ကစားပွဲကို ပြောင်းပြန်လှန်ပစ်မယ်
Vol. 11 Ch. 136
ရှန်းရန်ရန်က ယခုဖြစ်ရပ်မှ မည်သို့အကျိုးကျေးဇူးရမည်နည်း။
ယခုအချိန်တွင် လောကသားများနှင့် သူ၏ဆရာဖြစ်သူကြားတွင် ပိုင်ကျိသည် စိတ်နှစ်ခွ ဖြစ်နေလိမ့်မည်။
ကျိယွမ်ကို မဟာနတ်ဆိုးထင်ပြီး သတ်လိုက်လျှင် မှားယွင်းပြီးသတ်ဖြတ်မိခြင်း ဖြစ်သောကြောင့် ပိုင်ကျိ၏ဗုဒ္ဓနှလုံးသားသည် ညစ်နွမ်းသွားမည်ဖြစ်သည်။
အကယ်၍သူက မသတ်ဘဲထားလျှင်လည်း သူ၏ မူလရည်ရွယ်ချက်ကို မေ့လျော့ရာရောက်ပြီး၊ သူ၏ ဗုဒ္ဓနှလုံးသားသည် ချို့ယွင်းသွားမည် ဖြစ်ပြန်သည်။
ပိုင်ကျိက မည်သည့်လမ်းကိုပဲရွေးရွေး ရှန်ရန်ရန်သည် သူမ၏ ပန်းတိုင်ကို အောင်မြင်ပြီ မဟာနေမင်းကြာပန်းကို သိမ်းပိုက်ရရှိသွားမည်သာဖြစ်၏။
သူမက ချည်ပြီးတုပ်ပြီး ရိုက်လိုက်ခြင်းပင်။
သို့သော် ကျိယွမ်သည် သူမ၏အကြံကို နားလည်သွားသောအခါ ဘာပြောရမှန်းမသိပင်ဖြစ်သွားသည်။
ကံကြမ္မာကျောက်တုံးသည် ကံကြမ္မာကို အမြဲကြိုးကိုင်ခြယ်လှယ်နေသော်လည်း စိတ်ကူးစိတ်သန်းက သေးငယ်လွန်း၏။မလိုအပ်ဘဲ ဇာချဲ့နေခြင်းပင်။
သူသာဆိုလျှင် ပိုင်ကျိအလစ်တွင် မဟာနေမင်းကြာပန်းကို ဘာမှမစဉ်းစားဘဲ မျိုချလိုက်မည် ဖြစ်သည်။လင်ဖြစ်သူ၏ပစ္စည်းကို မယားကဘယ်နားထားမှန်း မသိဘဲနေမည်နည်း။ပိုင်ကျိ၏အနီးတွင် မသိမသာကပ်နေပြီး အလစ်ချောင်းရုံမဟုတ်ပါလား။
မဟာနေမင်းကြာပန်းကို မျိုချရဲခြင်း မရှိပါက မိမိကိုယ်ကို ကံကြမ္မာကျောက်တုံးဟု မည်သို့ ခေါ်ဝေါ်နိုင်မည်နည်း။ကြာပန်းလောက်ပင် မမာကျောသော ကျောက်တုံးက အသုံးမဝင်ပေ။
သို့သော် ကျိယွမ်မှာလည်း ပြဿနာရှိနေ၏။
ဒါပေမဲ့ ငါလည်း နှစ်ခွဖြစ်နေတာပဲ မဟုတ်ဘူးလား။
ပိုင်ကျိအား သူ့ကိုယ်သူ မဟာမိစ္ဆာ ဖြစ်ကြောင်း သတိရသွားစေပါက၊ လျူဖုန်းနယ်မြေသည် လုံးဝ ပျက်စီးသွားလိမ့်မည်။
သို့သော် ရှန်းရန်ရန်သည် မိစ္ဆာမနှင့် ကံကြမ္မာကျောက်တုံး၏ဝိဉာာဉ် ဖြစ်ကြောင်း ကို သူကမဖော်ထုတ်ဘဲထားလျှင်လည်း ရှန်းရန်ရန်သည် သူမ၏ပန်းတိုင်ကို အောင်မြင်သွားမည်ဖြစ်သည်။
ဒါဆို ငါကဘာလုပ်ရမှာလဲ။
ကျိယွမ်ဝေခွဲမရဖြစ်နေစဥ်မှာပင် ရှန်းရန်ရန်သည် ပိုင်ကျိကိုမျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်ကာ တွန်းအားပေးလိုက်သည်။
“ငါနဲ့ ပူးပေါင်းပြီး မဟာနတ်ဆိုးကို သတ်လိုက်ပါ၊ လောကကြီး ငြိမ်းချမ်းသွားလိမ့်မယ်၊ မဟုတ်ရင်တော့...”
ပိုင်ကျိ၏ ကြည်လင်သော မျက်လုံးများသည် မှုန်ဝါးလာ၏။
သူသည် ကျိယွမ်ကို တစ်လှည့် သူ၏နောက်မှ အဓိပတိတစ်သိန်းကိုတစ်လှည့်ကြည့်ကာ၊ သူ၏ မျက်လုံးများသည် နာကျင်မှုနှင့် ပြည့်နှက်နေသည်။
“ငါ.....”
"ငါ..."
ပိုင်ကျိ စကား မပြောနိုင်တော့ပါ။
တစ်ဖက်က သူ၏ ဆရာဖြစ်ပြီး၊ အခြားတစ်ဖက်က လောကသားများ ဖြစ်သည်။
ကျိယွမ်သည် ပိုင်ကျိကို ကြည့်ကာ ခေါင်းယမ်းသည်။
ဒီကောင်က စွန်းဝုခုံးထဲက ထန်စန်းကိုယ်တော်ထက်တောင် အ' တာပဲ၊ရိုးလွန်းတော့ အ ၊ အ လွန်းတော့တုံးပြီး ၊ ဘာမဟုတ်တဲ့ ကျောက်တုံးတစ်တုံးကိုတောင် မထိန်းချုပ်နိုင်ဘူး။
ကျိယွမ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။
“ပိုင်ကျိ ၊ ဆရာတစ်ယောက်အနေနဲ့ မင်းကို နောက်ဆုံးအကြိမ်အဖြစ် သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်"
ပိုင်ကျိက ဇဝေဇဝါမျက်လုံးများဖြင့် ကျိယွမ်အားကြည့်သည်။
"လောကီဒုက္ခအားလုံးဟာ မေ့လျော့ခြင်းမရှိခြင်းကြောင့်သာ ပေါ်ပေါက်လာကြတယ်။
အရာအားလုံးကို မေ့ပစ်လိုက်ပါ၊ အဲဒါဆိုရင်ဆင်းရဲဒုက္ခတွေရှိတော့မှာ မဟုတ်ဘူး"
ပိုင်ကျိ၏ ဗုဒ္ဓနှလုံးသားသည် ထပ်မံ တုန်ခါသွားသည်။
နောက်ဆုံးအကြိမ်တဲ့လား။
သူ၏ဆရာသခင်သည် လွန်ခဲ့သော အကြိမ်ကကဲ့သို့ပင် လောကသားများအတွက် မိမိကိုယ်ကို စတေးတော့မည်လား။
ရှန်းရန်ရန်သည်လည်း စိတ်လှုပ်ရှားသွားပြီးနောက် ဝမ်းသာအားရဖြစ်သွားသည်။
နင်းထောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ကျိယွမ်ကို စိုးရိမ်စွာစိုက်ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပါ။
သို့သော် သူမ၏ မျက်လုံးများက အားလုံးကိုပြောပြနေသည့်အလား ရှိသည်။
