← Chapters

အမြုတေ ဖွဲ့စည်းခြင်း

Vol. 11 Ch. 137

အမြုတေ ဖွဲ့စည်းခြင်း

Vol. 11 Ch. 137

ကြယ်တာရာကောင်းကင်သည် တောက်ပစွာလှပနေသည်။ နဂါးငွေ့တန်းသည် ကောင်းကင်ထဲ၌ အဆုံးမရှိသည့်အလား ဆန့်တန်းနေ၏။

စကြဝဠာသည် တိတ်ဆိတ်နေသောလွင်ပြင်ကျယ်ကြီးလို ကြီးမားကျယ်ကာ အဆုံးကိုပင် မမြင်ရပေ။

မျက်စိဖြင့်မြင်နိုင်သမျှ နေရာတိုင်းတွင် ကြယ်များက မရေမတွက်နိုင်အောင် တည်ရှိနေသည်။

ကြယ်တစ်လုံးသည် အဆုံးမရှိသော မီးလျှံများဖြင့် တောက်လောင်လျက် ပြင်းထန်သောအပူလှိုင်းများ အဖက်ဖက်သို့ ဖြာထွက်နေ၏။

ထိုကြယ်သည် ကျိယွမ် လက်လှမ်းမီနိုင်လောက်သည်အထိပင် နီးကပ်နေပုံလည်းရပြန်သည်။

နဂိုကပင် ကျိယွမ်ထံမှထွက်ပေါ်နေသော ကြာပန်း၏အပူကြောင့် အနည်းငယ်ပူနေသည့်အခြေအနေတွင် ကြယ်မှအပူဒဏ်ကိုပါ ထပ်ပေါင်းသောအခါ အပူချိန်နှစ်ခုက ပြင်းထန်လွန်းသောကြောင့် နင်းထောင်၏နူးညံ့ဖြူဖျော့သော မျက်နှာလေးပေါ်တွင် ချွေးစက်များ စို့လာသည်။ သူမ၏ အနက်ရောင်ဝတ်စုံသည် ချွေးများကြောင့် သေးသွယ်သောကိုယ်လုံးကို တင်းကျပ်စွာကပ်လျက် သူမ၏ သွယ်လျသောပုံသဏ္ဌာန်ကို ပို၍ပင်ပေါ်လွင်လာစေသည်။

သူမက မဟာအဓိပတိတစ်ပါးဖြစ်သော်လည်း ကြယ်ဆီမှအပူဒဏ်က်ု ပြင်းထန်စွာခံစားရသည်။

သူမသည် မမြင်ဖူးသော စကြဝဠာကို အံ့သြစွာကြည့်ရှုနေပြီး မသိသေးသောအရာများအတွက် ကြောက်ရွံ့မှုအရိပ်အယောင် အနည်းငယ် ရှိနေသည်။

ကြယ်များသည် ဒဏ္ဍာရီလာနတ်ဘုရားများနှင့် ဆက်စပ်နေသည်ဟုဆိုကြသည်။ယခုစကြဝဠာသည် ကြယ်များစွာကို ပိုင်ဆိုင်ထား၏။နတ်ဘုရားများကို အပြစ်ပြုမိ စိုးရိမ်နေသည်။

ကျိယွမ်သည် နင်းထောင်ကို လွတ်ထွက်မသွားစေရန် တင်းတင်းဖက်ထားဆဲပင်ရှိသည်။ သူ၏ကိုယ်ခန္ဓာကိုယ်က သူမထက်ပင် ပိုမိုပူပြင်းနေ၏။

သူ၏အသံသည်လည်း သိသိသာသာတုန်ယင်နေသည်။ပူသောကြောင့် မဟုတ်ပါ၊စိတ်လှုပ်ရှားနေသောကြောင့်ပင်။

"ဒါက စကြဝဠာအသစ်တစ်ခုပဲ..."

စကြဝဠာများကို အခြေခံအယူအဆဖြင့် ပိုင်းခြားမည်ဆိုပါက ကန်းလန်နယ်မြေ၊ ဝမ်ယုကုန်းမြေတိုက်ကြီး နှင့် လျူဖုန်းနယ်မြေတို့သည် အချိန်ကာလ ကွာခြားသော်လည်း စကြဝဠာတစ်ခုတည်း၌ ရှိကြသည်။

၄င်းတို့၏ကောင်းကင်အထက်တွင် တူညီသော ကြယ်တာရာများ၊ တူညီသော နတ်ဘုရားပုံရိပ်များ၊ သို့မဟုတ် ရောင်ပြန်ဟပ်မှုများ ရှိနေသည်။

ယခုအချိန်မှာတော့ ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို ဖြတ်ကျော်ပြီး စကြဝဠာအသစ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

စကြဝဠာသည် လုံးဝ တိတ်ဆိတ်နေ၏။

ကျိယွမ်သည် မည်သည့်သက်ရှိပုံစံကိုမျှ မခံစားမိပေ။

သို့မဟုတ် သက်ရှိပုံစံများ ရှိကောင်းရှိနိုင်သော်လည်း သူက အာရုံမခံနိုင်ခြင်းလည်းဖြစ်နိုင်သည်။

စိတ်ချမ်းသာစရာကိစ္စမှာ ယခုနေရာမှ နေ၊ လ နှင့် ကြယ်များမှာ အစစ်အမှန်များ ဖြစ်နေခြင်းပင်။

နတ်ဘုရားတို့၏ပုံရိပ်များ မဟုတ်သလို လှည့်စားထားသော ပုံရိပ်ယောင်များလည်းမဟုတ်ပါ။

ထိုအခိုက်မှာပင် ကျိယွမ်အနည်းငယ်တုန်ယင်သွားသည်။သူ၏ခန္ဓာကိုယ်အတွင်းမှ မဟာနေမင်းကြာပန်းသည် အရာအားလုံးကို လောင်ကျွမ်းနေသဖြင့် သူ၏သတိသည် စတင်ဝေဝါးလာခြင်းပင်။

လျူဖုန်းဘုံမှ ထွက်ခွာလာပြီဖြစ်သောကြောင့် သူသည် ဂိမ်းမှ ထွက်ခွာလာပြီဖြစ်သလို ကန်းလန်ဘုံသို့ ချက်ချင်း ပြန်စရာမလိုသေးပါ။

သို့သော် သူ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ဖြေရှင်းရန်လိုအပ်နေလေပြီ။

မဟာနေမင်းကြာပန်းသည် ဆက်လက်၍ တောက်လောင်လာနေသည်။

ကျိယွမ်၏မျက်နှာက လေးနက်သွားပြီး နင်းထောင်ကိုကြည့်ကာ တိုးတိုးပြောသည်။

"ငါ သွားမှရတော့မယ်"

ယခုအတိုင်းရှိနေပါက မဟာနေမင်းကြာပန်းသည် နင်းထောင်ကို ထိခိုက်စေတော့မည်။

နင်းထောင်သည် ထိုစကားကိုကြားသော်လည်း လျစ်လျူရှုနေ၏။

သူမက ကျိယွမ်ကို နုညံ့စွာကြည့်နေပြီး သူမ၏ မျက်လုံးများသည် ခိုင်မာနေသည်။

သူမက ကျိယွမ်၏လည်တိုင်ကို တင်းကျပ်စွာ ခိုထားသည်။ သူမ၏ ရှည်လျားသွယ်လျသောခြေထောက်များသည် သူ၏ခါးကို မလွတ်တမ်းရစ်ပတ်ထားပြီး အရင်အချိန်များကလို ရုတ်တရက် ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေပုံရသည်။

