← Chapters

ခုံးရှီထံမှ သတိပေးချက်(၃)

Vol. 7 Ch. 99

ခုံးရှီထံမှ သတိပေးချက်(၃)

Vol. 7 Ch. 99

"သေချာတာပေါ့..."

ကျန်းရွှမ်၏အတွေးများကို သတိမပြုမိဘဲ ယုလုံချင်းက သူ ထိတ်လန့်တုန်လှုပ်နေခြင်းကြောင့်ဖြစ်မည်ဟု ယူဆကာ အမှုမဲ့အမှတ်မဲ့ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒီကံကြမ္မာနှစ်ခြင်းကို ခံယူဖို့အတွက် ဘာလိုအပ်ချက်တွေ ရှိလဲ"

ကျန်းရွှမ်က မေးမြန်းသည်။

ယုလုံချင်းက တုံ့ပြန်အဖြေပေးသည်။

"လိုအပ်ချက်နှစ်ခု ရှိတယ်...ပထမအချက်က မင်းရဲ့ကျင့်ကြံဆင့်က ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ဖြစ်တဲ့ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကို ရောက်နေရမယ်....အဲ့ဒီလိုမှမဟုတ်ရင် မင်းက စွမ်းအားဒီရေလှိုင်းရဲ့ဖိအားအရှိန်အဝါ ဒါမှမဟုတ် မင်းရဲ့စိတ်ဝိညာဉ်အပေါ် ကံကြမ္မာရဲ့သက်ရောက်မှုကို တောင့်ခံနိုင်မှာမဟုတ်ဘူး"

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်၏။

ယုလုံချင်း ပြောသွားသကဲ့သို့ပင် ကံကြမ္မာလမ်းကြောင်းများစွာ ရှိသဖြင့် တစ်စုံတစ်ယောက်ထံတွင် ခိုင်မာသောစိတ်ဆန္ဒမရှိပါက အမျိုးမျိုးသောသွေးဆောင်မှုများကြောင့် လမ်းလွဲသွားနိုင်ကာ အဆုံးသတ်၌ အချည်းနှီး ဖြစ်သွားပေမည်။

"ဒုတိယအချက်အနေနဲ့ မင်းက စာရင်းပေးသွင်းခ ရင်းမြစ်ဒင်္ဂါး သန်းသုံးဆယ်ပေးရမယ်...မင်း အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် ဒီငွေကို ပြန်အမ်းမှာ မဟုတ်ဘူး"

ကျန်းရွှမ်၏မျက်လုံးအတွင်းမှ သံသယများကို မြင်တွေ့သဖြင့် ယုလုံချင်းက ရှင်းပြသည်။

"ကံကြမ္မာနှစ်ခြင်း တစ်ကြိမ်ပြုလုပ်တဲ့ အချိန်တိုင်းမှာ ကံကြမ္မာဒီရေလှိုင်းကို ဆင့်ခေါ်ဖို့အတွက် ကံကြမ္မာဆရာသခင်တွေ အများကြီးစုပေါင်းပြီးတော့ အင်အားစိုက်ထုတ်မှုတွေလုပ်ဖို့ လိုအပ်တယ်....ဒါကြောင့် စာရင်းပေးသွင်းခ ပေးရတာပဲ...တကယ်တော့ အဲ့ဒီငွေက သူတို့ရဲ့ဝန်ဆောင်မှုအတွက် အခကြေးငွေပဲ"

ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားသဖြင့် ခေါင်းညိတ်ပြလိုက်၏။

ဤသည်မှာ ပါမောက္ခကုန်းမြေတွင် ဆေးဝါးစမ်းသပ်မှုကို အကဲဖြတ်ရန်အတွက် ဆေးပညာရှင်များကို ဖိတ်ခေါ်ပါက ပေးရသည့် အခကြေးငွေနှင့် အနည်းငယ်တူညီသည်။ မည်သို့ပင်ဆိုစေကာမူ မည်သူတစ်ဦးတစ်ယောက်မဆို အလုပ်ကိစ္စတစ်ခုအတွက် အခမဲ့ကူညီပေးမည် မဟုတ်ချေ။

