အမည်ဝှက်များ လှုပ်ရှားခြင်း
Vol. 11 Ch. 141
အလင်းနန်းတော်တွင်ဖြစ်သည်။
အနီရောင်မုတ်ဆိတ်ရှည်ကြီးများရှိသောအကြီးအကဲတစ်ယောက်က တဖွဖွချီးမွမ်းလိုက်သည်။
"ကောင်းတယ်၊အရမ်းကောင်းတယ်...တိုင်းပြည်တစ်ရာနယ်မြေလေးကနေ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက် ပေါ်ထွက်လာတာက တကယ်ကိုကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုပဲ"
သူ၏ပါးစပ်ကချီးမွမ်းနေသော်လည်း မျက်လုံးများထဲ၌မှု သတ််ဖြတ်လိုစိတ်တစ်ချို့ လက်ခနဲဲဖြတ်ပြေးသွားခဲ့သည်။ထိုပုဂ္ဂိုလ်သည်လည်း ကျိယွမ်ပြောခဲ့ဖူးသလို ပါးစပ်က ဘုရား ဘုရား ၊လက်က ကားယားကားယားအမျိုးအစားဖြစ်ပုံရ၏။
ကျောက်စိမ်းကဲ့သို့တောက်ပနေသော နန်းတော်အတွင်း၌၊ ခရမ်းရောင်နန်းတော်အဆင့်သုံးဦးနှင့် စိတ်ဝိညာဥ်အဆင့် ဒါဇင်ပေါင်းများစွာတို့၏ မျက်လုံးများတွင်လည်း သတ်ဖြတ်လိုစိတ်များ ဟုန်းဟုန်းထနေ၏။
"တိုင်းပြည်တစ်ရာလိုနေရာလေးက နှစ်သိန်းသန်းချီမှ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ထွက်လာနိုင်တာကို သူတိူ့နေရာသူတို့မသိဘဲ ငါတို့အလင်နန်းတော်ကို စစ်ကြေညာတယ်တဲ့၊ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ ကိစ္စလဲ"
ဒေါသအလွန်ကြီးတတ်သူဟု နာမည်ကြီးလှသော ခရမ်းရောင်နန်းတော်အဆင့် ကြိုးနက်အရှင်က လှောင်ပြောင်လိုက်သည်။
ခန်းမထဲတွင်ရှိနေသော ခရမ်းရောင်နန်းတော်သုံးဦးသည် တိုင်းပြည်တစ်ရာသွေးစစ်ပွဲကိစ္စကို ကြီးကြပ်နေကြသူများဖြစ်၏။
ယခုလို ခရမ်းရောင်နန်းတော်အဆင့်ကို ရှားရှားပါးပါးတက်လှမ်းထားသည့် တိုင်းပြည်ငယ်လေးမှ ကျင့်ကြံသူတစ်ဦး၏ စိန်ခေါ်မှုကို ခံနေရသည့်အတွက် သူတို့မည်သို့ ဒေါသမထွက်ဘဲရှိမည်နည်း။
ဒေါသထွက်လွန်း၍ နုတ်နုတ်စင်းပစ်ချင်နေကြသည်။
အလင်းနန်းတော်တွင် ခရမ်းရောင်နန်းတော် အဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ ရှိပြီး ပျက်စီးနေသော ယင်နတ်ဘုရားအဆင့်လက်နက်ဖြစ်သော နဂါးသရဖူကိုပင် ပိုင်ဆိုင်ထားသည်။
ယင်နတ်ဘုရားတစ်ပါးမဟုတ်သရွေ့ မည်သူကမှ သူတို့နှင့်ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟုပင် ဆိုနိုင်သည်။
တောကြိုအုံကြားမှ ခရမ်းရောင်နန်းတော်အဆင့်လေးတစ်ယောက်ဆိုလျှင်တော့ စကားထဲပင်ပြောစရာ မရှိပါ။
"ဒီ သွေးဝတ်စုံဓားနတ်ဘုရားက တကယ့်ကို မောက်မာတာပဲ။ သူ့ရဲ့မျိုးနွယ်က ချန်တိုင်းပြည်မှာ ရှိတယ်ထင်တယ်။ သူတို့ကို ဖမ်းဆီးပြီး အဲဒီကောင် ပေါ်လာအောင် အတင်းအကျပ် လုပ်ဖို့ တစ်ယောက်ယောက်ကို ပို့လိုက်ရမလား"
စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးက ဖြူစင်သောဗျူဟာပေးသည်။
"ဒါက မသင့်တော်ဘူး။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ အလင်းနန်းတော်က ကွေးယွန်တိုက်ကြီးမှာ ဖြောင့်မတ်တဲ့လမ်းစဥ်ရဲ့ ဦးဆောင်လမ်းပြပဲ။ ဒီလိုလုပ်ရပ်မျိုး လုပ်ပြီး မျက်နှာပျက်ခံလို့ ဘယ်ဖြစ်မလဲ။"
"ပိုအရေးကြီးတာက အဲဒီ မြေဓားအမတ် ရဲ့ ဆွေမျိုးတွေကလည်း ပျောက်ဆုံးနေတာ ကြာပြီ"
အခြားသော စိတ်ဝိညာဥ်တစ်ဦးက တွေးတွေးဆဆပြန်ဖြေသည်။
အခြားသော စိတ်ဝိညာဥ်အဆင့်များက ထိုသူအား မမြင်ဖူးသူလို ကြည့်လိုက်ကြသည်။
တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို အတင်းအကျပ်ဖန်တီးကတည်းက ငါတို့ကိုဘယ်သူကမှ ဖြောင့်မတ်တယ်လို့ သတ်မှတိတော့မှာလဲ။
ဆားသင်္ဘောမှောက်တာကို ဇကာနဲ့ဆယ်ဖို့လုပ်နေတာပဲ။
ခုချိန်မှာဘယ်သူက မျက်နှာပန်းလှဖို့ တွေးနေဦးမှာလဲ။
"ခရမ်းရောင်နန်းတော်အဆင့်လောက်နဲ့ ဘာမှ အရေးတကြီး လုပ်စရာမလိုပါဘူး။ သူလာရဲရင် လာပေါ့၊အလောင်းတောင် ပြန်ရလိုက်မှာ မဟုတ်ဘူး"
အလင်းနန်းတော်တွင် အတော်အတန် အဆင့်အတန်းလည်းရှိပြီး ခရမ်းရောင်နန်းတော်အလယ်အလတ်အဆင့်တစ်ဦးလည်းဖြစ်သည့် ချင်းယင်က ဆိုလိုက်သည်။
ချင်းယင်ကအခြားသူများထက် နှာတစ်ဖျားသာနေရသည်မှာ သူ၏တပည့်ကလည်း အလွန်ထူးချွန်ပြီး အရှေ့တိုင်းဒေသ၏ ထိပ်တန်း ပါရမီရှင်များထဲတွင် ပါဝင်ကာ ခရမ်းရောင်နန်းတော်အဆင့်သို့ ဝင်ရောက်ရန် အခွင့်အလမ်း အလွန်များနေသောကြောင့်လည်း ပါသည်။
