← Chapters

လျှူထျန်ကျန်း၏ပြိုလဲမှု(၁)

Vol. 7 Ch. 103

လျှူထျန်ကျန်း၏ပြိုလဲမှု(၁)

Vol. 7 Ch. 103

စင်မြင့်ပေါ်တွင်ရှိနေသော သောက်လီသည် ဝပ်နေသည့်တိုင် ထိုင်နေသော အကဲဖြတ်စစ်ဆေးခန်းသူများထက် ပို၍ကြီးမားနေပြီး အဝေးမှကြည့်လျှင် မီးခိုးရောင် ကျောက်တုံးကြီးတစ်တုံးနှင့် တူညီနေသည်။

ဤအချိန်အခိုက်အတန့်တွင် ထို'ကျောက်တုံးကြီး'၏ နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ လှိုင်းဂယက်များထစ ပြုလာသည်။ ထို့နောက်ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်းများသည် တဖြည်းဖြည်း ချဥ်းကပ်သွားပြီး ထိုအရာအတွင်းသို့ စိမ့်ဝင်နေသည်ကို မြင်တွေ့နိုင်ပေ၏။

"ဖြစ်နိုင်တာတော့ ဒီမြင်းက ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို တကယ်ကြီး စုပ်ယူနိုင်တာလား"

လျှူထျန်ကျန်း၏နှလုံးခုန်နှုန်းများ လျှင်မြန်သွားသည်။

ကံကြမ္မာချပ်ပြားကို ဝင်္ကပါဖြင့် အသက်သွင်းပြီးနောက် ကောင်းကင်ကံကြမ္မာစွမ်းအားများအလွန်အမင်း ဖရိုဖရဲဖြစ်နေသဖြင့် မည်သူက မည်မျှထိ စုပ်ယူနိုင်သည်ကို မြင်တွေ့နိုင်ရန်အလွန်ခက်ခဲသည်။

တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်သည် ရင်းမြစ်ရေအိုင်နယ်ပယ် အဋ္ဌမအဆင့်ဖြစ်သော နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ မရောက်ရှိသေးပါက ဤကိစ္စကို မြင်တွေ့နိုင်မည် မဟုတ်ချေ။ အကယ်၍ အနီးကပ်ကြည့်ရှုလျှင်ပင် ထိုကိစ္စကို အတည်ပြုနိုင်မည့်အချက်ကို ရှာဖွေထုတ်နိုင်ရန် အလွန်ခက်ခဲပေမည်။

ဤသည်မှာ ကျန်းရွှမ်၏ပထမဆုံးအကြိမ် စွမ်းအားစုပ်ယူမှုကို ကျောင်းအုပ်ကြီးလုမင်ရုန်ပင်လျှင် သတိမပြုမိခဲ့သော အကြောင်းအရင်းလည်း ဖြစ်သည်။

"ငါ့ဆီကို အကဲဖြတ်ကျောက်ပြား ယူလာခဲ့စမ်း"

လျှူထျန်ကျန်းက အလျင်စလို အမိန့်ပေးလိုက်သည်။

အကဲဖြတ်ကျောက်ပြားသည် အဖြူရောင်ကျောက်တုံးကျောင်းတော်မှ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း မည်မျှထိများများ စုပ်ယူခဲ့သည်ကို ပြသသော နဂါးကိုးကောင်တိုင်လုံးများနှင့် တူညီသည့်ပစ္စည်းပင်။ ကျောင်းတော်တွင် ရလဒ်များကို အချိန်နှင့်တပြေးညီ ပြသထားသဖြင့် ကျောင်းသားများသည် သူတို့၏ပါရမီအရည်အချင်းများကို ထုတ်ဖော်ပြသနိုင်ပြီး ဆရာတစ်ယောက်ကိုရွေးချယ်ခြင်းသို့မဟုတ် ဆရာတစ်ယောက်မှသူတို့အားရွေးချယ်ခြင်းတို့ ဖြစ်လာနိုင်သည်။

