အဲဒါက နေမဟုတ်ဘူး၊ငါ့ရဲ့ အမြုတေပါ
Vol. 11 Ch. 138
ကန်းလန်နယ်မြေ၌ ဖြစ်သည်။
မျက်လုံးပေါင်းများစွာသည် ကောင်းကင်သို့ မော့ကြည့်နေကြ၏။
ကောင်းကင်ယံ၌ ထူးဆန်းသောနက္ခက်တာရာအဖြစ်အပျက်တစ်ခု ပေါ်လာသောကြောင့်ပင်။
ကြီးမားသောနေမင်းကြီး၏ဘေးတွင်..နောက်ထပ်နေသေးသေးလေးတစ်စင်း ပေါ်လာခဲ့သည်။
ကြီးမားသောနေမင်းကြီးနှင့် နှိုင်းယှဥ်လျှင် ထိုနေသေးသေးလေးသည် အရေးမပါသကဲ့သို့ ထင်ရ၏။
သို့သော် ထိုသေးငယ်သောနေလုံးလေးကို မြင်တွေ့ရသောအခါ လူတိုင်း၏မျက်နှာများတွင် မကြုံစဖူးထူးလှသည်ဟုသော အမူအယာများဖြင့် အံအားသင့်နေကြကုန်သည်။
"ကောင်းကင်မှာ နေတစ်စင်း ပိုလာတယ်"
"ဘာတွေဖြစ်နေတာလဲ၊ ဒါက ဘယ်လို ထူးခြားဖြစ်စဥ်မျိုးပါလိမ့်"
"လောကကြီးက ဘာတွေဖြစ်ကုန်တော့မှာလဲ"
မြောက်ပိုင်း ရေခဲပြင်ကျယ်ကြီးတွင်၊ အိပ်ပျော်နေသော ရေခဲနဂါးတစ်ကောင်သည် မျက်လုံးဖွင့်လိုက်ကာ ပြာလဲ့လဲ့ မျက်လုံးကြီးများဖြင့် ကောင်းကင်ရှိ နေအသစ်ကို လှမ်းကြည့်လိုက်သည်။
"ငါလည်း အကြာကြီး အိပ်ပျော်နေတော့ အာရုံထင်ယောင်ထင်မှားတွေတောင် ဖြစ်လာပြီ"
"နောက်ဆိုရင် အိပ်တာကိုလျှော့မှ"
ထို့သို့ပြောပြီးနောက် သူက၏မျက်လုံးကြီးများက ပြန်မှိတ်သွားပြီး တခေါခေါအိပ်ပျော်သွားတော့သည်။
အရှေ့ပိုင်းဒေသတစ်နေရာတွင် ခန္ဓာကိုယ်တစ်ခုလုံး အလင်းရောင်ဖြင့် ဖုံးလွှမ်းနေသော အမျိုးသမီးတစ်ဦးသည် ကောင်းကင်ကို မော့ကြည့်နေရင်းမှ သူမ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။
"ဘယ်နတ်ဘုရားရဲ့ပုံရိပ်က ကောင်းကင်မှာပေါ်လာတာပါလိမ့်.."
ကြယ်များသည် နတ်ဘုရားများ၏ ပုံရိပ်များဖြစ်၏။ကြယ်အသစ်တစ်လုံး ပေါ်လာခြင်းက နတ်ဘုရားအသစ်တစ်ပါး ပေါ်လာခြင်းများ ဖြစ်နေမည်လား။
ဗဟိုကောင်းကင်ဒေသတွင်၊ အဖြူရောင်ဝတ်စုံနှင့်အမျိုးသားတစ်ဦးသည် ငါးမျှားနေသည်။ ရုတ်တရက် သူ၏လက်တုန်သွားပြီး ငါးမျှားတံက ကျိုးသွားခဲ့သည်။
သူသည် ကောင်းကင်ပေါ်မှ နေအသစ်ကို ကြည့်လိုက်ပြီး သူ့မျက်နှာတွင် နက်ရှိုင်းသော စိုးရိမ်မှုများ ပြည့်နှက်နေသည်။
"ကောင်းကင်မှာ နေနှစ်စင်း မရှိနိုင်ဘူး။အင်မော်တယ်နတ်ဘုရားတစ်ပါးပါးက အဲဒီနေရာကိုလုဖို့ စိန်ခေါ်နေတာလား"
"အချိန်က ပြဿနာပဲ၊နေရာလုတိုက်ပွဲက ဒီနေရာကို မပျံ့နှံ့လာဖို့မျှော်လင့်ရတယ်။ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး၊ ပြောင်းရွှေ့ရမယ်... နောက်ကျရင် နှစ်ဖက် ရန်ပွဲမှာ အလယ်ကနေညှပ်ပါသွားနိုင်တယ်"
အခြားအခြားသောရေတွက်မရနိုင်သည့် လူအများသည်လည်း ကောင်းကင်ရှိနေအသစ်ကို လေးစားမှုနှင့်အတူ ဘာဖြစ်မည်ကိုမသိသော ကြောက်ရွံ့မှုတို့ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
ရှန်ကွမ်းဂိုဏ်းတွင် ဖြစ်သည်။
ဂိုဏ်းချုပ်အပါအဝင် တောင်ထွတ်သခင်များ စုဝေးနေကြလေ၏။
အားလုံးမှာကောင်းကင်ရှိ နေအသစ်ကို နားမလည်ခြင်း ထိတ်လန့်ခြင်းများဖြင့် မော့ကြည့်မိကြသည်။
"ဘာလို့ ရုတ်တရက်ကြီး နေတစ်စင်း ထပ်ပေါ်လာရတာလဲ"
"နားမလည်နိုင်အောင်ပါပဲ"
"ဒီအထဲမှာ ကြောက်စရာကောင်းတဲ့တစ်ခုခုရှိနေမှာသေချာတယ်"
"သတိထားမိကြလား..၊ဒီနေကို ငါတို့ အကြာကြီး မကြည့်သင့်ဘူး။ အကြာကြီး ကြည့်မိရင် ငါတို့ရဲ့မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တယ်"။
"တကယ်လား၊ အဲဒီလို ဖြစ်နိုင်တာလား"
ရှန်ကွမ်ဂိုဏ်းတွင် အကြီးပိုင်းများသာမက အခြားဂိုဏ်းသားများပါမကျန် ထိုနေအသစ်အကြောင်းကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြပြီး သူတို့၏ ဆွေးနွေးမှုများသည် အရှိန်မြင့်တတ်လာသည်။
လူ့သဘာဝအတိုင်း အသစ်အဆန်းတစ်ခုကြုံလျှင် ပြောမဆုံးတောသုံးတောင်ဖြစ်ကာ
ထင်ရာမြင်ရာများ သုံးသပ်ဝေဖန်နေကြကုန်၏။
ထိုအချိန်မှာပင် ဂိုဏ်းချုပ်ကြီး ကုမူ၏ အောင်မြင်သောအသံက ထွက်ပေါ်လာသည်။
"နေအသစ်အကြောင်း ဆွေးနွေးနေတာက ဘာအကျိုးရှိမှာလဲ၊ ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေမှာလား၊ဒါမှမဟုတ် မင်းတို့ကို အဆင့်တက်အောင် ကူညီပေးမို့လို့လား"