ထို့အပြင် သူတစ်ခုခုဖြစ်သွားမည်ကိုလည်း ကြောက်ရွံ့နေပုံရသော နင်းထောင်၏ ကလေးဆန်သောအမူအရာကို မြင်သောအခါ ကျိယွမ်မှာ မနေနိုင်စွာပြုံးမိလေသည်။

"စိတ်မပူပါနဲ့၊ ငါ အဆင်ပြေသွားမှာပါ"

ကျိယွမ်သည် အရွယ်အစားသိပ်မကြီးပုံရသော အနီးနားရှိ ကြယ်ကိုကြည့်ရင်း ပြောလိုက်သည်။

"ဟိုဘက်က နေလုံးလေးကို မြင်လား၊ အဲဒါ မကြာခင် ငါ့ရဲ့ အမြုတေဖြစ်လာတော့မယ်"

နင်းထောင်၏ မျက်လုံးများသည် နားမလည်သလိုအမူအယာဖြင့် ရှုပ်ထွေးသွားသည်။

သူမသည် နားမလည်သော်လည်း တိတ်ဆိတ်စွာ နားထောင်နေသည်။

"ငါ အဲဒီကို သွားပြီး မျိုချပစ်ရမယ်"

ကျိယွမ်၏ မျက်နှာတွင် ခိုင်မာသောဆုံးဖြတ်ချက်ချထားသည့် အမူအရာ ပေါ်လာသည်။

"ငါ့အတွက် စိတ်မပူနဲ့။ ငါက ကောင်းကင်ဘုံတာအိုနဲ့ အုတ်မြစ်တည်ဆောက်ထားတဲ့သူပဲ၊ ကောင်းကင်ဘုံမှာ ကြယ်တစ်လုံးရှိတာ အဆန်းမဟုတ်ပါဘူး၊ အဲဒါကို ငါ ဝါးမျိုပစ်နိုင်တယ်"

"နင်သိလား..စကြဝဠာကြီးတစ်ခုလုံးကိုတောင် ဝါးမျိုခဲ့တဲ့ ခွန်အားကြီးပုဂ္ဂိုလ်တွေရှိတယ်၊ကြယ်တစ်လုံးကို ဝါးမျိုတာက သာမန်လူတွေ ပေါက်စီတစ်လုံးကိုမျိုချတာလောက်တောင် မခက်ခဲဘူး"

"သွေးပုလဲ..နင်ငါ့ကို မညာရဘူးနော်"

နင်းထောင်မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။ကျိယွမ်က သူမအား ညာနေမည်ကို သူမကြောက်သည်။

သူသည် အဆုံးမရှိလောင်ကျွမ်းနေသော မဟာနေမင်းကြာပန်းနှင့်အတူ သူမကို ဤနေရာတွင် တစ်ယောက်တည်း ထားခဲ့ရန် ရည်ရွယ်နေသည်။

"ငါ နင့်ကို ဘယ်တုန်းက ညာဖူးလို့လဲ"

နင်းထောင်၏ ငိုမဲ့မဲ့မျက်နှာလေးကြောင့် ကျိယွမ်၏ အတွေးများသည် ရှုပ်ထွေးသွားသည်။ သူသည် နင်းထောင်၏ နူးညံ့သောလက်ကိုကိုင်ထားပြီး သူ၏မျက်နှာထားက အလွန်နူးညံ့နေသည်။

သူတို့၏ ဆက်ဆံရေးသည် အလွန်နက်ရှိုင်း

လှသည် မဟုတ်ပါလား။

ထိုအချိန်မှာပင် ကျိယွမ်ထံမှမဟာနေမင်းရွှေကြာပန်း၏လောင်ကျွမ်းမှုသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ အပူရှိန်ကအဆုံးမရှိပြင်းထန်လာပြီး အငွေ့များပင်ထလာခဲ့သည်။

ထိုအပူချိန်က နင်းထောင်၏ချွေးများစိုနေသော အဝတ်အစားများကို ချက်ချင်း ပြာဖြစ်အောင် လောင်ကျွမ်းပစ်သည်။ သူမသည် ထိုလောင်ကျွမ်းမှုကို တမင်တကာ မတွန်းလှန်ဘဲ နေပုံလည်းရသည်။

ကျိယွမ်မှာ သူ၏လက်ကိုလွှတ်ပစ်ရမလို အရင်လိုပဲ ဆက်ဖက်ထားရမလိုဖြစ်သွားရသည်။ သူမ၏ ဖြူစင်သောကိုယ်ခန္ဓာသည် သူ၏မျက်စိရှေ့၌ လုံးဝ ပေါ်လွင်နေသည်မဟုတ်ပါလား။

(ဆင်ဆာအခန်းများ×××××××××......)

နင်းထောင်၏ အထိအတွေ့ကြောင့် စိတ်လှုပ်ရှားသွားသော်လည်း ကျိယွမ်သည် သူ၏ လိုအင်ဆန္ဒကို ထိန်းချုပ်လိုက်သည်။

နင်းထောင်သည် ကျိယွမ်၏ နားနားသို့ သူမနှုတ်ခမ်းလှလှလေးအားကပ်လျက် တိုးညင်းသော်လည်း ခိုင်မာနေသော အသံဖြင့် ပြောသည်။

"သွေးပုလဲ..နင် ငါ့ရဲ့ ခန္ဓာကိုယ်ကို အကုန်မြင်ပြီးပြီနော်၊ ငါဘယ်လောက်ပဲ ရုပ်ဆိုးဆိုး၊ ငါ့ကို တာဝန်ယူရတော့မယ်၊ တကယ်လို့ အရင်လို နှုတ်မဆတ်ဘဲ ထွက်ပြေးသွားမယ်ဆိုရင်၊ နင့်ကို ငါ့ဘေးမှာ အခုလို ထာဝရချုပ်နှောင်ထားမယ်"

သူမ၏ သွယ်လျသောခြေတံများက ကျိယွမ်၏ခါးကို အားပိုထည့်ကာ ညှစ်ပြလ်ုက်သည်။

ကျိယွမ်သည် သူ၏လက်မောင်းများထဲမှ ဆွဲဆောင်မှုရှိသော မိန်းမလှလေး၏ယခုပုံစံသည် ကျူးယန်၏ချွဲနွဲ့တက်သောစရိုက်လား သို့မဟုတ် နင်းထောင်၏ချုပ်ကိုင်တတ်သောစရိုက်လားဆိုသည်ကို ခွဲခြား၍ မသိနိုင်ပါ။

ယခုအချိန်တွင် သူမ၏ မျက်လုံးများက အရည်ပျော်ကြမတတ် ဆွဲဆောင်မှုရှိသည်ကိုသာ သိသည်။

"ငါ မလုပ်ပါဘူး"

ကျိယွမ်က နင်းထောင်တဖြစ်လဲ ကျူးယန် ကို နုညံ့စွာကြည့်သည်။ သူ၏အကြည့်သည် ခိုင်မာသော်လည်း သူ၏အသံတွင် စိုးရိမ်မှုအနည်းငယ် ရှိနေသည်။

"ဒါပေမဲ့... ငါဒီကြယ်ကို အမြုတေအဖြစ်ဖွဲ့စည်းပြီးသွားရင်၊ ငါ ဒီနေရာကနေ ပျောက်ကွယ်သွားနိုင်တယ်၊ ပြီးတော့ ဒီအမြုတေပဲ ကျန်နေခဲ့မှာ"

"သေချာနားထောင် ငါအမြုတေကို ဖွဲ့စည်းနေတဲ့အချိန်၊ အဲဒါကို ဆက်မကြည့်နေနဲ့၊ နင် အရာအားလုံးကို မေ့သွားနိုင်တယ်"

