လျှူထျန်ကျန်း၏ပြိုလဲမှု(၂)
Vol. 7 Ch. 104
လျှူထျန်ကျန်းက လှောင်ပြောင်သရော်လိုက်သည်။
"ဘေးဒုက္ခလား....မင်းတို့က ဘေးဒုက္ခတွေ ဆိုက်ရောက်လာမှာကို စိုးရိမ်တာလား...ဒါမှမဟုတ် ဒီကိစ္စကို ငါ ရှာတွေ့သွားရင် ငါ့အပေါ်မှာမင်းတို့ အခွင့်အရေးမယူနိုင်တော့မှာကို စိုးရိမ်နေကြတာလား"
"မင်းအပေါ်မှာ အခွင့်အရေးယူတာလား"
လုမင်ရုန်နှင့်ယုလုံချင်းတို့သည် ဇဝေဇဝါဖြစ်သွားကာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
"တကယ်လို့ အဲ့ဒီလိုကိစ္စမျိုး ရှိနေရင်တောင်မင်းကသာ အခွင့်အရေးရသွားတဲ့ တစ်ယောက်ပဲ"
လုမင်ရုန်က သည်းမခံနိုင်တော့သဖြင့် ချေပလိုက်သည်။
'မင်းရဲ့သမီးက ဒီလိုထိပ်သီးပါရမီရှင်တစ်ယောက်ဆီမှာ ပညာသင်ယူနေတာ...ဒီလိုအဆက်အသွယ်တစ်ခုတည်းနဲ့တင် မင်းအတွက် ပြောမပြနိုင်လောက်တဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ဂုဏ်သိက္ခာတွေ ရလာနိုင်တယ်'
'မင်းက ကြီးမားတဲ့ အမြတ်အစွန်းကို ရထားတာတောင် ငါတို့ကို အခွင့်အရေးယူတယ်လို့ စွပ်စွဲနေတယ်....မင်းက တော်တော်လေး အရှက်မဲ့တာပဲ'
"ငါက အခွင့်အရေး ယူထားတာလား...လုမယုံ မင်းက အမှန်တရားကို အခုလိုမျိုး ပြောင်းပြန်လှန်လိုက်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး.... ငါ့ရဲ့သမီးနဲ့ငါ့ကို အလွယ်တကူ လှည့်စားလို့ရမယ်လို့ မင်းတို့ ထင်နေကြတာလား.... တကယ်လို့ မင်းတို့က ငါ့ကို ဒီနေ့ သင့်တော်တဲ့ ဖြေရှင်းချက်မျိုး မပေးနိုင်ဘူးဆိုရင် လျှူမိသားစုက အဖြူရောင်ကျောက်တုံးကျောင်းတော် နောင်တရအောင် သေချာပေါက်လုပ်ပြမယ်"
လျှူထျန်ကျန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏စကားလုံးတစ်လုံးစီတိုင်းတွင် သူ၏ဒေါသများ ရောယှက်နေပေ၏။
လုမင်ရုန်သည် ထိုစကားများကို ပို၍နားထောင်မိလေလေ ပို၍စိတ်ရှုပ်ထွေးလာလေလေပင်။ သူသည်လည်း ဒေါသထွက်လာသဖြင့် မျက်ခုံးပင့်ပြီး တုံ့ပြန်အော်ဟစ်လိုက်သည်။
"လျှူထျန်ကျန်း....မင်း ရူးနေတာလား....ငါက လျှူမိသားစုကို ကောင်းမွန်တဲ့အခွင့်အရေးနဲ့ကြီးမားတဲ့ထောက်ပံ့မှု ပေးထားတာတောင် မင်းက ဒါကို အသိအမှတ်ပြုရမယ့်အစား ငါ့ကို စွပ်စွဲနေတယ်....မင်းက ငါ့ရဲ့ကြင်နာမှုကို ကျေးဇူးကန်းမှုနဲ့ ပြန်ပေးဆပ်ချင်တာလား....အဖြူရောင်ကျောက်တုံးကျောင်းတော်က မင်းတို့လျှူမိသားစုကို ကြောက်နေမယ်လို့ မင်း တကယ်ကြီး ထင်နေတာလား"
"အခွင့်အရေး....မင်းက ဒါကို အခွင့်အရေးလို့ ခေါ်တာလား"
လျှူထျန်ကျန်းက လှောင်ပြောင်သရော်လိုက်သည်။
"ကောင်းပြီလေ...မင်း အခွင့်အရေးလို့ ပြောနေတဲ့အရာကို ပြန်ယူသွားလိုက်တော့"
ထိုစကားနှင့်အတူ သူ၏ဝတ်ရုံလက်ကြားမှ ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်တစ်ထပ်ကို ဆွဲထုတ်ပြီး ကျောင်းအုပ်ကြီးလုထံသို့ ပစ်ပေါက်လိုက်သည်။
ရင်းမြစ်ဒင်္ဂါးငွေလက်မှတ်များသည် လေထုအတွင်း၌ ပြန့်ကျဲသွားကာ လုမင်ရုန်နှင့်ယုလုံချင်းတို့ နှစ်ယောက်လုံးသည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။
လျှူထျန်ကျန်းသည် ရူးသွပ်သွားသလော...