"မင်းတို့ကို တိုင်းပြည်တစ်ရာသွေးစစ်ပွဲ နဲ့ အလင်းနန်းတော်ကိစ္စ ဆွေးနွေးဖို့ ငါခေါ်လိုက်တာနော်"
တောင်ထိပ်သခင်များနှင့်အကြီးအကဲများ တိတ်ဆိတ်သွားကြပြီး နေသစ်အကြောင်း ဆွေးနွေးခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။
ကောင်းကင်မှာ နေတစ်စင်းထပ်ရှိနေရင်တောင် သူတို့ စားသောက်ဖို့ လိုအပ်နေသေးသည်မဟုတ်ပါလား။
ထိုသို့သော ကိစ္စရပ်များသည် သူတို့လိုအောက်ခြေကျင့်ကြံသူများ စဥ်းစားရန် ကိစ္စမဟုတ်ပေ။
သူတို့အရေးစိုက်ရမည်မှာ သူတို့အား လက်တွေ့ကောင်းကျိုး ၊ဆိုးကျိုးဖြစ်စေနိုင်သော ကိစ္စများကိုသာဖြစ်သင့်၏။
ကောင်းကင်တွင်နေနှစ်စင်းရှိခြင်းက ကောင်းကင်ဘုံ၏ပြဿနာဖြစ်ပြီး သူတိူ့ကစိုးရိမ်ပေးနေလည်းအကျိုးမရှိပေ။ဧကရာဇ်တစ်ပါးဖိနပ်ပျောက်သည်ကို တံငါသည်လင်မယားက သနားသလိုသာဖြစ်နေလိမ့်မည်။
"ကန်းဖူလူက အမြုတေအဆင့်ကို ရောက်သွားပါပြီ၊ ပြီးတော့ ကျိယွမ်ကလည်း ကျိစယ်တောင်ထွတ်သခင်ရဲ့ တပည့်ဖြစ်တယ်၊ ဒီနှစ်ယောက်ကို အလင်းနန်းတော်လက်ထဲ ငါတို့ အပ်လို့မဖြစ်ဘူး"
"ဟုတ်ပါတယ် ၊ ငါတို့ မပေးလိုက်နိူင်ဘူး'
"ဟွန့်၊ အလင်းနန်းတော်က အရမ်းဗိုလ်ကျလွန်းတယ်၊တိုင်းပြည်တစ်ရာသွေးစစ်ပွဲကိုလည်း သူတိူ့သဘောနဲ့သူတို့အတင်းဖန်တီးတယ်၊သူတို့မှာ ဂုဏ်သိက္ခာဆိုတာမရှိဘူး"
"အင်း၊ တိုင်းပြည်တစ်ရာအတွက် အဆင့်မြင့် ကျင့်ကြံသူတွေကသာ မရပ်တည်ပေးဘူးဆိုရင်၊ ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်နေပြီ"
"ဟုတ်တယ်၊ငါတို့ဘာမှ မတတ်နိုင်ဘူး"
ပစ္စုပ္ပန်တွင် ရှိနေသူများအားလုံးသည် အတွေးကိုယ်စီဖြင့် ငြိမ်သက်ကာ စိတ်ဓာတ်များကျဆင်းသွား၏။
ကျင့်ကြံခြင်းလောကတွင် အားနည်းခြင်းသည် ရာဇဝတ်မှုတစ်ခု ဖြစ်သည်။
အင်အားကြီးလျှင်တော့ ဥပဒေဖြစ်၏။
အလင်းနန်းတော်သည် တိုင်းပြည်တစ်ရာလုံးကို ဖိနှိပ်သော အင်အားစုကြီးဖြစ်သည်။
အားလုံးပေါင်းလျှင် ဂိုဏ်းပေါင်းထောင်ချီရှိသောလည်း တိုင်းပြည်တစ်ရာသည် အလင်းနန်းတော်ကို ယှဥ်ပြိုင်နိုင်ခြင်း မရှိပါ။
သူတို့သည် အလင်းနန်းတော်၏ ကရုဏာအောက်တွင်သာ ရှိနေခဲ့ကြပြီး၊ တိုင်းပြည်တစ်ရာသွေးစစ်ပွဲတွင် စစ်တုရင်ရုပ်များအဖြစ် သွတ်သွင်းခြင်းခံခဲ့ရသည်။
သာ့ရှန်နိုင်ငံသည် ကံမကောင်းခဲ့ပေ။ မည်သည့်ပြစ်မှုမှ မလွန်ကျူးပါဘဲလျှက် တိုင်းပြည်တစ်ရာသွေးစစ်ပွဲတွင် နတ်ဆိုးဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ရသည်။
နတ်ဆိုးဂိုဏ်းဆိုသည်မှာ မည်သည့် ကျင့်ကြံသူကမဆို ထိုနတ်ဆိုးဂိုဏ်းသားတို့အား သတ်ပစ်ရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုကြေညာချက်ထွက်ပေါ်လာသည်နှင့် အိမ်နီးချင်း တိုင်းပြည်အင်အားစုများသည် သာ့ရှန်တိုင်းပြည်ကို ကျူးကျော်ရန်နှင့် ၎င်း၏ သယံဇာတများကို လုယက်ရန် ပြင်ဆင်နေကြဖွယ် ရှိသည်။
သာ့ရှန်တိုင်းပြည်အတွက် ကြီးမားသော ဘေးအန္တရာယ်ကြီးသည် မဖိတ်ခေါ်ပါဘဲ ရောက်လာပေတော့မည်။
သာ့ရှန်တိုင်းပြည်အတွင်းရှိ အင်အားစုအားလုံးသည် ယခုအခြေအနေကို ရှောင်လွှဲနိုင်ခြင်း မရှိကြပေ။
ယခုအခါဆိုလျှင် သာ့ရှန်တိုင်းပြည်သည် ဆူပူအုံကြွနေပြီး၊ ပြန့်ကျဲနေသော ကျင့်ကြံသူ အများအပြားသည် စစ်ဒဏ်သင့်မြေမှ ထွက်ခွာရန် ပြင်ဆင်နေကြလေပြီ။သူတို့က သာ့ရှန်ကို စွန့်ခွာပြေးကြလေတော့မည်။
"တိုင်းပြည်တစ်ရာမှာ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ပါးတောင် မထုတ်နိုင်ဘူး။ အလင်းနန်းတော်နဲ့ ငါတို့ ဘယ်လိုယှဥ်ပြိုင်နိုင်မှာလဲ"
"ကန်ဖူလူနဲ့ ကျိယွမ်တို့က ပါရမီရှင်တွေပါ၊ ဒါပေမဲ့ သူတို့က ကြီးထွားဖို့ အချိန်တွေအများကြီး လိုအပ်နေသေးတယ်"
" ကန်းဖူလူက စိတ်ဝိညာဥ်အဆင့်ကို ရောက်ပြီး ကျိယွမ်ကအမြုတေအဆင့်ကို ရောက်ရင်တောင် အသုံးဝင်မှာ မဟုတ်ဘူး"
အကြီးအကဲတစ်ဦးက အလွန်အားမလိုအားမရဖြစ်နေပုံဖြင့် ညည်းညူသည်။
တိုင်းပြည်တစ်ရာသည် အလွန်အားနည်းလှပြီး ခရမ်းရောင်နန်းတော်အဆင့် တစ်ပါးပင်မရှိပါ။
