ခုံးရှီနှင့် ဆက်သွယ်ခြင်း
Vol. 7 Ch. 94
အလုအယက်ယှဥ်ပြိုင်နေကြသော လူသုံးယောက်နှင့် နှိုင်းယှဉ်ပါက တခြားတစ်ဖက်တွင်ရှိနေသော လျှူထျန်ကျန်းသည် မသိမသာ မျက်မှောင်ကြုတ်ထားလေ၏။
မိသားစုခေါင်းဆောင်တစ်ယောက်ဖြစ်သောသူအနေဖြင့် လူအများ၏ရည်ရွယ်ချက်များကို ပိုင်းခြားသိမြင်ရာ၌ ကျွမ်းကျင်ပြီးဖြစ်သည်။ ဤထိပ်သီးပုဂ္ဂိုလ်သုံးယောက်သည် ဆရာကျန်းရွှမ်ကို ဤကဲ့သို့ ဆက်ဆံနေသောကြောင့် သူ့ထံတွင် သာလွန်ထူးကဲမှုတစ်ခု ရှိနေနိုင်သည်။
သို့ရာတွင် သူ၏သာလွန်ထူးကဲမှုသည် မြင်းယဥ်ပါးစေခြင်း နည်းစနစ်ပေါ်တွင် ရှိနေသဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် မှောင်ခိုစျေးကွက်တို့ကို အဓိကထားသော လျှူမိသားစုအတွက် မည်သည့်အကျိုးကျေးဇူးမျှ မရရှိနိုင်ချေ။
သူသည် တစ်ဖက်လူကို မျက်နှာလုပ်ရန်အတွက် ငွေကြေးကို ယူသင့်မယူသင့် စဉ်းစားနေစဉ်မှာပင် ချန်းရှောင်သည် သူ့အား ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်အမြောက်အများကို လက်ကမ်းပေးနေသည့်အား သူ မြင်တွေ့လိုက်ရသည်။
"ဒါကို ရေကြည့်လိုက်ပါ.. စုစုပေါင်း ရင်းမြစ်ဒင်္ဂါးသုံးသိန်းနှစ်သောင်းရှိတယ်...ခြူးတစ်ပြားတောင် မလျော့ဘူး....မင်း စိတ်အေးအေးထားပါ....ဆရာကျန်းက မင်းအပေါ်မှာ အမြတ်ထုတ်မှာ မဟုတ်ဘူး"
အသက်တစ်ရှိုက်စာအချိန်ခန့် တွေဝေနေပြီးနောက် လျှူထျန်ကျန်းက ခေါင်းညိတ်ပြီး ထိုငွေလက်မှတ်များကို လက်ခံလိုက်သည်။
"ကောင်းပြီလေ...."
မြင်းယဥ်ပါးစေခြင်းသည် သူနှင့် တစိုးတစိမျှ သက်ဆိုင်ခြင်း မရှိချေ။
ထို့ပြင် ဤဆရာကျန်းကို ကြည့်ရသည်မှာ အသက်၂၀ကျော်ခန့်သာ ရှိမည့်ပုံပင်။ သူ့ထံ၌ မည်သည့် ပါရမီအရည်အချင်းမျိုး ရှိနေပါစေ အလွန်အမင်း အစမ်းထက်နေမည် မဟုတ်ချေ။ ဤသည်မှာ သူ၏တန်ဖိုးကိုမြှင့်တင်ရန်အတွက် တခြားလူများက ချဲ့ကားပြောဆိုခြင်းသာ ဖြစ်ပေမည်။
သူသည် ဤကိစ္စမျိုးကို ယခင်က မြင်တွေ့ခဲ့ဖူးသဖြင့် ထည့်သွင်းစဉ်းစားနေရန် မလိုတော့ချေ။
ကျန်းရွှမ်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်၏။
"အခု ကိစ္စတွေအားလုံး ဖြေရှင်းပြီးပြီဆိုမှတော့ မင်းတို့အားလုံး ဒီနေရာကနေ ထွက်သွားဖို့ အချိန်ကျပြီ မဟုတ်လား"