သူက ယခုတစ်ကြိမ်တွင် သူ၏ဂုဏ်သတင်းကို မြှင့်တင်ရန် တိုင်းပြည်တစ်ရာဒေသ သွေးစစ်ပွဲကို ကြီးကြပ်နေခြင်း ဖြစ်၏။
နောင်တစ်ချိန်တွင် အလင်းနန်းတော်၌ နန်းတော်သခင်အသစ်တစ်ပါး ထပ်တိုးလာပါက သူ၏အမည်မှာ ထိုစာရင်းတွင် ပါဝင်လာမည်မှာ သေချာနေသူပင်။
ချင်းယင်၏ စကားကြောင့် အခြားသူများ လည်း ထိုကိစ္စကို ဆွေးနွေးခြင်း မပြုတော့ကြပေ။
သွေးဝတ်စုံဓားနတ်ဘုရားသည် ခန်းမထဲတွင်ရှိနေသော စိတ်ဝိညာဥ်အဆင့်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
သာမန်ခရမ်းရောင်နန်းတော်အဆင့်များမှာလည်း သူ့ကို အလေးအနက်ထားရန် လိုအပ်ပါသည်။
သို့သော် ချင်းယွင်လိုလူမျိုးအတွက်မူ ထိုသူသည် စကားထဲထည့်ပြောရန်ပင် တန်ဖိုးမရှိသူဖြစ်၏။
"ငါ့မှာ ဧည့်သည်တစ်ယောက်နဲ့ တွေ့ဖို့ရှိတယ်။ လူတိုင်း၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ကြပါ"
ချင်းယင်က လက်ဝှေ့ယမ်းလိုက်ရာ ခန်းမထဲတွင်ရှိနေသော ခရမ်းရောင်နန်းတော်အဆင့်များနှင့် စိတ်ဝိညာဥ်အဆင့်များ ထွက်ခွာသွားကြသည်။
ခန်းမကြီး၏အပြင်ဘက်၌ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးသည် စိုးရိမ်ပူပန်နေသောအမူအရာရှိကာ မျက်လုံးများကလည်း တော်တော်လေးဂဏာမငြိမ်ဖြစ်နေ၏။
ထိုအဘိုးအို၏အမည်မှာ ရွှီရဲ့လီဖြစ်သည်။ သူက ကျင်းယန်ဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲဖြစ်ပြီး ထိုဂိုဏ်း၏ တစ်ယောက်တည်းသော နန်းတော်သခင်အဆင့်ကျင့်ကြံသူလည်းဖြစ်သည်။
သူသည်တံခါးပိတ်ကျင့်ကြံနေချိန်ဖြစ်သော်လည်း အလင်းနန်းတော်၏အမိန့်ကြောင့် ကျင့်စဥ်ကိုရပ်နားခဲ့ရပြီး မိုင်ထောင်ချီခရီးနှင်ကာ လာခဲ့ရလေ၏။
မည်သည့်အရေးကြီးကိစ္စကြောင့် ယခုလိုဆင့်ခေါ်ခဲ့ရလေသနည်း။
သူတော်တော်လေးစိတ်ပူနေမိသည်။
သူ၏ဂိုဏ်းလေးက အလင်းနန်းတော်အပေါ်ထပ်မံ၍ အပြစ်ပြုမိခဲ့လေပြန်သလား။
"အကြီးအကဲ ရွှီ၊အကြီးအကဲချင်းက ခန်းမထဲမှာ ခင်ဗျားကို စောင့်နေပါတယ်"
စိတ်ဝိညာဥ်အဆင့်တစ်ဦးက သတင်းပေးလိုက်သည်။
"ငါ အခုပဲသွားတွေ့လိုက်မယ်"
အသက်ရှုချိန်အနည်းငယ်မျှကြာပြီးနောက် ရွှီရဲ့လီခန်းမထဲသို့ ဝင်လာသည်။ အထက်တွင် ထိုင်နေသော ခန့်ညားထည်ဝါသည့် လူကိုကြည့်ကာ လေးစားမှုအနည်းငယ်ဖြင့်မေးလိုက်သည်။သူကခရမ်းရောင်နန်းတော်အဆင့်တစ်ဦးဖြစ်သော်လည်း အလင်းနန်းတော်၏အင်အားကိုတော့ မတွန်းလှန်နိုင်ပါ။
"ချင်းယင်ညီအစ်ကို ငါ့ကို ဘာကိစ္စအတွက် ဆင့်ခေါ်တာလဲ"
အဖြူရောင်ကျောက်စိမ်းကုလားထိုင်ပေါ်တွင်ထိုင်နေသော ချင်းယင်သည် ခန့်ညားချောမောပြီး သူ၏ မျက်လုံးများမှာ ကြယ်များကဲ့သို့ နက်ရှိုင်းနေ၏။
"ငါတို့ မတွေ့တာ အတော်ကြာပြီဆိုတော့။ သာကြောင်းမာကြောင်းလေးတွေ ပြောကြရင်ကောင်းမလားလို့ပါ"
"သာကြောင်းမာကြောင်းလား"
ချင်းယင်က သာကြောင်းမာကြောင်းလေးတွေပြောဖို့အတွက် ရွှီရဲ့လီမှာ တံခါးပိတ်ကျင့်ကြံနေရာမှအချိန်မစေ့သေးဘဲထွက်ခဲ့ရပြီး မိုင်ထောင်ချီခရီးနှင်လာရအောင် အမိန့်ထုတ်ဖိအားပေးခဲ့ခြင်းပင်။
ဒါက သာကြောင်းမာကြောင်းတဲ့လား။
ရွှီရဲ့လီမှာ မကျေမနပ်ဖြစ်သွားသော်လည်း ဖော်မပြဝံ့ဘဲ အလိုက်သင့်ပြောလိုက်ရသည်။
"တကယ်ပဲ အတော်ကြာပါပြီ"
ထို့နောက် ခဏတာ သာကြောင်းမာကြောင်းများဖလှယ်ပြီးနောက် ချင်းယင်သည် အဓိက အကြောင်းအရာကို စပြောလာသည်။
"အရှေ့တိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို ရှေ့ကိုစောပြီး ရွှေ့လိုက်တာကို မင်းသိလား"
"နည်းနည်းပါးပါးတော့ ကြားပါတယ်"
ရွှီရဲ့လီက အဆင်ပြေအောင်ပြန်ဖြေသည်။
သို့သော် သူ၏ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခု၏ အရိပ်အငွေ့ကို ခံစားမိလာသလိုလိုပင်။
ကျင်းယန်ဂိုဏ်းသည် သေးငယ်ပြီး ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးတည်းသာ ရှိသည်။
