အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်(၂)
Vol. 7 Ch. 101
"ဒါက အရမ်းတန်ဖိုးကြီးတယ်...ငါက မင်းကို ဘာမှလုပ်ပေးမထားဘဲနဲ့ ဒါကို လက်မခံနိုင်ဘူး"
ကျန်းရွှမ်က အလျင်အမြန်ငြင်းဆန်ကာ သူ၏မျက်လုံးအတွင်း၌ သံသယများဖြင့် ပြည့်နှက်နေသည်။
"မြို့အရှင်....ငါက သာမန်ဆရာတစ်ယောက်ပါ...မိန်းကလေးယုကို သင်ကြားပေးနိုင်တာကတင် ငါ့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်နေပြီ....ဒါက နည်းနည်းတော့ လွန်ကဲမနေဘူးလား"
ကျန်းရွှမ်သည် ဤတံဆိပ်ပြား၏တန်ဖိုးအတိအကျကို မသိရှိသော်လည်း ပစ္စည်းများကိုဝယ်ယူနိုင်ခြင်းနှင့် မြို့စောင့်စစ်သားများကို ဆင့်ခေါ်နိုင်ခြင်းတို့မှတဆင့် ဤအရာသည် သာလွန်ထူးကဲကြောင်း သူ အတပ်ပြောနိုင်သည်။ သူသည် ယုရှောင်ယွီ၏ဆရာ ဖြစ်နေလျှင်ပင် သူ့အား ဤကဲ့သို့အရာမျိုး ပေးနေသည်မှာ မျက်နှာသာပေးလွန်းရာ ကျနေသည် မဟုတ်လော။
ကျန်းရွှမ်သည် မျက်မှောင်ကြုတ်ပြီး ဂရုတစိုက်စဉ်းစားတွေးတောလိုက်၏။
ယုလုံချင်းနှင့်သူအကြားရှိ ဆက်နွယ်ပတ်သက်မှုသည် အမဲလိုက်လင်းယုန်ကို ယဥ်ပါးစေခြင်းနှင့် ယုရှောင်ယွီကို တပည့်အဖြစ်လက်ခံခြင်းတို့သာရှိသည်။ မီးပြင်းဖိုကို ထွန်းညှိပေးခဲ့ခြင်းမှာမူ ချင်ကွမ်းသားရဲသွေးကို အသုံးပြုခဲ့၍ အောင်မြင်ခဲ့ခြင်းပင်။ ဤသည်မှာ ထူးခြားသောအောင်မြင်မှုတစ်ခု ဖြစ်သော်လည်း အထင်ကြီးဖွယ် မရှိချေ။
ဤအချိန်တလျှောက်လုံးတွင် ကျန်းရွှမ်သည် သူ၏အရည်အချင်းများကို ကောင်းစွာသိုဝှက်ထားခဲ့ပြီး ပေါ်လွင်သွားစေမည့် ပြဿနာတစ်ခုကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ယေဘူယျကျကျ ပြောဆိုရလျှင် ယုလုံချင်းတွင် မည်သည့်သံသယမျှ ရှိမနေသင့်ပေ။
သူ၏လုပ်ရပ်များ အလွန်လောသွားသည်ကို နားလည်သွားသဖြင့် ယုလုံချင်းကရှက်ကိုးရှက်ကန်းအပြုံးဖြင့် ရှင်းပြသည်။
"ဒါက ဒီလိုပါ....ရှောင်ယွီက မနေ့က စာသင်ချိန်အတွင်းမှာ နည်းနည်းလေး အာရုံမစိုက်ခဲ့မိဘူး... ဆရာကျန်း မင်းက သူ့ကို သီးသန့်လမ်းညွှန်မှုတချို့ ပေးနိုင်မလား"
ကျန်းရွှမ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်လိုက်ကာ ယုလုံချင်း၏ သူ့သမီးအပေါ် ထားရှိသည့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို လေးစားကြည်ညိုမိသည်။ ထိုကြောင့် သူသည်ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"တကယ်လို့ သူက ဒီနေ့ညမှာ ငါ့ရဲ့စာရွက်ပေါ်ကတာဝန်ကို အောင်မြင်ခဲ့ရင်... မနက်ဖြန်ရောက်တာနဲ့ ငါကိုယ်တိုင် သူကို လမ်းညွှန်မှုပေးမယ်... မြို့အရှင်က ဘာမှစိတ်မပူပါနဲ့"
သားသမီးများအပေါ် မိဘတစ်ယောက်၏ချစ်ခြင်းမေတ္တာသည် အကန့်အသတ်မရှိချေ။
ဂုဏ်သိက္ခာမြင့်မားသော မြို့အရှင်တစ်ယောက်သည် သူ့ကိုအဖော်ပြုပေးသည့်အပြင် မြို့အရှင်တံဆိပ်ပြားဖြင့် ကမ်းလှမ်းခဲ့သည်အထိ ပြုလုပ်ခဲ့ခြင်းမှာ သူ့သမီးအား ကူညီပေးရန်အတွက်ပင်။ တစ်စုံတစ်ယောက်အတွက် ဤသို့ပြုလုပ်နိုင်ရန် အမှန်တကယ်ကို မလွယ်ကူချေ။
"ကောင်းပြီလေ..."