သို့ရာတွင် ဤနေရာ၌ လေလွင့်ကျင့်ကြံသူများသာ ရှိသောကြောင့် ခိုင်မာသော ကျောထောက်နောက်ခံမရှိဘဲ အားကောင်းသောပါရမီအရည်အချင်းကို ပြသခြင်းသည် ဘေးကပ်ဆိုးများကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားနိုင်သည်။ ထိုကြောင့် အကျိုးဆက်အနေဖြင့် ကုန်သွယ်ရေးအိမ်တော်များတွင် ရင်းမြစ်ရေအိုင် အကဲဖြတ်စစ်ဆေးမှု ပြုလုပ်စဉ်အတောအတွင်း၌ ရလဒ်များကို လူသိရှင်ကြားပြသခြင်း မရှိချေ။

သို့ရာတွင် လျှူထျန်ကျန်းသည် သူ၏သံသယများကို အတည်ပြုနိုင်ရန်အတွက် ဤကဲ့သို့လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုလိုက်သည်။

"ဟုတ်ကဲ့ပါ သခင်ကြီး..."

ချင်လုသည် ပြေးထွက်သွားပြီးနောက် ကျောက်ပြားငယ်တခုကို သယ်ဆောင်ပြီး အလျင်အမြန်ပြန်ရောက်လာသည်။

လျှူထျန်ကျန်းသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီးနောက် သူ၏လက်ဝါးကို ထိုအကဲဖြတ်ကျောက်ပြားပေါ်သို့ ညင်သာစွာတင်လိုက်သည်။

ထိုအရာအတွင်းသို့ သူ၏စွမ်းအားများ စီးဆင်းသွားသည်နှင့် ကျောက်ပြားမှ တုန်ခါသံတစ်သံ မြည်ဟီးလာကာ မျက်နှာပြင်ပေါ်တွင် စာလုံးများ ဖြည်းညှင်းစွာပေါ်လာသည်။ ဤသည်မှာ အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သူများ၏ရလဒ်ကို ပြသနေခြင်းပင်။

အမည်...သောက်လီ

သန့်စင်ခြင်း....စွမ်းအင်တန်းနှစ်တန်း

"...."

လျှူထျန်ကျန်းသည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။

အစောပိုင်းက သောက်လီသည် ကောင်းကင်ကံကြမ္မစွမ်းအင်တန်းတချို့ကို စုပ်ယူနိုင်ကြောင်း သူ ခံစားမိရုံသာဖြစ်သည်။ ဤကိစ္စသည် အမှန်တကယ် ဖြစ်နေမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

ထို့ထက်ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်မှာ ဤမြင်းသည် ပါဝင်သူများအကြားတွင် အဆင့်တစ်နေရာ၌ ရှိနေခြင်းပင်။

အကဲဖြတ်စစ်ဆေးမှုတွင် ပါဝင်သူများအားလုံးသည် အသက်ကြီးသူများဖြစ်ပြီး ယခုထိတိုင် သူတို့၏ရင်းမြစ်ရေအိုင်များကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးချေ။ ဤသည်မှတဆင့် သူတို့၏ပါရမီများသည် သာမန်သာဖြစ်ကြောင်း ညွှန်ပြနေသော်လည်း မည်သို့ပင်ဆိုစေကာမူ သူတို့သည် လူသားများ ဖြစ်နေဆဲပင်။ ဤနေရာတွင် သူတို့သည် မြင်းတစ်ကောင်၏ ဦးဆောင်အနိုင်ယူခြင်းကို ခံလိုက်ရသလော။

ရင်းမြစ်သားရဲများကသာ ကောင်းကင်ကံကြမ္မာစွမ်းအားများကို စုပ်ယူနိုင်သည်ဟု ပြောဆိုကြသည် မဟုတ်လော....