သို့သော် ဂိုဏ်း၏သူတော်စင်တပည့် ရွှီထုန်ချန်သည် အရှေ့တိုင်းဒေသပါရမီရှင် စာရင်း၏ ထိပ်ဆုံး အယောက်သုံးဆယ်တွင် ပါဝင်သူဖြစ်၏။
ရွှီထုန်ချန်သည် အလွန်ထူးခြားသော ပါရမီ ရှိသဖြင့် သူ၏အမြုတေကို ဖွဲ့စည်းသောအခါ စစ်မှန်နေမင်းမီးတောက်ကို နိုးထစေခဲ့သည်။
သူသည် သူ၏အမြုတေကို ဆင့်ခေါ်သောအခါ စစ်မှန်နေမင်းမီးတောက်များက လမ်းတစ်လျှောက်ရှိ အရာအားလုံးကို လောင်ကျွမ်းစေပြီး မည်သူမျှ မခံနိုင်ခဲ့ကြပေ။
စိတ်ဝိညာဥ်အဆင့်များ၏ နတ်စွမ်းအင်များပင် သူ၏စစ်မှန်နေမင်းမီးတောက်ကို မခုခံနိုင်လောက်အောင် အစွမ်းထက်၏။
ထိုအချိန်မှစ၍ ကွေးယွန်တိုက်ကြီးတွင် ကောလာဟလများ ပျံ့နှံ့လာခဲ့သည်။
ကျင်းယန်ဂိုဏ်းက ရွှီတုန်ချန်၏ တတ်လမ်းကို ပိတ်ဆို့ထားပြီး လွတ်လပ်ခွင့်မပေးပါဟူသော ကဲ့ရဲ့စကားများကလည်း နေရာအနှံ့ပင်။
အကယ်၍ရွှီတုန်ချန်သည် အလင်းနန်းတော်မှာသာဆိုလျှင် အရှေ့တိုင်းဒေသပါရမီရှင် စာရင်း၏ ထိပ်ဆုံး ဆယ်ယောက်တွင် သေချာပေါက် ပါဝင်နေမည်ဟုလည်း နှပ်ကြောင်းပေးကြပြန်သည်။
တစ်ချိန်က အလင်းနန်းတော်၏ နန်းတော်သခင်တစ်ဦးသည် ရွှီတုန်ချန်ကို တပည့်အဖြစ် ခေါ်ယူရန် ကျင်းယန်ဂိုဏ်းသို့ လူကိုယ်တိုင် သွားရောက်ခဲ့သည်။
သို့သော် ရွှီတုန်ချန်က သူ၏ဆရာအပေါ် ကျေးဇူးသိတတ်မှုကြောင့် ထိုကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့လေ၏။
ရလဒ်အနေဖြင့် ကျင်းယင်ဂိုဏ်းနှင့် အလင်းနန်းတော်တို့သည် အဆင်မပြေသူများ ဖြစ်လာကြသည်။
"ရွှီတုန်ချန်ရဲ့ပါရမီကတော့ တကယ်ကို အားကျစရာပါပဲ"
ချင်းယင်က တော်တော်သဘောကျနေသလို ချီးမွမ်းလိုက်သည်။
ရွှီရဲ့လီ၏ ရင်ထဲ၌ တင်းကျပ်သွားပြီး အမြန်တုန့်ပြန်သည်။
"ဟုန်တုက အဆင့် ၂၇ ဖြစ်ပြီး ထုန်ချန်က အဆင့်၂၉ ဆိုတော့ မင်းရဲ့ တပည့်ထက် အနည်းငယ် နောက်ကျနေဆဲပါပဲ"
သူသည် ချင်းယန်က သူ၏တပည့်အပေါ် နောက်တစ်ကြိမ်ပြန်ပြီး ရည်မှန်းချက်ထားလာမည်ကို စိုးရိမ်နေမိသည်။
ဟုန်တုသည် ချင်းယန်၏တပည့်ဖြစ်ပြီး အရှေ့တိုင်းဒေသပါရမီရှင်စာရင်းတွင် အဆင့် ၂၇ သာရှိသော်လည်း ကွေးယွန်တိုက်ကြီးမှပါရမီရှင်များထဲတွင်မူ အဆင့်အမြင့်ဆုံး ပါရမီရှင်ဖြစ်သည်။
"သူက နှစ်ဆယ့်ခုနစ်ယောက်မြောက်ပဲ ရှိပါသေးတယ်။ မင်းတပည့်ရဲ့ ကြောက်စရာကောင်းတဲ့ ပါရမီနဲ့ ယှဉ်လို့မရပါဘူး"
ချင်းယန်က အသံကိုလျှော့ကာ ရင်းနှီးစွာပြောသည်။
"ဒီတစ်ကြိမ် အရှေ့တိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို စောပြီးရွှေ့လိုက်တာက ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲမှာ ပါတဲ့သူတွေအတွက် ကြီးမားတဲ့ အခွင့်အရေးကို ပေးမယ်ဆိုတာ မင်းလည်းသိပါတယ်"
ရွှီရဲ့လီ၏ မကောင်းသောနိမိတ် ခံစားချက် ပို၍ ပြင်းထန်လာသည်။ချင်းယင်၏လေသံက တိုးသော်လည်း သူအပေါ်ခြိမ်းခြောက်မှုက ကျယ်လောင်နေသည်။
"ကျင်းယန်ဂိုဏ်းနဲ့ အလင်းနန်းတော် နှစ်ခုလုံးက ကွေးယွန်တိုက်ကြီးက လာတာဆိုတော့ ငါတို့ အချင်းချင်း ထောက်ပံ့သင့်တယ်မဟုတ်လား။"
"ဒီတစ်ကြိမ်မှာ ထိပ်ဆုံးအယောက်နှစ်ဆယ်ထဲမှာ ငါတို့အလင်းနန်းတော်ရဲ့ကိုယ်စားလှယ်တစ်ဦး ပါဝင်ရမယ်ဆိုတာကို ငါတို့ သေချာအောင် လုပ်ရမယ်။"
"မင်းရဲ့တပည့်ကို ကွေးယွန်တိုက်ကြီးကလာသူ ညီအစ်ကိုအချင်းချင်း သွေးသားတော်စပ်မှုကိုသတိရပြီး အရှေ့တိုင်းဒေသ ပါရမီရှင်တိုက်ပွဲမှာ ဟုန်တုကို ကူညီပံ့ပိုးပေးဖို့အတွက်ညွှန်ကြားပေးဖို့ ငါကမင်းကို အားကိုးရတော့မှာပဲ"
ချင်းယန်၏ စစ်မှန်သော ရည်ရွယ်ချက်က ပေါ်လာခဲ့လေပြီ။
ရွှီရဲ့လီ၏ မျက်နှာအမူအရာမှာ မမျိုသိပ်နိုင်အောင် မည်းမှောင်သွား၏။
ကူညီပံ့ပိုးပေးရမယ်တဲ့လား။
ဒါက ချေးခြောက်ကိုရွှေသုတ်ထားသလို စကားတန်ဆာဆင်ထားခြင်းသာဖြစ်သည်။
ချင်းယက်၏အဓိပ္ပာယ်က လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေသည်မဟုတ်ပါလား။
အရှေ့တိုင်းဒေသပါရမီရှင်တိုက်ပွဲ စတင်သောအခါ သူ၏တပည့်သည် နေရာတစ်ခုအတွက် မယှဉ်ပြိုင်ရဘဲ ဟုန်တုကို ထိပ်ဆုံးအယောက်နှစ်ဆယ်သို့ ဝင်ရောက်နိုင်ရန် ကူညီရမည် ဖြစ်သည်။
အကယ်၍ မကူညီပါက...