သို့သော် တစ်ပါးတစ်လေ ရှိလျှင်တောင် ရလဒ်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။
အလင်းနန်းတော်တွင် ခရမ်းရောင်အဆင့် ခွန်အားကြီးသူများ ဒါဇင်များစွာ ရှိသည်ဟု ဆိုကြသည် မဟုတ်ပါလား။
၎င်းသည် အရှေ့ပိုင်းဒေသ၊ ကွေးယွန်တိုက်ကြီး၏ အရှင်သခင် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
ရှန်းကွမ်းဂိုဏ်းအကြီးအကဲများသည် အလင်းနန်းတော်၌ ကျိုးပျက်နေသော ယင်နတ်ဘုရားအဆင့်လက်နက် နဂါးသရဖူရှိသေးသည်ကို မသိကြသေးပေ။
မဟုတ်ရင် သူတို့သည် စိတ်ပျက်အားငယ်လွန်း၍ နေ့မနားညမနား ငိုချင်းချည်းချနေမိကြပေလိမ့်မည် ။
ကျိုးပျက်နေသော ယင်နတ်ဘုရားလက်နက်ကပင် တိုင်းပြည်တစ်ရာအတွင်းရှိ မည်သည့်တိုင်းပြည်ကိုမဆို အလွယ်တကူဖျက်ဆီးနိုင်ည်ဟု ဆိုကြသည်မဟုတ်ပါလား။
"လင်ထျန်းနန်းဆောင်ကနေ သတင်းရထားကတော့၊ ရှင်ဟွာအဖွဲ့က သွေးဝတ်စုံဓားနတ်ဘုရား ဆိုတဲ့တစ်ယောက်ဟာ ငါတို့ရဲ့တိုင်းပြည်တစ်ရာက ကျင့်ကြံသူဖြစ်နေတယ်တဲ့"
"အလင်းနန်းတော်က သွေးဝတ်စုံဓားနတ်ဘုရားကို အရှက်ရစေခဲ့ပြီး၊ သူ့သမီးကို ခွေးအိမ်ထဲမှာ နေထိုင်ဖို့ တွန်းအားပေးခဲ့တာ"။
"သူတို့အချင်းချင်း ရန်ငြှိုးဖြစ်သွားပုံရတယ်၊ဒါက အလင်းနန်းတော်ရဲ့ ထိုးစစ်ကို နှောင့်နှေးစေနိုင်မယ်ဆိုရင် ကောင်းမှာပဲ"
"အလင်းနန်းတော်က ရွံရှာစရာကောင်းလွန်းတယ်၊ကွေးယွန်တိုက်ကြီးရဲ့ ဖြောင့်မတ်လမ်းစဥ်ကို ဦးဆောင်သူလို့ ကိုယ့်ကိုကိုယ် ကြွေးကြော်ထားပေမဲ့ ဒီလို ဂုဏ်သိက္ခာမဲ့တဲ့အလုပ်မျိုးကို လုပ်ခဲ့တာ
"အပြစ်မရှိတဲ့ မိန်းကလေးငယ်လေးတစ်ဦးကို ခွေးအိမ်ထဲမှာ နေထိုင်ဖို့ တွန်းအားပေးတာက တကယ်ကို ရွံရှာစရာကောင်းတာ"
"အင်း၊ သူတို့ ရွံရှာစရာကောင်းမှန်း ငါတို့ သိပါတယ်၊ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ"
"သွေးဝတ်စုံဓားနတ်ဘုရားဆိုတဲ့သူရဲ့ စွမ်းအားကလည်း စိတ်ဝိညာဥ်အထွတ်အဆင့်မှာပဲ ရှိနိုင်တယ်၊သူလည်း အလင်းနန်းတော်နဲ့ ယှဥ်နိုင်မှာ မဟုတ်ဘူး"
ရှန်ကွမ်းဂိုဏ်း၏ ရာထူးကြီးများအားလုံး လက်ရှိပြဿနာကို စိုးရိမ်တကြီး ဆွေးနွေးနေကြ၏။သို့သော်လည်း အဖြေကရှိနှင့်ပြီးသားမဟုတ်ပါလား။
သူတို့၏မျက်နှာများသည် စိတ်ပျက်အားငယ်မှုများနှင့်အတူ မှုန်မှိုင်းသွားကြကုန်၏။
အလင်းနန်းတော်နှင့်ယှဥ်ပြိုင်ရန် သူတို့သည် အလွန် အားနည်းလွန်းပါသည်။
ထိုအချိန်တွင် ကျိစယ်တောင်ထိပ်မှာတော့
ကျိယွမ်သည် ကြေးမုံထဲတွင် သူ့ကိုယ်သူ ကြည့်နေရင်း အနည်းငယ် ဝမ်းနည်းသလို ခံစားနေရသည်။
"ပိုင်ကျိ၊ အရူးတာအို၊ နန်ကုန်း ခွေးကြီး၊ ချန်းဟွမ်၊ ကျန်းရှန်နဲ့ချန်ကျောင်း....."
သူသည် လျူဖုန်းနယ်မြေဂိမ်းကမ္ဘာထဲမှ စတိုရီလိုင်းများကို ပြန်သတိရကာ သူ ထိန်းသိမ်းထားရန် လိုအပ်သော နာမည်များကို ပြန်သတိရနေမိသည်။
အခြား မလိုအပ်သော မှတ်ဉာဏ်များကိုမူ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အသုံးပြု၍ ခဏတာ မေ့ပစ်ထားသည်။
"နောက်ဆုံးတော့ ငါက အမြုတေအဆင့်ဖြစ်လာပြီ။"
ကျိယွမ်က ထိုအချက်ကိုတော့ ကျေနပ်မိသည်။
"ဒီတစ်ခါ... ငါ့ပါးစပ်က အထူးစွမ်းရည်တစ်ခု နိုးထလာပြီလို့ ထင်ခဲ့ပေမဲ့... အဲဒါက ငါ့ မျက်ခုံး ဖြစ်နေတာဆိုးတယ်"
ကျိယွမ်က ထိုအချက်ကိုတော့ စိတ်ပျက်နေ၏။
သူ၏ပါးစပ်ကသာ ပြောသမျှအမှန်ဖြစ်သော စွမ်းရည်မျိုးရလာလျှင် မည်မျှကောင်းမည်နည်း။
ငါက ယင်နတ်ဘုရားဖြစ်တယ်ဟု ပြောလိုက်ရုံဖြင့် အော်တိုမစ်တစ် ယင်နတ်ဘုရားဖြစ်သွားမည်။ မည်မျှ အဆင်ပြေလိုက်သနည်း။
အခုတော့ ပါးစပ်မဟုတ်ဘဲ မျက်ခုံးက စွမ်းရည်နိုးထတယ်လို့ပဲ၊ငါက ဘာလုပ်ရမှာလဲ ၊ ကောင်မလေးတွေကို မျက်စပစ်ပြရမှာလား။
ချီသန့်စင်ခြင်းအဆင့်သို့ ရောက်သောအခါ သူ့မျက်လုံးများက လျှို့ဝှက်အချက်အလက်များကို မြင်နိုင်ခဲ့သည်။
ကောင်းကင်ဘုံတာအိုအုတ်မြစ်ကို အောင်မြင်ကာ အခြေတည်အဆင့်သို့ရောက်ပြီးနောက် သူ့နားများက ထူးဆန်းသော အသံများကို ကြားနိုင်ခဲ့သည်။
ယခု အမြုတေအဆင့်သို့ရောက်ပြီးနောက်.......