ပါမောက္ခကုန်းမြေတွင်လည်း စစ်ဆေးစမ်းသပ်မှုများအတွက် အခကြေးငွေများ ပေးသွင်းရသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အောင်မြင်သွားပါက ပါမောက္ခခန်းမမှ ကုန်ကျစရိတ် ကျခံပေးပေမည်။ အကယ်၍ ထိုလူသည် မအောင်မြင့်ပါက ထိုကုန်ကျစရိတ်များကို သူကိုယ်တိုင် ပေးချေရပေမည်။ ဤကဲ့သို့စည်းမျဉ်းများ မရှိပါက မည်သူမဆို သူတို့၏အရည်အချင်းများကို စမ်းသပ်လိုမည် ဖြစ်သဖြင့် ပါမောက္ခခန်းမသည် ဤကိစ္စကိုလုပ်ဆောင်နိုင်မည် မဟုတ်ချေ။

'ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ကို ရောက်ဖို့က လွယ်တယ်...ဒါပေမယ့် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်အတွက်က နည်းနည်းတော့ ခက်ခဲလိမ့်မယ်"

လိုအပ်ချက်များကိုကြားပြီးနောက် ကျန်းရွှမ်သည် စတင်၍ တွက်ချက်လိုက်၏။

သူ့ထံတွင် လုံလောက်သော ကောင်းကင်ကံကြမ္မာစွမ်းအားများ ရှိနေသရွေ့ ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်သို့ သူ တစ်လအတွင်း ရောက်ရှိသွားနိုင်သည်။ သို့ရာတွင် ဤမျှထိ များပြားသောငွေများကို ရှာဖွေရန်မှာမူ ကွဲပြားခြားနားသော ကိစ္စတခု ဖြစ်သွားလေပြီ။

ဤသည်မှာ ငွေရှာနိုင်သော အရည်အချင်းမရှိသောကြောင့် မဟုတ်ဘဲ အဖြူရောင်ကျောက်တုံးမြို့၏ ချမ်းသာကြွယ်ဝမှုသည် အကန့်အသတ်ရှိနေသောကြောင့်ပင်။ မြို့၏ထိပ်သီးမိသားစုကြီးသုံးစုမှ အရင်းအမြစ်များအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် ဤကဲ့သို့ငွေကြေးပမာဏကို တပြိုင်နက်တည်း ရရှိနိုင်မည် မဟုတ်ချေ။

တခြားစကားပြောင်းဆိုရလျှင် ဤမျှထိများပြားသော ငွေပမာဏကို ရရှိရန်အတွက်ကျန်းရွှမ်သည် ထိပ်သီးမိသားစုကြီးသုံးစုထံမှ ရရှိနိုင်သော ငွေများအားလုံးကို အရည်ညှစ်ယူ၍ စုဆောင်းရပေမည်။

ဤတာဝန်၏ခက်ခဲမှုသည် အလွန်သိသာထင်ရှားပေ၏။

အမှန်အားဖြင့် ဤသည်မှာ သူ အလျင်စလိုပြုလုပ်ရန် လိုအပ်သော ကိစ္စတစ်ရပ် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ အဖြူရောင်ကျောက်တုံးမြို့သည် မြို့ငယ်လေးတစ်မြို့ပင်။ အကယ်၍ သူသည် တိုင်းပြည်တစ်ပြည်၏မြို့တော်သို့ ရောက်ရှိသွားပါက ကိစ္စများပို၍လွယ်ကူသွားပေမည်။

ကံကြမ္မာနှစ်ခြင်းကို ချက်ချင်းရရှိနိုင်ရန် နည်းလမ်းမရှိကြောင်း သိရှိသွားသဖြင့် ကျန်းရွှမ်သည် ထိုကိစ္စနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။

"ဒါဆိုရင် ဒီနေရာမှာ ကံကြမ္မာခန်းမ မရှိမှတော့ ငါက ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို ဘယ်နေရာမှာ သွားရှာရမှာလဲ"

"ပထမဆုံးအနေနဲ့ မင်းက အထူးသီးသန့် ဝင်္ကပါတချို့ကို အသုံးပြုပြီးတော့ ရတနာတွေကို ပြိုကွဲအောင်လုပ်ပြီးကောင်းကင်ကံကြမ္မာစွမ်းအားကို ထုတ်လုပ်နိုင်တယ်... ဒါက စာကြည့်တိုက်ထဲမှာ ငါက ရှောင်ယွီနဲ့မိုယန်ရွှယ်တို့အတွက် လုပ်ပေးခဲ့တဲ့ နည်းလမ်းပဲ"