အဓိပတိများအားလုံးကလည်း ကျိယွမ်ကို ထိုနည်းအတူ စိုက်ကြည့်နေကြသဖြင့် ကျိယွမ်ပင် အနည်းငယ်ရှုပ်ထွေးသွားသည်။
ဒီအကြည့်တွေက...။
အကုန်လုံးက ငါကိုယ့်ငါစတေးပြီး လောကကြီးကို ကယ်တင်တော့မယ်လို့ ထင်နေကြတာလား။
ငါ့အကျင့်က ဘယ်အချိန်ကစပြီး အဲဒီလောက်မွန်မြတ်သန့်စင်သွားတာလဲ။
သို့သော် သူက ရှန်ရန်ရန်ကို ကြည့်ကာတည်ငြိမ်စွာ ပြောလိုက်သည်။
“နင့်ကိုလည်း နောက်ဆုံးအနေနဲ့ သင်ခန်းစာ တစ်ခု သင်ပေးပါရစေ"
"လူ့စိတ်ကို လှည့်စားပြီး ကြိုးကိုင်ခြယ်လှယ်တာပဲဖြစ်ဖြစ် ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်တာပဲဖြစ်ဖြစ် လှပတဲ့အနာဂတ်မရှိနိုင်ဘူး၊ စစ်မှန်တဲ့ခွန်အားကသာ လူ့စိတ်ကို အောင်နိုင်ပြီး ကံကြမ္မာကို ထိန်းချုပ်နိုင်မယ်”
ထိုစကားကိုကြားသောအခါ အကြောင်းရင်းမသိရဘဲ ရှန်းရန်ရန်၏ သူငယ်အိမ်များ အနည်းငယ်ကျုံ့သွားကာ သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှု ပေါ်ပေါက်လာသည်။
သွေးသခင်က တစ်ခုခုကိုများ သိနေသလား။ဒါပေမဲ့ သူသိနိုင်စရာ အကြောင်းမှမရှိတာ။မဖြစ်နိုင်ပါဘူး။
ရှန်းရန်ရန်က သူမကိုယ်သူမ နှစ်သိမ့်လိုက်၏။
ကျိယွမ်က သူမအားစိုက်ကြည့်ပြီး ကျယ်လောက်စွာ မေးလိုက်၏။
“ရှန်းရန်ရန်၊ မိစ္ဆာမအစစ်က ဘယ်သူဖြစ်တယ်ဆိုတာကို နင်တကယ်မသိဘူးလား"
ရှန်းရန်ရန်၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုတစ်ခုပေါ်လာခဲ့သည်။
သူမက လျင်မြန်စွာတုန့်ပြန်လာသည်။
“ရှင် ပြောလို့ မရဘူး"
ထိုအကြောင်းကိုသာ ဖော်ထုတ်လိုက်ပါက ဗုဒ္ဓသည် အရာအားလုံးကို သတိရသွားမည်ဖြစ်ပြီး မဟာနတ်ဆိုး၏ မဟာနေမင်းကြာပန်းသည် အရာအားလုံးကို မီးရှို့ပစ်မှာ သေချာသည်။
လျူဖုန်းနယ်မြေသည် ပြီးဆုံးသွားမည်ဖြစ်၏။
ထို့အတူ သူမသည်လည်း နိဂုံးချုပ်သွားမည်သာ။
ကျိယွမ်သည် သူမ၏စကားကို လျစ်လျူရှုလိုက်၏။
လူ့စိတ်သဘာဝလား။
ဇာတ်လမ်းဆင်တတ်တာလား။
ကံကြမ္မာလား။
ခွန်အားမရှိလျှင် ဤရွံစရာကောင်းသည့် အရာများသည် ကစားစရာများသာ ဖြစ်သည်။ရယ်စရာကောင်းသည့် လူပြတ်တစ်ဦး၏ သရုပ်ဆောင်မှုများသာ ဖြစ်နေလိမ့်မည်။
သူက ကစားပွဲကိုပြောင်းပြန်လှန်ပြရုံသာရှိတော့သည်။
ဤကဲ့သို့သော ဘောစ့်မျိုးသည် ဂုဏ်သိက္ခာ
လုံးဝမရှိပေ။
ကျိယွမ်၏ ပြတ်သားသောအသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
“ရှန်းရန်ရန်....နင်က မိစ္ဆာမပဲ၊ ပြီးတော့ နင်က လူသားမဟူတ်ဘူး၊ ကံကြမ္မာကျောက်တုံးရဲ့ ဝိဉာဉ်ပဲ”
“ပိုင်ကျိ ... မင်းက ဗုဒ္ဓ ဖြစ်တယ်၊ မဟာမိစ္ဆာ လည်း ဖြစ်ခဲ့တယ်”
"နတ်ဆိုးကြေးမုံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးဟာ မင်းရဲ့ဘဝတွေပဲ"
ကျိယွမ်သည် တုန့်ဆိုင်းခြင်းမရှိဘဲ အမှန်တရားကို ဖော်ထုတ်လိုက်၏။
သူ၏အသံသည် နတ်ဆိုးတစ်သောင်း တံခါး အတွင်း ပဲ့တင်ထပ်သွားပြီး လူတိုင်းကို တောင့်တင်းသွားစေ၏။
ပိုင်ကျိ၏ခန္ဓာကိုယ်မှာ တင်းမာသွား၏။
ရှန်းရန်ရန်ကတော့ အလွန်တုန်လှုပ်သွားသည်။သူမက ဆောက်တည်ရာ မရသလို စိတ်လှုပ်ရှားလာ၏။
“ ငါတို့ သေလိမ့်မယ်၊ အကုန်သေကုန်သေလိမ့်မယ်၊မဖြစ်ဘူး ..ငါဒီက ထွက်သွားရမယ်၊ ဒီက ထွက်သွားမယ်”
သူမသည် အမှန်တကယ်ပင် နေစရာမရှိအောင် ကြောက်ရွံ့တုန်လှုပ်သွားခြင်းဖြစ်သည်။မဟာနတ်ဆိုး၏လက်တွင် နောက်ထပ်တစ်ကြိမ် မသေဆုံးချင်ပါ။
ယခုအချိန်၌ လျူဖုန်းနယ်မြေသည် ပြီးဆုံးသွားလေပြီ၊နတ်ဆိုးတစ်သောင်းတံခါးဖြင့်ချိတ်ဆက်ထားသော နတ်ဆိုးတစ်သောင်းနယ်မြေပင် မလွတ်မြောက်နိုင်ဘဲ ပျက်စီးသွားလိမ့်မည်။
ကံကြမ္မာနှင့် လူတို့၏နှလုံးသားကို အမြဲ ကြိုးကိုင်ခြယ်လှယ်တတ်သောသူမသည် ယခုအခါမှာတော့ အရှိန်အဝါ တစ်စုံတစ်ရာ မှမရှိတော့ဘဲ လူပြက် တစ်ဦးကဲ့သို့ ဖော်ထုတ်ခံလိုက်ရ၏။
ရှန်ရန်ရန်ထိတ်လန့်နေစဥ်မှာပင် ပိုင်ကျိ၏ မျက်လုံးများအတွင်း၌ အဆုံးမဲ့ ခံစားချက်များ ပျံ့နှံ့လာသည်။
အတိတ်ဘဝ၏မှတ်ဉာဏ်များစွာက ရေစီးသကဲ့သို့ စီးဝင်လာသည်။
သူနှင့်အတူရှိနေသော နှလုံးသားမဲ့ကြာပန်း ၏အရှိန်အဝါကလည်း အလွန်အမင်း ကြောက်မက်ဖွယ် ဖြစ်လာခဲ့သည်။
ရှန်းရန်ရန်သည် ထိတ်လန့်ခြင်းပြင်းထန်စွာဖြင့် ထွက်ပြေးရန် ကြိုးစားသော်လည်း ကျိယွမ်က ဓားဖြင့် ပိတ်ဆို့လိုက်၏။
