← Chapters

မူလနတ်စွမ်းအင်ဆိုတာ နတ်စွမ်းအင်နဲ့ အတူတူပဲကို

Vol. 11 Ch. 139

မူလနတ်စွမ်းအင်ဆိုတာ နတ်စွမ်းအင်နဲ့ အတူတူပဲကို

Vol. 11 Ch. 139

ချန်တိုင်းပြည်..

လင်ဖုန်း ဆိပ်ကမ်း...

ယခင်က ဤနေရာသည် လှေများ အဝင်အထွက်များပြားပြီး စည်ကားသော ကူးတို့ဆိပ်တစ်ခုဖြစ်သည်။ သို့သော် ဤနေရာတွင် ထူးဆန်းသော အဖြစ်အပျက်များ စတင်ပေါ်ပေါက်လာခဲ့၏။။ လမ်းသွားလမ်းလာများ လေနှင်ရာသို့ လျှို့ဝှက်ဆန်းကြယ်စွာ လွင့်စင်ပျောက်ကွယ်သွားခြင်းကြောင့်ဆိပ်ကမ်းအား စွန့်ပစ်ထားခဲ့ကြရသည်။

ယခုမူ ခြောက်သွေ့နေသောဆိပ်ကမ်းသည် ပြန်လည်စည်ကားနေပုံရ၏။

အလင်းနန်းတော်မှ သွေးရောင်ဝတ်စုံဓားနတ်ဘုရားနှင့် တွေ့ဆုံရန် လင်ဖုန်းဆိပ်ကမ်း ကို ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဆိပ်ကမ်းတွင် ခမ်းနားကြီးကျယ်သော ရတနာသင်္ဘောကြီးတစ်စင်း ဆိုက်ကပ်ထားပြီး အလင်းနန်းတော်မှ စိတ်ဝိညာဉ်အဆင့်တရားစီရင်ရေးမှူးသုံးဦး ရောက်ရှိနေသည်။

နှစ်ဦးမှာ စိတ်ဝိညာဉ်အထွတ်အထိပ်များ ဖြစ်ပြီး၊ တစ်ဦးမှာအလယ်အလတ်အဆင့် ဖြစ်သည် ၊ ထိုအင်အားသည် ချန်နိုင်ငံရှိ ဂိုဏ်းကြီးများစွာ၏ စွမ်းအားနှင့်ပင် နှိုင်းယှဥ်နိုင်၏။

အလင်းနန်းတော်မှ စိတ်ဝိညာဥ်အဆင့်တရားစီရင်ရေးမှူးသုံးဦးအပြင် ချန်နိုင်ငံမှ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူ အများအပြားလည်း ရတနာသင်္ဘောပေါ်တွင် ရှိနေကြသည်။

“အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားလို့ ခေါ်တဲ့သူက မြေဓားအမတ်ကြီး ဖြစ်နိုင်တယ်။ သူသေပြီလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သူအသက်ရှင်နေပြီးနောက် ရှင်းဟွာအဖွဲ့အစည်းထဲ ဝင်သွားပြီး သစ္စာရှိအရှင်တွေကို ဒုက္ခပေးနေပုံရတယ်”

သုန်ချန်မြို့စားက အပြစ်မကင်းစွာခံစားနေရသောမျက်နှာဖြင့် ပြောလိုက်သည်။

ဝူကုန်းအရှင်က သုန်ချန်မြို့စားကို တစ်ချက်ကြည့်ပြီး အသံတိုးတိုးဖြင့် နှစ်သိမ့်၏။

“ဒီကိစ္စက မင်းအမှား မဟုတ်ဘူး။ အဲဒီ သွေးဝတ်စုံဓားနတ်ဘုရားက တမင် ပြဿနာရှာနေတာပါ”

ထိုစဉ်က ဝူကုန်းအရှင်သည် အပန်းဖြေရန် ချန်နိုင်ငံသို့ ရောက်ရှိလာပြီး မြေဓားအမတ်ကြီး၏အိမ်တော်ကို သဘောကျခဲ့သည်။အိမ်တော်အောက်တွင် ကြယ်ဓာတ်အနှစ်သာရ ပါဝင်သော ဝိညာဉ်မျက်လုံးတစ်ခု ရှိပြီး၊ ယင်းမှာ ကောင်းကင်နှင့် မြေကြီး၏ အနှစ်သာရကို စုပ်ယူနိုင်သော ရတနာတစ်ခုဖြစ်သည်။ထို့အပြင် ရွှေရောင်နတ်ဆိုးဝိညာဥ်စွမ်းအင်လည်း ပိုင်ဆိုင်ထားသဖြင့် အလယ်အဆင့် အမြုတေဖွဲ့စည်းရန် အတွက် ပြီးပြည့်စုံသောရတနာလည်းဖြစ်နေပြန်သည်။

ဝူကုန်းအရှင်သည် အိမ်တော်ကိုလိုချင်ကြောင်းသာ ပြောခဲ့သော်လည်း သုန်ချန်မြို့စားက မြေဓားအမတ်ကြီး၏ မိသားစုအားလုံးကို အတင်းအကျပ် နှင်ထုတ်ပစ်၏။ မိသားစုက ခုခံသည့်အခါ သုန်ချန်မြို့စားလည်း မတတ်နိုင်တော့ဘဲ ဝူကုန်းအရှင်အားပြဿနာကို တင်ပြခဲ့သည်။ထိုအခါ ဝူကုန်းအရှင်ကလည်း စိတ်မရှည်စွာဖြင့် “သူတို့ကို ခွေးအိမ်ထဲ ပို့လိုက်” ဟု အော်လိုက်မိသည်။

ထို့ကြောင့် အမတ်ကြီး၏ အသက် (၉၀) အရွယ် သမီးသည် ခွေးအိမ်တွင် အတင်းအကျပ် နေထိုင်ခဲ့ရသည်။

နောက်ပိုင်းတွင် သုန်ချန်မြို့စားသည် နောင်လာမည့် ပြဿနာများကို ဖယ်ရှားရန် မြေဓားအမတ်ကြီး၏ မိသားစုတစ်ခုလုံးကို လျှို့ဝှက်စွာ သတ်ဖြတ်ခဲ့လေ၏။

ယခုအခါမှာလည်း သုန်ချန်မြို့စားသည် အလင်းနန်းတော်၏မျက်နှာသာပေးမှုကို ခံယူရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သူက မြေဓားအမတ်ကြီးသည် သွေးဝတ်စုံဓားနတ်ဘုရားဟူသော အမည်ကို ခံယူကာ သူ၏ကျင့်ကြံမှုကို မြှင့်တင်ခဲ့ပြီး ယခုကဲ့သို့ ဂယက်ရိုက်ခတ်အောင် ရဲရဲတင်းတင်း လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထင်မြင်နေ၏။