ယုလုံချင်းက ရှင်းပြသည်။

သူသည် ထိုစကားကိုပြောဆိုရင်း သိချင်စိတ်ပြင်းပြစွာဖြင့် ကျန်းရွှမ်ကို စောင်းငဲ့၍ ကြည့်လိုက်သည်။ စိတ်ဝိညာဥ်ရင်းမြစ်ဝါးသည် သူ၏စုပ်ယူမှုကြောင့် လုံလုံလျားလျား ကုန်ဆုံးသွားခဲ့သည်ကို သူ သတိပြုနိုင်ရန် ယုလုံချင်းက မျှော်လင့်နေပေ၏။ သို့ရာတွင် ကျန်းရွှမ်၏မျက်နှာအမူအယာသည် အပြောင်းအလဲမရှိ တည်ငြိမ်နေဆဲဖြစ်ပြီး ယုလုံချင်း ပြောဆိုသည့်အကြောင်းနှင့် ပတ်သက်ပြီး မည်သည့်အတွေးမျိုးမျှ ရှိပုံမရချေ။

'ငါ မှားများမှားသွားတာလား'

ယုလုံချင်း၏စိတ်အတွင်း၌ သံသယအရိပ်အရောင်တစ်ရပ် ဖြတ်ပြေးသွားသည်။ သို့ရာတွင် အချိန်များစွာ ကြာမြင့်သွားပြီဖြစ်သောကြောင့် သူ တိုက်ရိုက်မေးမြန်းလျှင်သင့်တော်မည် မဟုတ်သဖြင့် ဆက်လက်၍ ပြောဆိုလိုက်သည်။

"ဒုတိယအချက်အနေနဲ့ မင်းကအဖြူရောင်ကျောက်သုံးကျောင်းတော်မှာ နှစ်စဥ်နှစ်တိုင်းအသုံးပြုခဲ့တဲ့ ကံကြမ္မာချပ်ပြားတွေကို ရှာဖွေနိုင်တယ်....အဲ့ဒီကံကြမ္မာချပ်ပြားတွေကို ကံကြမ္မာခန်းမက ဖန်တီးထားပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းတွေ ပမာဏအများကြီး ပါဝင်တယ်.... နှစ်စဉ်အကဲဖြတ်စစ်ဆေးမှုအတွင်းမှာ အဲ့ဒီအထဲမှာပါတဲ့ စွမ်းအားတွေအားလုံး ကုန်မသွားခဲ့ဘူး...ဒါကြောင့် အဲ့ဒီ စွန့်ပစ်လိုက်တဲ့ ကံကြမ္မာချပ်ပြားတွေမှာ ကောင်းကင်ကံကြမ္မာစွမ်းအားအကြွင်းအကျန်တွေ ရှိနေတုန်းပဲ"

ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။

"ငါက ကံကြမ္မာချပ်ပြားတွေကို ဘယ်နေရာမှာ သွားရှာရမှာလဲ....ငါက ကျောင်းအုပ်ကြီးလုကို မေးသင့်လား"

နှစ်စဉ်နှစ်တိုင်း ကျောင်းတော်၌ စစ်ဆေးခံသော ကျောင်းသားအရေအတွက် ကွဲပြားခြားနားသဖြင့် သူတို့စုပ်ယူသော စွမ်းအားပမာဏသည်လည်း မတူညီချေ။ ကံကြမ္မာချပ်ပြားများအတွင်းမှ စွမ်းအားများအားလုံးကို အကုန်အစင် အသုံးပြုလိုက်ရန်မှာလည်း မဖြစ်နိုင်ပေ။ ထိစွန့်ပစ်လိုက်သော ကောင်းကင်ကံကြမ္မာချပ်ပြားများ အတွင်းတွင် အကြွင်းအကျန်အဖြစ် စွမ်းအားပမာဏအမြောက်အများ ရှိနေနိုင်သည်။ အကယ်၍ သူသည် ထိုအရာများကိုရှာဖွေနိုင်ပါက စွမ်းအားပမာဏ အမြောက်အများကို ရိတ်သိမ်းနိုင်ပေမည်။

"အဲ့ဒီကိစ္စက သူ့ကိုမေးဖို့ မလိုဘူး"