“နင်က ဘယ်ကို သွားမလို့လဲ၊ဂေါ်သမ်မြို့ကို ပြန်သွားလိုက်တော့ ၊ ဘတ်မန်းက နင့်ကို ရိုက်ဖို့ စောင့်နေတယ်”
“ရူးနေတာ၊ နင်က လုံးဝ ရူးသွပ်နေတာပဲ”
ရှန်းရန်ရန် ဒေါသထွက်သွားသည်။
သူမသည် ထွက်ပြေးချင်သော်လည်း ကျိယွမ်က အလွတ်မပေးပါ။
ပိုင်ကျိ၏ ခန္ဓာကိုယ်ပေါ်မှာ ရှုပ်ထွေးသော စွမ်းအင်သည် ပို၍ပို၍ထွက်ပေါ်နေသလို နှလုံးသားမဲ့ကြာပန်း ပေါ်တွင်လည်းကြောက်မက်ဖွယ် ခံစားချက်အမျိုးမျိုး စုပုံနေသည်။
ရှန်းရန်ရန်သည် နှလုံးသားမဲ့ကြာပန်းကို ကြည့်ကာ သူမ၏မျက်လုံးများက စိတ်ပျက်အားငယ်မှုနှင့် ပြည့်နေ၏။
“ပြီးပြီ၊ ငါတို့ အားလုံး ပြီးပြီ၊ လျူဖုန်းနယ်မြေလည်း တကယ်ကိုဇာတ်သိမ်းသွားပြီ”
ရှန်းရန်ရန်သည် ကြောက်ရွ့လွန်း၍ ရူးသွပ်သလိုဖြစ်နေပြီး သူမ၏ ယခင်က ယုံကြည်မှု များ လုံးဝပျောက်ဆုံးသွားသည်။
အဓိပတိတစ်သိန်းနှင့်အတူ အခြားသူများသည်လည်း ပိုင်ကျိကို ကြည့်နေရင်း ၎င်းတို့၏ စိတ်ထဲတွင် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ပြည့်နှက်လာကြ၏။
မကြာမီ ကြောက်မက်ဖွယ် တစ်ခုခု ဖြစ်တော့မည်ကို ၎င်းတို့ ခံစားမိလေသည်။
“ဟားဟားဟား၊ သွေးသခင်၊ နင်ကမှ အပြစ်သားအစစ်ပဲ။ ပိုင်ကျိကို အတိတ်ကအရာတွေအကြောင်း သတိရအောင် နင်လုပ်လိုက်တာ ။ မဟာနေမင်းကြာပန်းက မဟာနေမင်းဗုဒ္ဓရဲ့ဓာတ်တော်ဖြစ်ပြီး အညစ်အကြေးတွေလုံးဝဖုံးလွှမ်းသွားရင်
လောကမှာရှိတဲ့ အရာအားလုံးကို လောင်ကျွမ်းပစ်လိမ့်မယ်"
"နတ်ဆိုးတစ်သောင်းတံခါးကလည်း ပိတ်ထားပြီ ၊ ဘယ်သူမှ ထွက်သွားလို့ မရတော့ဘူး၊ ဟား..ဟား..ဟား၊ ငါတို့ အားလုံး သေတော့မယ်"
"နင်လည်း မလွတ်မြောက်နိုင်ဘူး"
ရှန်းရန်ရန်သည် ကျိယွမ်ကို မုန်းတီးစွာကြည့်သည်။
အခုအရာအားလုံးက သူ့ကြောင့်ပဲ။
သူကမှ လောကကြီးတစ်ခုလုံးရဲ့ အပြစ်သား။
ထိုအချိန်တွင် တစ်ချိန်လုံးငြိမ်သက်နေခဲ့သော ပိုင်ကျိသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ မျက်လုံးများက သွေးနီရောင် ဖြစ်နေခဲ့လေပြီ။
ထိုအရာကို မြင်လိုက်ရသူတိုင်းသည် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားရ၏။
ပိုင်ကျိ၏ နီရဲသောမျက်လုံးများက ရှန်းရန်ရန်အပေါ် ကျရောက်သွားသည်။
သူ၏ အနီရောင်မျက်လုံးများထဲတွင်နာကျင်မှုများ၊ အကူအညီမဲ့မှုများယှက်သိုင်း နေသော်လည်း ရှုပ်ထွေးမှုက ပိုများနေသည်။
သူသည် အတိတ်က အရာအားလုံးကို သတိရသွားခဲ့သည်။
သူသည် ထိန်းချုပ်မှု လွတ်ကာ စစ်မှန်သောမဟာနတ်ဆိုး ဖြစ်လာတော့မည်။
အညစ်အကြေးများဖုံးလွှမ်းနေသော မဟာနေမင်းကြာပန်းကလည်း လောကရှိ အရာအားလုံးကို လောင်ကျွမ်းရန် စတင်နေပြီဖြစ်သည်။
“ဆရာ...”
ပိုင်ကျိ၏ နီရဲကာရှုပ်ထွေးနေသောမျက်လုံးများတွင် ကြည်လင်မှုတစ်ခု လှစ်ခနဲ ပေါ်လာပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။
သူသည် အရာအားလုံးကို ဖော်ထုတ်ခဲ့သည့် ကျိယွမ်ကို မုန်းတီးနေသည်လား သို့မဟုတ် အခြားတစ်ခုခုကို စဉ်းစားနေသည်လားကိုတော့ မည်သူမှမရှင်းလင်းပါ။
“ဟားဟား ဟားဟား ၊ နောက်ထပ် အသက်ရှူချိန် အကြိမ်တစ်ရာအတွင်းမှာ၊ ဒီကမ္ဘာကြီး လုံးဝ ပျက်စီးသွားတော့မယ်"
"လုံးဝ ပျက်စီးသွားတော့မယ်.."
"မဟာနေမင်းကြာပန်းက စတင်လောင်ကျွမ်းပြီဆိုတာနဲ့ ဘယ်နည်းနဲ့မှ ရပ်တန့်လို့မရတော့ဘူး"
ရှန်းရန်ရန်သည် လုံးဝ ရူးသွပ်သွား၏။သူမက တစ်ချိန်က ယုံကြည်ချက်မြင်းမားလှသော အကြွင်းမဲ့သခင်ဖြစ်ခဲ့ပါသည်ဟု ပြောလျှင်ပင် ယုံနိုင်စရာမရှိတော့ပါ။
“သွေးသခင်၊ နင်က ငါ့ကို နိုင်သွားပြီထင်တာလား၊ဟားဟား ဟားဟား၊ ဒီတိုက်ပွဲမှာ အနိုင်ရသူ မရှိဘူး၊ ရှုံးနိမ့်သူတွေပဲ ရှိတယ်”
လူတိုင်း၏ စိတ်နှလုံးများသည် လေးလံကာ ပို၍ ကြောက်ရွံ့လာ၏။
သို့သော် ကျိယွမ်ကတော့ ပုံမှန်ထက်ပင် ပို၍ ငြိမ်သက်နေသည်။
“အနိုင်ရသူ မရှိဘူးလို့ ဘယ်သူပြောလဲ။”
“ဒီဂိမ်းမှာ၊ နင့်ကို ငါ သတ်လိုက်ရင် ငါ အနိုင်တာပေါ့”
ကျိယွမ်က တစ်စထက်တစ်စပြင်းထန်လာပြီး မကြာမီစိတ်လွတ်ကာ ရူးသွပ်တော့မည့် ပိုင်ကျိကို ကြည့်ကာ ပြောလိုက်၏။