သူ၏စာသင်ခန်းအတွင်းသို့ လူအမြောက်အများရောက်ရှိလာကာ ရှုပ်ထွေးမှုများ ဖြစ်ပွားသွားခဲ့သော်လည်း ဤသည်မှာ ကောင်းမွန်ပေ၏။ ယခုအချိန်မှစ၍ ဆရာတစ်ယောက်ဟူသော သူ၏အဆင့်အတန်းကို အခိုင်အမာ တည်ဆောက်နိုင်ပြီဖြစ်ကာ မည်သူကမျှ သူ့အား ထပ်မံ၍ သံသယဝင်တော့မည် မဟုတ်ချေ။
"မင်းတို့အားလုံး ထွက်သွားကြတော့...မိသားစုခေါင်းဆောင်ချန်း မင်းက အခန်းတံခါးကို ပြန်ပြင်ပေးဖို့ မမေ့နဲ့"
ကျန်းရွှမ်သည် လူများအားလုံးကို မောင်းထုတ်နေသည်အား မြင်တွေ့ချိန်၌ ကျောင်းအုပ်ကြီးလုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ကျိုးချွမ်တို့လူစုသည် စိတ်လှုပ်ရှားစွာဖြင့် ကျောင်းအုပ်ကြီးလုကိုကြည့်ပြီး ပြောဆိုလိုက်ကြ၏။
"ကျောင်းအုပ်ကြီးလု...ဆရာကျန်းက မြင်းယဥ်ပါးစေခြင်းအတန်းကို စပြီးသင်ကြားပေးမယ်ဆိုမှတော့ ငါတို့တွေက ကျောင်းသားတွေအဖြစ် လာလို့ရမလား....ဘာမှမစိုးရိမ်ပါနဲ့...ငါတို့က သင်တန်းကြေး ပေးမှာပါ"
"အမှန်ပဲ....ကျေးဇူးပြုပြီးတော့ ငါတို့ကို သင်ယူခွင့်ပြုပါ"
"ငါတို့မှာ ခိုင်မာတဲ့အခြေခံအုတ်မြစ်ရှိတာကြောင့် ငါတို့ကို သင်ကြားပေးတာက ပိုပြီးလွယ်ကူလိမ့်မယ်....ဒါ့ပြင် ငါတို့က သာမန်ကျောင်းသားတွေထက် ပိုပြီးနာခံရို့ကျိုးတယ်"
ပိုင်ယန်မြို့၏ နာမည်ကျော်ကြားသော မြင်းယဥ်ပါးစေသူတစ်စုက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ကြသည်။
သူတို့သည် ဆရာကျန်း၏ သားရဲယဥ်ပါးစေခြင်းစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးနောက် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်သွားသည်။ ဤကဲ့သို့ လူတစ်ယောက်ကို ဆရာအဖြစ်သတ်မှတ်ရခြင်းသည် သူတို့အတွက် ဂုဏ်ယူဖွယ်ရာတစ်ခုပင်။
“…”
ကျောင်းအုပ်ကြီးလုမင်ရုန်သည် ဆွံ့အသွားပေ၏။
ချန်းမိသားစုမှ ဧည့်အကြီးအကဲတစ်ယောက်အဖြစ် ငှားရမ်းခြင်းနှင့် ကျိုးချွမ်တို့လူစုမှ ရိုသေလေးစားနေခြင်းကို ကြည့်ပြီး ကျန်းရွှမ်၏မြင်းယဥ်ပါးစေခြင်းစွမ်းရည်သည် အလွန်မြင့်မားကြောင်း သူ သိရှိခဲ့သည်။ သို့ရာတွင် မည်မျှထိမြင့်မားသည်ကို သူ ရှင်းရှင်းလင်းလင်း မတွေးနိုင်ခဲ့သော်လည်း ယခုအချိန်၌ သူ အပြည့်အဝ နားလည်သဘောပေါက်သွားလေပြီ။
ဤသည်မှာ သူ၏ကျင့်ကြံခြင်းပါရမီအရည်အချင်းထက် လျော့နည်းပုံမရချေ။
ကျင့်ကြံခြင်း အသိပညာများမျှဝေနိုင်ခြင်း မြင်းယဥ်ပါးစေခြင်း..
