← Chapters

သတို့သမီးလေးရဲ့ သရေစာတွေကို ခိုးတာလား၊ သေချင်နေကြတာပဲ

Vol. 11 Ch. 142

သတို့သမီးလေးရဲ့ သရေစာတွေကို ခိုးတာလား၊ သေချင်နေကြတာပဲ

Vol. 11 Ch. 142

စွမ်းအားပြင်းထန်လှသော နတ်ဘုရားမိုးကြိုးများသည် နန်းတော်အတွင်းသို့ ဆင်းသက်လာပြီး အလင်းနန်းတော်မှစိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို ဖျက်စီးပစ်သည်။

ကျိယွမ်သည် ထိုမြင်ကွင်းကို သဘောကျလွန်း၍ မှတ်တမ်းတင်ကျောက်တုံးဖြင့် မှတ်တမ်းတင်ထားလိုက်သည်။

ယခုအချိန်၌ နန်းတော်တစ်ခွင်လုံး ထိတ်လန့်တကြားအော်ဟစ်ပြေးလွှားသူများ ၊ ချောင်ချိုချောင်ကြားသို့ ဝင်ရောက်ပုန်းသူများဖြင့် ဝရုန်းသုန်းကားဖြစ်သွားပြီး အချို့သူများက ကြောက်ကြောက်နှင့် မိုးကြိုးများကိုပင် ထိုင်၍ရှစ်ခိုးနေကြကုန်၏။

"ကံမကောင်းတာက ရှင်ဟွာအဖွဲ့ဖိုရမ်မှာ ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တင်လို့မရဘူး။ အလင်းနန်းတော်ကို နတ်ဘုရားအပြစ်ဒဏ် ထိမှန်တဲ့ မြင်ကွင်းသာ ပေါက်ကြားသွားရင်၊ လူတွေက တကယ်ယုံကြည်သွားပြီး ငါဟာကိုယ်ကျင့်တရားအရာမှာ အမြင့်ဆုံးအဖြစ်ရပ်တည်နိုင်မှာပဲ"

"နတ်ဘုရားမိုးကြိုးတောင် မနေနိုင်ဘဲ ပစ်ခတ်ရတယ်ဆိုရင်၊ ဒီ အလင်းနန်းတော်က တော်တော်ဆိုးရွားနေလို့ပဲ မှတ်လား"

ဗီဒီယိုတင်မရပေမဲ့လည်း သဘောကျလွန်း၍ ကျိယွမ်က မှတ်တမ်းတင်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့နောက်၊ ကျိယွမ်သည် ဝေတိုင်းပြည်မှ ထွက်ခွာဖို့ ပြင်ဆင်လိုက်သည်။

သူသွားရောက်လည်ပတ်ရန် နေရာများစွာ ကျန်နေသေးသည် မဟုတ်ပါလား။

သူထုတ်ဖော်မပြရသေးသော အမည်ဝှက်များ ကျန်နေသေးသည်။

အချို့နေရာများတွင် သူက အမည်ဝှက်အဖြစ် သွေးရောင်ဓားတစ်ချောင်းကိုပစ်ချခဲ့ပေမဲ့ ထိုအရာက မလုံလောက်သေးပါ။

ပါဝင်ပတ်သက်သူများစွာ ရှိနေသည်ဟု ထင်ရအောင် နေရာတိုင်းတွင် ရှုပ်ထွေးမှုများ ဖန်တီးဖို့ လိုအပ်နေသည်။

မှတ်တမ်းတင်ကျောက်တုံးကို သိမ်းပြီးနောက်သူထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပင် အောက်မှ ခမ်းနားသောနန်းတော်ကြီးထဲတွင် ကျင့်ကြံသူအများအပြားက သူ့ကို လေးစားမှုအပြည့်ဖြင့် ငေးကြည့်နေကြသည်ကို သူသတိပြုမိလိုက်လေသည်။

ထိုအထဲ၌ သက်ကြီးရွယ်အိုများ ၊ကျနိးမာသန်စွမ်းသောလူငယ်များနှင့် ကလေးများအထိ ပါဝင်နေသည်ကို တွေ့ရ၏။

"အကြီးအကဲ၊ ဝေတိုင်းပြည်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

"အကြီးအကဲရဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး"

တိုင်းပြည်တစ်ရာသွေးစစ်ပွဲအတွင်း၊ အချို့တိုင်းပြည်များက ငြိမ်းချမ်းရေး ဆွေးနွေးချင်ကြသည်၊ အချို့က ဆန့်ကျင်ကြသည်။ သို့သော်လည်း အင်အားကြီးမားသောအလင်းနန်းတော်ကို ခုခံနိုင်စွမ်းမရှိဘဲ ၄င်းတို့၏ခိုင်းဖတ်များသာ ဖြစ်ခဲ့ကြရသည်။

အလင်းနန်းတော်ကို ဆန့်ကျင်မိလျှင် နတ်ဆိုးတိုင်းပြည်များဘက်သို့ အလိုလို ရောက်ရှိသွားမည်ဖြစ်ကာ ဖျက်ဆီးခံရမည်သာ။

ကျင့်ကြံသူများစွာ၏ စေတနာကောင်းကို ခံစားမိသောကျိယွမ်က မထွက်ခွာသေးခင် ကျယ်လောင်စွာ ပြောလိုက်သည်၊

"ကျင့်ကြံသူတွေလည်း မတရားမှုတွေအများကြီး ကျူးလွန်မယ်ဆိုရင် နတ်ဘုရားအပြစ်ဒဏ်ကို အခုလို မလွဲမသွေ ခံစားရမှာပဲ၊ အခုကစပြီး ကုသိုလ်ကောင်းမှုတွေကို ပိုလုပ်ကြပါ"

အပြုသဘောဆောင်သော စွမ်းအင်အနည်းငယ် ဖြန့်ဝေပြီးနောက် ကျိယွမ်၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။

စိတ်လှုပ်ရှားပြီး အံ့အားသင့်နေကြသော ကကျင့်ကြံသူများမှာ နန်းတော်ထဲတွင် သို့လောသ်ု့လောအတွေးများဖြင့် ကျန်ရစ်ခဲ့လေသည်။

…….......

ဝူရွှဲ့မြို့တွင်ဖြစ်သည်။

သွေးကျောက်မိုင်းတွင်းသည် မိုင်ပေါင်းများစွာရှည်လျားပြီး မိုင်းတွင်းအထဲဘက်ရှိမြင်ကွင်းအားလုံးကို နက်ရှိုင်းသော အနီရောင်ဖြင့် ဖုံးလွှမ်းနေ၏။

ကျိယွမ်၏ အကြည့်သည် ရှေ့တွင်ရှိနေသော ပုံရိပ်ကို ကြည့်ရင်း နူးညံ့သွားသည်။

သတို့သမီးလေးသည် သွေးကျောက်မိုင်းတွင်းထဲတွင် လဲကျလိုက် ပြန်ထလျှောက်လိုက်နှင့်အလုပ်ရှုပ်နေပြီး၊ မရေမတွက်နိုင်သော သွေးကျောက်များကို ကောက်ယူကာ ဘယ်နေရာမှန်းမသိသော တစ်နေရာတွင် သိမ်းဆည်းနေလေသည်။

ကျိယွမ်သည် သူချစ်ရသော တူမလေးကို ကြည့်နေသော အဒေါ်တစ်ယောက်ကဲ့သို့ ပြုံးလိုက်သည်။

သတို့သမီးလေးကို အစာကျွေးရခြင်းသည် သူ့အတွက် အမြဲတမ်း ပျော်ရွှင်စရာဖြစ်သည်။

တစ်နာရီခန့်အလုပ်ရှုပ်နေပြီးနောက်၊ သတို့သမီးလေးသည် သွေးကျောက်မိုင်းတွင်းထဲမှထွက်လာပြီး ကျိယွမ်အနီးသို့ ပျံသန်းလာသည်သည်။