ကျန်းရွှမ်သည် ထိပ်သီးပါရမီရှင်တစ်ယောက်ဖြစ်ကာ လျှူမင်ယွဲ့သည် သူ၏တပည့်ဖြစ်နေသည်ကို သိရှိချိန်၌ လျှူထျန်ကျန်းသည် ပျော်ရွှင်နေသင့်ပေ၏။ သို့ရာတွင် ထိုအစားသူသည် ငွေများကိုပင် သူတို့အား ပစ်ပေါက်ပေးနေသည်။ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း။
"တကယ်လို့ မင်းက လျှူမင်ယွဲ့ကို ကျန်းရွှမ်ရဲ့တပည့်အဖြစ်ကနေ ပယ်ဖျက်ချင်တယ်ဆိုရင် ကျောင်းအုပ်ကြီးတစ်ယောက်ဖြစ်တဲ့ ငါက သဘောတူပေးနိုင်တယ်"
လုမင်ရုန်က အေးစက်တင်းမာစွာ ပြောဆိုလိုက်ပြီး သူသည် လျှူထျန်ကျန်း၏ရည်ရွယ်ချက်ကိုနားလည်သဘောပေါက်သွားပြီဟု စဉ်းစားတွေးတောမိလေ၏။
ယခုအချိန်တွင် လျှူထျန်ကျန်း အံ့အားသင့်ရမည့် အလှည့်သို့ ရောက်ရှိသွားလေပြီ။
"မင်း ဘာကို ဆိုလိုတာလဲ"
"မင်း စဉ်းစားနေတဲ့ အတိုင်းပဲ"
လုမင်ရုန်က အထင်အမြင်သေးသော လေသံဖြင့် တုံ့ပြန်လိုက်သည်။
လျှူထျန်ကျန်းက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
"ကောင်းပြီလေ...ဒါဆိုရင် မင်းက ငါ့ကိုအသုံးချပြီးတော့ လိုချင်တာကို ရသွားတာနဲ့ ငါ့ကို စွန့်ပစ်လိုက်တာပေါ့...လုမင်ရုန် မင်းက တော်တော်လေး ရိုင်းစိုင်းတဲ့ကောင်ပဲ"
သူတို့သည် သူအား မြင်းကိုစွန့်လွှတ်ရန် လှည့်စားပြီးမှ ဆရာတပည့်ဆက်ဆံရေးကို ဖြတ်တောက်လိုသလော။ ဤလူများသည်အနည်းဆုံးအနေဖြင့် ထိုကိစ္စကို ဖုံးကွယ်ရန်ကြိုးစားမည်ဟု သူ မျှော်လင့်ခဲ့သော်လည်း သူတို့သည် ဤမျှထိ ပြောင်ပြောင်တင်းတင်း ပြုမူနေပေ၏။
"မင်းကို စွန့်ပစ်တာလား...မင်း ရူးနေတာလား..."
လုမင်ရုန်သည် ဖြေရှင်းချက်တောင်းရန် ဟန်ပြင်လိုက်သည့် အချိန်မှာပင် စင်မြင့်၏အထက်၌ စွမ်းအင်စုပ်ဝဲတစ်ခု တဝုန်းဝုန်းထလာသည်ကို သတိပြုမိသွားသည်။
"သူက ဖုံးကွယ်ဖို့ကိုတောင် မကြိုးစားတော့ဘူးလား"
လုမင်ရုန်သည် ထိုစွမ်းအင်စုပ်ဝဲ၏အလယ်ဗဟိုတွင် ကျန်းရွှမ် ရှိနေသည်ကို မြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်သည်။
ယခင်က ကျောင်းတော်တွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို စုပ်ယူခဲ့စဉ်အချိန်၌ ကျန်းရွှမ်သည် အနည်းငယ်သိုသိုသိပ်သိပ်နေခဲ့ကာ ဤကဲ့သို့ ရုန်းရင်းဆန်ခတ်မှုမျိုးကို မဖြစ်ပွားစေခဲ့ချေ။ သို့ရာတွင် ယခုအချိန်၌ သူသည် သူ၏နဖူးပေါ်၌ 'ငါက ပါရမီရှင်'ဟု ခတ်နှိပ်ထားသည့်အလား ပြုမူနေပေ၏။
လုမင်ရုန်သည် ငြင်းခုံနေခြင်းကို ရပ်တန့်ကာ စင်မြင့်အား စူးစိုက်ကြည့်နေသည်ကို မြင်တွေ့ချိန်၌ လျှူထျန်ကျန်း၏အကြည့်သည်လည်း ထိုနေရာသို့ ကျရောက်သွားသည်။ ထိုအချိန်မှာပင် သူ ထိတ်လန့်တုန်လှုပ်သွားကာ သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ဒါက...."