“မြေဓားအမတ်ကြီးနဲ့ သူ့မိသားစုရဲ့ ကံကြမ္မာက ဖြစ်သင့်လို့ ဖြစ်ရတာပါပဲ။ သူတို့က အရှင်တစ်ပါးကို စော်ကားခဲ့တာကိုး”

သုန်ချန်မြို့စားက သူ၏လုပ်ရပ်က မှန်ကန်သောအသွင်ဖြင့် ပြောသည်။

“အဲဒီ သွေးဝတ်စုံဓားနတ်ဘုရား ရောက်လာရင် ကျွန်တော် သူ့ကို လမ်းမှန်ကို ပြန်ရောက်ပြီး အလင်းနန်းတော်ကို တောင်းပန်လာအောင် ဆွဲဆောင်ပါ့မယ်”

သူ၏စကားများသည် ဟန်ဆောင်မှုသက်သက် ဖြစ်ပြီး သုန်ချန်မြို့စားသည် သွေးဝတ်စုံဓားနတ်ဘုရားနှင့် အလင်းနန်းတော်ကြားပဋိပက္ခဖြစ်ကာ အလင်းနန်းတော်ကို အသုံးပြုပြီး သွေးဝတ်စုံဓားနတ်ဘုရားအား ဖယ်ရှားပစ်ချင်နေခြင်းပင်။

“တောင်းပန်ရမယ် ဟုတ်လား။ ဟွန်း”

အမှန်တွင် ဝူကုန်းအရှင်ကလည်း ဒေါသထွက်နေခြင်းပင်။ထိုအဖြစ်အပျက်သည် ကွေးယွန်တိုက်ကြီးတွင်ပင် ဂယက်ရိုက်ခတ်စေခဲ့သည်။ သူသည် ဤကဲ့သို့ လူသူဆိတ်ညံသောနေရာကိုလာရပြီး တောင်းပန်ရမည်ဟုဆိုကတည်းက ဒေါသအလိပ်လိုက်ထွက်နေခဲ့လေပြီ။

တောင်းပန်ရမယ်တဲ့လား။ငါက တောင်းပန်ရင်တောင် သွေးဝတ်စုံဓားနတ်ဘုရားက ရဲရဲတင်းတင်းလက်ခံရဲပါ့မလားဆိုတာ သိချင်သေးတယ်။

“ဒီ သွေးဝတ်စုံဓားနတ်ဘုရားဟာ ကြောက်တတ်တဲ့သူ ဖြစ်နိုင်ပါတယ်။ အမှောင်ထဲမှာပဲ စိန်ခေါ်ရဲတာ။ ဒီကို ပေါ်လာမယ်လို့တော့ မထင်ဘူး”

စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ဦးက ပြောသည်။

ချန်နိုင်ငံမှ ကျင့်ကြံသူအများအပြားသည် အလင်းနန်းတော်ဘက်မှ ရပ်တည်ကြပြီး သွေးဝတ်စုံဓားနတ်ဘုရားကို ဒေါသထွက်နေကြ၏။

“အလင်းနန်းတော်ရဲ့ အရှင်အဆင့်တွေ ကိုယ်တိုင် ပါဝင်စရာ မလိုပါဘူး။ သူသာ ပေါ်လာရင် ကျွန်တော်တို့ ဖမ်းဆီးပြီး အလင်းနန်းတော်ရဲ့ အရှင်တွေကို တောင်းပန်ခိုင်းလိုက်ပါ့မယ်”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဝူကုန်း အရှင်သည် အနည်းငယ်စိတ်သက်သာရာရကာ ယခုလိုလူသူဆိတ်ညံသောနေရာသို့လာရသည့်အတွက် မကျေနပ်မှုများ လျော့နည်းသွား၏။

ရတနာသင်္ဘောအပြင်ဘက် မလှမ်းမကမ်းတွင်ရှိသော လှေငယ်လေးတစ်စင်းပေါ်တွင် အစိမ်းရောင်ဝတ်စုံမိန်းကလေးငယ်တစ်ဦးသည် အဘွားအိုတစ်ဦးနှင့်အတူ ရပ်နေ၏။

အဘွားအိုက ခမ်းနားသော ရတနာသင်္ဘောကြီးကို ကြည့်ပြီး ညင်သာစွာ မေးလိုက်သည်။

“အလင်းနန်းတော် ရောက်လာပြီ။ သခင်မလေးယာ၊ သင်္ဘောပေါ် တက်ချင်ပါသလား”

အဘွားအိုသည် စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်ပြီး သူမ၏ဘေးနားရှိ အစိမ်းရောင်ဝတ်မိန်းကလေးမှာ အမြုတေအဆင့်သာ ရှိသေးသော်လည်း အဘွားအိုက သူမကို အလွန်လေးစားမှု ပြသနေသည်။

မိန်းကလေးကျန်းယာသည် အရှေ့ပိုင်းဒေသပါရမီရှင်စာရင်းကြီးတွင် နံပါတ် (၁၅) ချိတ်သူ ဖြစ်၏။ ။ အကြောင်းတစ်စုံတစ်ရာမဖြစ်ပါက သူမသည် နောင်တွင် ခရမ်းရောင်နန်းတော်အဆင့် ဖြစ်လာမည်မှာ သေချာ၏။

သို့သော် ကျန်းယာ၏ ကြောက်မက်ဖွယ်အဆုံးသော အရည်အချင်းမှာ သူမ၏ ကျင့်ကြံမှုအရည်အချင်း မဟုတ်ဘဲ၊ ကျင့်ကြံမှု နည်းစနစ်အမျိုးမျိုးကို နားလည်ပြီးပြုပြင်နိုင်သည့် နက်နဲသောအစွမ်း ဖြစ်သည်။ထို့ကြောင့် သူမသည် မြင့်တက်ခြင်းခန်းမ၏သခင်ကြီးထံတွင်ပင် တပည့်အဖြင့်သင်ယူခွင့်ရခဲ့ခြင်းပင်။

ယင်းသည် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးသုံးဦးကြားတွင်ပင် အလွန်တန်ဖိုးထားရသော အဆင့်အတန်းဖြစ်သည်။

မြင့်တက်ခြင်းခန်းမသခင်ကြီး ဝူထျန်းသည် ဒဏ္ဍာရီလာယင်နတ်ဘုရားအဆင့်နှင့် အနီးစပ်ဆုံးဖြစ်သော ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်တွင် ရှိနေသူဖြစ်၏။

ယင်နတ်ဘုရားအဆင့်သည် မသေမျိုးများနှင့် နတ်ဘုရားနယ်ပယ်ကို ထိတွေ့နိုင်သည်ဟု ဆိုကြ၏။ ဝူထျန်းအဘိုးအိုသာ ယင်နတ်ဘုရားအဆင့်သို့ ရောက်ရှိပါက ကျန်းယာ၏ အဆင့်အတန်းသည် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးသုံးဦးကိုပါ ကျော်လွန်သွားနိုင်သည်။