“ပိုင်ကျိ ၊ ငါ မင်းကို ခုနက သင်ပေးတာ မင်း မှတ်မိရဲ့လား။ မေ့လျော့ပစ်မှသာ လောကမှာ ဒုက္ခမရှိနိုင်မှာ”
ပိုင်ကျိ၏ ရှုပ်ထွေးနီရဲသောမျက်လုံးများတွင် ကြည်လင်မှု တစ်စုံတစ်ရာမျှ ကျန်ရှိနေသေးသည်။
“ဆရာ ၊ ကျွန်တော်က အသုံးမကျပါဘူး၊ မမေ့နိုင်ဖြစ်နေပါတယ်"
"ကျွန်တော် သတ်ဖြတ်ခဲ့သူတွေကို မမေ့နိုင်ပါ၊သူတို့ရဲ့ နှလုံးသားနတ်ဆိုးတွေကြောင့် သေဆုံးခဲ့ရသူများကိုလည်း မမေ့နိုင်ပါ။
ကျွန်တော်က အပြစ်သား ဖြစ်တယ်၊ ကျွန်တော်က မဟာနတ်ဆိုးပဲ"
“မမေ့လို့ရမလား၊မေ့ဆိုမေ့ပေါ့ ၊မင်းမမေ့နိုင်ရင် ငါမေ့အောင်လုပ်ပေးမယ်"
ကျိယွမ်က စိတ်မရှည်သလို အော်ဟစ်လိုက်၏။
၂၁ရာစု ကမ္ဘာမှာသာဆိုရင် မမေ့နိုင်ဘူးဆိုတဲ့ကောင်တွေကို မသေရုံမလှတပဖြစ်အောင် ရိုက်နှက်ပစ်၊ခေါင်းကို မက်မုံသားတုတ်နဲ့ မရေမတွက်နိုင်အောင်ရိုက်ပစ်ရင် မမေ့ခံနိုင်ရိုးလား။
ပိုင်ကျိသည် ခေါင်းကိုသာ တွင်တွင်ယမ်းနေကြီး သူ၏အမူအယာက အနည်းငယ်ကြမ်းတမ်းလာ၏။မကြာမီတွင် သူသည်ထိန်းချုပ်မှု လွတ်သွားပေတော့မည်။
“မခုခံနဲ့၊ ငါ မင်းကို မေ့သွားအောင် ကူညီပေးမယ်”
မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို ကျိယွမ်က အသက်သွင်းလိုက်သည်။
ရှန်းရန်ရန်က ထိုမြင်ကွင်းကို ကြည့်ကာ လှောင်ပြောင်လိုက်၏။
“မေ့လျော့ခြင်းတဲ့လား၊ဟားဟား ဟားဟား၊မေ့ပစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို လှည့်စားခြင်းသာ ဖြစ်တယ်၊အဖြစ်မှန်ကို မပြောင်းလဲနိုင်ဘူး"
သို့သော် အသိစိတ်လက်ကျန်ရှိနေသေးသော ပိုင်ကျိသည် ဆရာဖြစ်သူ၏ ညွှန်ကြားချက်များကို နာခံပြီး လုံးဝမခုခံပါ။သူက ကျိယွမ်၏လွှမ်းမိုးမှုကို ပွင့်လင်းစွာခံယူသည်။
မဟာမေ့လျော့ခြင်းမူလစွမ်းအားသည်
သူ၏ ခန္ဓာကိုယ်အပေါ်သို့ ကျရောက်သောအခါ ပိုင်ကျိ၏ မျက်လုံးများက ပို၍ ကြည်လင်လာသည်။
“ဆရာသခင်...ကျွန်တော် နားလည်ပါပြီ။”
ဤအချိန်တွင် သူသည် အသိဉာဏ် ရသွားခဲ့သည်။
ဗောဓိသည်လည်း မရှိ၊ တောက်ပသော ကြေးမုံဟူ၍လည်း မရှိပါ။
မူလကပင် အရာတစ်ခုမျှ မရှိခဲ့လျင်၊ အဘယ်မှာ ဖုန်မှုန့် များက စွဲကပ်နိုင်မည်နည်း။
သူ၏ဆရာတွင် ဒုတိယမြောက် မူလစွမ်းအားတစ်ခုရှိနေသည်ကို သိလ်ုက်ရသော်လည်း အဘယ်ကြောင့် ရှိရသည်ကို သူ စဉ်းစားမနေတော့ပေ။မလိုအပ်သော အတွေးများဖြင့် ကိုယ့်ကိုယ်ကို ဒုက္ခ မပေးတော့ပါ။
ပိုင်ကျိသည် ကျိယွမ်ကို ရိုသေလေးစားစွာကြည့်လိုက်၏၊ သူ၏ မျက်လုံးများသည် နီရဲနေသော်လည်း မရှုပ်ထွေးတော့ပါ၊ တဖြည်းဖြည်းကြည်လင်လာပြီး ဗုဒ္ဓသဘာဝနှင့် ပြည့်နေခဲ့သည်။
“ဆရာသခင်၊ ကျွန်တော်အရာအားလုံးကို မမေ့ခင် သူမကို အဆုံးသတ်ပေးလိုက်ပါမယ်။”
မိစ္ဆာမ ၊ ကံကြမ္မာကျောက်တုံးတို့နှင့် သူ၏ ရှုပ်ထွေးမှုသည် နောက်ဆုံးတွင် ပြီးဆုံးသွားပေတော့မည်။
ပိုင်ကျိသည် ညင်သာစွာလှုပ်ရှာလိုက်၏။
ယခုအချိန်တွင် သူ၏စွမ်းအားသည် ထူးခြားမဟာအဓိပတိတစ်ဦး၏ စွမ်းအားထက် များစွာကျော်လွန်နေသည်။
ရှန်းရန်ရန်၏ ရူးသွပ်နေသောမျက်နှာသည် နားမလည်သည့်မျက်နှာသို့ ပြောင်းသွား၏။
“ဘာလဲ၊ ဘာလို့လဲ”
မဟာနေမင်းကြာပန်း၏ လောင်ကျွမ်းမှု အဘယ်ကြောင့် နှေးကွေးသွားသည်ကို သူမ နားမလည်နိုင်ပါ။
သွေးသခင်က ပိုင်ကျိကို ဘာလုပ်လိုက်တာလဲ။
ဘာလို့သူက မဟာနတ်ဆိုးအဖြစ်ဆက်မပြောင်းလဲဘဲ နှေးသွားရတာလဲ။
“လောကရှိ အမင်္ဂလာနှင့် မကောင်းမှု အားလုံးကို မေ့လျော့ပစ်ရမယ်”
ပိုင်ကျိသည် ရှန်းရန်ရန်ထံသို့ လက်ဝါးရိုက်ချက်တစ်ခုကို ညင်သာစွာ ပို့လွှတ်သည်။
ထိုရိုက်ချက်သည် တည်ငြိမ်ရင့်ကျတ်နေသော်လည်း လောက၏ရှိရှိသမျှ ခွန်အား အလုံးစုံကို ကျော်လွန်၏။
ကျိယွမ်ပင် ထိုရိုက်ချက်ကြောင့် ပြင်းထန်စွာတုန်လှုပ်သွားခဲ့သည်။
သူသည် ထိုရိုက်ချက်ကို မခံနိုင်ပါ။
ပိုင်ကျိ၏ ရိုက်ချက်တစ်ခုတည်းဖြင့်မကောင်းမှုသည် ငြိမ်းသွားပြီး ကံကြမ္မာကျောက်တုံးသည် နောက်ဆုံးတွင် ပျက်စီးသွားခဲ့သည်။
ရှန်းရန်ရန်သည် နောက်ဆုံးအကြိမ်ထိ ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။
"မဟာနေမင်းကြာပန်း စတင်လောင်ကျွမ်းပြီဆိုတာနဲ့ ရပ်တန့်လို့ မရတော့ဘူး၊ ငါတို့ အားလုံး သေတော့မယ်”
"အား...."