ယုလုံချင်းကလည်း ကျန်းရွှမ်သည် သူ၏ရှင်းပြချက်ကို လက်ခံသွားပြီဖြစ်ကြောင်း နားလည်သွားသည်။ ထိုကြောင့် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"ဒီလိုဆိုမှတော့ ငါက မင်းကို ထပ်ပြီးမနှောက်ယှက်တော့ဘူး...ဆရာကျန်း နှုတ်ဆက်ပါတယ်..."
ထိုသို့ပြောဆိုပြီးနောက် သူသည် နောက်သို့ချာခနဲလှည့်ပြီး စတင်၍ လျှောက်လှမ်းလိုက်သည်။ သူ ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးနောက် သူ့အား လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်နေသော လူငယ်ကို မြင်တွေ့မိသဖြင့် သူသည်လည်း အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ သို့ရာတွင်သူ အံ့အားသင့်သွားရသည်မှာ ကျန်းရွှမ်၏ အောက်ရှိ သောက်လီသည်လည်း နှုတ်ဆက်နေသည့်အလား ခွာတစ်ဖက်ကိုမြှောက်ပြီး ဝှေ့ယမ်းနေခြင်းပင်။
ခွာကိုဝှေ့ယမ်းပြီး နှုတ်ဆက်နေသော မြင်းတကောင်...
'ဒီသတ္တဝါက ဒါကို အတည်ကြီးလုပ်နေတာလား....'
"တော်သင့်ပြီ....ဟန်ရေးပြနေတာကို ရပ်လိုက်စမ်း"
ကျန်းရွှမ်သည် သောက်လီကို ညင်သာစွာတစ်ချက်ရိုက်ပုတ်ပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။
ဤမြင်းသည် အရာရာတိုင်းတွင် ကောင်းမွန်သော်လည်း ဟန်ရေးပြလိုစိတ်ရှိနေသည်။ သူသည် မြင်တွေ့သမျှလူတိုင်းကို သူ့အားအထင်ကြီးသွားစေရန် လုပ်ဆောင်လိုပေ၏။ ဤမြင်းအား သူ၏သခင်ကဲ့သို့ သိုသိုသိပ်သိပ်နှင့်နှိမ့်ချနေရန်ကို သင်ပြပေးရန် လိုအပ်နေသည်။
ကုန်သွယ်ရေးအိမ်တော်သည် မြင်းတစ်ကောင်ခေါ်လာသည်ကို တားဆီးခြင်းမရှိသဖြင့် ကျန်းရွှမ်က သောက်လီကို အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
အကဲဖြတ်စစ်ဆေးမှု ခံယူရမည့်နေရာကို ကြိုတင်မေးမြန်းထားသဖြင့် ကျန်းရွှမ်သည် ဆိုင်ခန်းပေါင်းများစွာကို ဖြတ်သန်းလာပြီးနောက် မကြာမီမှာပင် ကျယ်ပြန့်သော ခန်းမတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
ခန်းမ၏ပြင်ပတွင် လူအမြောက်အများ ရှိနေပေ၏။ ဤနေရာတွင် အနည်းဆုံး လူတစ်ရာခန့်ရှိနေကာ သူတို့အားလုံးသည် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို ခံယူရန်အတွက် ရောက်ရှိလာသော လေလွင့်ကျင့်ကြံသူများပင်။ သူတို့သည် အသက်အရွယ်အမျိုးမျိုးရှိကာ အသက်ငယ်ဆုံးလူပင်လျှင် အနည်းဆုံး ၂၇နှစ်၂၈နှစ်ခန့်ရှိနေပြီး အသက်ကြီးဆုံးလူများသည် အသက်၆၀ ၇၀ခန့် ရှိနေလေပြီ။
ကျင့်ကြံရေးသည် ရှေ့အလားအလာကို တိုးတက်စေရုံသာမက သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့်အပြင် ငွေများပို၍ရှာဖွေနိုင်ရန် နည်းလမ်းတစ်ခုလည်းဖြစ်သဖြင့် ဤသွေးဆောင်မှုကို လူနည်းစုကသာ တောင့်ခံနိုင်ပေမည်။