ဤအချိန်အခိုက်အတန့်တွင် လျှူထျန်ကျန်းသည် သူ၏ရင်ဘတ် တင်းကြပ်လာသည်ကို ခံစားလိုက်ရကာ သူ စကားမပြောနိုင် ဖြစ်သွားသည်။

သူသည် သောက်လီကို တဖန်ပြန်ကြည့်လိုက်သည်။ မြင်းသည် အချိန်တခဏကြာခန့် ရပ်တန့်သွားပြီးနောက် ဟိုကြည့်သည်ကြည့် လုပ်နေသည်ကို မြင်တွေ့မိလေ၏။ ထိုအချိန်မှာပင် လက်တစ်ဖက်က မြင်း၏ခေါင်းကို ရိုက်ပုတ်လိုက်ပြီး ကျန်းရွှမ်၏ ဆူပူကြိမ်းမောင်းလိုက်သော အသံကြီးကို ကြားလိုက်ရသည်။

"မင်းရဲ့ရင်းမြစ်ရေအိုင်ကို မြန်မြန်တည်ငြိမ်အောင်လုပ်စမ်း...မဟုတ်ရင် ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို တခြားလူတွေက စုပ်ယူသွားလိမ့်မယ်"

ထိုစကားကိုကြားချိန်၌ သောက်လီသည် ငြင်းဆန်ခြင်း မပြုဝံ့ချေ။ မြင်းသည်လတဖန်ပြန်၍ မျက်လုံးမှိတ်လိုက်ပြီးနောက် နောက်ထပ်အချိန်အခိုက်အတန့်တွင် လျှူထျန်ကျန်း၏ရှေ့ရှိ အကဲဖြတ်ကျောက်ပြား တဖျတ်ဖျတ်လင်းလက်လာသည်။

စွမ်းအင်တန်းသုံးတန်း..

စွမ်းအင်တန်းလေးတန်း...

စွမ်းအင်တန်းငါးတန်း....

မိနစ်အနည်းငယ်အတွင်းမှာပင် သောက်လီသည်စွမ်းအင်တန်းရှစ်တန်းကို စုပ်ယူပြီးလေပြီ။

ဤသည်မှာ ဆဋ္ဌမအဆင့် ရင်းမြစ်ရေအိုင်ကိုပိုင်ဆိုင်ထားသည်နှင့် တူညီပေ၏။

မြင်းသည် တက်တက်ကြွကြွဖြင့် စွမ်းအားများကို စုပ်ယူနေသည်အားကြည့်ပြီး နံဘေးရှိလူငယ်သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားကာ သူ၏မျက်လုံးများကို စုံမှိတ်လိုက်၏။

'မြင်းတစ်ကောင်က ကောင်းကင်ကံကြမ္မာစွမ်းအားတွေကို စုပ်ယူနိုင်ရုံတင် မကဘူး...ပဉ္စမအဆင့် ရင်းမြစ်ရေအိုင်ကိုလည်း ပိုင်ဆိုင်ထားပုံရတယ်'

လျှူထျန်ကျန်းက သူ၏တံတွေးကို ခက်ခက်ခက်ခဲ မြိုချလိုက်သည်။ သူ ထိတ်လန့်တုန်လှုပ်နေရာမှ အသိပြန်ဝင်လာပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။

"ခဏနေအုံး....ဒါဆိုရင် လုမင်ရုန်နဲ့ချန်းရှောင်တို့က ဒီကိစ္စကို တစ်ချိန်လုံး သိနေခဲ့တာလား... ဒါကြောင့် သူတို့က ဒီမြင်းကိုဝယ်ဖို့ စိတ်အားထက်သန်နေပြီးတော့ ငွေကို မြန်မြန်ဆန်ဆန် ပေးချေလိုက်တာလား"

ကျန်းရွှမ်သည် သားရဲယဥ်ပါးစေခြင်း၌ ပါရမီအရည်အချင်းရှိပြီး ကျိုးချွမ်တို့လူစုထက် သာလွန်သည်ကို သူ သိရှိထားသည်။ သို့ရာတွင်ဤသည်မှာ လုမင်ရုန် ယုလုံချင်းနှင့် ချန်းရှောင်တို့မှ သူ့ကိုကူညီရန် အလုအယက်ကြိုးစားနေသည်အထိ မဖြစ်သင့်ချေ။

သို့ရာတွင် အကယ်၍ သူတို့သည် သောက်လီမှ ကောင်းကင်ကံကြမ္မစွမ်းအားများကို စုပ်ယူနိုင်ကာ မြင်းသည် ကျင့်ကြံနိုင်သည့် ရင်းမြစ်သားရဲတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားသည်ကို သိရှိထားပါက အရာအားလုံး အဓိပ္ပါယ်ရှိသွားပြီ မဟုတ်လော....

