← Chapters

အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်(၁)

Vol. 7 Ch. 100

အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်(၁)

Vol. 7 Ch. 100

ဤနှစ်အတွက် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုပြုလုပ်ရန် ကံကြမ္မာချပ်ပြားသုံးခုကို အဖြူရောင်ကျောက်တုံးကျောင်းတော်မှ ရရှိခဲ့သည်။ ကံကြမ္မခန်းမမှ ကံကြမ္မာချပ်ပြားများကို အရည်အချင်းပြည့်မီသော ကျောင်းတော်များကသာ ရရှိနိုင်သည်။ သေးငယ်သောကုန်သွယ်ရေးအိမ်တော်များသည် အသုံးပြုပြီးသား ကံကြမ္မာချပ်ပြားများကိုသာ ရရှိနိုင်သည့်တိုင် ယှဉ်ပြိုင်မှုသည်အလွန်ပြင်းထန်ပေ၏။

လျှူမိသားစုသည် ဤပစ္စည်းများ ရရှိနိုင်သော အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန် တစ်နှစ်လျှင် ရင်းမြစ်ဒင်္ဂါး သောင်းနှင့်ချီ၍ ပေးခဲ့ရသည်။ သို့ရာတွင် ယခုအချိန်၌ သူတို့ ပြန်ရသည်မှာ ဤကျိူးကြေနေသော အပိုင်းအစတစ်ခုသာ ဖြစ်နေသလော။

"ဒီနှစ်ရဲ့ အကဲဖြတ်စစ်ဆေးမှုက နှစ်ရက်တောင် ကြာသွားခဲ့တယ်....ဒီကွဲကြေနေတဲ့ ကံကြမ္မာချပ်ပြား တစ်ခုတည်းရှိတာတော့ မဟုတ်လောက်ပါဘူး"

လျှူထျန်ကျန်း၏ဒေါသများ အနည်းငယ်လျော့ပါးသွားပြီးနောက် မေးမြန်းလိုက်၏။

"အမှန်ပဲ....ဒါက တစ်ခုတည်း မဟုတ်ဘူး""

ကျောင်းအုပ်ကြီးလုမင်ရုန်က ခေါင်းညိတ်ပြပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်သောအမူအယာတစ်ရပ် ထင်ဟပ်နေသည်။

"စုစုပေါင်း သုံးပြားရှိတယ်...""

"အဲဒီလိုမှပေါ့...."

လျှူထျန်ကျန်း၏ တင်းမာနေသောမျက်နှာ ပြေလျော့သွားပြီး အပြုံးတစ်ခု ထင်ဟပ်လာသည်။ သို့ရာတွင် သူသည် တခြားကံကြမ္မာချပ်ပြားနှစ်ခုကို မြင်တွေ့ပြီးနောက် သူ၏အပြုံး အလျင်အမြန်တောင့်တင်းသွားသည်။ သူ၏မျက်ခွံများ အထိန်းအကွပ်မဲ့စွာ လှုပ်ခတ်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကျောင်းအုပ်ကြီးလု...မင်း ငါ့ကို နောက်နေတာလား"

အစောပိုင်းက ဝူယွင်ကျိုးသည် အသုံးပြုပြီးသော ကံကြမ္မာချပ်ပြားနှစ်ပြားကို သူ့အား ထပ်မံ၍ ပေးခဲ့သည်။ သို့ရာတွင် ပထမဆုံးတစ်ခုနှင့်တူညီစွာ ထိုအရာနှစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးနေပြီး ကောင်းကင်ကံကြမ္မာစွမ်းအားများ တစိုးတစိမျှ မကျန်ရှိတော့ချေ။

သူတို့ ပူးပေါင်းဆောင်ရွက်ခဲ့သော နှစ်များတစ်လျှောက်တွင် လျှူထျန်ကျန်းသည် ကံကြမ္မာချပ်ပြားများ ဤကဲ့သို့ ပျက်စီးနေသည်ကို မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

တစ်စုံတစ်ယောက်သည် ဤကံကြမ္မာချပ်ပြားများကို ဝါးစားလိုက်သလော....