လောကကြီးကို ခါးစောင်းတင်ကာ ဗုဒ္ဓကိုပင်လှည့်စားခဲ့သော ကျောက်တုံးဝိညာဥ်သည် ဗုဒ္ဓလက်ဝါးကြောင့်ပင် ပျက်ဆီးသွားခဲ့လေပြီ။
ကျိယွမ်သည် အကူအညီမဲ့စွာ ပုခုံးတွန့်လိုက်၏။
ဒီဂိမ်းနောက်ဆုံးအခန်းမှာ ရန်သူအဓိပတိ တစ်သောင်းကို ငါ့နောက်လိုက်အဓိပတိတစ်သိန်းက သက်ပစ်တယ်။
ဘော့စ်ကို ပိုင်ကျိကသတ်တယ်။
ငါက အပြင်လူလား။လူဆိုးကို ငါကသတ်သင့်တာလေ။
သို့သော် ဤအရာက အနည်းငယ်ပျင်းရိဖွယ်ကောင်းသော်လည်း ခံစားရသည်မှာ အမှန်တကယ် ပျော်ရွှင်စရာ ဖြစ်သည်။
ရှန်းရန်ရန်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ပေါင်းများစွာက မိစ္ဆာမကဲ့သို့ပင် ဗုဒ္ဓ၏ လက်ထဲတွင် တစ်ဖန် သေဆုံးသွားခဲ့သည်။
【ဝူကွေမြို့အားစောင့်ကြပ်ရမည်တာဝန်ကို ရှင်းလင်းပြီးပါပြီ၊ ဆုလာဘ်များ ရရှိသည်။】
မမျှော်လင့်ထားဘဲ ဂိမ်း၏ အသိပေးချက် ထွက်ပေါ်လာသည်။
【ဆုလာဘ် (၁) : သော့ အစိတ်အပိုင်း ၉၉ ခု ရရှိသည်။】
【ဆုလာဘ် (၂) : သော့ကို တစ်ကြိမ် အမည်ပေးနိုင်သည်။】
ရှန်းရန်ရန်၏သေဆုံးမှုသည်နှင့် မြောက်နှင့်တောင်ပဋိပက္ခသည်လည်း အဆုံးသတ်သွားလေပြီ။
ဝူကွေ့မြို့ကိုစောင့်ကြပ်ရသည့် တာဝန် သည် နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့လေပြီ။
ကျိယွမ်သည်လည်း ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော မစ်ရှင်ဆုလာဘ်များကို ရရှိခဲ့သည်။
သို့သော် ဤအချိန်တွင် သူသည် ဆုလာဘ်များအကြောင်း စဉ်းစားရန် အချိန်မရဘဲ ပိုင်ကျိကိုသာ ကြည့်နေ၏။
ပိုင်ကျိ၏ လက်ရှိအခြေအနေက ၅၀ရာခိုင်နှုန်း စီသာရှိသေးပြီး စိတ်မချရသေးပါ။သူသာ ရူးသွပ်မှုထဲသို့ ဆက်လက် ကျရောက်နေပါက၊ မဟာနေမင်းကြာပန်းသည် ဤကမ္ဘာကြီးကို ပြာချပစ်မည်ဖြစ်၏။
လူတိုင်း သေဆုံးကာ ပြာဖြစ်သွားလိမ့်မည်။
ရှန်းရန်ရန်ကို သတ်ပြီးနောက် ပိုင်ကျိ၏ မျက်လုံးများတွင် ရူးသွပ်ခြင်းနှင့် ကြည်လင်ခြင်း နှစ်မျိုးလုံးကို ပြသနေ၏။
သူသည် ကျိယွမ်နောက်တွင်ရှိနေသော အဓိပတိတစ်သိန်းနှင့် ဖြည်းညင်းစွာ ဆက်လက်လောင်ကျွမ်းနေသော မဟာနေမင်းကြာပန်းကို ကြည့်သည်။
နက်ရှိုင်းသော အတွေးများ သူ၏ မျက်လုံးများထဲ စီးဆင်းနေပုံရ၏။
ပိုင်ကျိက စကားပြောလာသည်။
“ဆရာ၊ ကျွန်တော်က အရာအားလုံးကို မေ့သွားခဲ့ရင်တောင် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကတော့ ဖြစ်ပျက်ခဲ့ပြီး ဖြစ်ပါတယ်။
မဟာနေမင်းကြာပန်းကလည်း ဆက်ပြီးတောက်လောက်နေမှာ ဖြစ်တာကြောင့်
ဒီကမ္ဘာကြီးကတော့... ဆက်လက် ပျက်စီးနေဦးမှာပါ။”
ရှန်းရန်ရန် ပြောသည်မှာ မှန်ပါသည်။
ဤကမ္ဘာမှ ထွက်ခွာနိုင်ခြင်း မရှိပါက၊ နတ်ဆိုးတသောင်းနယ်မြေထဲသို့ အတင်းဝင်ရောက်သွားလျင်ပင် မလွတ်မြောက်နိုင်ကြပါ။
မဟာနေမင်းကြာပန်းသည် လောကနှစ်ခုလုံးကို လောင်ကျွမ်းပေလိမ့်မည်။
ထို့အပြင် မဟာနေမင်းကြာပန်း မရှိလျှင်ပင် အဓိပတိတစ်သိန်း၏နှလုံးသားများအတွင်း နတ်ဆိုးမျိုးစေ့အခံများ ရှိနေသရွေ့ လျူဖုန်းနယ်မြေသည် နောက်ဆုံးတွင် လုံးဝ ပျက်စီးသွားသေချာ၏။
“မင်း လုံလုံလောက်လောက် မမေ့သေးလို့ပဲ”
ကျိယွမ်က အကြောင်းရင်းကိုပြောလိုက်၏။
သူ၏ မဟာမေ့လျော့ခြင်း မူလစွမ်းအားသည် ထုဆစ်ခြင်းအဆင့်သို့ ရောက်ရှိနေပါက ပိုင်ကျိကို ပိုမိုမေ့သွားအောင် လုပ်နိုင်လိမ့်မည်။
ပိုင်ကျိ၏ စစ်မှန်ပုံစံသည် အလွန်အားကောင်းလှသည်။
သူ၏ စိတ်ကိုလုံးဝဖွင့်ပေးပြီး ကျိယွမ်အား မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို ဖော်ဆောင်ခွင့်ပေးခဲ့သော်လည်း အရာအားလုံးကို လုံးဝမေ့သွားရန် မတတ်နိုင်ပါ။
ပိုင်ကျိ၏ အတွင်းစိတ်ထဲကပင် အားလုံးကို မေ့ပစ်ရန် ဆန္ဒမရှိခြင်းလည်း ဖြစ်နိုင်သည်။
ရှိသမျှသူအားလုံးသည် အဆက်မပြတ်လောင်ကျွမ်းနေသော မဟာနေမင်းကြာပန်းကိုသာ ထိတ်လန့်စွာကြည့်နေမိကြသည်။
အချိန်ကြာလာလေ ၎င်းတို့သည် ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလာရလေပင်။
ကြာပန်းသည် ကောင်းကင်နှင့်အရာအားလုံးကို ပြာမဖြစ်မချင်း လောင်ကျွမ်းတော့မည်။
ပိုင်ကျိ၏ မျက်လုံးများတွင်လည်း အကူအညီမဲ့သလို မတတ်နိုင်ဘဲ ရှိလေသည်။
“ကျွန်တော့် မေ့သွားခဲ့ရင်တောင် နှစ်ပေါင်း တစ်ရာလောက်ပဲ ကြာပန်းကို ထိန်းထားနိုင်လိမ့်မယ်။နှစ်တစ်ရာ ကြာပြီးရင် ... ဒီကမ္ဘာကြီးက ဆက်လက်လောင်ကျွမ်းနေမှာပဲ"
"ပြီးတော့ ကျွန်တော်က စစ်မှန်တဲ့မေ့လျော့ခြင်းတရားကို နားမလည်နိုင်ပါဘူး၊
ကံကြမ္မာကျောက်တုံးကတောင် ကျွန်တော့်ကို ကျရှုံးအောင်လုပ်နိုင်ခဲ့တယ်၊ ကျွန်တော့်အနေနဲ့ စစ်မှန်တဲ့ မေ့လျော့ခြင်းတရားကို ဘယ်လို နားလည်နိုင်မှာလဲ"
ပိုင်ကျိသည် သူ့ကိုယ်သူယုံကြည်ပျောက်ဆုံးနေခဲ့သည်။ကံကြမ္မာကျောက်တုံး၏ လွှမ်းမိုးမှုက လွယ်လွယ်နှင့်ပျောက်သွားမည့်ပုံမရှိပေ။
ကြာပန်းပြဿနာအတွက် ပိုင်ကျိတွင် အဖြေမရှိပါ။သူ့ကို အားကိုး၍မရနိုင်ပေ။
ကျိယွမ်က ပိုင်ကျိကိုလည်းကောင်း၊ထိတ်လန့်ကြောက်ရွံနေကြသော အဓိပတိများအားလုံးကိုလည်ကောင်း၊ အလျှံညီးညီးတောက်လောင်နေသော မဟာနေမင်းကြာပန်းကိုလည်းကောင်း တစ်ခုစီကြည့်ကာ
သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်သည်။
ဂိမ်းကို ရှင်းလင်းပြီးပြီဖြစ်သောကြောင့် သူသည် ဤကမ္ဘာမှ ထွက်ခွာတော့မည် ဖြစ်သည်။