သူမသည် ကျိယွမ်၏ လက်တစ်ဖက်ကို တင်းကျပ်စွာ တွယ်ကပ်ထားပြီး၊ သူမ၏ အင်္ကျီလက်ထဲမှ သစ်သားပြားလေးတစ်ခု ပြုတ်ကျလာသည်။

ပျော်ရွှင်နေသောပုံ။

ကျိယွမ်က သူမ၏နှာသီးဖျားလေးအားချစ်စနိုးဖြင့်ညှစ်ပစ်ချင်သော်လည်း သူမတွင်မျက်နှာမရှိချေ။

"စားချင်သလောက် စားပါ။ ဒီမိုင်းတွင်းက အခု ငါ့ရဲ့ကိုယ်ပိုင်နေရာဖြစ်သွားပြီ"

ကျိယွမ်က ရက်ရောစွာ ပြောလိုက်သည်။

ဝူရွှဲ့မြို့၏ သွေးကျောက်မိုင်းတွင်းကို ဂိုဏ်းချုပ်ကြီးက သူတောင်းဆိုထားသည့်အတိုင်းစီမံပေးထားပြီး ဖြစ်သည်။

ထို့ကြောင့် နေ့တိုင်းလိုလို သွေးကျောက်များစွာကို ကျိစယ်တောင်ထွတ်သို့ ပို့ဆောင်ပေးနေသည်မှာ ကြာခဲ့လေပြီ။

ယခုအကြိမ်တွင် ကျိယွမ်သည် ဝူရွှဲ့သို့ လာရောက်ကာ သွေးကျောက်များအား ကိုယ်တိုင်စုဆောင်းရန် ဂိုဏ်းချုပ်၏ ခွင့်ပြုချက်ကို ရယူခဲ့သည်။

အမှန်တကယ်တွင် သူသည် မိုင်းတွင်းထဲ၌ အချိန်အများစုကို ကုန်ဆုံးနေခြင်း မဟုတ်ပေ။

ထို့အစား သူသည် နာမည်ဝှက်အမျိုးမျိုးဖြင့် အပြင်ထွက်ကာ နေရာတိုင်းတွင် ကမောက်ကမများဖြစ်အောင် ဖန်တီးနေခဲ့သည်။

တခြားသူများကတော့ သူ့အားမိုင်းတွင်းတွင် ရှိနေသည်ဟုသာ ထင်နေကြပေလိမ့်မည်။

"လာ...သတို့သမီးလေး ၊ငါတို့ အိမ်ပြန်ကြမယ်"

ကျိယွမ်က သတို့သမီးလေး၏ လက်မောင်းစကို ဆုပ်ကိုင်ကာ သွေးကျောက်မိုင်းတွင်းထဲမှ ထွက်ခွာလာခဲ့သည်။

သွေးကျောက်မိုင်းတွင်း၏ အပြင်ဘက်တွင်၊ လျူကွမ်းသည် စိုးရိမ်ပူပန်သောမျက်နှာဖြင့် မိုင်းထဲသို့ စောင့်ကြည့်နေ၏။ သူ၏မြေးမလေး ချောင်ရိုကမူ သူ၏ဘေးတွင် ရပ်နေကာ သူမ၏စိတ်ထဲတွင်လည်း အတွေးများ ပြည့်နှက်နေပုံရသည်။

မကြာသေးမီက လျူကွမ်းသည် မဟူရာကြက်မိစ္ဆာအိုကြီးကို ဝိုင်းရံတိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်တစ်ဦးနှင့် ပူးပေါင်းမိခဲ့သည်။

တိုက်ပွဲအလယ်တွင် သူ၏ဝိညာဉ်သည် ထိခိုက်ဒဏ်ရာရကာ သတိမေ့သွားခဲ့သဖြင့် ထိုပါရမီရှင်က အိမ်သို့ ပို့ဆောင်ပေးခဲ့လေ၏။

ထိုသူ၏အမည်ကို သူအမြဲတမ်း သိချင်နေခဲ့သည်မှာ ကြာခဲ့လေပြီ။

ထိုပါရမီရှင်သည် အခြေတည်အဆင့်မျှသာရှိသေးသော်လည်း အမြုတေအထွတ်အထိပ်အဆင့်တစ်ဦးကို လွယ်ကူစွာသတ်ဖြတ်ခဲ့သည်။မည်မျှ ထုးချွန်လှသနည်း။

"အဘိုး၊ သူက အဲဒီလူဆိုတာ အမှန်ပဲလား။ မဟုတ်ဘူးဆိုရင်ရော"

ချောင်ရိုသည်လည်း သူမ၏မိခင်နှင့်အတူလှေဆိပ်တွင်တွေ့ခဲ့ဖူးသော လူငယ်ကို ပြန်သတိရမိလိုက်သည်။

ထိုနောက်ပိုင်းတွင် တိမ်ယုန်ရထားကို စီးနင်းလာစဉ်၊ ထိုလူငယ်ကို မဟူရာတောင်တန်းဂိုဏ်းတံခါးနား၌ သူမ ထပ်မံတွေ့ဆုံခဲ့သည်ပြန်သည်။

ထိုအချိန်က သူသိပ်မတွေးမိခဲ့သော်လည်း၊ ယခုမှာတော့ မဟူရာတောင်တန်းဂိုဏ်းကို ဖျက်ဆီးခဲ့သူမှာ ထိုသူဖြစ်နိုင်ဖွယ်ရှိသည်ဟု သံသယရှိနေ၏။

လျူကွမ်းသည် အနည်းငယ်စိတ်ဓာတ်ကျသည့် ပုံစံဖြင့် ရှောင်ရိုအားကြည့်လိုက်သည်။

"သူဖြစ်ပါစေလို့ မျှော်လင့်ရတာပဲ…"

သွေးကျောက်မိုင်းတွင်းကို ကြည့်မိရင်းရှောင်ရို၏ မျက်နှာအမူအရာတွင် နားမလည်နိုင်သောအမူအယာများပေါ်လာ၏။

ယခင်က ဤသွေးကျောက်မိုင်းတွင်းသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။

သို့သော် မဟူရာတောင်တန်းဂိုဏ်းမရှိတော့သော်လည်း နတ်ဆိုးရမက်ဂိုဏ်း၏ စစ်မှန်တပည့်မတစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး ဖိအားပေးကာ သူမတို့မိသားစုပိုင် သွေးကျောက်မိုင်းများ၏တစ်စိတ်တစ်ပိုင်းကို နတ်ဆိုးရမက်ဂိုဏ်းသို့ ပုံမှန်ပို့ရန် တောင်းခဲ့သည်။

ရှောင်ရိုသည် လိုက်နာရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ။

နတ်ဆိုးရမက်ဂိုဏ်းသည် မဟူရာတောင်တန်းဂိုဏ်းထက်ပင် အဆများစွာအင်အားကြီးမားသည်မဟုတ်ပါလား။

ထို့နောက်တွင် ရှန်ကွမ်းဂိုဏ်းကပါ မိုင်းတွင်းအရေးထဲသို့ပါဝင်လာပြီး သူတို့ကပြောင်ပြောင်တင်းတင်းပိုရှိကာ ဝူရွှဲ့မြို့၏ သွေးကျောက်မိုင်းတွင်းများ အားလုံးကို သိမ်းယူလိုက်သည်။