မည်သို့ပင်ဖြစ်စေ သူ၏အမြုတေသည် သူနှင့်ဆက်စပ်နေသောကြောင့် သူ၏ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းသည် ဤနေရာတွင် ကျန်ရှိနေသော သဘောပင်။

နင်းထောင်သည် ကျိယွမ်ကိုတလှည့် တောက်ပသောကြယ်ကိုတလှည့်ကြည့်ကာ အနည်းငယ် နားလည်သွားပုံရ၏။

သို့သော်သူမ ကျိယွမ်ကိုထိုအတိုင်းလွှတ်ပေးချင်ပုံမရပါ၊ သူမ၏ စိုစွတ်နုထွေးသောနှုတ်ခမ်းများသည် ချီယွမ်၏လည်တိုင်အနီးသို့ ရွေ့လာသည်။ ထို့နောက် သူမသည် ညင်သာစွာ ကိုက်ချလိုက်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်သည်။

"အခု အမှတ်အသား ချန်ထားပြီနော်၊ ငါ့ယောက်ျား၊ နင်က အခုချိန်ကစပြီး ငါ့အပိုင်ပဲ"။

သို့သော် သူမ၏ ကြည်နူးသောအပြုံးသည် ရုတ်တရက်မှေးမှိန်သွားပြီး ကြောက်ရွံ့သော အသွင်ဖြင့် အစားထိုးသွားပြန်သည်။

"သွေးပုလဲ၊ငါ့ကိုလည်း ကိုက်ပေးပါ၊ ငါလည်း နင့်အပိုင် ဖြစ်ချင်တယ်"

နင်းထောင်သည် ရဲရင့်ကာဆွဲဆောင်မှုရှိပြီး၊ ငှက်ကလေးသည် ရှက်ရွံ့ပြီး မာနကြီးလေသည်။

ကျိယွမ် ကြည်နူးစွာပြုံးမိသွားသည်။ထိုနောက် သူ၏ခေါင်းကို သူမ၏နုနယ်ဖြူဖွေးသော လည်တိုင်ကျော့ကျော့ဆီငုံ့လိုက်၏။၊သင်းပျံ့သောရနံ့တစ်မျိုးသည် သူ၏စိတ်ဝိညာဥ်တိုင်အောင် မွှေးပျံ့သွားခဲ့သည်။

"ငါတို့နှစ်ယောက်လုံးက အရူးတွေပဲနော်"

ကျိယွမ်က သူမအားနှစ်သိမ့်သလို ဖွဖွလေးထပ်နမ်းလိုက်၏။

"နင်းထောင်လေး၊ ငါ သွားရတော့မယ်"

သူမ၏ရိုးရှင်းမှု၊ သန့်စင်မှုနှင့် အပြစ်ကင်းစင်မှုသည် ကျိယွမ်၏ ဝမ်းနည်းမှုကို ပျောက်ကွယ်သွားစေခဲ့သည်။

နင်းထောင်သည် သူမ၏ရင်ခွင်ထဲမှ ကျိယွမ်၏ခေါင်းကို မြတ်နိုးစွာထွေးပွေ့ထားလေသည်။

သူမ၏ နှင်းကဲ့သို့ ဖြူစင်သော မျက်နှာသည် နီမြန်းနေသည်။ ထိုနောက် သူမ၏ အနက်ရောင်ဝတ်စုံသည် ပြန်လည်ပေါ်လာပြီး သူမ၏ ရှည်လျားဖြူဖွေးသော ခြေထောက်များကို အနက်ရောင် ခြေအိတ်များဖြင့် တစ်ဖန် ပြန်လည် ရစ်ပတ်လိုက်သည်။

သူတို့၏ အဆင့်တွင် စွမ်းအားအနည်းငယ်အသုံးပြုရုံဖြင့် အဝတ်အစားများကို စုစည်းနိုင်၏။

သူမသည် ကျိယွမ်ကိုကြည့်ကာ အနည်းငယ် အနိုင်ယူချင်သော အသံဖြင့်သတိပေးသည်။

"နင် သိတယ်နော်"

ကျိယွမ်သည် လူလိမ်မာလေးတစ်ယောက်လိုခေါင်းညိတ်ပြသည်။

သူသည် နင်းထောင်ကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် ကျယ်ပြောလှသော စကြဝဠာကြီးအတွင်းရှိ ကြယ်များစွာကိုစူးစိုက်

ကြည့်သည်။

နောက်ဆုံးတွင်၊ သူသည် အနီးဆုံးနှင့် အသေးငယ်ဆုံးသော နေလုံးပေါ်တွင် သူ၏အကြည့်ကို စူးစိုက်လိုက်သည်။

သူကအသင့်တော်ဆုံးကို ရွေးနေပုံရ၏။

ဆုံးဖြတ်ပြီးသည်နှင့် မဆိုင်းမတွပင် ထိုနေရာသို့ ဦးတည်သွားလေသည်။

နင်းထောင်သည် ကျယ်ပြောလှသော စကြဝဠာကိုဖြတ်ကျော်၍ အနည်းငယ်ဝေးရာမှ သူ့ကိုစောင့်ကြည့်နေသည်။

ထိုအခိုက် အချိန်သည် ရုတ်ရပ်တန့်သွားပုံရသည်။

အချိန် မည်မျှကြာသွားသည်ကို မသိလိုက်ရမီမှာပင် ထိုကြယ်ဆီမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာပြီး ချက်ချင်းလိုလို ပြန်မှိန်သွားသည်။

ကျိယွမ်၏ စိတ်ထဲ၌လည်း အတွေးများစွာ လင်းလက်သွားပြီး လူက ကြယ်ထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။

ထိုနေရာ၌ အကန့်အသတ်မဲ့သောဖိအားများနှင့် မြင့်မားသောအပူချိန်များသည် သူ၏ခန္ဓာကိုယ်ကို ညှစ်ထုတ်ကာ ပြင်းထန်စွာလောင်ကျွမ်းစေသည်။

သူ၏အတွင်းပိုင်းတွင် မဟာနေမင်းကြာပန်းသည်လည်း အရာအားလုံးကို လောင်ကျွမ်းနေသည်။

ထို့နောက် အခြေအနေတစ်ခုအရောက်တွင် အတွင်းနှင့်အပြင် ညှပ်၍လောင်ကျွမ်းနေသော စွမ်းအားနှစ်မျိုးသည် သိမ်မွေ့သော ဟန်ချက်ညီမှုသို့ ရောက်ရှိသွားလေ၏။

ရလဒ်အနေဖြင့် ကျိယွမ်၏ ခန္ဓာကိုယ်သည် တဆ်ဆတ်တုန်လာပြီး ယခင်က ခံစားခဲ့ရသော နာကျင်မှုထက် အဆများစွာ ပို၍ခံစားရတော့သည်။

အထူးသဖြင့် မဟာနေမင်းကြာပန်း၏ ကြောက်မက်ဖွယ်ကောင်းသော လောင်ကျွမ်းမှုသည် မခံမရပ်နိုင်အောင် ပြင်းထန်လာခဲ့သည်။

ကျိယွမ် အံကိုတင်းတင်းကြိတ်၏။

သေမင်းတရား၏အလင်းရောင်။

သူ၏အကြီးစားစွမ်းရည်ကို အသက်သွင်းလိုက်သည်။ကျိယွမ်၏ စွမ်းအားသည် ဆက်လက်၍ မြင့်တက်လာပြီး