“ကျေးဇူးပါပဲ၊ မသွားတော့ပါဘူး”

ကျန်းယာက ခေါင်းခါသည်။

“ဒီမှာ ပဋိပက္ခဖြစ်လာနိုင်လို့ ကျွန်မ လာတာပါ။ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတွေရဲ့ တိုက်ပွဲတွေကို လေ့လာရတာက ကျွန်မရဲ့ ကျင့်ကြံမှုအတွက် အကျိုးရှိပါ့မယ်။ လင်းစုလိုပဲ ကျွန်မလည်း အလင်းနန်းတော်ကို မုန်းတယ်၊ ဒါကြောင့် သူတို့နဲ့ ဘာလို့ ပတ်သက်ရမှာလဲ”

မြင့်တက်ခြင်းခန်းမသည် ကမ္ဘာတစ်ဝန်းမှ ကျင့်ကြံမှု နည်းစနစ်များကို စုဆောင်းသည့်နေရာဖြစ်သည်။ ကျန်းယာသည် မည်သည့် နည်းစနစ်ကိုမဆို စိတ်ဝင်စားသောကြောင့် စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများကို လေ့လာခြင်းသည် သူမအတွက် အလွန်အကျိုးရှိမည်မှာသေချာ၏။

သူမ၏တာအိုမှာ ကျင့်ကြံမှုနည်းစနစ်များကို ပြုပြင်ပြောင်းလဲခြင်းနှင့် ဖန်တီးခြင်းဖြစ်ပြီးထိုတာအိုအတိုင်း မယိမ်းယိုင်သော စိတ်ဓာတ်ဖြင့်လျှောက်လှမ်းနေခြင်းပင်။

သူမသည် စိတ်ဝိညာဥ်အဆင့်သို့ ရောက်ရှိလျှင် ထိုတာအိုနှင့် သက်ဆိုင်သော နတ်စွမ်းအင်တစ်ခုကို နိုးကြားစေလိမ့်မည်။

ထို့နောက် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိသောအခါ ဝိညာဉ်စွမ်းအင်၏ အနှစ်သာရကို နားလည်ကာ သူမ၏မူလနတ်စွမ်းအင်ကို ထပ်မံနားလည်သဘောပေါက်မည်ဖြစ်သည်။

ကျန်းယာသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရပြီး အဘွားအိုအား မေးလိုက်၏။

“သွေးဝတ်စုံဓားနတ်ဘုရားက အားနည်းပြီး ချက်ချင်းအရေးနိမ့်သွားရင် ၊အကြီးအကဲရှီ အလင်းနန်းတော်ကကျင့်ကြံသူတွေကို တိုက်ခိုက်ပေးလို့ ရမလား။ သူတို့ရဲ့ နည်းစနစ်တွေကို ကျွန်မ ကြည့်ချင်တယ်”

အဘွားအိုက ခေါင်းညိတ်ပြသည်။

"သခင်မလေးယာ သဘောအတိုင်းပါပဲ"

အချိန်သည် တဖြည်းဖြည်းကုန်လွန်လာပြီး ညချမ်းသို့ရောက်လာခဲ့သည်။

လှေငယ်လေးသည် ရေပေါ်တွင် ငြိမ်သက်နေပြီး ကျန်းယာသည်လည် လှေဦးထိပ်တွင် ရပ်လျက် သူမ၏အသိစိတ်သည် ကျောက်စိမ်းပြားတစ်ခုထဲတွင် နစ်မြုပ်နေသည် ။ အချိန်တိုင်း သူမသည် သူမ၏ တာအိုကိုသာ ကျင့်ကြံနေတတ်၏။

ကျယ်ပြောလှသောပင်လယ်ပြင်တွင်လရောင်သည် ရောင်ပြန်ဟပ်နေပြီး တိတ်ဆိတ်အေးချမ်းနေသည်။

ရုတ်တရက် ကျန်းယာသည် သူမ၏ မျက်လုံးများကို ဖွင့်လိုက်၏။ အဘွားအိုလည်း မော့ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် လေးနက်သောအမူအရာ ပေါ်လာခဲ့သည်။

သူတို့သည် သွေးရောင်ဝတ်ရုံ ဝတ်ထားသော အမျိုးသားတစ်ဦးက ရေပေါ်တွင် လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။

လပြည့်ဝန်းသည် ကောင်းကင်၌ မြင့်မားစွာ တည်ရှိပြီး အေးစက်သောလရောင်သည် သူ့အပေါ်သို့ ကျရောက်ကာ အနီရောင်အလင်းကို ရောင်ပြန်ဟပ်နေ၏။

“သွေးနံ့ ဘယ်လောက်တောင် ပြင်းလိုက်တာလဲ”

“သူ ဘယ်လောက်များများ သတ်ထားပါလိမ့်”

“သွေးဝတ်စုံဓားနတ်ဘုရားဆိုတာလား”

ရတနာသင်္ဘောပေါ်တွင်ရှိသော စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ အကြည့်များက ရေပြင်ပေါ်မှ သွေးရောင်ဝတ်ရုံ ဝတ်ထားသူအပေါ် ကျရောက်သွားသည်။

သူတို့၏ မျက်လုံးများတွင် မသေချာမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များပြည့်လာ၏။

အလင်းနန်းတော်မှ စိတ်ဝိညာဉ်အဆင့် တရားစီရင်ရေးမှူးသုံးဦးသည်လည်း သွေးရောင်ဝတ်ရုံကို မြင်သောအခါ အနည်းငယ် တုန်လှုပ်သွားသည်။

ဝူကုန်းအရှင်က သွေးနီရောင်ဝတ်စုံအား ကျယ်လောင်စွာအော်လ်ုက်သည်။

“ဒီလောက် သွေးစွမ်းအင်တွေနဲ့ မင်းက ဝိညာဉ်ဘယ်လောက်ထိ သတ်ထားသလဲ။ ဒီလို နတ်ဆိုးကို စောစောကတည်းက သိခဲ့ရင် နေရာမှာတင် သတ်ပစ်ရမှာ။ မင်းကို ဖျက်ဆီးခွင့် ဘယ်လိုလုပ်ပြီး ပေးထားနိုင်မှာလဲ”

အစပိုင်းတွင် အလင်းနန်းတော်မှ စိတ်ဝိညာဉ်အဆင့်တရားစီရင်ရေးမှူး သုံးဦးသည် သွေးဝတ်ဓားနတ်ဘုရားအား ပြဿနာရှာရန်အတွက် အစီအစဥ်အချို့ စီစဉ်ခဲ့ကြ၏။ သို့သော် ယခုအနေအထားကို မြင်သောအခါ လုပ်ထုံးလုပ်နည်းများ မလိုအပ်တော့ဟု ခံစားရသည်။