မျက်ခုံးလှုပ်စွမ်းရည်လို့ပဲကွာ။ ဒီကောက်ကျစ်တဲ့ဂိမ်းကိုက နမိတ်မကောင်းတာ။
သူ၏မျက်ခုံးလှုပ်စွမ်းရည်အရ သူ့မျက်ခုံးများက ကောင်းသည်ဆိုးသည်ကို ကြိုတင်ခန့်မှန်းနိုင်သည်ဆို၏။
သူ၏ဘယ်ဘက်မျက်ခုံး လှုပ်လျှင် ကောင်းသော ကိစ္စဖြစ်သည်။
သူ၏ ညာဘက်မျက်ခုံး လှုပ်လျှင် ဘေးအန္တရာယ်လာတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ကျိယွမ်သက်ပြင်းချလိုက်သည်။
ဒီစွမ်းရည်လည်း မဆိုးပါဘူးလေ၊
နောင်တစ်ချိန် ဂိမ်းများဆော့သောအခါ ဘော့စ်တစ်ယောက်ကို မရင်ဆိုင်မီ သူ၏မျက်ခုံး လှုပ်ခတ်မှုက ထိုသူကို တိုက်သင့်မတိုက်သင့် သိစေမည် ဖြစ်သည်။
ထားတော့ ဘာမှမတတ်နိုင်ဘူး။မျက်ခုံးဆိုတော့လည်း မျက်ခုံးပေါ့။
သူသည် သူ၏သစ်သားအိမ်ငယ်လေးမှ ထွက်လာရင်း မြည်တမ်းလိုက်သည်။
"ငါ အခု အမြုတေအဆင့်ဖြစ်နေပြီ။ ငါ့အနေအထားနဲ့ သစ်သားအိမ်မှာ နေတာက ငါ့ရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေတယ်"
"ငါ အုတ်အိမ်ကို အဆင့်မြှင့်တင်သင့်နေပြီ"
ကျိယွမ် သူ၏သစ်သားအိမ်မှ ထွက်လာသောအခါ သူ၏ညီမလေး ကျန်းလင်းစုက ကောင်းကင်ပေါ်သို့ တကြည့်ကြည့်လုပ်နေသည်ကို မြင်လိုက်ရသည်။
ကျန်းလင်းစုသည် စိုးရိမ်နေပုံရ၏။
သူမက ကျိယွမ်၏စိတ်အေးလက်အေးအမူအယာကိုမြင်သောအခါ အားမရဖြစ်သွားသည်။ သူမ၏အစ်က်ုကြီးသည် ဂိမ်းမှလွဲ၍ မည်သည့်အရာကိုမှ မသိတော့ပုံပင်။
"ဆရာတူအစ်ကိုကြီး၊ရှင် မြင်ရဲ့လား ၊ ကောင်းကင်ပေါ်မှာ နေသစ်တစ်စင်း ရှိနေတာကိုလေ"
ကျန်းလင်းစု၏ စိုးရိမ်မှုသည် ထိုကိစ္စမှ ဆင်းသက်လာခဲ့ခြင်း ဖြစ်သည်။
အတိတ်တုန်းက ကောင်းကင်နှင့်မြေကြီးကြေးမုံက သူမအား သွေးချောင်းစီးခြင်းနှင့် ကပ်ဘေးဒုက္ခများကို ပြသခဲ့သည်။
သို့သော် ထိုမြင်ကွင်းများထဲတွင် သူမသည် ကောင်းကင်မှာ နေတစ်စင်းပိုနေတာကို မမြင်ခဲ့ရပေ။
ယခု နေသစ်တစ်စင်း ရုတ်တရက် ပေါ်လာခဲ့သည်။ထိုအရာက ကံကြမ္မာ ပြောင်းလဲခြင်းကို ညွှန်ပြနေ၏။သို့သော် ထိုအရာက ကောင်းတာလား ဆိုးတာလားဆိုတာ သူမ မသိခဲ့ချေ။
"နေအသစ်လား"
ကျိယွမ်သည် သူ၏ညီမလေးကို မြင်သောအခါ သူ၏အမြုတေအကြောင်း မည်သို့ ပြောရမလဲဟု စဥ်းစားနေခဲ့သည်။
ယခုတော့ မမျှော်လင့်ဘဲ သူမက ကိုယ်တိုင် စတင်ပြောလာခဲ့လေပြီ။
ထို့ကြောင့် သူသည် အခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။
ကျိယွမ်က လက်ကိုနောက်ပစ်ကာ တင့်တယ်စွာရပ်၏။ထို့နောက်ခေါင်းကိုမော့ကာ
ကောင်းကင်ရှိနေအသစ်ကို ညွှန်ပြပြီး ဂုဏ်ယူစွာပြောလိုက်သည်။
"အဲဒါက နေမဟုတ်ဘူး ငါ့ရဲ့ အမြုတေပဲ"
ချမ်းသာသောသူ၏ညီမလေးကို ကြွားဝါရန်အခွင့်အရေးအား သူက မည်သိူ့လက်လွတ်ခံနိုင်မည်နည်း။
ကျိယွမ်၏ အဖြေကြောင့် ကျန်းလင်းစုသည် ခေတ္တတွေဝေသွားသည်။
ထို့နောက် သူမ၏မျက်နှာပေါ်မှ စိုးရိမ်မှုများလျော့ပါးသွား တသိမ့်သိမ့်ရယ်လိုက်ရာ သူမ သူမ၏ ဖွံ့ထွားသောခန္ဓာကိုယ်အလှလေးများပင် တသိမ့်သိမ့်တုန်ခါသွားသည်။
"အစ်ကိုကြီးက တကယ်ကို ပြက်လုံးထုတ် တတ်တာပဲ။"
"ဒီလို အရာမျိုးတွေကို ပေါ့ပေါ့ဆဆမပြောသင့်ဘူး"
"အဲဒီနေအသစ်ကို ပုံဖော်နေတဲ့ နတ်ဘုရားကြားသွားရင် အစ်ကိုကြီးကို ဒုက္ခပေးနိုင်တယ်"
ခေါင်းမော့ကာ ဂုဏ်ယူနေသော ကျိယွမ် နင်သွားလေသည်။
"အင်း...အမှန်တရားက လူနည်းစုလက်ထဲမှာ ရှိတယ်ဆိုတာ အရမ်းမှန်တာပဲ"
သူသည် ကျန်းလင်းစုကို ထပ်မံရှင်းပြခြင်း မပြုတော့ချေ။
ကျိယွမ်သည် ကောင်းကင်ပေါ်မှ နေကိုမော့ကြည့်၏။ သူ၏မျက်နှာတွင် လွမ်းဆွတ်ခြင်းနှင့်အတူ ဝန်းနည်းသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။
"အဲဒီ နေပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်..."