ထိုအချိန်မှစ၍ သူတို့၏ သွေးကျောက်များကို ရှန်ကွမ်းဂိုဏ်းသို့ ပေးအပ်ရမည်ဖြစ်သည်။

နတ်ဆိုးရမက်ဂိုဏ်း၏ စစ်မှန်တပည့်မကို မပေးနိုင်တော့ချေ။

ကိစ္စကထိုမျှနှင့်မပြီးဘဲ နတ်ဆိုးရမက်ဂိုဏ်းစစ်မှန်တပည့်မသည် သူမထံသို့ ဒေါသတကြီးရောက်လာ၏။

ရှောင်ရိုသည် အရာအားလုံးကို သေသေချာချာရှင်းပြခဲ့သော်လည်း၊ ထိုတပည့်မက ဂရုမစိုက်ဘဲ သူ့စကားအတိုင်းလိုက်နာရန် အချိန်သတ်မှတ်ချက်ပင် ပေးခဲ့သည်။

သူမသည် ကျောက်သလင်းများကို မပေးအပ်ပါက အတင်းအဓမ္မ ယူဆောင်သွားမည်ဟုပင် ခြိမ်းခြောက်ခဲ့သေးသည်။

ရှောင်ရိုက ရှန်ကွမ်းဂိုဏ်းသို့ အကြောင်းကြားခဲ့သော်လည်း ကံမကောင်းစွာဖြင့် တိုင်းပြည်တစ်ရာသွေးစစ်ပွဲဂယက်ကြောင့် ဖြေရှင်းပေးမည့်သူက ရောက်မလာသေးပေ။

ထို့ကြောင့် သူတို့သည် ကျိယွမ်အပေါ်၌ မျှော်လင့်ချက်ထားနေကြခြင်းဖြစ်လေသည်။

သွေးကျောက်မိုင်းတွင်း၏ တံခါးပွင့်လာပြီး ကျိယွမ်သည် အဖြူရောင်ဝတ်စုံဖြင့် ထွက်ပေါ်လာ၏။ သူ၏ကျင့်ကြံခြင်းပါရမီက ထူးချွန်သည် မထူးချွန်သည်ကို မသိရသေးသော်လည်း ရုပ်ရည်ကတော့ အထူးချွန်ဆုံးဖြစ်လိမ့်မည်ဟု ရှောင်ရိုတွေးမိသွားသည်။

သတို့သမီးလေးသည် တောက်ပသောအနီရောင်ဝတ်စုံဖြင့် သူ၏နောက်မှ သိမ်မွေ့စွာလိုက်ပါလာ၏။

ရိုးရိုးသားသားပြောရလျှင် ထိုမြင်ကွင်းသည် ရှောင်ရို့အတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေပါသည်။

သို့သော် သူမသည် သိမ့်မွေ့စွာဖြင့် နှုတ်ဆက်စကားဆိုလိုက်သည်။

"သခင်လေးကျိယွမ်ကို ဂါရဝပြုပါတယ်"

ကျိယွမ်သည် မျက်မှောင်ကျုံ့ကာ သူတို့နှစ်ဦးကို ကြည့်ကာ မေးသည်။

"ဘာလို့ ငါ့ကို စောင့်နေကြတာလဲ။ ဘာကိစ္စရှိလို့လဲ"

"သခင်လေး၊ နတ်ဆိုးရမက်ဂိုဏ်းက ကျီရုရွှေကြောင့်ပါ…"

ပါးနပ်သောရှောင်ရိုသည် ကျိယွမ်၏ တုံ့ပြန်မှုကိုလေ့လာရင်း အခြေအနေကို အမှန်အတိုင်း ရှင်းပြလိုက်သည်။

သို့သော်လည်း သူမမှာရင်တထိတ်ထိတ်တော့ ဖြစ်နေ၏။

ထိပ်တန်းဂိုဏ်းကြီးများ၏ အဆင့်မြင့်တပည့်များသည် အလွန်မောက်မာကာမာနကြီးတတ်ကြသည်။

ယခုတပည့်ကလည်း အခက်အခဲကို မကူညီသည့်အပြင် သူ့အားပြဿနာပေးသည်ဟုဆိုကာ သူမတို့အား အပြစ်တင်လာနိုင်သည် မဟုတ်ပါလား။

ကျိယွမ်သည် ရှောင်ရိုကို ကြည့်လိုက်သည်။

"နင်ပြောတာ အမှန်ပဲလား"

"လုံးဝအမှန်ပါ။ သခင်လေးကို မလိမ်ညာရဲပါဘူး"

တစ်ချိန်က မာနကြီးခဲ့သော ရှောင်ရိုသည် အလွန်ရိုကျိုးနေ၏။

ကျိယွမ်၏မျက်လုံးများက သူမကို စစ်ဆေးကြည့်လိုက်ရာ လျှို့ဝှက်အချက်အလက်များ ထွက်ပေါ်လာပြီး သူမလိမ်ညာနေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။

သူက အေးစက်စွာ ပြောလိုက်သည်၊

"သတို့သမီးလေးရဲ့ သရေစာတွေကို ခိုးရဲလောက်အောင် သတ္တိရှိတဲ့သူ ရှိနေလိမ့်မယ်လို့ ငါမထင်ထားဘူး။ ဒီကောင်တွေ သေချင်နေကြတာဖြစ်မယ်။"

ကျိယွမ်သည် အလင်းနန်းတော်ကို သူ၏ ရန်သူအဖြစ်သတ်မှတ်ပြီးနောက်၊ အဆင့်နိမ့် ရန်သူများကို ခေါင်းထဲသိပ်မထည့်ခဲ့ချေ။

ယခုတွင် ငါးရံ့ပိန်လေးတစ်ကောင်သည် သတို့သမီးလေး၏ သရေစာများကို ခိုးယူရန် ကြိုးစားနေ၏။

ထို့ကြောင့် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရပေတော့မည်။

တစ်ခါတရံ ငါးရံ့ပိန်လေးများကို ပေါ့ပေါ့ပါးပါး ဆော့ကစားရသည်ကလည်း စိတ်ဖိစီးမှုအနည်းငယ်သက်သာစေ၏။

ငါ့မှာတစ်ချိန်လုံး အဘိုးကြီးတွေနဲ့ချည်း နဘမ်းလုံးနေရတာ။လူလည်း အိုစနာကျသလို ဖြစ်နေပြီ။

ယခုလို အတန်းတူ ငယ်ရွယ်သူများနှင့်ဆော့ကစားရခြင်းက သူ့ကိုယ်သူ ပိုပြီးငယ်ရွယ်သည်ဟု ခံစားရစေနိုင်သည်။

ဒါကြောင့်လည်း လူချမ်းသာအဘိုးကြီးတွေက ကျောင်းသူလေးတွေကို အမ်းတာပေါ့။

"သွားကြစို့။ နတ်ဆိုးရမက်ဂိုဏ်းက ကျီရူရွှေ ဆိုတဲ့တပည့်က ဘယ်လောက်တောင် ရဲရင့်လဲဆိုတာ ကြည့်ရအောင်။"

ရှောင်ရိုမှာ စိတ်သက်သာရာရပြီး အနည်းငယ် ပျော်ရွှင်သွားသည်။

ကျိယွမ်ကသာ ကူညီပေးရန်ဆန္ဒရှိလျှင် ပဲလှော်ကြားဆားညှပ်ဖြစ်နေသော သူမ၏ပြဿနာက အေးချမ်းသွားလိမ့်မည်။

…….......