"မိသားစုခေါင်းဆောင်လျှူ...မင်း အတွေးလွန်နေပြီ....ငါတို့က ဘာလို့ မင်းကို စနောက်ရမှာလဲ...ဒီနှစ်ရဲ့ကျောင်းသားအရေအတွက်က များပြားပြီးတော့ သူတို့ထဲမှာ ပါရမီရှင်တွေအများကြီးပါတယ်....ဒါကြောင့် ကောင်းကင်ကံကြမ္မာ စွမ်းအားတွေ နည်းနည်းလေး ပိုကုန်သွားတာက သာမန်ပါပဲ....ဘာမှမထူးဆန်းဘူး...ကံဆိုးချင်တော့ ဒီကံကြမ္မာချပ်ပြားတွေထဲက စွမ်းအားတွေ လုံးဝကုန်ဆုံးသွားခဲ့တယ်"

လုမင်ရုန်က ရှင်းပြပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒါက မဖြစ်နိုင်ဘူး...ငါက အသေးစိတ်စုံစမ်းပြီးပြီ.....ဒီနှစ်မှာ အကဲဖြတ်စစ်ဆေးခံဖို့အတွက် အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ကျောင်းသား၉၄၆၅ယောက် ရောက်လာတယ်.... အဲ့ဒီထဲမှာ၂၅၉၃ယောက်က စွမ်းအင်တန်းတစ်တန်းကိုတောင် မစုပ်ယူနိုင်ဘဲ ကျရှုံးသွားခဲ့တယ်... အောင်မြင်ခဲ့တဲ့ ကျောင်းသား၆၈၇၂ယောက်ထဲမှာ ၉၀ရာခိုင်နှုန်းကျော်က စွမ်းအင်တန်းတစ်တန်းကိုပဲ စုပ်ယူနိုင်တယ်...စုစုပေါင်း ရေတွက်ကြည့်ရင် သူတို့ရဲ့စုပ်ယူမှုက စွမ်းအင်တန်းကိုးထောင်ကျော် ဘယ်လိုမှ ကုန်မသွားနိုင်ဘူး...ဒါဆိုရင် ကံကြမ္မာချပ်ပြားတစ်ပြားနဲ့ လုံလောက်သင့်တယ်....ဘယ်လိုလုပ်ပြီးတော့ ကံကြမ္မာချပ်ပြားသုံးပြားလုံးမှာရှိတဲ့ စွမ်းအားတွေ ကုန်ဆုံးသွားတာလဲ"

လျှူထျန်ကျန်းက ဝေဖန်သုံးသပ်လိုက်သည်။

လုမင်ရုန်သည် တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်၏။

"ဒါပေမဲ့ ဒါက လက်တွေ့ဖြစ်ရပ်မှန်ပဲ"

လျှူထျန်ကျန်း၏တွက်ချက်မှုများသည် တိကျပြီး တခြားကျောင်းသားများ စုပ်ယူခြင်းဖြင့် ကံကြမ္မာချပ်ပြားတပြားမှ စွမ်းအားများကိုပင်ကုန်ခမ်းသွားစေမည် မဟုတ်ချေ။ သို့ရာတွင် လူတစ်ယောက်တည်း၏ စုပ်ယူမှုကြောင့် ကံကြမ္မာချပ်ပြားသုံးပြားလုံး ကုန်ဆုံးသွားသောကိစ္စသည် ကျောင်းအုပ်ကြီးလု ထုတ်ဖော်ပြောဆိုနိုင်သော ကိစ္စတစ်ရပ် မဟုတ်ချေ။

"လျှူမိသားစုခေါင်းဆောင်...ကျောင်းအုပ်ကြီးက အမှန်အတိုင်း ပြောနေတာပါ...တကယ်လို့ မင်း ငါတို့ကို မယုံဘူးဆိုရင် တခြားအကြီးအကဲတွေကို မေးကြည့်လို့ရတယ်..ငါတို့က မင်းကိုလိမ်လည်စရာ အကြောင်းမရှိဘူး... ဒါ့ပြင် ပျက်စီးသွားတဲ့ ကံကြမ္မာချပ်ပြားတွေကို မင်းကိုယ်တိုင် မြင်နေရတာပဲ...ဒါက အတုလားအစစ်လားဆိုတာ တစ်ချက်ကြည့်ရုံနဲ့ မင်း သိနိုင်ပါတယ်"