မဟာနေမင်းကြာပန်းသည် ဤကမ္ဘာကို မီးရှို့ပစ်လိမ့်မည်။ သို့သော် ကန်းလန်နယ်မြေကိုတော့ ထိုမီးက ရောက်လာစရာမရှိပေ။
သူသည် အနက်ရောင်ဝတ်စုံနှင့် စာဝါငှက်မလေးကို လှမ်းကြည့်မိ၏။
သူမသည် ယခင်ကနှင့်မတူဘဲ၊ ပို၍ အေးစက်ပြီး ပို၍ ဆွဲဆောင်မှုရှိနေသည်။
အခြားသူများ၏ မျက်လုံးများက ကြာပန်းပေါ်တွင်ရှိနေငော်လည်း သူမ၏မျက်လုံးများသည် သွေးနီရောင်ဝတ်ရုံနှင့်ပုံရိပ်ပေါ်တွင် အမြဲရှိနေ၏။
သူမကြောက်သည့်အရာကို သူမသာလျှင်သိသည်မဟုတ်ပါလား။
ထို့အခိုက် သူမအားလှည့်ကြည့်လာသော ကျိယွမ်၏မျက်ဝန်းများကို မြင်သောအခါ သူမသည် သူ၏အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
သူမက ကြည်နူးသလိုပြုံးလိုက်လျှင် သူမ၏ ဆွဲဆောင်မှုက ပို၍ပေါ်လွင်လာ၏။
“သွေးပုလဲ၊ ဘယ်အချိန် ဘယ်နေရာ ဘယ်ဘဝပဲဖြစ်ဖြစ် ၊အမြဲတမ်း... နင်နဲ့ အတူနေဖို့ ဆန္ဒရှိပါတယ်၊ နင့်ကို အမြဲစောင့်နေမှာပါ”
အိုးကိုးလုံးတောင်မှာကဲ့သို့ပင် ဖြစ်သည်။
ထိုအခိုက်မှာပင် သူမ၏မျက်နှာပေါ်ရှိ အနက်ရောင်မျက်နှာဖုံးက ပြုတ်ကျသွားကာ သူမ၏ အပြစ်အနာအဆာကင်းသော ဘယ်ဘက်မျက်နှာကို ကျိယွမ်အား ဖော်ပြလိုက်၏။
မျက်နှာပေါ်ရှိ “စုန်း” ဟူသောအက္ခရာနှင့်ပင် နင်းထောင်၏ ရင်သပ်ရှုမောဖွယ်အလှတရား ကို မြင်သောအခါ သူမ တစ်ချိန်က ပြောခဲ့သည့် စကားကို ကျိယွမ်သတိရလိုက်၏။
“ငါကျူးယန်က တောင်တန်းဆယ့်ရှစ်ခုလုံးမှာ နံပါတ်တစ်အလှဆုံးမိန်းခလေးပဲ"
သူမသည် အမြဲတမ်းလှပနေခဲ့သည် မဟုတ်ပါလား။
နင်းထောင်သည် သူမလက်ထဲမှ မျက်နှာဖုံးပုဝါစလေးအား လွှင့်ပစ်ပြီးနောက် ကျိယွမ်ဆီသို့ပြေးလာပြီး သူ၏ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်တော့သည်။
သူမက ကမ္ဘာမြေအဆုံးပိုင်းမှာပြန်တွေ့စဥ်ကဲ့သ်ု့ပင် သူမ၏သွယ်လျသောခြေတံများဖြင့် ကျိယွမ်၏ခါးအား တင်းကျပ်စွာပတ်ထားပြီး အတင်းတွယ်ကပ်လေ၏။
ကျိယွမ်သည် နင်းထောင်ကို ဖက်ထားပြီး ပြုံးမိသည်။
ဒီ ကျိန်စာသင့်ဂိမ်းက ငါ့ကို ပုံရိပ်ယောင်ဇနီးတစ်ယောက် တကယ်ကြီး ပေးချင်နေတာလား။
ထို့နောက်သူက နင်းထောင်အားပိုင်နိုင်စွာ ဖက်ထားရင်းမှ ကြောက်မက်ဖွယ်လောင်ကျွမ်းနေသော မဟာနေမင်းကြာပန်းအား တစ်ချက်ကြည့်လိုက်၏။
ထို့နောက် ရုတ်တရက် ပါးစပ်ကိုဖွင့်လိုက်ပြီး လောကကြီးကို ပြာချမည်ဆိုသော ထိုအရာအား မပြောမဆိုနှင့် မျိုချပစ်သည်။
လောင်ကျွမ်းနေသော ကြာပန်းသည် ကျိယွမ်၏ ဝမ်းဗိုက်ထဲသို့ဝင်သွား၏။
ပူလှချည်လား။
အူကလီစာတွေကို ပြာချနေတယ်။
သို့သော် ကျိယွမ်သည် ကြောက်ရွံ့သောအမူအရာ လုံးဝမရှိခဲ့ပါ။
အဆုံးမဲ့သော ကြောက်မက်ဖွယ်အရှိန်အဝါသည်သူ၏ဝမ်းဗိုက်အတွင်းမှ ဖြာထွက်လာပြီး သူ့ကို ဆုတ်ဖြဲပစ်တော့မည့်အလား ထင်ရသည်။
ယခုအခါ သူသည်မယုံနိုင်လောက်အောင် ပူပြင်းပြီးအားကောင်းနေသည်ဟု ခံစားရသော်လည်း မည်သည့်အချိန်မဆို ပေါက်ကွဲနိုင်သည့်အလားလည်းရှိနေသည်။
နင်းထောင်သည် ကျိယွမ်ကို ပို၍တင်းကျပ်စွာ ဖက်ထားပြီး ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေကာ မည်သည့်စကားမှ မဆိုခဲ့ပေ။
သူမတို့နှစ်ယောက်အား လူများစွာ စောင့်ကြည့်နေသော်လည်း သူမသည် ရှက်ရွံ့မှု မခံစားရဘဲ ဤအချိန်လေးကိုသာ တန်ဖိုးထားနေ၏။
ရုတ်တရက် ကျိယွမ်သည် သွေးနီရောင်ဓားကို ထုတ်ယူကာ ကိုင်ထားပြီး သူ၏နောက်မှ အဓိပတိတစ်သိန်းအား ကြည့်လိုက်သည်။
“လောကကြီးထဲက နှလုံးသားနတ်ဆိုးတွေဟာ အာရုံမှားများသာ ဖြစ်တယ်”
သူ၏အသံက တရားဟောစဥ်အခါကဲ့သို့ပင် ထူးခြားလှ၏။
“ဘယ်တုန်းကမှမရှိခဲ့တဲ့ နှလုံးသားနတ်ဆိုးဆိုတာတွေကို မေ့လိုက်ပါ၊ အဲဒါဆိုရင် မင်းတို့ရဲ့နှလုံးသားက သန့်စင်သွားလိမ့်မယ်"
"မင်းတို့ မမေ့ပစ်ရဲရင် မင်းတို့နှလုံးသားက မသန့်စင်နိုင်ဘူး၊မင်းတို့မေ့ပစ်မှသာ ထာဝရပျောက်ကွယ်သွားလိမ့်မယ်"
မဟာနေမင်းကြာပန်း၏ ပူပြင်းသောစွမ်းအားဖြင့် ကျိယွမ်၏အသံသည် နတ်ဆိုးတသောင်းတံခါးမှသည် လျူဖုန်းနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
“လောကရှိ နတ်ဆိုးအားလုံး၊ ငါ၏ အမိန့်ကို နာခံပြီး ဤဓားကို အတူတကွ ပုံသွင်းကြလော့"
ကျိယွမ်သည် ဘယ်ဘက်လက်ဖြင့် နင်းထောင်အား ထွေးပွေ့ထားလျှက် ညာဘက်လက်ဖြင့် သွေးနီရောင် ဓားကို မိုးပေါ်သို့ ထိုးတင်လိုက်သည်။
ထိုဓားသည် လောကရှိ အပြစ်များ၏ အရင်းအမြစ်အားလုံးမှ ပုံသွင်းထားခြင်း ဖြစ်သည်။
ထို့အတူ ကျိယွမ်ကြုံတွေ့ခဲ့ရသော မဟာနတ်ဆိုး၏မူလအနှစ်သာရကို သန့်စင်ခြင်းဖြင့် ဖွဲ့စည်းထားသောလက်နက်လည်း ဖြစ်သည်။
ထို့ကြောင့် ထိုဓားသည် တနည်းအားဖြင့် ဤကမ္ဘာမြေမှအပြစ်များ၏ အရင်းအမြစ်လည်း ဖြစ်သည်။
ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှုဖြင့် ထုဆစ်ထားသောထိုဓားအား ဤလောကရှိ နှလုံးသားနတ်ဆိုးအားလုံးဖြင့် ထပ်မံထုဆစ်ရန် ကျိယွမ်က ဆုံးဖြတ်လိုက်ခြင်းပင်တည်း။
ကျိယွမ်၏ဆုံးဖြတ်ချက်ကို မြင်သောအခါ ပိုင်ကျိသည် တည်ငြိမ်စွာ ပြုံး၏။
“ဆရာ့ကို ကျွန်တော်ကူညီပေးပါ့မယ်”
များစွာသော ဗုဒ္ဓအလင်းရောင်ခြည်များသည် ကျိယွမ်သွေးနီရောင်ဓားအား ဖုံးလွှမ်းသွားသည်။
လျူဖုန်းနယ်မြေ၏ ကောင်းကင်ယံတွင် သွေးနီရောင် ဧရာမဓားကြီးတစ်လက် ပေါ်လာ၏။
မာန၊ လောဘ၊ ပျင်းရိခြင်း၊ ဒေါသ..