ဝူရွှဲ့မြို့တွင် ၊ ဝေးလံသောနေရာတစ်ခု၌ ခမ်းနားသော အိမ်ကြီးတစ်လုံး ရှိနေသည်။

ဆီးနှင်းဖြူရောင်ဆံပင်ရှည်ရှိသော ကျီရူရွှေသည် သူမ၏အစ်မဖြစ်သူကျီပိုင်ယင်ထက်ပင် ပိုမို ဆွဲဆောင်မှုရှိသည်။

သူမသည် အဖြူရောင်ဆံပင်တစ်ခွေကို လက်ချောင်းများကြားတွင် လှည့်ပတ်နေပြီး ဆော့ကစားရင်းမှ ပြုံးနေလေသည်။

"ငါဒီကိုလာတာ မုန်တိုင်းအရှင်ကိုယ်တိုင်ပစ်မှတ်ထားတဲ့လူတစ်ယောက်ကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။"

နတ်ဆိုးရမက်ဂိုဏ်းကို အဖွဲ့နှစ်ဖွဲ့အဖြစ်ခွဲခြားထားပြီး တစ်ဖွဲ့မှာ ကျီမျိုးရိုးဖြစ်ပြီး နောက်တစ်ဖွဲ့မှာ ရှန်မျိုးရိုးဖြစ်သည်။

ယခုအချိန်မှာတော့ ရှန်မျိုးရိုးအဖွဲ့သည် နိမ့်ကျလွန်းပြီး လူမြင်ကွင်းမှ ကွယ်ပျောက်နေသလောက်ပင်ရှိသည်။

ကျီမျိုးရိုးအဖွဲ့ကသာ နတ်ဆိုးရမက်ဂိုဏ်းတွင် အာဏာရရှိထားသည်ဟုဆိုနိုင်၏။

မကြာသေးမီက သူတို့ဂိုဏ်းသည် အလင်း နန်းတော်နှင့် ပူးပေါင်းခဲ့သည်။

သူ၏အစ်မကျီပိုင်ယင်ပင်လျှင် ကြိုးခြောက်ချောင်းအရှင်လီချင်းဟုခေါ်သော ထိုအဘိုးကြီးကို အဖော်ပြုရန် စေလွှတ်ခြင်းခံခဲ့ရ၏။

ကျီရူရွှေ၏ ဘေးတွင်ရှိသော စိတ်ဝိညာဥ် အဆင့်နှစ်ဦးကလည် သဘောကျစွာ ပြုံးနေကြသည်။

ကျီမင်ချိုးဆိုသူက မှတ်ချက်ချ၏။

"ကျိယွမ်က တောတော်သတ္တိကောင်းနေပုံပဲ၊ တစ်ယောက်တည်းတောင် ထွက်လာရဲတယ်။"

"ဒီတစ်ခါ၊ ငါတို့ သူ့ကို သေချာဖမ်းပြီး မုန်တိုင်းအရှင်ဆီ ပေးအပ်ရမယ်"

"ကံမကောင်းတာက ဟိုကောင်ကန်းဖူလူက အရမ်းသတိထားပြီး ဂိုဏ်းထဲကကို မထွက်ဘူး။အဲဒီတော့ အပြင်ထွက်လာတဲ့ ကျိယွမ်ကိုပဲ ဖမ်းလို့ရတယ်။"

"ဒါပေမဲ့ သူ့ရဲ့တန်ဖိုးက အရမ်းနိမ့်နေသေးတာခက်တယ်။"

"သိပ်အသုံးမဝင်လောက်ဘူး"

"ငါတို့ သူ့ကိုမုန်တိုင်းအရှင်ဆီ အပ်ပြီး နတ်ဆိုးရမက်ဂိုဏ်းကို တိုင်းပြည်တစ်ရာထဲ ကနေ ရွှေ့ပြောင်းဖို့ ခွင့်ပြုချက်တောင်းရင်တောင်၊ သူက ငါတို့ကို အများကြီး စဉ်းစားပေးမှာ မဟုတ်ဘူး"

ကျီချူဆိုသူက သူ၏မျက်လုံးများတွင် နောင်တရသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

"လုံးဝမရှိတာထက် စာရင် ဖမ်းစရာတစ်ခု ရှိတာက ပိုကောင်းသေးတာပေါ့။ ခြင်ခြေထောက်လည်း အသားပဲ အရမ်းချေးများမနေနဲ့"

ကျီမင်ချိုးက ခပ်ဆတ်ဆတ်ငေါက်လိုက်သည်။

"ငါတို့ စေလွှတ်လိုက်တဲ့ သူလျှိုတွေက သတင်းပြန်ပို့ပြီးပြီ။ သူဒီကိုလာနေပြီတဲ့၊ ငါတို့သွားစရာ မလိုတော့ဘူးပေါ့"

ကျီရူရွှေက ကျေနပ်စွာ မှတ်ချက်ချ၏။

အခန်းထဲရှိ သုံးဦးစလုံးသည် သူတို့၏ အောင်ပွဲကို အလွန်ယုံကြည်စိတ်ချနေကြသည်။

အခြေတည်အဆင့်လေးတစ်ဦးကို စိတ်ဝိညာဥ်အဆင့်နှစ်ဦးက ဖမ်းဆီးရန်ကိစ္စမှာ ငရုတ်သီးအညှာခြွေသလောက်ပင် မခက်ခဲပေ။

ထို့ကြောင့် သူတို့က ကျိယွမ်ရောက်လာမည့်အချိန်ကို စိတ်အေးလက်အေးစောင့်နေလိုက်သည်။

ဒီကောင်လာတာနဲ့ ပွဲသိမ်းပြီပဲ။

အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ခန့် ကြာသွားခဲ့သည်။

အိမ်ကြီးအပြင်ဘက်သို့ ကျိယွမ်၊သတို့သမီးလေး၊လျူကွမ်းနှင့်ရှောင်ရိုတို့ ရောက်ရှိလာကြသည်။

ရှောင်ရိုက ပိတ်ထားသောတံခါးကို ခေါက်ရန်ပြင်သည်။

သို့သော် ကျိယွမ်သည် သူမကိုလက်ပြကာ တားလိုက်ပြီးနောက် အိမ်ထဲသို့ ပျင်းရိစွာ အော်ပြောလိုက်၏။

"အတွင်းက ကောင်တွေ၊ ထွက်လာခဲ့ကြ။ မင်းတို့ကို ငါဝိုင်းထားပြီ။"

ရှောင်ရိုနှင့် လျူကွမ်းတို့သည် တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်လိုက်ကြသော်လည်း ဘာမှတော့ မပြောကြပေ။

ထိုအချိန်တွင် ခြံဝင်းအတွင်းမှ သိမ်မွေ့သော ရယ်သံတစ်သံ ထွက်ပေါ်လာပြီး ဆီးနှင်းဖြူရောင်ဆံပင်ရှိသော အမျိုးသမီးတစ်ဦးက တံခါးကို ဖွင့်လိုက်သည်။ သူမ၏မျက်လုံးများက အလွန်စိတ်အေးလက်အေးရှိကာ ကျေနပ်သောအပြုံးတစ်ခုလွှမ်းခြုံနေ၏။

"စီနီယာကျိယွမ်၊ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးဖို့များ လာတာလား"

ကျီရူရွှေ၏ အလွန်စိတ်အေးလက် ပုံစံကို မြင်သောအခါ ပါးနပ်သော ရှောင်ရို၏ ရင်ခုန်သံက လွန်စွာ မြန်လာသည်။