၎င်းကို သူတို့၏ သွေးသားတော်စပ်မှုအား သစ္စာဖောက်သည်ဟု သတ်မှတ်ခံရမည်။
ထိုသို့ဖြစ်လျှင် တုန်ချန်နှင့်တကွ ကျင်းယန်တစ်ဂိုဏ်းလုံးအတွက် အခြေအနေမကောင်းနိုင်ပါ။
"ရွှီညီအစ်ကို၊ ဒါက အနည်းငယ် မမျှတဘူးဆိုတာ ငါသိပါတယ်။"
"ဒါပေမယ့် ငါချင်းယင်က မဆင်မခြင်လုပ်တတ်သူ မဟုတ်ပါဘူး။တိုင်းပြည်တစ်ရာသွေးစစ်ပွဲ ပြီးသွားရင် အဲဒီနယ်မြေတစ်ခုလုံးကို မင်းရဲ့ကျင်းယန်ဂိုဏ်းကို ပေးမယ်။ ဘယ်လို သဘောရလဲ။"
"တိုင်းပြည်တစ်ရာနယ်မြေကို အထင်မသေးပါနဲ့။ ဒါဟာ ကျယ်ဝန်းပြီး ရှေးဟောင်းအရှင်တစ်ဦးဦး ချန်ထားခဲ့တဲ့ လျှို့ဝှက်ကျောင်းတော်တစ်ခုတောင် ရှိနိုင်တယ်။"
"မကြာသေးခင်ကပဲ ခရမ်းရောင်နန်းတော် အဆင့်ရှိတဲ့ သွေးဝတ်စုံဓားနတ်ဘုရားဆိုတာ တိုင်းပြည်တစ်ရာနယ်မြေမှ ပေါ်ထွက်လာတာပဲ၊တိုင်းပြည်တစ်ရာနယ်မြေက မဆိုးပါဘူး"
ချင်းယင်က ပေါ့ပေါ့ပါးပါး ပြောရင်း တိုင်းပြည်တစ်ရာကို ဆုလာဘ်အဖြစ် ကမ်းလှမ်းလိုက်သည်။
ရွှီရဲ့လီ၏ မျက်နှာမှာ တင်းမာသွားသော်လည်း နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်ရသည်။
"မင်းပြောတဲ့အတိုင်း လုပ်ပါမယ်"
ချင်းယန်၏မျက်လုံးများက ကျေနပ်မှုဖြင့် တောက်ပသွား၏။
"လူငယ်တွေဟာ တစ်ခါတလေ စိတ်မြန်လက်မြန်ဖြစ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်ကြတယ်။ မင်းရဲ့ တပည့်ကို ကောင်းကောင်း ညွှန်ကြားနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ကောင်းပါပြီ"
ရွှီရဲ့လီသည် နှလုံးသားအတွင်း၌ တဟုန်းဟုန်ထနေသောဒေါသမီးကို ဖိနှိပ်ကာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
..................
ကျိစယ်တောင်ထိပ်တွင်ဖြစ်သည်။
ကျန်းလင်းစုသည် သူမ၏ သစ်သားအိမ်ကလေးမှ ခိုးကြောင်ခိုးဝှက်ထွက်လာပြီး ကျိယွမ်၏ အုတ်အိမ်တံခါးကို ခေါက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူမသည် ဖောက်ပြန်မှုတစ်ခုအတွက် ခိုးကြောင်ခိုးဝှက်လုပ်နေသည့်အလား အပြစ်ရှိသလို ခံစားနေရသည်။
"ညီမလေး၊ ဘာလို့ ငါ့ကို လာတွေ့တာလဲ"
ကျိယွမ်သည် အလင်းနန်းတော်ကို ဖျက်ဆီးမည့်သူ၏အစီအစဥ်ကို အပြီးသတ်ရန် အလုပ်ရှုပ်နေခြင်းဖြစ်သည်။
သွေးဝတ်စုံဓားနတ်ဘုရားက ပေါ်ထွက်လာခဲ့လေပြီ။
အရူးတာအို ၊ဆန္ဒခုနှစ်မျိုးနတ်ဆိုးသခင် နှင့် သူ၏ အခြားသော နာမည်အတုများလည်း လှုပ်ရှားရန် အချိန်ရောက်ပြီမဟုတ်ပါလား။
ကျိယွမ်သည် သူ၏စီမံကိန်းကိုအောင်မြင်စွာအဆုံးသတ်နိုင်စေရန် ဝန်ထမ်းများစွာ၏အခန်းကဏ္ဍများကို သရုပ်ဆောင်ရန်လိုသည်။
"အစ်ကိုကြီး၊ သွေးဝတ်စုံဓားနတ်ဘုရားက... ရှင့်ရဲ့ နာမည်အတုတွေထဲက တစ်ယောက်လား"
ကျန်းလင်းစုက အသံကို လျှော့ကာ တိုးတိုးလေး မေးလိုက်သည်။
အစ်မယာယာ ပြောပြသဖြင့် သူမသည် သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်မှ စိတ်ဝိညာဥ်အဆင့်များကို သူ၏မူလနတ်စွမ်းအင်ဖြင့် သတ်ဖြတ်ပစ်သည်ကို သိထားလေသည်။
ထို့အပြင် သူမသည် သွေးဝတ်စုံဓားနတ်ဘုရားတင်ထားသော ပိုစ့်ကိုလည်း မြင်တွေ့ခဲ့ရသည်။
စာရေးဟန်နှင့်အငွေ့အသက်များသည် သူမ၏အစ်ကိုကြီးနှင့် တော်တော်လေးတူနေ၏။
ထိုအတူ သူမ၏အစ်ကိုကြီးသည် သူမ၏ အကောင့်တုများထဲမှတစ်ခုကို ငှားသုံးခဲ့သေးသည်။
"မဟုတ်တာ"
ကျိယွမ်က အရေးမပါသလို ခေါင်းခါသည်။
"ငါက အမြုတေသေးသေးလေးပဲ ရှိတဲ့ ကျင့်ကြံသူပါ။ ခရမ်းရောင်နန်းတော်အဆင့်ဘယ်လို ဖြစ်နိုင်မလဲ"
ကျိယွမ်က ချက်ချင်း ပြန်ဖြေသည်။
ကျန်းလင်းစု သည် ကျိယွမ်ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။
သူမ၏ စိတ်ထဲတွင်ဖြတ်သန်းသွားသော အတွေးတစ်ချို့က သူမကို ကြောက်လန့်စေခဲ့သည်။
ဒါပေမဲ့ အစ်ကိုကြီးက ခရမ်းရောင်နန်းတော် အဆင့်ဘယ်လို ဖြစ်နိုင်ပါ့မလဲ။
သူက ယင်နတ်ဘုရားတစ်ပါးရဲ့လူဝင်စား ဖြစ်နေရင်တောင် ခရမ်းရောင်နန်းတော် အဆင့်ကို ဒီလောက် မြန်မြန် ပြန်ရောက်နိုင်မည်မဟုတ်ပေ။
ကျန်းလင်းစု၏ သံသယဝင်နေသော အကြည့်ကို မြင်သောအခါ ကျိယွမ်က သဘောကျသလိုပြုံး၍ ပြောသည်။
"နင့်ရဲ့ သစ်သားအိမ်ကလေးက သေးငယ်ပြီး ပျက်စီးနေတယ်။ အခန်းကလည်းတစ်ခန်းပဲ ရှိတာ။"
"ကံကောင်းတာက ငါ့ရဲ့ အုတ်အိမ်က ဆောက်လို့ ပြီးသွားပြီ။ အခန်းပို တချို့တောင်ရှိသေးတယ်။"
"နင့်ရဲ့ အစ်မက ညအိပ်ဖို့ နေရာမရှိဘူးဆိုရင် ငါ့ရဲ့ အုတ်အိမ်ကို ပြောင်းလာခဲ့ပါလား။"
"အဆင်တန်ဆာတွေ မရှိပေမယ့် ငါ့မှာ ခုံတန်းလျား တချို့တော့ ရှိတယ်။"
"အိပ်ဖို့ လိုတယ်ဆိုရင် ကြိုးတချို့ ချည်ပြီး လုပ်ပေးလို့ရတယ်"