အဆုံးမဲ့သော ဆန္ဒဆိုးများသည် သွေးနီရောင် ဓားပေါ်တွင် ပျံ့နှံ့နေပြီး မြေပြင်ပေါ်မှ လူများပင် တုန်လှုပ်သွားနိုင်၏။
ထိုအတူ ခမ်းနားသော ဗုဒ္ဓ၏အသံကလည်း လျူဖုန်းနယ်မြေ တစ်လျှောက် ပဲ့တင်ထပ်နေသည်။
ဝူကွေမြို့၏ မြို့ရိုးပေါ်တွင် အိုမင်းနေသောယွမ်ချီသည် ကောင်းကင်ရှိ ဧရာမဓားကို မော့ကြည့်ကာ ပြုံးနေသည်။
သို့သော်လည်း ယခုအချိန်တွင် မြို့ရိုးပေါ်၌ သူတစ်ယောက်တည်းရှိနေပြီး အထီးကျန်နေ၏။
"ဝူကွေမြို့ကာကွယ်သူ.”
ယွမ်ချီသည် မြို့ရိုးပေါ်တွင် ကျိယွမ်နှင့်သတို့သမီးလေးတို့ နေ့စဥ်ထိုင်
နေကြနေရာလေးမှ ဖုန်မှုန့်များကို တုန်ယင်သောလက်များဖြင့် သန့်ရှင်းပေးလိုက်၏။
ထို့နောက် မြို့ရိုးပေါ်တွင် အထီးကျန်စွာ ထိုင်လျှက် ကျိယွမ်ပြန်လာချိန်ကို အထီးကျန်စွာ စောင့်နေရှာသည်။
"သခင် ပြန်လာတော့မယ်"
တစ်သိန်းရှစ်ထောင်သောမြို့များတွင်ရှိသည့် ကျင့်ကြံသူအားလုံးသည် ကောင်းကင်ကို မော့ကြည့်ကာ မျက်လုံးများတွင် ရှုပ်ထွေးနေကြသလို အမျိုးအမည်မသိရသော စိတ်သက်သာရာတစ်မျိုးကိုလည်း သူတို့၏ နှလုံးသားထဲတွင် ခံစားရလိုက်ကြ၏။
လမ်းများပေါ်တွင်လည်း လူအများသည် သွေးနီရောင်ဓားကို ကြည့်ကာ နားမလည်နိုင်သလိုဖြစ်နေကြရသည်။
အချို့သူများက ဓားကို ဦးညွှတ်နေကြ၏။
ထိုအတူ လျူဖုန်းနယ်မြေအနှံ့ အဆုံးမဲ့သောနှလုံးသားနတ်ဆိုးများမှာ ကောင်းကင်သို့ ပျံသန်းသွားကြပြီး သွေးနီရောင်ဓားထဲသို့ ပေါင်းစပ်သွားသည်။
ကျိယွမ်၏ ခန္ဓာကိုယ်သည် ပို၍ပူနွေးလာပြီး အဖြူရောင်အငွေ့များ ဆက်တိုက် ထွက်ပေါ်နေသည်။
သွေးနီရောင်ဓားသည် အဆုံးမဲ့သောနှလုံးသားနတ်ဆိုးများကို စုပ်ယူပြီး ပို၍ မိစ္ဆာဆန်လာကာ အတုမရှိသော မိစ္ဆာဓားကဲ့သို့ ဖြစ်လာ၏။
ထိုဓား၏ တိုက်ခိုက်မှုတစ်ခုသည် လောကကို တုန်လှုပ်သွားစေနိုင်သည့်အလားပင်။
ပိုင်ကျိ၏မျက်နှာသည် သက်သာရာရသော အသွင်ကို ပြသနေပြီး ကျိယွမ်ကိုလေးစားကြည်ညိုမှု များစွာနှင့် ကြည့်နေသည်။
ယခုကိစ္စကို ဖြေရှင်းနိုင်ခဲ့ပါက သူသည် ဤကမ္ဘာတွင် တစ်သက်တာလုံး နေထိုင်သွားမည် ဖြစ်ပြီး ဗုဒ္ဓနယ်မြေသို့ မည်သည့်အခါမှ မပြန်တော့ရန် ဆုံးဖြတ်ထားပြီးဖြစ်၏။
သို့သော် သူ၏ဆရာသည် မဟာနေမင်းကြာပန်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ကိုတော့ သူ မသိပါ။
ကျိယွမ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ လောင်ကျွမ်းနေသည့် ဝေဒနာကို သည်းခံကာ သူ၏ရင်ခွင်ထဲမှ နင်းထောင်ကို ငုံ့ကြည့်သည်။
“ငါ သွားရတော့မယ်...”
နင်းထောင်သည် သူ့ကို တင်းကျပ်စွာ ဖက်ထားပြီး တိုးတိုးလေး တုန့်ပြန်၏။
“ငါ အိပ်ပျော်နေပြီ...”