ဤဆရာကျန်းသည် ရွှေတွင်းကြီးတစ်တွင်းနှင့် တူညီနေကာ သူတို့ ပို၍တူးမိလေလေ ရတနာများကို ပို၍ရှာဖွေတွေ့ရှိလေလေပင် ။ သူ၏အရည်အချင်းသည် တောက်ပပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိပေ၏။
သူ၏စိတ်နှလုံးသားအတွင်း၌ အံ့အားသင့်နေခြင်းနှင့်အတူ ဤလူများကိုလက်ခံခြင်း၏ အကျိုးအပြစ်ကို ချိန်ဆနေစဉ်မှာပင် ချန်းရှောင်၏အသံ ထွက်ပေါ်လာသည်။
"တကယ်လို့ မင်းတို့က မြင်းယဥ်ပါးစေခြင်းပညာရပ်ကို သင်ယူချင်တယ်ဆိုရင် မြင်းခြံကိုသွားသင့်တယ်....အဲ့ဒီနေရာမှာ မင်းတို့တွေ လက်တွေ့လေ့ကျင့်လို့ရပြီးတော့ နေရာကျယ်တာကြောင့် မင်းတို့ရဲ့အရည်အချင်းကို ပြသလို့ရတယ်....ဟုတ်တယ်မလား အကြီးအကဲကျန်း...."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်ပြီ....အကြီးအကဲကျန်းက မင်းတို့ကို တပည့်အဖြစ် သတ်မှတ်လိုက်ပေမဲ့ သင်ယူရမယ့်နေရာက အဖြူရောင်ကျောက်တုံးကျောင်းတော်မှာ မဟုတ်ဘူး....ပိုင်ယန်မြင်းခြံမှာပဲ"
ချမ်းရှောင်၏မျက်လုံးများ တောက်ပနေသည်။
ဤလူတစ်စုသည် ကျန်းရွှမ်၏တပည့်များဖြစ်လာသည်နှင့် ချန်းမိသားစုနှင့် လုံးလုံးလျားလျား ဆက်စပ်သွားပေမည်။ နောင်အနာဂတ်တွင် မြင်းရိုင်းများကို ယဥ်ပါးအောင်ပြုလုပ်ရန် သူတို့အား တောင်းဆိုပါက ယခင်ကဲ့သို့ အခက်တွေ့တော့မည် မဟုတ်ချေ။ စကားလုံးအနည်းငယ်ဖြင့် သူသည် မြင်းယဥ်ပါးစေသူ အမြောက်အများကို ခေါ်ယူနိုင်ခဲ့သဖြင့် ရင်းမြစ်ဒင်္ဂါး သုံးသိန်းနှစ်သောင်း အသုံးပြုခဲ့ရသည်မှာ ထိုက်တန်ပေ၏။
ချန်းရှောင်၏ရည်ရွယ်ချက်ကို သိရှိသဖြင့် ကျောင်းအုပ်ကြီးလုမင်ရုန်က စိတ်မကျေမနပ်ဖြစ်သွားကာ မျက်မှောက်ကြုတ်လိုက်သည်။
"ဆရာကျန်းက ငါတို့အဖြူရောင်ကျောက်တုံးကျောင်းတော်ရဲ့ ဆရာတစ်ယောက်...သူကသင်ကြားပေးဖို့အတွက် ဘာလို့ မင်းတို့ရဲ့မြင်းခြံကို သွားရမှာလဲ...ငါ့အထင်တော့ ဒါက မသင့်တော်ဘူး ...တကယ်လို့ ကျောင်းတော်မှာနေရာ မကျယ်တာကြောင့် မင်းတို့ လက်တွေ့လေ့ကျင့်ဖို့ မလုံလောက်ဘူးဆိုရင် ကျောင်းတော်ဘက်ကနေ မင်းတို့အတွက် အထူးသီးသန့်စီစဉ်ပေးမယ်"
