← Chapters

အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်(၃)

Vol. 7 Ch. 102

အဖြူရောင်ကျောက်တုံး ကုန်သွယ်ရေးအိမ်တော်(၃)

Vol. 7 Ch. 102

တာဝန်ခံက တုံ့ပြန်အဖြေပေးသည်။

"အတွင်းစက်ဝိုင်းနေရာက အကောင်းဆုံးဖြစ်ပြီးတော့ စျေးအကြီးဆုံးပဲ....တစ်ယောက်ကို ရင်းမြစ်ဒင်္ဂါး ၁၂၀၀ကျသင့်မယ်....မင်းရဲ့မြင်းက လေးနေရာစာယူထားတော့ အဲ့ဒီအတွက် ရင်းမြစ်ဒင်္ဂါး၄၈၀၀ ကျသင့်မယ်....စုစုပေါင်းရင်းမြစ်ဒင်္ဂါး ၆၀၀၀ပါ"

ကျန်းရွှမ်သည် သောက်လီကို စောင်းငဲ့ကြည့်ပြီးနောက် သူ အနည်းငယ်နှမြောနေသော်လည်းခေါင်းညိတ်လိုက်၏။

"အဲ့ဒီလိုပဲ လုပ်ကြတာပေါ့...."

သူ ငွေပေးချေပြီးနောက် တာဝန်ခံက သူ့အား တံဆိပ်ပြားနှစ်ပြား လက်ကမ်းပေးသည်။

"ဒါက မင်းတို့ရဲ့ဝင်ခွင့်တံဆိပ်ပြားတွေပါ..ဒီနေရာမှာ စောင့်နေအုံး...ခဏနေကျရင် တစ်ယောက်ယောက်က မင်းတို့ကို ခန်းမထဲကို လိုက်ပို့ပေးလိမ့်မယ်"

"ကျေးဇူးတင်ပါတယ်...."

ကျန်းရွှမ်သည် တံဆိပ်ပြားကို လက်ခံပြီးနောက် သောက်လီကိုခေါ်ဆောင်ပြီး စုဝေးနေသော လူအုပ်ထံသို့ သွားလိုက်သည်။

"တာဝန်ခံချင်....မြင်းတစ်ကောင်ကို အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ခိုင်းလိုက်တာလား.... ဒါမျိုးက အရင်က တစ်ကြိမ်မှ မရှိခဲ့ဖူးဘူး မဟုတ်လား...မင်း ဒီကိစ္စကို ခွင့်ပြုလိုက်တဲ့အတွက် ပြဿနာတက်မှာကို မကြောက်ဘူးလား"

ဝန်ထမ်းတစ်ယောက်သည် တာဝန်ခံ၏အနီးသို့ ချဉ်းကပ်လာပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းလေ၏။

ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုကို ကျင်းပခဲ့သော နှစ်များတလျှောက် လူများသည် နေရာတစ်နေရာ ရနိုင်ရန်ပင် ရုန်းကန်၍ ရှာဖွေနေကြသည်။ အိမ်မွေးသားရဲတစ်ကောင် အထူးသဖြင့်ဤကဲ့သို့ ကြီးမားသော မြင်းတကောင်ကို ခေါ်ဆောင်လာသည့် လူတစ်ယောက်ကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဘူးချေ။

"ပြဿနာတက်မှာလား....ငါက မိသားစုအတွက်အကျိုးအမြတ်ရအောင် လုပ်ပေးတာလေ...ငါကဘာလို့ ပြဿနာတက်မှာလဲ"

တာဝန်ခံချင်က သရော်တော်တော်ပြောဆိုပြီး သူ့ရှေ့ရှိဝန်ထမ်းကို ငတုံးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်၏။

"မြင်းတစ်ကောင်က ရင်းမြစ်စွမ်းအင်တွေကို စုပ်ယူနိုင်မယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"

"ဒါက......"

ဝန်ထမ်းသည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

"မြင်းတွေက သာမန်သားရဲတွေပဲ....ရင်းမြစ်သားရဲတွေ မဟုတ်ဘူး...သူတို့က ဘယ်လိုမှ ကျင့်ကြံနိုင်မှာ မဟုတ်ဘူး....ဒီမြင်းကို အထဲဝင်ခွင့်ပြုပြီးတော့ နေရာလေးနေရာအတွက် အခကြေးငွေ ကောက်ခံလိုက်တာက ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတစ်တန်းတောင် ကုန်မသွားမှာ သေချာတယ်... ဒါက သေချာတဲ့ အမြတ်အစွန်းပဲ"

"သေချာတာပေါ့...."