မဟာနေမင်းကြာပန်းကို တိုက်ခိုက်နေသည်။

မဟာနေမင်းကြာပန်းသည် မဟာနေမင်း ဗုဒ္ဓချန်ထားခဲ့သော ဓာတ်တော် ဖြစ်သည်၊ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အညစ်အကြေးများဖုံးလွှမ်းနေသောကြောင့် လောကရှိ အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးရန်သာ ကြိုးစားနေသည်။

"မေ့ပစ်"

ကျိယွမ်သည် အကြီးစားစွမ်းရည်အပြင် မူလစွမ်းအားဖြစ်သော မဟာမေ့လျော့ခြင်း စိတ်ကျမ်းကို အသက်သွင်းလိုက်သည်။

မဟာမေ့လျော့ခြင်စိတ်ကျမ်းသာလျှင် လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်တော့မည်။

ကြာပန်း၏အစွမ်းက သူမပြောနိုင်လောက်အောက်ပင် မြင့်မားနေ၏။

သူသည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အစွမ်းကုန် တွန်းအားပေးလိုက်သည်။

အနန္တအသွင်ကူးပြောင်းတံခါးပေါ်တွင်ပင် အမှတ်အသားများ ချန်ထားနိုင်စွမ်းရှိသော မူလစွမ်းအားသည် ယခုအခါ ၎င်း၏ စွမ်းအားအစစ်အမှန်ကို ပြသလာခဲ့၏။

လျူဖုန်းနယ်မြေတွင် ကျိယွမ်သည် မဟာမေ့လျော့ခြင်းကျမ်းကို အစွမ်းကုန်ထုတ်ကာအသုံးပြုခဲသည်။မဖြစ်မနေမှ မဟုတ်လျှင် သာမန်မျှသာ သုံး၏။ ၎င်းကို အသုံးပြုခြင်းသည် သူကိုယ့်သူလည်းထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ထို့ကြောင့် ထိုစွမ်းအားကို ထုဆစ်ခြင်းအဆင့်သို့ မြှင့်တင်နိုင်ခဲ့သော်လည်း အနူစိတ်အဆင့်မှာသာ ရပ်ထားခဲ့သည်။

မူလစွမ်းအားဆိုသည်မှာ သူ၏လမ်းစဥ် သို့မဟုတ် တာအိုဖြစ်သည်။

ပရိုကစားသမားတစ်ဦးအနေဖြင့် သူ၏တာအိုက သူ့ကိုထိခိုက်စေခြင်းအား မည်သို့ ခွင့်ပြုနိုင်မည်နည်း။

မေ့လျော့ခြင်းသည် သူ၏ရွေးချယ်မှုသာ ဖြစ်သင့်သည်။ သူ့အား မူလစွမ်းအားက အနိုင်ယူခြင်းမျိုးကို လက်ခံနိုင်စရာမရှိပါ။

သူ၏ သွေးတစ်စက်မှ ဖြစ်ပေါ်လာသော ဝိညာဥ်လက်နက်တစ်ခုပေါ်တွင် နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်းအားကို ထုဆစ်စဥ်ကကဲ့သို့ ဖြစ်သည်။

သူသည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို သူ၏ အမြုတေပေါ်တွင် ထွင်းထုရန် ရည်ရွယ်နေခြင်းပင်။

ယခုအခါမှာတော့ သူသည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို လုံးဝမထိန်းချုပ်ဘဲ အစွမ်းကုန် အသုံးပြုခဲ့သည်။

"မေ့လျော့ခြင်းက အမှန်တရားဖြစ်တယ်"

"မေ့လျော့ခြင်းက တာအိုလမ်းစဥ်ဖြစ်တယ်"

"သင်က မဟာနေမင်းကြာပန်း ဖြစ်တယ်"

"ဟူတ်တယ်နော် ..သင်ကိုယ်သင့်ပြန်ကြည့်လိုက်ပါ ၊ သင်ဟာ မြင့်မြတ်သောမဟာနေမင်းကြာပန်းပဲ"

ကျိယွမ်၏ အသံက တည်ငြိမ်စွာလမ်းပြနေသကဲ့သို့ရှိသည်။

"သင်က မြင့်မြတ်သောကြာပန်းဖြစ်ပြီး သင့်တွင် မည်သည့်အညစ်အကြေးမှလည်း ဖုံးလွှမ်းမနေခဲ့ပါ၊သင်သည် အမြဲတမ်း မူလအတိုင်းသန့်စင်သည်"

"ကြာပန်းလေး...ငါက မဟာနေမင်းဗုဒ္ဓ ဖြစ်တယ်၊ သင်က ငါ့ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ"

မဟာမေ့လျော့ခြင်းစိတ်ကျမ်းသည် အရာအားလုံးကို ဩဇာလွှမ်းမိုးသွားခဲ့သည်။

ကျိယွမ်၏ ခန္ဓာကိုယ်သည် ပူပြင်းနေဆဲရှိသည်။ သွေးနီရောင်မီးလျှံများသည် ဆက်လက် လောင်ကျွမ်းနေ၏။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ကြီးမားသော ဗုဒ္ဓအရှိန်အဝါများ ဖြာထွက်လာခဲ့သည် ။

မဟာနေမင်းကြာပန်းသည် ဝိညာဥ်တစ်ခု ရှိပုံရသည်၊ ကျိယွမ်၏ သိမ်းသွင်းမှုကြောင့် ၎င်း၏ လောင်ကျွမ်းမှုကို နှေးကွေးစေသော်လည်း သွေးနီရောင်ဓားပေါ်မှ လောဘ၊ မာနနှင့် ကိလေသာစသော ဒုစရိုက်ဆန္ဒများကိုအာရုံခံမိပြီးနောက် အရင်ထက် ပိုမိုပြင်းထန်စွာဖြင့် ပြန်လည်လောင်ကျွမ်းလာတော့သည်။

ကျိယွမ်သည် ဓားကိုဆက်မကိုင်ထားတော့ဘဲ တိုက်ရိုက် ပစ်ချလိုက်သည်။

"ဒီဆန္ဒဆိုးသုံးခုက ငါ့ရဲ့ သေဆုံးပြီးသား ဒုစရိုက်အကြွင်းအကျန်များဖြစ်တယ်၊အခု လုံးဝဖြတ်တောက်ပစ်လိုက်ပြီ"

"ငါသည် မဟာနေမင်းဗုဒ္ဓဘုရားရှင် ဖြစ်သည်"

"သင်က ငါ့ရဲ့ဓာတ်တော် ဖြစ်တယ်"

"သင့်ကို အညစ်အကြေးများဖုံးလွှမ်းခြင်း မရှိပါ"

ကျိယွမ်သည် မဟာနေမင်းကြာပန်းကို နှစ်သိမ့်ရန် သူ၏ မူလစွမ်းအားကိုဆက်လက် အသုံးပြုသည်။

သူ၏အသံသည် အေးချမ်းကာ ဆွဲဆောင်မှု ရှိလှသည်။

မကြာမီအချိန်၌ မဟာနေမင်းကြာပန်း၏ လောင်ကျွမ်းမှုသည် နောက်ဆုံးတွင် လျော့ပါးသွားတော့သည်။

ကျိယွမ်မှာ ရင်တထိတ်ထိတ်ဖြစ်နေရာမှ ယခုအခါမှ သက်ပြင်းချနိုင်သွား၏။။

"ရတနာနှစ်ခုထဲက တစ်ခုကိုတော့ နောက်ဆုံးမှာ နှစ်သိမ့်နိုင်ခဲ့ပြီ၊ နောက်တစ်ခု ကျန်သေးတယ်"

မဟာနေမင်းကြာပန်းကို နှစ်သိမ့်နိုင်ခဲ့သော်လည်း ကြယ်ကို ထိန်းချုပ်ရန် ကျန်ရှိနေသေးသည်မဟုတ်ပါလား။