နင်းထောင်သည် ထိုကြယ်ပေါ်တွင် ရှိနေဆဲမဟုတ်ပါလား။
"အစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ ပါရမီက ကောင်းပါတယ်၊ ဒါပေမဲ့ အခြေတည်အဆင့်ကို အခုမှ ချိုးဖြတ်နိုင်တာလေ"
" အမြုတေအဆင့်က အဝေးကြီးလိုပါသေးတယ်"
"သင့်တော်တဲ့အမြုတေပစ္စည်းကို ပိုင်ဆိုင်ဖို့က အုတ်မြစ်တည်ဆောက်ခြင်းထက်တောင် ပိုအရေးကြီးတယ်"
"အစ်ကိုကြီး၊ တန်ဖိုးရှိတဲ့ တစ်ခုခု ဝယ်ဖို့ ကျွန်မဆီက ဝိညာဥ်ကျောက်တုံး တချို့ ချေးချင်လား"
ကျန်းလင်းစုသည် အမှန်တကယ်ပင် ချမ်းသာပြီး ကျိယွမ်အပေါ်အမြဲတမ်း ရက်ရောခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ ကျိယွမ်က ပိုက်ဆံကိုဖုန်မှုန့်များအလား သဘောထားကြီးစွာငြင်းလိုက်၏။
"ဝိညာဥ်ကျောက်တုံးတွေနဲ့ ကြယ်တစ်လုံးကို ဝယ်နိုင်လား"
မဝယ်နိုင်ပေ။
ဒါပေမဲ့ စကြဝဠာထဲ၌ ကြယ်နှင့်ဂြိုလ် ပေါင်းများစွာရှိနေပြီး ကျိယွမ် ဝါးမျိုရန် စောင့်ဆိုင်းနေကြသည်။
အားလုံးက အခမဲ့ ဖြစ်ပြီး ကုန်ကျစရိတ် မရှိပါ။
သူက ၎င်းတို့အားလုံးကို စားပစ်ရန်သာလို၏။
ကျန်းလင်းစုက ထိုကိစ္စကိုဆက်မပြောတော့ပါ။
"အစ်ကိုကြီး၊ ကျွန်မရဲ့အစ်မ မနက်ဖြန် လာပါတော့မယ် ။ အစ်ကိုကြီးကို ကြိုတင် အသိပေးချင်လို့ပါ"
ကျိယွမ်ခေါင်းငြိမ့်ပြသည်။
"ကြိုဆိုပါတယ်"
ထို့နောက် ခဏတာ စကားပြောပြီးနောက် ကျန်းလင်းစုသည် သူမ၏အိမ်လေးသို့ ကျင့်ကြံရန် ပြန်သွားခဲ့သည်။
ကျိယွမ်သည် တစ်ယောက်တည်းကျန်ခဲ့ရင်းမှ သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။
"အမြုတေအဆင့်ဖြစ်ရတာကလည်း ဒီလောက်ပဲလား"
သူ့ဘဝက သိပ်မပြောင်းလဲဘူးဟု သူခံစားရသည်။
သို့သော် ပြောင်းလဲသောအရာတစ်ခုကတော့ ရှိနေခဲ့လေပြီ။
ကျိယွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး ကျိစယ်တောင်ထိပ်ဖျား၏အပေါ်ဆုံးတွင်ရှိနေသော နန်းတော်ကိုကြည့်လိုက်သည်။
တိတ်ဆိတ်ငြိမ်သက်ပြီး အေးစက်သော လရောင်က နန်းတော်ကိုလွှမ်းခြုံထားရာ နတ်ပြည် တစ်ခုအလား ဖြစ်စေသည်။
ကျိယွမ်၏ ချောမောသောမျက်နှာပေါ်တွင် အပြုံးတစ်ခုဖြတ်ပြေးသွား၏။
ဆရာမ....။
သူသည် လမ်းကြောင်အတိုင်း တောင်ထိပ်အပေါ်သို့ စတင်တက်ရောက်သည်။
တောင်တစ်ဝက်သို့ ရောက်သောအခါ ထုံးစံအတိုင်း ကျိယွမ်၏ရှေ့၌ အကာအရံတစ်ခု ပေါ်လာခဲ့သည်။
"ဆရာမ ၊ ဆရာမရဲ့တပည့်က အမြုတေကို ဖွဲ့စည်းပြီးပါပြီ"
ကျိယွမ်သည် ထိုသို့အော်ဟစ်ပြီးနောက် အကာအရံကို ထိလိုက်သည်။
တစ်ချိန်က သူ့ကိုအမြဲတမ်း ပိတ်ဆို့ထားခဲ့သောအရာက သူ့ကို တားဆီးနိုင်ခြင်း မရှိတော့ပေ။
သူသည် အကာအရံထဲသို့ ဝင်ရောက်ကာ ကျိစယ်တောင်ထိပ်ဖျားရှိ နန်းတော်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားခဲ့သည်။
ထို့အတူ သူ၏နှလုံးသားသည်လည်း တည်ငြိမ်အေးချမ်းလာသလို ခံစားလာရ၏။
ကျိစယ်တောင်ထိပ်ဖျားသည် တောင်တစ်ဝက်ထက် အမြဲလိုလိုပိုအေးသည်။
တစ်ခါတစ်ရံ တောင်အလယ်တွင် နေသာတတ်သေးသော်လည်း၊ တောင်ထိပ်တွင် နှင်းများ အမြဲရှိနေတတ်သည်။
တောင်ထိပ်ပေါ်သို့ ရောက်သောအခါ ကျိယွမ်သည် သိမ်မွေ့သောအေးစက်မှုကို ခံစားလိုက်ရပြန်သည်။
တိမ်များနှင့် မြူများကြားတွင် အဖြူရောင်ကျောက်စိမ်းအဆောက်အအုံတစ်ခုကို မှိန်ဖျော့စွာ မြင်တွေ့နိုင်၏။
ဤနေရာသို့ သူပထမဆုံးအကြိမ် ရောက်ဖူးခြင်းပင်။
"ဆရာမ"
သူသည် နန်းတော်ဆီသို့ ညင်သာစွာ ခေါ်လိုက်သည်။
သူ့အသံသည် နန်းတော်ထဲ၌ ပဲ့တင်ထပ်ပြီးနောက် သူ့ဆီပြန်လာခဲ့သည်။
သို့ရာတွင်၊ သူ၏ဆရာမ ရွမ်ယူချမ်းကတော့ ပေါ်မလာခဲ့ပေ။
ကျိယွမ်၏ ထူထဲသောမျက်ခုံးများ ကျုံ့သွားသည်။
"မိန်းမ"
ကျိယွမ်ကတော့ ကျိယွမ်သာဖြစ်သည်။သူသည် တောင်အောက်သို့ကန်ချခံရပြီး တားမြစ်ခံခဲ့ရသော်လည်း အမှတ်ရှိပုံမရပါ။
ထူးဆန်းသည်မှာ ပုံမှန်အားဖြင့် သူယခုကဲ့သို့ ခေါ်လိုက်လျှင် တောင်ထိပ်၌ တိမ်များစုဝေးလာတတ်သော်လည်း ယခုတစ်ကြိမ်မှာတော့ မည်သည့်တုန့်ပြန်မှုမှ မရှိချေ။
ကျိယွမ်၏ ရင်ထဲတွင် ဆုံးရှုံးမှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။
လှပသောအမျိုးသမီးများက လိမ်ညာသောနေရာမှာ တော်ကြသည်ဟု ဆိုကြ၏။
ကျိယွမ်သည် တုန့်ဆိုင်းမနေတော့ဘဲ နန်းတော်ထဲသို့ စွန့်စားဝင်ရောက်ကာ သူ့ဆရာမကို ရှာဖွေလိုက်သည်။
သို့သော် ကျယ်ပြန့်သောနန်းတော်သည် အလွတ်ဖြစ်နေပြီး လူတစ်ယောက်မှ မရှိချေ။
နေရာတစ်ခုလုံးက ထူးဆန်းစွာ တိတ်ဆိတ်နေပြီး၊ အသက်ရှင်သန်မှု၏ လက္ခဏာများလည်း မရှိပေ။
ယခုနေရာတွင် လူများမနေထိုင်ခဲ့သည်မှာ နှစ်ပေါင်းတစ်ထောင်ခန့်ပင် ရှိမည်ဟု သူခံစားရသည်။
"ဆရာမ..."