သွေးဝတ်စုံဓားနတ်ဘုရားအား လွှမ်းမိုးထားသော သွေးစွမ်းအင်သည် မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို ဖော်ပြနေသည်မဟုတ်ပါလား။

ထိုသူသည် ဓားနတ်ဘုရား မဟုတ်ဘဲ နတ်ဆိုးတစ်ဦး ဖြစ်သည်။ ထိုကဲ့သို့သော နတ်ဆိုးကို ချက်ချင်း သတ်သင့်သည်ဟု ခံယူလိုက်ကြ၏။

လပြည့်ဝန်းအောက်တွင် သွေးရောင်ဝတ်ရုံ ဝတ်ထားသောပုံရိပ်သည် နတ်ဆိုးဆန်သောအော်ရာကို ထုတ်လွှတ်ပြီး အေးစက်သော အသံဖြင့် စကားပြောလာ၏။

ကျိယွမ်သည် သူ၏အသံကို ထိန်းချုပ်ကာ ပီပြင်စွာသရုပ်ဆောင်သည်။

“ငါသမီးက အပြစ်ကင်းစင်တယ်၊ တီတီတာတာနဲ့စကားပြောသွက်တယ်၊ ဉာဏ်ရည်လည်းကောင်းတယ်။ငါက သူ့ကို ကြယ်တွေ လတွေတောင် ခူးပေးချင်လောက်အောင်ချစ်ခဲ့ရတာ"

" ဒါပေမဲ့...မင်းတို့...မင်းတို့က သူ့ကို ခွေးအိမ်မှာ နေခိုင်းခဲ့တယ်။ ဒီကိစ္စ ဘယ်တော့မှမပြီးဘူးကွ”

ကျိယွမ်စကားကို ကြားသောအခါ သုန်ချန်မြို့စား အံ့အားသင့်သွား၏။

အပြစ်ကင်းတယ်၊ စကားပြောသွက်တယ်၊ညာဏ်ရည်လည်း ထက်တယ်၊ မြေဓားအမတ်.. မင်းရဲ့ အသက် ၉၀ အရွယ် သမီးမှာ သွားတောင် သိပ်မရှိတော့ဘူး မဟုတ်လား။

သို့သော် သွေးဝတ်စုံပုံရိပ်၏ မျက်နှာသည် သွေးမှုန်များဖြင့် ဖုံးအုပ်နေသဖြင့်ပုံပန်းသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

“ဒီလို နတ်ဆိုးမျိုးရှိနေမှတော့ သူ့မိသားစုလည်း အလိုတူအလိုပါတွေပဲနေမှာ၊အားလုံးငရဲကို ပို့သင့်တယ်”

သုန်ချန်မြို့စားက အခြေအနေကို အမိအရယူကာ သူ့အတွက်ကြိုတင်ကာကွယ်လိုက်သည်။

ထိုအခိုက် ကျိယွမ်က နားမလည်သလို မေးသည်။

“မင်းတို့ ဒီကို တောင်းပန်ဖို့လာတာ မဟုတ်ဘူးလား။ ဘာလဲ၊ မင်းတို့ရဲ့ တောင်းပန်မှုဆိုတာက ဒါလား”

ကျိယွမ် မကျေမနပ်ဖြစ်နေသည်။ အလင်းနန်းတော်မှ တောင်းပန်မည်ဟု ပြောသဖြင့် သူ လာခဲ့ခြင်းပင်။ သူသည် သူတို့ကို အမြတ်ထုတ်ရန်ပင် ရည်ရွယ်ခဲ့၏။

“မင်းက ဖြောင့်မတ်တဲ့ကျင့်ကြံသူဆိုရင် ငါ့ရဲ့ အတိတ်က သေးငယ်တဲ့ အမှားအတွက် တောင်းပန်မလို့ပါ။ ဒါပေမဲ့ မင်းလို နတ်ဆိုး ကျင့်ကြံသူတစ်ယောက်က ငါ့ရဲ့ တောင်းပန်မှုကို ခံထိုက်လို့လား”

ဝူကုန်းအရှင်သည် ကိုယ်ကျင့်တရားအရ မြင့်မားသော နေရာတွင် ရပ်တည်ကာ ဖြောင့်မတ်သည်ဟု သူ့ကိုယ်သူခံစားရသည် ။

ကျိယွမ် စိတ်ပျက်သွားဟန်ဖြင့် ခေါင်းခါလေသည်။

“ငါက တချို့လူတွေရဲ့ ကိုယ်ကျင့်တရားကို အရမ်း အထင်ကြီးမိခဲ့တာပဲ။ အလင်းနန်းတော်ကအဖွဲ့ဝင်အားလုံးဟာ ကမ္ဘာလောကကြီးကောင်းကျိုးကို စိတ်ထဲထားတဲ့ သူတော်ကောင်းတွေလို့ ထင်ခဲ့တာ။ မသေမျိုးလမ်းစဥ်က ကျယ်ပြန့်ခက်ခဲပေမဲ့ သူတို့က နတ်ဆိုးတွေကို ဖယ်ရှားဖို့ ဆန္ဒရှိကြတယ်။ တကယ်ကို သူရဲကောင်းတွေပါပဲ။ဒါကြောင့် မင်းတို့ကသာ ငါ့ကို ဝိညာဉ်ကျောက်တချို့ လျော်ကြေးပေးခဲ့ရင် အလင်းနန်းတော်ရဲ့ ကြီးမြတ်တဲ့ဂုဏ်သတင်းကြောင့် ဒီကိစ္စကို လွှတ်ပေးတော့မယ်လို့ တွေးခဲ့တာ”

"အခုတော့ မင်းတို့ရဲ့ ကိုယ်ကျင့်တရားကို အရမ်းအထင်ကြီးမိခဲ့တဲ့ ငါကပဲမှားသွားပုံရတယ်"

ကျိယွမ်မှာ တကယ်ကို စိတ်ပျက်အားငယ်နေပုံ ပေါ်၏။

ရတနာသင်္ဘောပေါ်ရှိ စိတ်ဝိညာဥ်အဆင့် တရားစီရင်ရေးမှူးသုံးဦးမှာ ရှုပ်ထွေးသွားကြသည်။

ဒီလူက အလင်းနန်းတော်ကို တကယ် လေးစားအားကျတာလား။

“ဟွန်း"

ဝူကုန်းအရှင်သည် အလျှော့ပေးလိုပုံ မရှိပါ။

“နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အလင်းနန်းတော်ကို လေးစားအားကျဖို့ ထိုက်တန်လို့လား”

သို့သော် သူ၏ဘေးနားရှိ စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့် တရားစီရင်ရေးမှူးကကျိယွမ်အား ဖြတ်မေးလိုက်သည်။