ဝူယွင်ကျိုးက ဝင်ရောက်ပြောဆိုသည်။

သူ၏လက်အတွင်းရှိ ပျက်စီးနေသော ကံကြမ္မာချပ်ပြားများကို ဂရုတစိုက်စစ်ဆေးပြီးနောက် လျူထျန်ကျန်းက ထပ်မံ၍ငြင်းခုံနေရန် အကြောင်းအရင်းမရှိတော့ကြောင်း နားလည်သွားသည်။ ထိုကြောင့် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောဆိုလိုက်၏။

"ကျောင်းအုပ်ကြီးလု....အဖြူရောင်ကျောက်တုံးကျောင်းတော်က နှစ်စဉ်နှစ်တိုင်း ကံကြမ္မာခန်းမကနေ အနည်းဆုံး ကံကြမ္မာချပ်ပြားနှစ်ပြားရတယ်ဆိုတာ ငါ သိထားတယ်....သာမန်အခြေအနေအောက်မှာဆိုရင် ကံကြမ္မာချပ်ပြားတစ်ပြားပဲ ကုန်ဆုံးတာကြောင့် ကျောင်းတော်မှာ ကံကြမ္မာချပ်ပြားတချို့ ကျန်နေနိုင်တယ်...မင်း ငါ့ကို တစ်ပြားလောက် ရောင်းပေးနိုင်မလား.. မဟုတ်လို့ကတော့ ဒီပျက်စီးနေတဲ့ ကံကြမ္မာချပ်ပြားတွေနဲ့ဆိုရင် ဒီနှစ်အတွက် ကုန်သွယ်ရေးအိမ်တော်က ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုတွေ မလုပ်ပေးနိုင်မှာကို ငါ စိုးရိမ်မိတယ်"

သူသည် အကဲဖြတ်စစ်ဆေးမှုအတွက် နေရာများကို ကြိုတင်ရောင်းချပြီး ဖြစ်သောကြောင့် အကယ်၍ ကံကြမ္မာချပ်ပြားမရှိပါက ကုန်သွယ်ရေးအိမ်တော်ကို ချက်ချင်းပိတ်လိုက်ရပေမည်။

ကျောင်းတော်သည် နှစ်စဉ်နှစ်တိုင်း ကံကြမ္မာချပ်ပြားနှစ်ပြားရရှိသည်မှာ အမှန်ဖြစ်သော်လည်း ကံကြမ္မာခန်းမသည် အမြဲတစေ အမြောက်အများပေးသည် မဟုတ်ချေ။ ထို့ပြင်ကျောင်းတော်၏ နှစ်စဉ်အသုံးပြုမှုလည်း ရှိနေသည့် အချက်ကို ထည့်သွင်းစဥ်းစားရပေမည်။

သို့ရာတွင် ကျောင်းအုပ်ကြီးလုသည် ငြင်းဆန်ခြင်းမရှိဘဲ ပြောဆိုလိုက်၏။

"ကျောင်းတော်မှာ ကံကြမ္မာချပ်ပြားတချို့တော့ ကျန်နေသေးတယ်....ငါ မင်းကို တစ်ခုရောင်းပေးမယ်...ဒါပေမဲ့ ဈေးနှုန်းကတော့ နည်းမှာမဟုတ်ဘူး"

"စျေးနှုန်းကို ညှိနှိုင်းလို့ ရပါတယ်"

လျှူထျန်ကျန်းက အပြုံးနှင့် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"မိသားစုခေါင်းဆောင်လျှူက စိတ်အားထက်သန်နေမှတော့....ဒီလိုဆိုရင်ရော...ငါက ကြိုးကြောင်းမဆီလျော်တဲ့စျေးကို မတောင်းတော့ဘူး....ကံကြမ္မာချပ်ပြားတစ်ပြားအတွက် ရင်းမြစ်ဒင်္ဂါးနှစ်သိန်းပေးပါ..."