ကျိယွမ်၏အော်သံသည် တိတ်ဆိတ်နေသော နန်းတော်အားဖုံးလွှမ်းသွား၏။
သို့သော်လည်း တုန့်ပြန်မှုမရှိပါ။
ထိုအချိန်မှာပင် ကျောက်စိမ်းတံဆိပ်တစ်ခုသည် ကောင်းကင်မှ ပြုတ်ကျလာပြီး ကျိယွမ်၏ လက်ထဲသို့ အံဝင်ခွင်ကျ ရောက်ရှိလာခဲ့သည်။
"လ"
ကျောက်စိမ်းတံဆိပ်ပေါ်ရှိ စာလုံးကို မြင်လိုက်ရသောအခါ ကျိယွမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
ကျောက်စိမ်းတံဆိပ်သည် ရိုးရှင်းပြီး "လ" ဟူသော စာလုံးသာပါရှိသည်။
သို့သော် ထိုစာလုံးလေးတစ်လုံးကပင် ကျိယွမ်အား အဆုံးမရှိသော အတွေးများကို မီးမွှေးပေးလိုက်ခြင်းပင်။
【လ တံဆိပ်၊ လနတ်ဘုရား ယွမ်ကျွင်း၏ တံဆိပ်။】
ကျိယွမ်သည် လတံဆိပ်ကို ကိုင်ထားရင်း၊ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာခဲ့သည်။
ဝမ်ယုကုန်းမြေတိုက်ကြီးမှ လွမ်းမောဖွယ် အမှတ်တရများက သူ၏စိတ်ထဲသို့ စီးဆင်းဝင်ရောက်လာသည်။
ကျိယွမ်က လ တံဆိပ်အားကြည့်နေမိရင်းမှ တောင်ခြေတွင် သူစစ်ဆေးဖူးခဲ့သောမြက်ပင်လေးအား သတိရသွားသည်။
"ဒါဆို၊ အဲဒီမြက်ပင်လေးရဲ့ ပြောင်းလဲမှုက ဆရာမနဲ့ ဆက်စပ်နေတာလား"
သူသည် လူသူကင်းမဲ့နေသောနန်းတော်ကို ကြည့်ကာ ညင်သာစွာ မေးလိုက်သည်။
"ဆရာမ၊ ကျွန်တော်တို့အရင်က တွေ့ခဲ့ဖူးသလား"
"ဒါမှမဟုတ် အနာဂတ်မှာ တွေ့ကြမှာလား"
"ဒါမှမဟုတ် ဆရာမကို ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလား"
ကျိယွမ်သည် လတံဆိပ်ကို ကိုင်ထားရင်းမှ မှိန်ဖျော့သော ဝမ်းနည်းမှုတစ်ခု သူ၏နှလုံးသားထဲတွင် ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် သင်းပျံ့သော ရနံ့တစ်ခု လွင့်ပျံ့လာပြီး သတို့သမီးလေး၏ ပုံရိပ်သည် တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။ သူမက လက်မောင်းစသေးသေးလေးများဖြင့် ကျိယွမ်၏ လက်ဖျံကို ဆုပ်ကိုင်ထားပြီး သူမ၏လက်စထဲမှ သစ်သားပြားလေးတစ်ခု ပြုတ်ကျလာ၏။
"ပွေ့ဖက်ထားသောပုံ"
သူမက ကျိယွမ်ကို နှစ်သိမ့်နေပုံရသည်။
သတို့သမီးလေး၏ရနံ့သည် စိတ်ကို သက်သာရစေသည်၊ ညနေဆည်းဆာချိန်၌ တိုက်ခတ်သော လေညင်းကဲ့သို့ မပြင်းလွန်းမပျော့လွန်းဘဲ လူတစ်ဦးအား သက်သောင့်သက်သာ ခံစားရစေပြီး အိပ်မက်မက်ရန် အသင့်ဖြစ်စေသည်။
နင်းထောင်၏ရနံ့သည် ကွဲပြား၏။ တစ်ခါတစ်ရံ ကြည်လင်သော တောင်သစ်ခွကဲ့သို့ နုညံ့ရွှင်လန်းစေတတ်သော်လည်းတစ်ခါတစ်ရံ သွေးဆောင်သော ဘိန်းပန်းကဲ့သို့ နက်နဲသော ဆန္ဒများနှင့် အပြစ်များကို နှိုးဆွပေးသည်။ကျူးယန် နှင့် နင်းထောင်တို့၏ စရိုက်နှစ်ခုပေါင်းစပ်နေသောကြောင့် ဖြစ်နိုင်သည်။
"ဝမ်ယုကုန်းမြေတိုက်ကြီး... လနတ်ဘုရား ယွမ်ကျွင်း..."
"ဒါဆို ..နေမင်းကြီးက.. ဘယ်သူနဲ့ တွေ့ခဲ့တာလဲ"
"ငါ.. ဝမ်ယုကုန်းမြေတိုက်ကြီးကို ပြန်သွားလည်လို့ ရရင်အရမ်းကောင်းမှာပဲ"
ထိုနေရာတွင် အဖြေများကို သူရှာတွေ့နိုင်ဖွယ်ရှိသည်။
"ပြီးတော့ ကျင်းလီရော..အခုချိန် ဘယ်များရောက်နေမလဲ
..................
တောင်ထိပ်မှပြန်ဆင်းလာပြီးနောက် ကျိယွမ်၏ရင်ထဲ၌ လစ်ဟာနေခဲ့သည်။
တွေ့ဆုံးခွင့်ရရန် နှစ်များစွာမျှော်လင့်နေခဲ့ရသောဆရာမက သူ့အားဥပေက္ခာပြု၍ ချန်ရစ်ထားခဲ့သည်။
သူကတော့ အဖြစ်မှန်ကိုမသိခဲ့ဘဲ တောင်ထွတ်မှနန်းတော်ကို အမြဲလိုလိုမျှော်မိခဲ့၏။
အခုတော့ ကျွန်တော်ပြန်ရခဲ့တာက ဒီကျောက်စိမ်းပြားလေးပဲလား ဆရာမ။
ကျိယွမ်က လတံဆိပ်ကျောက်စိမ်းပြားလေးအား ကြည့်ကာ သက်ပြင်းချသည်။
သို့သော်သူက စိတ်အားပြင်ဆင်လိုက်ပြီး ရှင်းဟွာအဖွဲ့စကားပြောခန်းထဲသို့ ဝင်ရောက်လိုက်တော့သည်။
အလင်းနန်းတော်ကို ဖြုတ်ချရန် ရက်တစ်ရာ စီမံကိန်းသည် မပြီးဆုံးသေးပါ။
သူ အရှိန်မြှင့်ရန် လိုအပ်သည်။
အရေးအကြီးဆုံးကတော့ သူ နည်းစနစ်အသစ်များ လိုအပ်နေလေပြီ။
အမြုတေအဆင့်ကို ရောက်ရှိလာခြင်းကြောင့် "ကျိယွမ်ကျမ်း" ၏လက်ရှိနည်းစနစ်များက မလုံလောက်တော့ပါ။
သူ့ထံသို့ နည်းစနစ်များပို့ပေးရန် အလင်းနန်းတော်၏ မျှော်လင့်ခြင်းလမင်းကို သူမျှော်လင့်ရတော့မည်။
ဖိုရမ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ ကျိယွမ်သည် သူ၏အခြားအကောင့်ဖြင့် တင်ထားသော ပို့စ်များကို စစ်ဆေးခဲ့သည်။
ပိုစ့်များတွင် မှတ်ချက်ရေးသူ ထောင်ချီ ရှိနေပြီး အများအားဖြင့် ရှင်းဟွာအဖွဲ့ဝင်များက အလင်းနန်းတော်ကို ပြစ်တင်ရှုတ်ချနေကြသည်ကို တွေ့ရ၏။