အမြုတေအဆင့် ဖြစ်လာပြီးနောက် ကျိယွမ်သည် သူ၏ဦးနှောက်လုပ်ဆောင်ပုံက ပို၍ လျင်မြန်လာသည်ကို တွေ့ရှိခဲ့ရသည်။
အပေါ်ယံအားဖြင့် သူက ကူညီရန် ကမ်းလှမ်းနေသည်ဟု ထင်ရသည်။
အမှန်တကယ်တွင် သူသည် ညီမလေးအား သူ၏အုတ်အိမ်ကို ကြွားလုံးထုတ်ပြနေခြင်း သာဖြစ်လေ၏။
"ရပါတယ်၊ ကျေးဇူးပါပဲ"
ကျန်းလင်းစု၏ သံသယများ လုံးဝ ပျောက်ကွယ်သွားသည်။
အစ်မယာယာ၏ အဆိုအရ ထိုခရမ်းရောင်နန်းတော်အဆင့်အကြီးအကဲသည် လူပေါင်း သိန်းချီ ၍သတ်ဖြတ်ခဲ့သည့် စစ်မှန်သော နတ်ဆိုးကျင့်ကြံသူ ဖြစ်သည်။
ထို့ကြောင့် သူမ၏အစ်ကိုကြီးသည် သွေးဝတ်စုံဓားနတ်ဘုရား ဖြစ်နေစရာ အကြောင်းမရှိပေ။
ဒါဆိုရင် အရူးတာအိုဆိုတာကရော အစ်ကိုကြီး၏ အမည်အတုများထဲမှ တစ်ဦး ဖြစ်နေနိုင်လား။
"အေးလေ ဘယ်တတ်နိုင်မလဲ"
ကျိယွမ်က သက်ပြင်းချလိုက်သည်။ ထိုနောက် ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး မေးလိုက်၏။
"ကျန်းယာက နင့်ရဲ့ အစ်မအရင်းလား"
"ဟုတ်တာပေါ့"
ကျန်းလင်းစုသည် အစ်ကိုကြီး၏ မေးခွန်းကို နားမလည် ဖြစ်သွားသည်။
သူက ဘာလို့အခုလို မေးတာလဲ။
"ဒါဆို ဘာလို့ အရမ်း ကွာခြားနေရတာလဲ။ တစ်ယောက်က ပိန်ညှပ်နေပြီး တစ်ယောက်ကတော့ အရမ်း... အင်း...ဝိုင်းစက်နေတာ။"
ကျိယွမ်၏အကြည့်က ကျန်းလင်းစုအပေါ် တစ်ချက်ဖြတ်ပြေးသွား၏။
"သူမကျတော့ အာဟာရချို့တဲ့နေသလိုပဲ၊ နင်ကျတော့ အာဟာရ ပိုလျှံနေပုံရတယ်"
ကျိယွမ်သည် ကျန်းလင်းစု၏ ပွယောင်းယောင်း ဝတ်ရုံအောက်တွင် လျှို့ဝှက်ထားသောပြည့်စုံမှုကို လှမ်းကြည့်ရင်း သူခေါင်းရှပ်နေရသော ကိစ္စကို ထုတ်မေးလိုက်သည်။
"ဘာပြောတာလဲ"
ကျန်းလင်းစုသည် ကျိယွမ်ကို စူးစိုက်ကြည့်ပြီး သူ၏အတွေးများကို နားလည်အောင် ကြိုးစားနေ၏။
"ရှင်က ကျွန်မကို ဝတယ်လို့ ပြောနေတာလား"
ကျိယွမ်က သူ့ရှေ့ကမိန်းကလေးကို ကြည့်ပြီး အလေးအနက် ပြန်ဖြေသည်။
"မဟုတ်ဘူး"
ညီမလေး၏ပုံသဏ္ဍာန်က တကယ်ကို ပြည့်စုံလှသည်။
အသားရှိသင့်သော နေရာတွင် ပြည့်ဝစွာရှိပြီး မရှိသင့်သော နေရာတွင် မရှိပါ။
သူမ၏ ပွယောင်းယောင်း ဝတ်ရုံသာမရှိပါက သူမသည် ဟူလာဟော့ပြိုင်ပွဲတွင်ပင် လူအများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မည်မှာ သေချာသည်။
"နင်ရဲ့ အစ်မက တော်တော်ဆင်းရဲတာလား"
ကျန်းလင်းစုခမျာ ကျိယွမ်၏တောင်ရောက်မြောက်ရောက် မေးခွန်းများကြောင့် ခေါင်းခြောက်လာ၏။
သို့သော်သူမက အမှန်အတိုင်းဖြေလိုက်သည်။
"ဆင်းရဲတာလား။ သူက ကျွန်မထက် အများကြီး ချမ်းသာတယ်။"
"သူရဲ့ ဆရာက မြင့်တက်ခြင်းခန်းမရဲ့ သခင်ဖြစ်တဲ့ ဝူထျန်းအကြီးအကဲပဲ"
"သူမမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိလား"
"ဝိညာဉ်ကျောက်တုံးတွေ... အဲဒါတွေက ဘာတွေလဲ"
ကျန်းလင်းစုက အဖတ်မတန်သလို ကြွားလုံးထုတ်သည်။
"မြင့်တက်ခြင်းခန်းမဟာ ကမ္ဘာကြီးက နည်းစနစ်အားလုံးကို စုဆောင်းထားတာ။ အရှေ့တိုင်းဒေသရဲ့ တိုက်ကြီးဆယ့်သုံးခုမှာ နာမည်ကြီးတဲ့ ဘယ်နည်းစနစ်ကိုမဆို တက်လှမ်းခြင်းခန်းမက စုဆောင်းထားပြီးသားပဲ"
"ကျွန်မတို့ ရှန်ကွမ်းဂိုဏ်း မီတောက်ခုနှစ်မျိုးသန့်စင်ခြင်းနည်းစနစ်ကိုတောင် မြင့်တက်ခြင်းခန်းမက စုဆောင်းထားတယ်။"
"ရှင်လင်ထျန်းခန်းမကို သိတယ်မှတ်လား။ အဲဒါက မြင်တတ်ခြင်းခန်းမနဲ့ ဆက်စပ်နေပြီးတော့ ကမ္ဘာတစ်ဝှမ်းက နည်းစနစ်တွေကို စုဆောင်းတဲ့နေရာမှာ ကူညီပေးနေတာ"
"နည်းစနစ်တွေ.."
ကျိယွမ်သည် ထိုစကားကို ကြားသောအခါ အသက်ရှူနှုန်း မြန်လာပြီး သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။
"ဒီလောက်တောင် ချမ်းသာတာလား"
"ဟုတ်တယ်"
ကျန်းလင်းစုက ပြန်ဖြေသည်။ သူမအစ်ကိုကြီး၏ ယခုလိုအမူအရာမျိုးကို သူမအမြဲနှစ်သက်သည်။ထို့ကြောင့်လည်း သူ၏ရှေ့၌ သူမက မကြာခနဆိုသလို ချမ်းသာမှူကို ထုတ်ဖော်လေ့ရှိသည်။
ကျိယွမ်က ရုတ်တရက် စိတ်အားထက်သန်စွာမေးလိုက်သည်။
"ငါသာ သူ့မိသားစုဝင်ကို လက်ထပ်ခဲ့ရင် အဲဒီ နည်းစနစ်တွေကို ဖတ်ခွင့် ပေးပါ့မလား"
"ဘာ.."
"… အစ်ကိုကြီး၊ရှင်ဘာတွေ တွေးနေတာလဲ"
ကျန်းလင်းစု ခေါင်းငုံ့သွားသည်။
"နည်းစနစ်တွေလိုတယ်ဆိုရင် ကျွန်မဆီမှာတောင်းလို့ရတယ်။ ကျွန်မမှာ တချို့တော့ ရှိတယ်"
သူမ၏စကားကို ကြားသောအခါ ကျိယွမ်စိတ်တည်ငြိမ်သွားသည်။
ငါ့မှာတိုက်အိမ်ရှိနေပြီ။ကားလိုနေတာ။
ဒါပေမဲ့ ကားအတွက်နဲ့ ဆွေကြီးမျိုးကြီးမိသားစုဝင်ကိုလက်ထပ်ရလောက်အောင်တော့ ငါလည်းတန်ဖိုးမမဲ့သင့်ဘူး မှတ်လား။
"ကျေးဇူးတင်ပါတယ် ညီမလေး။ ဒါပေမယ့် ဘာမှ မပေးဘဲ အကူအညီယူတာက ငါ့အတွက်တော့ မကောင်းဘူး..."