"အားလုံးပဲ....ကျေးဇူးပြုပြီးတော့ သည်းခံပေးကြပါ....အဖြူရောင်ကျောက်တုံးကျောင်းတော်ဆီကို သွားပြီးတော့ ကံကြမ္မာချပ်ပြားယူနေတဲ့သခင်ကြီးလျှူဆီကို ကြီးကြပ်ရေးမှူးက အကြောင်းကြားပြီးပါပြီ...အခုထိ စာရင်းမသွင်းရသေးတဲ့ လူတွေက ကျေးဇူးပြုပြီးတော့ ရှေ့ကိုတိုးလာပြီး စာရင်းသွင်းခငွေကို ပေးချေပြီးတော့ ဝင်ဖို့အတွက် ပြင်ဆင်ထားကြပါ""
တာဝန်ခံတစ်ယောက်သည် ဆူညံသံများ ကြီးထွားလာသည်ကို သတိပြုမိသဖြင့် ပြောဆိုလိုက်သည်။
ကျမ်းရွှမ်သည် ထိုတာဝန်ခံ၏ရှေ့သို့ ချဉ်းကပ်သွားလိုက်၏။
လူတစ်ရာကျော်သည် ကြိုတင်၍ စာရင်းပေးသွင်းထားပြီး ဖြစ်သည်။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ကျန်းရွှမ်ကဲ့သို့ လူများသည် အနည်းစုသာရှိသဖြင့် သူ့ရှေ့တွင် တန်းစီနေသော လူအမြောက်အများ မရှိချေ။
ကျန်းရွှမ် စောင့်ဆိုင်းနေစဉ်မှာပင် သူ၏အင်္ကျီလက်ကို တစ်စုံတစ်ယောက်မှ ဆောင့်ဆွဲလိုက်သည်အား ခံစားမိသည်။ သူနောက်သို့ လှည့်ကြည့်လိုက်ရာ သောက်လီသည် ကြီးမားသောခေါင်းဖြင့် သူ၏လက်မောင်းအား ပွတ်သပ်နေသည်ကို မြင်တွေ့မိလေ၏။
"မင်းကလည်း စမ်းကြည့်ချင်တာလား""
ကျန်းရွှမ် အံ့အားသင့်သွားသည်။
သောက်လီသည် စိတ်ဝိညာဉ်နိုးထစေခြင်းနည်းစနစ်ဖြင့် သူ အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သော သက်ရှိတစ်ကောင်ဖြစ်ပြီး အပြည့်အဝယဥ်ပါးနေလေပြီ။ ထိုကြောင့် မြင်းသည် သူနှင့် ပြောဆိုဆက်သွယ်နိုင်ပေ၏။
သောက်လီက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြသည်။
"ဒါက အဓိပ္ပာယ်ရှိသားပဲ"
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။
"ငါက မင်းရဲ့ရင်းမြစ်ရေအိုင်ကို ရှာဖွေပေးခဲ့ပြီးတော့ မင်းရဲ့မရီဒါန်းတွေကို ရှင်းလင်းပေးခဲ့ပေမယ့် မင်းက အခုထိ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို မကြုံတွေ့ရသေးဘူး... ဒီနေရာမှာ ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို ရနိုင်မှတော့ မင်းလည်း စုပ်ယူနိုင်ဖို့ ကြိုးစားကြည်သင့်တယ်""
သောက်လီထံမှ ဝမ်းသာပျော်ရွှင်သော ဟီသံတစ်သံထွက်ပေါ်လာပြီး သူ စိတ်လှုပ်ရှားနေသည်မှာ သိသာထင်ရှားပေ၏။
အချိန်အတော်ကြာ စောင့်ဆိုင်းရခြင်းမရှိဘဲ ကျန်းရွှမ်သည် တန်းစီပြီးနောက် မကြာမီမှာပင် ရှေ့ဆုံးသို့ ရောက်ရှိသွားသည်။ သူသည် ရင်းမြစ်ဒင်္ဂါးလေးရာကို ထုတ်ယူပြီး တာဝန်ခံများထံသို့ လက်ကမ်းပေးလိုက်သည်။
"ငါက လူနှစ်ယောက်စာအတွက် စာရင်းပေးသွင်းချင်တယ်"
တာဝန်ခံက ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် သူကိုကြည့်ပြီး ပြောဆိုသည်။
"နောက်ထပ်လူတစ်ယောက်က ဘယ်မှာလဲ... သူက ဒီနေရာကို သူကိုယ်တိုင်လာဖို့ လိုအပ်တယ်....အကဲဖြတ်စစ်ဆေးမှုက စတင်တော့မယ်...ဒါကို စတင်ပြီးတာနဲ့ လူရောက်မလာဘူး ဆိုရင်တောင် ငွေပြန်အမ်းပေးမှာ မဟုတ်ဘူး"
"သူက ဒီနေရာကို ရောက်နေပါပြီ"
ကျန်းရွှမ်က ရယ်ပြုံးပြီး သောက်လီကို ပုတ်ပြလိုက်သည်။
" ဒါက ဒီမြင်းပါ....သူကလည်း အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ချင်နေတယ်"
