ရန်အတွက် သူ၏ခွန်အားကိုသာ မှီခိုရပေမည်။
ဤအတွေးများကို ရှင်းထုတ်ပြီး ကျန်းရွှမ်က ယုလုံချင်းကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
"လူတွေအားလုံးက ကံကြမ္မာခန်းမကို မျှော်လင့်တောင့်တနေတယ်ဆိုမှတော့...မင်းမှာ တခြားလူတွေရဲ့ကံကြမ္မာကို ထိန်းချုပ်နိုင်မယ့်အခွင့်အရေးရှိမရှိ မင်း ဘာလို့ မကြိုးစားကြည့်ခဲ့တာလဲ"
"ငါ ကြိုးစားကြည့်ခဲ့တာပေါ့...ငါက 'ကံကြမ္မာနှစ်ခြင်း'ကို ခံယူခဲ့တယ်....ဒါပေမဲ့ ကံဆိုးချင်တော့ ငါ့မှာ ကံကြမ္မာစွမ်းအားကို ကျင့်ကြံဖို့ အရည်အချင်းမရှိဘူး...ဒါကြောင့် ငါက ဒီနေရာက မြို့ငယ်လေးရဲ့မြို့အရှင်တစ်ယောက်အဖြစ်နဲ့ပဲ တင်းတိမ်ရောင့်ရဲခဲ့ရတယ်..အဲ့ဒီလိုမှမဟုတ်ရင် ဒီလောက်ထိ ကျယ်ပြန့်တဲ့လောကကြီးမှာ ငါက လွတ်လွတ်လပ်လပ် သွားလာတာမျိုး မလုပ်ဘဲ နေပါ့မလား"
ယုလုံချင်းက ခါးသည်းသောအပြုံးဖြင့် သူ၏ခေါင်းကို ခါယမ်းပြီးပြောဆိုကာ သူ၏မျက်လုံးအတွင်း၌ နောင်တများဖြင့် ပြည့်နှက်နေသည်။
"ကံကြမ္မာနှစ်ခြင်းလား...အဲ့ဒါက ဘယ်လိုမျိုးလဲ"
ကျန်းရွှမ်က ဇဝေဇဝါဖြင့် မေးမြန်းသည်။
ယုလုံချင်းက အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"ကံကြမ္မာနှစ်ခြင်းက ကံကြမ္မာခန်းမကနေ အထူးသီးသန့်နည်းလမ်းတွေကို အသုံးပြုပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအား ဒီရေလှိုင်းကို ဆင့်ခေါ်တဲ့ ဖြစ်စဉ်ပဲ....မင်းက အဲ့ဒီ ဒီရေလှိုင်းကြားမှာ မတ်တတ်ရပ်နေရင် မရေမတွက်နိုင်တဲ့ ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတွေက မိုးကောင်းကင်ယံကနေ ဆင်းသက်လာပြီးတော့ မင်းဆီကိုဦးတည်ပြီး တလိမ့်လိမ့်စီးဆင်းလာလိမ့်မယ်....ဒါက မင်းကို ကံကြမ္မာစီစဉ်မှုရဲ့အလယ်မှာ နစ်မြုပ်နေသလိုမျိုး ခံစားရစေနိုင်တယ်"
"အဲ့ဒီ ဒီရေလှိုင်းထဲမှာ ငါတို့ရဲ့ဘဝမှာ ကြုံတွေ့ရတဲ့ အခွင့်အလမ်းတွေလိုပဲ မရေမတွက်နိုင်တဲ့ ကံကြမ္မာလမ်းကြောင်းတွေ ရှိနေတယ်...မင်းက အဲ့ဒီကံကြမ္မာလမ်းကြောင်းတွေ ကြားကနေ ရွေးချယ်ရမယ်.... အားနည်းတဲ့စိတ်ဆန္ဒရှိတဲ့လူတွေက လမ်းပျောက်ဖို့လွယ်ပြီးတော့ အဆုံးသတ်မှာ သူတို့ရဲ့ပါရမီအရည်အချင်းနဲ့ သူတို့ရဲ့အသက်တွေ ဆုံးရှုံးသွားရနိုင်တယ်...ဒါပေမဲ့ အားကောင်းတဲ့ စိတ်ဆန္ဒနဲ့ ကံကြမ္မာကောင်းရှိတဲ့ လူတွေကတော့ သူတို့နဲ့ကိုက်ညီတဲ့ ကံကြမ္မာစွမ်းအားကို တစ်ကြိမ်ရှာတွေ့ပြီးတော့ ပေါင်းစည်းနိုင်ရင် သူတို့ဘဝရဲ့အဆင့်အတန်းတွေ မြင့်မားလာပြီးတော့အစစ်အမှန် ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာနိုင်တယ်"
"ငါကတော့ ကံမကောင်းခဲ့ဘူး....ကောင်းကင်ကံကြမ္မာစွမ်းအား ဒီရေလှိုင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာ ငါက လမ်းပျောက်သွားပြီးတော့ အဆုံးသတ်မှာ ဘာမှ အရာမထင်ခဲ့ဘူး"
ယုလုံချင်း၏မျက်နှာပေါ်တွင် နောင်တများဖြင့် ပြည့်နှက်နေသည်။
"ကောင်းကင်ကံကြမ္မာ ဒီရေလှိုင်းလား...အဲ့ဒီအရာမှာ ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတွေ မရေမတွက်နိုင်အောင် ရှိနေတာလား"
ကျန်းရွှမ်သည် ကံကြမ္မာဆရာသခင်များအကြောင်း များစွာမသိရှိသည့်အပြင် သူတို့အား စိတ်ဝင်စားခြင်းလည်း မရှိချေ။ သူ့အား ကိစ္စတစ်ခုကသာ မယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် ဆွဲဆောင်နိုင်ပေ၏။
အကယ်၍ သူသည် ဤကဲ့သို့ ကိစ္စတစ်ရပ်နှင့်ကြုံတွေ့ရပါက သူသည် ရာထောင်ချီသော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို လွယ်လင့်တကူ စုပ်ယူနိုင်ကာ ကုန်ဆုံးသွားမည်ကို စိုးရိမ်ပူပန်ရန် လိုအပ်တော့မည် မဟုတ်ချေ။