"တော်ပါ ၊ဒီမှာ နည်းစနစ်တွေ၊ ယူပြီး လေ့လာပါ"
သူမက လက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားအနည်းငယ်က ကျိယွမ်၏ လက်ထဲသို့ ရောက်လာသည်။
"ဒါတွေကို အစ်မယာယာဆီက အခုမှရလာတာ၊ တိတ်တိတ်လေး ထားပါ"
ထိုသို့ပြောပြီးနောက် ကျန်းလင်းစုသည် သူမ၏ သစ်သားအိမ်ကလေးဆီသို့ ပြန်သွားသည်။
ကျောက်စိမ်းပြားများကို ကိုင်ထားရင်း ကျိယွမ်သည် ခေါင်းကုတ်မိ၏။
သူ၏ညီမလေးသည် အဘယ်ကြောင့် ကျောက်စိမ်းပြားများကို ရုတ်တရက်ကြီး ရက်ရက်ရောရောပေးခဲ့လေသနည်း။
အေးလေ..မဆန်းပါဘူး။ညီမလေးက သဘောကောင်းတဲ့သူပဲ။
သူသည် သူ၏အခန်းသို့ ပြန်သွားပြီးနောက် အကောင့်တုများထဲမှ တစ်ခုကို ဝင်လိုက်သည်။
ကျိယွမ်သည် ကျန်းလင်းစု၏မေးခွန်းများကို ပြန်သတိရကာ သက်ပြင်းချလိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရား ဆိုတဲ့နာမည်က ငါ့ရဲ့ အေးစက်ပြီးထက်မြတ်တဲ့အမူအရာနဲ့ အရမ်း လိုက်ဖက်နေတယ်။ ငါ့ရဲ့ ညီမလေးတောင် သံသယဝင်သွားတယ်။"
"အရူးတာအိုကတော့ ပိုသင့်တော်တယ်။ငါလိုတည်ကြည်တဲ့သူနဲ့ ပုံမှန်မဟုတ်တဲ့အရူးတစ်ယောက်ကို ဘယ်လိုမှ ဆက်စပ်မိကြမယ်မထင်ဘူး"
သူကထိုသို့ဆုံးဖြတ်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။
"အခုကစပြီးအရူးတာအိုနဲ့ ဆန္ဒခုနှစ်ပါးနတ်ဆိုးသခင်တို့ ပေါ်ထွက်လာဖို့ အချိန်ရောက်ပြီ"
တိုင်းပြည်တစ်ရာတွင် အလင်းနန်းတော်၏ အခြားခံတပ်များစွာ ကျန်နေသေးသည်မဟုတ်ပါလား။
သူသည် ၄င်းတို့ကို တစ်ခုချင်းစီ ဖယ်ရှားပစ်ရန် လိုအပ်သည်။
---------------
ယွန်ကျိတောင်အပြင်ဘက်သို့ လူနှစ်ဦးရောက်ရှိလာကြသည်။
မုန်တိုင်းအရှင်နှင့်ချင်းဟုန်အရှင်တို့က အတူတကွရောက်ရှိလာခြင်းပင်။
တောင်ပေါ်မှ အစီအရင်ကို ကြည့်ပြီး မုန်တိုင်းအရှင်၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာ၏။
"ဒီ ကြိုးခြောက်ချောင်းအရှင်က တကယ်က်ုပျော်ပါးနေတာပဲ။ ဒီမှာ ပုန်းအောင်းပြီး ကျင့်ကြံနေတာလား"
"သူက ကျင့်ကြံနေတာ မဟုတ်ဘဲ သာ့ရှန်းတိုင်းပြည်က မိန်းမပျိုကျင့်ကြံသူတချို့နဲ့ ပျော်ပါးနေတာ သေချာတယ်"
သူက အလွန်မကျေမနပ် ဖြစ်နေသည်။
သူ၏တပည့်ဖြစ်သော ဖျက်ဆီးဝံပုလွေ သည် ရှန်ကွမ်းဂိုဏ်း၏ လက်ချက်ဖြင့် သေဆုံးသွားခြင်း ဖြစ်နိုင်သည်။
သို့သော် ကြိုးခြောက်ချောင်းအရှင်က ရှန်ကွမ်းဂိုဏ်းကို ဖိနှိပ်ခြင်းမပြုဘဲ ယခုနေရာ၌ တံခါးပိတ် ကျင့်ကြံနေသည်။
မုန်တိုင်းအရှင်မည်သို့ ပျော်နိုင်လိမ့်မည်နည်း။
"ဖြစ်နိုင်တာက၊ ဒီလောက်ကြိုးစားနေပုံထောက်ရင် ကြိုးခြောက်ချောင်းအရှင်က ကျင့်ကြံမှုမှာ အရေးကြီးတဲ့ အဆင့်ကို ရောက်နေတာကြောင့် ဖြစ်ပါလိမ့်မယ်"
ချင်းဟုန်အရှင်က ကြားဝင် ဖျန်ဖြေရန် ကြိုးစားသည်။
မုန်တိုင်းအရှင်က ဒေါသကို ထိန်းချုပ်ရင်း
တောင်ပေါ်မှအစီအရင်ထဲသို့ အော်ခေါ်လိုက်၏။
"ကြိုးခြောက်ချောင်းအရှင် ထွက်လာပြီး ငါနဲ့ တွေ့ဦး"
သူသည် စိတ်ဝိညာဥ်အထွတ်အထိပ်အဆင့်ဖြစ်သလို သူ၏ဖခင်ကလည်း ခရမ်းရောင်နန်းတော်အဆင့်ဖြစ်သောကြောင့် မာနထောင်လွှားရန် အခွင့်အရေးရှိလေသည်။
သို့သော် တောင်တစ်ခုလုံးက ထူးဆန်းစွာ တိတ်ဆိတ်နေပြီး မည်သည့် အဖြေမှ ပြန်မလာပေ။
သူတို့နှစ်ဦး အံ့သြစွာ အချင်းချင်း ကြည့်လိုက်ကြသည်။
တစ်ခုခု ဖြစ်သွားပြီလား။
ထိုအခိုက်အတန့်တွင် ရူးသွပ်သောရယ်မောသံတစ်ခုက ကောင်းကင်မှ ပဲ့တင်ထပ်လာခဲ့သည်။
"ကမ္ဘာကြီးက ငါ့ကို အရူးဆိုပြီး ရယ်မောကြတယ်။ ဒါပေမယ့် ကမ္ဘာကြီးထဲကလူတွေကလည်း ငါလိုကောင်တွေချည်းပဲဆိုတာ မသိကြဘူး ၊ဘယ်လောက်ရယ်စရာကောင်းသလဲ၊"
"ဟားဟား ဟားဟားဟား "
အရူးတစ်ယောက်၏ အမူအရာရှိသော စုတ်ပြတ်နေသည့်ဝတ်ရုံနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် တဟားဟားအော်ရယ်ကာ မုန်တိုင်းအရှင်နှင့်ချင်းဟုန်တို့ရှေ့တွင်ပေါ်လာခဲ့သည်။
"မင်း ဘယ်သူလဲ"
မုန်တိုင်းအရှင်က ရုတ်တရက်ရောက်လာသော ပုံမှန်မဟုတ်သည့်အမျိုးသားကို သတိဖြင့် စောင့်ကြည့်သည်။
လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်ချောင်းကို ကိုင်ထားသောအရူးက သူတို့အားကြည့်ကာ ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
"ငါလား..ငါက အရူးတာအိုပဲ"
"အရူးတာအိုလား"
မုန်တိုင်းအရှင်မှာ အံအားသင့်သွားပြီး မကောင်းသော နိမိတ်တစ်ခု သူ့အပေါ် လွှမ်းခြုံလာသလို ရုတ်တရက်ခံစားလ်ုက်ရသည်။
ရှင်ဟွာအဖွဲ့က အရူးတာအိုတော့ မဟုတ်နိုင်လောက်ပါဘူး။
"မင်းဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ"