"ကျေးဇူးပဲ ပိုင်ကျိ၊ မင်းသာမရှိရင် ဒီလောက် လွယ်မှာမဟုတ်ဘူး"။

လျူဖုန်းဘုံမှ မထွက်ခွာမီ ပိုင်ကျိသည် လောက၏အတွင်းနတ်ဆိုးများအားလုံးကိုဓားထဲသို့ စုပ်ယူနိုင်ရန် ကျိယွမ်ကို ကူညီခဲ့သည်။

ပိုင်ကျိသည် မရေမတွက်နိုင်သော ဗုဒ္ဓဘာသာဆိုင်ရာ သွန်သင်ချက်များနှင့် မဟာနေမင်းဗုဒ္ဓဘုရားရှင်၏ လက်ဆောင်အချို့ကိုလည်း ကျိယွမ်အားပေးခဲ့သေးသည်။

ထို့ကြောင့် ကျိယွမ်သည် မဟာမေ့လျော့ခြင်းကျမ်းကို ဗုဒ္ဓ၏အဆုံးအမအရှိန်အဝါနှင့်ရောချကာ ပိုမိုကောင်းမွန်စွာ အသုံးပြူပြီး ကြာပန်းကို နှစ်သိမ့်နိုင်ခဲ့ခြင်းပင်။

"မဟာနေမင်းကြာပန်း၊ ငါဗုဒ္ဓရဲ့ အပြစ်အနာအဆာကင်းတဲ့ အမြင့်မြတ်ဆုံးရွှေကိုယ်ခန္ဓာကိုယ်ကို ပုံဖော်လိုက်"

ကျိယွမ်သည် ဗုဒ္ဓဟူသောစကားလုံးကို အလကားရတိုင်းဖောဖောသီသီသုံးကာ အော်ဟစ်လိုက်သည်။

သူသည် အမြုတေကို ဝါးမျိုရန်အတွက် စကြဝဠာအဆင့်အမာကျောဆုံး အစာအိမ်ကို ထူထောင်ရန်လိုအပ်နေ၏။

ငြိမ်သက်သွားသော မဟာနေမင်းကြာပန်းသည် တစ်ဖန် ပြန်လည် လောင်ကျွမ်းလာသည်။

ယခုအကြိမ်တွင် ၎င်းသည် အရာအားလုံးကို မီးမရှို့တော့ဘဲ ကျိယွမ်၏ ဝိညာဥ်နှင့် ခန္ဓာကိုယ်ကိုသာ လောင်ကျွမ်း၏။

မဟာနေမင်း ကြာပန်း၏ ကြီးမားသော စွမ်းအင်သည် ကျိယွမ်၏ ခန္ဓာကိုယ်ကို တစ်စစီ ဆက်လက်သန့်စင်ပေးလျှက်ရှိသည်။

သို့သော် နာကျင်မှုကလည်း သက်ရှိမှန်သမျှ မခံမရပ်နိုင်လောက်သော အဆင့်ထိမြင့်တတ်လာ၏။

ကျိယွမ်၏ ခန္ဓာကိုယ်မှာဇိုးဇိုးဇက်ဇက်တုန်ယင်လာပြီး ခါးကွေးသွားသည်။

နာကျင်လွန်း၍ လူးလှိမ့်ကာ အော်ဟစ်ချင်လာပြီး ရောက်မိရောက်ရာအရပ်သို့ ထွက်ပြေးမိတော့မလိုဖြစ်၏။

သို့သော် ကျိယွမ်၏ မီးဝင်းဝင်းတောက်နေသောမျက်လုံးများတွင် မိမိကိုယ်ကိုရက်စက်သော ရည်မှန်းချက်ဖြင့် နီရဲလာပြီး သန္နိဌာန်ချသည်။

"အကြီးမြတ်ဆုံးသောဒုက္ခကို ခံနိုင်မှသာ အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်လာမယ်၊ ငါ ကျိယွမ်ဆိုတဲ့ကောင်က နောင်တစ်ချိန်မှာ တက္ကသိုလ်အဆင့်ကိုကျော်ပြီး Ph.d တွေကိုပါ လွှမ်းမိုးပစ်မယ်ကွ"

မဟာနေမင်းကြာပန်းသည် အညှာအတာမရှိဆက်လက်လောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဆက်လက်၍ ပုံသဏ္ဌာန် ပြောင်းလဲနေသည်။

အချိန်ကာလ မည်မျှကြာသွားသည်ကို မသိလိုက်ရ။

ကျိယွမ်သည် အဆုံးမဲ့သောခေတ်ကာလများကို ဖြတ်သန်းခဲ့ရသကဲ့သို့ခံစားရပြီး မျက်လုံးဖွင့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဖြူရောင် ကြွေထည်ကဲ့သို့ မှိန်သောအလင်းကို ဖြာထွက်နေသည်။

ကြည့်မိမျှရုံဖြင့်ပင် သန့်ရှင်းမှုအာရုံကို လှုံ့ဆော်ပေးသည်၊ ကိုးကွယ်လိုစိတ်ကိုပင် ဖြစ်ပေါ်စေသည်။

"အပြစ်အနာအဆာကင်းတဲ့ရွှေခန္ဓာကိုယ်.. နောက်ဆုံးတော့ ငါရရှိသွားပြီ"

ဒီလောက်ခွန်အားကြီးတဲ့ခန္ဓာကိုယ်နဲ့ဆိုရင် ကြယ်လေးတစ်လုံးကို ဝါးမျိုတာက ပြဿနာ မရှိသင့်ဘူး ၊ဟုတ်တယ်မှတ်လား။

သူ၏ မျက်လုံးများက သူရောက်ရှိနေသော ကြယ်ဆီသို့ ရောက်သွားသည်။

ထို့နောက် သူသည် အာကာသထဲမှအခြားသောကြယ်များစွာကို ကြည့်မိပြန်သည်။

အခြားကြယ်များသည် သူရှိနေသောတစ်ခုထက် ပိုကြီးကြသည်။

ကျိယွမ်က ထိုကြယ်ကြီးများကို စားချင်စိတ်များ တဖွားဖွားပေါ်လာ၏။

သို့သော် သူသည် တင့်တိမ်ရောင်ရဲတတ်သူဖြစ်သည်။ထို့ကြောင့် သူရှိနေသော နေလုံးလေးကို ပြန်ကြည့်ပြီး တီးတိုးရေရွတ်သည်။

"သေးသေးလေးနဲ့ ချစ်စရာကောင်းတယ်"

အခြေတည်အဆင့်မှ အမြုတေအဆင့်သို့ တိုးတက်ရန်အတွက် ကျင့်ကြံသူတစ်ဦးသည် ဘေးဒုက္ခကိုဖြတ်ကျော်ရန်အပြင် အရာသုံးမျိုးကိုလည်း လိုအပ်သေးသည်။

ပြည့်ဝသော ချီစွမ်းအင်၊ အမြုတေဖွဲ့စည်းရန် သင့်လျော်သောအရာဝတ္ထု နှင့် ချီစွမ်းအင်ကို ခိုင်မာသောပုံစံအဖြစ် စုစည်းနိုင်သောစွမ်းရည် ။

ကျိယွမ်သည် သူ၌ စွမ်းအားမည်မျှရှိသည်ကို မသိပါ။

သို့သော် များပြားမှန်းတော့သိလေ၏။

"သာမန် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်အဆင့် အမြုတေကို ဖွဲ့စည်းနိုင်တယ်"