“မင်း လျော်ကြေး ဘယ်လောက်လိုချင်လဲ

“

"သူက ငါ့ရဲ့အချစ်ရဆုံးသမီးပါ။ဖခင်တစ်ဦးအနေနဲ့ အဖိုးမဖြတ်နိုင်အောင် ချစ်ရတဲ့သမီးလေးအတွက် အနည်းဆုံး...ဝိညာဥ်ကျောက်တုံး တစ်ဘီလီယံ... မဟုတ်ဘူး၊ ဆယ်ထရီလီယံ လောက်မှ ငါ့ပူဆွေးမှုကို ဖြေသိမ့်နိုင်မှာ"

ရတနာသင်္ဘောပေါ်တွင် အားလုံးတိတ်ဆိတ်သွားသည်။

ခဏအကြာတွင် သုန်ချန်မြို့စား၏ မျက်နှာသည် ဒေါသဖြင့် နာကျင်သွားပြီး ထအော်၏။

“မြေဓား အမတ်ကြီး၊ မင်းက အလင်းနန်းတော်က အရှင်သခင်တွေကို လာပြီးလှောင်ပြောင်နေတာလား”

ဆယ်ထရီလီယံ ဝိညာဉ်ကျောက်တုံးတဲ့။

ဒီဘဝမပြောနဲ့ နောက်ဘဝဆယ်ထရီလီယံပြန်ဝင်စားတောင် မဖြစ်နိုင်ဘူး။

ချန်နိုင်ငံမှ အခြားသော စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများကလည်း စကားလုံးများဖြင့် ကျိယွမ်ကို စတင်တိုက်ခိုက်ကြတော့သည်။

“ရယ်စရာပဲ! ပထမတော့ အလင်းနန်းတော်က အရှင်သခင်တွေကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်တယ်၊ အခုတော့ အတင်းအကျပ် အမြတ်ထုတ်ဖို့ ကြိုးစားတယ်။ ဒီလိုလူယုတ်မာကို ကွပ်မျက်ရမယ်”

"ဟုတ်တယ် ၊နတ်ဆိုးလမ်းစဥ်တစ်ယောက်ကို တရားမျှတမှုရှိရှိ ဆောင်ရွက်ပေးနေလည်း အပိုပဲ"

သူတို့၏ စွပ်စွဲချက်များကို ရင်ဆိုင်ရသောအခါ ကျိယွမ်သည် အားနည်းပြီး အကူအညီမဲ့သလိုလိုပင် ခံစားရသည်။

သူသည် ဇာတ်လမ်းကို ဖန်တီးခဲ့သော်လည်း ဇာတ်သိမ်းက မှားသွားပုံရ၏။

သူသည် လစာမရသော အလုပ်သမားတစ်ဦးကဲ့သို့ ဒေါသထွက်သွားသည်။

“တရားမျှတတဲ့ လျှော်ကြေးမရဘူးဆိုရင်တော့ မင်းတို့ အားလုံးကို သတ်ပစ်မယ်”

ကျိယွမ်သည် ရတနာသင်္ဘောသို့ အရှိန်ဖြင့် ဦးတည်သွားတော့သည်။

ဝူကုန်းအရှင်က ဟာသတစ်ခုလို ရယ်လိုက်သည်။

“တိုင်းပြည်တစ်ရာက သာမန်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကများ.. မင်းရဲ့နတ်စွမ်းအင်က ဘယ်လောက် အစွမ်းထက်နိုင်မှာလဲ။ ငါ့ကို စိန်ခေါ်ရဲတယ်ပေါ့ ဟုတ်လား”

စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ၏ နတ်စွမ်းအင်များကို အဆင့်ကိုးမှ အဆင့်တစ်အထိ အဆင့်သတ်မှတ်ထား၏။အဆင့်ကိုးသည် အားအနည်းဆုံးဖြစ်ပြီး အဆင့်တစ်သည် အားအကောင်းဆုံး ဖြစ်သည်။

အဆင့်ခုနှစ်၊ အဆင့်ရှစ် ၊အဆင့်ကိုး များသည် အနိမ့်ဆုံးအဆင့်၊အဆင့် ခြောက် ၊အဆင့် ငါး ရ အဆင့် လေး များသည် အလတ်စား ဖြစ်ပြီး ။ အဆင့် သုံး ၊အဆင့် နှစ် ၊ အဆင့် တစ် များကတော့ အမြင့်ဆုံးဖြစ်ကြသည်။

အဆင့်တစ်အထက်တွင် ပိုမိုမြင့်မားသော အဆင့်များ ရှိသည်ဟုလည်း ဆိုကြသည်။

ဝူကုန်းအရှင်၏ နတ်စွမ်းအင်သည် အဆင့်မြင့်တန်းတွင်ပါဝင်လေသည်။တိုင်းပြည်တစ်ရာ၏ စိတ်ဝိညာဥ်အဆင့်အများစုကတော့ အနိမ့်စားစွမ်းအင်များသာရှိကြပြီး တစ်ချို့တလေကသာ အလတ်စားအဆင့်စွမ်းအင်ရှိသည်။

ထို့ကြောင့် အလင်းနန်းတော်မှ စိတ်ဝိညာဉ်အဆင့် တရားစီရင်ရေးမှူးများသည် မိမိတို့ကိုယ်ကို သာလွန်သည်ဟု ခံစားရသည်မှာ အမှားမဟုတ်ပါချေ။

လှေငယ်လေးပေါ်တွင် အဘွားအိုက ခေါင်းခါပြီး မှတ်ချက်ချလိုက်သည်။

“အလင်းနန်းတော်က စိတ်ဝိညာဉ်အဆင့် တရားစီရင်ရေးမှူးသုံယောက်စလုံးက အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တွေချည်းပဲ၊ သူတို့အပြင် စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဆယ့်နှစ်ဦးလည်း ထပ်ရှိသေးတယ်။ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ လုပ်ရပ်တွေက မိုက်မဲရာ ရောက်တယ်”

ကျန်းယာသည် တိတ်ဆိတ်နေပြီး သွေးဝတ်စုံဓားနတ်ဘုရားကို ကြည့်နေ၏။သူမ၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ ပြည့်နေကာ အကြောင်းရင်းမသိရသော်လည်း ထိုသူသည် အနည်းငယ်ထူးဆန်းနေသည်ဟု သူမ ခံစားရသည်။

ကျိယွမ်က သွေးနီရောင်ဓားအိမ်တစ်ခုကို ထုတ်ယူလိုက်ပြီး ကြမ်းတမ်းသောမျက်နှာထားဖြင့် အော်လိုက်သည်။

"မင်းတို့မှာပဲ နတ်စွမ်းအင် ရှိတယ်လို့ ထင်နေတာလား။ ငါ့မှာလည်း ရှိတယ်”