ကျိယွမ်သည် နင်းထောင်၏ မှိတ်ထားသော မျက်လုံးများကို ကြည့်လိုက်သည်။ သူမ၏ မျက်တောင်ရှည်များသည် အနည်းငယ် တုန်ခါနေသော်လည်း အမှန်တကယ် အိပ်ပျော်နေသည့်အလားပင်။
ကျိယွမ်က သက်ပြင်းချကာ အသိပေးလိုက်သည်။
“ဒီတစ်ခါ၊ နင့်ကိုအချိန်ရဲ့အဆုံးမှာ ငါလိုက်ရှာတော့မှာ မဟုတ်ဘူး။”
သို့သော် ကျိယွမ်မပြောခဲ့သော နောက်ထပ် စကားတစ်ခွန်း ရှိသေးသည်။
ပြီးတော့ နင်က မှတ်ဉာဏ်တွေသိပ်မကောင်းတော့ဘဲ ၊ တစ်ခါတစ်လေ ငါ့ကို မေ့သွားနိုင်တယ်။
နင်းထောင်သည် အိပ်မက်ယောင်နေသော ကလေးတစ်ဦးအလား ပြုံးလိုက်ရာ သူမ၏ မျက်နှာပေါ်ရှိ “စုန်း” အက္ခရာအောက်တွင် ပါးချိုင့်ခွက်လေးတစ်ခု ပေါ်လာ၏။
ကျိယွမ်သည် နင်းထောင်ကို ကြင်နာစွာဖက်ထားရင်းမှ လူတိုင်းကို ကြည့်လိုက်သည်၊
သူ၏အကြည့်က သူ့အတွက်အနစ်နာခံပေးခဲ့သော မြောက်ပိုင်းစုန်း ၁၃ ဦးအပေါ်တွင် ပို၍အချိန်ကြာကြာ ရှိခဲ့သည်။
ရှိနေသောလူတိုင်းသည်လည်း အနီရောင်အ လင်းများတောက်ပနေသော သွေးနေမင်းကဲ့သို့ ပုံရိပ်ကို ကြည့်ကာ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နေ၏။
လင်းရီသည် အားတင်းကာပြုံးလိုက်ပြီး ကျိယွမ်အား နှုတ်ဆက်သည်။
“ဘဝသံသရာဆိုတာ ရှိခဲ့ရင်..ဆရာသခင်၊ ကျွန်တော့်နာမည် လင်းရီကို သတိရပေးပါ။”
သွေးသခင် ဘာလုပ်မည်ကို သူမသိပါ။
သို့သော် အဆုံးသတ်သည် နှုတ်ဆက်ခြင်း ဖြစ်လိမ့်မည်ကိုတော့ သူသိနေပါသည်။
ဟေးဝူသည် စိတ်ပျက်အားငယ်နေပုံ ပေါ်နေပြီး ဘာမှ မပြောခဲ့ပါ။
ယန်ဟွန်းကတော့ အခြားသူများထက် ပိုမိုပြင်းထန်နေပြီး မျက်လုံးများပင် စီးကျလာသည်။
“သွေးသခင်...အဟင့် အဟင့် ”
ထိုအချိန်မှာပင် ကျိယွမ်၏လက်ထဲတွင် သော့တစ်ချောင်း ပေါ်လာသည်။
၎င်းသည် ဝူကွေမြို့ကို အောင်မြင်စွာစောင့်ကြပ်ရသည့် ဆုလာဘ်အဖြစ် သူ ရရှိခဲ့သော သော့ပင်။
【သော့ကို အမည်ပေးပါ။】
ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါး သို့မဟုတ် နတ်ဆိုးတစ်သောင်းတံခါး သို့မဟုတ် သားရဲတစ်သောင်းတံခါး သို့မဟုတ် အမည်ပေါင်းစုံတံခါးကိုကြည့်ကာ ဆုံးဖြတ်ချက် ခိုင်မာစွာချလိုက်၏။
သူက သော့ကိုကြည့်ကာ တီးတိုးရွတ်ဆိုလိုက်သည်။
"အနန္တအသွင်ကူးပြောင်းတံခါးသော့"
သူသည် သော့ကို ထိုသို့အမည်ပေးပြီးနောက် နတ်ဆိုးတစ်သောင်းတံခါးကို ကြည့်ကာပြုံးလိုက်၏။
“ယခု ၊ သင်သည် အနန္တအသွင်ကူးပြောင်းတံခါး ဖြစ်သည်”
ကျိယွမ်၏ စကားနှင့်အတူ သူ၏ရှေ့ ကောင်းကင်၌ တံခါးတစ်ချပ်ပေါ်လာသည်။
တံခါးပေါ်တွင် အမျိုးမျိုးသော ထူးဆန်းသည့် သင်္ကေတများ ရှိနေ၏။ထိုသင်္ကေများထဲမှ တစ်ခုသောသင်္ကေတကို ကြည့်မိသူသည် အရာအားလုံးကို မေ့လျောကာ သူ၏တည်ရှိမှုကိုပင် သူပြန်သတိရတော့မည် မဟုတ်ပေ။
ထိုသင်္ကေတက ကျိယွမ်ထားခဲ့သော အရာပင်။
ကျိယွမ်သည် နင်းထောင်ကို ပွေ့ယူကာ ဓားကိုဆုပ်ကိုင်လျှက် တံခါးဆီသို့ ပျံသန်းသွားသည်။
ထို့နောက် သူ၏လက်ထဲမှ သောတံကို တံခါး၏အပေါက်ထဲသို့ ထည့်ကာ လှည့်သည်။
ကလစ်။
တံခါးမှာ ချက်ချင်းပွင့်သွားလေ၏။
ပျက်စီးယိုယွင်းနေသော ၊ နက်ရှိုင်းပြီးအဆုံးမရှိမှောင်မိုက်လှသည့်အရှိန်အဝါ တစ်ခုက တံခါးဝတစ်ဖက်မှ လေပြင်းတိုက်သလို စီးဆင်းဝင်လာသည်။
ကျိယွမ်သည် ဘာကိုမှ မမြင်ရသော်လည်း တုန့်ဆိုင်းခြင်းမရှိဘဲ နင်းထောင်ကို တင်းကျပ်စွာဖက်ထားပြီး မှောင်မိုက်ခြင်းထဲသို့ ခုန်ဆင်းသွား၏။
တံခါးသည်လည်း ချက်ချင်း ပြန်ပိတ်သွားခဲ့သည်။
ကျန်ရှိနေခဲ့သော အဓိပတိတစ်သိန်းသည် တိုင်ပင်ထားသည့်အလား တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။
“သွေးသခင်၊ နှုတ်ဆက်ပါတယ်”
သို့သော် ထိုအသံများကို ကျိယွမ် မကြားရတော့ပါ။ ယခုအခါ သူသည် လျူဖုန်းနယ်မြေမှ ထွက်ခွာသွားပြီ ဖြစ်သည်။
“ငါ့ကို ဖက်ထား"
ကျ်ယွမ်သည် အော်ဟစ်လိုက်ပြီး နင်းထောင်ကိုပို၍တင်းကျပ်စွာဖတ်ထားပြီး ဓားကိုအသင့်ကိုင်ထားခဲ့သည်။
အမှောင်ထုထဲသို့ ဆက်လက်ကျဆင်းနေပြီး အဆုံးမဲ့နက်ရှိုင်းသော ပင်လယ်ထဲသို့ ဦးစိုက်ဂျွမ်းပြန် ပြုတ်ကျနေသည့်အလား ခံစားရသည်။
ထို့အတူ သူ၏ခန္ဓာကိုယ်၊ သူ၏ဝိဉာဉ်သည် အဆုံးမဲ့ ဖိအားကို ရင်ဆိုင်နေရသလို သူ့ထံမှလွတ်ထွက်သွားမတတ်ဖြစ်နေသည်။
“ငါက ကောင်းကင်ဘုံတာအိုအုတ်မြစ်ပိုင်ရှင်ကွ"
သူသည် ဓားကို တင်းကျပ်စွာကိုင်ထားပြီး မာန်သွင်းအော်ဟစ်လိုက်၏။
ရုတ်တရက် ရှုပ်ထွေးနေသောအမှောင်ထုအလွှာကကွဲထွက်သွားပြီး များစွာသော ကြယ်များကို ကျိယွမ် မြင်ရလေပြီ။
ကြယ်များစွာရှိနေပြီး ကျယ်ပြန့်လှပသည်။
၄င်းမှာ နဂါးငွေ့တန်းတစ်ခုဖြစ်၏။။
ကြယ်ပုံရိပ်တွေလား။
ကျိယွမ်က အနီးဆုံးတစ်ခုကို လှမ်းကြည့်လိုက်သည်။
【၎င်းသည် ကြယ် တစ်စင်း ဖြစ်သည်၊ အမည် မပေးရသေးပါ။】
ကြယ်တစ်လုံးတဲ့လား။
ကြယ်ပုံရိပ်မဟုတ်ဘူးပေါ့။
ကျိယွမ်သည် ပြင်းထန်စွာ စိတ်လှုပ်ရှားသွားသည်။
“ဒါဆိုရင် ... ဒီနေရာက ကန်းလန်နယ်မြေ တည်ရှိတဲ့ ‘စကြဝဠာ’ မဟုတ်ဘူးလား။”
သူ၏ခန္ဓာကိုယ်အတွင်းပိုင်းမှ မဟာနေမင်းကြာပန်းသည် မယုံနိုင်လောက်အောင် ပူပြင်းလာပြီး အရာအားလုံးကို မီးရှို့ပစ်တော့မည့်အလား ထင်ရသည်။
သို့သော် ကျိယွမ်မှာ မရေတွက်နိုင်သော ကြယ်များကိုသာ စိတ်လှုပ်ရှားမှုအပြည့်နှင့် ကြည့်နေ၏။
"ဟားဟားဟားဟား ၊ ငါ ကောင်းကင်ကို ခြိမ်းခြောက်လိုက်တာက အသုံးဝင်သွားတာပေါ့၊ခွေးဂိမ်း မင်းဘာတက်နိုင်သေးလဲ"
---------------