"ဒီထဲကလူတွေက တော်တော်ထိန်းထိန်းသိမ်းသိမ်းရှိကြတယ်၊ ဒီလောက်ဒေါသထွက်နေကြတာတောင် ဘယ်သူမှ မဆဲဆိုကြဘူး၊ငါ့အရင်ဘဝက ကောင်တွေနဲ့တော့ ကွာပါ့"
ကျိယွမ်သည် ဖိုရမ်မှ ထွက်ခွာပြီး အဖွဲ့လိုက် စကားပြောခန်းသို့ ပြန်သွားခဲ့သည်။
"အစ်ကိုကြီး အစ်မကြီးတို့ ၊ကျွန်တော်မှာ မေးစရာလေးရှိနေလို့ပါ"
"ကျွန်တော့်ရဲ့ အမြုတေက ကျွန်တော့်ခန္ဓာကိုယ်ထဲက ထွက်ခွာသွားရင် သူ့ကိုဘယ်လိုပြန်ခေါ်ရမလဲ"
ကျိယွမ်မှာ ထိုပြဿနာကြောင့် ခေါင်းကိုက်နေခဲ့သည်။
သူ၏အမြုတေက ခန္ဓာကိုယ်ထဲတွင်မရှိဘဲ အပြင်ရောက်နေ၏။အပြင်က နီးနီးနားနားမဟုတ်ဘဲ အခြားစကြဝဠာထဲအထိ ရောက်နေသည်မဟုတ်ပါလား။
ကောင်းကင်ရှိ နေမင်းအသေးစားလေးသည် သူ့အမြုတေ၏ ပုံရိပ်သာ ဖြစ်သည်။
၎င်းကို သူ၏ဒန်တျန်သို့ ပြန်ခေါ်ရန် မဖြစ်နိုင်ချေ။သူ၏ဝမ်းဗိုက်က အမြုတေကြယ် ဘယ်လိုမှ မခံနိုင်သောကြောင့်ဖြစ်သည်။
သို့သော် အမြုတေကို အခြားစကြဝဠာအစား လက်ရှိစကြဝဠာသို့ ရွှေ့လိုက်လျှင် ၎င်း၏စွမ်းအားကို အသုံးပြုရန် ပိုအဆင်ပြေစေမည် ဖြစ်သည်။
သို့သော် စကြဝဠာကိုဖြတ်ပြီး ခေါ်ယူခြင်းက အရမ်း ရှုပ်ထွေးနေသည်။
"မူလနတ်ဘုရား၊မင်းက အမြုတေဖွဲ့စည်းလိုက်တာလား"
ထုံးစံအတိုင်း ဆိုးသွမ်းအင်မော်တယ်ပင် ပထမဆုံး တုန့်ပြန်၏။သူက တံခါးပိတ်ကျင့်ကြံနေသည်ဟုပြောနေသော်လည်း ကျောက်ပြားကမီးစိမ်းတိုင်း လိုင်းပေါ်တတ်ကြည့်နေပုံရသည်။
"ခက်ခက်ခဲခဲပဲ"
ကျိယွမ် မထူးဆန်းသလိုပြောသော်လည်း နောက်ဆက်တွဲစကားများက အကြွားစကားများပင်။
"ဒီတစ်ခါ၊ ကျွန်တော် ခရမ်းရောင်နန်းတော်အဆင့်တစ်သိန်းကိုဦးဆောင်ပြီး နတ်ဆိုးနယ်မြေက ခရမ်းရောင်နန်းတော်အဆင့်ဆစ်သောင်းကို ရှင်းပစ်တာ"။
"ပြီးတော့ လူဆိုးခေါင်းဆောင်ကြီးကို မနည်း သတ်ခဲ့ရပြီး... အရမ်းကို အားကောင်းတဲ့ အမြုတေကို ဖွဲ့စည်းခဲ့တယ်"
သူ၏သူငယ်ချင်းများ နားမလည်မည်ကိုစိုးရိမ်သောကြောင့် ကျိယွမ်သည် အဓိပတိအစား ခရမ်းရောင်နန်းတော်ကို အသုံးပြုခဲ့သည်။
"သြော်......."
ဆိုးသွမ်းအင်မော်တယ် စကားမပြောနိုင်ဖြစ်သွား၏
ခရမ်းရောင်နန်းတော်အဆင့် တစ်သိန်းကြီးလား။
အဓိပ္ပာယ်မရှိတာတွေ။
သူ့မှာ ခရမ်းရောင်နန်းတော်အဆင့်တစ်သိန်း ရှိရင်၊ ဘာလို့ လျှို့ဝှက်အကောင့်တွေသုံးပြီး အလင်းနန်းတော်ကို အသရေဖျက်နေမှာလဲ။
သူက အသာလေးရှင်းပစ်လိုက်မှာပေါ့။
မူလနတ်ဘုရား၏အခြေအနေသည် တစ်နေ့ထက်တစ်နေ့ပိုဆိုးလာနေသည်ဟု ဆိုးသွမ်းအင်မော်တယ်ခံစားရသည်။
"မင်း အမြုတေဖွဲ့စည်းတာ အရမ်းမြန်တယ်၊ တကယ်ကို ပြိုင်ဘက်ကင်းပါရမီရှင်ပါပဲ"
မီးလျှံဧကရာဇ်က ဟုတ်တာမဟုတ်တာ အသာထား တဖက်သားကျေနပ်စေရန် ချော့ မော့သည့်အရိပ်အယောင်ဖြင့် ချီးမွမ်းလိုက်သည်။
ရေခဲတောင် သခင်မကလည်း ခဏအကြာတွင် အဖွဲ့လိုက်စကားပြောခန်းထဲ၌ ပေါ်လာ၏။
"အမြုတေ ပျောက်သွားတာလား.. တကယ်ကို ခက်တဲ့ကိစ္စပဲ"။
"နေပါဦး အဲဒါက ဘယ်ကို ထွက်သွားလို့လဲ"
"ကန်းလန်ဘုံအပြင်ဘက်ကိုပါ"
"ငမ်......"
အဖွဲ့သားများ တိတ်ဆိတ်သွားခဲ့ကြသည်။
မူလနတ်ဘုရားက အရမ်းကိုအလွန်အကျွံ ပြောဆိုနေသည်ဟု ဆိုးသွမ်းအင်မော်တယ်ခံစားလိုက်ရ၏။
"အဲဒါဆို ငါလည်း မကူညီနိုင်ပါဘူး"
ရေခဲတောင်သခင်မ ဝန်ခံလိုက်ပြီးနောက် ဆက်မေးသည်။
"မူလနတ်ဘုရား၊ နင် အခြားကမ္ဘာတွေကိုလည်း သွားရောက်ခဲ့ဖူးသလား"
"ဟုတ်ကဲ့"
ကျိယွမ် ခေါင်းညိတ်လိုက်သည်။
ဝမ်ယုကုန်းမြေတိုက်ကြီး၊ လျူဖုန်းနယ်မြေ၊ ပြီးတော့ အဲဒီ စကြဝဠာ၊ သူ အားလုံးကို သွားခဲ့ဖူးသည်။
"ငါမှတ်မိတာ မှန်ရင်၊ အရှေ့ပိုင်းဒေသရဲ့ပါရမီရှင်စာရင်းကြီးကို ရှေ့ကိုရွှေ့လိုက်တယ်တဲ့"
"မူလနတ်ဘုရား နင်ပါဝင်ပြီး အဆင့်ကောင်းကောင်းတစ်ခုရဖို့ ရည်မှန်းသင့်တယ်။"
"အရှေ့ပိုင်းဒေသက ကမ္ဘာဝင်ပေါက်အသစ်ကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ပါရမီရှင် စာရင်းမှာ အဆင့်သုံးဆယ်အတွင်း ဝင်တဲ့သူတွေ ဒီကမ္ဘာထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရလိမ့်မယ်"
ရေခဲတောင်သခင်မက အရေးကြီးသော အချက်အလက်ကို မျှဝေလိုက်သည်။
ဆိုးသွမ်းနတ်ဘုရား အကြီးအကျယ်စိတ်လှုပ်ရှားသွား၏။
"ဒီလို ကြီးကျယ်တဲ့ အခွင့်အရေး၊ အဆုံးမရှိတဲ့သယံဇာတတွေနဲ့ ကမ္ဘာသစ်တစ်ခု...ဝိုး..."