စကားသံနှင့်အတူ သူသည် ညကောင်းကင်မှ သွေးနီရောင် ကျီးကန်းတစ်ကောင်ကဲ့သို့ ရတနာသင်္ဘောဆီသို့ ဆက်တိုက်ပျံသန်းသွား၏။

ဝူကုန်းအရှင်က လှောင်ပြုံးဖြင့် တုန့်ပြန်သည်။

“ငါ သူ့ကို ကိုင်တွယ်လိုက်မယ်"

သူသည် ရတနာသင်္ဘောမှ ထွက်ခွာသွားပြီး သူ၏လက်ကို ကောင်းကင်သို့ မြှောက်ကာ အော်ဟစ်သည်။

“ကောင်းကင် မိုးကြိုး"

“တောက်ပသောအလင်းဓား"

“နတ်ဆိုးများကို ဖျက်ဆီး”

လပြည့်ညအလယ်၌ အဆုံးမရှိသောအလင်းရောင်သည် သူ၏ခန္ဓာကိုယ်ပေါ်တွင်တောက်ပလာသည်။ သူ၏ လက်ထဲတွင် အလင်းဓားတစ်ချောင်း ဖြစ်ပေါ်လာပြီးဖြောင့်မတ်သော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရှားနေသည်။

ကျိယွမ်သည် တောက်ပသောဓားကို မြင်ပြီး ခေါင်းခါသည် ။

“အလင်းဓားတွေကို ဒီလို မသုံးရဘူး။ မင်းအဝတ်အစားကိုလဲဖို့ လိုတယ်။ ပြောင်းလဲဖို့ သတိရပါ။ မဟုတ်ဘူး၊ မင်း အရင်ဆုံး မင်းရဲ့ဇာတ်ကောင်ကို ပြောင်းလဲဖို့ လိုတယ်။ ပြီးမှ အလင်းဓားနဲ့ ပြောင်းလဲရင် မှန်ကန်တဲ့ အရသာကို ရရှိမှာ”

၂၁ ရာစု ကမ္ဘာတွင် အလင်းဓားဖြင့် ပြောင်းလဲသည့် ဗီဒီယိုအတိုများ ခေတ်စားနေသည်။ သာမန်အဝတ်အစားများသည် မှိန်သောအခန်းအလင်းရောင်အောက်တွင် အလင်းဓားပေါ်လာခြင်းဖြင့် ဆွဲဆောင်မှုရှိသော အဝတ်အစားများအဖြစ် ပြောင်းလဲသွားသည်။ အချို့ ဗားရှင်းများသည် အနည်းငယ်အပြာရောင်ပိုဆန်သည်။

ဝူကုန်းအရှင်၏ နတ်စွမ်းအင်ကို အသုံးပြုပုံသည် ကျိယွမ်အတွက် ထိုအလင်းဓား ပြောင်းလဲခြင်း ဗီဒီယိုများထဲမှ တစ်ခုကဲ့သို့ ထင်ရသည်။

ဖြောင့်မတ်သော စွမ်းအားသည် ဝူကုန်းအရှင်ထံမှ ထွက်ပေါ်လာသည်။

သူ၏မျက်နှာသည် နတ်ဘုရားတစ်ပါးအလားတည်ငြိမ်နေသော်လည်း ဒေါသသော အသံဖြင့် ကျိယွမ်အား ခနဲ့သည်။

“ပထမအဆင့် နတ်စွမ်းအင်၊ မြင့်မြတ်သော အလင်းဓား၊ မင်း ဘယ်လို ကိုင်တွယ်မလဲ ကြည့်ကြသေးတာပေါ့”

"ဟုတ်လား"

ကျိယွမ်က သူ၏သွေးနီရောင်ဓားကိုအိမ်မှ ထုတ်လိုက်ရာ ကြောက်စရာကောင်းပြီး ထူးဆန်းသောစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဓားကိုဆွဲထုတ်ရုံမျှပင်ရှိသေးသော်လည်းသူ၏ ခြေထောက်အောက်ရှိ ရေများသည် သွေးနီရောင်သို့ ချက်ချင်းပြောင်းလဲသွားသည်။

သွေးနီရောင်သည် ပျံ့နှံ့သွားပြီး ကောင်းကင်ယံမှ မြင့်မြတ်သောအလင်းဓား၏ တောက်ပသောအလင်းကိုပင် သွေးရောင်စွန်းထင်းသွားစေ၏။

ဝူကုန်းအရှင်သည် သွေးများစိမ်ထားသော ငရဲခန်းထဲသို့ ကျရောက်သွားသလို ခံစားလိုက်သည်။

“ငါ မင်းကို ပြမယ်... ငါ့ရဲ့ နတ်စွမ်းအင်က ဘာလဲဆိုတာ”

စကားဆုံးသည်နှင် ကျိယွမ်သည် ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှု မူလစွမ်းအားကို ထုတ်လွှတ်လိုက်တော့

သည်။

သွေးများက သူ၏အောက်ခြေဧရိယာငယ်လေးတွင်သာ ကန့်သတ်မထားတော့ဘဲ လင်ဖုန်း ဆိပ်ကမ်းတစ်ခုလုံးကို ဝါးမြိုပြီး သွေးထောင်ချောက်အဖြစ် ပြောင်းလဲသွားစေသည်။

နတ်ဆိုးမုန်တိုင်ညည်းသံ...။

သွေးပင်လယ်အော်သံ...။

ကျိယွမ်၏စွမ်းအင်ကို ကြုံလိုက်ရသော စိတ်ဝိညာဥ်အဆင့်များအားလုံး ထိတ်လန့်သွားကြသည်။

ဝူကုန်းအရှင်မှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ရေရွတ်၏။

“မူ... မူလ နတ်စွမ်းအင်...”