မုန်တိုင်းအရှင်လောက် မထက်မြတ်သောချင်းဟုန်အရှင်က နားမလည်သေးပုံနှင့်မေးသည်။
မီးဖိုချောင်သုံးဓားကို ကိုင်ထားသည့် အရူးတာအိုက ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"ငါ ဘာလို့ ဒီကို ရောက်နေတာလဲ။ မင်းတို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တာ မဟုတ်ဘူးလား။"
"မင်းတို့ရဲ့ ခံတပ်မှာ မနေဘဲ လျှောက်သွားနေတာက ငါ့အချိန်တွေကို ဖြုန်းတီးနေတာပဲ၊ငါတော်တော်ရှာလိုက်ရတယ်ကွ"
စကားပင်မဆုံးသေးခင် အရူးတစ်ယောက်လို မီးဖိုချောင်သုံးဓားကို စုံကိုင်မြှောက်ကာ သူတို့ဆီသို့ ကမူးရှုးထိုပြေးဝင်လာ၏။
စိတ်ဝိညာဥ်အဆင့်နှစ်ဦးက ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြပါ။
အခြေအနေက အရမ်းထူးဆန်းနေ၏။
နန်းတော်၌ ထူးဆန်းသော ရန်သူများစွာရှိနေလေပြီ။ သူတို့သည် အမြန်ဆုံးထွက်ခွာပြီး အစီအစဥ်တစ်ချို့ ပြန်စဉ်းစားချင်ကြသည်။
"မင်းတို့ ထွက်သွားလို့ရတယ်။ ဒါပေမယ့် မင်းတို့ရဲ့ ခန္ဓာကိုယ်တွေတော့ နေခဲ့ရမယ်"
ထိုအခိုက်မှာပင် မီးဖိုချောင်သုံးဓားသည် လက်ကနဲတောက်ပသွားကာ လေထုကပင် နှစ်ပိုင်းပိုင်းဖြတ်သွားပြီး မုန်တိုင်းသခင်နှင့်ချင်းဟုန်တို့အား ထိမှန်၏။
စိတ်ဝိညာဥ်အဆငိ့များဖြစ်သောကြောင့် သူတို့ကငေးကြောင်မနေကြပါ။ အန္တရာယ်ဟူသော အသိကြောင့် သူတို့နတ်စွမ်းအင်ကို
ထုတ်ကာ ဓားချက်အားကာကွယ်လိုက်ကြသည်။
သို့သော် ကျားလိုက်မှ တုတ်ခုတ်နေခြင်းသည် မည်သို့အသုံးဝင်နိုင်မည်နည်း။
မီးဖိုချောင်သုံးဓားသည် မဖျက်ဆီးနိုင်သကဲ့သို့ ဖြစ်နေပြီး သူတို့၏ ကာကွယ်မှုများကို အလွယ်တကူ ဖြတ်တောက်သွားခဲ့ကာ တိုက်ရိုက်ထိမှန်သွားတော့သည်။
"အလင်းနန်းတော်ကို ဆန့်ကျင်တဲ့အတွက် မင်းတို့အကုန် သေရမယ်"
မုန်တိုင်းအရှင်က ဒေါသကြီးစွာအော်ဟစ်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်သည် ဆက်ပြီး မခံနိုင်တော့ဘဲ ဓားဖြင့် ထက်ခြမ်း ပိုင်းဖြတ်ခံရပြီး သူ၏ ဝိညာဉ်ပါ ပျက်စီးသွားသည်။
ချင်းဟုန်သည်လည်း မုန်တိုင်းအရှင်နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားရှာလေသည်။
ဒီကောင်တွေကလည်း ကြက်ပေါက်စလေးတွေကြနေရော ၊ ဘာမှတောင်မလုပ်ရသေးဘူး တကျိကျိအော်ပြီး သေတာပဲ။
ကျိယွမ်က လက်ဝှေ့ယမ်းကာ သူတို့၏ သိုလှောင်အိတ်များ သိမ်းလိုက်သည်။
ထို့နောက် ကျိယွမ်သည် ထိုနေရာမှပျောက်ကွယ်သွားလေ၏။
..................
ဝေတိုင်းပြည်၏ နန်းတော်အတွင်း၌ဖြစ်သည်။
နန်းတွင်းအပျိုတော်များနေထိုင်ရာ နန်းဆောင်သည် အလင်းနန်းတော်အတွက် ဥယျာဉ်တစ်ခုလို ဖြစ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
အလင်းနန်းတော်မှ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများစွာသည် ညဘက်တွင် ဧကရာဇ်၏ အိပ်ရာပေါ်၌ပင် မိဖုရားများနှင့် အပျော်အပါး လိုက်စားကြသည်။
ရုတ်တရက် နားကြားရဆိုးလွန်းသော အသံတစ်ခုက ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။
"ငါ့ ကြက်ကလေး ဘယ်ရောက်သွားလဲ"
"အောင်မယ်လေး ငါကြက်လေးတွေ"
"ပြန်ပေး..ငါကြက်လေးတွေ ပြန်ပေး"
နန်းတော်အထက်၌ မည်းနက်သော ဝတ်ရုံ ဝတ်ဆင်ထားသည့်၊ ဆံပင်ဖရိုဖရဲ ဖြစ်နေသောအမျိုးသားတစ်ဦး ပေါ်လာသည်။
သူသည် အလွန် အန္တရာယ်ရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
"မင်း ဘယ်သူလဲ"
နန်တွင်းအပျိုတော်များနေထိုင်ရာ နန်းဆောင်မှ စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများထဲမှ တစ်ဦးက မောက်မာစွာ ပျံတက်လာသည်။
"ဒီဟာက အလင်းနန်းတော်ရဲ့ ခံတပ်ပဲ။ ဒီမှာ ဘယ်ကြက်မှ မရှိဘူး"
"ကြက်လို့ပြောကတည်းက... သေချာနေပြီ။ ငါ့ကြက်ကို ခိုးသွားတာ မင်းပဲ"
ဆံပင်စုတ်ဖွားအမျိုးသား၏ မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်နေပြီး သူ၏ အသံ က ဆိုးရွားပြီးတုန်ရီနေသည်။
"မင်းတို့ လူယုတ်မာတွေ၊ အဲဒါ ငါ့ရဲ့ မိသားစုလေးတွေ၊ မင်းတို့ ခိုးယူပြီး စားပစ်လိုက်တာ"
"မင်းက ဆန္ဒခုနှစ်မျိုးနတ်ဆိုးဘုရင်ဆိုတာလား"
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူက သူ၏ရှေ့မှ ဆံပင်စုတ်ဖွားသည် ရှင်းဟွာအဖွဲ့မှ ဆန္ဒခုနှစ်မျိုးနတ်ဆိုးသခင်ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
"မင်းတို့ လူစိတ်မရှိတဲ့ အယုတ်တမာတွေ၊ သနားစရာကောင်းတဲ့ ကြက်တစ်ကောင်ကို စားရင် ခိုးချက်စားရင် မိုးကြိုးပစ်တာ ခံရတတ်တယ် "
ဆံပင်စုတ်ဖွားအမျိုးသားက စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူကို လက်ညိုးငေါ့ငေါ့ထိုးကား စွပ်စွဲသည်။