တာဝန်ခံချင်က ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီအရူးကောင်က မြင်းတကောင်ကို ခေါ်လာပြီးတော့ ကြွားလုံးထုတ်ချင်တယ်..ဒီလိုကိစ္စမျိုး ရှိနေမှတော့ ငါက သူ့ရဲ့ငွေကို ဝမ်းမြောက်ဝမ်းသာလက်ခံပြီး သူ့ရဲ့ဆန္ဒကို လိုက်လျောလိုက်ရုံပဲ"

အကယ်၍ တစ်စုံတစ်ယောက်ထံတွင် ရည်မှန်းချက်တစ်ခုခုရှိနေပါက သူတို့၏အသက်အရွယ်ဖြင့် ရင်းမြစ်စစ်သည်တော်များ ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်ပြီးဖြစ်ပေမည်။ မည်သည်ကြောင့် သူတို့သည်အကဲဖြတ်စစ်ဆေးခံရန်အတွက် ကုန်သွယ်ရေးအိမ်တော်သို့လာရန် လိုအပ်မည်နည်း။

"တာဝန်ခံချင်...မင်းက တကယ်ကိုဉာဏ်ကောင်းတာပဲ"

ဝန်ထမ်းက သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုနောက် သူသည် ကျန်းရွှမ်နှင့်သောက်လီတို့ကို ထပ်မံ၍ တစ်ချက်ကြည့်ပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားလေ၏။

"ခဏလေး...အဲ့ဒီမြင်းကို ကြည့်ရတာ ဘာလို့ အရမ်းရင်းနှီးနေတာလဲ"

"အခု မင်း ပြောလိုက်မှ ငါလည်း အဲ့ဒီမြင်းကို အရင်က တစ်နေရာရာမှာ မြင်ဖူးတယ်လို့ ခံစားမိတယ်"

တာဝန်ခံချင်သည် အချိတ်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ရုတ်တရက် အမှတ်ရသွားသည်။

"အဲ့ဒီမြင်းက... ကြည့်ရတာတော့ သခင်မလေးရဲ့မြင်း သောက်လီနဲ့ တူသလိုပဲ"

"အမှန်ပဲ....ဒါက သောက်လီဆိုတာ သေချာတယ်....ဘယ်လိုလုပ်ပြီးတော့ ဒီလူနဲ့အတူ ပါလာတာလဲ....ဒါ့ပြင် ဘာလို့ သူက ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုအတွက် မြင်းကို ခေါ်လာတာလဲ"

သူတို့နှစ်ယောက်လုံးသည် ထိုမြင်းကိုမှတ်မိသွားပြီးနောက် အံ့အားသင့်သွားကြသည်။

"ခဏနေကျရင် မိသားစုခေါင်းဆောင် ရောက်လာမယ် မဟုတ်လား"

အချိန်တခဏကြာခန့် တိတ်ဆိတ်နေပြီးနောက် တာဝန်ခံချင်က နောက်သို့ပြန်လှည့်ကြည့်ပြီး မေးမြန်းလိုက်၏။

"အကဲဖြတ်စစ်ဆေးမှုကို ကြီးကြပ်ဖို့အတွက် နေ့လည်ခင်းကျရင် မိသားစုခေါင်းဆောင်ကိုယ်တိုင် ရောက်လာမယ်လို့ ငါ ကြားထားတယ်"

ဝန်ထမ်းက ခေါင်းတစ်ချက်ညိတ်ပြပြီး တုံ့ပြန်အဖြေပေးသည်။

"အရမ်းကောင်းတယ်..ဒီမြင်းက သခင်မလေးရရဲ့သောက်လီ ဟုတ်မဟုတ် မိသားစုခေါင်းဆောင် ရောက်လာတဲ့အချိန်ကျရင် ငါတို့ သေချာသိရလိမ့်မယ်...အစေခံတွေဖြစ်တဲ့ ငါတို့က ငါတို့မြင်တဲ့ကိစ္စတွေကို သတင်းပို့ဖို့ပဲ လိုတယ်"

တာဝန်ခံချင်က ယုံကြည်ချက်ခိုင်မာသော အပြုံးနှင့် ပြောဆိုသည်။

"နားလည်ပါပြီ..."