"ငါ့ရဲ့ ကောင်းကင်ဘုံတာအိုအုတ်မြစ်၊ ငါ့ရဲ့ပြီးပြည့်စုံတဲ့စွမ်းအားနဲ့ဆိုရင် ကြယ်အမြုတေလေးတစ်လုံးကို ဖွဲ့စည်းတာဟာ ပြဿနာ မရှိသင့်ဘူး"

စကားဆုံးသည်နှင့် သူ၏ကြီးမားသော စွမ်းအားက ပျံ့နှံ့သွားသည်။

အသက်ရှူချိန် ဒါဇင်အနည်းငယ်ကြာပြီးနောက် မျှော်လင့်ချက်များလင်းလက်နေခဲ့သောကျိယွမ်၏ မျက်နှာပေါ်တွင် စိတ်ပျက်သော အမူအယာတစ်ခု ပေါ်လာသည်။

"ငါ မှားသွားပြီ၊ နင်က သေးငယ်တာရော ချစ်စရာကောင်းတာရော လုံးဝ မဟုတ်ဘူး"

ဤကြယ်သည် ယခုနေရာမှ ကြယ်များထဲတွင် အသေးငယ်ဆုံး ဖြစ်သည်။

သို့သော် ၎င်း၏အရွယ်အစားသည် ကျိယွမ်ယခင်ဘဝမှ ၂၁ ရာစုကမ္ဘာဂြိုဟ်ထက် အဆတစ်ထောင်၊ တစ်သောင်း ပိုကြီးသည်ဟု ခန့်မှန်းရသည်။

ရလဒ်အနေဖြင့် သူ၏စွမ်းအားသည် ကြီးမားလှသော ကြယ်ကြီးကို ရစ်ပတ်ပြီး သူ၏ အမြုတေဖြစ်လာစေရန်အတွက် လုံလောက်သည့် ခိုင်မာသောပုံစံကို မဖွဲ့စည်းနိုင်ခဲ့ပါ။

တစ်ခုခုကြံမှရမယ်။

ကျိယွမ်သည် နေအငယ်စားကြယ်ကို ကြည့်ကာ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို တစ်ဖန် ပြန်လည်အသုံးပြုသည်။

"နင်က နေလုံး မဟုတ်ဘူး၊ နင်က ချောကလက်ဘောလုံးလေးပဲ"

"နားလည်လား.."

သို့သော် နေအငယ်စားကြယ်သည် မည်သည့် တုံ့ပြန်မှုမျှ မရှိပါ။

"နင်က ကြယ်မဟုတ်ဘူး၊ နင်က နေလုံးလေးလည်း မဟုတ်ဘူး၊ နင်က ငါ ဒီမှာ ချန်ထားခဲ့တဲ့ အမြုတေပဲ"

ယခုတစ်ကြိမ်တွင် သူသည် မဟာမေ့လျော့ခြင်းစွမ်အားကို အစွမ်းကုန် တွန်းအားပေးလိုက်သည်။

သူသည် မဟာမေ့လျော့ခြင်းမူလစွမ်းအားကြယ်ပေါ်တွင် ထုဆစ်ရန် ရည်ရွယ်ထားခဲ့သည်။

ထိုအခါမှသာ သူ၏မူလစွမ်းအားသည် ဒဏ္ဍာရီလာထုဆစ်ခြင်းအဆင့်သို့ ရောက်ရှိနိုင်လိမ့်မည်။

ကျိယွမ် အော်ဟစ်လိုက်သည်။

-"မဟာနေမင်းကြာပန်း၊ ငါ့အတွက် ပေါက်ကွဲလိုက်"

ကျိယွမ်သည် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

တစ်ဖက်က မဟာမေ့လျော့ခြင်းမူလစွမ်းအားကို ကြယ်ပေါ်တွင်ထုဆစ်ရန် ကြိုးစားသည်။

အခြားတစ်ဖက်က သူ၏အပြစ်အနာအဆာကင်းသောရွှေကိုယ်ခန္ဓာကို ဖျက်ဆီးပစ်သည်။ သူ၏ရွှေခန္ဓာကိုယ်ကို ကြယ်တစ်ခွင် ပျံ့နှံ့စေပြီး ၎င်းကို ရစ်ပတ်ကာ သူ၏အမြုတေ ဖြစ်လာစေသည်။

ယခုအချိန်တွင် ကျိယွမ်သည် မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ် ကွဲထွက်သွား၏။

သူသည် သူ၏ နောက်ဆုံး သတိတစ်စကိုသာ ထိန်းသိမ်းထားသည်။

"ဒါက ငါ့ရဲ့ အသားမဟုတ်ဘူး၊ ဒါက ငါ့ရဲ့ စွမ်းအားပဲ"

"နင်က ငါ့ရဲ့အမြုတေပဲ"

အမြင့်ဆုံး မူလစွမ်းအားဖြစ်သော မဟာမေ့လျော့ခြင်းစိတ်ကျမ်းသည် နေအသေးစားကြယ်ပေါ်တွင် ဆက်လက် ထုဆစ်နေသည်။ရုပ်လုံးဖော်နေ၏။

ယခင်က ငြိမ်သက်နေသောကြယ်သည် ရုတ်တရက်ပြင်းထန်စွာ ပေါက်ကွဲသည်။

ကွဲထွက်သွားသော ကြယ်စများကို ရွှေကိုယ်ခန္ဓာအမှုန်များက လွှမ်းမိုးသည်။

"လောကမှာ ကောင်းကင်ဘုံတာအိုကသာ အရာရာကို ပြည့်စုံစေနိုင်တယ်၊နင့်မှာ ကောင်းကင်ဘုံတာအို မရှိဘူး၊ နင်မပြည့်စုံသေးဘူး ငါ့ရဲ့ကောင်းကင်ဘုံတာအိုနဲ့မှ နင်က ပြီးပြည့်စုံသွားလိမ့်မယ်"

"နင်က ချောကလက်ဘောလုံးပဲ"

"နင်က ကြက်ဥပဲ"

"နင်က ဦးဦးရေခဲချောင်းပဲ"

"နင်က ကျောက်တုံးပဲ"

"နင်က ငါ့ရဲ့အမြုတေပဲ"

ကျိယွမ်သည် သူ၏မူလစွမ်းအားကို နေအသေးစားကြယ်ပေါ်၌ ဆက်လက်ထုဆစ်နေသည်။

မဟာမေ့လျော့ခြင်းစိတ်ကျမ်း၏ အလားအလာသည် နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းထက် အဆများစွာသာလွန်၏။

အဆုံးမဲ့သော အမည်မသိစကြဝဠာကြီးထဲတွင် စွမ်းအားကြီးမားသောမူလစွမ်းရည်တစ်ခုသည် လူမသိသူမသိ အဆက်မပြတ်ထုဆစ်ပုံဖော်လျှက်ရှိသည်။

ကျိယွမ်ကို တားဆီးရန် ကောင်းကင်ဘုံတာအို သို့မဟုတ် အခြားမြင့်မြတ်သောသက်ရှိများ လုံးဝမရှိပါ။

ကျိယွမ်၏စားချင်စိတ် ကြီးမားသရွေ့ သူသည် ကြယ်များကို ဝါးမျိုနိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ နေအငယ်စားကြယ်သည် ဖြည်းညှင်းစွာ လက်နက်ချလာလေ၏။

မဟာမေ့လျော့ခြင်းသိတ်ကျမ်းသည် လည်း ဆက်လက် ထွင်းထုနေသည်။

ကြယ်ကို ကျိယွမ်၏ ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲပစ်သည်။

ယခုအခါ ကျိယွမ်တွင် ခန္ဓာကိုယ်မရှိတော့ပါ၊ သူ၏ ပြိုင်ဘက်ကင်းရွှေကိုယ်ခန္ဓာသည် ခိုင်မာသော စွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ကြယ်ကို အပေါ်ယံမှ ရစ်ပတ်ထားသည်။