ဘာကြောင့်မှန်း မသိသော်လည်း၊သူမသည် မကောင်းသော ခံစားချက်တစ်ခု ခံစားနေရ၏။

လျူကွမ်းသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။

ကျီရူရွှေသည် ကျီပိုင်ယင်၏ ညီမငယ်ဖြစ်သော်လည်း သူမသည် အရည်အချင်းနိမ့်တရားမဝင်ကလေးတစ်ဦး ဖြစ်ကြောင်း သူသိထားသည်။

နတ်ဆိုးရမက်ဂိုဏ်းတွင်ပင် သူမသည် သာမန်စစ်မှန်တပည့်တစ်ဦးသာဖြစ်ပြီး ကျိယွမ်၏ တောင်ထွတ်တစ်ခုလုံး၏ထိပ်တန်းတပည့်အဆင့်နှင့် မည်သို့မှ မနှိုင်းယှဉ်နိုင်ပေ။

သို့သော် ယခုအချိန်၌ သူမကအလွန်စိတ်ချလက်ချရှိနေ၏။

ကျိယွမ်ကတော့ ထိုအရာများကို သိပုံမရပေ။သူက လိုရင်းကိုသာ တုံးတိစွာ ပြောလိုက်သည်။

"သတို့သမီးလေးရဲ့ သရေစာတွေကို ခိုးယူတဲ့အတွက် နင်တို့ရဲ့ ကျီဘိုးဘွားတွေနဲ့ ပေါင်းဖို့ ငရဲကို သွားရမယ်ဆိုတာကိုပြောဖို့ ငါလာခဲ့တာ။"

ကျိယွမ်၏ ပေါ့ပေါ့ပါးပါး လူသတ်စကားကြောင့် ကျီရူရွှေ အံ့အားသင့်သွားသည်။

ကျိယွမ်သည် ပြဿနာရှာရန် လာကြောင်း သူမ သိထားပြီးသားပင်။

သို့သော် အခုလောက်ကြီးတဲ့တိုးဆန်ကာ သတ်ကြောင်းဖြတ်ကြောင်းများအထိရောက်လာလိမ့်မည်ဟုတော့ ထင်မထားပါ။

ဒါပေမဲ့ ကျိယွမ်မှာ သူ၏ကံကြမ္မာကို သူမသိရှာသေးပေ။

ကျီရူရွှေက စိတ်ထဲတွင်လှောင်ပြောင်ရင်း အေးစက်စွာတုန့်ပြန်လိုက်သည်။

"နင်က ငါ့ကို သတ်ချင်တာလား။ နင့်ရဲ့ ကိုယ်ပိုင်အသက်ကို ဘယ်လို ကယ်တင်ရမလဲဆိုတာကို အရင်စဉ်းစားတာ ပိုကောင်းလိမ့်မယ်"

ကျီရူရွှေ စကားပြောနေစဉ်မှာပင် အလွန်အစွမ်းထက်သော စိတ်ဝိညာဉ်နှစ်ခုက ရုတ်တရက် ခြံဝင်းထဲသို့ ပြည့်နှက်သွားသည်။

ကျီမင်ချိုးနှင့်ကျီချူတို့နှစ်ဦးသည် ရုတ်တရက် ထွက်ပေါ်လာပြီး၊ သူတို့၏ ခိုင်မာသော စိတ်ဝိညာဉ်များက လှိုင်းထန်လာကာ လေထဲရှိ ဝိညာဉ်စွမ်းအင်ကိုပင် တုန်ခါသွားစေခဲ့သည်။

ကျီချူကပြုံးကာ နှုတ်ဆက်သည်။

"တူလေးကျိယွမ် ၊ မတွေ့ရတာ ကြာပြီနော်"

"စိတ်ဝိညာဥ်အဆင့်တွေလား"

စိတ်ဝိညာဥ်အဆင့်နှစ်ဦး ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် ရှောင်ရို၏လှပသောမျက်နှာလေးက ဖြူဖျော့သွားသည်။

လျူကွမ်းသည် ပို၍ပင် ကြောက်လန့်တကြားဖြစ်ကာ သူ၏မျက်လုံးများ မယုံနိုင်လောက်အောင် ပြူးကျယ်နေ၏။

ငါတို့ ပဋိပက္ခကြီးတစ်ခုထဲမှာ ကြားညှပ်နေပြီလား၊သူတို့ကိုကြည့်ရတာ ချိတ်တွေရှိပုံပဲ။

လျူကွမ်း အလွန်စိတ်ဆင်းရဲသွားသည်။

မိမိတို့မြေးအဘိုးမှာ ကျားချင်းကိုက်ရာ သမင်လမ်းကူးမှားခဲ့ကြခြင်းပင်။

ယခုတော့ အဆုံးသတ်လေပြီ၊ သူတို့အားလုံး ဤနေရာမှာ သေရတော့မည်။

စိတ်ဝိညာဥ်အဆင့်နှစ်ဦးကို မြင်လိုက်ရသော်လည်း ကျိယွမ်သည် ထူးဆန်းစွာတည်ငြိမ်နေဆဲရှိသည်။

သူက စိတ်ညစ်သွားသလို ခေါင်းခါ၏။

"ဟူး၊ ငါက ငါးရံ့ပိန်လေးတွေလောက်ပဲ ကိုင်တွယ်ချင်တာကို၊ အခုတော့ လူအိုတွေ ကပါသေဖို့ စိတ်အားထက်သန်နေကြတာလား"

ကျီချူနှင့်ကျီမင်ချိုးတို့မှာ ထိုစကားကြောင့် အံ့အားသင့်သွားကြသည်။

ကျီမင်ချိုးက လှောင်ပြုံးဖြင့် ခေါင်းတဆတ်ဆတ်ညိတ်၏။

"ကောလာဟလတွေအတိုင်းပဲ၊ ကျိစယ်တပည့်က လုံးဝရူးသွပ်နေတာကိုး။"

သူက စကားဆုံးသည်နှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

စိတ်ဝိညာဥ်အဆင့်အော်ရာများက ပတ်ဝန်းကျင်တစ်ခုလုံး လှိုင်းတဝုန်းဝုန်း ထသွားသည်။

ထိုအော်ရာကို အမြုတေအဆင့်များပင်နှိုင်းယှဥ်ရန် မည်သို့မှဖြစ်နိုင်ပါ။

နောက်တွင်ရပ်နေသော လျူကွမ်း၏တစ်ကိုယ်လုံး အေးစက်သွားပြီး သူ၏နှလုံးသားသည်လည်း စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွား၏ ။

ကျိယွမ်သည် သူမျှော်လင့်ထားသော ပါရမီရှင်ဖြစ်နေလျှင်ပင် အမြုတေအဆင့်ကိုသာ သတ်နိုင်ပေလိမ့်မည်။

သို့သော် ယခုတွေ့နေရသည့် နှစ်ယောက်မှာ စိတ်ဝိညာဥ်အဆင့်ကြီးများဖြစ်သည်။တစ်ဦးကဆိုလျှင် အလယ်အလတ်အဆင့်ပင် ရောက်နေလေပြီ။

သူက မြေးဖြစ်သူရှောင်ရိုအား သနားသလိုကြည့်လိုက်သည်။

သမီးလေး....ဘိုးဘိုးတို့ဘဝကတော့ ဒီနေရာမှ အဆုံးသတ်တော့မယ်။

ကျိယွမ်သည် သူ့ထံသို့ဦးတည်လာသော ဝိညာဥ်စွမ်းအားများကိုကြည့်ကာ သူနှင့်မဆိုင်သလို သမ်းလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ၊တောရွာလေးက စိတ်ဝိညာဥ်အဆင့်တွေက မြို့နယ်အဆင့် စိတ်ဝိညာဥ်အဆင့်တွေနဲ့ နှိုင်းယှဉ်လို့ မရသေးဘူး"