"ဆိုးသွမ်းအင်မော်တယ် ၊နင်အဆင့်ကျော်ပြီး မစဥ်းစားသင့်ဘူး၊ ပါရမီရှင်စာရင်းကြီးထဲ အရင်ဝင်ဖို့ အာရုံစိုက်ပါ"
"အဆင့်သုံးဆယ်အတွင်းဆိုတာက မူလနတ်ဘုရားလို ကောင်းကင်ဘုံတာအိုအုတ်မြစ်ရှိတဲ့ ပါရမီရှင်တွေအတွက် ဖြစ်တယ်"
ရေခဲတောင်သခင်မက ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးလိုက်သည်။
"ဟင့်"
အားနည်းသူများတွင် စကားပြောခွင့်မရှိဟု ဆိုးသွမ်းအင်မော်တယ် ခံစားလိုက်ရသည်။
မီးလျှံဧကရာဇ်က သူသိထားသောသတင်းကို ပေးလာသည်။
"မကြာသေးခင်မှာ အလင်းနန်းတော်က သွေးဝတ်စုံဓားနတ်ဘုရားကို ချန်နိုင်ငံမှာ တွေ့ဆုံဖို့ ဖိတ်ခေါ်ခဲ့တယ်တဲ့"
"သွေးဝတ်စုံဓားနတ်ဘုရားရဲ့သမီးကို ခွေးအိမ်ထဲမှာနေဖို့ တွန်းအားပေးခဲ့တဲ့ စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူက ကိုယ်တိုင် တောင်းပန်လိမ့်မယ်"
ကျိယွမ် ကြောင်တောင်တောင်ဖြစ်သွားသည်။
"တောင်းပန်မှာတဲ့လား"
ဒါက သူ ဖန်တီးခဲ့ထားသော လုပ်ကြံဇာတ်လမ်းကြီးလေ၊
ဘာလို့ သူတို့ကတောင်းပန်ကြမှာလဲ။
သူတို့ သဲလွန်စကို ရသွားပြီး ငါ့ကိုဖော်ထုတ်ဖို့များလား။
"တကယ်ကို စိတ်ရင်းမှန်နဲ့ တောင်းပန်တာ လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် မင်းကို ဒီကိစ္စကို ရပ်ဆိုင်းဖို့ ဖိအားပေးမလို့လည်းနိုင်တယ်"
"မူလနတ်ဘုရား သတိထားပါ၊ အလင်းနန်းတော်ရဲ့ပရိယာယ်ထဲ မကျရောက်ပါစေနဲ့"
မီးလျှံဧကရာဇ် သတိပေးလိုက်၏။
"ဟွန့်၊ ကျွန်တော်က အခုဆို ပြိုင်ဘက်ကင်းအမြုတေရှိနေပြီ၊ဘာကိုကြောက်ရမှာလဲ"
ကြယ်အမြုတေကြောင့် ကျိယွမ်၏ ယုံကြည်မှုက မြင့်တက်လာခဲ့သည်။
အမြုတေစွမ်းအားမပါလျှင်တောင် သူသည် အလင်းနန်းတော်၏ စိတ်ဝိညာဥ်အထွတ်အထိပ်များကို မကြောက်ပါ။
အခြေတည်အဆင့်နှင့်ပင် စိတ်ဝိညာဥ်အဆင့်များကို သူသတ်ဖူးသည်မဟုတ်ပါလား။
"မူလနတ်ဘုရား ၊ မဆင်မခြင် မလုပ်ပါနဲ့"
သေရေးရှင်ရေးကိစ္စဖြစ်နေသောကြောင့် ဆိုးသွမ်းအင်မော်တယ်က ကျိယွမ်ကိုစိတ်ရင်းမှန်ဖြင့် သတိပေးခြင်းဖြစ်သည်။
"မစိုးရိမ်ပါနဲ့၊ အလင်းနန်းတော်ကို ဖျက်ဆီးမဲ့ ရက်တစ်ရာစီမံကိန်းက ချောချောမောမော ရှေ့ဆက်နေတာပါတယ်၊ခင်ဗျားတို့ လွတ်လွတ်လပ်လပ် ပိုက်ဆံချေးနိုင်တယ်"
"ကံမကောင်းစွာနဲ့ပဲ၊ အလင်းနန်းတော်က ငါတို့ကို ထပ်မချေးပေးတော့ဘူး။ သူတို့က ထင်သလောက် မချမ်းသာဘူးပဲ"
ရေခဲတောင်သခင်က စိတ်ပျက်သလို ညည်းညူလိုက်သည်။
"ရေခဲတောင် သခင်မ၊ ခင်ဗျား ဘယ်လောက် ချေးထားတာလဲ"
မီးလျှံဧကရာဇ်က ထိုကိစ္စသိချင်လာသဖြင့်မေးလိုက်သည်။
"သိပ်မများပါဘူး၊ ဝိညာဥ်ကျောက်တုံး လေးသန်းပဲရှိသေးတာ"
"သြော်.."
ကျိယွမ်ကိုယ်တိုင်ပင် လည်လိမ်သွားရသည်။
"သိပ်မများဘူးတဲ့လား"
အေးလေ..ပိုက်ဆံချေးပြီးပြန်မဆပ်တာလောက်ကောင်းတဲ့ ပိုက်ဆံရှာနည်း ဘယ်လိုလုပ်ရှိမှာလဲ။
သူသာ အလင်းနန်းတော်ကို ဖြုတ်ချလိုက်လျှင် ရေခဲတောင်သခင်မသည် ဘာမှလုပ်စရာမလိုဘဲ ဝိညာဥ်ကျောက်တုံး လေးသန်း အသားတင် အမြတ်ရရှိမည်မဟုတ်ပါလား။
"မူလနတ်ဘုရား ၊အလင်းနန်းတော်ကိုဖြုတ်ချမဲ့ အခြအနေတွေကို ငါတိို့ကိုအမြဲသတိပေးဖို့ မမေ့ပါနဲ့"
"စိတ်ချပါ"
ကျိယွမ်က ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်ပြီးသူသည် အလင်းနန်းတော်မှ စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်နှင့် သွေးဓားနတ်ဘုရားအဖြစ် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။
ငါအခု အမြုတေဖွဲ့စည်းပြီးပြီဆိုတော့ သတ်ဖြတ်ဖို့အချိန်တန်ပြီ။
ဂိမ်းထဲမှာသတ္တိကောင်းသလောက် အပြင်လောကတွင် သူကလိပ်တစ်ကောင်လို အမြဲတမ်းကြောက်နေခဲ့ရ၏။
"ကြယ်အမြုတေရဲ့ ဂုဏ်သတင်းကို အလင်းနန်းတော်ကို ဖြုတ်ချရာကနေ စတင်သင့်တယ်"
----------------------