ဝန်ထမ်းသည် မေးခွန်းများကို ထပ်မံ၍မေးမြန်းခြင်း မပြုတော့ချေ။

အချိန်တစ်ခဏကြာပြီးနောက် စာရင်းပေးသွင်းရန် လူများ ထပ်မံ၍ ရောက်ရှိလာသည်။ နောက်ထပ်အချိန်နာရီဝက်ခန့် ကြာပြီးနောက် လျှူမိသားစုခေါင်းဆောင် လျှူထျန်ကျန်းသည် ကုန်သွယ်ရေးအိမ်တော်အတွင်းသို့ ဝင်လာပေ၏။

ကုန်သွယ်ရေးအိမ်တော်ကို စီမံအုပ်ချုပ်သော လျှူထျန်းမင်က သူ့အား အလျင်အမြန် ဆီးကြိုနှုတ်ဆက်သည်။ လျှူထျန်ကျန်းသည် ဝယ်ယူလာသော အသစ်စက်စက် ကံကြမ္မာချပ်ပြားကို လွှဲပြောင်းပေးပြီးနောက် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်၏။

စာရင်းပေးသွင်းထားသော လူအမြောက်အများရှိနေသဖြင့် အကယ်၍ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများသာ မရှိပါက နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်ခဲ့ရသော လျှူမိသားစု၏နာမည်ဂုဏ်သတင်းသည် ချက်ချင်းပျက်စီးသွားပေမည်။

မိသားစုခေါင်းဆောင် ယာယီအားလပ်သွားသည်ကို မြင်တွေ့ချိန်၌ တာဝန်ခံချင်က ထိုနေရာသို့ အလျှင်အမြန် လျှောက်လှမ်းသွားလိုက်သည်။

"မိသားစုခေါင်းဆောင်...."

"မင်းက ချင်လု မဟုတ်လား....ဘာကိစ္စရှိလို့လဲ"

လျှူထျန်ကျန်းသည် သူ့အား မှတ်မိလေ၏။

"ကျွန်တော်ရဲ့နာမည်ကို မှတ်မိတဲ့အတွက် မိသားစုခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"

ချင်လု၏မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဒါက ဒီလိုပါ...တစ်ယောက်ယောက်က မြင်းတစ်ကောင်ကို ခေါ်လာပြီးတော့ ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုမှာ ပါဝင်ချင်တယ်.. အဲ့ဒီမြင်းကို ကြည့်ရတာ သခင်မလေးရဲ့မြင်း သောက်လီနဲ့တူနေတယ်"

လျှူထျန်ကျန်းသည် အံ့အားသင့်သွားပေ၏။

"သူက ဘယ်နေရာမှာလဲ...."

ချင်လုက လက်ညှိုးညွှန်ပြလိုက်သည်။

"သူက အဲ့ဒီနေရာမှာပါ...ကွင်းရဲ့အလယ်မှာ ရှိနေတယ်"

လျှူထျန်ကျန်းသည် ထိုနေရာသို့ ကြည့်လိုက်ရာ လူအုပ်၏အလယ်၌ တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ကျန်းရွှမ်ကို တွေ့မြင်မိသည်။ ကျန်းရွှမ်သည် မြင်း၏ဇက်ကြိုးကို ကိုင်ထားပြီး မြင့်မားသောမြင်းတကောင်သည် အကဲဖြတ်စစ်ဆေးခံရန် တိတ်ဆိတ်ငြိမ်သက်စွာစောင့်ဆိုင်းနေပေ၏။

"သူက ဒီနေရာကို ဘာလာလုပ်တာလဲ"

လျှူထျန်ကျန်း ဇဝေဇဝါဖြစ်သွားသည်။

ကျန်းရွှမ်၏ခွန်အားအတိအကျကို သူ မသိရှိသော်လည်း စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်ထက် ကျော်လွန်နေသည်ကို သူ သိထားသည်။ ထိုသို့မဟုတ်ပါက ကျန်းရွှမ်သည် သူ၏သမီးဖြစ်သူကို သင်ကြားပေးရန် အရည်အချင်းပြည့်မီမည် မဟုတ်ချေ။

ဤကဲ့သို့ခွန်အားမျိုး ရှိနေခြင်းကြောင့် သူ၏ရင်းမြစ်ရေအိုင် တည်ငြိမ်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ ယခုအချိန်၌ သူသည် မည်သည်ကြောင့် အကဲဖြတ်စစ်ဆေးမှုကိုခံယူရန် ကုန်သွယ်ရေးအိမ်တော်သို့ ရောက်ရှိလာသနည်း။ ဤသည်မှာ အနည်းငယ်မျှ အဓိပ္ပါယ်မရှိချေ။

ထို့ပြင် အကဲဖြတ်စစ်ဆေးခံရန်အတွက် မြင်းတစ်ကောင်ကို ခေါ်ဆောင်လာခဲ့သလော...

အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် လျှူထျန်ကျန်း၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှုအတွက် နေရာတွေက အများကြီးမရှိဘူး...သူ့ကို မြင်းတစ်ကောင် ခေါ်လာခွင့်ပြုလိုက်တဲ့အတွက် နေရာတွေအများကြီး ဆုံးရှုံးသွားလိမ့်မယ်...ဒါက အဓိပ္ပာယ်မရှိဘူး"

ချင်လုက အလျင်အမြန် ရှင်းပြသည်။

"အဲ့ဒီကိစ္စအတွက် ကျွန်တော် စဉ်းစားပြီးသားပါ....မိသားစုခေါင်းဆောင် ကျွန်တော်က အဲ့ဒီအတွက် သူ့ဆီကနေ အခကြေးငွေ လေးဆတောင်းလိုက်တယ်"

"လေးဆ... ဒါဆိုရင် ရင်းမြစ်ဒင်္ဂါး ၄၈၀၀လား"

လျှူထျန်ကျန်းသည် အံ့အားသင့်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

"မင်း လုပ်တာကောင်းတယ်...မင်းက တကယ်ကို ဥာဏ်ကောင်းတဲ့လူပဲ"

မြင်းတကောင်မှရကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းတစ်တန်းကို စုတ်ယူရန်မှာ မဖြစ်နိုင်လေရာ ဤမျှထိ များပြားသော အခကြေးငွေရရှိခြင်းသည် သေချာသော အမြတ်အစွန်းပင်။ ထို့ပြင် ဤသည်မှာ သောက်လီကိုရောင်းချရန် သူ၏သမီးအား ဖိအားပေးခဲ့သောလူ ဖြစ်နေသည်။ လျှူထျန်ကျန်းသည် ထိုကိစ္စကိုရပို၍တွေးတောမိလေလေ ချင်လု၏လုပ်ရပ်အပေါ် ပို၍သဘောကျလေလေပင်။ ထို့ကြောင့်သူသည် နောင်အနာဂတ်တွင် ချင်လုကို စောင့်ကြည့်ပြီး ရာထူးတိုးပေးရန် ဆုံးဖြတ်လိုက်သည်။

"မိသားစုခေါင်းဆောင်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်"

ချင်လုသည် ဝမ်းသာပျော်ရွှင်သွားပြီးကျေးဇူးတင်စွာဖြင့် အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

ထိုအချိန်မှာပင် ကျောင်းအုပ်ကြီးလျှူထံမှ ရရှိထားသော အသစ်စက်စက် ကံကြမ္မာချပ်ပြားမှနေ၍ တုန်ခါသံတစ်သံ ပဲ့တင်ထပ်လာပြီး ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းများ စတင်၍ ဆင်းသက်လာသည်။

လျှူထျန်ကျန်းသည် စကားပြောဆိုနေခြင်းကိုရပ်တန့်ပြီး စင်မြင့်ပေါ်သို့ ကြည့်လိုက်သည်။ လူများအားလုံးသည် သူတို့၏ထိုင်ခုံများပေါ်တွင် ပလ္လင်ခွေထိုင်က မျက်လုံးစုံမှိတ်ပြီး ကျင့်ကြံနေကြ၏။

သောက်လီပင်လျှင် မျက်လုံးစုံမှိတ်ထားပြီး သူ၏ကြီးမားသော ပုံပန်းသွင်ပြင်သည် ထိုင်နေသောလူအများကြား၌ အလွန်သိသာထင်ရှားနေသည်။

ကျန်းရွှမ်သည် ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်ရန် မြင်းတစ်ကောင်အတွက် ရင်းမြစ်ဒင်္ဂါး၄၈၀၀ အသုံးပြုခဲ့ပေ၏ ။ ဤကောင်စုတ်လေးသည် တချို့လူများမှ သူ့ကိုရိုသေလေးစားနေသောကြောင့် သူသည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်မည်ဟု အမှန်တကယ် တွေးထင်နေသလော။

'တကယ်လို့ မင်းက မြင်းတစ်ကောင်ကို ကျင့်ကြံအောင် လုပ်ပေးနိုင်ရင် ငါ့ခေါင်းကို နံရံနဲ့ ပစ်ဆောင့်လိုက်မယ်'

လျှူထျန်ကျန်းသည် နောက်သို့ပြန်လှည့်ကာ အနားယူရန်အတွက် နေရာတနေရာရှာဖွေရန် ပြင်ဆင်နေစဉ်မှာပင် တစ်စုံတစ်ခုသည်သူ၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာသဖြင့် သူ နေရာမှာပင် တောင့်တင်းသွားသည်။

"ဘာ....ဒါ... ဒါက မဖြစ်နိုင်ဘူး"

All Chapters