ရစ်ပတ်သည်ဟုဆိုရသော်လည်း အမှန်တကယ်တွင် နဂါးကသားကောင်ကို ရစ်ပတ်သလိုမျိုးတော့ မရစ်ပတ်နိုင်ချေ။

ကြယ်ကကြီးမားလွန်းသောကြောင့် ကျိယွမ် မရစ်ပတ်နိုင်ပါ။ထို့အစား ဘိန်းမုန့်ပေါ်တွင် နှမ်းဖြူးသလို ကြယ်မျက်နှာပြင်အနှံ့ သူ၏ရွှေခန္ဓာက်ုယ်အမှုန်များဖြင့် ဖြန့်ကျဲကာ လွှမ်းခြုံထားခြင်းဖြစ်လေ၏။

ကြယ်က ကြီးလွန်းတယ်။

တော်တော်ကို ကြီးတာ။

နင်က လုံးဝ ချစ်စရာ မကောင်းဘူး။

ကျိယွမ်က မကျေမနပ်တွေးရင်းမှ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အတားအဆီးမရှိ ဆက်လက်ထုဆစ်နေသည်။

ကျန်သေးတယ်။

မပြီးသေးဘူး။

မဟာနေမင်း၏ နေ့ခင်းကြောင်တောင်အိမ်မက်နည်းစနစ်က သူ၏စိတ်ထဲတွင်လျှပ်တပြတ်ပေါ်လာ၏။

ယခုအခါမှာတော့ ကျိယွမ်သည် ထိုနည်းစနစ်ကို အပြည့်အဝအကောင်အထည်ဖော်လေပြီ။

ဤစကြဝဠာတွင် ကြယ်များစွာရှိ၏။

အဆုံးမဲ့ရှည်လျားသော နဂါးငွေ့တန်းတွင် မရေမတွက်နိုင်သော ကြယ်များနှင့် ဂြိုလ်များ ရှိနေသည်။

ထို့အပြင် ကောင်းကင်ဘုံတာအို မရှိသလို အခြားမြင့်မြတ်သောသက်ရှိများ မရှိပါ။

စကြဝဠာသည် လုံးဝဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးပေ။

ပန်းကန်လုံးထဲမှဟင်းကို စားနေသော ကျိယွမ်သည် အိုးထဲကဟင်းဖက်များကိုလည်း မျက်စောင်းထိုးနေလေပြီ။

"မဟာမေ့လျော့ခြင်းစိတ်ကျမ်း ထုဆစ်ပြီး...."

"အမြုတေ..စတင်ပြီ"

ကျိယွမ်၏ အော်ဟစ်သံနှင့်အတူ

နောက်ဆုံးမှာတော့ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို ကြယ်ပေါ်တွင် ထုဆစ်နိုင်သွားခဲ့လေပြီ။

နေအငယ်စားကြယ်သည် ပထမတွင် ကျိယွမ်၏ ပုံသဏ္ဌာန်ကို ယူလိုက်သည်။

"ဖွဲ့စည်း...."

ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခုသည် စကြဝဠာကိုတိုက်ခတ်သွားသည်။

ကြယ်သည် ရုတ်တရက် တောက်ပသောအလင်းအဖြစ် ပေါက်ကွဲပြီး အမြုတေကို ဖွဲ့စည်းလေ၏။

ထို့နောက် အလင်းသည် မှေးမှိန်သွားပြီး ကြယ်သည်လည်း ၎င်း၏ မူလပုံစံသို့ ပြန်ရောက်သွားသည်။ယခုအချိန်မှာတော့ ကြယ်တစ်လုံးတည်းသာရှိ၏။ကျိယွမ်၏ ပုံသဏ္ဍာန်က ပျောက်ကွယ်သွားခဲ့သည်။

ဤကမ္ဘာသို့ ရောက်လာသူ မည်သူမဆို ဤကြယ်ကို ကြယ်များအကြားမှ တောက်ပသော သာမန်ကြယ်တစ်ခုအဖြစ်သာ မြင်ကြမည်ဖြစ်ပြီး ကျင့်ကြံသူတစ်ဦး၏အမြုတေအဖြစ် သိနိုင်စရာအကြောင်းမရှိပါ။

မေ့လျော့ခြင်းအရှိန်အဝါကတော့ ကျယ်ပြောသော စကြဝဠာအတွင်း၌ တည်ရှိနေသော အမြုတေကြယ်ပေါ်တွင် သိမ့်မွေ့စွာပျံ့နှံ့နေသည်။

အမြုတေကို ဝါးမျိုလိုက်ပါ၊ ဒီနေ့ မင်းကဘာကောင်လဲဆိုတာ အားလုံးသိသွားစေရမယ်။

"ဟားဟား ဟားဟား "

နောက်ဆုံးမှာတော့ ကျိယွမ်သည် အမြုတေကို ပုံဖော်နိင်လေပြီ။

ငါ အမြုတေအဆင့်ရောက်ပြီ။

ရှန်ကွမ်းဂိုဏ်းတွင် အကြီးအကဲအနည်းငယ်မှလွဲ၍ အမြုတေအဆင့်များမှာ အလွန်ရှားပါးသော တည်ရှိမှု ဖြစ်သည်။

ဟိုကောင် ကန်းဖူလူ ၊ငါမသိခင် အမြုတေကိုခိုးပြီး ဖွဲ့စည်းနေတာတော့ မဟုတ်လောက်ဘူးထင်တာပဲ။

ကျိယွမ်၏သတိသည် အမြုတေအပေါ်ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိလာသည်။

သူသည် စကြဝဠာတစ်နေရာတွင် တည်ငြိမ်စွာရပ်နေသော အနက်ရောင်ပုံသဏ္ဌာန်ကို ကြည့်သည်၊ သူ၏ မျက်လုံးများတွင် ဝန်လေးသော အမူအရာ ပေါ်လာ၏။အပြစ်ရှိသလို ခံစားမိသည်။

ထို့နောက် ကြယ်၏အလင်းသည် နဂါးငွေ့တန်းအဖြစ် ပြောင်းလဲသွားသည်။ နဂါးငွေ့တန်းက လှပပြီး မင်္ဂလာရှိသော မိုးတိမ်များနှင့်တူသလို အဖြူရောင်ပိုးသားပဝါတစ်ခုအလားလည်း ရှိ၏။

နဂါးငွေ့တန်းသည် အဆုံးမဲ့သော စကြဝဠာကို ဖြတ်၍ နင်ထောင်းဆီသို့ ရောက်ရှိသွားသည်။

မဟာအဓိဖြစ်သောနင်းထောင်းသည် ဤအရာကိုမြင်သောအခါ သူမ၏ မျက်လုံးများတွင် အံ့သြမှုနှင့်အတူ ရှုပ်ထွေးမှုများ၊ စိုးထိတ်မှုများ ပြည့်နှက်နေ၏။

သူမ၏ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသောအရှန်အဝါသည် အရာအားလုံးထက် သာလွန်သည်။

အကြွင်းမဲ့သခင်မနှင့် အဖြူရောင်ဧကရာဇ်တို့ပင် ဤကြောက်မက်ဖွယ်ကောင်းသော အအရှိန်အဝါရှေ့တွင် ကလေးများကဲ့သို့ ဖြစ်သည်။

"သွေးပုလဲ..."