စိတ်ဝိညာဥ်အဆင့်ချင်း အရည်အသွေးများစွာကွာခြားနေကြောင်း သူရှင်းလင်းစွာခံစားမိသည်။

ကျိယွမ်သည် သူ၏လက်ချောင်းကို ညင်သာစွာ လှုပ်ရှားလိုက်ရာ ကောင်းကင်ထဲတွင် ကျိုးပဲ့နေသောဓားတစ်လက် ရုတ်တရက်ပေါ်လာခဲ့သည်။

ကျီမင်ချိုး၏ တိုက်ခိုက်မှု နီးကပ်လာသောအခါမှ သူကထိုဓားကျိုးကို ပျင်းရိစွာ ရှေ့သို့ ထိုးစိုက်လိုက်သည်။

"မင်းကို သတ်ဖို့၊ မူလနတ်စွမ်းအင်တွေများ လိုသေးလား"

အဖိုးမတန်သောဓားကျိုးသည် ကျီမင်ချိုး၏ တိုက်ခိုက်မှုကို ဘာမှမဟုတ်သကဲ့သို့ ဖြတ်တောက်သွားပြီး သူ၏စိတ်ဝိညာဉ်အကာအကွယ်ကိုပါ ထိုးဖောက်ကာ စိတ်ဝိညာဥ်ထဲသို့ တိုက်ရိုက် ထိုးစိုက်သွားတော့သည်။

မယုံနိုင်စရာကောင်းစွာပင် စိတ်ဝိညာဥ်သည် အပ်နှင့်အထိုးခံရသောပူဖောင်းတစ်ခုအလား ချက်ချင်းပေါက်ကွဲ ပျက်စီးလေသည်။

"မဖြစ်.....နိုင်....ဘူး..."

ကျီမင်ချိုး၏ မျက်လုံးများ ပြူးကျယ်သွားကာ တုံ့ပြန်ရန်အချိန်ပင် မရလိုက်ဘဲ သေဆုံးသွားသည်။

အလယ်အလတ်အဆင့်စိတ်ဝိညာဥ်အဆင့်တစ်ဦးသည် သာ့ရှန်းတိုင်းပြည်ကြီးတစ်ခုလုံးမှာပင် အင်အားအကြီးဆုံးထဲမှ တစ်ဦး ဖြစ်သည်။

ဒီလိုမျိုး… သေသွားတာလား။

ကျီချူ၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။

"မင်း ..မင်း ကျိယွမ် မဟုတ်ဘူး"

သူ၏ရှေ့မှ မြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

အလွန်အကျွံ ဖြစ်နေသည်။

သူသည် တွန့်ဆုတ်ခြင်းမရှိဘဲ ထွက်ပြေးရန် နတ်စွမ်းအားကို အသုံးပြုလိုက်၏။

သို့သော် သူ၏အစွမ်းကုန်ထွက်ပြေးခြင်းသည် ကျိယွမ်အတွက် ခရုတစ်ကောင်၏ အရှိန်ကဲ့သို့ ဖြစ်နေသည်။

"အေးအေးဆေးဆေး မသေချင်ဘူးထင်တယ်"

ကျိယွမ်၏ စကားဆုံးသည်နှင့် ကျီချူသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ချက်ချင်း သေဆုံးသွားသည်။

ဤသို့ဖြင့် ရန်သူသုံးဦးစလုံးသည် အချိန်တိုအတွင်း ချက်ချင်းရှင်းလင်းခံလိုက်ရသည်။

အရာအားလုံးသည် အလွန်လျင်မြန်သည်။

အလွန်ရုတ်တရက်ဆန်လွန်း၏။

ကျိယွမ်သတ်လိုက်သူများမှာ စိတ်ဝိညာဥ်အဆင့်များမဟုတ်ဘဲ အခြေတည်အဆင့်များဟုပင် ထင်ရသည်။

လျုကွမ်းမှာ မေရိုးများပြုတ်ကျမတတ်အံ့သြနေပြီး သူမြင်လိုက်ရသည်များကိုပင် မယုံနိုင်ဖြစ်နေသည်။

ကျိယွမ်က ကျိစယ်တောင်ထိပ်ရဲ့တပည့်မှ ဟုတ်ရဲ့လား။ ဘိုးဘေးများလား။

စိတ်ဝိညာဥ်အဆင့်နှစ်ယောက်ကိုသတ်တာလား ၊ ငှက်ပျောသီးအခွံခွာစားတာလား။

ရှန်ကွမ်းဂိုဏ်းချုပ်တောင် ဒါကို လုပ်နိုင်မှာ မဟုတ်ဘူးလေ။

တွေးမိလေလေ သူကတုန်လှုပ်လေလေဖြစ်ကာ ကတုန်ကယင်ပင်ဖြစ်လာ၏။ယနေ့အဖို့ စိတ်လှုပ်ရှားရလွန်း၍ ရောဂါတစ်ခုခုပင် ရသွားမည်ကို စိတ်ပူနေရသည်။

ရှောင်ရိုကတော့ ကြမ်းပြင်ပေါ်တွင် ခွေခွေလေးလဲနေပြီး တိုက်ပွဲ၏ စွမ်းအင်လှိုင်းရိုက်ခတ်မှုကြောင့် သတိလစ်သွားပုံရလေ၏။

"ကောင်းပြီ၊ ရန်သူတွေလည်း သေကုန်ပြီဆိုတော့ ပြန်ကြတာပေါ့၊ သတိလစ်ချင်ယောင်ဆောင်တာလည်း ရပ်လိုက်တော့"

ကျိယွမ်က ကြမ်းပြင်ပေါ်မှ ရှောင်ရိုကို ကြည့်ကာ ပြောလိုက်သည်။

သူမ၏ သရုပ်ဆောင်စွမ်းရည်သည် သိသာစွာဆိုးရွားလှသည် မဟုတ်ပါလား။တစ်တော့ပေါ်မှ ကလေးတစ်ယောက်ပင် သူမထက်ပို၍ သရုပ်ဆောင်တတ်လိမ့်ဦးမည်။

ထိုအခါမှသာ ရှောင်ရိုမှာ ထရပ်လာသည်။

သူမက ကျိယွမ်ကို ကြောက်ရွံ့မှုများပြည့်နှက်နေသော မျက်လုံးများဖြင့် မရဲတရဲကြည့်သည်။

မှန်ပါသည်။သူမမှာ အလွန်ကြောက်ရွံ့နေခဲ့သည်။

"အကြီးအကဲ…"

ရှောင်ရို၏အသံကလည်း တုန်ယင်နေသည်။

"ငါ့ကို အကြီးအကဲလို့ မခေါ်ပါနဲ့။ ငါက အဲဒီလောက် အသက်ကြီးပုံ ပေါ်နေလား။ သခင်လေးကျိယွမ်ဆို ရပြီ"

ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျိယွမ်၏နွေးထွေးမှုမပါသော အသံကိုကြားသောအခါ ရှောင်ရိုမှာ နှုတ်ခမ်းများ ပင် တုန်ယင်လာပြီး သူ့ကို ဘယ်လိုကံကြမ္မာမျိုး စောင့်ကြိုနေလဲဟု တွေးမိသည်။

သူတို့မြေးအဘိုးသည် မမြင့်သင့်သော ကြောက်မက်ဖွယ်ကောင်းသည့်အရာကို မျက်မြင်တွေ့ခဲ့ရပြီး သူတို့အား နှုတ်ပိတ်ခံရရန် အခွင့်အရေးများစွာ ရှိနေသည်မဟုတ်ပါလား။