ကျောက်အုပ်ကြီးလုက စျေးနှုန်းကို ကမ်းလှမ်းလိုက်သည်။ သူတို့သည် ကျောင်းတော်ဖြစ်သည့်တိုင် ကံကြမ္မာချပ်ပြားများကို ကံကြမ္မာခန်းမမှ သတ်မှတ်ထားသောစျေးနှုန်းကို ပေး၍ ဝယ်ယူခဲ့ရခြင်းဖြစ်သည်။

ကျောင်းအုပ်ကြီးလုမင်ရုန်ပြောသော စျေးနှုန်းသည် လွန်ကဲခြင်းမရှိသဖြင့် လျှူထျန်ကျန်းကသူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။ အချိန်တစ်ခဏကြာ စဉ်းစားပြီးနောက် သူသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"ကောင်းပြီလေ....အပေးအယူဖြစ်ပြီ"

ကံကြမ္မာချပ်ပြားတစ်ပြားတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း တစ်သောင်းခန့် ပါရှိသည်။ ကုန်သွယ်ရေးအိမ်တော်သို့ အကဲဖြတ်စစ်ဆေးခံရန် ရောက်ရှိလာမည့် ကျင့်ကြံသူများသည် တစ်ယောက်လျှင် အနည်းဆုံး ရင်းမြစ်ဒင်္ဂါးနှစ်ရာ ပေးချေရသည်။ အတိတ်မှ အတွေ့အကြုံများအရ ထိုလူများအနက်မှ တစ်ဝက်ခန့်သည် မည်သည့်စွမ်းအင်တန်းကိုမျှစုပ်ယူနိုင်ခြင်းမရှိဘဲ ကျရှုံးသွားခဲ့ပေ၏။ အောင်မြင်သူများ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်သည်လည်း စွမ်းအင်တန်းတစ်တန်းကိုသာ စုပ်ယူနိုင်သည်။

ကံကြမ္မာချပ်ပြားကို ရင်းမြစ်ဒင်္ဂါးနှစ်သိန်းဖြင့်ဝယ်ယူပြီးနောက် လျှူထျန်ကျန်းသည် အမြတ်အစွန်းများ ပို၍ရှာဖွေနိုင်မည်ဟု ယုံကြည်ချက်ရှိသွားသည်။ ဤသည်မှာ အလွန်အမြတ်အစွန်းများသော လုပ်ငန်းတစ်ခုပင်။

"ကောင်းပြီလေ...လျှူမိသားစုခေါင်းဆောင်ကို ကံကြမ္မာချပ်ပြား အသစ်တစ်ပြား ပေးလိုက်ပါ"

ကျောင်းအုပ်ကြီးလုက ပြောဆိုကာ သူ့၏လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဤကိစ္စကို အတည်ပြုလိုက်သည်။

ဝူယွင်ကျိုးသည် ရှည်ရှည်ဝေးဝေး စကားမဆိုဘဲ ထွက်ခွာသွားကာ အသစ်စက်စက် ကံကြမ္မာချပ်ပြားတစ်ပြားနှင့်အတူ အလျင်အမြန် ပြန်လည်ရောက်ရှိလာသည်။

ဤကံကြမ္မာချပ်ပြားသည် အသစ်စက်စက်ဖြစ်ကြောင်း ဂရုတစိုက် စစ်ဆေးပြီးနောက် လျှူထျန်ကျန်းသည် နောက်ဆုံး၌ စိတ်သက်သာရာရသွားလေ၏။

"ညကျရင် ငါကိုယ်တိုင် ရင်းမြစ်ဒင်္ဂါးတွေကို လာပို့ပါ့မယ်"

"ငါတို့က လျှူမိသားစုခေါင်းဆောင်ရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ယုံကြည်ပါတယ်"

ကျောင်းအုပ်ကြီးလုက ခေါင်းညိတ်ပြပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လျှူမိသားစု တည်ရှိနေသရွေ့ သူတို့သည် လိမ်လည်လှည့်ဖျားခံရမည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။

...

အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်တွင် လူများစည်ကားကာ သက်ဝင်လှုပ်ရှားနေသည်။

ကျန်းရွှမ်သည် သူ့ရှေ့ရှိ ကြီးကျယ်ခမ်းနားသော အဆောက်အအုံကိုကြည့်ပြီး သူသည် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် မြို့အရှင်ယုလုံချင်းကိုကြည့်ပြီး ပြောဆိုလိုက်သည်။

"မြို့အရှင်....ငါ့ရဲ့ရင်းမြစ်ရေအိုင်က အခုထိ အပြည့်အဝ မတည်ငြိမ်သေးဘူးလို့ ငါ ခံစားနေရတယ်....ဒါကြောင့် ငါက ကောင်းကင်ကံကြမ္မာရင်းမြစ်စွမ်းအားတွေ ထပ်ပြီးစုပ်ယူနိုင်မလားဆိုတာ ကြည့်ချင်တယ်...ငါ မင်းကို ဆက်ပြီးဒုက္ခမပေးတော့ဘူး...မင်းလို ဂုဏ်သိက္ခာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါ့ကို အဖော်ပြုပေးနေရင် မလိုလားအပ်တဲ့ အထင်လွဲမှုမျိုးတွေ ဖြစ်လာနိုင်တယ်"

ယုလုံချင်းက ခေါင်းညိတ်လိုက်သည်။

"မင်း ပြောတာ အမှန်ပဲ...ငါ ဒီကိစ္စကို အရင်ကတည်းက တွေးမိသင့်တယ်"

အဖြူရောင်ကျောက်တုံးမြို့တွင် သူ၏နာမည်ဂုဏ်သတင်းသည် မြင့်မားပြီး လူအများသည် ကျောင်းအုပ်ကြီးလု သို့မဟုတ် ချန်းမိသားစုခေါင်းဆောင်တို့ကို မသိလျှင်ပင် မြို့အရှင်ယုကိုသိကြမည်မှာ သေချာပေါက်ပင်။

အကယ်၍ သူသည် ကျန်းရွှမ်ကို အဖော်ပြုပြီးကုန်သွယ်ရေးအိမ်တော်အတွင်းသို့ ဝင်သွားပါက တစ်စုံတစ်ခု လွဲချော်နေသည်ကို အရူးတစ်ယောက်ပင်လျှင် သတိပြုမိသွားပေမည်။

အကယ်၍ ဤကဲ့သို့ ကိစ္စမျိုးရှိနေပါက ကျန်းရွှမ်သည် ထိပ်သီးပါရမီရှင်တစ်ယောက်ဟူသောအချက်ကို ဆက်လက်၍ ဖုံးကွယ်နိုင်မည် မဟုတ်တော့ချေ။

အချိန်တစ်ခဏကြာခန့် စဥ်းစားတွေးတောပြီးနောက် ယုလုံချင်းက တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလိုက်သည်။

"ဆရာကျန်း...ငါ မင်းနဲ့ အတူမလိုက်နိုင်ပေမယ့်မင်းက ဒီတံဆိပ်ပြားကို ယူထားပါ... တကယ်လို့ မင်းမှာ လိုအပ်တာလတစ်ခုခုရှိပြီးတော့ ငွေမလုံလောက်ဘူးဆိုရင် ဒီတံဆိပ်ပြားကိုသုံးပြီးတော့ မြို့အရှင်အိမ်တော်ရဲ့နာမည်နဲ့ ယူလို့ရတယ်....ဒါ့ပြင် တစ်ယောက်ယောက်က မင်းကို တမင်သက်သက် ပြဿနာရှာခဲ့မယ်ဆိုရင် ဒီတံဆိပ်ပြားကို သုံးပြီးတော့ မြို့စောင့်စစ်သားတွေကိုခေါ်ပြီး ပြဿနာကို ဖြေရှင်းလို့ရတယ်"

All Chapters