တာဝန်ခံသည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအပြုံးတစ်ခု ထင်ဟပ်လာသည်။
"ဒီရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုမှာ မင်းက မြင်းတစ်ကောင်ကို နေရာယူခိုင်းချင်တာလား"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ....ဒါက မရဘူးလား"
တာဝန်ခံက ရယ်မောလိုက်သည်။
"မင်း ငွေပေးနိုင်သရွေ့....တကယ်လို့ မင်း ဆန္ဒရှိရင် မြင်းခြံတခြံလုံးက မြင်းတွေအားလုံးကို ခေါ်လာလို့ရတယ်....ဒါပေမဲ့ ငါ မင်းကို သတိပေးလိုက်မယ်....မြင်းတွေက အရွယ်အစားကြီးမားတာကြောင့် လူလေးယောက်စာ နေရာယူတယ်....ဒါကြောင့် ပုံမှန်ဈေးနှုန်းထက် လေးဆပေးချေရမယ်"
"ဒါက အဆင်ပြေပါတယ်""
ကျန်းရွှမ်က သဘောတူလိုက်သည်။
"တယောက်ယောက်ကတော့ ငွေတွေကို ဖြုန်းတီးနေပြန်ပြီ""
တာဝန်ခံသည် တီးတိုးရေရွတ်လိုက်သော်လည်း ကျန်းရွှမ်ကို ရှည်ရှည်ဝေးဝေး ဖြောင့်ဖျရန် ရည်ရွယ်မထားချေ။ ထိုအစား သူသည် ဆက်လက်၍ ရှင်းပြလိုက်၏။
"ငါတို့ကုန်သွယ်ရေးအိမ်တော်မှာ အကဲဖြတ်စစ်ဆေးခံဖို့အတွက် မတူကွဲပြားတဲ့အဆင့်တွေ ရှိတယ်... အတွင်းစက်ဝိုင်းနဲ့အပြင်စက်ဝိုင်းရှိပြီးတော့ တစ်ခုဆီမှာ အဆင့်သုံးဆင့်ရှိတယ်... အတွင်းစက်ဝိုင်းရဲ့အဆင့်တစ် နှစ် သုံးနဲ့ အပြင်စက်ဝိုင်းရဲ့အဆင့်တစ် နှစ် သုံး....မင်း ဘယ်အဆင့်ကို ဝယ်ချင်လဲ"
"မတူညီတဲ့အဆင့်တွေ ရှိတာလား"
ကျန်းရွှမ်သည် ဇဝေဇဝါဖြစ်သွားလေ၏။
"အမှန်ပဲ....မင်းက ကောင်းကင်ကံကြမ္မာချပ်ပြားနဲ့ ပိုပြီးနီးကပ်လေလေ ကောင်းကင်ကံကြမ္မာစွမ်းအားတွေ ပိုပြီးထူထပ်သိပ်သည်းလေလေဖြစ်ပြီးတော့ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်နိုင်တဲ့ မင်းရဲ့အခွင့်အရေးက ပိုပြီးမြင့်မားလာလိမ့်မယ်... တကယ်လို့ မင်းက ငွေကြေးတတ်နိုင်ရင် အကောင်းဆုံးနေရာကို သေချာပေါက်သွားသင့်တယ်"
တာဝန်ခံက ရှင်းပြသည်။
"ငါ သိပြီ..."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ဤသည်မှာ ဖျော်ဖြေပွဲတစ်ပွဲသို့ သွားခြင်းနှင့်တူညီသည်။ တစ်စုံတစ်ယောက်သည် စင်မြင့်နှင့်ပို၍နည်းလေလေ လက်မှတ်ခ ပို၍မြင့်မားလေလေဖြစ်ပြီး တချို့ထိုင်ခုံများကို ဝယ်ယူပြီးနောက် စျေးကြီးကြီးဖြင့် ပြန်ရောင်းချ၍ ရနိုင်သည်။
အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ကျန်းရွှမ်က မေးမြန်းသည်။
"အတွင်းစက်ဝိုင်းရဲ့ အဆင့်တစ်အတွက် နေရာတစ်နေရာကို ဘယ်လောက်ကျလဲ....ငါ့အတွက်တစ်နေရာနဲ့ မြင်းအတွက်တစ်နေရာ လိုချင်တယ်"
ကျောင်းတော်တွင် သူသည် ပြင်ပစက်ဝိုင်း၌ နေခဲ့သဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအားများကို အနည်းငယ်သာ စုပ်ယူနိုင်ခဲ့သည်။ ယခုအချိန်၌ သူသည် အကောင်းဆုံးနေရာကို ရယူနိုင်သော ရွေးချယ်မှုမျိုး ရှိနေသဖြင့် သူ ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ချေ။