ကျိယွမ်သည် သူ့အားအဖြေရှာသောမျက်ဝန်းများဖြင့်ကြည့်နေသော လျူကွမ်ကို ကြည့်လိုက်သည်။

"ခင်ဗျားက သိပ်မဆိုးပါဘူး။"

မဟူရာကြက်မိစ္ဆအိုကြီးအား အမဲလိုက်စဥ်က လျူကွမ်းကသာ သူ့ဘက်ကရပ်တည်ခဲ့သည်ကို သူမှတ်မိနေသေးသည်။

ကျိယွမ်၏မှတ်ချက်ကြောင့် လျူကွမ်း၏မျက်နှာက အနည်းငယ်သက်သာသွား၏။

သူတကယ်ပဲ အဲဒီပါရမီရှင်များ ဖြစ်နိုင်မလား။

"ခင်ဗျားတို့ စိတ်ပူစရာ မလိုဘူး။ ငါက အကြောင်းပြချက်မရှိဘဲ လူသတ်တဲ့သူ လည်းမဟုတ်ဘူး"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ဆက်ပြောလိုက်သည်။

"ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်နည်းနဲ့မှ ထုတ်ဖော်ပြောဆိုမှာ မဟုတ်ဘူးလို့ မင်းတို့ရဲ့ နှလုံးသားနတ်ဆိုးကို ကျိန်ဆိုဖို့ပဲ လိုတယ်၊ ဒါဆိုရင် ဒီကိစ္စက ပြီးသွားပြီ။"

လောလောဆယ်တွင် အလင်းနန်းတော်ကို ဖျက်ဆီးရခြင်း မရှိသေးပေ။

သူသည် သံသယဖြစ်လာနိုင်သမျှအားလုံးကို ဖုံးကွယ်ထားရမည်ဖြစ်ပြီး သူ၏အစွမ်းအမှန်ကို ထုတ်ဖော်မပြနိုင်ပေ။

"အကြီးအကဲ၊ ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော် ထုတ်ဖော်ပြောဆိုရင်၊ ကြောက်မက်ဖွယ် သေဆုံးခြင်းကို ချက်ချင်း ခံရပါစေ"

လျူကွမ်းက လက်တစ်ဖက်မြှောက်ကာလျင်မြန်စွာ ကျိန်ဆိုလိုက်သည်။

ရှောင်ရိုကလည်း ထိုနည်းတူကျိန်ဆိုလိုက်သည်။

မြေးအဘိုးနှစ်ဦးစလုံးသည် သေမင်းလက်မှ သီသီလေး လွတ်မြောက်လာသလိုလည်း ခံစားနေရသည်။

"သူခိုးတွေလည်း သေကုန်ပြီဆိုတော့ ငါ ဂိုဏ်းကို ပြန်တော့မယ်"

ကျိယွမ်က သတို့သမီးလေးကိုဆွဲကာ အလင်းတန်းအဖြစ်ကောင်းကင်သို့ ပျံတတ်သွားသည်။

သူက ပျံသန်းရင်းမှ အောက်တွင်ကျန်နေခဲ့သောလျူကွမ်းအား အော်ခဲ့လေ၏။

"ခင်ဗျား အရင်ကလို အားမရှိတော့ဘူး။ နေရာတကာ လိုက်ပါမနေနဲ့၊ ဒီနေ့ သတိလစ်သွားခဲ့ရင်၊ ခင်ဗျားကို သယ်သွားပေးမှာမဟုတ်တော့ဘူး"

"ဟင်.."

လျူကွမ်းသည် ထိုစကားအားကြားသောအခါ ထိတ်လန့်နေခဲ့ရာမှ အားရဝမ်းသာထရယ်တော့သည်။

"ဟားဟားဟား ဟားဟားဟား "

သူက ရှောင်ရိုအား ညွှန်ကြားလိုက်သည်။

"သမီး ဒီနေ့ကစပြီး သာ့ရှန်ကနေ ထွက်သွားဖို့အစီအစဥ်တွေကို ရပ်လိုက်တော့၊အဘိုးတို့ ဒီမှာပဲနေပြီး သာ့ရှန်နဲ့အတူရပ်တည်မယ်"

"တိတိကျကျပြောရရင် ရှန်ကွမ်းနဲ့အတူ ရပ်တည်မယ်..ဟားဟား ဟားဟားဟား "

............

ကျိယွမ် ကျိစယ်တောင်ထွတ်သို့ ပြန်ရောက်သောအခါ ဂိုဏ်းချုပ်ထံမှ ဆင့်ခေါ်ခြင်းကို လက်ခံရရှိခဲ့သည်။

သူကချက်ချင်းပင် သွားရောက်တွေ့ဆုံလိုက်၏။

ဂိုဏ်း၏ခန်းမကြီးတွင် ရပ်နေသော ဂိုဏ်းချုပ်ကုမူကို ကြည့်ကာ သူက ဖြည်းညင်းစွာ မေးလိုက်သည်။

"ဂိုဏ်းချုပ်၊ ကျွန်တော့်ကို ဘာခိုင်းစရာများရှိလို့လဲ"

စကားပြောရင်းမှ ကျိယွမ်သည် ဂိုဏ်းချုပ်၏ဘေးတွင် ရပ်နေသော ကန်းဖူလူကို စစ်ဆေးလိုက်သည်။

ဒီကောင်...ထင်တဲ့အတိုင်းပဲ ၊ငါမသိခင်အမြုတေအဆင့်တောင် ရောက်နေပြီ။

"ငါအရင်ကပြောခဲ့တဲ့ အရှေ့တိုင်းဒေသ ပါရမီရှင်တိုက်ပွဲကို မင်းမှတ်မိသေးလား"

"မှတ်မိပါတယ်"

"အေး.. ပါရမီရှင်တိုက်ပွဲကို ရုတ်တရက်ရှေ့တိုးလိုက်ပြီး အခုတစ်လနှစ်လအတွင်း စတင်တော့မယ်။"

"ဒီတစ်ကြိမ်၊ မင်းနဲ့ကန်းဖူလူတို့ အတူတူ ပါဝင်ရမယ်"

ကုမူက တည်ငြိမ်စွာညွှန်ကြားလိုက်သည်။

ကျိယွမ်၏မျက်ခုံးများ တွန့်ချိုးသွားသည်။

ဘယ်နှဲ့ကြောင့် ဒီလောက်မြန်သွားရတာလဲ။

သူကအရေးကြီးသောအချက်ကို မေးသည်။

"တိုက်ပွဲက ပုံမှန်ဆို ဘယ်လောက်ကြာလဲ"

သူသည် အလင်းနန်းတော်ကို ဖျက်ဆီးရန် အလျင်လိုနေပြီး မည်သည့်ပါရမီရှင်တိုက်ပွဲမှ ပါဝင်ဖို့အချိန်မရှိပေ။

"အမြန်ဆုံးဆိုရင် တစ်လခွဲလောက် ကြာနိုင်တယ် ဒါမှမဟုတ် အကြာဆုံးဆိုရင် နှစ်ပေါင်းများစွာလည်း ကြာနိုင်တယ်။ သတ်မှတ်ထားတဲ့ အချိန်လို့တော့ မရှိဘူး။"

ကျိယွမ်၏ မျက်နှာချောချောက ရှုံ့မဲ့သွားသည်။

"ကျွန်တော် မသွားလို့ မရဘူးလား"

ဂိုဏ်းချုပ်ကြီးကုမူက ကျိယွမ်အား အံ့သြသလိုကြည့်ရင်းမှ သူ၏မျက်နှာက အရောင်ပြောင်းလာလေသည်။

အရင်ကတော့ ဒီလိုမဟုတ်ဘူး၊အခုကြတော့ လေသံက စလာပြီ။

ကန်းဖူလူက နွေးထွေးစွာဝင်ပြောလိုက်သည်။

" ညီလေးကျိယွမ် ၊ မင်းမှာ ပြဿနာတစ်ခုခု ရင်ဆိုင်နေရရင်၊ ငါတို့ကို ပြောပြဖို့ ဝန်မလေးပါနဲ့။ ငါတို့ မင်းကို ကူညီဖြေရှင်းပေးနိုင်တယ်။"

"တကယ်လား"

ဂိုဏ်းချုပ်ကြီးနှင့်ကန်းဖူလူတို့ သမီးယောက္ခမနှစ်ယောက်က ပြိုင်တူခေါင်းညိတ်သည်။

"ကျွန်တော် အလင်းနန်းတော်ကို ဖျက်ဆီးဖို့ စီစဉ်နေတာ၊ ဒါကြောင့် ပါရမီရှင်တိုက်ပွဲအတွက် အချိန်မရှိဘူး"

"အမ်"

"အီ..."