ယုလုံချင်းက တုံ့ပြန်အဖြေပေးသည်။

"နှစ်စဉ်နှစ်တိုင်းမှာ အကြွင်းအကျန် ကံကြမ္မာချပ်ပြားတွေကို ကျောင်းတော်မှာ စာရင်းသွင်းဖို့အခွင့်အရေးမရခဲ့တဲ့ ကျင့်ကြံသူတွေအတွက် ရည်ရွယ်ပြီးတော့ ကုန်သွယ်ရေးအိမ်တော်တွေကို လွှဲပြောင်းပေးရတယ်....ဒါက ကံကြမ္မာခန်းမရဲ့တောင်းဆိုချက်ဖြစ်ပြီးတော့ ကျောင်းအုပ်ကြီးလုတောင် ဘာမှ မလုပ်နိုင်ဘူး"

တချို့လူများသည် ကောင်းမွန်သော မိသားစုအခြေအနေများကြောင့် ငယ်ရွယ်စဉ်တွင် ကျင့်ကြံခြင်းကို စတင်ခဲ့ကာ သူတို့၏ရင်းမြစ်ရေအိုင်ကို စောစီးစွာရှာဖွေတွေ့ရှိခဲ့ပြီး အသက်သွင်းနိုင်ရန် အခွင့်အရေးတစ်ခုကို ရရှိခဲ့သည်။ ဤကဲ့သို့ လူငယ်များသည် ကျောင်းတော်သို့တက်ရောက်ပြီးနောက် ရင်းမြစ်စစ်သည်တော်များ ဖြစ်လာပေ၏။

သို့ရာတွေ ကျင့်ကြံရန် အကောင်းဆုံးအသက်အရွယ်ကို လွဲချော်သွားသော တခြားလူများသည် အသက်နှစ်ဆယ်ကျော် အရွယ်မှသာ သူတို့၏ရင်းမြစ်ရေအိုင်ကို ရှာဖွေတွေ့ရှိခဲ့ပါက ကျောင်းတော်သို့ဝင်ရောက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သူတို့ ရင်းမြစ်စစ်သည်တော်များ ဖြစ်လာရန်အတွက် နည်းလမ်းတစ်ခုကို ချန်ထားပေးရသည်။

ဤလူများ ကျင့်ကြံနိုင်ရန်အတွက် အခွင့်အရေးတစ်ခုပေးသည့်အနေဖြင့်ကံကြမ္မာခန်းမသည် ကျောင်းတော်၌ အသုံးပြုပြီးသွားသော ကံကြမ္မာချပ်ပြားများကို ကုန်သွယ်ရေးအိမ်တော်များသို့ ပို့ဆောင်စေခဲ့သည်။ ဤသည်မှာ သာမန်လူများအား ကျင့်ကြံနိုင်သည့် အခွင့်အရေးတစ်ခုကို ရရှိစေခြင်းပင်။

"ဒါ့ပြင် တတိယနည်းလမ်းလည်း ရှိသေးတယ်"

ယုလုံချင်းက ဆက်လက်၍ ပြောဆိုသည်။

"ဒါက အစွမ်းထက်တဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်ကို ရှာဖွေဖို့ပဲ... အဲ့ဒီလို လူတစ်ယောက်က ကံကြမ္မာမြစ်နဲ့ ဆက်သွယ်ပြီးတော့ ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို အသက်သွင်းပြီး ဆင့်ခေါ်နိုင်တယ်...ဒါပေမဲ့ ဒါက အရမ်းခက်ခဲတဲ့ နည်းလမ်းပဲ....မင်းက သူတို့နဲ့နီးစပ်တဲ့ဆက်ဆံရေး မရှိဘူးဆိုရင် ဘယ်လိုလုပ်ပြီး သူတို့က မင်းကို ကူညီပေးမှာလဲ"

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

ပါမောက္ခကုန်းမြေတွင်လည်း ထပ်တူထပ်မျှပင်။ အကယ်၍ တစ်စုံတစ်ယောက်ထံတွင် ခွန်အားမရှိဘဲ လမ်းညွှန်မှုပေးမည့် ပါမောက္ခတစ်ယောက်ကို လိုချင်ပါက အိပ်မက်မက်နေခြင်းထက် ပိုမည်မဟုတ်ချေ။