နင်းထောင်၏ နှုတ်ခမ်းများ တုန်ယင်သွားသည်။

သူမသည် နဂါးငွေ့တန်းအနှံ့ရှာကြည့်သော်လည်း ရင်းနှီးသောပုံသဏ္ဌာန်ကို မတွေ့ပါ။

ဘယ်ရောက်သွားတာလဲ။

"သွေးပုလဲ...."

နင်းထောင်၏ရင်ထဲတွင် ကျိယွမ်အတွက်စိတ်ပူသွားသလို ယခင်အကြိမ်များအတိုင်း ထားရစ်ခံခဲ့ရပြီဟုတွေးမိကာ ခံစားချက်များရောထွေးလာသည်။

သူမ၏ပါးလွှာသောနှုတ်ခမ်းလေးများ တစ်ဆက်ဆက်တုန်ယင်ကာ ကျိယွမ်၏အမည်အား အော်ခေါ်ရှာသည်။

ထိုအချိန်မှာပင် ကြယ်သည် ၄င်း၏နောက်ဆုံးအသံကို ထုတ်လွှတ်လာ၏။

"ဒါက ဒီမှာ ရှိနေတယ်၊ ငါလည်း ဒီမှာရှိနေသလိုပါပဲ"

အဖြူရောင်နဂါးငွေ့တန်းသည် လေပြည်လေညင်းတစ်ခုအလား တိုက်ခတ်သွားသည်။ နင်းထောင်၏ သေးသွယ်သောခန္ဓာကိုယ်သည် နဂါးငွေ့တန်းအလယ်၌ နှစ်ခြင်းခံလိုက်ရ၏။

အဝေးမှကြည့်လျှင် လှပသောဒဏ္ဍာရီလာနတ်သမီးလေးတစ်ပါးအား နဂါးငွေ့တန်းတစ်ခုက ထွေးပွေခြံရံပေးထားသလိုပင်။

"သွေးပုလဲ..."

နင်းထောင်၏ မျက်ဝန်းထဲမှ မျက်ရည်များကျလာ၏။ပူနွေးသော မျည်ရည်များသည် သူမပါးပြင်ပေါ်မှ စုန်းဟူသော အက္ခရာအားဖြတ်သန်းစီးဆင်းကြသည်။

နင်းထောင်သည် မျက်ရည်များကျလျက်မှ ကြယ်ပွင့်များဖြင့်ဖုံးလွှမ်းထားသော နဂါးငွေ့တန်းပေါ်သို့ ညင်သာစွာခြေလှမ်းလိုက်သည်။

သူမနှင့် အလွန်နီးကပ်နေပုံရသော ကြယ်ကို မော့ကြည့်ကာ သူမ၏ နှုတ်ခမ်းပေါ်တွင် နှစ်သိမ့်သောအပြုံးလေးတစ်ခု ပေါ်လာ၏။

"ဒါက ကမ္ဘာ့မြေအဆုံးမှာတုန်းကထက် အများကြီး ပိုကောင်းတယ်"

အထီးကျန်သောလှသော စကြဝဠာကြီးထဲတွင် မိန်းမလှလေးတစ်ဦးသည် ကြယ်တစ်လုံးနှင့်အတူ ချစ်ရသူအား စောင့်ဆိုင်းလျှက် ရှိနေတော့သည်။

.............

ကန်းလန်ဘုံတွင်ဖြစ်သည်။

"အောင်မလေး သေပါပြီဗျ"

"နာလိုက်တာ"

"အရမ်းနာတယ်"

"ဒီလောက်တောင် ဖောင်းနေတာလား"

သစ်သားအိမ်လေးထဲတွင် ကျိယွမ်သည် သူ၏ဝမ်းဗိုက်ကို နာကျင်စွာ ဆုပ်ကိုင်ထားသည်။

"ငါ ကိုယ်ဝန် ရှိနေတာများလား"

သူသည် သူ၏ ဝမ်းဗိုက်ကို အလန့်တကြားကြည့်သည်။ဝမ်းဗိုက်က သာမန်အတိုင်းပင်။

သို့သော် သူသည် ဖောင်းကားနေသည်ဟုလည်း ခံစားရပြီး ဗလာဖြစ်နေသည်ဟုလည်း ခံစားရကာ အလွန် ဆန့်ကျင်ဘက် ဖြစ်နေသည်။

သူသည် သူ၏ ကုတင်ဘေးရှိ သစ်သားကြောင်ရုပ်ကို တစ်ချက် ကြည့်လိုက်ပြီးသူ၏ မျက်လုံးများတွင် အကူအညီမဲ့မှု များပေါ်လာသည်။

"ငါ့ရဲ့ဝိညာဥ်စွမ်းအားက အခုအရမ်းနည်းနေတယ်။ လုံလောက်တဲ့အချိန်ရောက်ရင် အမြုတေရဲ့ပုံရိပ်ကို ခေါ်ပြီး... သူမကို မြင်နိုင်မလား မသိဘူး"

ထိုစကြဝဠာရှိ အချိန်ခြားနားချက်သည် ကြီးမားလှသည်။

ထို့အပြင် ကြယ်၏မဟာမေ့လျော့ခြင်းစိတ်ကျမ်းကြောင့် နောင်တစ်ချိန်ပြန်ဆုံကြလျှင် နင်းထေင်၏မှတ်ဉာဏ်များ ကျန်ရှိနေပါဦးမည်လား။

ကျိယွမ် သေချာ မသိနိုင်ပါ။

"ငါ့ရဲ့ အမြုတေက ဘယ်မှာလဲ"

ကျိယွမ်သည် သူ၏မူလဒန်တျန်အတွင်းသို့ ကြည့်သည်။ ဘာကိုမှ မတွေ့ပါ။

"ငါ့ရဲ့ အမြုတေက အဲဒီ စကြဝဠာထဲမှာပဲ ရှိနေတုန်းလား"

ဤအချိန်တွင် ကျိယွမ်သည် တစ်စုံတစ်ရာကို အာရုံခံမိပြီး သူ၏ သစ်သားအိမ်ထဲလေးမှ အပြင်သို့ ခြေလှမ်းလိုက်သည်။

သူသည် ကောင်းကင်ရှိ ကြယ်တာရာများကို မော့ကြည့်သည်။ နေ့ဘက်တွင် ကြယ်များကို မှိန်ဖျော့စွာမြင်နေရပြီး နေရာတိုင်းတွင် မရေမတွက်နိုင်သော ကြယ်များ ရှိနေသည်။

ကျိယွမ်သည် တောက်လောင်နေသော နေလုံးကြီးဘေးမှ နေလုံးလေးတစ်လုံးကို မြင်လိုက်သည်။

နေလုံးလေးသည် အဓိကနေလုံးကြီးကဲ့သို့ မတောက်ပသော်လည်း အဆက်မပြတ်တောက်ပနေလျှက်ရှိသည်။

သူ၏ မျက်လုံးများက လင်းလက်သွားသည် ။

【အမြုတေ၏ ပုံရိပ်သည် ထိုနေရာတွင် ရှိနေသည်၊ အမျိုးသမီးတစ်ဦးသည် သင်နှင့်အတူ အမြဲရှိနေသည်။

မဟာမေ့လျော့ခြင်းစိတ်ကျမ်း ရှိသောနေရာတွင် သင်မထွက်ခွာမီ သူမ၏ မှတ်ဉာဏ် ကျန်ရှိနေနိုင်သည်၊ သို့မဟုတ် သူမသည် အစွမ်းထက်သော အရာတစ်ခုကို နားလည်သဘောပေါက်သွားနိုင်သည်】

"ကျူးယန်နဲ့ နင်းထောင်....."

............................

All Chapters