ကျိယွမ်က အမှန်အတိုင်း ပြောလိုက်သည်။

မှန်မှန် မှားမှား သူ၏စကားဆိုလျှင် မည်သူကမှ မယုံမည့်အတူတူ သူကမုသားပြောမနေတော့ပေ။

သူမျှော်လင့်ထားသည့်အတိုင်းပင် ထိုစကားကိုကြားလျှင် ကန်းဖူလူ၏နွေးထွေးသော အပြုံးက ခဲသွားသည်။

ဂိုဏ်းချုပ်ကြီးကတော့ ကျိယွမ်အား နားရင်းအုပ်ချင်နေသလို လက်ဝါးများကို ဆုပ်ချည် ဖြန့်ချည် လုပ်လာ၏။

"မင်းရဲ့ပြဿနာက တော်တော်သေးတာပဲနော်၊ဒီပါးစပ်က ဘယ်လိုများ ပြောထွက်ရဲတာလဲ"

ကျိယွမ်က ပုခုံးသာတွန့်ပြလိုက်သည်။

တွေ့လား၊ ငါက ပါးစပ်ထဲတွေရာ အကြောင်းပြချက်ပေးတယ်လို့ ထင်ကုန်ပြီ။

ဂိုဏ်းချုပ်ကြီးက ကျိယွမ်၏ စိတ်အခြေအနေကို သိနေသောကြောင့် စိတ်လျှော့ကာ လိုရင်းကိုပြော၏။

"ဒီတစ်ကြိမ်ပါရမီရှင်တိုက်ပွဲက ကွေးယွန်ကုန်းမြေတိုက်ကြီးမှာဆိုတော့ အလင်းနန်းတော်နဲ့ မဝေးဘူး၊ မင်းရဲ့ အလင်းနန်းတော်ကို ဖျက်ဆီးမဲ့.....အေး....ဖျက်ဆီးမယ်ပဲထားပါတော့...အဲဒါကို မထိခိုက်စေလောက်ဘူး၊ဟုတ်တယ်မှတ်လား"

ဂိုဏ်းချုပ်ကြီးက ထိုစကားကိုတော်တော်သည်းခံကာပြောလိုက်ရသည်။

"နီးတယ်လား.."

ကျိယွမ်၏ မျက်နှာ ဝမ်းမြောက်မှုဖြင့် လင်းလက်သွားသည်။

"ဒါဆိုရင်၊ ဂိုဏ်းချုပ်ကြီး စိတ်မပူပါနဲ့။ ကျွန်တော် အလင်းနန်းတော်ကို ဖျက်ဆီးရင်းနဲ့ ၊ ပါရမီရှင်တိုက်ပွဲမှာ သေချာပေါက် ပါဝင်ပြီး ကောင်းမွန်တဲ့ ရလဒ်တစ်ခုရအောင် ယူခဲ့ပါမယ်"

"သြော်...အေးအေး"

ဂိုဏ်းချုပ်ကြီးကုမူသည် ကျိယွမ်အား အကူအညီမဲ့စွာကြည့်လိုက်သည်။

သူကသက်ပြင်းချကာ ဆက်ပြော၏။

"တိုက်ပွဲက ဒီလောက်စောစောထိရွှေ့မယ်လို့ ငါလည်း မမျှော်လင့်ခဲ့ဘူး"

"မင်းက အခြေတည်အဆင့်ကိုရောက်တာမကြာသေးဘူးဆိုတော့ ၊ မင်းရဲ့ ခွန်အားက အများကြီးမတိုးတက်သေးဘူး"

"ဒါကြောင့် တိုက်ပွဲမှာ ထူးခြားတဲ့ ရလဒ်တစ်ခု ရဖို့ ဖိအားများစရာ မလိုပါဘူး၊ မင်းတတ်နိုင်သလောက်ပဲ အကောင်းဆုံး လုပ်ဆောင်ပါ"

တိုက်ပွဲကိုသာ ရှေ့သို့အချိန်များစွာမတိုးပါက ကျိယွမ်၏တိုးတက်မှုကြောင့် ကူမုသည် သေချာပေါက်မျှော်လင့်ချက်ထား၍ ရနိုင်ပါသည်။အခုတော့ အချိန်မကျန်တော့သဖြင့် ကျိယွမ်က တိုးတက်ရန် အချိန်မမှီဖြစ်သွားရသည်။သူထင်ထားခဲ့သလို ဖြစ်မလာတော့ပါ။

ဂိုဏ်းချုပ်ကြီးကုမူသည် သူ၏ သားမက်ကန်းဖူလူအပေါ်သာ မျှော်လင့်ချက် ထားနိုင်တော့သည်။

"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ဂိုဏ်းချုပ်ပေးတဲ့ရတနာက တော်တော်လေး အသုံးဝင်ခဲ့ပါတယ်။"

"ဒီတစ်ခါ၊ ဂိုဏ်းချုပ်ရဲ့မိသားစုပိုင် ရတနာကို သေချာပေါက် ပြန်ယူလာပေးပါ့မယ်

ကျိယွမ်ကတော့ ယုံကြည်မှုရှိစွာ အာမခံနေဆဲပင်။

ဂိုဏ်းချုပ်ကြီးကူမုမှာ ကယ်ရာမဲ့စွာဖြင့် အားတင်းကာ ပြုံးလိုက်၏။

ကျိယွမ်သည် အမြူတေအဆင့်ဖြစ်နေသော်လည်း သူ၏ဒန်တျန်ထဲ၌ အမြုတေမရှိသဖြင့် သူ့ထံမှအမြုတေ၏အော်ရာကို မည်သူမှအာရုံမခံမိကြပါ။ထို့ကြောင့် သူ့အား အခြေတည်အဆင့်ဟုသာ အများစုက ထင်နေကြကုန်၏။

"ပါရမီရှင်တိုက်ပွဲကို သွားတဲ့အခါ မင်းတို့ရဲ့ နာမည်တွေကို မထုတ်ဖော်ကြနဲ့ ။အလင်းနန်းတော်မှာ မင်းတို့ကို ရန်လိုနေတဲ့ စိတ်ဝိညာဥ်အဆင့်အကြီးအကဲတစ်ဦး ရှိနေပုံရတယ်"

ကျိယွမ် ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းချုပ်ကြီးပြောနေသူက မုန်တိုင်းသခင်ဖြစ်မည်။သို့သော် ထိုသူက အရူးတာအိုလက်ချက်ဖြင့်သေသွားခဲ့လေပြီ။

ဟိုကသေနေပြီ သူက အခုထိစိတ်ပူနေတုန်း။

-----------------

All Chapters