"သောက်ချေးပဲ..."

လျှူထျန်ကျန်းသည် ဒေါသထွက်သွားကာ အံ့တင်းတင်းကြိတ်လိုက်သည်။

သာမန်မြင်းကောင်းတစ်ကောင်သည် ရင်းမြစ်ဒင်္ဂါးတစ်သိန်း တန်ကြေးရှိပြီး သောက်လီသည် စစ်မြေပြင်သို့ ရောက်ရှိဖူးသော စစ်မြင်းတစ်ကောင်ဖြစ်ခြင်းကြောင့် ပို၍တန်ဖိုးရှိသည်။

သူသည် သောက်လီအတွက် ရင်းမြစ်ဒင်္ဂါး သုံးသိန်းနှစ်သောင်း ရရှိခဲ့ခြင်းသည် အပေးအယူကောင်းတစ်ခုဖြစ်ကာ သူ့အတွက် အရှုံးမရှိနိုင်ဟု တွေးထင်ခဲ့သည်။ သူ၏အဆိုးရွားဆုံးအိပ်မက်များ အတွင်း၌ပင် ဤမြင်းထံ၌ ယခုကဲ့သို့စွမ်းရည်မျိုး ရှိနေမည်ဟု မျှော်လင့်မထားခဲ့ချေ။

ရင်းမြစ်သားရဲများအကြား၌ သာမန်အကျဆုံး သားရဲတစ်ကောင်ပင်လျှင် ရောင်းချပါကအနည်းဆုံး ရင်းမြစ်ဒင်္ဂါးတစ်သန်းခန့် ရရှိပေမည်။

သူသည် ရင်းမြစ်ဒင်္ဂါး သုံးသိန်းနှစ်သောင်းရရှိခဲ့သဖြင့် အရှုံးမရှိဟု တွေးထင်ခဲ့သော်လည်း လက်တွေ့ဖြစ်ရပ်မှန်မှာ သူသည် သိန်းနှင့်ချီသော ရင်းမြစ်ဒင်္ဂါးများ ရှုံးသွားခဲ့သည်။

"ကျောင်းတော်မှာရှိတဲ့ လူတွေအားလုံးက ငါ့ရဲ့သမီးကို အဲ့ဒီလူရဲ့တပည့်ဖြစ်လာဖို့ တွန်းပို့နေတာ အံ့အားသင့်စရာ မရှိတော့ဘူး...သူတို့က သောက်လီရဲ့ ပြိုင်ဘက်ကင်းစွမ်းရည်ကို ရှာတွေ့သွားပြီးတော့ ငါ့ဆီကနေ အခွင့်အရေးယူချင်တာပဲဖြစ်မယ်"

ဤအတွေးသည် သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာချိန်၌ လျှူထျန်ကျန်းအတွက် အရာအားလုံး အဓိပ္ပါယ်ရှိသွားလေပြီ။ သူ အလွန်ဒေါသထွက်နေခြင်းကြောင့် သူ၏ရင်ဘတ်များပေါက်ကွဲလုတော့လုမတတ် ခံစားနေရသည်။

သူသည် အမြတ်အစွန်းရခဲ့သည်ဟု တွေးထင်ခဲ့သော်လည်း လက်တွေ့ဖြစ်ရပ်မှာမူ သူ့အား အရူးတစ်ယောက်ကဲ့သို့ လှည့်စားခံလိုက်ရခြင်းပင်။