ကျန်းရွှမ်မှ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို စုပ်ယူနေသည့် မြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လေထုကို တလိမ့်လိမ့်ထနေစေပြီး ဤသည်မှာ သူ ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးသော အရာပင်။
'မြင်း မဟုတ်ဘူး....ဒါက ကျန်းရွှမ်ပဲ'
လျှူထျန်ကျန်းသည် သူ၏အမှားကို အလျင်အမြန် နားလည်သဘောပေါက်သွားသည်။
စွမ်းအင်စုပ်ဝဲသည် သောက်လီကို ဗဟိုပြုနေခြင်းမဟုတ်ဘဲ ကျန်းရွှမ်အပေါ်တွင် တည်ရှိနေခြင်း ဖြစ်ပေ၏။
ကျန်းရွှမ်သည် မြေပြင်ပေါ်တွင် တည်ငြိမ်အေးဆေးစွာ ပလ္လင်ခွေထိုင်နေပြီး မျက်လုံးစုံမှိတ်ထားသည်။ သန့်စင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများသည် မုန်တိုင်းတစ်ခုအလား သူ့ထံသို့ စီးဝင်နေသည်။ သူ၏ခန္ဓာကိုယ်သည် အောက်ခြေမရှိသော ကျင်းနက်ကြီးနှင့်တူညီနေကာ မည်မျှထိများပြားသော စွမ်းအားများကို စုပ်ယူစေကာမူ ပြည့်သွားခြင်းမရှိချေ။
လျှူထျန်ကျန်းက တုန်တုန်ရီရီဖြင့် သူရှေ့ရှိ အကဲဖြတ်ကျောက်ပြားကို တစ်ချက်ကြည့်လိုက်သည်။ ဤအချိန်အခိုက်အတန့်တွင် အဆင့်ဇယား၏ထိပ်ဆုံးနေရာတွင် သောက်လီကိုကျော်လွန်၍ တခြားနာမည်တစ်ခုက နေရာယူထားသည်။
အမည်....ကျန်းရွှမ်
သန့်စင်ခြင်း....စွမ်းအင်တန်း၃၅၁၇တန်း
"...."
လျှူထျန်ကျန်း၏အမြင်အာရုံ မှောင်မည်းသွားကာ သတိလစ်မေမြောသွားလုနီးပါးပင်။
ပုံမှန်အတိုင်း တွက်ချက်ပါက စွမ်းအင်တန်းတစ်တန်းလျှင် ရင်းမြစ်ဒင်္ဂါးနှစ်ရာ ကျသင့်သဖြင့် စွမ်းအင်တန်း၃၅၁၇တန်းသည် ရင်းမြစ်ဒင်္ဂါး၇သိန်းကျော်နှင့် ညီမျှသည်။ ဤအရာများအားလုံးကို လူတစ်ယောက်တည်းမှ စုပ်ယူသွားခဲ့သလော။
သူသည် အရှုံးပေါ်ခြင်းမရှိအောင် မည်ကဲ့သို့ပြုလုပ်ရမည်ကို စိုးရိမ်ပူပန်သွားသည်။ သို့ရာတွင် ကျန်းရွှမ်တစ်ယောက်တည်းဖြင့် ကုန်သွယ်ရေးအိမ်တော်သည် ကြီးမားသောအရှုံးကို ခံစားရမည်မှာ သေချာပေါက်ပင်။
"မဖြစ်နိုင်ဘူး...သူက လူမဟုတ်ဘူး..."
လျှူထျန်ကျန်းသည် ကြက်သေသေနေလေ၏။
သာမန်ကျင့်ကြံသူတစ်ယောက်သည် ဤမျှထိများပြားသော စွမ်းအားများကို စုပ်ယူနိုင်သလော....
"ငေးကြည့်နေတာကို ရပ်ပြီးတော့ အဲ့ဒီကိစ္စကိုဖုံးကွယ်ဖို့အတွက် တစ်ခုခုလုပ်အုံး...တကယ်လို့ ဒီကိစ္စ ပေါက်ကြားသွားရင် ဘယ်လိုဘေးဒုက္ခမျိုးတွေ ရောက်လာနိုင်တယ်ဆိုတာ မင်း သိပါတယ်"
လျှူထျန်ကျန်းသည် နေရာမှာပင် ကြက်သေသေပြီး မတ်တတ်ရပ်နေသည်ကို မြင်တွေ့သဖြင့် လုမင်ရုန်သည် ဒေါသတကြီး အော်ဟစ်လိုက်၏။
"ဖုံးကွယ်ရမှာလား...မင်း...မင်းတို့က သူ့ရဲ့ပါရမီအရည်အချင်းအကြောင်းကို သိပြီးသားလား..."