"အရူးက ဒီအထိလာပြီး သေခြင်းတရားကို ရှာနေတာပဲ"
စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူက ဆံပင်စုတ်ဖွားအမျိုးသားထံမှ အစွမ်းထက်သော အငွေ့အသက်ကို မခံစားရပေ။
ထိုအချိန်တွင် နန်းတော်၏အပြင်ဘက်တစ်နေရာ၌ ဝေတိုင်းပြည်မှ နယ်ခံစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူတချို့ရှိနေပြီး ကောင်းကင်ပေါ်မှ ဆံပင်စုတ်ဖွားအမျိုးသား ကြည့်ကာစိတ်မကောင်းဖြစ်နေကြသည်။
"အဲဒီ တာအိုမိတ်ဆွေ မသေပါစေနဲ့လို့ပဲမျှော်လင့်ပါတယ်"
သူတို့သည် အလင်းနန်းတော်အား သဘောမကျသော်လည်း ဘာမှမတတ်နိုင်ကြပါ။
ကျိယွမ်၏ မျက်လုံးများက ဒေါသဖြင့် တောက်ပလာသည်။
"အလွန်ဆိုးယုတ်တဲ့ အလုပ်တွေ လုပ်ရင် ကောင်းကင်ဘုံရဲ့ မိုးကြိုးပစ်တာ ခံရလိမ့်မယ်"
"ငါက မွေးလာကတည်းက ကောင်းမှုတွေပဲလုပ်ခဲ့တာ၊ ကြက်တစ်ကောင်ကိုတောင် မသတ်ခဲ့ဖူးဘူး၊ ပုရွက်ဆိတ်ကိုတောင် မနင်းရက်ခဲ့ဘူး။"
သူက သူ၏ရှေ့မှစိတ်ဝိညာဥိအဆင့်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
"မင်းကတော့..နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်"
"နတ်ဘုရားတွေ အပြစ်ပေးမယ်တဲ့လား၊ ဒီလောကမှာ နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်း မရှိတာ ကြာလှပြီ။ ဒီ အရူးက ဘယ်က ရောက်လာတာလဲ "
ဒေါသထွက်သွားသော စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူက စွမ်အားကိုစုစည်းလျှင် ကျိယွမ်အား သတ်ဖြတ်ရန်ပြေးလာသည်။
ထိုအခိုက် ကျိယွမ်က လက်ညိုးတစ်ချောင်းထောင်လိုက်ရာ ရွှေရောင်ပေါက်စီတစ်လုံးကရုတ်တရက်ပေါ်လာ၏။
ပေါက်စီထံမှ အင်အားကြီးမားသော အငွေ့အသက်တစ်ခု ကောင်းကင်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။
ကျိယွမ်က ဒေါသတကြီး ပြေးဝင်လာသော စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူအား ပေါက်စီဖြင့် ပေါက်ထည့်လိုက်သည်။
ထိုသူသည် ကြွယ်ဝသော သတ္တုဓာတ်အနှစ်သာရကို ခံစားမိရုံမျှသာ ရှိသေးသည်။
ကောင်းကင်ပေါ်မှာ နတ်ဘုရားမိုးကြိုးတစ်ခုက ရုတ်တရက်ကျဆင်းလာပြီး သူ့အား တည့်တည့်ကြီးပစ်ချလိုက်၏။
"ဂျိမ်း..."
သူသည် ထိတ်လန့်တကြားဖြင့် ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးပင်။
"မဖြစ်နိုင်ဘူး"
မယုံနိုင်သော အော်ဟစ်သံနှင့်အတူ သူ၏ဆံပင်များမီးကျွမ်းသွားပြီး တစ်ကိုယ်လုံးမည်းတူးသွားတော့သည်။
သူသည်နောက်ဆုံးအချိန်ထိ သူအားအဘယ်ကြောင့် မိုးကြိုးပစ်ရသည်ကို သိမသွားရှာခဲ့ပါ။
ကျိယွမ်၏သတ္တုဓာတ်စင်ကို စုစည်းလျှင် ကောင်းကင်ဘုံက လက်မခံဘဲ မိုးကြိုးနှင့်ဖျက်ဆီးတတ်သည်ကို သူသိ မသွားရှာပါ။
ကျိယွမ်ဖန်တီးသော သတ္တုဓာတ်စင်ရှိသည့်နေရာတိုင်းကို မိုကြိုးပစ်မည်ပင်။
"နန်းတွင်းအပျိုတော်ဆောင်မှာ စမူဆာ ခိုးစားနေတဲ့ကောင်တွေ "
"ဒီမှာ မင်းတို့အတွက် ပေါက်စီတွေလာပြီ။"
"ကြက်သားပေါက်စီ"
"ဝက်သားပေါက်စီ"
"ပဲပေါက်စီ"
ဆံပင်စုတ်ဖွားနှင့်ကျိယွမ်သည် ကောင်းကင်ဘုံအရှင်သခင်တစ်ဦးကဲ့သို့ ရပ်နေ၏။
အရွယ်အစားမျိုးစုံရှိသော ပေါက်စီများက မိုးသီးမိုးပေါက်များလို နန်းတော်ပေါ်သို့အမြောက်အမြား ကျလာသည်။
အချို့သောပေါက်စီများက မျက်စိပါသည့်လား အိပ်ခန်းများထဲအထိပင် ထိုးဖောက်ဝင်ရောက်သွားကြကုန်၏။
ဝေတိုင်းပြည်၏နန်းတော်အထက်တွင် ကောင်းကင်ကြီးက ဒေါသထွက်နေသည့်အလား တိမ်တိုက်မည်းများ ရုတ်တရက်စုဝေးလာသည်။
မြို့တော်တွင်ရှိသော ကျင့်ကြံသူတိုင်းသည် ကြောက်ရွံ့ခြင်းနှင့်အတူ အံ့သြခြင်းများဖြင့် ကောင်းကင်ကို မော့ကြည့်ကာ ကြက်သေသေလျှက် ရှိသည်။
ထိုအခိုက်မှာပင် နတ်ဘုရားမိုးကြိုးအမြောက်အမြားက ဝေတိုင်းပြည်၏ နန်းတော်ပေါ်သို့ တဂျိမ်းဂျိမ်း ကျရောက်တော့သည်။
နန်းဆောင်ထဲမှစမူဆာများကို ငမ်းနေကြသော အလင်းနန်းတော်သားများသည် အပေါ်မှကျလာသော ပေါက်စီများကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်ကုန်လေသည်။
နန်းတော်တစ်ခွင်လုံး မိုးကြိုးများက တဂျိမ်းဂျိမ်း တအုန်းအုန်း ပစ်ချနေသည်မှာ နှစ်သစ်ကူးပွဲတော် ဗျောက်သံထက်ပင် စည်စည်ကားကားရှိလေတော့သည်။
အဝေးမှကြည့်နေကြသော ကျင့်ကြံသူများမှာလည်း ထိတ်လန့်လွန်း၍ အတန်ဝေးသည့်နေရာအထိ ဆုတ်ခွာပြေးကြသည်။
"ကောင်းကင်ကိုးပါးနတ်ဘုရားက လူယုတ်မာတွေကို မိုးကြိုးအပြစ်ဒဏ်နဲ့ သတ်ဖြတ်လိုက်ပြီ"
"ဒါပေမဲ့ ပေါက်စီတွေက ဘာလို့ပါလာတာလဲ"
-------------------------