သို့ရာတွင် ယုလုံချင်း၏စကားများကို နားထောင်ပြီးနောက် ကျန်းရွှမ်သည် သူကိုယ်တိုင် ကံကြမ္မာဆရာသခင်တစ်ယောက်ဖြစ်လာပါက ကောင်းကင်ကံကြမ္မာစွမ်းအားများကို ဆန္ဒရှိသကဲ့သို့ ဆွဲယူနိုင်ကာ ကုန်ဆုံးသွားမည်ကို စိုးရိမ်ပူပန်ရန် လိုအပ်တော့မည်မဟုတ်ဟု တွေးတောမိသည်။

ကြည့်ရသည်မှာ သူသည် နောင်အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်တစ်ခုထားရန် လိုအပ်သည့်ပုံပင်။

ထိုအတွေးများကို ရှင်းထုတ်ပြီးနောက် ကျန်းရွှမ်က ထပ်မံ၍ မေးမြန်းလိုက်သည်။

"ရင်းမြစ်ရေအိုင် စစ်ဆေးအကဲဖြတ်ခံဖို့အတွက် ကုန်သွယ်ရေးအိမ်တော်တွေကို သွားဖို့ ဘာလိုအပ်ချက်တွေ ရှိလဲ"

ယုလုံချင်းက တုံ့ပြန်အဖြေပေးသည်။

"မင်းက အခကြေးငွေပေးဖို့ပဲ လိုအပ်တယ်...ဒါက အနည်းဆုံး ရင်းမြစ်ဒင်္ဂါးနှစ်ရာလောက် ကျသင့်လိမ့်မယ်"

ကျန်းရွှမ်က စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်သည်။

"ဒါဆိုရင်တော့ အရမ်းမဆိုးသေးဘူး"

တခြားလူများအတွက် ရင်းမြစ်ဒင်္ဂါးနှစ်ရာသည် အများဆုံးအနေဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်တန်းနှစ်တန်းကိုသာ စုပ်ယူနိုင်ပေလိမ့်မည်။ သို့ရာတွင် သူသည် ရင်းမြစ်စွမ်းအင်တန်း ရာထောင်ချီ၍ စုပ်ယူနိုင်မည်ဖြစ်သောကြောင့် သူ ပေးရသည့်ငွေနှင့် တန်မည်မှာ သေချာပေါက်ပင်။

ထိုအတွေးနှင့်အတူ သူတို့နှစ်ယောက်သည် သူတို့၏မြင်းများကို အလျင်အမြန်စီးနင်းကာ အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်သို့ အလျင်အမြန် ဦးတည်သွားလိုက်ကြ၏။

...

ကျောင်းတော်မှ ကျန်းရွှမ် ထွက်ခွာသွားချိန်တွင် ယုလုံချင်းသည် လျှူမင်ယွဲ့အား ဖူးယောင်စွမ်းအင်စုစည်းခြင်းနည်းစနစ်ကို သင်ကြား၍ ပြီးစီးသွားသည်။ သူသည် လမ်းတစ်ဝက်တွင် အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်သို့သွားမည့် ကျောင်းအုပ်ကြီးလုမင်ရုန်နှင့် တွေ့သွားသဖြင့် ဟန့်တားလိုက်၏။

"ကျောင်းအုပ်ကြီးလု....ဒီနှစ်အတွက် အသုံးပြုထားတဲ့ ကောင်းကင်ကံကြမ္မာချပ်ပြားတွေကို ငါတို့ကုန်သွယ်ရေးအိမ်တော်ဆီ လွှဲပြောင်းပေးဖို့ အချိန်ကျပြီ မဟုတ်လား"

"အမှန်ပဲ...."

လုမင်ရုန်သည် ခေါင်းညိတ်ပြပြီးနောက် ရှေ့သို့ခြေလှမ်းလှမ်းနေသော ဝူယွင်ကျိုးကို အချက်ပြလိုက်ပြီး ကောင်းကင်ကံကြမ္မာချပ်ပြားတစ်ပြားကို လက်ကမ်းပေးလိုက်သည်။

လျှူထျန်ကျန်းသည် ထိုအရာကို သာမန်ကာလျှံကာ ယူပြီးနောက် နေရာမှာပင် ကြက်သေသေသွားလေ၏။

သူ၏လက်အတွင်းရှိ အရာသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးနေပြီး အမှိုက်တစ်စထက် မပိုတော့ချေ။

"ဒါက ဘာလဲ..."

လျှူထျန်ကျန်း၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။

All Chapters