သူ၏အူအသည်းများပြောင်းပြန်လန်မတတ် တုန်လှုပ်သွားပြီး နောက်ဆုတ်ရန် ကြိုးစားသော်လည်း သွေးထောင်ချောက်ထဲတွင် ပိတ်မိနေလေပြီ။

သွေးနီရောင်ဓားပေါ်တွင် ထုဆစ်ထားသော မူလစွမ်းအားကို ထိတွေ့လိုက်ရသည်နှင့် အသက်ရှုချိန်တစ်ခုအတွင်း ဝူကုန်းအရှင်သည် သွေးကန်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ကျိယွမ်သည် သွေးကန်ကို ကြည့်ပြီး ကြွားလိုက်သည်။

“ငါ့ရဲ့ နတ်စွမ်းအင်က မင်းထက်ပိုမိုက်တယ်မှတ်လား"

ကံမကောင်းစွာဖြင့် ဝူကုန်းသည် သေဆုံးသွားပြီဖြစ်သောကြောင့် အဖြေပေးနိုင်ခြင်း မရှိတော့ပါ။

ယခုအချိန်တွင် ရတနာသင်္ဘောပေါ်တွင်ရှိသော စိတ်ဝိညာဥ်အဆင့်များအားလုံး နေစရာမရှိအောင် ကြောက်ရွံ့နေကြလေပြီ။

သူတို့မှာ လှေပေါ်မှ ထွက်ပြေးချင်နေကြသော်လည်း မလုပ်ရဲကြပါ။

မူလ... နတ်စွမ်းအင်..။

သွေးဝတ်စုံဓားနတ်ဘုရားသည် မူလနတ်စွမ်းအင် ကို အသုံးပြုခဲ့သည်။

အများစုသည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများ တိုက်ခိုက်သည်ကိ မမြင်ဖူးကြသော်လည်း ကျိယွမ်၏ လှုပ်ရှားမှုသည် မူလ နတ်စွမ်းအင် ဖြစ်ကြောင်းကိုတော့ သိကြသည်။

မူလနတ်စွမ်းအင်များသည် ခရမ်းရောင်နန်းတော်အဆင့်များ၏ နယ်ပယ်ဖြစ်၏။

အနှစ်သာရကို နားလည်သဘောပေါက်ခြင်းသည် စိတ်ဝိညာဥ်အဆင့်များ မတတ်နိုင်သောအရာပင်။

သွေးဝတ်စုံဓားနတ်ဘုရားက... ခရမ်းနန်းတော်အဆင့်ကြီးပဲ။

တိုင်းပြည်တစ်ရာမှာ ခရမ်းရောင်နန်းတော်အဆင့် ရှိနေတယ်။

သုန်ချန်မြို့စားသည် နားမလည်ခြင်းများစွာဖြင့် တုန်လှုပ်နေခဲ့သည်။

မြေဓားအမတ်ကြီးသည် ရုတ်တရက် ခရမ်းနန်းတော်အဆင့် ဖြစ်သွား၏။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အလင်းနန်းတော်မှ ကျန်ရှိနေသောတရားစီရင်ရေးမှူးနှစ်ဦးမှာလည်း မျက်နှာဖြူဖျော့နေသော်လည်း စိတ်ငြိမ်အောင် ကြိုးစားလိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ အလင်းနန်းတော်တွင် ခရမ်းနန်းတော်အဆင့်ကျင့်ကြံသူ ဒါဇင်ချီ၍ ပိုင်ဆိုင်ထားသည် မဟူတ်ပါလား။

“ဝူကုန်းအရှင်ရဲ့ သာမန်နတ်စွမ်းအင်ကို အကြီးအကဲက မူလနတ်စွမ်းအင်နဲ့ တန်ပြန်တာ နည်းနည်းတော့ လွန်လွန်းပါတယ်”

ယခင်က မာနကြီးနေခဲ့သော တရားစီရင်ရေးမှူးက ယခုအခါ လေးစားစွာ ပြောနေ၏။

သူသည် ယခင်ကလောက် မာနမကြီးတော့သော်လည်း မာနအရိပ်အယောင် အနည်းငယ်တော့ ကျန်နေသေးသည်။

သူတို့သည် အလင်းနန်းတော်မှ ဖြစ်သလို သွေးဝတ်စုံဓားနတ်ဘုရားနှင့် တိုက်ရိုက် ရန်ငြိုးမရှိကြပါ။

တရားခံဖြစ်သော ဝူကုန်းကသာ သွေးဝတ်စုံဓားနတ်ဘုရားနှင့် ရန်ငြိုးရှိသူဖြစ်၏။

“မူလနတ်စွမ်းအင်ဆိုတာလည်း နတ်စွမ်းအင်ပဲလေ၊ဘယ်လိုလုပ်ပြီး နတ်စွမ်းအင် မဟုတ်ဘဲ နေမှာလဲ"

ကျိယွမ်က ထိုနှစ်ခုက အတူတူဖြစ်သကဲ့သို့ တည်တံ့စွာပြောလိုက်သည်။

ဝူထုံသေသွားပြီဆိုတော့ ဒီစကားကို ငါခိုးချတယ်လို့ စွပ်စွဲလို့မရတော့ဘူး။

"မင်းတို့က ခုထိ မဟုတ်မဟပ်တွေ ပြောနေကြတုန်းပဲကိုး.ဒါကတမင်ငါ့ကိုစော်ကားနေတာပဲ.."

ကျိယွမ်က မဆိုင်မှန်းသိသော်လည်း လျောမွေးငယ်သားမသာကို ဗာရာဏသီချဲ့လိုက်ပြီး ကိစ္စကကြီးကျယ်လွန်း၍ သည်းမခံနိုင်တော့ဟန်ဖြင့် ရတနာသင်္ဘောဆီသို့

ဦးတည်လိုက်သည်။

သင်္ဘောပေါ်မှ လူများအားလုံး မျက်ကလဲဆန်ပြာဖြစ်ကုန်၏။

သူတို့က ပထမဆုံးအကြိမ်အဖြစ် တရားစီရင်ရေးမှုးကို အပြစ်တင်သလိုကြည့်လိုက်၏။

ဝူကုန်းသေပြီကို အသာမထားဘဲ လွန်တာတွေ ၊ မလွန်တာတွေ လျာသွားရှည်သေးတယ်။

ဒီကောင့်ကြောင့် ငါတို့ပါသေတော့မှာလား။

ထိုအကြည့်များကြောင့် တရားစီရင်ရေးမှူးခမျာ မတရားခံရသကဲ့သို့ ခံစားလိုက်ရ၏။

ငါကဒါလေးပြောမိတာကို။သူက လျောမွေးငယ်သားမသာကို တမင်ဗာရာဏသီချဲ့နေတာလေ။

မင်းတို့ကန်းနေလား။

“အကြီးအကဲက ကျွန်တော်တို့ အကုန် လုံးကိုပါ သုတ်သင်ဖို့ဆုံးဖြတ်ထားတာလား။ အကြီးအကဲက ခရမ်းရောင်နန်းတော်အဆင့်ဖြစ်နေရင်တောင် အလင်းနန်းတော်မှာ အဆင့်တူ ကျင့်ကြံသူများစွာ ရှိပါတယ်။ ပြီးတော့ အကြီးအကဲက ဝူကုန်းကို သတ်လိုက်ပြီးဆိုတော့ လက်စားချေမှု ပြီးဆုံးပြီလို့ ပြောလို့ရပါတယ်။ အကြီးအကဲအနေနဲ့ ပြန်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်”

ယခုအခြေအနေတွင် သူတို့သည် တိုက်ခိုက်၍ မရနိုင်တော့ဘဲ ဆင်ခြင်တုံတရားဖြင့် ပြောဆိုရန်သာ လုပ်ဆောင်နိုင်တော့သည်။