"ငါတို့ရဲ့မြင်းခြံကို လစဉ်လတိုင်း မြင်းရိုင်းတွေအများကြီး ရောက်လာတယ်....ဒါက လက်တွေ့လေ့ကျင့်မှုအတွက် အကောင်းဆုံး အကျိုးသက်ရောက်မှုရှိတယ်"
"ငါတို့ရဲ့ကျောင်းတော်မှာ ဒီလိုနည်းလမ်းတွေကို စနစ်တကျ မှတ်တမ်းပြုစုတဲ့ ပညာရှင်တွေ ရှိတယ်.... ဒါက နောင်လာနောင်သားတွေအတွက် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်တယ်"
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့နှစ်ယောက်သည် စတင်၍ ငြင်းခုံလိုက်ကြ၏။
ထိုအချိန်မှာပင် ယုလုံချင်းက အခွင့်အရေးကိုဖမ်းဆုပ်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"တကယ်တော့ ငါ့ရဲ့မြို့အရှင်အိမ်တော်မှာလည်း မြေနေရာကျယ်ပြန့်တဲ့ မြင်းခြံတစ်ခြံ ရှိနေတယ်.... ဆရာကျန်းက ဆုံးဖြတ်ချက်မချခင် အဲ့ဒီနေရာကို တစ်ချက်လောက် လိုက်ကြည့်ပါလား"
"မြေခွေးအိုကြီး....ပါးစပ်ပိတ်ထားစမ်း"
ကျောင်းအုပ်ကြီးလုမင်ရုန်နှင့် မိသားစုခေါင်းဆောင်ချန်းရှောင်တို့က တပြိုင်နက်တည်းအော်ဟစ်လိုက်ကြသည်။
"ဒါက မြင်းယဥ်ပါးစေခြင်းပညာရပ်ကို သင်မှာဖြစ်တာကြောင့် မြင်းခြံကိုသွားတာ ပိုကောင်းလိမ့်မယ်....အဲဒီနေရာမှာ မြေနေရာကျယ်ပြန့်ပြီးတော့ မြင်းရိုင်းတွေ ပေါများတယ်"
သူတို့သုံးယောက်၏ငြင်းခုံနေမှုကို ကြားဖြတ်ဟန့်တားပြီး ကျန်းရွှမ်က အဖြေပေးလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ချန်းမိသားစုသည် သူ့အား ထောက်ပံ့ပေးနေသည်မှာ ရင်းမြစ်ဒင်္ဂါးငါးသိန်းကျော်သွားပြီ ဖြစ်သောကြောင့် သူသည် သူတို့အား ဦးစားပေးရပေမည်။
"အကြီးအကဲကျန်းကို ကျေးဇူးတင်ပါတယ်....ဟား ဟား ဟား....မြို့အရှင်ယု ကျောင်းအုပ်ကြီးလု မင်းတို့ကိုလည်း ငါတို့ချန်းမိသားစုကနေ ကြိုဆိုပါတယ်"
ထိုရယ်မောသံနှင့်အတူ ချန်းဟောင်သည် နောက်သို့လှည့်ကာ မလှမ်းမကမ်းအကွာ၌ ကြောင်စီစီဖြင့် မတ်တတ်ရပ်နေသော သူ့၏သားကို တစ်ချက်ကန်လိုက်သည်။
"မင်း အဲ့ဒီနေရာမှာ မတ်တတ်ရပ်ပြီးတော့ ဘာလုပ်နေတာလဲ...လေ့ကျင့်ရေးကွင်းပြင်ကို မြန်မြန်သွားပြီး ဒူးမထောက်သေးဘူးလား"
ချန်းဟောင်သည် မျက်ရည်ဝဲနေသောမျက်နှာဖြင့် သူ့ဖခင်၏အမိန့်ကို လိုက်နာပြီး စာသင်ခန်းအတွင်းမှ ထွက်သွားသည်။ လူအုပ်ကြီးနှင့်အလှမ်းကွာသောနေရာသို့ ရောက်ရှိပြီးနောက် သူသည် နောက်သို့ တချက်ပြန်လှည့်ကြည့်လိုက်၏။