သူသည် ဤကိစ္စအကြောင်းကို ပို၍တွေးတောမိလေလေ ပို၍ဒေါသထွက်လေလေပင်။ လျှူထျန်ကျန်းသည် သည်းမခံနိုင်တော့သဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"လုမင်ရုန် ယုလုံချင်း....မင်းတို့က ငါ့ကို လှည့်စားရဲတယ်ပေါ့.....ငါ မင်းတို့နဲ့ထပ်တွေ့တာနဲ့ ဖြေရှင်းချက်တစ်ခုကို သေချာပေါက်တောင်းမယ်"

"မင်းက ငါတို့ဆီကနေ ဘာဖြေရှင်းချက် တောင်းချင်တာလဲ"

သူ့၏ဒေါသများ ဖွင့်ထုတ်နေမှု မပြီးဆုံးသေးမီမှာပင် ဇဝေဇဝါဖြင့် ပြောဆိုလိုက်သော အသံတစ်သံက သူ့အား ကြားဖြတ်ဟန့်တားလေသည်။

လျှူထျန်ကျန်းသည် နောက်သို့လှည့်ကြည့်လိုက်ရာ သူ အစောပိုင်းက ကျိန်ဆဲနေခဲ့သော လူများဖြစ်သည့် ကျောင်းအုပ်ကြီးလုမင်ရုန်နှင့် မြို့အရှင်ယုလုံချင်းတို့သည် သူ၏နောက်၌ မတ်တတ်ရပ်နေသည်ကို မြင်တွေ့မိလေ၏။

"ငါ ဘာကို ဖြေရှင်းချက် တောင်းမလို့လဲဆိုတာ မင်းတို့နှစ်ယောက်လုံး သိပြီးသား မဟုတ်လား"

လျှူထျန်ကျန်းက ဒေါသတကြီး အော်ငေါက်လိုက်သည်။

"ခဏနေအုံး...မင်း သိသွားတာလား...."

လုမင်ရုန်နှင့်ယုလုံချင်းတို့သည် နောက်ဆုံး၌ ရင်းမြစ်ရေအိုင် အကဲဖြတ်မှု စတင်နေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။ သူတို့သည် လျှူထျန်ကျန်း၏ရှေ့ရှိ အကဲဖြတ်ကျောက်ပြားကိုကြည့်ပြီး အကြည့်ချင်း ဖလှယ်လိုက်ကြကာ သူတို့၏မျက်နှာအမူအယာများ တပြိုင်နက်တည်း ပျက်ယွင်းသွားသည်။

"ဒါဆိုရင် မင်းတို့က ဒီကိစ္စကို ဝန်ခံလိုက်ပြီလား....ငါ့ကိုလိမ်ညာရတာက ပျော်ဖို့ကောင်းတယ်လို့ မင်းတို့ ထင်နေကြတာလား"

လျှူထျန်ကျန်းက ဒေါသတကြီးဖြင့် သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

"ဒါက ငါတို့က မင်းကို လိမ်ချင်လို့ မဟုတ်ပါဘူး....ဒါပေမယ့် ဒီကိစ္စအကြောင်းကို သိတဲ့လူနည်းလေလေ ပိုကောင်းလေလေပဲ...မဟုတ်ရင်ကြီးမားတဲ့ ဘေးဒုက္ခတွေ ဖြစ်လာနိုင်တယ်...ဒီကိစ္စကို မင်း နားလည်လောက်ပါတယ်...ဟုတ်တယ်မလား"

လုမင်ရုန်က သက်ပြင်းရှိုက်ပြီး သူ၏ခေါင်းကို ခါယမ်းလိုက်၏။

သူတို့သည် သူ့အား ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ခြင်း မဟုတ်ချေ။ သို့ရာတွင် ကျန်းရွှမ်၏ပါရမီအရည်အချင်းသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။ အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက အဖြူရောင်ကျောက်တုံးမြို့အတွက် ဘေးကပ်ဆိုးများ ဆိုက်ရောက်လာနိုင်သည်။

All Chapters