“ဟွန်း”

ကျိယွမ်က နှာမှုတ်လိုက်သည်။

“မင်းတို့ အစောပိုင်းက ပြောခဲ့တာကတော့ ဒီလိုမဟုတ်ပါဘူး”

သူရောက်လာစဥ်က သင်္ဘောပေါ်မှ ကျင့်ကြံသူများသည် သူ့ကို စော်ကားခဲ့ကြ၏။အများစုသည် သူ့ကို သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်ခဲ့ကြပြီး သူ့ကို သုတ်သင်ပစ်ရန် စိတ်အားထက်သန်ခဲ့ကြသည်။

အခုမှ... ကျွန်တော်တို့က ကြောက်ပါပြီတဲ့လား။

“အကြီးအကဲ က ကျွန်တော်တို့အလင်းနန်းတော်နဲ့ ရန်သူ တကယ် ဖြစ်ချင်တာလား”

မတတ်သာသည့်အဆုံး စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့် တရားစီရင်ရေးမှူးက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ကသာ ငါနဲ့ရန်သူ ဖြစ်ချင်နေတာ"

"အဲဒီတော့..."

နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထမှုက ထပ်မံလွှမ်းမိုးသွားသည်။

ခမ်းနားသော ရတနာသင်္ဘောကြီးတစ်ခုလုံး သွေးနီရောင်သို့ ပြောင်းလဲသွားပြီး သင်္ဘောပေါ်ရှိ စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအားလုံး ရူးသွပ်သွားကြလေတော့သည်။

“မလုပ်ပါနဲ့”

“ငါ ငါ့အစ်ကိုကို မသတ်ခဲ့သင့်ဘူး၊ ငါ့မရီးကိုလည်း မပြစ်မှားသင့်ဘူး"

“ငါ တကယ် မရည်ရွယ်ပါဘူး။ သူက အရမ်းလှလွန်းလို့ပါ”

"ဆရာတူဦးလေး ဆေးလုံးတွေကို ကျွန်တော်ပြန်ပေးပါ့မယ်"

"စီနီရာအစ်မကြီးရဲ့ အတွင်းခံတွေပျောက်နေတာ ကျွန်တော်ပါဗျ"

နှလုံးနတ်ဆိုး ထုတ်လွှတ်လိုက်သောအခါ၊ ဇိမ်ခံရတနာသင်္ဘောသည် သွေးနီရောင် ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားခဲ့ သည်။

စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့က ရူးသွပ်စွာကခုန်နေကြသည်၊ သူတို့၏ မျက်လုံးများက ကစဥ့်ကလျားဖြစ်နေပြီး နှလုံးသားနတ်ဆိုးများ ဖျက်ဆီးခြင်းကို ခံရကာ တစ်ယောက်ပြီးတစ်ယောက် လဲကျကာ အသေဆိုးဖြင့် သေဆုံးသွားကြသည်။

သင်္ဘောပေါ်ရှိ အစေခံများနှင့် ကချေသည်များ၊ ဇိမ်မယ်များသည် တုန်ရီနေကြပြီးကြောက်မက်ဖွယ်အကောင်းဆုံး မြင်ကွင်းကြောင့် သည်းခြေပျက်မတတ် အကြောက်လွန်းသွားကြပြီး အချို့က သတိများလစ်ကုန်သည်။

“ပျင်းစရာကောင်းလိုက်တာ၊ သူတို့ထဲက တစ်ယောက်မှ တစ်ချက်တည်းကိုတောင် မခံနိုင်ဘူး”

ကျိယွမ်သည် သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။

အလင်းနန်းတော်မှ ကျင့်ကြံသူများသည် အလွန် အားနည်းလွန်းသည်။ သူ၏ အမြုတေစွမ်းအားကိုပင် စမ်းသပ်ပြီး မသုံးလိုက်ရပါ။

ကျိယွမ်သည် သူ၏ဓားကို သိမ်းပြီး ပတ်ဝန်းကျင်ကို စစ်ဆေးရင်းမှ မိုးခြိမ်းသကဲ့သို့ အော်ဟစ်သည်။

“အလင်းနန်းတော်က လိမ်လည်ပြီး တောင်းပန်ဖို့ ကမ်းလှမ်းခဲ့တယ်၊ ပြီးတော့ ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့တယ်။ ဒီရန်ငြိုးကို လက်စားချေရမယ်၊

ငါ၊ သွေးဝတ်စုံဓားနတ်ဘုရား၊ အလင်းနန်းတော်ကို တရားဝင် စစ်ကြေညာတယ်!

အလင်းနန်းတော် ပျက်စီးရမယ်၊ ဒါမှမဟုတ် ငါ သေဆုံးရမယ်"

ကျိယွမ်၏ မောက်မာသောအသံသည် မိုင်ပေါင်းများစွာ ပဲ့တင်ထပ်သွား၏။

ပဋိပက္ခကိုလာရောက်အကဲခတ်နေကြသောပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး တုန်လှုပ်ခြောက်ခြားသွားကြပြီး စိတ်လှုပ်ရှားသွားကြသည်။

"သွေးဝတ်စုံဓားနတ်ဘုရားက ခရမ်းရောင်နန်းတော်အဆင့်ဖြစ်နေတာပဲ"

နောက်ဆုံးတော့ တိုင်းပြည်တစ်ရာမှာ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက် ပေါ်လာပြီ။

အားလုံးက ကျိယွမ်ကို ကြောက်ရွံ့နှင့်အတူ လေးစားအားကျနေကြကုန်၏။

ကျိယွမ်ကတော့ ထုံးစံအတိုင်း အလောင်းများထံမှ ဓားပြတိုက်နေလေပြီ။

သူ၏လက်ကို ဝှေ့ယမ်းကာ သိုလှောင်အိတ်များအားလုံးကို သိမ်းယူလိုက်၏။

ဤမျှော်လင့်ခြင်းလမင်းများသည် သူ့ကို လက်ဆောင်ပေးရန် ဤနေရာသို့ တကူးတက လာခဲ့ကြသဖြင့် သူတို့၏ လက်ဆောင်များကို ခံယူသင့်သည်။

သူက လူမူရေးနားမလည်သော်လည်း စေတနာကိုတော့ မစော်ကားတတ်ပါ။

သိုလှောင်အိတ်များကို ယူပြီးနောက် ကျိယွမ်သည် လှေပေါ်မှခုန်ချလိုက်၏။

ထို့နောက် ထွက်ခွာရန်ပြင်လိုက်စဥ်မှာပင် နုညံ့သော အသံတစ်ခုထွက်ပေါ်လာသည်။

“အကြီးအကဲ ၊ ခဏလေး စောင့်ပါဦး”

-----------------

All Chapters