"အဖေ ဘာတွေဖြစ်နေတာလဲ....ဆရာကျန်းက ဘာလို့ ကျွန်တော်တို့ချန်းမိသားစုရဲ့ ဧည့်အကြီးအကဲ ဖြစ်လာတာလဲ....ကျောင်းအုပ်ကြီးနဲ့မြို့အရှင်တို့က ဘာလို့ သူ့ကို ခုလိုမျိုး အရေးပေးဆက်ဆံနေတာလဲ"
"မင်းရဲ့ဉာဏ်ရည်နဲ့ကတော့ တကယ်လို့ ဒီကိစ္စကို ငါ ရှင်းပြရင်တောင် မင်း နားလည်မှာမဟုတ်ဘူး....မင်း မှတ်ထားရမှာက ဆရာကျန်းကို အပြစ်ပြုလို့မရဘူး....သူ့ကို ထွင်းဖောက်မြင်နိုင်ဖို့က အရမ်းခက်ခဲတယ်ဆိုတာ မင်း သိထားရင် လုံလောက်ပြီ"
ချန်းရှောင်က သူ၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့"
ချန်းဟောင်သည် ခေါင်းညိတ်လိုက်၏။
အကယ်၍ သူ ဤကိစ္စကို ကြိုသိခဲ့ပါက အရူးထပြီး ဆရာကျန်းကို ပြဿနာသွားရှာမည် မဟုတ်ချေ။ ယခုအချိန်၌ သူသည် အပြစ်ပေးခံရရုံသာမက သူ၏နတ်ဘုရားမလေးသည်လည်း သူ့အားပြဿနာကောင်ဟု သတ်မှတ်ထားကာ သူနှင့်ပတ်သက်လိုစိတ် ရှိတော့ပုံ မရချေ။
ဤသည်မှာ သူ ဘက်ပေါင်းစုံမှ ရှုံးနိမ့်သွားခြင်းပင်။
…
ပိုင်ယန်ကျောင်းတော်၏ ကျောင်းသားအိပ်ဆောင်မှ ယုရှောင်ယွီ၏အခန်းအတွင်းတွင် ယုလုံချင်းက မျက်မှောင်ကြုတ်ပြီး သူ၏သမီးကို ကြည့်လိုက်၏။
"ဆရာကျန်း မင်းကို သင်ပေးလိုက်တဲ့ ကျင့်ကြံနည်းစနစ်က ဘာလဲ"
ကျန်းရွှမ်သည် ဧည့်သည်များကို နှင်ထုတ်လိုက်သောကြောင့် သူတို့သည် ထိုနေရာ၌ ဆက်နေ၍မရတော့ချေ။ အထူးသဖြင့် သူတို့သည် အချိန်ကြာကြာ ဆက်နေပါက လျှို့ဝှက်ချက်များကို ပို၍ထုတ်ဖော်မိမည်အား စိုးရိမ်ရသည်။
ယနေ့တွင် သူသည် နောက်ကျမှ ရောက်ရှိလာခဲ့သဖြင့် ချန်းဟောင်ကြောင့် ဖြစ်ပွားသွားခဲ့သောပြဿနာအကြောင်းကို သူ ကြားသိခဲ့ရသော်လည်း ကိုယ်တွေ့မကြုံခဲ့ရချေ။ ထို့ကြောင့်သူ့သမီး၏အခန်းအတွင်းသို့ ရောက်ရှိသည်နှင့် သူ အလျင်အမြန် မေးမြန်းလိုက်သည်။
"သမီးလည်း သေချာမသိဘူး....ဒါက အခြေခံကျင့်ကြံနည်းစနစ်လေးတစ်ခုပဲ....အဲ့ဒီအချိန်တုန်းက သမီးက အဖေ သမီးကို သင်ပေးမယ်လို့ပြောခဲ့တဲ့ လားရာငါးသွယ် စွမ်းအင်စုစည်းခြင်းနည်းစနစ်အကြောင်းကို စဉ်းစားနေတာကြောင့် အများကြီးအာရုံမစိုက်လိုက်မိဘူး"