လျှူထျန်ကျန်းသည် နောက်ဆုံး၌ အသိပြန်ဝင်လာခဲ့သည်။
"သေချာတာပေါ့....လျှူမင်ယွဲ့ သူ့ရဲ့ တပည့်ဖြစ်သွားတာက ကြီးမားတဲ့ ကောင်းချီးတစ်ခုဆိုတာ မင်း အရင်ကတည်းက မသိခဲ့ဘူးလား....အခုမင်းက မင်းရဲ့သမီးကို ပြန်ပြီးထုတ်ပယ်ချင်နေတာ မဟုတ်လား"
လုမင်ရုန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
လျှူထျန်ကျန်းသည် နောက်ဆုံး၌ နားလည်သဘောပေါက်သွားလေ၏။
"ခဏနေအုံး....မင်းတို့ပြောနေတာက..... ကျန်းရွှမ်က ထိပ်သီးပါရမီရှင်တစ်ယောက်လို့ မင်းတို့ ပြောချင်တာလား..."
လုမငိရုန်သည် ခေါင်းညိတ်ပြပြီးနောက် ဇဝေဇဝါဖြင့် လျှူထျန်ကျန်းကို ကြည့်လိုက်သည်။
"သေချာတာပေါ့...ငါတို့က တခြားဘာအကြောင်းကို ပြောရမှာလဲ"
"ငါက မြင်းအကြောင်းကို ပြောနေတာ.."
လျှူထျန်ကျန်းက အကဲဖြတ်ကျောက်ပြားထံသို့ လက်ညှိုးညွှန်ပြလိုက်သည်။
လုမင်ရုန်နှင့်ယုလုံချင်းတို့သည် ထိုအရာကို တစ်ချက်ကြည့်ပြီးနောက် သူတို့၏မျက်လုံးများ ကျဉ်းမြောင်းသွားပေ၏။
အမည်....သောက်လီ
သန့်စင်ခြင်း...စွမ်းအင်တန်း၄၅တန်း
အချိန်တိုအတွင်း၌ သောက်လီသည် ကောင်းကင်ကံကြမ္မာ စွမ်းအင်တန်း၄၅တန်းကို စုပ်ယူနိုင်ခဲ့သည်။ ဤမြင်း၏ပါရမီအရည်အချင်းသည် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ထက်ပင် သာလွန်နေပေ၏။
ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ....မြင်းတစ်ကောင်သည်အမှန်တကယ် ကျင့်ကြံနိုင်သလော....
ရုတ်ချည်းဆိုသလိုပင် သူတို့နှစ်ယောက်လုံး မူးမေ့လဲကျသွားတော့လုမတတ် ဖြစ်သွားသည်။
သူတို့သည် ကျန်းရွှမ်ကို သိမ်းသွင်းရန် ကြိုးစားခဲ့ကြခြင်းမှာ သူ၏ထူးချွန်သော ပါရမီအရည်အချင်းကြောင့်ပင်။ မီးပြင်းဖိုကိုထွန်းညှိပေးနိုင်ခြင်း သင်ကြားရေး၌ထူးချွန်ခြင်း သားရဲယဥ်ပါစေခြင်းပညာရပ်တွင် ကျွမ်းကျင်ခြင်း ကောင်းကင်ကံကြမ္မာနှင့်ဆက်စပ်နေခြင်း စသည်တို့ကို သူတို့ သိရှိထားသည်။ သို့ရာတွင်ယခုချိန်တွင်မူ သူတို့သည် သူအား လျှော့ထွက်ခဲ့မိကြောင်းနားလည်သဘောပေါက်သွားပေ၏။
သူသည် မြင်းများကို ယဥ်ပါးစေကာ စစ်မြင်းများအဖြစ်သို့ ပြောင်းလဲပေးနိုင်ရုံသာမက ထိုသတ္တဝါများကို ရင်းမြစ်သားရဲများအဖြစ်သို့လည်း ရောက်ရှိသွားစေနိုင်သည်။
အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပါက သူ့အား ရရှိရန်အတွက် မရေမတွက်နိုင်သောနယ်မြေများ တိုက်ခိုက်နေကြပေမည်။
ဤအချက်ကို နားလည်သဘောပေါက်သွားချိန်၌ လျှူထျန်ကျန်းက ချန်းရှောင်သည် သူ့၏သားဖြစ်သူ အရှက်ခွဲခံရသည့်တိုင်မည်သည်ကြောင့် ငွေပေးချေရန် စိတ်အားထက်သန်နေသည်ကို နားလည်သဘောပေါက်သွားခဲ့သည်။